CNI News
အာဖဂန်နစ္စတန် ဇူလိုင် ၁၇
ဇူလိုင်လ ၁၆ ရက်က အာဖဂန်နစ္စတန်စစ်ပွဲနှင့်ပတ်သက်၍ ရိုက်ကူးသတင်းယူနေသော ရိုက်တာသတင်းထောက် ဒန်းနစ်ရှ်ဆစ်ဒီကွီသည် အာဖဂန်အထူးတပ်ဖွဲ့နှင့် တာလီဘန်စစ်သွေးကြွတို့အကြား နှစ်ဘက်အပြန်အလှန်အပစ်ခတ်မှုများကြားထဲတွင် သေဆုံးသွားခဲ့ရသည်။ စစ်ပွဲများ၊ အဓိကရုဏ်းများနှင့် လူမှုဒုက္ခအဝဝတို့ကို မှတ်တမ်းတင်ရင်း သေဆုံးခဲ့ရသည့် ကျွမ်းကျင်ဓါတ်ပုံသတင်းထောက် ဆစ်ဒီကွီအတွက် ရိုက်တာသတင်းဌာနက နှမျောတသစွာဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
နယူးဒေလီမှာ အမြဲနေထိုင်သော ဒန်းနစ်ရှ်ဆစ်ဒီကွီသည် ကွယ်လွန်ချိန်တွင် အသက် ၃၈ နှစ်ရှိပြီဖြစ်ပြီး ဇနီးသည် Rike နှင့် ကလေးငယ်နှစ်ဦး ကျန်ခဲ့သည်။ သူသည် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးကြသော ဘင်္ဂါလီ (မူရင်း-ရို) ဒုက္ခသည်ပြဿနာကို ထူးခြားစွာ ပုံဖော်မှတ်တမ်းတင်နိုင်ခဲ့ခြင်းအတွက် ၂၀၁၈ ခုနှစ်အတွက် ပူလစ်ဇာဆု ချီးမြှင့်ခြင်းခံရသည်။ သူနှင့်အနီးကပ် အလုပ်လုပ်ခဲ့ရဖူးသည့် မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များက သူ့ကို သတင်းတစ်ပုဒ်အတွက် ထဲထဲဝင်ဝင် ဂရုတစိုက်ရှိခြင်း၊ တာဝန်ချထားသည့် အလုပ်မစတင်မီ စေ့စပ်စွာသုတေသနပြုခြင်းနှင့် သတင်းတွင် ပါဝင်နေသူများကို အမြဲအလေးအနက်ထားခြင်းတို့အတွက် အသိအမှတ်ပြုကြသည်။
“ကြားဖြတ်သတင်းတင်ဆက်မှုတွေတောင်မှ သူက လူသားဆန်မှုဘက်ကနေ စဉ်းစားလေ့ရှိပါတယ်။ မနှစ်က သူ ပူလစ်ဇာဆုရတဲ့ပုံတွေ၊ သတင်းတွေမှာကို ကြည့်မယ်ဆိုရင် ဒမျိုးပုံရိပ်တွေကို အများကြီးတွေ့နိုင်ပါတယ်” ဟု ရိုက်တာသတင်းဌာန၏ နယူးဒေလီဌာနေသတင်းထောက်နှင့် ဆစ်ဒီကွီ၏အိမ်နီးချင်းဖြစ်သူ ဒီဗီယောက်ဂိုရှယ် (Devjyot Ghoshal) က အမှတ်တရပြောကြားခဲ့သည်။
ပုံစာ (၂) - ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၉ ရက်က နယူးဒေလီမြို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရချိန် သေဆုံးသွားသော ရဲအရာရှိတစ်ဦးတစ်ဦးကို သင်္ဂြိုဟ်ရန် ပြင်ဆင်နေသော ကျန်းမာရေးလုပ်သားတစ်ဦး၏ပုံကို ဆစ်ဒီကွီ ရိုက်ကူးခဲ့စဉ်။ (ဓါတ်ပုံ-ရိုက်တာ)
“နယူးဒေလီအဓိကရုဏ်းနဲ့ အခုမကြာသေးခင်က Covid-19 သတင်းတွေကို ကျနော်နဲ့သူနဲ့ အတူတူတွဲပြီး သတင်းလိုက်ခဲ့ဖူးပါတယ်။ လူထုအခြေအနေ၊ သီးသန့်လူသားဖြစ်တည်မှုအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး သူဟာ ဆွဲဆောင်မှုအကောင်းဆုံး သတင်းပုံတွေကို ရိုက်ကူးနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
၂၀၁၀ ပြည့်နှစ်က ရိုက်တာသတင်းထောက်ဖြစ်လာသော ဆစ်ဒီကွီသည် အာဖဂန်နှင့်အီရတ်စစ်ပွဲ၊ ဘင်္ဂါလီ(မူရင်း-ရို)အကျပ်အတည်း၊ ဟောင်ကောင် ဒီမိုကရေစီအရေးဆန္ဒပြမှုနှင့် အိန္ဒိယရေးရာတို့နှင့် ပတ်သက်၍ သတင်းလိုက်ခဲ့ရသည်။
မကြာသေးမီလပိုင်းအတွင်း အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသည့်အဖြစ်အပျက်များအကြောင်း သူရိုက်ကူးခဲ့သော သတင်းဓါတ်ပုံများကို ကမ္ဘာသို့ ပြသနိုင်ခဲ့သည်။
ဆစ်ဒီကွီက “ကျနော်သင်ယူခဲ့တဲ့ ဓါတ်ပုံပညာရဲ့ ၉၀ ရာခိုင်နှုန်းဟာ ကွင်းဆင်းသတင်းလိုက်ရင်း ရလာတဲ့အတွေ့အကြုံတွေပါ” ဟု တစ်ချိန်က ပြောကြားခဲ့ဖူးသည်။
ပုံစာ (၃) - ၂၀၂၁ ခုနှစ်ဗစ်နိုင်တင်းရောဂါပျံ့နှံ့နေချိန် အိန္ဒိယနိုင်ငံ၊ ဟာရီဒဝါမြို့၌ Kumbh Mela ခေါ် ရေချိုးပွဲတော်ကာလ ဂင်္ဂါမြစ်ရေချိုးရန် ပြင်ဆင်နေသော နာဂါးဆာဒူး ခေါ် ဟိန္ဒူသူတော်စင်တစ်ဦး၏ပုံကို ဆစ်ဒီကွီ ရိုက်ကူးခဲ့စဉ်။ (ဓါတ်ပုံ-ရိုက်တာ)
“breaking story တစ်ပုဒ်မှာ လူတွေရဲ့မျက်နှာကို ရိုက်ရတာ ကျနော်အပျော်ဆုံးပဲ။ လူများစု မရောက်နိုင်တဲ့နေရာမှာ ကြည့်ရှုသူကိုယ်တိုင် စိတ်ဝင်စားလာအောင်၊ မျှဝေခံစားချင်လာအောင် ရိုက်ကူးပုံဖော်ခဲ့ပါတယ်” ဟု သူက ရှင်းပြသည်။
အာမက်ဒန်းနစ်ရှ်ဆစ်ဒီကွီကို ၁၉၈၃ ခုနှစ်၊ မေလ ၁၉ ရက်မှာ မွေးဖွားခဲ့သည်။ ဒေလီရှိ ဂျမားမီလီယာအစ္စလာမီးယားတက္ကသိုလ်မှ လူထုဆက်သွယ်ရေးအထူးပြု မဟာဘွဲ့ရရှိပြီးနောက် သတင်းသမားတစ်ယောက်ဖြစ်လာခဲ့သည်။
ပုံစာ (၄) - ၂၀၁၀ ပြည့်နှစ်က မွန်ဘိုင်းကမ်းခြေမှ အာရေဘီယံပင်လယ်ထဲ ပျက်စီးနစ်မြှုပ်သွားသော MSC Chitra ငါးဖမ်းစက်လှေပုံကို ဆစ်ဒီကွီက ရိုက်ကူးမှတ်တမ်းတင်နေစဉ်။ (ဓါတ်ပုံ-ရိုက်တာ)
ဆစ်ဒီကွီသည် ဟိန္ဒူစတန်တိုင်းမ်သတင်းစာနှင့် တီဗီတူဒေးချန်နယ် ရုပ်သံလိုင်းတွင် သတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့ဖူးပြီးနောက် ရိုက်တာသတင်းဌာနသို့ ရောက်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဒေလီမြို့ဆင်ခြေဖုံးတွင် လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားရာ မွတ်ဆလင်အမျိုးသားတစ်ဦးကို ဟိန္ဒူလူအုပ်ကြီးကို ဝိုင်းရိုက်နေသည်ကို ဆစ်ဒီကွီနှင့် ဂိုရှယ်တို့ မြင်တွေ့ခဲ့ကြသည်။
ထိုဓါတ်ပုံသည် နိုင်ငံတကာမီဒီယာများသို့ ကျယ်ပြန့်သွားခဲ့ကြပြီး အိန္ဒိယတွင် ဟိန္ဒူနှင့် မွတ်ဆလင်တို့ကြား မီးစတစ်ခု အန္တရာယ်ကြီးမားနေပုံကို ထောက်ပြထားသည်။ မွတ်ဆလင်တစ်ဦးဖြစ်သော ဆစ်ဒီကွီသည် လူအုပ်ကြီးက သူ့ထံ အာရုံမရောက်လာခင် ထွက်ပြေးလာခဲ့သည်။ ထိုဓါတ်ပုံများသည် ၂၀၂၀ ပြည့်နှစ်အတွက် ရိုက်တာ၏လက်ရွေးစင်သတင်းဓါတ်ပုံများတွင် ထည့်သွင်းခြင်းခံရသည်။
ပုံစာ (၅) - ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်က မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့ရှိ တိရစ္ဆာန်ဥယျာဉ်သို့ အလည်အပတ်ရောက်ရှိနေသော စစ်သမီးတစ်ဦး ရေခဲမုန့်စားနေပုံကို ဆစ်ဒီကွီ ရိုက်ကူးခဲ့စဉ်။ (ဓါတ်ပုံ-ရိုက်တာ)
ဆစ်ဒီကွီသည် ဓါတ်ပုံရိုက်ကူးခြင်းအပြင် သူ့တာဝန်ကျရာအစိတ်အပိုင်းအတွက် ဗီဒီယိုနှင့်စာသားများပါ သတင်းပို့ခဲ့သည်။ သူ၏နောက်ဆုံးထမ်းဆောင်ခဲ့သော သတင်းတာဝန်မှာ ကန်ဒါဟာမြို့တွင် အာဖဂန်အထူးတပ်ဖွဲ့အကြောင်း ဖြစ်သည်။
ယခုရက်သတ္တပတ်အစောပိုင်းက သူသည် ကန်ဒါဟာမြို့ဆင်ခြေဖုံးမှ ပြင်းထန်စွာ တိုက်ခိုက်လာစဉ် ကွန်မင်ဒိုတပ်ယာဉ်တန်းအတူ လိုက်ပါသတင်းယူခဲ့သည်။ ဓါတ်ပုံ၊ ဗီဒီယိုနှင့် အချက်အလက်များ စုစည်းခဲ့သည်။
Source: Reuters
(အာဖဂန်စစ်မြေပြင်တွင် ရိုက်တာသတင်းထောက်သေဆုံးမှုအကြောင်း ၎င်းမိခင်သတင်းဌာန၏ အထူးဖော်ပြချက်ကို CNI က ဆီလျော်အောင် ပြန်ဆိုပါသည်)
#DanishSiddiqui
#Reuters
#journalist
#crossfire
#Afghanistan
#နယူးဒေလီ
#Delhi #Siddiqui #သတင်းထောက် #ဓါတ်ပုံ #အာဖဂန် #ရိုက်တာ #စစ်မြေပြင် #စစ်ပွဲ #ဒေလီ #CNImyanmar
https://www.reuters.com/world/asia-pacific/obituary-reuters-photographer-danish-siddiqui-captured-people-behind-story-2021-07-16/