CNI International News

ဂျာကာတာ၊ စက်တင်ဘာ ၂၆

အင်ဒိုနီးရှားနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း စာသင်ကျောင်းများ၌ ကျွေးမွေးသည့် အခမဲ့ နေ့လယ်စာများကို စားသုံးခဲ့သည့် ကလေး ၁၀၀၀ ကျော်သည် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်ဟု The Jakarta Post မှ ဖော်ပြခဲ့ သည်။

ထိုဖြစ်စဉ်သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို (Prabowo Subianto) ၏ ကလေးသူငယ်များ အစာအဟာရ ပြည့်ဝစေရေး စီမံကိန်းအတွက် နေ့လယ်စာ အခမဲ့ကျွေးမွေးသည့် အစီအစဉ်ကြောင့် အစာအဆိပ်သင့်မှု ဖြစ်စဉ် များ၏ နောက်ဆုံးဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့သည်။

စက်တင်ဘာ ၂၂ ရက်နှင့် စက်တင်ဘာ ၂၄ ရက်ကြား စာသင်ကျောင်းများတွင် ကျွေးမွေးသည့် အခမဲ့ နေ့လယ် စာများကို စားသုံးခဲ့ပြီး အစာအဆိပ်သင့်ခဲ့သော ကလေးပေါင်း ၁၁၇၁ ဦးအထိ ရှိခဲ့ကြောင်း အနောက်ဂျာဗား (West Java) ပြည်နယ်၏ Cipongkor Community ကျန်းမာရေးစင်တာ၏ အကြီးအကဲ ယူယန် ဆာရီဟိုတီမာ (Yuyun Sarihotima) က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း အနောက်ဂျာဗားပြည်နယ်နှင့် ဗဟို ဆူလာဝေစီ (Central Sulawesi ) ပြည်နယ် များတွင် ကျောင်းသားပေါင်း ၈၀၀ ခန့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။

အင်ဒိုကလေးတွေ အစာအဆိပ်သင့်မှု ကုသနေစဉ်

ပရာဘိုဝိုသည် ၎င်း၏ သမ္မတသက်တမ်းအတွင်း ကျောင်းသား ကလေးငယ်ပေါင်း သန်း ၈၀ ကို အခမဲ့ နေ့လယ် စာများ ကျွေးမွေးရန် ရည်ရွယ်ပြီး အစာအာဟာရပြည့်ဝရေး စီမံကိန်းကို စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကလေးငယ်များ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်နေခြင်းကို လျှော့ချရန် ရည်ရွယ်ထားသည့် ထိုစီမံကိန်း အတွက်  ရူပီး ၁၇၁ ထရီလျံ (ဒေါ် လာ ၁ဝ ဒသမ ၂ ဘီလျံ) ရှိသော ဘတ်ဂျက်ကို လာမည့်နှစ်တွင် ၂ ဆတိုးသွားရန် စီစဉ်ထားသည်။

သို့သော် အစာအဆိပ်သင့်မှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားခဲ့သဖြင့် NGO အဖွဲ့များက ကျန်းမာရေး စိုးရိမ်မှုများ ကြောင့် ထိုစီမံကိန်းကို ဆိုင်းငံ့ရန် အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။

အစာအဆိပ်သင့်မှုကို ခံစားခဲ့ရသည့် ကျောင်းသား ကလေးငယ်များသည် ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ ခေါင်းမူးခြင်း၊ မအီမသာဖြစ်ခြင်း၊ အသက်ရှူမဝခြင်း အစရှိသည့် ဝေဒနားများကို ခံစားခဲ့ရသည်ဟုဆိုသည်။

ယခုသီတင်းပတ်အတွင်း အစာအဆိပ်သင့်မှုကို ခံစားခဲ့ရသည့် ကျောင်းသားများသည် ကြက်သား ပဲငံပြာရည်ချက်၊ တို့ဟူးကြော်၊ အသီးအရွက်နှင့် သစ်သီးများ အပါအဝင် အခြားဟင်းလျာများကို စားသောက်ခဲ့ကြကြောင်း တာဝန်ရှိ သူများက ပြောကြားခဲ့သည်။

Source: The Jakarta Post