
- By CNI
- Category: အင်တာဗျူး
- Hits: 239
CNI International Interview
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇက်စတန်သမ္မတ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှ ၂၉ ရက်ထိ သွားရောက်ခဲ့သည်။
အဆိုပါ ကာဇက်စတန်နိုင်ငံ ခရီးစဉ်အတွင်းမှာ ကာဇက်စတန်သမ္မတနိုင်ငံပိုင် PTRK သတင်းဌာနသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံ၍ အင်တာဗျူး လုပ်ခွင့်ရရှိခဲ့သည်။
ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် PTRK သတင်းဌာနတို့၏ အင်တာဗျူးကို CNI မှ ပြန်လည်၍ တဆင့် ဘာသာပြန်ကာ ဖော်ပြလိုက်ပါသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မေး ။ ။ သမ္မတကြီးခင်ဗျာ၊ မြန်မာနဲ့ ကာဇက်စတန်အကြား နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အနာဂတ် အလားအလာကို ဘယ်လိုမြင်ပါသလဲ၊ ဒါအပြင် ပိုမို ကျယ်ပြန့်တဲ့ ဗဟိုအာရှဒေသနဲ့ ဆက်စပ်ပြီးရော ဘယ်လိုသုံးသပ်သလဲဆိုတာကို သိချင်ပါတယ်။
ဖြေ ။ ။ မြန်မာနဲ့ ကာဇက်စတန်နိုင်ငံတို့ရဲ့ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးဟာ လွန်ခဲ့သော ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့မှာ စတင်ခဲ့တာဖြစ်လို့ အခုဆိုရင် ၂၆ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ နှစ်နိုင်ငံကြားမှာ သံတမန်ဆက်ဆံရေးကို တိုးမြှင့် ဆောင်ရွက်နေပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တွေကိုလည်း မြှင့်တင်ဆောင်ရွက်နေပါတယ်။
အဆွေတော်တို့ သမ္မတနဲ့ ၂ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဗဟိုအာရှဒေသ၊ ယူရေးရှားဒေသဟာ ပထဝီ နိုင်ငံရေး သီအိုရီတွေအရ Heart Land ဆိုပြီး ထင်ရှားတဲ့ နယ်မြေဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကုန်းမြေရဲ့ ဗဟိုမှာ တည်ရှိနေလို့ မဟာဗျူဟာအရ အရေးပါလှပါတယ်။ အခုလို နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်မှုတွေကတဆင့် ပိုမိုကျယ်ပြန့်တဲ့ ဗဟိုအာရှဒေသနဲ့ ပိုမိုထိတွေ့ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး ။ ။ ဗဟိုအာရှဟာ ကမ္ဘာ့လုံခြုံရေးနဲ့ ထောက်ပံ့ ပိုဆောင်ရေးအတွက် ပိုပြီး အရေးပါတဲ့ ဗဟိုချက်တစ်ခု ဖြစ်လာနေပါတယ်။ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် မြန်မာနဲ့ ကာဇက်စတန်တို့ အတူတကွ ဘယ်လို လက်တွဲ လုပ်ဆောင်နိုင်မယ်လို သမ္မတကြီးအနေနဲ့ ထင်မြင်ပါသလဲ။
ဖြေ ။ ။ ဟုတ်ပါတယ်။ အရင်ကတည်းက ဗဟိုအာရှဒေသဟာ ဥရောပ၊ အနောက်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှ ဒေသများရဲ့ ကုန်သွယ်ရာ ဒေသတစ်ခုဖြစ်သလို ပိုးလမ်းမကြီးလည်း တည်ရှိတဲ့အတွက်ကြောင့် ကမ္ဘာ့ လုံခြုံရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးအတွက် အလွန်အရေးပါတဲ့ ဗဟိုချက်တစ်ခု ဖြစ်ပါတယ်။
ဒီလို အရေးပါတဲ့အတွက်လည်း ဒေသတွင်း တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးကြီးပါတယ်။ ကာဇက်စတန် နိုင်ငံဟာ ဒီလိုဒေသမှာ ထပ်မံပြီး အချက်အခြာကျတဲ့ နေရာမှာရှိနေတာ တွေ့ရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံဟာ လည်း ကမ္ဘာ့အင်အားကြီး တရုတ်နဲ့အိန္ဒိယ အကြားမှာရှိပြီး အရှေ့တောင်အာရှဒေသနဲ့ တောင်အာရှဒေသကို ဆက်စပ် ပေးနိုင်တဲ့ဒေသတွင်း Land Bridge နိုင်ငံဖြစ်ပါတယ်။
ဒီလိုနှစ်နိုင်ငံမှာရှိနေတဲ့ ရှိရင်းစွဲ အရေးပါမှုတွေကို အရာရောက်အောင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ကျနော်တို့ တစ်နိုင်ငံချင်းမှာရှိတဲ့ မတူညီတဲ့ ထွက်ကုန်တွေ၊ ဒေသရှုခင်းတွေ၊ ယဉ်ကျေးမှုတွေ စတာတွေကို ဖလှယ်ကြ ရင်း ဒေသတွင်း တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို မြှင့်တင်နိုင်မယ်လို့ မြင်ပါတယ်။
ကာဇက်စတန် ဂုဏ်ပြုတပ်ဖွဲ့၏ ကြိုဆိုမှုအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မေး ။ ။ မြန်မာနဲ့ ကာဇက်စတန် နှစ်နိုင်ငံလုံးဟာ ဆွေးနွေးမှုတွေနဲ့ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေကို ပွင့်ပွင့်လင်းလင်း လက်ခံတဲ့ နိုင်ငံတွေအဖြစ် အလေးထား ရပ်တည်ကြပါတယ်။ ပိုမို တန်းတူညီမျှတဲ့ ကမ္ဘာ့စနစ်ကို ရှေးရှုပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲရာမှာ ကျနော်တို့ နိုင်ငံတွေက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ သမ္မတကြီး ထင်မြင်ပါသလဲ။
ဖြေ ။ ။ မျက်မှောက်ခေတ် ကမ္ဘာဟာ အရင်ကလို ဧကဝင်ရိုး(Uni Polar)စနစ်လို မဟုတ်တော့ဘဲ ဗဟုဝင်ရိုး (Multi Polar)စနစ်ကို ဦးတည်နေပါပြီ။ ပိုမို တန်းတူညီမျှတဲ့ ကမ္ဘာ့စနစ်ကို တည်ဆောက်ကြတဲ့ နေရာမှာ အင်အားကြီး စူပါပါဝါ တစ်နိုင်ငံတည်းအပေါ် အလွန်အမင်း မှီခိုနေရမှုကို ရှောင်ရှားပြီး မိမိတို့ရဲ့ မိတ်ဖက်နိုင်ငံတွေကို တိုးချဲ့ ဆက်ဆံကြရမှာ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ရင် ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ ပြောင်းလွယ်ပြင်လွယ် ဖြစ်စေပြီး မလိုအပ်တဲ့ ဖိအားတွေကိုလည်း မိတ်ဖက်နိုင်ငံတွေရဲ့ ပေါင်းစည်းအားနဲ့ ကြံ့ကြံ့ခံနိုင်လာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စီးပွားရေးအပိုင်းမှာ အားလုံးဟာ ပြောင်းလဲလာနေတဲ့ ကမ္ဘာ့အစီအစဉ်သစ်(New World Order)နဲ့ လိုက်လျော ညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမှာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ဖို့အတွက် ကျနော်တို့လို နိုင်ငံငယ်တွေ အချင်းချင်း အတူပူးပေါင်းပြီး ကုန်သွယ် ဆက်ဆံရေးတွေကို ဒေသစုံ ဖြန့်ကြက်နိုင်စွမ်းကို မြှင့်တင်ကြရမှာ ဖြစ်ပါတယ်။ ခင်ဗျားမေးတဲ့ မေးခွန်းထဲမှာပါတဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေကို ပြုပြင်နိုင်ဖို့ဆိုတာ လိုအပ်တဲ့ အချက်ဖြစ်ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ အားလုံး သဘောတူညီ ရေးဆွဲထားတဲ့ အဖွဲ့အစည်းရဲ့ ပဋိဉာဉ်တွေ၊ စည်းမျည်း စည်းကမ်းတွေကို သူတို့ကိုယ်တိုင် ပြန်လည်မချိုးဖောက်မိဖို့ လိုပါတယ်။ ပြီးရင် ကမ္ဘာ့နိုင်ငံတိုင်းရဲ့ အချုပ်အခြာ အာဏာကို လေးစားဖို့လိုပါတယ်။ ဒီအချက်တွေကို အဖွဲ့အစည်း တော်တော်များများက ချိုးဖောက်နေတာ တွေ့ရပါ တယ်။ ဒါတွေဟာ ပြုပြင်သင့်တဲ့ အချက်တွေပါ။ ဒါတွေကို ကျနော်တို့ နှစ်နိုင်ငံ ပူးပေါင်းလေ့လာဆောင်ရွက်နိုင်ပါ တယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မေး ။ ။ ကာဇက်စတန်ကို ယူရေးရှားဒေသရဲ့ အဓိက သယ်ယူပို့ဆောင်ရေးနဲ့ စွမ်းအင် ဗဟိုချက်အဖြစ် ရှုမြင်ကြပါတယ်။ ကာဇက်စတန်နဲ့ရော၊ ဒေသတစ်ခုလုံးနဲ့ပါ ပတ်သက်တဲ့ မြန်မာအတွက် ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးတွေမှာ ဘယ်နယ်ပယ်တွေက အလားအလာ အရှိဆုံးဖြစ်မယ်လို ယူဆပါသလဲ။
ဖြေ ။ ။ ကာဇက်စတန်နိုင်ငံဟာ သဘာဝအရင်းအမြစ် ပေါများပြီး ရေနံနဲ့ သဘာဝငွေ့ အဓိက ထုတ်လုပ် ရောင်းချသလို ဓာတ်သတ္တုတူးဖော်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ဂျုံစိုက်ပျိုးရေးတို့ကို အဓိက လုပ်ကိုင်ကြတာ သိရပါ တယ်။
ကျနော်တို့ မြန်မာနိုင်ငံကတော့ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်ပါတယ်။ မြေပေါ်မြေအောက် သယံဇာတတွေ လည်း ပိုင်ဆိုင်ပါတယ်။ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ် နေပြီး အရှေ့တောင်အာရှနဲ့ တောင်အာရှ နိုင်ငံတွေကြားမှာ ပေါင်းကူးတံတားသဖွယ် ရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ကောင်းမွန်တဲ့ ရေ၊ မြေနဲ့ ရာသီဥတုကို ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဆန်တင်ပို့မှု ထိပ်တန်း နိုင်ငံတွေထဲမှာပါသလို ကမ္ဘာ့ပဲတင်ပို့မှု ဒုတိယအမြင့်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ စွမ်းအင်ကဏ္ဍတွေ အဆင့်မြှင့်တင်နိုင်ဖို့ အတွက် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒီနယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံ မယ်ဆိုရင် နှစ်နိုင်ငံစလုံးအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းမှာဖြစ်ပါတယ်။
မေး ။ ။ စီးပွားရေးနဲ့ နိုင်ငံရေးအပြင် အပြန်အလှန် နားလည်မှုနဲ့ ယုံကြည်မှုကို ခိုင်မာစေဖို့အတွက် မြန်မာနဲ့ ဗဟိုအာရှနိုင်ငံတွေအကြား ယဉ်ကျေးမှု၊ ပညာရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆက်ဆံရေးတွေ ဖွံဖြိုးတိုးတက်လာဖို့ ဘယ်လောက် အရေးကြီးတယ်လို့ သမ္မတကြီး ယူဆပါသလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံနဲ့ ဗဟိုအာရှနိုင်ငံတွေအကြား ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှုနဲ့ လူသာချင်း စာနာထောက်ထား မှုဆိုင်ရာ ဆက်ဆံရေးတွေ ဖွံ့ဖြိုးတိုးတက်ရေးဟာ အလွန်အရေးကြီးတဲ့ ကဏ္ဍတွေ ဖြစ်ပါတယ်။ ကျနော်တို့ နှစ်နိုင်ငံမှာ မတူညီတဲ့ ရာသီဥတု၊ တည်နေရာ၊ ယဉ်ကျေးမှု၊ ထွက်ကုန်တွေ ရှိကြပါတယ်။ ဒီမတူညီခြင်းတွေကို ပေါင်းစည်းနိုင်တာ ဟာ အင်အားပါပဲ။
ဒါကြောင့် ကျနော်တို့ နိုင်ငံတွေရဲ့ ချစ်ကြည် ရင်းနှီးတဲ့ ဆက်ဆံရေး ရေရှည်တည်တံ့ ခိုင်မြဲစေဖို့အတွက် အစိုးရ အချင်းချင်း ဆက်ဆံရေးသာမက ပြည်သူအချင်းချင်း ဆက်ဆံရေးကိုလည်း တိုးချဲ့ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ဒီကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်လာရေးဟာ အလွန်အရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။

- By CNI
- Category: အင်တာဗျူး
- Hits: 3091
CNI Interview
၂၀၂၄ ခုနှစ်၊ မတ်လ ၃၀
နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN)၏ ပဲ့ကိုင်ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး Tangkhul Katamnao Saklong အဖွဲ့၏ ဥက္ကဋ္ဌဟောင်း အက်စ် ဗာရာ (S. Varah) သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင် ပတ်သက်ခဲ့သူဖြစ်ပြီး အိန္ဒိယနှင့် မြန်မာအကြား လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်အစီအစဉ် (Free Movement Regime- FMR)ကို အိန္ဒိယအစိုးရက ဖျက်သိမ်းမှု၊ ကသည်းလူမျိုးစုများက တောင်တန်းဒေသ ဌာနေ တိုင်းရင်းသား ဥပဒေဆိုင်ရာ (Scheduled Tribe - ST) တောင်းဆိုမှု၊ ကူကီး-ဇို လူမျိုးစုက သီးခြားအုပ်ချုပ်ရေး တောင်းဆိုမှုတို့အပေါ် Ukhrul Times နှင့် အင်တာဗျူး ပြုလုပ်ချိန်တွင် ၎င်း၏ အတွေးအမြင်များကို မျှဝေခဲ့သည်။
Ukhrul Times ။ ။ FMR ဖျက်သိမ်းရေးနဲ့ နယ်စပ်စည်းရိုး တည်ဆောက်မှုအပေါ် နာဂပြည်သူ့သမ္မတအစိုးရ (GPRN) ရဲ့ သဘောထားက ဘာများပါလဲ။
အက်စ် ဗာရာ ။ ။ ဒါက ပြဿနာအသစ် မဟုတ်ပါဘူး။ နာဂမျိုးရိုး အစဉ်အဆက် အမိမြေကို အတင်း အကျပ် သိမ်းပိုက်မှုဟာ အိန္ဒိယအစိုးရ ဖြေရှင်းရမယ့် အခြေခံကျတဲ့ ပြဿနာဖြစ်ပါတယ်။
ဒါဟာ အကျပ်အတည်းရဲ့ အစပဲရှိပါသေးတယ်။ အိန္ဒိယ ပြည်ထောင်စုဟာ နာဂနယ်မြေကို ကြိုတင် အကြောင်း ကြားတဲ့ သဘောတူညီချက်မပါဘဲ ထိပါးခဲ့တာက ပြဿနာရဲ့ အခရာဖြစ်ပါတယ်။
NSCN-IM ရဲဘော်တွေကိုတွေ့ရစဉ်
ဒါကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရပါမယ်။ NSCN ခေါင်းဆောင်ပိုင်းဟာ အိန္ဒိယပြည်ထောင်စုနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေမှာ ထိတွေ့ပါဝင်ခဲ့ပါတယ်။ အဲဒါကြောင့် နယ်စပ်ဒေသမှာ ခြံစည်းရိုးကာတာဟာ မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးရဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ အစဉ်အလာရှိတဲ့ မိသားစုဘဝတွေကို ပိုမို ထိခိုက်စေပါလိမ့်မယ်။
မြန်မာနိုင်ငံရဲ့ စစ်ကိုင်းတိုင်းဒေသကြီးလို့ခေါ်တဲ့ အရှေ့မြောက်နယ်စပ်မှာ ဖယ်ထုတ်ခံထားရတဲ့ နယ်မြေဒေသတွေ အပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေပါလိမ့်မယ်။ အဲဒီမှာနေထိုင်သူတွေရဲ့ ဘဝတွေကို တွေးကြည့်မယ်ဆိုရင် သူတို့ ဟာ ရာစုနှစ် တစ်စုကျော်ကြာ ဖယ်ကြဉ်ခံထားခဲ့ရပါတယ်။
အဲဒီမှာ ကျန်းမာရေး စောင့်ရှောက်မှုမရှိ၊ လမ်းပန်းဆက်သွယ်ရေးမရှိဘဲ သူတို့ဟာ မျိုးဆက် အများအပြားကြာတဲ့ အချိန်အထိ နိမ့်ပါးစွာ နေထိုင်ခဲ့ရပါတယ်။ FMR ကို ဖျက်သိမ်းလိုက်မယ်ဆိုရင် အဲဒီအခြေအနေဟာ ပိုမိုဆိုးရွား စေပါလိမ့်မယ်။ ဒါဟာ နာဂပြည်ကို အတင်းအဓမ္မ သိမ်းပိုက်တဲ့ သဘောသဘာဝကို ပြသရာရောက်ပါတယ်။
Ukhrul Times ။ ။ ကသည်းလူမျိုးတွေက ST တောင်းဆိုမှုနဲ့ ကူကီး-ဇို လူမျိုးတွေက သီခြားအုပ်ချုပ်ရေး တောင်းဆိုမှုအပေါ် GPRN/NSCN ရဲ့ နိုင်ငံရေးရပ်တည်ချက်က ဘာများပါလဲ။
အက်စ်ဗာရာ ။ ။ ကူကီး-ဇို လူမျိုးစုအတွက် တောင်းဆိုမှုကတော့ သီးခြားအုပ်ချုပ်ရေးပါပဲ။ အိန္ဒိယရဲ့ ဖွဲ့စည်းပုံအခြေခံဥပအေရ သူတို့မှာ တောင်းဆိုပိုင်ခွင့် အပြည့်ရှိပါတယ်။
ကသည်း-ကူကီး အဓိကရုန်းဖြစ်ပွားစဉ်
အိန္ဒိယရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ကူကီး-ဇို လူမျိုးစုတွေရဲ့ အခက်အခဲတွေ၊ ကသည်းလူမျိုးတွေရဲ့ ST တောင်းဆိုမှုတွေအတွက် အဆင်ပြေချောမွေ့စွာ ဖြေရှင်းပေးဖို့ အစီအစဉ်တွေ အလုံအလောက်ရှိပါတယ်။
ဒါနဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်စရာ မလိုပါဘူး။
အိန္ဒိယအစိုးရက တောင်းဆိုချက်ကို လိုက်လျောပေးချင်ပေးမယ်။ ဒါမှမဟုတ် ငြင်းပယ်ချင် ငြင်းပယ်နိုင်ပါတယ်။
နာဂလူမျိုးတွေနဲ့ အိန္ဒိယပြည်ထောင်စုကြားထဲက ပြဿနာကတော့ နယ်မြေအငြင်းပွားမှု ဖြစ်ပါတယ်။
ဒီအငြင်းပွားမှုဟာ နာဂလူမျိုးတွေနဲ့ အိန္ဒိယပြည်ထောင်စုကြားမှာ ဖြစ်ပါတယ်။ ဒါဟာ အခြေခံပြဿနာတစ်ခုပါ။
ကျနော်ခုနက ပြောခဲ့သလိုမျိုး နာဂခေါင်းဆောင်ပိုင်းတွေဟာ အိန္ဒိယခေါင်းဆောင်ပိုင်းနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုတွေကို ၂၅ နှစ်ကျော် ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
ဘာကြောင့်မှန်း မသိတာက အဲဒီဆွေးနွေးမှုတွေဟာ ဒီဘက်ခေတ်မှာ တိုးတက်လာပုံ မပေါ်ပါဘူး။ နောက်ဆုံး ဘာအဖြေ ထွက်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။
ဒါပေမယ့် ST တောင်းဆိုတာတွေ၊ သီးခြားအုပ်ချုပ်ရေး တောင်းဆိုတာနဲ့ပတ်သက်ပြီး NSCN ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ ကျနော်တို့ဟာ အိန္ဒိယ ပြည်ထောင်စုထဲက ဘယ်ပြည်နယ်နဲ့မဆို ဘာကိုမှ လုပ်ဆောင်စရာမလိုပါဘူး။
ကျနော်တို့ရဲ့ ပြဿနာက အိန္ဒိယပြည်ထောင်စုနဲ့ နာဂလူမျိုးတွေပါ။ အိန္ဒိယအစိုးရကလည်း ဒါကို နိုင်ငံရေး ပြဿနာတစ်ခုလို့ ဝန်ခံခဲ့ပါတယ်။ နာဂပြဿနာဟာ နိုင်ငံရေး ပြဿနာဆိုရင် အဲဒီပြဿနာဟာ နာဂါလူမျိုးတွေနဲ့ နာဂနယ်မြေအကြောင်းပဲ ဖြစ်ရပါမယ်။
Source: Ukhrul Times

- By CNI
- Category: အင်တာဗျူး
- Hits: 5866
မြန်မာ့နှစ်သစ်ကူး ဆုတောင်း စကားသံ
CNI Thingyan Voice
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၂
ဒေါက်တာ အေးမောင် (ဥက္ကဋ္ဌ၊ ရခိုင့်ဦးဆောင်ပါတီ-AFP)
နှစ်သစ်မှာ မြန်မာနိုင်ငံသူ/ နိုင်ငံသားများအားလုံး နှစ်ဟောင်းရဲ့ အညစ်အကြေးများကို လျော်ဖွတ်ပြီးမှ နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ပေါ့ဗျာ၊ ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးချမ်းချမ်း မိမိတို့ မျှော်မှန်းထားခဲ့ကြတဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု ရကြပါစေ။ အခုဖြစ်နေကြတဲ့ မြင်ကွင်းတွေ တစ်ဦးကိုတစ်ဦး ရန်သူမဟုတ်ဘဲနဲ့ ရန်သူကဲ့သို့ သတ်တာ၊ ဖြတ် တာတွေ အကြမ်းဖက်မှုတွေ၊ အငြိုးထားမှုတွေ အဲတာတွေအကုန်လုံးကို သင်ပုန်းချေ နိုင်ကြပါစေ၊ ကျနော်တို့ အနာဂတ် ပြည် ထောင်စုကြီးကလည်း တိုင်းရင်းသားများ မြန်မာပြည်သူလူထု မျော်မှန်းတဲ့အတိုင်း တန်းတူညီမျှသော အခွင့်အရေးများကို ရပြီးမှ ခေတ်မီတဲ့ ဖွံ့ဖြိုးမှုရှိတဲ့ အရှေ့တောင်အာရှက နိုင်ငံကြီး တစ်ခုအဖြစ် ပေါ်ထွန်းလာနိုင်ပါစေလို့ ဆုတောင်းပါတယ်။
စိုင်းအိုက်ပေါင်း (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ-SNDP)
ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ နှစ်သစ်မှာ ပျော်ရွင်နိုင်ကြ ပါစေ၊ ဘေးအန္တရာယ်များလည်း ကင်းရှင်းနိုင်ပါစေ၊ ပြည်ထောင်စုကြီးလည်း တည်ငြိမ်အေးချမ်းပါစေ၊ တစ်ယောက်နဲ့ တစ် ယောက် သတ်ဖြတ်တာတို့၊ နှိပ်စက်တာတွေ မရှိပါစေနဲ့ အားလုံးမေတ္တာတရားနဲ့ပဲ ကိုယ့်လုပ်ငန်းကိုင်ငန်း အားလုံး အောင် မြင်ပါစေ၊ အေးချမ်းတည်ငြိမ်တဲ့ ဖွံ့ဖြိုးတဲ့ ပြည်ထောင်စုကြီး ဖြစ်ပါစေလို့ပဲ ဆုမွန်ကောင်း တောင်းပါတယ်။
ဦးရဲထွန်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)
မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေကတော့ မကောင်းဘူးပေါ့ဗျာ၊ မကောင်းတော့ ပြည်သူလူထုတွေအတွက် နှစ်သစ် သင်္ကြန်မှာကိုပဲ နှစ်သစ်မလို့ ဆိုပြီးတော့ လွတ်လွတ်လပ်လပ် စိတ်လွတ်လက်လွတ် မပျော် ရဘူးပေါ့နော်၊ မပျော်မရွှင်ရဘူး၊ အဲဒီတော့ အဲဒီလိုမျိုး အခြေအနေဆိုးကြီးကို အမြန်ကျော်လွှားနိုင်ကြပါစေလို့ပဲ ဆုတောင်း ကောင်းမွန်တောင်းရင် မေတ္တာ ပို့ပါတယ်ခင်ဗျာ။
ဒေါက်တာစိုးထွန်း (စီးပွားရေးလုပ်ငန်းရှင်)
မကြာမီ ရက်ပိုင်းအတွင်းမှာ မြန်မာ့နှစ်သစ်ကူးတော့မှာ ဖြစ်ပါတယ်။ အဲတော့ နှစ်သစ်နဲ့အတူပေါ့ ကျနော်တို့ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ ပူပင်သောကတွေ ပြေပျောက်ပြီး ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး တိုးတက် အောင်မြင်ပြီးတော့မှ လိုရာဆန္ဒ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
ဦးဆူးငှက် (စာရေးဆရာ)
နှစ်သစ်ရောက်ပြီဆို များသောအားဖြင့်ကတော့ နှစ်ဟောင်းတုန်းက အဆိုးတွေမှန်သမျှ နှစ်သစ်မှာ ပါမလာအောင်၊ နှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရအောင် ဒါမျိုးတွေ လူတိုင်းက အားလုံး လိုလားကြတာပဲ။ အဲတော့ မြန်မာနိုင်ငံသူ ၊ နိုင်ငံသား အားလုံးကလည်း အေးအေးချမ်းချမ်းနဲ့ အားလုံး ညီညီညာညာ၊ ပျော်ပျော်ရွှင်ရွှင်ရှိမယ့် နှစ်သစ်၊ နိုင်ငံတိုးတက်မယ့် နှစ်သစ်၊ သွေးထွက်သံယိုမှုတွေ ပပျောက်စေမယ့် နှစ်သစ်အနေနဲ့ အားလုံးမျှော်လင့်ကြပါတယ်။ အဲအတိုင်းပဲ ဖြစ်ပါစေလို့ ဆုတောင်းပါ တယ်။
ဒေါ်အေးမွန်စိုး(ညွှန်ကြားရေးမှူး)၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းလုပ်သားဌာနခွဲ
မြန်မာနှစ်သစ်ကူးမှာ မြန်မာတစ်နိုင်ငံလုံး၊ တကမ္ဘာလုံး၊ လူသားတွေအားလုံး ကျန်းမာ၊ ချမ်းသာ၊ အန္တရာယ်တွေ အားလုံးကင်း ပါစေ။ ကပ်ရောဂါအပေါင်းက ကင်းဝေးပါစေ။ ကမ္ဘာကြီးရော၊ မြန်မာနိုင်ငံကြီးရော အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အားလုံး ကျန်းမာပျော်ရွှင်စွာနဲ့ ကိုယ် လုပ်ကိုင်ရမယ့် အလုပ်အကိုင်တွေ၊ ကိုယ့်ရဲ့ ဘဝ တိုးတက်ရာ တိုးတက်ကြောင်းတွေကို အဆင်ပြေပြေနဲ့ ဆက် လက် ဆောင်ရွက်နိုင်ကြပါစေ။ တစ်ဦးနဲ့ တစ်ဦးမေတ္တာ တွေ ထားနိုင်ပြီးတော့ တစ်ကမ္ဘာလုံးဟာ အေးချမ်းကြပါစေ လို့ ဆုတောင်းပေးပါတယ်။
ဝေဟင်အောင်(ဝေဟင်အောင်ဖောင်ဒေးရှင်း)
လာမယ့်နှစ်သစ်မှာ လူ့အခွင့်ရေးကို လေးစားလိုက်နာသော၊ ဒီမိုကရေစီထွန်းကားသော မြန်မာနိုင်ငံကြီး အမြန်ဆုံး ဖြစ်ပါစေ။ ပြီးရင် မိသားစုနဲ့ ဝေးနေကြတဲ့သူတွေလည်း အမြန်ဆုံး မိသားစုနဲ့ ဆုံတွေ့နိုင်ကြပါစေ။ အကျဉ်း ထောင်တွေထဲမှာ အသီးသီး ရှိနေတဲ့လူတွေလည်း အမြန်ဆုံး မိသားစုတွေ ရင်ခွင်ထဲကို အမြန်ဆုံး ပြန်ရောက် နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။