- By CNI
- Category: ရာသီဉတု
- Hits: 812
CNI International News
တိုကျို၊ ဒီဇင်ဘာ ၁၀
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဒီဇင်ဘာ ၈ ရက် ညပိုင်းက ရစ်ချ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့သဖြင့် လူ ၃၀ ခန့် ဒဏ်ရာရခဲ့ကာ ၇၀ စင်တီမီတာ အမြင့်ရှိသည့် ဆူနာမီလှိုင်းများ ဖြစ်ပွားခဲ့ သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုငလျင်သည် ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်က အိုမိုရီ (Aomori) စီရင်စုနယ်၏ အရှေ့ဘက်ကမ်းလွန်၊ မြေပြင်အနက် ၄၃ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန် မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့ သည်။
ထိုငလျင်ကြောင့် လာမည့် ရက်ပိုင်းများအတွင်း ထိုနေရာနှင့် အနီးတစ်ဝိုက်တွင် အင်အားတူညီသည့် ငလျင် သို့မဟုတ် ပိုမိုအင်အားပြင်းသည့် ငလျင်များ ထပ်မံလှုပ်ခတ်နိုင်ခြေ ရှိသည်ဟု ဆိုသည်။
ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) က ငလျင်အန္တရာယ်နှင့်ပတ်သက်ပြီး မိုးလေဝသအေဂျင်စီ နှင့် ဒေသန္တရအစိုးရများထံမှ သတိပေးချက်များကို နားစွင့်ထားကြရန် ဒေသခံများကို တိုက်တွန်းထားသည်။
ငလျင် နောက်တစ်ကြိမ် လှုပ်ခတ်လာပါက ဘေးလွတ်ရာကို ချက်ချင်း ရွှေ့ပြောင်းနိုင်ရန် အသင့်ပြင်ထားဖို့ လိုအပ်ပြီး တစ်ချိန်တည်းမှာပဲ လူမှုရေးနှင့် စီးပွားရေး လုပ်ငန်းများကို ဆက်လုပ်နိုင်ကြောင်း အစိုးရအဖွဲ့က ညွှန်ကြားထားသည်ဟု တာကာအီချီက ပြောကြားခဲ့သည်။

ဂျပန် ငလျင်ကြောင့် ပျက်စီးနေစဉ်
ငလျင်ကြောင့် ဒဏ်ရာရသူများသည် အိုမိုရီ စီရင်စုနယ်နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုနယ်များမှ ဖြစ်သည်။
ဟော့ကိုင်ဒိုး ကမ်းလွန်နှင့် ဂျပန်နိုင်ငံအရှေ့မြောက်ဘက် ဒေသတစ်လျှောက်သည် ပစိဖိတ် မြေအောက် ကျောက်ထုလွှာများ အပေါ်တွင် ရှိနေသဖြင့် အင်အားကြီး ငလျင်များ လှုပ်ခတ်နိုင်ကြောင်း မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
အစောပိုင်း သတိပေးချက်များတွင် ငလျင်၏ ပြင်းအားကို ရစ်ချ်တာစကေး ၇ ဒသမ ၆ ဟုဖော်ပြခဲ့ပြီး ၃ မီတာ အမြင့်ရှိသည့် ဆူနာမီလှိုင်းများ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သော်လည်း လက်တွေ့တွင် အိုင်ဝါတီ (Iwate) ပြည်နယ်၌ ၇၀ စင်တီမီတာ အမြင့်သာရှိသည့် အသေးစား ဆူနာမီလှိုင်းကို မြင်တွေ့ခဲ့ရသည်။
ဒီဇင်ဘာ ၉ ရက် နံနက် ၆ နာရီ ၂၀ မိနစ် အချိန်တွင်မူ ဆူနာမီ သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: ရာသီဉတု
- Hits: 1453
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁
အရှေ့တောင်အာရှ၏ နိုင်ငံ ၃ နိုင်ငံတွင် အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြေပြိုခြင်း တို့ကြောင့် သေဆုံးသူ ၆၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
မလက္ကာရေလက်ကြား (Malacca Strait) တွင် ရှားပါး အပူပိုင်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခိုက် ခြင်းတို့ ဖြစ်ပွားခဲ့သည်။
ထိုသဘာဝဘေးအန္တရာယ်များကြာင့် အင်ဒိုနီးရှားတွင် သေဆုံးသူ ၄၃၅ ဦး၊ ထိုင်းတွင် သေဆုံးသူ ၁၇၀ နှင့် မလေးရှား၌ သေဆုံးသူ ၃ ဦး ရှိခဲ့ကြောင်း သက်ဆိုင်ရာအရာရှိများက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ထိုနိုင်ငံများ၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ပြီး လူပေါင်းများစွာသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိသည်။

ရေကြီးမှုကြောင့် ပျက်စီးနေစဉ်
ရေလွှမ်းမိုးမှုများကြောင့် ထိုင်းတွင် လူ ၃ သန်းနီးပါးနှင့် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၌ လူ ၁ ဒသမ ၁ သန်းနီးပါး အပါအဝင် လူပေါင်း ၄ သန်းကျော် ရေဘေးသင့်ခဲ့သည်။
သီးခြား သဘာဝဘေးအန္တရာယ် တစ်ခုအနေဖြင့် ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ် မှုကြောင့် သီရိလင်္ကာ၌ လူ ၁၅၃ ဦး သေဆုံးခဲ့ပြီး ၁၉၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ နိုင်ငံတစ်ဝန်း လူပေါင်း ၅ သိန်းကျော်သည် မုန်တိုင်းဒဏ် ခံစားခဲ့ရသည်။
သီရိလင်္ကာအစိုးရက ကယ်ဆယ်ရေး လုပ်ငန်းများတွင် ကူညီရန်အတွက် ကြည်းတပ်၊ ရေတပ်နှင့် လေတပ်မှ တပ်ဖွဲ့ဝင်များကို အရပ်သား လုပ်သားများနှင့် စေတနာ့ ဝန်ထမ်းများနှင့်အတူ စေလွှတ်ထားသည်။
ထိုမုန်တိုင်းသည် သီရိလင်္ကာမှ ထွက်ပြီး အိန္ဒိယနိုင်ငံဘက်သို့ ဦးတည်သွားရောက်နေသဖြင့် အိန္ဒိယ၏ ချန်နိုင်း လေဆိပ်တွင် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့သည်။
ထို့ပြင် ဗီယက်နမ်နိုင်ငံတွင်လည်း အပူပိုင်းမုန်တိုင်း ကိုတို (Koto) ကြောင့် လူ ၃ ဦးထက် မနည်း သေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: ရာသီဉတု
- Hits: 2321
CNI International News
နယူးဒေလီ၊ နိုဝင်ဘာ ၁၂
အိန္ဒိယနိုင်ငံ၊ နယူးဒေလီ (New Delhi) မြို့တော်တွင် လေထုညစ်ညမ်းမှုများ ဆိုးရွားလာပြီး အများပြည်သူအတွက် ကျန်းမာရေး အကျပ်အတည်းတစ်ခု ဖြစ်လာမှုနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၉ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြထားသည်။
ထို့နောက် အိန္ဒိယအစိုးရ အနေဖြင့် ထိုလေထုညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းပေးရန် ဆန္ဒပြသူများက တောင်းဆို ခဲ့ကြသည်။
အိန္ဒိယ၏ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ကမူ နယူးဒေလီမြို့တော်ရှိ အထင်ကရ India Gate အဆောက်အအုံ တွင် ဆန္ဒပြမှုများ ပြုလုပ်ခွင့်မရှိကြောင်း ပြောကြားခဲ့ပြီး ဆန္ဒပြသူများကို လူစုခွဲကာ အချို့အား ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။
အိန္ဒိယ၏ အတိုက်အခံပါတီဖြစ်သည့် INC ပါတီခေါင်းဆောင် ရာဟူး ဂန္ဒီ (Rahul Gandhi) ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီးထိန်းသိမ်းမှုအား အခြား အတိုက်အခံ ခေါင်းဆောင်များက ဝေဖန်ခဲ့ပြီး လေထုကို သန့်ရှင်းစေရန် တောင်းဆိုမှုသည် အခြေခံ လူ့အခွင့်အရေးဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

လေထုညစ်ညမ်းမှု အိန္ဒိယမှာ ဆန္ဒပြနေစဉ်
နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက နယူးဒေလီမြို့တော်၏ လေထု အရည်အသွေး ညွှန်းကိန်းသည် ၃၄၄ တွင် ရှိနေပြီး ထိုကိန်းဂဏန်းအရ အလွန်ဆိုးရွားပြီး အသက်ရှူရန် အန္တရာယ်များသည့် အဆင့်အဖြစ် သတ်မှတ်ထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လေထုအရည်အသွေး သတ်မှတ်ချက်များအရ သိရသည်။
နိုဝင်ဘာ ၉ ရက်က နယူးဒေလီမြို့တော်၏ လေထု အရည်အသွေး ညွှန်းကိန်းသည် ၃၉၀ အထိ မြင့်တက်ခဲ့သည် ဟုလည်း India Today သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
လူပေါင်း သန်း ၃၀ ခန့် နေထိုင်သည့် နယူးဒေလီမြို့တော် ဒေသသည် ကမ္ဘာ့ လေထု အညစ်ညမ်းဆုံး မြို့များထဲ တွင် ထိပ်ဆုံးနေရာက ပါဝင်လေ့ရှိသည်။
ဆောင်းရာသီ ကာလများ မတိုင်မီ နယူးဒေလီမြို့တော်၏ လေထုညစ်ညမ်းမှုသည် ဆိုးရွားလေ့ရှိပြီး ဆောက်လုပ် ရေး လုပ်ငန်းများမှ ထွက်သည့် ဖုန်များ၊ မော်တော်ယာဉ်များမှ ထုတ်လွှတ်သည့် မီးခိုးငွေ့များ၊ စိုက်ခင်းများ မီးရှို့ရာ မှာ ထွက်လာသည့် မီးခိုးများသည် လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေခဲ့သည်။
ထိုကဲ့သို့ လေထု ညစ်ညမ်းမှုများကြောင့် နယူးဒေလီမြို့တော်တွင် နေထိုင်သူများသည် အဆုတ်နှင့် နှလုံးရောဂါ များ ခံစားရခြင်း၊ မျက်လုံးများနှင့် လည်ချောင်းများ ကျိန်းစပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြား ယားယံခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို ခံစားနေရသည်။
“တစ်နှစ်ပြီးတစ်နှစ် ဒီပြဿနာပဲ ကြုံနေရတယ်။ အဖြေကတော့ မရှိသေးဘူး။ ဒီပြဿနာကို အလေးအနက်ထား ဖြေရှင်းပေးဖို့ အစိုးရကို ဖိအားပေးရပါမယ်” ဟု ရှေ့နေတစ်ဦးဖြစ်သည့် တန်ဗီ ကူဆမ် (Tanvi Kusum) က ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: ရာသီဉတု
- Hits: 2347
CNI International News
မနီလာ၊ နိုဝင်ဘာ ၁၁
ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက်ပိုင်းတွင် တိုင်ဖွန်းဖန်ဝေါင် (Fung-wong) ဝင်ရောက် တိုက်ခတ်ပြီးနောက် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားကာ လူ ၄ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၁ ဒသမ ၄ သန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
တိုင်ဖွန်းဖန်ဝေါင်သည် နိုင်ငံအနောက်မြောက်ပိုင်းသို့ ဆက်လက် ရွှေ့လျားပြီး ထိုင်ဝမ်သို့ ဦးတည်နေကြောင်း ခန့်မှန်းထားသည်။
လူပေါင်း ၂၂၄ ဦး သေဆုံးစေခဲ့သော တိုင်ဖွန်းကာမေဂျီ (kalmaegi) ဝင်ရောက်ပြီးနောက် ပျက်စီးဆုံးရှုံးမှုများကို ဖြေရှင်းရန် ကြိုးပမ်းနေစဉ် ရက်ပိုင်းအကြာ၌ တိုင်ဖွန်းဖန်ဝေါင် ဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။
တိုင်ဖွန်းကာမေဂျီသည် ဖိလစ်ပိုင်မှ ဗီယက်နမ်သို့ ဆက်လက် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ဗီယက်နမ်တွင် သေဆုံး သူ ၅ ဦးထက်မနည်း ရှိသည်။

ဖိလစ်ပိုင် မုန်တိုင်းကြောင့် ပျက်စီးမှုကိုတွေ့ရစဉ်
ဖန်ဝေါင်သည် နိုဝင်ဘာ ၉ ရက် ညအချိန်တွင် နိုင်ငံအရှေ့မြောက်ပိုင်း အော်ရိုရာ (Aurora) ပြည်နယ်ကို ဝင်ရောက် ခဲ့ပြီး မုန်တိုင်းကြောင့် လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၈၅ ကီလိုမီတာ (၁၁၅ မိုင်)နှုန်းဖြင့် တိုက်ခတ်ခဲ့သည်။
မုန်တိုင်းသည် မြောက်ပိုင်း တောင်ထူထပ်သည့် ပြည်နယ်သို့ ဆက်လက် ဖြတ်သန်းချိန်တွင် တဖြည်းဖြည်း အားပျော့သွားခဲ့ကာ တောင်တရုတ်ပင်လယ်အတွင်းသို့ ဆက်လက် ဝင်ရောက်ခဲ့ကြောင်း ဖိလစ်ပိုင် မိုးလေဝသ ဌာနက ခန့်မှန်းထားသည်။
ကာတန်ဒူရာနက်စ်ပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူ ၁ ဦး ရေနစ်သေဆုံးခဲ့ပြီး ဆာမာပြည်နယ် ကက်ဘာလိုဂန်မြို့၌ နေအိမ်ပြိုကျမှုကြောင့် ၁ ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။
နျူဗာဗစ်ဇ်ကာရာပြည်နယ် ကာရာပါမြို့တွင် မြေပြိုမှုကြောင့် တဲအိမ်တစ်အိမ် နစ်မြှုပ်ခဲ့ပြီး ကလေး ၂ ဦး သေဆုံး ခဲ့ကာ ၎င်း၏မိဘများနှင့် ဝမ်းကွဲတော်သူ ၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တိုင်ဖွန်း မဝင်ရောက်မီ လူ ၁ ဒသမ ၄ သန်းကျော်သည် အရေးပေါ် ကယ်ဆယ်ရေး စခန်းများ သို့မဟုတ် ဆွေမျိုး များ အိမ်သို့ ပြောင်းရွှေ့ခဲ့ကြကာ နိုဝင်ဘာ ၁၀ ရက်တွင် ကယ်ဆယ်ရေးစင်တာများ၌ လူ ၃၁၈,၀၀၀ ဆက်လက် နေထိုင်လျက်ရှိသည်။
Source: အေပီ
- By CNI
- Category: ရာသီဉတု
- Hits: 2562
CNI International News
မနီလာ၊ နိုဝင်ဘာ ၁၀
ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း အင်အားအပြင်းဆုံး မုန်တိုင်းဖြစ်သည့် စူပါတိုင်ဖွန်းမုန်တိုင်း ဖန်ဝေါင် (Fung-wong) ဝင်ရောက် တိုက်ခတ်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ပြီး လူပေါင်းသန်းချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်နေရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုမုန်တိုင်းသည် နိုဝင်ဘာ ၉ ရက်က ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက် ကမ်းရိုးတန်းကို ဝင်ရောက် တိုက်ခတ်ခဲ့ပြီး နောက် မုန်တိုင်းလမ်းကြောင်းတွင် နေထိုင်သူများ အနေဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ဖန်ဝေါင်မုန်တိုင်းသည် လူဇွန် (Luzon) ကျွန်းကို စတင် ဝင်ရောက်လာခဲ့ပြီးနောက် မက်ထရို မနီလာ (Metro Manila) မြို့တော်ဒေသ အပါအဝင် ဒေသ အများအပြားတွင် အလုပ်များနှင့် စာသင်ကျောင်းများကို ပိတ်ထားခဲ့ သည်။

မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံသားများ ရွှေ့ပြောင်းနေကြစဉ်
ယူဝမ် (Uwan) ဟုလည်း ဖိလစ်ပိုင်တွင် လူသိများသည့် အဆိုပါ ဖန်ဝေါင်မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ နယ်နိမိတ် ၃ ပုံ ၂ ပုံ၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်း တိုက်ခိုက်မှုများကို ဖြစ်ပွားစေခဲ့သည်။
ဖိလစ်ပိုင်တွင် လူပေါင်း ၂၂၄ ဦး သေဆုံးစေခဲ့သည့် တိုင်ဖွန်း ကယ်လ်မေဂီ (Kalmaegi) တိုက်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ၌ ယခု ဖန်ဝေါင်မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။
ဖန်ဝေါင်မုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၈၅ ကီလိုမီတာ (၁၁၅ မိုင်) ရှိပြီး ရုတ်တရက် လေပြင်းဝှေ့မှု သည် တစ်နာရီလျှင် ၂၃၀ ကီလိုမီတာ (မိုင် ၁၄၀) အထိ ရှိနိုင်ကြောင်း မနီလာ ပြည်သူ့ကာကွယ်ရေးရုံးက ထုတ်ပြန်ထားသည်။
Source: South China Morning Post
- By CNI
- Category: ရာသီဉတု
- Hits: 1761
CNI International News
မနီလာ၊ နိုဝင်ဘာ ၇
ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်း ကယ်လ်မေဂီ (Typhoon Kalmaegi) ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး လူအများအပြား ပျောက်ဆုံးနေချိန်၌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) က နိုဝင်ဘာ ၆ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ကယ်လ်မေဂီ မုန်တိုင်းသည် နိုဝင်ဘာ ၄ ရက်က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် မိုးသည်းထန်စွာရွာသွန်းက လေပြင်းများ တိုက်ခတ်ခဲ့သည်။
မုန်တိုင်းကြောင့် လူသေဆုံးမှု အများဆုံးပြည်နယ်သည် စီဘူး (Cebu) ကျွန်းပေါ်ရှိ စီဘူးပြည်နယ်ဖြစ်ပြီး မကြာသေးမီ နှစ်များအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကို ကြုံတွေ့ခဲ့ရသည်။
မော်တော်ယာဉ်များ၊ သင်္ဘောကွန်တိန်နာများနှင့် သေးငယ်သည့် အိမ်များသည် ရေစီးနှင့်အတူ မျှောပါသွားခဲ့ပြီး ဒေသခံများသည် ရေဘေးမှလွတ်ရန် အိမ်ခေါင်မိုးများပေါ်သို့ တက်နေရကြောင်း ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။
စီဘူးပြည်နယ်တွင် လူပေါင်း ၇၂ ဦး သေဆုံးပြီး လူ ၁၄၀ ကျော် ဒဏ်ရာရခဲ့သည့် အင်အားပြင်း ငလျင် လှုပ်ခတ် ခဲ့ပြီးနောက် တစ်လမပြည့်မီ အချိန်မှာပင် ယခုကဲ့သို့ အင်အားပြင် မုန်တိုင်း တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် ပျက်စီးမှုကိုတွေ့ရစဉ်
နိုဝင်ဘာ ၆ ရက်အထိ ရရှိသည့် စာရင်းများအရ မုန်တိုင်းကြောင့် လူ ၁၁၄ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး ၎င်းတို့အနက် ၄၉ ဦးမှာ စီဘူးပြည်နယ်မှဖြစ်ကြောင်း ဖိလစ်ပိုင် ပြည်သူ့ကာကွယ်ရေးရုံးက ထုတ်ပြန်ခဲ့သည်။
စီဘူးပြည်နယ်၏ အိမ်နီးချင်း ပြည်နယ်များဖြစ်သည့် ကာပစ်ဇ် (Capiz)၊ ဘိုဟိုးလ် (Bohol)၊ လေတီ (Leyte) ၊ တောင်လေတီ (Southern Leyte) ပြည်နယ်များအပြင် နီဂရို့စ် (Negros ) ကျွန်းပေါ်တွင်လည်း လူ ၈ ဦး သေဆုံး ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၄ ရက်က မုန်တိုင်းဒဏ်သင့် ပြည်နယ်များကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရန် လာရောက်သည့် ဖိလစ်ပိုင်လေတပ်၏ ရဟတ်ယာဉ်တစ်စင်းသည် အဂူဆန် ဒဲလ်ဆာ (Agusan Del Sur) ပြည်နယ်တွင် ပျက်ကျခဲ့သဖြင့် လူ ၆ ဦး သေဆုံးခဲ့သည်။
လက်ရှိတွင် မုန်တိုင်းကြောင့် လူပေါင်း ၄၃၀,၀၀၀ ကျော်သည် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဖိလစ်ပိုင်၏ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
Source: DW
- By CNI
- Category: ရာသီဉတု
- Hits: 1980
CNI International News
မနီလာ၊ အောက်တိုဘာ ၁၁
ဖိလစ်ပိုင်တောင်ပိုင်းတွင် အောက်တိုဘာ ၁၀ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၄ ပြင်းအားရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ငလျင်ကြောင့် နိုင်ငံအများအပြားတွင် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ကမ်းရိုးတန်းဒေသ အနီးအနားရှိ လူများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် တိုက်တွန်းခဲ့သည်။
မင်ဒါနာအို (Mindanao) ဒေသ ဒါဗောင်း (Davao) အရှေ့ဘက်ပြည်နယ်ရှိ မာနေး(Manay) မြို့ ကမ်းလွန်တွင် အောက်တိုဘာ ၁၀ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် နောက်ဆက်တွဲ ငလျင် အများအပြား လှုပ်ခတ်နိုင်ကြောင်း ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်အေဂျင်စီ(Phivolcs)က သတိပေးထားသည်။
ငလျင်ကြောင့် လူတစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အရပ်ဖက် ကာကွယ်ရေး တာဝန်ရှိသူ ရက်ဖီ အာလေဟန်ဒရို (Raffy Alejandro)က ထုတ်ပြန်ခဲ့သည်။
ပစိဖိတ်ဆူနာမီ သတိပေးချက်စင်တာက နေ့လယ်ပိုင်း အချိန်တွင် ဆူနာမီ သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

ဖိလစ်ပိုင် ငလျင် လှုပ်လို့ ပျက်စီးသွားစဉ်
နေအိမ်များ၊ အဆောက်အအုံများနှင့် တံတားများ ပျက်စီးမှု အချို့ရှိသည်ဟု သဘာဝဘေးအန္တရာယ်ရုံးက အစောပိုင်းတွင် ထုတ်ပြန်ထားသည်။
ပစိဖိတ်မီးကွင်းပေါ်တွင်ရှိသည့် ဖိလစ်ပိုင်နိုင်ငံတွင် လတ်တလော နှစ်များအတွင်း အင်အားပြင်း ငလျင် အများအပြား လှုပ်ခတ်ခဲ့ပြီး တစ်နှစ်လျှင် ငလျင် ၈၀၀ ကျော် လှုပ်ခတ်လေ့ရှိသည်။
ဖိလစ်ပိုင်နိုင်ငံ ဆီဘူးကျွန်းတွင် လူ ၇၄ ဦး သေဆုံးခဲ့သည့် ဆယ်စုနှစ် တစ်စုကျော်အတွင်း လူသေဆုံးမှု အများဆုံး ငလျင်လှုပ်ခတ်မှုကို ကြုံတွေ့ခဲ့ပြီးနောက် သီတင်းနှစ်ပတ် အကြာ၌ ယခု အင်အားပြင်း ငလျင် ထပ်မံ လှုပ်ခတ် ခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ(Ferdinand Marcos Jr )က အာဏာပိုင်များကို မြေပြင်ရှိ အခြေအနေ များအား လေ့လာအကဲဖြတ်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို တပ်ဖြန့်စေလွှတ်ထားသည်ဟု ပြောကြားခဲ့ သည်။
Source: ရိုက်တာ
- By CNI
- Category: ရာသီဉတု
- Hits: 948
CNI News
၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၂၂
စစ်တောင်းမြစ်အထက်ပိုင်းနှင့် အောက်ပိုင်းတို့မှာ နေရာကွက်၍ မိုးသည်းထန်နိုင်သည့် အခြေအနေများကြောင့် ရက်သတ္တပတ်အတွင်း မြစ်ရေ ပြန်လည်မြင့်တက်လာနိုင်ပြီး တပ်ကုန်းမြို့နယ်နှင့် တောင်ငူခရိုင်တို့တွင် ရေကြီး ရေလျှံမှု ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်မှ သတိပေး ပြောကြားခဲ့သည်။
GloFAS (Global Flood Awareness System) မှ စက်တင်ဘာ ၂၁ ရက်၏ Update အချက်အလက်များအရ လာမည့် ရက်သတ္တပတ်အတွင်း မိုးရေချိန် မများနိုင်သော်လည်း နေ့စဥ် မိုးအသင့်အတင့်( ခန့်မှန်း ၂၄ နာရီ မိုးရေ ချိန် ၁ လက်မ ဝန်းကျင်ခန့်)နှင့် နေရာကွက်၍ မိုးသည်းထန်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်သည်ဟု ၎င်းက သူ၏ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ထုတ်ပြန်ခဲ့သည်။
အဆိုပါ အခြေအနေများကြောင့် စစ်တောင်းမြစ်အထက်ပိုင်း တပ်ကုန်းအနီးမှ စစ်တောင်းမြစ်ရေသည် လည်း ကောင်း၊ စစ်တောင်းမြစ် အောက်ပိုင်း တောင်ငူခရိုင်အတွင်းမှ စစ်တောင်းမြစ်ရေသည် လည်းကောင်း ပြန်လည် မြင့်တက်လာနိုင်သည်။

ထို့ကြောင့် ၎င်းဒေသများ၌ အောက်တိုဘာ ၆ ရက်အထိ ရေကြီးနိုင်ခြင်း သတိပေးချက်(Flood Alert- Medium) အဆင့်ရှိနေကြောင်း တွေ့ရသည်။
အလားတူ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှာလည်း မိုးရေချိန် မများသော်လည်း နေ့စဥ် မိုးအသင့်အတင့် ရွာနိုင်မည့် အခြေအနေများကြောင့် အင်းလေးနှင့် သံလွင်မြစ်ရေ ပြန်လည် မြင့်တက်လာနိုင်ပြီး အောက်တိုဘာ ၆ ရက်အထိ (Flood Alert Level EXTREME)အဆင့် ရှိနေကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။
