
- By CNI
- Category: ကျန်းမာရေး
- Hits: 98
CNI International News
နယူးဒေလီ၊ အောက်တိုဘာ ၁၀
အိန္ဒိယရဲတပ်ဖွဲ့က နိုင်ငံတစ်ဝန်း ကလေး ၁၇ ဦးထက်မနည်း သေဆုံးမှုနှင့်ဆက်နွှယ်နေသည့် ချောင်းဆိုးပျောက် ဆေးရည်ကို ထုတ်လုပ်သော ဆေးကုမ္ပဏီတစ်ခု၏ ပိုင်ရှင်အား ဖမ်းဆီးခဲ့ကြောင်း DW သတင်းမှ ဖော်ပြခဲ့သည်။
တမီးလ်နာဒူးလ်အခြေစိုက် Sresan Pharmaceuticals ကုမ္ပဏီပိုင်ရှင် ရန်ဂါနာသန် ဂိုဗင်ဒန်(Ranganathan Govindan)ကို အောက်တိုဘာ ၈ ရက် ညအချိန်က ချန်နိုင်းမြို့၌ မက်ဟိုင်ရာ ပရာဒက်ရှ်ပြည်နယ် ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့်လက ၎င်း၏ကုမ္ပဏီမှ ထုတ်လုပ်သော Coldrif အမည်ရှိ ချောင်းဆိုးပျောက်ဆေးရည်ကို သောက်ပြီး နောက် အသက် ၅ နှစ်အောက်ကလေး ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက်ပိုင်း မက်ဟိုင်ရာပရာဒက်ရှ် ပြည်နယ် ရဲတပ်ဖွဲ့က ရန်ဂါနာသန်ကို လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်သည်။
အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Coldrif ချောင်းဆိုးပျောက်ဆေးရည် စမ်းသပ် နမူနာများ တွင် diethylene glycol (DEG)သည် ခွင့်ပြုထားသည့် ပမာဏထက် ပိုမိုများပြားစွာ ပါဝင်နေကြောင်း တွေ့ရှိခဲ့ သည်ဟု ဆိုသည်။
ချောင်းဆိုပျောက်ဆေးရည်ကို တွေ့ရစဉ်
အောက်တိုဘာ ၂ ရက်က ထိုဓာတုပစ္စည်း ပါဝင်နေကြောင်း အတည်ပြုခဲ့ပြီးနောက် အဆိုပါ ချောင်းဆိုးပျောက် ဆေးရည်ကို အသုံးပြုခွင့် တားမြစ်ပိတ်ပင်ခဲ့သည်။
တမီးလ်နာဒူး ဆေးဝါးထိန်းချုပ်ရေးဌာန၏ အစီအရင်ခံစာ တစ်ခုတွင် ထိုချောင်းဆိုးပျောက်ဆေးရည်ကို သန့်ရှင်းမှု မရှိသော စက်ရုံ အခြေအနေ၌ ထုတ်လုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
အစောပိုင်း စုံစမ်းစစ်ဆေးမှုအရ ထိုချောင်းဆိုးပျောက်ဆေးရည်ကို မက်ဟိုင်ရာ ပရာဒက်ရှ်ပြည်နယ်အပြင် အိုဒီရှာ နှင့် ပူဒူချယ်ရီ ပြည်နယ်များသို့ ဖြန့်ချိထားကြောင်း အိန္ဒိယမီဒီယာတွင် ဖော်ပြထားသည်။
တမီးလ်နာဒူး ကျန်းမာရေးဝန်ကြီး မာဆူဘရာမာနီယန်(Ma Subramanian)က ၎င်း၏ ပြည်နယ်အစိုးရသည် Sresan Pharmaceuticals ဆေးကုမ္ပဏီကို ရာဇဝတ်မှုစွဲချက်ဖြင့် တရားစွဲဆိုသွားမည်ဟု အောက်တိုဘာ ၈ ရက်က ပြောကြားခဲ့သည်။
အိန္ဒိယကျန်းမာရေးအာဏာပိုင်များက ဂူဂျာရတ်ပြည်နယ် အခြေစိုက် ကုမ္ပဏီများက ထုတ်လုပ်သော Respifresh နှင့် RELIFE ချောင်းဆိုးပျောက်ဆေးရည်တို့တွင်လည်း အလားတူ အဆိပ်ရှိ ဓာတုပစ္စည်းများ ပါဝင်နေသောကြောင့် အသုံးမပြုကြရန် တိုက်တွန်းထားသည်။
Source: DW

- By CNI
- Category: ကျန်းမာရေး
- Hits: 254
CNI International News
ဂျာကာတာ၊ စက်တင်ဘာ ၂၆
အင်ဒိုနီးရှားနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း စာသင်ကျောင်းများ၌ ကျွေးမွေးသည့် အခမဲ့ နေ့လယ်စာများကို စားသုံးခဲ့သည့် ကလေး ၁၀၀၀ ကျော်သည် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်ဟု The Jakarta Post မှ ဖော်ပြခဲ့ သည်။
ထိုဖြစ်စဉ်သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို (Prabowo Subianto) ၏ ကလေးသူငယ်များ အစာအဟာရ ပြည့်ဝစေရေး စီမံကိန်းအတွက် နေ့လယ်စာ အခမဲ့ကျွေးမွေးသည့် အစီအစဉ်ကြောင့် အစာအဆိပ်သင့်မှု ဖြစ်စဉ် များ၏ နောက်ဆုံးဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့သည်။
စက်တင်ဘာ ၂၂ ရက်နှင့် စက်တင်ဘာ ၂၄ ရက်ကြား စာသင်ကျောင်းများတွင် ကျွေးမွေးသည့် အခမဲ့ နေ့လယ် စာများကို စားသုံးခဲ့ပြီး အစာအဆိပ်သင့်ခဲ့သော ကလေးပေါင်း ၁၁၇၁ ဦးအထိ ရှိခဲ့ကြောင်း အနောက်ဂျာဗား (West Java) ပြည်နယ်၏ Cipongkor Community ကျန်းမာရေးစင်တာ၏ အကြီးအကဲ ယူယန် ဆာရီဟိုတီမာ (Yuyun Sarihotima) က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း အနောက်ဂျာဗားပြည်နယ်နှင့် ဗဟို ဆူလာဝေစီ (Central Sulawesi ) ပြည်နယ် များတွင် ကျောင်းသားပေါင်း ၈၀၀ ခန့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။
အင်ဒိုကလေးတွေ အစာအဆိပ်သင့်မှု ကုသနေစဉ်
ပရာဘိုဝိုသည် ၎င်း၏ သမ္မတသက်တမ်းအတွင်း ကျောင်းသား ကလေးငယ်ပေါင်း သန်း ၈၀ ကို အခမဲ့ နေ့လယ် စာများ ကျွေးမွေးရန် ရည်ရွယ်ပြီး အစာအာဟာရပြည့်ဝရေး စီမံကိန်းကို စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ကလေးငယ်များ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်နေခြင်းကို လျှော့ချရန် ရည်ရွယ်ထားသည့် ထိုစီမံကိန်း အတွက် ရူပီး ၁၇၁ ထရီလျံ (ဒေါ် လာ ၁ဝ ဒသမ ၂ ဘီလျံ) ရှိသော ဘတ်ဂျက်ကို လာမည့်နှစ်တွင် ၂ ဆတိုးသွားရန် စီစဉ်ထားသည်။
သို့သော် အစာအဆိပ်သင့်မှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားခဲ့သဖြင့် NGO အဖွဲ့များက ကျန်းမာရေး စိုးရိမ်မှုများ ကြောင့် ထိုစီမံကိန်းကို ဆိုင်းငံ့ရန် အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။
အစာအဆိပ်သင့်မှုကို ခံစားခဲ့ရသည့် ကျောင်းသား ကလေးငယ်များသည် ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ ခေါင်းမူးခြင်း၊ မအီမသာဖြစ်ခြင်း၊ အသက်ရှူမဝခြင်း အစရှိသည့် ဝေဒနားများကို ခံစားခဲ့ရသည်ဟုဆိုသည်။
ယခုသီတင်းပတ်အတွင်း အစာအဆိပ်သင့်မှုကို ခံစားခဲ့ရသည့် ကျောင်းသားများသည် ကြက်သား ပဲငံပြာရည်ချက်၊ တို့ဟူးကြော်၊ အသီးအရွက်နှင့် သစ်သီးများ အပါအဝင် အခြားဟင်းလျာများကို စားသောက်ခဲ့ကြကြောင်း တာဝန်ရှိ သူများက ပြောကြားခဲ့သည်။
Source: The Jakarta Post

- By CNI
- Category: ကျန်းမာရေး
- Hits: 1052
CNI International News
ဘေဂျင်း၊ ဩဂုတ် ၉
တရုတ်နိုင်ငံတောင်ပိုင်းရှိ မြို့များတွင် ဆင်တုပ်ကွေးများ ကူးစက်ဖြစ်ပွားနေချိန်၌ အာဏာပိုင်များ အနေဖြင့် ခြင်များကိုနှိမ်နင်းသည့် စီမံချက်များကို အလွန်အကျူး လုပ်ဆောင်ခြင်းမပြုရန် ကျွမ်းကျင်သူများက သတိပေး ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ခြင်များကို နှိမ်နင်းခြင်းဖြင့် ဆင်တုပ်ကွေးကို ဖြစ်စေသည့် Chikungunya ဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ဖျက်ရန် လုံလောက်မည် မဟုတ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံ (Guangdong) ပြည်နယ်တွင် ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားသူများ ၇၀၀၀ ကျော် ရှိလာခဲ့သည်။
Chikungunya ဗိုင်းရပ်စ်သည် အေးဒိစ် (Aedes) ခြင်မှတဆင့် ကူးစက်ပျံ့နှံ့သည့် တုပ်ကွေးရောဂါဖြစ်ပြီး ရောဂါ လက္ခဏာများမှာ အဖျားတက်ခြင်း၊ အဖုအပိန့်များ ပေါက်ခြင်းနှင့် အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းတို့ ဖြစ် သည်။
တရုတ်နိုင်ငံမှာ ခြင်နှိမ်းနင်နေစဉ်
အပူချိန်၊ စိုထိုင်းမှုနှင့် မိုးရွာသွန်းမှုများက ခြင်များပေါက်ပွားမှုကို အားပေးပြီး ရောဂါကူးစက်မှုများကို လျှင်မြန်စွာ ပျံ့နှံ့စေနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
ရောဂါကူးစက်မှု ဗဟိုချက်ဖြစ်သည့် ဖိုရှန် (Foshan) မြို့တွင် ကျန်းမာရေး အာဏာပိုင်များက စီးပွားရေး လုပ်ငန်းများ၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များကို ခြင်ပေါက်ပွားသည့် နေရာများအား မနှိမ်နင်းနိုင်ခဲ့သဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။
တရုတ်နိုင်ငံပိုင် ရုပ်သံ၏ ထုတ်လွှင့်မှုများတွင် ကျန်းမာရေး လုပ်သားများသည် မြို့များ၏ လမ်းများ၊ လူနေ ရပ်ကွက်များ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် ခြင်များ ပေါက်ပွားနိုင်သည့် ရေသေအိုင်များအနီးတွင် ခြင်ဆေးငွေ့များ ဖျန်းနေပုံကို ဖော်ပြခဲ့သည်။
မည်သို့ပင်ဆိုစေ ဟောင်ကောင်တက္ကသိုလ်မှ ဇီဝဆေးသိပ္ပံပါမောက္ခဖြစ်သည့် ကျင်းတုံးရန် (Jin Dongyan) ကမူ ထိုမြို့များတွင် ရှိသည့် ခြင်မျိုးစိတ်အားလုံးသည် Chikungunya ဗိုင်းရပ်စ်ကို မသယ်ဆောင်နိုင်သဖြင့် ထိုခြင်များ အားလုံးကို နှိမ်နင်းခြင်းသည် မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဆင်တုပ်ကွေး ရောဂါအတွက် အချို့နိုင်ငံများတွင် ကာကွယ်ဆေး ၂ မျိုးကို အတည်ပြုထားသော်လည်း တွင်ကျယ် စွာ အသုံးပြုခြင်း မရှိသေးဘဲ ဆရာဝန်များက ရောဂါကူးစက်ခံရသူများကို နာကျင်ကိုက်ခဲမှုများ သက်သာစေရန် ပါရာစီတမောကဲ့သို့ အကိုက်အခဲ ပျောက်ဆေးများကို ပေးလေ့ရှိသည်။
Source: South China Morning Post

- By CNI
- Category: ကျန်းမာရေး
- Hits: 1436
CNI International News
ဘန်ကောက်၊ မေလ ၂၃
ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့်သာ အသုံးပြုမှုကို စိတ်ချသေချာ စေရန် အတွက် ဆေးခြောက် အသုံးပြုသူများသည် ဆေးဘက်ဆိုင်ရာ ထောက်ခံချက်များ လိုအပ်လိမ့်မည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွမ်ဆက် သက်ဆူတင် (Somsak Thepsutin) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
၎င်း၏ ကြေညာချက်သည် လွန်ခဲ့သည့် ၃ နှစ်နီးပါးအတွင်း ဆေးခြောက်သုံးစွဲမှုကို ရာဇဝတ်မှုအဖြစ်မှ ဖယ်ရှား ခဲ့ပြီးနောက် ဆေးခြောက်နှင့်ပတ်သက်သည့် ရှုပ်ထွေးသော စည်းကမ်းများ၊ ကြေညာချက်များအနက် နောက်ဆုံး စည်းကမ်းချက်ဖြစ်သည်။
“ထိုင်းမှာ ဆေးခြောက် သုံးတာနဲ့ပတ်သက်ပြီး စည်းကမ်းတွေကို တိုးမြှင့်သွားမှာပါ။ ဥပမာအနေနဲ့ ဆေးခြောက် သုံးတဲ့သူတွေဟာ ဆေးဘက်ဆိုင်ရာ ထောက်ခံချက်တွေ ပြသဖို့ လိုပါတယ်။ ပြည်တွင်း/ပြည်ပ ဆေးခြောက် သုံးစွဲ သူတွေဟာ ဆေးဘက်ဆိုင်ရာ ထောက်ခံချက်တွေ ရှိကိုရှိရပါမယ်”ဟု မစ္စတာ ဆွမ်ဆက်က ဘန်ကောက်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွမ်ဆက် သက်ဆူတင်ကို တွေ့ရစဉ်
“ဒီစည်းကမ်းကို ဆက်လက် ပြဋ္ဌာန်းဖို့နဲ့ ဘာပြဿနာမှ မဖြစ်စေဖို့ အစိုးရ အဖွဲ့အစည်းတွေကို ကျနော်တို့ ညွှန်ကြားသွားမှာပါ” ဟု အာဏာရဖြူးထိုင်းပါတီမှ ဝန်ကြီးဖြစ်သည့် ဆွမ်ဆက်က ပြောသည်။
ထိုအပြောင်းအလဲကြောင့် ဆေးခြောက် အသုံးပြုသူများသည် ထိုင်း၏ တိုင်းရင်းဆေး ပညာရှင်များနှင့် အထွေထွေ ရောဂါကု ဆရာဝန်များ အပါအဝင် လိုင်စင်ရ ဆေးပညာရှင်များက ထုတ်ပေးသည့် ဆေးဘက်ဆိုင်ရာ ထောက်ခံ ချက်များရယူရန် လိုအပ်လိမ့်မည်ဖြစ်သည်။
ထိုထောက်ခံချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ရက်ပေါင်း ၄၀ အတွင်း ထုတ်ပေးစေလိုကြောင်းလည်း မစ္စတာ ဆွမ်ဆက်က ပြောကြားခဲ့သည်။
စည်းမျဉ်းစည်းကမ်းများအရ ဆေးခြောက်ကို ဆေးဝါးကုသမှုအတွက်သာ အသုံးပြုသင့်သည်ဟု ပြဋ္ဌာန်းသင့် ကြောင်း ထိုင်းတိုင်းရင်းဆေးနှင့် အနောက်တိုင်းဆေးပညာဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆွမ်လာ့ခ် ဂျီအန်စ်မန် (Somlerk Jeungsmarn) က ပြောကြားခဲ့သည်။
ဆေးခြောက်သုံးလို့ရတဲ့ ကလပ်ကိုတွေ့ရစဉ်
“ဆေးခြောက် အသုံးပြုသူတွေဟာ လေဖြတ်တာ၊ ခေါင်းကိုက်တာ၊ နာကျင်တာနဲ့ အိပ်မပျော်တဲ့ ရောဂါတွေ ခံစားနေရတဲ့သူတွေ ဖြစ်တယ်ဆိုတာကို အတည်ပြုထားတဲ့ ဆေးဘက်ဆိုင်ရာ ထောက်ခံချက်တွေလည်း အနာဂတ်မှာ လိုအပ်လာပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
အနာဂတ်တွင် ပြဋ္ဌာန်းမည့် စည်းကမ်းများတွင် တစ်လအတွင်း အသုံးပြုသည့် ဆေးခြောက်ပမာဏကို ကန့်သတ် ခြင်း၊ သတ်မှတ်ထားသော ပမာဏထက် ကျော်လွန်အသုံးပြုခြင်းကို ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့် အသုံးပြု သည်ဟု ယူဆနိုင်မည် မဟုတ်ဘဲ တရားစီရင်ခံရမည့် စည်းကမ်းချက်များလည်း ပါဝင်လာဖွယ်ရှိသည်ဟု ဆွမ်လာ့ခ်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: ကျန်းမာရေး
- Hits: 1357
CNI International News
ဘန်ကောက်၊ မေလ ၁၀
ထိုင်းနိုင်ငံတွင် လာမည့်မိုးရာသီ ကာလနှင့် ကျောင်းများပြန်ဖွင့်ချိန်တွင် Covid-19 ရောဂါကူးစက်မှုများ မြင့်တက် ဖွယ်ရှိကြောင်း ရောဂါထိန်းချုပ်ရေးဌာန(DDC)က ခန့်မှန်းထားကြောင်း The Nation မှ ဖော်ပြခဲ့သည်။
Covid-19 ရောဂါကို ဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်ကို နေအိမ်အတွင်း နေထိုင်နေသည့် ခံနိုင်ရည် အားနည်း သော လူအုပ်စုထံ မပျံ့နှံ့စေရန် တားဆီးရေးသည် အရေးကြီးကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြား ခဲ့သည်။
မေလ ၄ ရက်မှ ၈ ရက်အထိ Covid-19 ရောဂါဖြစ်ပွားသူ ၇၀၁၃ ဦးရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း DDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ပါနူမာ ယန်ဝတ်ဆာကူလ် ( Panumas Yanwetsakul) က မေလ ၉ ရက်တွင် ပြောကြားခဲ့သည်။
ရောဂါကူးစက်မှုနှုန်း အများဆုံး အရွယ်သည် အသက် ၄ နှစ်အောက် ကလေးငယ်များဖြစ်ပြီး အသက် ၃၀ မှ ၃၉ နှစ်ကြား အရွယ်များသည် ရောဂါကူးစက်မှု ဒုတိယအများဆုံးဖြစ်ပြီး အသက် ၂၀ မှ ၂၉ နှစ်အရွယ်များသည် ရောဂါကူးစက်မှု တတိယအများဆုံး ဖြစ်သည်။
DDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ပါနူမာ ယန်ဝတ်ဆာကူလ်ကို တွေ့ရစဉ်
Covid-19 ကြောင့် သေဆုံးသူသည် အသက် ၆၀ ကျော် အရွယ်ဖြစ်ကြောင်း သိရသည်။
ထိုင်းတွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေလ ၈ ရက်အထိ Covid-19 ရောဂါ ကူးစက်ခံရသူ ၄၁,၁၉၇ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၅ ဦး ရှိခဲ့သည်။
Covid-19 ရောဂါသည် လူအများအပြား စုဝေးခြင်း၊ ရာသီအပြောင်းအလဲ ကာလများတွင် ဆက်လက် ပျံ့နှံ့နေပြီး မိုးရာသီတွင် ရောဂါကူးစက်မှု ပိုမိုမြင့်တက်လာနိုင်ကြောင်း ဒေါက်တာ ပါနျူမာက ပြောကြားခဲ့သည်။
ထိုင်းတွင် ဇန်နဝါရီ ၁ ရက်မှ မေ ၈ ရက်အထိ တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၂၂,၉၉၁ ဦးရှိပြီး ၄၃ ဦးသေဆုံးခဲ့သည်။
သေဆုံးနှုန်းသည် လူ ၁၀၀,၀၀၀ လျှင် ၄၉၇ ဒသမ ၅၈ ဦးရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထိုင်းတွင် ဧပြီ ၁၃ ရက်မှ ၂၆ ရက်အထိ ဆွန်ခရမ် ရေကစားပွဲတော် ကာလအတွင်း တုပ်ကွေးရောဂါ ဖြစ်ပွားမှု မြင့်တက်ခဲ့သော်လည်း ထိုကာလအပြီးတွင် ရောဂါဖြစ်ပွားမှု လျော့ကျခဲ့သည်။
Source: The Nation

- By CNI
- Category: ကျန်းမာရေး
- Hits: 1341
CNI International News
ဘေကျင်း၊ ဖေဖော်ဝါရီ ၂၂
နှလုံးရောဂါ ဖြစ်ပွားနိုင်မည့် အန္တရာယ်ကို လျှော့ချရာတွင် အထောက်အကူ ပြုစေနိုင်သည့် မော်လီကျူးတစ်မျိုးကို ထုတ်လုပ်ပေးသော ဆန်စပါး အမျိုးအစားသစ်တစ်ခုကို တီထွင်ဖန်တီးခဲ့ကြောင်း တရုတ်သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
CoQ10 သို့မဟုတ် ubiquinone ဟု လူသိများသည့် Coenzyme Q10 သည် ခန္ဓာကိုယ်အတွင်း အသက်အရွယ် ကြီးရင့်မှုကြောင့် အိုမင်းမှုကို သဘာဝအရ လျှော့ချပေးပြီး အရွယ်တင် နုပျိုစေသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) တစ်မျိုးဖြစ်သည်။
ထို့ပြင် Coenzyme Q10 သည် ခန္ဓာကိုယ်တွင်း ဆဲလ်များကို ကာကွယ်ပေးပြီး စွမ်းအင်ကို ထုတ်လုပ်ပေးသည့် ဓာတ်တစ်မျိုးလည်း ဖြစ်သည်။
နှလုံးရောဂါ ဖြစ်ပွားနေသည့် လူနာများ သို့မဟုတ် ကိုလက်စထရော လျှော့ချသော ဆေးဝါးများကို မှီဝဲနေရသူ များတွင် coenzyme မော်လီကျူး လယ်ဗယ်သည် လျော့ကျနေသည်ကို တွေ့ရသည်။
ထို့ပြင် CoQ10 ကို သည် နှလုံးကျန်းမာရေးကို ကောင်မွန်းစေသည်ဟု သုတေသနများတွင် လေ့လာတွေ့ရှိ ပြီးနောက် ၎င်းကို ဖြည့်စွက်ဓာတ်စာအဖြစ်လည်း အသုံးပြုလေ့ရှိသည်။
တရုတ်ဆေးပညာရှင်ကိုတွေ့ရစဉ်
CoQ10 သည် အသား၊ ငါး၊ အစေ့အဆန်များကဲ့သို့ သဘာဝ အစားအစာများထဲတွင် ပါဝင်ပြီး အခြေခံ အစားအစာ များဖြစ်သည့် ဆန်၊ ဂျုံနှင့် အုတ်ဂျုံများထဲတွင်လည်း CoQ9 ဟုခေါ်ဆိုသည့် coenzyme မော်လီကျူးပုံစံဖြင့် ပါဝင်နေသည်။
CoQ10 နှင့် CoQ9 တို့သည် ခန္ဓာကိုယ်အတွက် ကောင်းကျိုးများ ဖြစ်စေသော်လည်း ၎င်းတို့၏ ကောင်းကျိုး သက်ရောက်မှုများသည် အနည်းငယ်ကွဲပြားသည်။
"CoQ10 မော်လီကျူးကို စိုက်ခင်းတွေထဲမှာ ထုတ်လုပ်နိုင်မှုဟာ လူသားတွေရဲ့ ကျန်းမာရေးအတွက် အကျိုးရှိ စေပါလိမ့်မယ်" ဟု တရုတ်သိပ္ပံအကယ်ဒမီ (CAS) က ဖေဖော်ဝါရီ ၁၃ ရက်က Cell သုတေသနဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။
ထိုမော်လီကျူးကို ထုတ်လုပ်နိုင်ရန်အတွက် သုတေသနပညာရှင်များသည် အပင်မျိုးစိတ် ၆၇ ခုမှ နမူနာ ၁၃၄ ခုကို လေ့လာခဲ့ပြီး CoQ9 ထက်ပိုမိုကောင်းမွန်သည့် CoQ10 မော်လီကျူးကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ထိုနမူနာများကို အသုံးပြု၍ သိပ္ပံပညာရှင်များက မျိုးဗီဇဖြင့် တည်းဖြတ်ဖန်တီးပြီး CoQ10 မော်လီကျူးများ ထုတ်လုပ်နိုင်သည့် ဆန်စပါးနှင့် ဂျုံ အမျိုးအစားသစ်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။
Source: South China Morning Post

- By CNI
- Category: ကျန်းမာရေး
- Hits: 1603
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၂၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အမေရိကန် နုတ်ထွက်မည့် သမ္မတအုပ်ချုပ်ရေးအမိန့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာ ထောက်ပံ့ရေးနှင့် ရောဂါဆိုင်ရာ တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့ဖြစ်သည့် WHO ၏ အကြီးဆုံး ရန်ပုံငွေ ရင်းမြစ်များထဲမှ တစ်ခုသည် ပြတ်တောက်သွားတော့မည်ဖြစ်သည်။
ဇန်နဝါရီ ၂၀ ရက်က အိမ်ဖြူတော်၏ ဘဲဥပုံရုံးခန်းတွင် စတင်တာဝန် ထမ်းဆောင်ချိန်တွင် ထရမ့် လက်မှတ် ရေးထိုးခဲ့သည့် သမ္မတအုပ်ချုပ်ရေး အမိန့်များထဲ၌ တစ်ခုအပါအဝင်ဖြစ်သော WHO မှ နုတ်ထွက်ရေး ညွှန်ကြားချက် အသေးစိတ်ကို ချက်ချင်းထုတ်ပြန်ခဲ့ခြင်းမရှိပေ။
“ဒါက တော်တော်ကြီးမားတဲ့ ကိစ္စဖြစ်ပါတယ်” ဟု ထရမ့်က WHO မှ နုတ်ထွက်မည့်အမိန့်ကို လက်မှတ်မရေးထိုးမီ ပြောကြားခဲ့သည်။
ဂျီနီဗာ (Geneva) အခြေစိုက် WHO သည် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး ခြိမ်းခြောက်မှုများကို ဖြေရှင်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုနှင့် ရောဂါအမျိုးမျိုးကို တုန့်ပြန်ဆောင်ရွက် နေသည့် အဖွဲ့ဖြစ်သည်။
ဒေါ်နယ်ထရမ့် အုပ်ချုပ်ရေးအမိန့်လက်မှတ်ထိုးနေစဉ်
WHO မှ အမေရိကန် နုတ်ထွက်ခြင်းသည် WHO ၏ ရန်ပုံငွေကို ဆိုးရွားစွာ ထိခိုက်စေမည်ဖြစ်သည်။
၂၀၂၄-၂၀၂၅ ဘတ်ဂျက်ကာလက အမေရိကန်သည် WHO အား ဒေါ်လာ ၆၆၂ သန်း ထောက်ပံ့ပေးခဲ့ပြီး ထိုပမာဏသည် WHO က ရရှိသည့် ရန်ပုံငွေ စုစုပေါင်း၏ ၁၉ ရာခိုင်နှုန်း ဖြစ်သည်။
ထရမ့်သည် ၎င်း၏ ပထမသက်တမ်း ကုန်ဆုံးကာနီး အချိန်ကလည်း WHO သည် COVID-19 ကပ်ရောဂါ ကာလ အစောပိုင်းတွင် တရုတ်အစိုးရကို အလွန်လိုက်လျောလွန်းသည်ဟုဆိုကာ WHO မှ နုတ်ထွက်ရန် ကြိုးပမ်းခဲ့ဖူး သည်။
အမေရိကန်သည် ၁၉၄၈ ခုနှစ်တွင် WHO အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး ထိုအဖွဲ့မှ နုတ်ထွက်ရန် ၁ နှစ်ကြာ ကြိုတင် အသိပေးကာလအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
ထရမ့်သည် ပထမသက်တမ်း ကုန်ကာနီးက WHO မှ နုတ်ထွက်ရန် လက်မှတ် ရေးထိုးခဲ့သော်လည်း ထိုနုတ်ထွက် မှု၏ ၁ နှစ်ကြာ ကြိုတင်အသိပေးကာလ မကုန်ခင်တွင် ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့ တက်လာခဲ့ပြီး နောက် ထရမ့်၏အမိန့်ကို ပြန်လည်ဖျက်သိမ်းခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: ကျန်းမာရေး
- Hits: 1888
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၂၇
ထိုင်းနိုင်ငံတွင် မည်သည့် နေရာတွင်မဆို ဆေးဝါးကုသမှု ခံယူသည်ဖြစ်စေ ဘတ် ၃၀ သာ ကုန်ကျမည့် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်၏ နောက်ဆုံးအဆင့်ကို စတင် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုအစီအစဉ်ကို ဇန်နဝါရီ ၁ ရက်မှစပြီး ထိုင်း၏ ပြည်နယ် ၃၁ ခုမှာ စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဆေးဘက် ဆိုင်ရာ ဝန်ဆောင်မှုများကို နည်းပညာနှင့် ပေါင်းစပ်ခြင်းဖြင့် လူနာများ တန်းစီစောင့်ရသည့် အချိန်ကို လျှော့ချရန် လည်း စီစဉ်ခဲ့သည်။
ထိုအစီအစဉ်နှင့်ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) ၊ ဒုဝန်ကြီးချုပ် ပရာဆက် ဂျန်တာရာရူအန်တန်(Prasert Jantararuangtong) နှင့် ပြည့်သူ့ကျန်းမာရေးဝန်ကြီး ဆွမ်ဆက် သက်ဆူတင် (Somsak Thepsutin) တို့က အခမ်းအနား ပြုလုပ်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီ ၇ ရက်မှစပြီး ဘန်ကောက်မြို့တော် အပါအဝင် ပြည်နယ် ၄၆ ခုသည် အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အောက်တွင် ဆေးဝါးကုသမှုခံယူမည့် လူနားများအတွက် ဝန်ဆောင်မှုများပေးရန် ပါဝင် စာရင်းသွင်းခဲ့ကြသည်။
ပေတုန်တန်နဲ့ လူထုတွေ့ဆုံစဉ်
ထိုအစီအစဉ်၏ နောက်ဆုံးအဆင့်ကို ဇန်နဝါရီ ၁ ရက်မှစပြီး ချောင်ဘူရီ (Chon Buri) ၊ နာခွန်း ပက်သွမ် (Nakhon Pathom) ၊ ဆူရတ်သာနီ (Surat Thani) ၊ ဖူးခက် (Phuket) ၊ ဆူခိုထိုင်း (Sukhothai) နှင့် ခွန်ခန် (Khon Kaen) ပြည်နယ် အပါအဝင် ပြည်နယ် ၃၁ ခုတွင် လုပ်ဆောင်မည်ဖြစ်သည်။
၁ နှစ်အတွင်း အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည့် ထိုအစီအစဉ်သည် လူနာများ၏ ကျန်းမာရေး ကုန်ကျစရိတ်ကို သက်သာစေပြီး စျေးကြီးသည့် ကုထုံးများ သို့မဟုတ် ခွဲစိတ်ကုသမှုများအတွက် ငွေကြေး ချေးငှားပြီး ကုသမှုခံယူရသော အခြေအနေကို တားဆီးပေးနိုင်လိမ့်မည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
နှာစေးချောင်းဆိုးကဲ့သို့ ပြင်းထန်ခြင်း မရှိသည့် ရောဂါများကို ခံစားရသော လူနာများအနေဖြင့် ဆေးရုံသို့ လာစရာ မလိုဘဲ ဗွီဒီယိုကောလ်ဖြင့် ဆရာဝန်၏ အကြံဉာဏ်နှင့် ဆေးညွှန်းများကို ရယူနိုင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံသား အားလုံးကို သက်ရောက် အကျုံးဝင်သည့် ထိုကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်အတွက် အစိုးရက အဓိကရန်ပုံငွေ ထောက်ပံ့ပေးခြင်းဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ကျန်းမာရေး
- Hits: 4658
CNI International News
ဘန်ကောက်၊ ဩဂုတ် ၂၂
ထိုင်းနိုင်ငံတွင် မျောက်ကျောက်(monkeypox-mpox) ဗိုင်းရပ်စ်၏ clade 1b မျိုးကွဲ ကူးစက်သည့် ပထမဆုံးလူနာ ကို တွေ့ရှိခဲ့ကြောင်း ထိုင်းရောဂါ ထိန်းချုပ်ရေးဌာန(DCD)က ဩဂုတ်၂၁ ရက်တွင် ကြေညာခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ရောဂါကူးစက်ခံရသည့် လူနာသည် အာဖရိကမှ ထိုင်းသို့ရောက်ရှိလာပြီး clade 1b ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရ ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု DCD က ထုတ်ပြန်ခဲ့သည်။
ထိုရောဂါကူးစက်မှု ဖြစ်စဉ်အသေးစိတ်ကို DCD ညွှန်ကြားရေးမှူးချုပ် သွန်ချိုင်း ကီရာတီဟတ္တယာကွန်း (Thongchai Kiratihattayakorn) က ဩဂုတ် ၂၁ ရက်တွင် ကြေညာခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သည် mpox ဗိုင်းရပ်စ်၏ clade 1b မျိုးကွဲကူးစက်မှုကို နိုင်ငံတကာ အများပြည်သူ့ ကျန်းမာရေးအခြေအနေ (PHEIC) အဖြစ် ကြေညာခဲ့သည်။
PHEIC ကြေညာချက်သည် ၂ နှစ်အတွင်း mpox ရောဂါနှင့်ဆက်နွှယ်ပြီး ဒုတိယအကြိမ်မြောက် ကြေညာချက် ဖြစ်သည်။
mpox ရောဂါသည် Orthopoxvirus အမည်ရှိ ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်ပွားပြီး ၁၉၇၀ ပြည့်နှစ်က ကွန်ဂိုနိုင်ငံ တွင် လူသားများ၌ ကူးစက်မှုကို ပထမဆုံးအကြိမ် ထောက်လှမ်းတွေ့ရှိခဲ့သည်။
ထိုင်းရောဂါ ထိန်းချုပ်ရေးဌာန(DCD)မှ တာ၀န်ရှိသူများကို တွေ့ရစဉ်
ထိုရောဂါသည် ဗဟိုအာဖရိကနှင့် အနောက်အာဖရိကနိုင်ငံများတွင် ကူးစက်ပျံ့နှံ့သည့် အသေးစား ကပ်ရောဂါ တစ်ခုအဖြစ် ယူဆခံခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လကလည်း ကမ္ဘာ့နိုင်ငံ အများအပြားတွင် mpox ရောဂါကူးစက်မှုများ ဖြစ်ပွားခဲ့သဖြင့် PHEIC ကြေညာချက် ထုတ်ပြန်ခဲ့ရပြီး ရောဂါကူးစက်မှုများ လျော့ကျလာသည့် ၂၀၂၃ ခုနှစ်၊ မေလတွင်မူ ထိုကြေညာချက် ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
ထိုင်းနိုင်ငံတွင် ယခုနှစ် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ယခုနှစ် ဩဂုတ် ၁၁ ရက်အကြား mpox ရောဂါကူးစက်ခံရသူ ၈၂၇ ဦးရှိခဲ့ပြီး ကူးစက်ခံရသူ အားလုံးသည် ရောဂါပြင်းထန်ခြင်းမရှိသည့် clade 2 မျိုးကွဲ ကူးစက်ခံရခြင်းဖြစ် သည်။
ယခင်က မျောက်ကျောက် (monkeypox) ဟု လူသိများခဲ့သည့် mpox ရောဂါသည် လိင်ဆက်ဆံမှု သို့မဟုတ် အရေပြားချင်း နီးကပ်စွာ တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့် ကူးဆက်ခြင်းဖြစ်သည်။
ရောဂါကူးစက် ခံရသူများသည် တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများကို ခံစားရပြီး အရေပြားတွင် အနာများ ပေါ်ပေါက်လေ့ရှိသည်။
ထိုရောဂါသည် အသက်သေဆုံး စေနိုင်သော်လည်း ကူးစက်ခံရသူ ၁၀၀ တွင် ပျမ်းမျှ သေဆုံးသူမှာ ၄ ဦးခန့်သာ ရှိသည်။
Source: The Nation

- By CNI
- Category: ကျန်းမာရေး
- Hits: 2090
CNI International News
တိုကျို၊ ဇူလိုင် ၃၁
ယခုနှစ် နွေရာသီက ကမ္ဘာ့နိုင်ငံအသီးသီးတွင် စံချိန်တင် အပူပြင်းဆုံး နွေရာသီကို ခံစားခဲ့ရပြီးနောက် အပူချိန်များ ပြင်းထန်ခြင်းသည် ဦးနှောက်အပေါ် သက်ရောက်မှုရှိကြောင်း ဂျပန်နိုင်ငံ၌ လေ့လာတွေ့ရှိခဲ့သည်ဟု Japan Times မှ ဖော်ပြခဲ့သည်။
ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုကြောင့် အပူချိန်များ မြင့်တက်လာသည့် ပြင်းထန်မိုးလေဝသ ဖြစ်စဉ်သည် လူသားများ၏ ဦးနှောက်အပေါ် နည်းမျိုးစုံဖြင့် သက်ရောက်မှုရှိခဲ့သည်။
ထို့နောက် ကျောင်းသားများ၏ စာမေးပွဲဖြေဆိုမှု စွမ်းဆောင်ရည်များကို ထိခိုက်စေခြင်း၊ လုပ်သားများ၏ အလုပ်လုပ်ကိုင်နိုင်စွမ်းကို ကျဆင်းစေခြင်းနှင့် စိတ်တို ဒေါသထွက်လွယ်သည့် သက်ရောက်မှုများရှိခဲ့သည်ဟု သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။
ဂျပန်က သက်ကြီးရွယ်အို အမျိုးသမီးများကို တွေ့ရစဉ်
သက်ကြီးပိုင်းလူဦးရေ လျင်မြန်စွာ မြင့်တက်နေမှုကြောင့် စိုးရိမ်နေရသည့် ဂျပန်နိုင်ငံတွင်လည်း အပူချိန် မြင့်မားမှုသည် အယ်လ်ဇိုင်းမား (Alzheimer's) နှင့် ပါကင်ဆန် (Parkinson's) ရောဂါများကဲ့သို့ ဦးနှောက်နှင့် အာရုံကြော ရောဂါများအပေါ် သက်ရောက်မှုရှိနေကြောင်း လေ့လာတွေ့ရှိခဲ့သည်။
ဂျပန်တွင် ဦးနှောက်မှတ်ဉာဏ် ပျောက်ဆုံးခြင်း၊ စကားပြောဆိုရန် ခက်ခဲခြင်းနှင့် အခြားလှုပ်ရှား သွားလာမှုတွင် တုံ့ဆိုင်းခြင်းတို့ကို ဖြစ်စေတတ်သည့် ဦးနှောက်နှင့်ပတ်သက်သော ရောဂါများရှိသည့် အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးပိုင်း လူဦးရေ အရေအတွက်သည် ၂၀၄၀ ပြည့်နှစ်တွင် ၆ သန်းနီးပါးအထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထား သည်။
ထိုခန့်မှန်းချက်အရ ဂျပန်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးပိုင်းအရွယ် ၇ ဦးတွင် ၁ ဦးသည် ဦးနှောက်နှင့် ပတ်သက်သည့် ရောဂါရှိနေသော အဓိပ္ပာယ်ဖြစ်သည်။
ဂျပန်သည် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) အဖွဲ့ဝင်များအကြား ဦးနှောက်နှင့်ပတ်သက်သည့် ရောဂါများရှိသူ အရေအတွက် အမြင့်ဆုံး နှုန်းထားဖြစ်နေပြီး OECD ၏ ပျမ်းမျှ နှုန်းထားထက် ၂ ဆနီပါး မြင့်တက်လာဖွယ် ရှိနေသည်။
ဂျပန် နေပူရှိန်အတွင်း သွားလာနေသူများကိုတွေ့ရစဉ်
ဦးနှောက်အပေါ် သက်ရောက်မှုရှိသည့် အခြေအနေများ မြင့်တက်နေမှုနှင့်အတူ အပူချိန်များ မြင့်တက်နေခြင်း သည် ဦးနှောက်၏ ကျန်းမာရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုဖြစ်နေကာ ဦးနှောက်နှင့် အာရုံကြော ရောဂါများကို ပိုမိုအန္တရာယ်ရှိစေခဲ့သည်ဟု သုတေသီတစ်ဦးဖြစ်သူ ကလေတန် ပေ့ချ် အယ်လ်ဒန်း (Clayton Page Aldern) က ပြောကြားခဲ့သည်။
အပူချိန်များ မြင့်တက်မှုသည် ဂျပန်တွင် ဦးနှောက်နှင့်သက်ဆိုင်သည့် ရောဂါ စုစုပေါင်း၏ ထက်ဝက်ခန့်ဖြစ်သည့် အယ်လ်ဇိုင်းမာရောဂါ ခံစားနေရသူများ၏ အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပြီး၊ ၎င်းတို့၏ လှုပ်ရှားသွားလာမှုများ ကို ဆိုးရွားစေနိုင်သည်ဟု နောက်ဆုံး တွေ့ရှိခဲ့သည့် လေ့လာချက်တွင် ဖော်ပြခဲ့သည်။
"ပြင်းထန်တဲ့ အပူချိန်တွေဟာ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေအတွက် အရင်က သူတို့မခံစားရဘူးတဲ့ ဆိုးရွားတဲ့ အခြေအနေကို ဖြစ်ပေါ်စေနိုင်ပါတယ်" ဟု နာဂိုယာ ဆေးတက္ကသိုလ် (Nagoya University's School of Medicine) မှ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပါမောက္ခ မာဆာဟီဆာ ကတ်ဆူနို (Masahisa Katsuno) က ပြောကြားခဲ့သည်။
Source: Japan Times