- By CNI
- Category: ကျန်းမာရေး
- Hits: 230
CNI International News
တိုကျို၊ ဇွန်လ ၉
ဂျပန်နိုင်ငံ၏ အသက်အငယ်ဆုံး အမျိုးသမီးမြို့တော်ဝန်သည် မီးဖွားခွင့်ယူရန် ပြင်ဆင်နေပြီး သူသည် ဂျပန်နိုင်ငံ သမိုင်းတွင် မီးဖွားခွင့်ယူသည့် ပထမဆုံး အမျိုးသမီး မြို့တော်ဝန်အဖြစ် သမိုင်းသစ် ရေးထိုးသွားလိမ့် မည်ဖြစ် ကြောင်း CNN မှ ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စု (Kyoto Prefecture) ရှိ ယာဝါတာ (Yawata) မြို့၏ အသက် ၃၅ နှစ်အရွယ် မြို့တော်ဝန် ဖြစ်သူ ရှိုကို ကာဝါတာ (Shoko Kawata) သည် သူသည် ကလေးမွေးဖွားကာနီးတွင် မီးဖွားခွင့် ယူမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ထိုကြေညာချက်အရ အမျိုးသားများသာ ကြီးစိုးလေ့ရှိသည့် ဂျပန်နိုင်ငံ၏ သမိုင်းဝင် အလုပ်သမားရေးရာနှင့် နိုင်ငံရေး စနစ်များအတွင်းရှိ ထင်ရှားသော ဟာကွက်တစ်ခုကို မီးမောင်းထိုး ပြလိုက်ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြင်းခုံဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စုရှိ ယာဝါတာမြို့ကို တွေ့ရစဉ်
၂၀၂၃ ခုနှစ်က မြို့တော်ဝန်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရသည့် ကာဝါတာသည် လာမည့် စက်တင်ဘာ လလယ်တွင် ကလေးမွေးဖွားရန် ရက်ချိန်းယူထားပြီး ကလေးမမွေးဖွားမီ ၈ ပတ်နှင့် မွေးဖွားပြီးနောက် ၈ ပတ် စုစုပေါင်း မီးဖွားခွင့် ၁၆ ပတ် ရယူသွားမည် ဖြစ်သည်။
ယခုကဲ့သို့ တာဝန်ထမ်းဆောင်ဆဲ အမျိုးသမီး မြို့တော်ဝန်တစ်ဦးက မီးဖွားခွင့်ယူခြင်းသည် ဂျပန်နိုင်ငံ သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်လာခဲ့သည်။
အရပ်ဘက်အစိုးရ ဝန်ထမ်းများအတွက် မီးဖွားခွင့် ရရှိနိုင်သော်လည်း ရွေးကောက်ခံ နိုင်ငံရေးသမားများနှင့် အရာရှိများအတွက်မူ ခွင့်ရယူခွင့်ကို အာမခံထားသည့် ဥပဒေကြောင်းအရ ခိုင်မာသော မူဘောင်မျိုး မရှိသေးပေ။
ဂျပန်နိုင်ငံသည် မွေးဖွားနှုန်း လျင်မြန်စွာ ကျဆင်းနေသည့် ပြဿနာနှင့် နိုင်ငံရေးဦးဆောင်မှု ကဏ္ဍတွင် ကျား/မ ကွာဟချက် ကြီးမားနေသည့် ကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်းနေရချိန်၌ မိမိ၏ ယခုလုပ်ဆောင်ချက်သည် စနစ် တစ်ခုလုံးကို ပြောင်းလဲပစ်ရန်အတွက် အရှိန်အဟုန်ပြင်းသည့် တွန်းအားတစ်ခု ဖြစ်လာလိမ့်မည်ဟု မျှော်လင့် ကြောင်း ကာဝါတာက ပြောကြားခဲ့သည်။

ဂျပန်အစိုးရအဖွဲ့ လွှတ်တော်မှာ တွေ့ရစဉ်
ဂျပန်နိုင်ငံသည် ၂၀၂၅ ခုနှစ်ကမှ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ကို ရွေးကောက်တင်မြှောက်နိုင်ခဲ့ခြင်း ဖြစ် သည်။
ထို့ပြင် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လွှတ်တော်ဆိုင်ရာ အချက်အလက်များကို စောင့်ကြည့်လေ့လာနေသည့် IPU Parline အဖွဲ့၏ အဆိုအရ လက်ရှိတွင် ဂျပန်အောက်လွှတ်တော်၌ အမျိုးသမီး ကိုယ်စားလှယ် ပါဝင်မှုမှာ ၁၅ ရာခိုင်နှုန်းအောက်သာ ရှိသေးကြောင်း သိရသည်။
“အခုလို လုပ်ဆောင်ခြင်းအားဖြင့် ဝန်ထမ်းတွေ တင်မကဘဲ စီးပွားရေး လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေနဲ့ ကဏ္ဍစုံ က အလုပ်အကိုင်တွေမှာ ပါဝင်ပတ်သက်နေကြသူတွေ အားလုံးအနေနဲ့ မိမိတို့ရဲ့ အလုပ်ခွင်နဲ့ မျှတအောင် ချိန်ညှိ ရင်း ကလေးမွေးဖွားတာ၊ ကလေးပြုစုပျိုးထောင်တာ အစရှိတဲ့ ဘဝရဲ့ အရေးကြီးတဲ့ ဖြစ်တည်မှုတွေကို ဝမ်း မြောက် ဝမ်းသာ လက်ခံကြိုဆိုလာကြဖို့ ကျမအနေနဲ့ တိုက်တွန်း အားပေးချင်ပါတယ်” ဟု ကာဝါတာက CNN သတင်းဌာနကို ပြောကြားခဲ့သည်။
ကာဝါတာက သူခွင့်ယူနေသည့် ကာလအတွင်း မြို့တော်ဝန် တာဝန်များကို ထမ်းဆောင်ရန်အတွက် ဒုတိယ မြို့တော်ဝန်ကို အစားထိုး ခန့်အပ်သွားမည်ဟု ပြောကြားခဲ့သည်။
Source: CNN
- By CNI
- Category: ကျန်းမာရေး
- Hits: 828
CNI International News
ဘန်ကောက်၊ မေလ ၂၈
ထိုင်းနိုင်ငံသည် အီဘိုလာရောဂါ ဆိုးရွားစွာ ကူးစက်ပြန့်ပွားနေသည့် ဒီအာကွန်ဂိုနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့မှ လာရောက်သူများ၊ ထိုနိုင်ငံများကို ဖြတ်သန်းသွားလာခဲ့သူများအတွက် ၂၁ ရက်ကြာ သီးသန့် ခွဲနေထိုင်သည့် ကွာရန်တင်းဝင်ရမည့် အမိန့်ကို မေလ ၂၆ ရက်က ထုတ်ပြန်လိုက်ကြောင်း CNA မှ ဖော်ပြခဲ့သည်။
ဒီအာကွန်ဂိုနိုင်ငံ၏ အရှေ့ပိုင်းဒေသသည် အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားခဲ့သည့် ဗဟိုချက် တစ်ခုဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။
ဒီအာကွန်ဂိုအစိုးရသည် အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုကို မေလ ၁၅ ရက်နေ့တွင် စတင် ကြေညာခဲ့ပြီးနောက် လက်ရှိ၌ အီဘိုလာရောဂါကြောင့် လူပေါင်း ၂၀၄ ဦး သေဆုံးခဲ့ပြီး သံသယလူနာ ၈၆၇ ဦး ရှိနေကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းဇယားများမှာ ဖော်ပြထားသည်။
ဒီအာကွန်ဂို၏ အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတွင်မူ လူတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် ခြောက်ဦးတွင် ရောဂါကူးစက် ခံထားရကြောင်း အတည်ပြုထားသည်။
ထိုနိုင်ငံများမှ ထိုင်းသို့ ဝင်ရောက်လာသူများတွင် အီဘိုလာ ဗိုင်းရပ်စ်ကူးစက်ခံရသည့် ရောဂါလက္ခဏာ ပြသည် ဖြစ်စေ၊ မပြသည်ဖြစ်စေ အနည်းဆုံး ၂၁ ရက်ကြာ ကွာရန်တင်း ဝင်ရမည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး ဌာနက မေလ ၂၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရောဂါထိန်းချုပ်ရေး ကြိုးပမ်းနေကြစဉ်
အီဘိုလာရောဂါသည် ခန္ဓာကိုယ်မှ ထွက်သော အရည်များနှင့် တိုက်ရိုက် ထိတွေ့မိခြင်းမှတဆင့် ကူးစက်မှု ဖြစ်ပွားပြီး အသက်အန္တရာယ်ရှိသော ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်သည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ အီဘိုလာ ကူးစက်ခံထားရသည့် ခရီးသွားများကို မတွေ့ရှိရသေးသော်လည်း ကမ္ဘာလှည့် သွားလာနေကြသည့် ခရီးသွားများကြောင့် ရောဂါကူးစက်နိုင်ခြေ အန္တရာယ်ရှိနေကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ဆွန်လတ် ဂျန်စမန် (Somlerk Jeungsmarn) က ပြောကြားခဲ့သည်။
အီဘိုလာ ရောဂါလက္ခဏာ ပြသူများသည် သတ်မှတ်ထားသော အစိုးရဆေးရုံတွင် ကွာရန်တင်း ဝင်ရမည်ဖြစ်ပြီး၊ ရောဂါလက္ခဏာ မပြသူများမှာမူ သီးခြား သတ်မှတ်ထားခြင်း မရှိသေးသည့် ကွာရန်တင်းစင်တာ တစ်ခု၌ နေထိုင် ရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
WHO ၏ မှတ်တမ်းများအရ မေလလယ်ပိုင်းကစပြီး ဒီအာကွန်ဂိုတွင် အီဘိုလာကြောင့် သေဆုံးကြောင်း အတည်ပြုပြီးသူ ၁၀ ဦးနှင့် အီဘိုလာကြောင့် သေဆုံးသည်ဟု ယူဆရသူ ၂၂၀ ဦး ရှိနေပြီး၊ နောက်ထပ် သံသယလူနာ ၉၀၀ ခန့်ရှိကြောင်း ဖော်ပြထားသည်။
Source: CAN
- By CNI
- Category: ကျန်းမာရေး
- Hits: 924
CNI International News
ဂျီနီဗာ၊ မေလ ၂၇
ဒီအာကွန်ဂိုနှင့် ယူဂန်ဒါနိုင်ငံတို့တွင် လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေသော အီဘိုလာရောဂါပိုးသည် တုံ့ပြန်ဆောင်ရွက် ရေး အဖွဲ့များ၏ ထိန်းချုပ်နိုင်စွမ်းထက် ပိုမိုမြန်ဆန်စွာ ကူးစက်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတိပေးခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထို့နောက် အီဘိုလာရောဂါပိုးကြောင့် သေဆုံးခဲ့သည်ဟု သံသယရှိသူ အရေအတွက်သည် ၂၂၀ အထိ မြင့်တက်လာကြောင်း WHO က ပြောသည်။
အီဘိုလာ ရောဂါပိုး ရှိသူများကို ခြေရာခံ ရှာဖွေဖော်ထုတ်သည့် လုပ်ငန်းစဉ်များတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ခြင်းကြောင့် ကျန်းမာရေး အာဏာပိုင်များ အနေဖြင့် ရောဂါထိန်းချုပ်မှုများ လုပ်ဆောင်ရာ၌ နောက်ကျနေ ကြောင်း၊ အီဘိုလာကူးစက်မှုသည် ပိုမိုဆိုးရွား လာနိုင်ခြေရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေးမှူး ချုပ် တက်ဒရိုစ် အာဒါနွန် ဂေဘရီယေဆု (Tedros Adhanom Ghebreyesus)က မေလ ၂၅ ရက်တွင် အာဖရိက သမဂ္ဂ (African Union) နှင့် ပြုလုပ်သည့် အွန်လိုင်း အစည်းအဝေး တစ်ခု၌ ပြောကြားခဲ့သည်။

WHO အကြီးအကဲကို တွေ့ရစဉ်
နိုင်ငံတကာတွင် အီဘိုလာရောဂါ၏ ကူးစက်မှုနှုန်းနှင့် အခက်အခဲများအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်၌ WHO ၏ အရေးပေါ် ကျန်းမာရေး ကိစ္စများဆိုင်ရာ အဆင့်မြင့်အရာရှိ ချက်ကွဲ အီဟက်ကွာဇူ (Chikwe Ihekweazu) နှင့်အတူ ဒီအာကွန်ဂိုနိုင်ငံသို့ သွားရောက်မည်ဟု တက်ဒရိုစ်က ပြောကြားခဲ့သည်။
ဒီအာကွန်ဂိုနိုင်ငံသည် ယခု နောက်ဆုံးအကြိမ် ဖြစ်ပွားနေသည့် အီဘိုလာရောဂါ ကူးစက်မှု၏ ဗဟိုချက်အဖြစ် ရှိနေဆဲဖြစ်ပြီး အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတွင်မူ မေလ ၂၅ ရက်က အီဘိုလာ လူနာသစ် နှစ်ဦး ထပ်မံတွေ့ရှိကြောင်း ကြေညာခဲ့သည်။
ယခုဖြစ်ပွားနေသည့် အီဘိုလာ ရောဂါကူးစက်မှုများသည် Bundibugyo အမည်ရှိ ရှားပါး အီဘိုလာ ဗိုင်းရပ်စ် မျိုးကွဲကြောင့်ဖြစ်ပြီး WHO က နိုင်ငံတကာအဆင့် စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ အဖြစ် ကြေညာထားသည်။

အီဘိုလာ ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေးဝန်ထမ်းက ကြိုးပမ်းနေစဉ်
မေလ ၁၆ ရက်နေ့အထိ ရရှိသည့် စာရင်းများအရ ဒီအာကွန်ဂိုနိုင်ငံ၊ အီတူရီ (Ituri) ပြည်နယ်ရှိ ဘူးနီးယား (Bunia)၊ ရွမ်ပါရာ (Rwampara) နှင့်မွန်ဘွာလူ (Mongbwalu) ကျန်းမာရေးဇုန်များ အပါအဝင် အခြားနေရာများရှိ ဓာတ်ခွဲ ခန်း စစ်ဆေးချက်များအရ အီဘိုလာ အတည်ပြုလူနာ ရှစ်ဦး၊ သံသယလူနာ ၂၄၆ ဦးနှင့် အီဘိုလာကြောင့် သေဆုံး သည်ဟု သံသယရှိသူ ၈၀ ဦး ရှိကြောင်း WHO က ပြောကြားခဲ့သည်။
အခြား ဗိုင်းရပ်စ် မျိုးကွဲများကြောင့် ဖြစ်ပွားခဲ့သည့် ယခင် အီဘိုလာ ကူးစက်မှုအချို့နှင့်မတူသည့် အချက်မှာ ယခု Bundibugyo ဗိုင်းရပ်စ်မျိုးကွဲအတွက် အတည်ပြုချက် ရရှိထားသည့် ကာကွယ်ဆေး မရှိသေးသောကြောင့် ရောဂါ ကို ထိန်းချုပ်ရန် ပိုမိုခက်ခဲနေခြင်းဖြစ်သည်။
ထို့ပြင် ဒီအာကွန်ဂိုနိုင်ငံအရှေ့ပိုင်း၊ အထူးသဖြင့် အီတူရီ (Ituri) နှင့် မြောက်ကီဗူး (North Kivu) ပြည်နယ်များတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ကူးစက်ရောဂါ တုံ့ပြန် ဆောက်ရွက်ရေး လုပ်ငန်းများကို ပိုမိုရှုပ်ထွေးစေခဲ့ သည်။
ဒီအာကွန်ဂိုနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်း နိုင်ငံများသည် ရောဂါ ကူးစက်နိုင်ခြေ အလွန် မြင့်မားနေသဖြင့် ထိုအိမ်နီးချင်း နိုင်ငံများအနေဖြင့် ကျန်းမာရေး စနစ်များကို ပြင်ဆင်ခြင်း၊ ရောဂါစောင့်ကြပ် ကြည့်ရှုမှုကို တိုးမြှင့်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် ကူးစက်ပျံ့နှံ့မှုကို တားဆီးခြင်း အစရှိသည့် စီမံချက်များကို ချက်ချင်း လုပ်ဆောင်သင့်ကြောင်း တက်ဒရိုစ်က ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: ကျန်းမာရေး
- Hits: 315
CNI International News
အဘူဂျာ၊ မေလ ၁၈
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ဒီအာကွန်ဂို) နှင့် အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတို့တွင် အီဘိုလာ (Ebola) ရောဂါ ကူးစက်မှုကြောင့် သံသယလူနာ ၃၀၀ ကျော်နှင့် သေဆုံးသူ ၈၈ ဦးအထိ ရှိလာခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အီဘိုလာရောဂါကူးစက်မှု အခြေအနေကို နိုင်ငံတကာအဆင့် စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် မေလ ၁၇ ရက်တွင် ကြေညာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ယခုကူးစက်ရောဂါသည် COVID-19 ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အရေးပေါ် အခြေအနေအဖြစ် သတ်မှတ် ရန် စံနှုန်းများနှင့် ကိုက်ညီမှု မရှိသေးကြောင်း WHO က ပြောကြားခဲ့ပြီး နိုင်ငံတကာနယ်စပ်များကို ပိတ်ပစ်ခြင်း မပြုရန်လည်း အကြံပြုထားသည်။
ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု စတင်သည့် အရှေ့ပိုင်း အီတူရီ (Ituri) ပြည်နယ်မှ ကီလိုမီတာ ၁၀၀၀ (မိုင် ၆၂၀) ခန့် ကွာဝေးသော ကွန်ဂိုနိုင်ငံ၏ ကင်ရှာဆာ (Kinshasa) မြို့တော်တွင်လည်း ဓာတ်ခွဲခန်းမှ အတည်ပြုထားသည့် ကူးစက်ခံရသူတစ်ဦး တွေ့ရှိရကြောင်း WHO က X လူမှုမီဒီယာတွင် ထုတ်ပြန်ခဲ့သည်။
ထိုအတည်ပြု လူနာသည် အီတူရီပြည်နယ်သို့ သွားရောက်ခဲ့သူဖြစ်ပြီး ကွန်ဂိုနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံးနှင့် အီတူရီပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြောက်ကီဗူး (North Kivu) ပြည်နယ်တွင်လည်း အခြား သံသယ လူနာများကို တွေ့ရှိရကြောင်း သိရသည်။

အီဘိုလာကူးစက်မှု တားဆီးရေးစင်တာကိုတွေ့ရစဉ်
အီဘိုလာဗိုင်းရပ်စ်သည် အလွန်ကူးစက်လွယ်ပြီး အန်ဖတ်၊ သွေး သို့မဟုတ် သုက်ရည်ကဲ့သို့ ခန္ဓာကိုယ်မှ ထွက်သည့် အရည်များမှတဆင့် ကူးစက်နိုင်သည်။
ထိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ရောဂါသည် ဖြစ်ခဲသော်လည်း ပြင်းထန်ပြီး အသက်အန္တရာယ် ထိခိုက်သည်အထိ သေဆုံးမှုနှုန်း မြင့်မားတတ်သည်။
WHO ၏ အရေးပေါ် အခြေအနေ ကြေညာချက်သည် ရန်ပုံငွေ ထည့်ဝင်သည့် အလှူရှင် အေဂျင်စီများနှင့် နိုင်ငံများ ကို လှုံ့ဆော်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
WHO ၏ စံနှုန်းများအရ ယခုကြေညာချက်သည် လက်ရှိတွင် အခြေအနေ ပြင်းထန်ပြီး၊ နိုင်ငံတကာသို့ ကူးစက် ပျံ့နှံ့နိုင်ခြေရှိကာ နိုင်ငံတကာမှ စနစ်တကျ ပူးပေါင်း တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်နေကြောင်း ပြသနေသည်။
ယခင်က ထုတ်ပြန်ခဲ့သည့် WHO ၏ အရေးပေါ် ကြေညာချက်များအပေါ် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုများမှာမူ မတူကွဲပြားမှုများ ရှိခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်းက ကွန်ဂိုနိုင်ငံနှင့် အာဖရိကရှိ အခြားနေရာများတွင် ဖြစ်ပွားခဲ့သည့် Mpox ကူးစက်ရောဂါကို WHO က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့သည်။

အီဘိုလာ ရောဂါကူးစက်မှု စစ်ဆေးနေစဉ်
ထိုသို့ ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ရောဂါရှာဖွေရေး ကိရိယာများ၊ ဆေးဝါးများနှင့် ကာကွယ်ဆေးများ ကဲ့သို့ ထောက်ပံ့ရေးပစ္စည်းများကို ရောဂါ ဖြစ်ပွားရာနိုင်ငံများသို့ လျင်မြန်စွာ ရောက်ရှိစေရန်အတွက် ထိရောက်မှု သိပ်မရှိခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မေလ ၁၅ ရက်က စတင်ဖြစ်ပွားခဲ့သည့် အီဘိုလာ ကူးစက်ရောဂါသည် အတည်ပြုထားသည့် ကုသဆေး သို့မဟုတ် ကာကွယ်ဆေး မရှိသေးသော ရှားပါး အီဘိုလာဗိုင်းရပ်စ် မျိုးကွဲဖြစ်သည့် ဘန်ဒီဗူးဂျို (Bundibugyo) ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
ကွန်ဂိုနှင့် ယူဂန်ဒါနိုင်ငံတို့တွင် အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားမှု အကြိမ်ရေပေါင်း ၂၀ ကျော် ရှိခဲ့သော်လည်း ဘန်ဒီဗူးဂျိုဗိုင်းရပ်စ်ကို တွေ့ရှိရခြင်းမှာ ယခုအကြိမ် အပါအဝင် သုံးကြိမ်မြောက်သာ ရှိသေးသည်။
ယူဂန်ဒါနိုင်ငံတွင် တွေ့ရှိရသည့် ကူးစက်လူနာ နှစ်ဦးမှလွဲ၍ ကျန်ရှိသော လူနာအားလုံးမှာ ကွန်ဂိုနိုင်ငံမှ ဖြစ်ကြောင်း WHO က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: ကျန်းမာရေး
- Hits: 1858
CNI International News
နိုရိုဘီ၊ ဧပြီ ၂၉
အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား စစ်ပွဲကြောင့် ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်နှင့် ပြည်ပ အကူအညီများ လျှော့ချခံနေရသော ဘေးဒုက္ခနှစ်ခုကို ခံစားနေရသည့် ဆိုမာလီယာရှိ အာဟာရချို့တဲ့နေသည့် ကလေးငယ်များ၏ အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်က အီရန်ဆိပ်ကမ်းများအား ပိတ်ဆို့ထားပြီး အီရန်ကလည်း ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားသဖြင့် သင်္ဘောလမ်းကြောင်း ရပ်တန့်ခဲ့သဖြင့် ဆိုမာလီယာတွင် ကလေးငယ်များအတွက် အသက်ကယ် အာဟာရ ဖြည့်စွက်စာများ ပြတ်လပ်လာခဲ့သည်။
ဆေးခန်းများသည် အာဟာရ အလွန်အမင်း ချို့တဲ့နေသော ကလေးငယ်များကို လက်မခံနိုင်တော့ဘဲ ထောက်ပံ့ ပစ္စည်းများကို စနစ်တကျ ခွဲဝေသုံးစွဲနေရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

အာဟာရဖြည့်စွက်စာကို တွေ့ရစဉ်
၅ နှစ်အောက် ကလေးငယ် ၅ သိန်းနီးပါးသည် ငတ်မွတ်ခေါင်းပါးမှု၏ အသက်အန္တရာယ် အရှိဆုံး ပုံစံဖြစ်သည့် ပြင်းထန် အာဟာရချို့တဲ့မှု သို့မဟုတ် ကိုယ်ခန္ဓာကြုံလှီမှုကို ခံစားနေကြရပြီး၊ ယခုကဲ့သို့ အသက်ကယ် ပစ္စည်းများ ကြန့်ကြာမှုများက အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။
ကလေးငယ်များကို ကယ်တင်ရန် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ် ကြွယ်ဝသည့် နွားနို့နှင့် မြေပဲ အနှစ်များ မှာ လက်ကျန် အနည်းငယ်သာရှိသဖြင့် ချွေတာသုံးစွဲနေရကြောင်း ဘိုင်ဒိုအာ (Baidoa) နှင့် မိုဂါဒစ်ရှူး (Mogadishu) မြို့များရှိ ကျန်းမာရေးဝန်ထမ်းများက ပြောကြားခဲ့သည်။
“လိုအပ်ချက်က အလွန်များပြားပြီး ကျနော်တို့ဆီမှာ ပစ္စည်းအင်အားလည်း နည်းပါးတဲ့အတွက် ကလေးတွေကို ပေးရမယ့် အာဟာရပမာဏကို လျှော့ချပေးနေရပါတယ်” ဟု သူနာပြုတစ်ဦးဖြစ်သည့် ဟာဆန် ယားယေး ခေရီ (Hassan Yahye Kheyre) က ပြောကြားခဲ့သည်။
အဆိုပါ ဆေးခန်းသို့ ထောက်ပံ့ကူညီပေးနေသည့် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ (IRC) ၏ အဆိုအရ ကလေးငယ် ၁၂၀၀ ကျော်ကို ကုသပေးနေသည့် ၎င်း၏ဆေးခန်းတွင် ကျန်ရှိနေသော မြေပဲအနှစ် ၂၂၅ ပုံးသည် သီတင်း ၂ ပတ်အတွင်း ကုန်ဆုံးသွားဖွယ်ရှိသည်ဟု ဆိုသည်။

ကျန်းမာရေး အကူအညီပေးသူကိုတွေ့ရစဉ်
“ကုသမှုက ပြတ်တောင်းပြတ်တောင်း ဖြစ်နေမယ်ဆိုရင် ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ရေးတွေ အလွန်အားနည်းသွားပါလိမ့်မယ်။ နောက်ပြီး အဲဒီအခြေအနေကို ပြန်လည်ကုစားဖို့လည်း မဖြစ်နိုင်တော့ တာမျိုး ဖြစ်လာနိုင်ပါတယ်” ဟု ခေရီက ထပ်လောင်း ပြောကြားခဲ့သည်။
အီရန်စစ်ပွဲနှင့် ဆက်စပ်သည့် သယ်ယူပို့ဆောင်ရေး ကြန့်ကြာမှုများနှင့် ကုန်ကျစရိတ် မြင့်တက်လာမှုများသည် လက်ရှိ ရှုပ်ထွေးနေသော အခြေအနေကို ပိုမိုဆိုးရွားလာစေကြောင်း IRC က ပြောကြားခဲ့သည်။
၂၀၂၇ ခုနှစ်က အငတ်ဘေး ဖြစ်ပွားပြီးနောက် ၉ နှစ်အကြာ ၂၀၂၆ ခုနှစ်တွင် မိုးခေါင်ရေရှားမှု အသစ်တစ်ခုသည် ဆိုမာလီယာနိုင်ငံသား ၃ ဦးတွင် ၁ ဦးနှုန်း (လူဦးရေ ၆ ဒသမ ၅ သန်း) ကို ပြင်းထန်သော ငတ်မွတ်ခေါင်းပါးမှု အခြေအနေသို့ ရောက်ရှိစေခဲ့ပြီး အကူအညီပေးရေး အဖွဲ့များသည် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အသည်းအသန် ကြိုးပမ်းနေကြသည်။
Source: ရိုက်တာ
- By CNI
- Category: ကျန်းမာရေး
- Hits: 5153
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၇
လူမှုမီဒီယာများကို မသုံးရမနေနိုင်သည့်အထိ စွဲလမ်းနေမှုသည် ဆယ်ကျော်သက်များ၏ စိတ်ကျန်းမာရေးကို ထိခိုက်စေသည့် အဓိက အကြောင်းအရင်းဖြစ်ကြောင်း ကုထုံးပညာရှင်တစ်ဦး၏ သက်သေ ထွက်ဆိုချက်နှင့်အတူ Meta နှင့် Alphabet ကဲ့သို့ နည်းပညာကုမ္ပဏီကြီးများသည် လော့စ်အိန်ဂျလိစ် တရားရုံးတွင် တရားရင်ဆိုင်နေရ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ်မှ ကာလေဂျီအမ် (Kaley G.M.) အမည်ရှိ အမျိုးသမီးက သူသည် ငယ်စဉ်ကတည်းက Instagram နှင့် YouTube တို့ကို စွဲလမ်းခဲ့မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသည်ဟုဆိုကာ နည်းပညာကုမ္ပဏီ များကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
လိုင်စင်ရကုထုံးပညာရှင် ဗစ်တိုးရီးယား ဘာခီ (Victoria Burke) က ဆယ်ကျော်သက် အရွယ်တွင် လူမှုမီဒီယာ အလွန်အကျွံ အသုံးပြုမှုသည် တရားလိုဖြစ်သူ ကာလေ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် အဓိက အကြောင်းအရင်း တစ်ခုဖြစ်ကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။

ကာလေဂျီအမ်ကို ထောက်ခံကြသူများကို တွေ့ရစဉ်
ထိုသက်သေ ထွက်ဆိုချက်သည် ကာလေ၏ လူမှုမီဒီယာ အသုံးပြုမှုနှင့် ၎င်း၏ လက်ရှိကျန်းမာရေး အခြေအနေ တို့အကြား တိုက်ရိုက် ဆက်စပ်မှု ရှိနေသည့် အချက်ကို သက်သေပြရန် ကြိုးပမ်းနေသော တရားလိုရှေ့နေများ အတွက် အားသာချက်တစ်ခု ဖြစ်လာခဲ့သည်။
နည်းပညာကုမ္ပဏီများကမူ အဆိုပါ စွပ်စွဲချက်များကို ပြတ်ပြတ်သားသား ငြင်းဆိုထားပြီး ၎င်းတို့၏ လူမှုမီဒီယာ များတွင် အကောင့်ဖွင့်ရန် အနည်းဆုံး အသက် ၁၃ နှစ် ပြည့်ရမည်ဟူသော စည်းကမ်းချက်ဖြင့် ကာကွယ်ထား ကြောင်း ချေပခဲ့သည်။
ကုထုံးပညာရှင် ဘာခီ၏ သက်သေထွက်ဆိုမှု ပြီးဆုံးပါက ဖေဖော်ဝါရီ ၂၆ ရက်တွင် တရားလိုဖြစ်သည့် ကာလေ ကိုယ်တိုင် တရားခွင်၌ ၎င်း၏ အတွေ့အကြုံများကို သက်သေခံ ထွက်ဆိုမည်ဖြစ်သည်။
ထိုအမှု၏ အဆုံးအဖြတ်သည် နောင်တွင် နည်းပညာ ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ App ဒီဇိုင်းများနှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းတွင် ကြီးမားသော သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်နေကြသည်။

ကာလေဂျီအမ်ကို ထောက်ခံကြသူများကို တွေ့ရစဉ်
ဘာခီသည် ၂၀၁၉ ခုနှစ်တွင် စာသင်ကျောင်းတစ်ခု၌ ကုထုံးသင်တန်သားအဖြစ် လုပ်ကိုင်ခဲ့ချိန်က အသက် ၁၃ နှစ်အရွယ်ရှိ ကာလေကို ရက်သတ္တပတ်ပေါင်းများစွာ ရောဂါရှာဖွေ ကုသပေးခဲ့သည်။
အစပိုင်းတွင် ကာလေကို စိုးရိမ်သောက လွန်ကဲသည့် ရောဂါ ခံစားနေရသူအဖြစ် သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် လူမှုဆက်ဆံရေး ကြောက်ရွံ့မှု ရောဂါနှင့် မိမိ၏ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်အပေါ် အလွန်အမင်း စိုးရိမ်သော ရောဂါအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း ဘာခီက ဂျူရီလူကြီးများကို ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: ကျန်းမာရေး
- Hits: 5830
CNI International News
ကဘူးလ်၊ ဖေဖော်ဝါရီ ၁၀
ပါကစ္စတန်နိုင်ငံနှင့် အာဖဂန်နစ္စတန်ကြား ဆက်ဆံရေးများ ဆိုးရွားလာချိန်တွင် အာဖဂန်က ပါကစ္စတန်ထံမှ ဆေးဝါးတင်သွင်းမှုကို ပိတ်ပင်လိုက်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အာဖဂန်သည် ဆေးဝါးများကို ပြည်တွင်း ထုတ်လုပ်မှုနှင့်အတူ တရုတ်၊ အိန္ဒိယ၊ အီရန်၊ မလေးရှား အပါအဝင် နိုင်ငံအချို့နှင့် ဆေးဝါးထောက်ပံ့ရေး သဘောတူညီချက် အသစ်များကို ပြောင်းလဲ လုပ်ဆောင်နေကြောင်း တာလီဘန်အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုပိတ်ပင်ချက်သည် ဖေဖော်ဝါရီ ၉ ရက်မှ စတင်ကာ အကျုံးဝင် သက်ရောက်ပြီဖြစ်ကြောင်း တာလီဘန် ဘဏ္ဍာ ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် ကာယွမ် နာဆာ (Abdul Qayum Nasir) က ပြောကြားခဲ့သည်။
အာဏာပိုင်များ အနေဖြင့် မှောင်ခို လမ်းကြောင်းများမှတဆင့် ကုန်စည်စီးဆင်းမှုကိုလည်း ရပ်တန့်သွားမည်ဖြစ်ပြီး၊ မှောင်ခိုကူးမှုတွင် ပါဝင်သူများကို တရားစွဲဆို သွားမည့်အပြင် သိမ်းဆည်းရမိသည့် ကုန်ပစ္စည်းများကိုလည်း ဖျက်ဆီးပစ်မည်ဟု သတိပေးခဲ့သည်။

ကြက်ခြေနီအသင်းက ဆေးဝါးများသယ်နေစဉ်
ပါကစ္စတန်နိုင်ငံနှင့် ဆက်စပ်နေသည့် ကုန်သွယ်မှု လုပ်ငန်းစဉ်များနှင့် စာချုပ်စာတမ်းဆိုင်ရာ ကိစ္စရပ်များကို အပြီးသတ်ရန်အတွက် ၁၉ ရက် အချိန်ရမည်ဖြစ်ကြောင်း အာဖဂန်ဘဏ္ဍာရေးဝန်ကြီးဌာနက ကုန်သည်များထံ ကြိုတင် အကြောင်းကြားထားခဲ့ပြီးဖြစ်သည်။
ပါကစ္စတန်တပ်ဖွဲ့များနှင့် တာလီဘန်တို့ကြား လပေါင်းများစွာကြာ ဖြစ်ပွားခဲ့သော နိုင်ငံရေးတင်းမာမှုများ၊ နယ်စပ် တိုက်ပွဲများနှင့် အဓိက ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်သိမ်းမှုများအပြီးတွင် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာ ခြင်း ဖြစ်သည်။
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်ကြားရှိ နယ်စပ်ဂိတ် အများစုသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ပြန်ဖွင့်ခြင်း မရှိသေးပေ။
တာလီဘန်အစိုးရ၏ စီးပွားရေးဆိုင်ရာ ဒုတိယဝန်ကြီးချုပ် အဗ္ဗဒူလ် ဂါနီ ဘာရာဒါ (Abdul Ghani Baradar) ကလည်း ကုန်သည်များ အနေဖြင့် ပါကစ္စတန်နှင့် စီးပွားရေး လုပ်ဆောင်မှုများကို ရပ်ဆိုင်းထားရန်နှင့် အခြား ကုန်သွယ်ရေး လမ်းကြောင်းများကို ရှာဖွေကြရန် တိုက်တွန်းခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: ကျန်းမာရေး
- Hits: 1243
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၆
Ong Bak မင်းသားဟု အောင်မြင်ကျော်ကြားခဲ့သော ထိုင်းအက်ရှင်မင်းသား တိုနီဂျား (Tony Jaa)သည် သည်းခြေ အိတ် ကင်ဆာအတွက် ဆေးကုသမှု ခံယူနေရကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
တိုနီဂျားသည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ထိုရောဂါ ဖြစ်ပွားနေကြောင်း စတင် သိရှိခဲ့သည်ဟု FM91 ရေဒီယိုက ဖော်ပြခဲ့သည်။
တိုနီဂျား၏ ကင်ဆာရောဂါ အခြေအနေမှာ အဆင့် ၃ ဖြစ်ပြီး အဆင့် ၄ သို့ ကူးပြောင်းလုနီးပါး အခြေအနေ ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက Nine Entertain သို့ ပြောကြားခဲ့သည်။
သို့သော် Channel 3 သတင်းဌာန၏ ဖော်ပြချက်အရ တိုနီဂျား၏ အခြေအနေမှာ ကီမို ဆေးသွင်း ကုသမှုကြောင့် သက်သာလာသော်လည်း ဆရာဝန်များ၏ အနီးကပ်စောင့်ကြည့်မှု လိုအပ်နေသေးကြောင်း သိရသည်။
လတ်တလော ထွက်ပေါ်လာသည့် လူမှုမီဒီယာပေါ်မှ ဓာတ်ပုံများတွင် တိုနီဂျားသည် သိသိသာသာ ပိန်သွားသည် ကို တွေ့ရှိရသဖြင့် ပရိသတ်များက စိုးရိမ်ပူပန်နေကြသည်။
တိုနီဂျား၏ Facebook စာမျက်နှာတွင်မူ ရောဂါနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိပေ။

Ong Bak မင်းသား တိုနီဂျားကို တွေ့ရစဉ်
ဇန်နဝါရီ ၃၁ ရက်နေ့က တင်ခဲ့သော နောက်ဆုံးပို့စ်တွင်မူ ၎င်း၏ တေးသီချင်း ဗွီဒီယိုအသစ်အတွက် လေကြောင်း ခရီးစဉ်တစ်ခု သွားရောက်နေကြောင်း ပရိသတ်များကို အသိပေးထားသည်။
တိုနီဂျားသည် မကြာသေးမီက ထွက်ရှိထားသည့် One More Round တေးသီချင်း ဗွီဒီယိုကို ရည်ညွှန်းပြီး “ခရီးစဉ်က စတင်တော့မှာပါ။ နောက် တစ်ချီပေါ့ (One More Round)” ဟု ရေးသားထားသည်။
တိုနီဂျားသည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆူရင်ပြည်နယ် (Surin) တွင် မွေးဖွားပြီး အမည်ရင်းမှာ တတ်ချာကွန်း ယီယမ် (Tatchakorn Yeerum) ဖြစ်ကာ ပြည်တွင်း၌ ဂျာဖနွမ် (Ja Phanom) ဟု လူသိများသည်။
တိုနီဂျားသည် အသက် ၁၀ နှစ်သား အရွယ်မှစပြီး မွေထိုင်း (Muay Thai) လက်ဝှေ့ကို လေ့ကျင့်ခဲ့ပြီး စတန့်သမား အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် Ong Bak ရုပ်ရှင်ဖြင့် အောင်မြင်ကျော်ကြား လာခဲ့ သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ကျန်းမာရေး
- Hits: 4428
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၂၆
အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် (West Bengal) တွင် အသက်အန္တရာယ် စိုးရိမ်ရသည့် နီပါးဗိုင်းရပ်စ် (Nipah virus) ကူးစက်ပြန့်ပွားမှုများ ဖြစ်ပွားနေကြောင်း အိန္ဒိယနိုင်ငံက အတည်ပြုခဲ့သဖြင့် ထိုင်းနိုင်ငံရှိ သုဝဏ္ဏ ဘူမိ (Suvarnabhumi)၊ ဒွန်မောင်း (Don Mueang)နှင့် ဖူးခက် (Phuket) လေဆိပ်များတွင် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်နေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အိန္ဒိယသို့ သွားရောက်ရန် စီစဉ်နေသည့် ထိုင်းနိုင်ငံသားများကိုလည်း အထူးသတိပြုကြရန် ထိုင်းအာဏာပိုင်များ က ခရီးသွားလာမှုဆိုင်ရာ အကြံပြုချက် ထုတ်ပြန်ထားသည်။
ထိုလေဆိပ်များသို့ ဝင်ရောက်လာသည့် ခရီးသည်များ၊ အထူးသဖြင့် အနောက်ဘန်ဂေါပြည်နယ်မှ ဝင်ရောက်လာ သူများကို အဓိကထားပြီး ကျန်းမာရေး စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ရန် ထိုလေဆိပ်သုံးခုရှိ နိုင်ငံတကာ ကူးစက်ရောဂါဆိုင်ရာ အရာရှိများအား ညွှန်ကြားထားကြောင်း ထိုင်းနိုင်ငံ၏ ရောဂါထိန်းချုပ်ရေးဌာန (DDC) က ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လေဆိပ်များတွင် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၌ ခရီးသည်များအား ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ဖျားနာ သည့် လက္ခဏာ ပြသသူများကို လေဆိပ်မှာပင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ ပါဝင်သည်။
ကိုယ်အပူချိန် အလွန်မြင့်မားနေသူ သို့မဟုတ် နီပါးဗိုင်းရပ်စ် ကူးစက်ခံရနိုင်သည့် လက္ခဏာရှိသူများကို တွေ့ရှိ ပါက သတ်မှတ်ထားသော လုပ်ငန်းစဉ်များအတိုင်း နောက်ထပ် စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ကွာရန်တင်း ဝင်ရမည့် စခန်းများသို့ လွှဲပြောင်းပို့ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းက လေဆိပ်မှာ ကျန်းမာရေးစစ်ဆေးနေစဉ်
အနောက်ဘန်ဂေါပြည်နယ်မှ ရောက်ရှိလာသူများကို သတိပြုရမည့် ရောဂါလက္ခဏာများနှင့် နာမကျန်းဖြစ်ပါက လုပ်ဆောင်ရမည့် လမ်းညွှန်ချက်များ ပါဝင်သော ကျန်းမာရေး သတိပေး ကတ်များကိုလည်း ဖြန့်ဝေပေးလျက် ရှိသည်။
နီပါးဗိုင်းရပ်စ် ကူးစက်ခံရပါက ခံစားရသည့် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် တက်ခြင်း အစရှိသည့် ရောဂါလက္ခဏာများဖြစ်သည်။
လေဆိပ်သို့ ရောက်ရှိပြီး ၂၁ ရက်အတွင်း ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်း သွားရောက် ပြသရန်၊ ဆရာဝန်များအား မိမိတို့၏ ခရီးသွားရာဇဝင်နှင့် လက္ခဏာများ စတင်ဖြစ်ပေါ် သည့် ရက်စွဲတို့ကို အသေးစိတ် ပြောပြရန် ထိုင်းအာဏာပိုင်များက တိုက်တွန်းထားသည်။
ထို့ပြင် ဖျားနာမှုများ ဖြစ်ပွားလာပါက ရောဂါထိန်းချုပ်ရေးဌာန၏ အရေးပေါ် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်နှင့် ကျန်းမာရေးကတ်တွင် ပါဝင်သည့် QR code ကို စကန်ဖတ်ပြီး သတင်းပေးပို့နိုင်ကာ အရေးပေါ် ဖုန်းလိုင်းအား နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း ဆက်သွယ်နိုင်သည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ကျန်းမာရေး
- Hits: 1022
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၂၄
အမေရိကန်သည် ဇန်နဝါရီ ၂၂ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ တရားဝင် နုတ်ထွက်ခဲ့ကြောင်း ရိုက်တာ မှ ဖော်ပြခဲ့သည်။
အမေရိကန်အနေဖြင့် WHO မှ နုတ်ထွက်မည်ဆိုပါက ကမ္ဘာတစ်ဝန်းရှိ ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေနိုင် ကြောင်း သတိပေးမှုများ ရှိခဲ့သည့်ကြားမှ တရားဝင် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
WHO မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် (COVID-19) ကပ်ရောဂါကာလက WHO ၏ စီမံခန့်ခွဲမှု အားနည်းခဲ့ ခြင်းကို ထင်ဟပ်စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ၂၀၂၅ ခုနှစ်တွင် ၎င်း၏ သမ္မတသက်တမ်း စတင်သည့် ပထမဆုံးနေ့ကတည်းက သမ္မတအုပ်ချုပ်ရေးအမိန့်မှတဆင့် အမေရိကန်အနေဖြင့် WHO အဖွဲ့ကြီးမှ နုတ်ထွက် မည်ဖြစ်ကြောင်း ကြိုတင်အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
အမေရိကန် ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ သတင်းထုတ်ပြန်ချက်တွင် အမေရိကန် သည် နုတ်ထွက်ခြင်း လုပ်ငန်းစဉ်ကို အပြီးသတ်နိုင်ရန် အတွက်သာ WHO နှင့် ဆက်ဆံရေး အကန့်အသတ်ဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။
“ကျနော်တို့အနေနဲ့ WHO မှာ လေ့လာစောင့်ကြည့်သူအဖြစ် ပါဝင်ဖို့ အစီအစဉ်မရှိသလို ပြန်လည်ပူးပေါင်းဖို့ အစီအစဉ်လည်း မရှိပါဘူး”ဟု အမေရိကန်အစိုးရ ကျန်းမာရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် ရောဂါစောင့်ကြည့် စစ်ဆေးခြင်းနှင့် အခြား ပြည်သူ့ကျန်းမာရေး ဦးစားပေး လုပ်ငန်းများကို နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုမှတဆင့် ဆောင်ရွက်မည့်အစား အခြားနိုင်ငံများနှင့် တိုက်ရိုက် ပူးပေါင်း ဆောင် ရွက်သွားရန် စီစဉ်ထားကြောင်း ထိုအမေရိကန်အရာရှိက ပြောကြားခဲ့သည်။

အမေရိကန် ဥပဒေအရ WHO မှ နုတ်ထွက်ရာတွင် တစ်နှစ်ကြိုတင် အသိပေးရန်နှင့် ပေးဆောင်ရန် ကျန်ရှိနေ သော အဖွဲ့ဝင်ကြေး ဒေါ်လာ ၂၆၀ သန်း ခန့်အားလုံးကို ပေးချေရန် လိုအပ်သည်။
သို့သော် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးကမူ အဆိုပါ ဥပဒေပြဋ္ဌာန်းချက်တွင် နုတ်ထွက်ခြင်း မပြုမီ မည်သည့် ငွေပေးချေမှုကိုမဆို ပြုလုပ်ရမည်ဆိုသော ကန့်သတ်ချက်မျိုး ပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ သည်။
“အမေရိကန်ပြည်သူတွေဟာ လိုအပ်တာထက်တောင် ပိုပြီး ပေးခဲ့ပြီးပါပြီ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန် ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ကြီးဌာန (HHS) ၏ ဇန်နဝါရီ ၂၂ ရက်က ထုတ်ပြန် ချက်တွင်လည်း အစိုးရအနေဖြင့် WHO သို့ ရန်ပုံငွေ ထောက်ပံ့မှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြထား သည်။
Source: ရိုက်တာ
