CNI International News

နယူးဒေလီ၊ အောက်တိုဘာ ၁၀

အိန္ဒိယရဲတပ်ဖွဲ့က နိုင်ငံတစ်ဝန်း ကလေး ၁၇ ဦးထက်မနည်း သေဆုံးမှုနှင့်ဆက်နွှယ်နေသည့် ချောင်းဆိုးပျောက် ဆေးရည်ကို ထုတ်လုပ်သော ဆေးကုမ္ပဏီတစ်ခု၏ ပိုင်ရှင်အား ဖမ်းဆီးခဲ့ကြောင်း DW သတင်းမှ ဖော်ပြခဲ့သည်။

တမီးလ်နာဒူးလ်အခြေစိုက် Sresan Pharmaceuticals ကုမ္ပဏီပိုင်ရှင် ရန်ဂါနာသန် ဂိုဗင်ဒန်(Ranganathan Govindan)ကို အောက်တိုဘာ ၈ ရက် ညအချိန်က ချန်နိုင်းမြို့၌ မက်ဟိုင်ရာ ပရာဒက်ရှ်ပြည်နယ် ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့်လက ၎င်း၏ကုမ္ပဏီမှ ထုတ်လုပ်သော Coldrif အမည်ရှိ ချောင်းဆိုးပျောက်ဆေးရည်ကို သောက်ပြီး နောက် အသက် ၅ နှစ်အောက်ကလေး ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက်ပိုင်း မက်ဟိုင်ရာပရာဒက်ရှ် ပြည်နယ် ရဲတပ်ဖွဲ့က ရန်ဂါနာသန်ကို လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်သည်။

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Coldrif ချောင်းဆိုးပျောက်ဆေးရည် စမ်းသပ် နမူနာများ တွင် diethylene glycol (DEG)သည် ခွင့်ပြုထားသည့် ပမာဏထက် ပိုမိုများပြားစွာ ပါဝင်နေကြောင်း တွေ့ရှိခဲ့ သည်ဟု ဆိုသည်။

ချောင်းဆိုပျောက်ဆေးရည်ကို တွေ့ရစဉ်

အောက်တိုဘာ ၂ ရက်က ထိုဓာတုပစ္စည်း ပါဝင်နေကြောင်း အတည်ပြုခဲ့ပြီးနောက် အဆိုပါ ချောင်းဆိုးပျောက် ဆေးရည်ကို အသုံးပြုခွင့် တားမြစ်ပိတ်ပင်ခဲ့သည်။

တမီးလ်နာဒူး ဆေးဝါးထိန်းချုပ်ရေးဌာန၏ အစီအရင်ခံစာ တစ်ခုတွင် ထိုချောင်းဆိုးပျောက်ဆေးရည်ကို သန့်ရှင်းမှု မရှိသော စက်ရုံ အခြေအနေ၌ ထုတ်လုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အစောပိုင်း စုံစမ်းစစ်ဆေးမှုအရ ထိုချောင်းဆိုးပျောက်ဆေးရည်ကို မက်ဟိုင်ရာ ပရာဒက်ရှ်ပြည်နယ်အပြင် အိုဒီရှာ နှင့် ပူဒူချယ်ရီ ပြည်နယ်များသို့ ဖြန့်ချိထားကြောင်း အိန္ဒိယမီဒီယာတွင် ဖော်ပြထားသည်။

တမီးလ်နာဒူး ကျန်းမာရေးဝန်ကြီး မာဆူဘရာမာနီယန်(Ma Subramanian)က ၎င်း၏ ပြည်နယ်အစိုးရသည် Sresan Pharmaceuticals ဆေးကုမ္ပဏီကို ရာဇဝတ်မှုစွဲချက်ဖြင့် တရားစွဲဆိုသွားမည်ဟု အောက်တိုဘာ ၈ ရက်က ပြောကြားခဲ့သည်။

အိန္ဒိယကျန်းမာရေးအာဏာပိုင်များက ဂူဂျာရတ်ပြည်နယ် အခြေစိုက် ကုမ္ပဏီများက ထုတ်လုပ်သော Respifresh နှင့် RELIFE ချောင်းဆိုးပျောက်ဆေးရည်တို့တွင်လည်း အလားတူ အဆိပ်ရှိ ဓာတုပစ္စည်းများ ပါဝင်နေသောကြောင့် အသုံးမပြုကြရန် တိုက်တွန်းထားသည်။

Source: DW