- By CNI
- Category: ဆောင်းပါး
- Hits: 168
CNI International Article
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄
လက်ရှိ ကမ္ဘာ့အခြေအနေသည် ယူကရိန်းစစ်ပွဲ၊ ဂါဇာပဋိပက္ခ၊ အရှေ့အလယ်ပိုင်းဒေသ၏ မတည်ငြိမ်မှုများ၊ အင်အားကြီး နိုင်ငံများကြား အားပြိုင်မှုများအပြင် ဗင်နီဇွဲလားအပေါ် အမေရိကန်၏ အရေးယူ ဆောင်ရွက်မှုများ နှင့် ဂရင်းလန်း (Greenland) ကျွန်းကို အမေရိကန်က ထိန်းချုပ်ရန် ကြိုးပမ်းမှုများကြောင့် ရှုပ်ထွေးပွေလီသည့် အခြေအနေသို့ ရောက်ရှိနေသည်။
ထိုအကျပ်အတည်းများသည် ဒေသတွင်း အခင်းအကျင်းများ သို့မဟုတ် ပြိုင်ဘက်နိုင်ငံများ၏ ရည်မှန်းချက်များ ကြောင့်သာ မဟုတ်ဘဲ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု ပုံစံနှင့်ပတ်သက်ပြီး အတွင်းစည်းတွင် သဘောထား ကွဲလွဲမှုများ၏ ရလဒ်များဖြစ်သည်။
ဤအားပြိုင်မှု၏ ဗဟိုချက်တွင် သမ္မတဒေါ်နယ်ထရမ့် (Donald Trump) နှင့် အမေရိကန် လျှို့ဝှက်အုပ်စိုးမှု ရပ်ဝန်း (American Deep State) ဟု အများက ခေါ်ဆိုကြသည့် အင်အားစုတို့ ထိပ်တိုက်တွေ့နေခြင်းဖြစ်သည်။
လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း (Deep State) ဆိုသည်မှာ အစိုးရအထက်တွင် ရှိနေသည်ဟု ယူဆရသည့် ရွေးကောက်ခံ မဟုတ်သော သြဇာကြီး အဖွဲ့အစည်းများ၊ အမြစ်တွယ်နေသော အကျိုးစီးပွားအုပ်စုများနှင့် ဝါဒရေးရာ ကွန်ရက် များ ပါဝင်သည့် အင်အားစုဟု မှတ်ယူနိုင်သည်။
ထို့ပြင် Deep State ကို အရိပ်ထဲမှ အစိုးရအဖွဲ့၊ လျှို့ဝှက်အစိုးရအဖွဲ့၊ မမြင်ရသည့် အစိုးရအဖွဲ့ အစရှိသဖြင့် အမျိုးမျိုး ခေါ်ဆိုလေ့ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်
ထိုပဋိပက္ခသည် ငြိမ်းချမ်းရေးနှင့် စစ်ပွဲကြား တစ်ဖက်ဖက်အား ရွေးချယ်မှုမျိုး မဟုတ်ဘဲ အမေရိကန်၏ အာဏာ ကို မည်သူက ထိန်းချုပ်မည်နည်း၊ အာဏာအသုံးချမှုကို မည်သို့သော အကြောင်းပြချက်ဖြင့် တရားမျှတအောင် ပြုလုပ်မည်နည်း၊ နောက်ဆုံးတွင် မည်သူ့အကျိုးစီးပွားကို အလုပ်အကျွေး ပြုမည်နည်း ဆိုသည့် မေးခွန်းများအပေါ် အခြေခံထားသည်။
သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ရမည်ဆိုပါက အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒသည် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များတွင် အမြဲတမ်း ပါဝင်ပတ်သက်နေရန် ပုံဖော်ထားခြင်းမျိုး မဟုတ်ခဲ့ပေ။
ဒုတိယကမ္ဘာစစ် မတိုင်မီက အမေရိကန်၏ မဟာဗျူဟာသည် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခြင်းနှင့် လိုအပ် သည့် ကိစ္စရပ်များတွင်သာ ပါဝင်ခြင်းအပေါ်မှာ အခြေခံခဲ့သည်။
အမေရိကန်သမ္မတ ဂျော့ဂျ်ဝါရှင်တန် (George Washington) သည် အမြဲတမ်း မဟာမိတ်ဖွဲ့ခြင်းကို ရှောင်ကြဉ်ရန် သတိပေးခဲ့ဖူးသည်။
ထိုသတိပေးချက်သည် ပြည်ပရေးရာကိစ္စများတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ခြင်းသည် သမ္မတနိုင်ငံ စနစ်ဖြင့် အုပ်ချုပ်မှုစနစ် (Republican governance) ကို ထိခိုက်ပျက်ပြား စေမည်ဆိုသည့် စိုးရိမ်မှုကို ထင်ဟပ်စေခဲ့သည်။
၁၈၂၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မွန်ရိုးဝါဒ (Monroe Doctrine) သည် ဥရောပ၏ အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုများကို ရှောင်ရှားရင်း အနောက်ကမ္ဘာခြမ်းတွင် အမေရိကန်၏ လွှမ်းမိုးမှုကို အတည်ပြုနိုင်ရန် စနစ် တကျ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က အမေရိကန်၏ အာဏာသည် စစ်မှန်သော်လည်း ပထဝီဝင်အရ ကန့်သတ်ချက်ရှိပြီး မဟာဗျူဟာ မြောက် သတိထား ဆောင်ရွက်သည့် ပုံစံမျိုးသာ ဖြစ်ခဲ့သည်။
သို့သော် ဒုတိယကမ္ဘာစစ်နှင့် ဆိုဗီယက်ယူနီယံ၏ အင်အားကြီးထွားလာမှုတို့က ထိုအခြေအနေကို အခြေခံကျကျ ပြောင်းလဲစေခဲ့သည်။
အမေရိကန်သည် နေတိုးကဲ့သို့သော အဖွဲ့အစည်းများနှင့် မာရှယ်စီမံကိန်း (Marshall Plan) ကဲ့သို့သော မူဝါဒ များမှတဆင့် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု အခန်းကဏ္ဍကို လက်ခံကျင့်သုံးလာခဲ့သည်။

အမျိုးသားတစ်ဦး သတင်းအချက်အလက် စိစစ်နေစဉ်
သို့သော် စစ်အေးတိုက်ပွဲ အစောပိုင်းကာလ မဟာဗျူဟာများသည် လက်တွေ့ကျသော အခြေအနေပေါ်တွင်သာ အခြေခံခဲ့ကြသည်။
သမ္မတ ဒွိုက် အိုင်ဆင်ဟောင်ဝါ (Dwight Eisenhower) သည် "စစ်ဘက်-စက်မှု လုပ်ငန်းစုကြီးများ" (Military-Industrial Complex) ၏ အန္တရာယ်ကို သတိပေးခဲ့ပြီး အမြဲတမ်း စစ်အင်အား ပြင်ဆင်နေခြင်းသည် ဒီမိုကရေစီ နည်းကျ ထိန်းကျောင်းမှုများကို ပုံပျက်စေနိုင်သည့် အချက်ကို လက်ခံခဲ့သည်။
သမ္မတ ရော်နယ် ရေဂင် (Ronald Reagan) ကလည်း မူဝါဒရေးရာအရ ပြင်းထန်သည့် စကားလုံးများကို အသုံးပြု ခဲ့သော်လည်း လက်တွေ့တွင်မူ ဖိအားပေးခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့ကို ပေါင်းစပ်အသုံးပြုကာ တင်းမာမှုများ ကို လျှော့ချရန်သာ ကြိုးပမ်းခဲ့သည်။
ထိုအချိန်က အမေရိကန်၏ အာဏာကို ရှင်းလင်းသော ရည်မှန်းချက်များနှင့် သတ်မှတ်ထားသော အကန့်အသတ် များ၊ စည်းဘောင်များအတွင်း၌သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
စစ်အေးတိုက်ပွဲ ပြီးဆုံးသွားချိန်တွင် ထိုကဲ့သို့ ထိန်းချုပ် ကန့်သတ်မှုများကို ပြိုပျက်သွားစေခဲ့သည်။
ပြိုင်ဘက်ကင်းသွားသည့် အခါတွင် လစ်ဘရယ် အပြည်ပြည်ဆိုင်ရာဝါဒသည် အမေရိကန်၏ အာဏာကို ပုံစံ ပြောင်းလဲသွားစေခဲ့သည်။
ထို့နောက်တွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် စည်းမျဉ်းအခြေပြု အခင်းအကျင်း (Rules-based order) ဟူသော စကားလုံးများဖြင့် အခြားနိုင်ငံများ၏ အရေးကိစ္စများတွင် ကြားဝင်စွက်ဖက်ခြင်းကို သာမန်လုပ်ရပ် တစ်ခုအဖြစ် သတ်မှတ်လာခဲ့သည်။
အီရတ်၊ အာဖဂန်နစ္စတန်၊ လစ်ဗျားနှင့် ဆီးရီးယားနိုင်ငံများ၏ ဖြစ်ရပ်များက တစ်ထပ်တည်း တူညီနေသည့် သာဓကတစ်ခုကို ပြသရာရောက်ခဲ့သည်။
ထိုသာဓကမှာ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ပြီးနောက်တွင် ရေရှည် မတည်ငြိမ်မှုများ၊ မူလရည်မှန်း ချက်ထက် ကျော်လွန်လာသော စစ်ရေးချဲ့ထွင်မှုများနှင့် မဟာဗျူဟာမြောက် ကျိုးကြောင်းကွဲလွဲမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လေယာဉ်ကိုတွေ့ရစဉ်
စစ်ပွဲသည် နိုင်ငံခြားရေးမူဝါဒ၏ လက်နက် တစ်ခုမျှသာ မဟုတ်တော့ဘဲ အုပ်ချုပ်ရေးယန္တရား၏ အခြေအနေ တစ်ရပ် ဖြစ်လာခဲ့သည်။
ထိုကဲ့သို့ အခြေအနေမျိုးမှာပင် အမေရိကန် လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း (American Deep State) ဟုခေါ်သည့် အင်အားစုသည် အတွေးအမြင် တစ်ခုအဖြစ် မဟုတ်ဘဲ လုပ်ငန်းသဘာဝအရ အပြန်အလှန် အမှီပြုနေသည့် စနစ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
ကာကွယ်ရေး ကန်ထရိုက်တာများ၊ ထောက်လှမ်းရေးအေဂျင်စီများ၊ ဗျူရိုကရေစီအဖွဲ့အစည်းများ၊ ကျွမ်းကျင် ပညာရှင်အဖွဲ့များ၊ မီဒီယာအဖွဲ့အစည်းများနှင့် ပညာရှင် အသိုင်းအဝိုင်းများက အချင်းချင်း အားဖြည့်ပေးနေသည့် ဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်ခဲ့ကြသည်။
ထိုအုပ်စုများ၏ တရားဝင် တည်ရှိမှုသည် စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသော အကျပ်အတည်းများ အပေါ်တွင်သာ မူတည်နေခြင်းဖြစ်သည်။
ရွေးကောက်ပွဲများက နိုင်ငံ့ခေါင်းဆောင်များကိုသာ ပြောင်းလဲနိုင်ခဲ့သော်လည်း မူဝါဒ လမ်းကြောင်းများမှာမူ သိသိသာသာ တည်ငြိမ်နေခဲ့သည်။
ကျရှုံးမှုများကို လိုအပ်ချက် တစ်ခုအဖြစ် အသွင်ပြောင်းလဲခဲ့ကြပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများကိုမူ အဖွဲ့အစည်း အသီးသီးကြားတွင် အစဖျောက်ခဲ့ကြသည်။
ဘိုင်ဒန်အစိုးရ၏ ပြင်းထန်သော လစ်ဘရယ် အပြည်ပြည်ဆိုင်ရာဝါဒသို့ ပြန်လည်ကူးပြောင်းမှုသည် ထိုစနစ်ကြီး၏ စိတ်ပျက်ရသည့် အခြေအနေများကို ဖော်ထုတ်ပြသရာ ရောက်ခဲ့သည်။
ယူကရိန်းအရေးတွင် အမေရိကန်သည် နေတိုး အင်အားစု နယ်မြေ ချဲ့ထွင်ရေးနှင့် မဟာဗျူဟာမြောက် အရိပ် လက္ခဏာ ပြမှုများမှတဆင့် ရုရှားနှင့် ထိပ်တိုက်တွေ့ရန် တွန်းအားပေးခဲ့သော်လည်း ခိုင်မာသည့် သံတမန်ရေးရာ ထွက်ပေါက်တစ်ခုကိုမူ ရှာဖွေရန် ငြင်းဆန်ခဲ့သည်။
အချုပ်အခြာအာဏာကို ကိုယ်ကျင့်တရားအရ ကာကွယ်ခြင်းဟု အမည်တပ်ထားခြင်းသည် နောက်ဆုံးတွင် ယူကရိန်းအား ပျက်စီးစေခဲ့သလို ဥရောပစီးပွားရေးကို ကျပ်တည်းစေသည်။
ထို့နောက် ရုရှား၏ စစ်အင်အား ချဲ့ထွင်မှုကို ခိုင်မာစေပြီး ကမ္ဘာလုံးဆိုင်ရာ အားပြိုင်မှုများအား ပိုမိုနက်ရှိုင်းစေ သည့် ကြားခံစစ်ပွဲ (Proxy war) တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဂါဇာဒေသတွင် အမေရိကန်၏ မူဝါဒ မတည်ငြိမ်မှုနှင့် ဘက်ရွေးတတ်သည့် ကိုယ်ကျင့်တရား စံနှုန်းများသည် အစိုးရမဟုတ်သော လက်နက်ကိုင် အဖွဲ့အစည်းများကို ပိုမိုရဲတင်းလာစေခဲ့ပြီး အရပ်သားများအပေါ် ကြီးမားသော ဒုက္ခများကိုသာ ဖြစ်ပေါ်စေခဲ့သည်။
အမေရိကန်သည် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်သူ သို့မဟုတ် ပြတ်သားသော ဆုံးဖြတ်ချက် ချနိုင်သူအဖြစ် မပေါ်လွင်ဘဲ ဖြစ်ရပ်များအပေါ် တုန့်ပြန်ရုံ သက်သက်သာ လုပ်ဆောင်နိုင်သည့် အခြေအနေတွင် ရှိနေကာ စကားလုံးများနှင့် မြေပြင် အခြေအနေကြားတွင် ပိတ်မိနေခဲ့သည်။
ထရမ့်၏ ထွက်ပေါ်လာမှုသည် စစ်အေးတိုက်ပွဲလွန်ခေတ်က အမြစ်တွယ်နေသော အယူအဆဟောင်းများကို ပြတ်တောက်သွားစေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်
ထို့ပြင် သံတမန်ရေးရာကို ကိုယ်ကျင့်တရားဆိုင်ရာ အသိအမှတ်ပြုမှုအဖြစ် မဟုတ်ဘဲ အကျိုးအမြတ်အတွက် အသုံးချရမည့် လက်နက်တစ်ခုအဖြစ်သာ သဘောထားခဲ့သည်။
ထရမ့်သည် အီရန်နှင့် တင်းမာမှုများ မြင့်တက်လာခြင်းကို ရှောင်ရှားခဲ့ပြီး ရုရှားနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့မှု ကိုလည်း ငြင်းပယ်ခဲ့သည်။
ဆီးရီးယားနှင့် အာဖဂန်နစ္စတန်တို့တွင် အမေရိကန်၏ တပ်အင်အားကို လျှော့ချခဲ့ကာ ယခင်က မဆက်ဆံခဲ့သည့် ပြိုင်ဘက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
၎င်း၏ သမ္မတ သက်တမ်းအတွင်း ကြီးမားသော စစ်ပွဲအသစ်များ မရှိခြင်းက အမြဲတမ်း စစ်ရေး ပါဝင်ပတ်သက်မှု အပေါ် မှီခိုနေသော စနစ်ကြီးတစ်ခုလုံး သို့မဟုတ် Deep State အတွက် တိုက်ရိုက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာ ခဲ့သည်။
သို့သော် ထရမ့်သည် အမေရိကန်၏ လွှမ်းမိုးမှုကို မည်သည့်အခါကမျှ ဆန့်ကျင်ခဲ့ခြင်းမရှိပေ။
ထိုအချက်ကို ဗင်နီဇွဲလားနှင့် ဂရင်းလန်း (Greenland) ကိစ္စများတွင် မြင်တွေ့နိုင်သည်။
ထရမ့်အနေဖြင့် အင်အားသုံးရန် သို့မဟုတ် ဖိအားပေးရန် ဝန်မလေးခြင်းသည် Deep State နှင့် ၎င်းကြားက ပဋိပက္ခနှင့် ဆန့်ကျင်ဘက်ဖြစ်မနေဘဲ ၎င်း၏မူဝါဒကို ပိုပြီး ရှင်းလင်းသွားစေခြင်းဖြစ်သည်။
ထရမ့်သည် အာဏာအသုံးချမှုကို ဆန့်ကျင်ခြင်း မဟုတ်ဘဲ ထိုအာဏာကို Deep State အင်အားစုက ချုပ်ကိုင် ထားခြင်းကိုသာ ဆန့်ကျင်နေခြင်းဖြစ်သည်။
ရွေးကောက်ခံ မဟုတ်သည့် အင်အားစုများက စီမံခန့်ခွဲသည့် အခြေအနေထက် သမ္မတက တိုက်ရိုက်ထိန်းချုပ် သည့် တိုတောင်းပြီး အကျိုးအမြတ်ကို အခြေခံသော လုပ်ဆောင်ချက်များကိုသာ ထရမ့်ကို ပိုမိုနှစ်သက်သည်။
ဗင်နီဇွဲလားတွင် လုပ်ဆောင်ခဲ့သည့် အမေရိကန်၏ စစ်ဆင်ရေးက ထိုသဘောတရားကို ထင်ဟပ်စေသည်။
တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုသည့် ခေါင်းစဉ် တပ်ထားသော်လည်း လက်တွေ့တွင် အနောက် ကမ္ဘာခြမ်း၌ လွှမ်းမိုးမှုရယူရန်နှင့် ရေနံကြောင့်ဖြစ်သည်။
လက်ရှိ အမေရိကန်နိုင်ငံရေး အခင်းအကျင်းတွင် ဖြစ်ပွားနေသော သမ္မတထရမ့်နှင့် Deep State ကြား ထိပ်တိုက် တွေ့ဆုံမှုသည် ရိုးရှင်းသော ပုဂ္ဂိုလ်ရေး ရန်ငြိုးဖွဲ့မှု မဟုတ်ပေ။
အမေရိကန်၏ အချုပ်အခြာအာဏာကို မည်သို့ အသုံးချမည်နည်းဆိုသည့် မတူညီသော ပုံစံနှစ်ခုကြား အားပြိုင်နေ သည့် ဖွဲ့စည်းပုံဆိုင်ရာ တိုက်ပွဲ (Structural Battle) တစ်ခု ဖြစ်သည်။
ထရမ့်၏ နိုင်ငံခြားရေးမူဝါဒသည် အစဉ်အလာ သံတမန်ရေးရာ စံနှုန်းများကို ဖယ်ရှားခဲ့ပြီး ဗင်နီဇွဲလား၏ ရေနံ အပေါ် အာရုံစိုက်မှုနှင့် ဂရင်းလန်းကျွန်းကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများသည် မွန်ရိုးဝါဒကို ပြန်လည်နိုးထစေခဲ့ သည်။
တစ်ဖက်တွင် Deep State ဟုခေါ်သည့် ဗျူရိုကရေစီ ယန္တရားသည် ၎င်းတို့၏ အာဏာကို စည်းမျဉ်းအခြေပြုမှုနှင့် လူသားချင်းစာနာမှုဟူသော ပုံရိပ်များနောက်တွင် တည်ဆောက်ထားသည်။
ထရမ့်က ဆုံးဖြတ်ချက်ချသည့် အာဏာကို သမ္မတထံတွင်သာ ဗဟိုပြုစေလိုပြီး အစဉ်အလာ လုပ်ထုံးလုပ်နည်းများ ကို လျစ်လျူရှုမှုများသည် Deep State ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်စိန်ခေါ်ရာ ရောက်သည်။
ထို့ကြောင့် Deep State သည် ထောက်လှမ်းရေး သတင်းများ ပေါက်ကြားစေခြင်းနှင့် မီဒီယာများမှတဆင့် တိုက်ခိုက်ခြင်းများသည် ထရမ့်ကို ပုဂ္ဂိုလ်ရေး မနှစ်သက်မှုကြောင့်သာ မဟုတ်ဘဲ ၎င်းတို့၏ တည်ရှိမှုနှင့် လွှမ်းမိုး မှုကို ကာကွယ်ရန် တုန့်ပြန်ခြင်းသာ ဖြစ်သည်။
ခြုံငုံသုံးသပ်ရမည်ဆိုပါက ထရမ့်နှင့် Deep State အကြား အားပြိုင်မှုသည် အမေရိကန်နိုင်ငံရေး၏ နက်ရှိုင်းသော အကျပ်အတည်းကို ထင်ဟပ်နေသည်ဟု မှတ်ယူနိုင်ပေသည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 152
CNI Sport Article
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့်ဟာ ကစားဖို့ ၁ ပွဲသာ ကျန်ရှိတော့တာကြောင့် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်မယ့် အသင်း ၈ သင်း၊ ပလေးအော့ဖ် ကစားရမယ့် အသင်း ၁၆ သင်းဟာ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့သာ ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ထားနိုင်တဲ့ အတွက် ကျန်တဲ့အသင်းတွေဟာ နောက်ဆုံးပွဲမှာ ရလဒ်ကောင်းရရှိဖို့ ကြိုးပမ်းရတော့မှာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၇ ပွဲစလုံး အနိုင်ရထားပြီး နောက်ဆုံးပွဲမှာ ကိုင်ရတ်အသင်းနဲ့ ကစား ရမှာဖြစ်လို့ ရာနှုန်းပြည့်အနိုင်နဲ့ League Phase အဆင့်ကို အဆုံးသတ်ရဖို့ ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကလည်း PSV အသင်းနဲ့ ကစားရမယ့် နောက်ဆုံးပွဲမှာ ရမှတ် ၁ မှတ် ရယူနိုင်တာနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်ဖို့ သေချာမှာ ဖြစ်ပါတယ်။ ထိပ်ဆုံး ၂ သင်းဟာ လာမယ့် အဆင့်တိုင်းမှာ ဒုတိယအကျော့ကို အိမ်ကွင်းကစားရမှာဖြစ်လို့ အားသာချက်ရရှိမှာပါ။

ဘိုင်ယန်မြူးနစ်အသင်းကိုတွေ့ရစဉ်
အဆင့် ၃ နေရာက ရီးရယ်လ်အသင်း၊ အဆင့် ၄ နေရာက လီဗာပူးလ်အသင်း၊ အဆင့် ၅ နေရာက စပါးအသင်းတို့ ဟာ နောက်ဆုံးပွဲမှာ အနိုင်ရတာနဲ့ ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်မှာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းက ဘင်ဖီကာအသင်း၊ လီဗာပူးလ်အသင်းက ကာရာဘတ်အသင်း၊ စပါးအသင်းက ဖရန့်ဖတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အဆင့် ၆ နေရာက PSG အသင်းကနေ အဆင့် ၁၃ နေရာက အတ္တလန်တာအသင်းတို့ဟာ ရမှတ် ၁၃ မှတ်ချင်း တူညီနေတာကြောင့် အားပြိုင်မှုတွေက ပိုပြီးပြင်းထန်ဖို့ ရှိနေပါတယ်။
နယူးကာဆယ်၊ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ အနိုင်ရဖို့ လိုအပ်နေသလို သူတို့ရဲ့ကံကြမ္မာဟာ ဂိုးကွာခြား ချက်အပေါ်မှာ မူတည်နေပါတယ်။

မန်စီးတီးအသင်းကိုတွေ့ရစဉ်
နယူးကာဆယ်အသင်းဟာ PSG အသင်း အိမ်ကွင်း သွားရောက် ကစားရမှာဖြစ်လို့ ခက်ခဲနိုင်ပြီး ချယ်လ်ဆီး အသင်းကလည်း အဝေးကွင်းမှာ နာပိုလီအသင်း၊ မန်စီးတီးအသင်းကတော့ အိမ်ကွင်းမှာ ဂါလာတာစာရေး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ထိပ်ဆုံး ၈ နေရာထဲက ကျန်ရှိတဲ့ ၆ နေရာအတွက် အသင်း ၁၆ သင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးပွဲမှာ ဒီအထဲကအသင်းတွေ ထိပ်တိုက်တွေ့တဲ့ပွဲက ၂ ပွဲသာရှိပါတယ်။
ဒီပွဲတွေကတော့ PSG နဲ့ နယူးကာဆယ်၊ ဒေါ့မွန်နဲ့ အင်တာမီလန်အသင်း ပွဲစဉ်တွေ ဖြစ်ပါတယ်။ အဆင့် ၃၂ နေရာ မှာ ရပ်တည်နေတဲ့ အေဂျက်စ်အသင်းထိ အားလုံးပါဝင်နေသေးတဲ့ ပလေးအော့ဖ် နေရာအတွက် ယှဉ်ပြိုင်မှုတွေ ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ပွဲစဉ် ၇ အပြီးမှာ ဖရန့်ဖတ်၊ ဆလားဗီးယား၊ ဗီလာရီးရယ်လ်နဲ့ ကိုင်ရတ်အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာထားရတာပါ။

ရီးရယ်လ်အသင်းကို တွေ့ရစဉ်
အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ မာဆေးလ်အသင်းနဲ့ အေဂျက်စ်အသင်းတို့အကြားမှာ ရမှတ်ကွာဟမှုက ၃ မှတ်သာရှိပါတယ်။ နာပိုလီ၊ ဘင်ဖီကာအသင်းတို့လို အသင်းကြီးတွေဟာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာရမယ့် အခြေအနေမှာ ရှိနေပါတယ်။
သူတို့ ၂ သင်းဟာ ချယ်လ်ဆီး၊ ရီးရယ်လ်အသင်းတို့နဲ့ တွေ့ဆုံရမှာဖြစ်လို့ ပလေးအော့ဖ် ဝင်ခွင့်အတွက် ယှဉ်ပြိုင် ခွင့် ရယူနိုင်ဖို့ မျှော်လင့်ချက် အလွန်နည်းနေပါတယ်။ League Phase နောက်ဆုံးပွဲကတော့ အသင်းတိုင်းရဲ့ မျှော်လင့်ချက် ကိုယ်စီအတွက် အလွန်အရေးပါနေတာကြောင့် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
အဲဒါကြောင့် ဘယ်အသင်းတွေက အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်မလဲ၊ ဘယ်အသင်းတွေက ပလေးအော့ဖ် ဝင်ခွင့်သာရပြီး ဘယ်အသင်းတွေက ထွက်ခွာရမလဲ ဆိုတာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: ဆောင်းပါး
- Hits: 324
CNI Article
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇
ဗင်နီဇွဲလားနိုင်ငံတွင် နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများဖြင့် ဖွဲ့စည်းထားသည့် သြဇာကြီးမားသော လူနည်းစုသည် ၎င်းတို့အား သစ္စာခံသည့် ကွန်ရက်များနှင့် လုံခြုံရေးအေဂျင်စီများ၏ အကူအညီဖြင့် အာဏာကို ရေရှည်ဆုပ်ကိုင်ထားနိုင်ခဲ့ကြသည်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) ကို ရာထူးမှ ဖယ်ရှားလိုက်နိုင်သော်လည်း ထိုအာဏာရှင် စနစ်မှာ ဆက်လက် ရှင်သန်နေဆဲဖြစ်သည်။
ဗင်နီဇွဲလားနိုင်ငံ၏ အာဏာဖွဲ့စည်းပုံနှင့် ဗင်နီဇွဲလား၏ အနာဂတ်ကို ပုံဖော်နေသည့် အမေရိကန်အရာရှိများ အကြောင်းကို လေ့လာဆန်းစစ်ကြည့် ရမည်ဆိုပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။
¤ ဗင်နီဇွဲလား
ဒယ်လ်စီ ရော့ဒရီဂွက်ဇ် (DELCY RODRIGUEZ)
*****************************************
သူကဘယ်သူလဲ - ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဖြစ်သည်။
နောက်ခံနှင့် တာဝန် - မာဒူရိုအစိုးရ လက်ထက်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ယခု အခါ အမေရိကန်၏ ကြီးကြပ်မှုအောက်တွင် နိုင်ငံကို စီမံခန့်ခွဲနေရသူ ဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - ဒယ်လ်စီသည် ဝါရင့်ရှေ့နေတစ်ဦးဖြစ်သလို ပါတီတွင်း ဝါရင့်အရာရှိတစ်ဦးလည်း ဖြစ်သည်။ ဒုတိယသမ္မတ၊ ရေနံဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီး တာဝန်များကို ယူခဲ့စဉ်က စီးပွားရေးအာဏာ အားလုံးကို ဆုပ်ကိုင်ထားနိုင်ခဲ့၍ သူမကို ဘုရင်မ (Tsarina) ဟု တင်စားခေါ်ဝေါ်ကြသည်။
မာဒူရိုအစိုးရတွင် တာဝန် ထမ်းဆောင်ခဲ့ခြင်းကြောင့် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုအောက်တွင် ရှိနေဆဲ ဖြစ်သော်လည်း ယခုအခါ အမေရိကန်အစိုးရ၏ ယုံကြည်မှုကို ရရှိထားသည်။
အထူးသဖြင့် အမေရိကန် ရေနံကုမ္ပဏီကြီးများက ပျက်စီးယိုယွင်းနေသော ဗင်နီဇွဲလား၏ စွမ်းအင်ကဏ္ဍကို ပြန်လည် တည်ဆောက်ရန်အတွက် ဒယ်လ်စီကို အသင့်တော်ဆုံးနှင့် အတူတကွ အလုပ်နိုင်ဆုံးသူအဖြစ် ရှုမြင်ကြသည်။

ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီ ရော့ဒရီဂွက်ဇ်ကို တွေ့ရစဉ်
ဂျော့ချ် ရော့ဒရီဂွက်ဇ် (JORGE RODRIGUEZ)
*****************************************
သူက ဘယ်သူလဲ - ယာယီသမ္မတ ဒယ်လ်စီ၏ အစ်ကိုဖြစ်ပြီး ၂၀၂၁ ခုနှစ်မှစ၍ ဗင်နီဇွဲလား အမျိုးသားလွှတ်တော် ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။
နောက်ခံနှင့် တာဝန် - အာဏာရ ဆိုရှယ်လစ်ပါတီက အပြတ်အသတ် အင်အားသာလွန်သော လွှတ်တော်ယန္တရား တစ်ခုလုံးကို ဦးဆောင်ထားသည်။
ဘာကြောင့် အရေးပါသနည်း - ဂျော့ချ်သည် မာဒူရိုအစိုးရ လက်ထက်ကတည်းက အမေရိကန်၊ နိုင်ငံရေး အတိုက် အခံများနှင့် ဆက်သွယ်ညှိနှိုင်းရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။ ယခင်က ရွေးကောက်ပွဲဆိုင်ရာ သတ်မှတ်ချက်များနှင့် အကျဉ်းသားလွှတ်ပေးရေး ဆွေးနွေးမှုများကို ဦးဆောင်ခဲ့သူဖြစ်သည်။
ဂျော့ချ်သည် ဒယ်လ်စီနှင့်အတူ ပြည်ပအစိုးရများနှင့် လက်တွေ့ကျကျ ညှိနှိုင်းဆွေးနွေးနိုင်သူ တစ်ဦးအဖြစ် ရှုမြင် ခံထားရပြီး နောက်ထပ် နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်လာနိုင်စေရန် ရေနံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များကို ရှေ့တန်းမှ ဦးဆောင်လာလိမ့်မည်ဟု အမေရိကန်က ခန့်မှန်းထားသည်။
ဒီအိုဒါဒို ကာဘယ်လို (DIOSDADO CABELLO)
*******************************************
သူက ဘယ်သူလဲ - ဗင်နီဇွဲလားနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီး ဖြစ်သည်။
နောက်ခံနှင့် တာဝန် - ကာဘယ်လိုသည် ဗင်နီဇွဲလားနိုင်ငံ၏ စစ်ဘက်ထောက်လှမ်းရေးအေဂျင်စီ (DGCIM) နှင့် Colectivos ဟုခေါ်သော လက်နက်ကိုင်အဖွဲ့များအပေါ် သြဇာလွှမ်းမိုး ထားနိုင်မှုကြောင့် လေးစားခံရသူဖြစ်သည်။
Colectivos အဖွဲ့များသည် အာဏာရပါတီနှင့် မဟာမိတ်ပြုထားသည့် မော်တော်ဆိုင်ကယ် ဂိုဏ်းများဖြစ်ပြီး အတိုက်အခံများနှင့် အတိုက်အခံ ထောက်ခံသူများကို ခြိမ်းခြောက် နှိပ်ကွပ်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြား သည်။
ဘာကြောင့် အရေးပါသနည်း - ကာဘယ်လိုကို ဗင်နီဇွဲလားတွင် ဖိနှိပ်မှုများ၏ အဓိက လက်သည်အဖြစ် လည်း ကောင်း၊ "ချားဗက်စ်ဝါဒ" (Chavismo) ကို လက်ဆင့်ကမ်းနေသည့် အဓိက ခေါင်းဆောင်အဖြစ် လည်းကောင်း ရှုမြင်ကြသည်။
သူသည် မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုဆိုင်ရာ စွဲချက်များဖြင့် အမေရိကန်၏ တရားစွဲဆိုခြင်းကို ခံထားရသော် လည်း ထိုစွဲချက်များကို ငြင်းဆိုထားသည်။
အမေရိကန်က ၎င်းအား ဖမ်းဆီးနိုင်ရန်အတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၅ သန်း ထုတ်ထားသည်။
လက်ရှိတွင် ကာဘယ်လို အနေဖြင့် ယာယီသမ္မတ ဒယ်လ်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက အမေရိကန်၏ ဖမ်းဆီးမှုကို ခံရမည့် အဓိက ပစ်မှတ်ဖြစ်လာနိုင်ကြောင်း ထင်ကြေးပေးခံထားရသည်။

ဗင်နီဇွဲလား အလံကို တွေ့ရစဉ်
ဗလာဒီမာ ပါဒရီနို (VLADIMIR PADRINO)
************************************
သူက ဘယ်သူလဲ - ဗင်နီဇွဲလားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ဖြစ်သည်။
နောက်ခံနှင့် တာဝန် - ပါဒရီနိုသည် လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို ကွပ်ကဲသူဖြစ်သည်။
အမေရိကန် အရာရှိများကမူ မာဒူရိုအလွန် အကူးအပြောင်း ကာလအတွင်း အာဏာလေဟာနယ် မဖြစ်စေရန် အတွက် ၎င်း၏အခန်းကဏ္ဍမှာ အလွန်အရေးကြီးသည်ဟု ရှုမြင်ထားသည်။
သူက ဘာကြောင့် အရေးပါသနည်း - ပါဒရီနိုသည် ကာဘယ်လို ထက်စာလျှင် ဝါဒစွဲ နည်းပါးသူ ဖြစ်သည်။
ပါဒရီနိုသည် ယာယီသမ္မတ ဒယ်လ်စီကို သစ္စာခံမည်ဟု ကတိပြုထားပြီး၊ ၎င်း၏ လွတ်မြောက်ရာ လွတ်မြောက် ကြောင်းအတွက် အမေရိကန်၏ လမ်းညွှန်ချက်များကို လိုက်နာမည့်သူအဖြစ် ယူဆခြင်းခံရသည်။
ပါဒီရီနိုသည် အမေရိကန်၏ မူးယစ်ဆေးဝါး မှောင်ခိုမှုစွဲချက်ဖြင့် တရားစွဲခံထားရပြီး ဒေါ်လာ ၁၅ သန်း ဆုကြေးငွေ ထုတ်ပြန်ခံထားရသော်လည်း ကာကွယ်ရေးဝန်ကြီးရာထူးကို ၁၁ နှစ်ကျော်တိုင်အောင် ဆုပ်ကိုင်ထားနိုင်သူ ဖြစ် သည်။
မာရီယာ ကိုရီနာ မာချာဒို (MARIA CORINA MACHADO)
***************************************************
သူက ဘယ်သူလဲ - ဗင်နီဇွဲလားနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဖြစ်သည်။
နောက်ခံနှင့် တာဝန် - မာချာဒိုသည် ၎င်း၏ ဘဝသက်တမ်း တစ်လျှောက်လုံး အာဏာရပါတီကို ရာထူးမှ ဖယ်ရှား ရန် ကြိုးပမ်းခဲ့ပြီး ၎င်းအား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲထားသည့် မာဒူရိုအစိုးရ၏ အလွဲသုံးစားမှုများကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သူဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - မာချာဒိုသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီ ပြုလုပ်ခဲ့သော အတိုက် အခံ ပါတီများ၏ ပဏာမ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။
သို့သော် မာဒူရိုအစိုးရက ၎င်းအား အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့သည်။
မာချာဒိုသည် အမေရိကန် အစိုးရအဖွဲ့ဝင် အချို့နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေသော်လည်း အမေရိကန်သမ္မတ ထရမ့်ကမူ မာချာဒိုသည် နိုင်ငံကို အုပ်ချုပ်ရန် ထောက်ခံမှု အလုံအလောက် မရှိကြောင်း ပြောကြားထားသည်။
¤ အမေရိကန်
မာကို ရူဘီယို (MARCO RUBIO)
*******************************
သူက ဘယ်သူလဲ - အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ယာယီအကြံပေးပုဂ္ဂိုလ် ဖြစ်သည်။
နောက်ခံနှင့် တာဝန် - သမ္မတ ထရမ့်ပြီးလျှင် ရူဘီယိုသည် ဗင်နီဇွဲလားဆိုင်ရာ စစ်ဆင်ရေးများတွင် လူသိအများ ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
ဗင်နီဇွဲလား ခေါင်းဆောင်များအား အမေရိကန်၏ လမ်းညွှန်ချက်များကို လိုက်နာလာစေရန် ဖိအားပေးသည့် လုပ်ငန်းစဉ်များတွင် ရူဘီယိုသည် အဓိကနေရာမှ ပါဝင်ခဲ့သည်။
ဘာကြောင့် အရေးပါသနည်း - ကျူးဘားနွယ်ဖွား အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်ပြီး စပိန်ဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်သည့် ရူဘီယိုသည် လက်တင်အမေရိက အရေးကိစ္စများကို ကာလရှည်ကြာ ကိုင်တွယ် လာခဲ့သူဖြစ်သည်။
မာဒူရိုကို ရာထူးမှ ဖယ်ရှားနိုင်ခြင်းသည် ၎င်း၏ မျှော်မှန်းချက်တစ်ခု အောင်မြင်သွားခြင်းဖြစ်ပြီး နောက်ထပ် တစ်ဆင့် အနေဖြင့် ကျူးဘားအစိုးရကိုပါ ပြောင်းလဲပစ်ချင်သည်ဟု ပြောကြားထားသည်။
သူသည် ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံလျက် ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုကို တွေ့ရစဉ်
ဂျွန် ရက်ကလစ်ဖ် (JOHN RATCLIFFE)
***********************************
သူက ဘယ်သူလဲ - အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ၏ ညွှန်ကြားရေးမှူး ဖြစ်သည်။
နောက်ခံနှင့် တာဝန် - ရက်ကလစ်ဖ်သည် အမေရိကန်၏ ထောက်လှမ်းရေး အဖွဲ့အစည်းကို ဦးဆောင်သူဖြစ်ပြီး ဗင်နီဇွဲလားအရေးကို လပေါင်းများစွာ ကြိုတင်ပြင်ဆင် ကိုင်တွယ်ခဲ့သည့် အဓိက အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - သမ္မတ ထရမ့်၏ အမာခံ မဟာမိတ်ဖြစ်သည့် ရက်ကလစ်ဖ်သည် ရူဘီယို၊ အိမ်ဖြူ တော် လက်ထောက် စတီဖင် မေလာ (Stephen Miller) နှင့် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက် (PETE HEGSETH) တို့ ပါဝင်သော ဗင်နီဇွဲလားဆိုင်ရာ ဦးဆောင်မှုအဖွဲ့၏ နေ့စဉ်နီးပါး ပြုလုပ်သည့် အစည်းအဝေးများနှင့် ဖုန်းဖြင့် ဆွေးနွေးမှုများတွင် ပါဝင်လေ့ရှိသည်။
မာဒူရိုကို ဗင်နီဇွဲလား နိုင်ငံအတွင်းမှ လျှို့ဝှက်စွာ ဖယ်ရှားလိုက်သည့် စစ်ဆင်ရေးတွင် CIA သည် အလွန်အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှစ၍ ဗင်နီဇွဲလား မြေပြင်တွင် CIA အဖွဲ့ငယ်လေးတစ်ခု စတင်အခြေချခဲ့ပြီး ၎င်းတို့သည် စစ်ဆင်ရေး စတင်ချိန်တွင် မာဒူရို၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ မာဒူရိုရှိနေသည့် တိကျသော နေရာကို ထောက်လှမ်းပေးနိုင်ခဲ့ကြသည်။
စတီဖင် မီလာ (STEPHEN MILLER)
***********************************
သူက ဘယ်သူလဲ - အိမ်ဖြူတော်၏ မူဝါဒဆိုင်ရာ ဒုတိယအရာရှိချုပ် ဖြစ်သည်။
နောက်ခံနှင့် တာဝန် - မီလာသည် ဗင်နီဇွဲလား အပါအဝင် လက်တင်အမေရိကနိုင်ငံများကို အဓိက ပစ်မှတ်ထား သည့် သမ္မတ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်သော အစီအစဉ်များကို ရေးဆွဲခဲ့သူဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - မီလာသည် အိမ်ဖြူတော် အနောက်ဘက်ဆောင်၏ ကဏ္ဍအသီးသီးအပေါ် ကြီးမား သော သြဇာအာဏာကို ကျင့်သုံးသူ ဖြစ်သည်။
၎င်း၏ ဦးဆောင်မှုအောက်တွင် အစိုးရအဖွဲ့သည် တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးမှုများကို သိသိသာ သာ တိုးမြှင့်ခဲ့ပြီး ပြည်နှင်ဒဏ် ပေးခြင်းဆိုင်ရာ ဥပဒေကြောင်းအရ ကန့်သတ်ချက်များကို အစွမ်းကုန် တွန်းအား ပေးခဲ့သည်။
ယခုအခါ သူသည် နိုင်ငံခြားအစိုးရ တစ်ခုကို ဖယ်ရှားခြင်းဖြစ်စေ သို့မဟုတ် ဂရင်းလန်း (Greenland) ကျွန်းကို လိုအပ်သည့် နည်းလမ်းဖြင့် သိမ်းပိုက်ခြင်းဖြစ်စေ "ကမ္ဘာကြီးကို အင်အားဖြင့်သာ အုပ်ချုပ်သည်" ဟူသော အယူအဆကို ပြတ်ပြတ်သားသား ဖော်ထုတ်ပြောကြားနေသူ ဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကို တွေ့ရစဉ်
ပိ ဟက်ဆက် (PETE HEGSETH)
****************************
သူက ဘယ်သူလဲ - အမေရိကန်ပြည်ထောင်စု၏ ကာကွယ်ရေးဝန်ကြီး ဖြစ်သည်။
နောက်ခံနှင့် တာဝန် - မာဒူရိုကို ဗင်နီဇွဲလားနိုင်ငံမှ ဖယ်ရှားခဲ့သည့် စစ်ဆင်ရေး အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန်၏ စစ်ဆင်ရေးအားလုံးအတွက် တာဝန်ရှိသူဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - ဟက်ဆက်သည် မကြာသေးမီလများအတွင်း ကာရစ်ဘီယံ ပင်လယ်ပြင်၌ အမေရိကန် စစ်အင်အားကို အလုံးအရင်းဖြင့် တိုးမြှင့်ချထားရန် စီစဉ်ညွှန်ကြားခဲ့သူဖြစ်ပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးသည်ဟု သံသယရှိရသော သင်္ဘောများကို ပြင်းထန်စွာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် စစ်အင်အားကို အသုံးပြုပြီး မာဒူရိုကို ဖမ်းဆီးနိုင်ခဲ့သည့် လျှပ်တပြက် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည်။
လက်ရှိ ဗင်နီဇွဲလား အစိုးရအနေဖြင့် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက နောက်ထပ် စစ်ရေးအရ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နိုင်သည်ဟူသော "အင်အားသုံး ခြိမ်းခြောက်မှု" ကိုလည်း ဟက်ဆက်က ကိုင်စွဲ ထားသည်။
ခရစ် ရိုက် (CHRIS WRIGHT)
******************************
သူက ဘယ်သူလဲ - အမေရိကန်ပြည်ထောင်စု၏ စွမ်းအင်ဝန်ကြီး ဖြစ်သည်။
နောက်ခံနှင့် တာဝန် - ဗင်နီဇွဲလား၏ အနာဂတ် ရေနံလုပ်ငန်းနှင့် ကုန်သွယ်ရေး အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန်၏ စွမ်းအင်မူဝါဒများအတွက် တာဝန်ရှိသူဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - ဗင်နီဇွဲလား၏ ရေနံကဏ္ဍကို ပြန်လည် တည်ဆောက်မည့် ထရမ့်၏ စီမံကိန်းကို အကောင်အထည်ဖော်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသည်။
အမေရိကန်ကုမ္ပဏီဖြစ်သော Chevron အနေဖြင့် ဗင်နီဇွဲလားတွင် လုပ်ငန်းများ ပိုမိုတိုးချဲ့လာမည်ဟု မျှော်လင့်ရ သလို ဗင်နီဇွဲလားတွင် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့သည့် ConocoPhillips နှင့် Exxon Mobil တို့လည်း ပြန်လည် ဝင်ရောက်လာလိမ့်မည်ဟု ရိုက်က ပြောကြားခဲ့သည်။
ထို့ပြင် ရိုက်က ဗင်နီဇွဲလားကို တရုတ်နိုင်ငံ၏ လက်ဝေခံနိုင်ငံ ဖြစ်လာရန် အမေရိကန်က ခွင့်ပြုမည် မဟုတ် ကြောင်း၊ သို့သော် တရုတ်နိုင်ငံသို့ ရေနံရောင်းချမှုကိုမူ ဆက်လက် ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: ဆောင်းပါး
- Hits: 240
CNI Sport Article
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆
မော်ရိုကိုနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၂၀၂၅ အာဖရိကဖလား ပြိုင်ပွဲကတော့ နောက်ဆုံးဗိုလ်လုပွဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်မှာ နိုင်ဂျီးရီးယားနဲ့ အီဂျစ်အသင်းတို့ကို အနိုင်ရခဲ့တဲ့ မော်ရိုကိုနဲ့ ဆီနီဂေါအသင်းတို့ဟာ ဗိုလ်လုပွဲမှာ တွေ့ဆုံရမှာပါ။
မော်ရိုကိုနဲ့ ဆီနီဂေါအသင်းတို့ဟာ အာဖရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁ ကြိမ်စီ ရရှိထားတာကြောင့် ဒုတိယအကြိမ်မြောက် ရယူနိုင်ဖို့ ကြိုးစားကြတော့မှာ ဖြစ်ပါတယ်။
အိမ်ရှင်မော်ရိုကိုအသင်းဟာ ၂၀၀၄ ခုနှစ် ပြိုင်ပွဲနောက်ပိုင်း အာဖရိကဖလား ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ပြန်တက်နိုင်ခဲ့တာဖြစ်ပြီး ၁၉၇၆ ခုနှစ်က ဆုဖလား ရယူပြီးနောက် နှစ်ပေါင်း ၅၀ အကြာမှာ ဆုဖလားပြန်ပြီး ရယူနိုင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့ပါတယ်။
ဆီနီဂေါအသင်းကတော့ ၂၀၂၁ ခုနှစ်ကပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် နောက်ဆုံးကျင်းပခဲ့တဲ့ ပြိုင်ပွဲအပြီးမှာ ဆုဖလားကို ပြန်ပြီးရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
အိမ်ရှင်အသင်းလည်း ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ကွင်းလုံးပြည့် အားပေးမှုကို ရရှိထားတဲ့ မော်ရိုကိုအသင်း ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထရပြီးကတည်းက သူတို့ရဲ့ အကောင်းဆုံးပုံစံကို ဆက်ပြီး ထိန်းသိမ်း နိုင်ခဲ့ပါတယ်။
မော်ရိုကိုအသင်းဟာ နောက်ပိုင်းပွဲတွေမှာ ရှုံးပွဲမရှိခဲ့ဘဲ အာဖရိကဖလား ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။

ဆီနီဂေါအသင်းကို တွေ့ရစဉ်
မော်ရိုကိုအသင်းဟာ အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲ ရောက်တဲ့အထိ လမ်းကြောင်းမှာ သွင်းဂိုး ၉ ဂိုးသွင်းနိုင်ခဲ့ပြီး ပေးဂိုး ၁ ဂိုးသာ ခွင့်ပြုခဲ့ရပါတယ်။
ပေးခဲ့ရတဲ့ ပေးဂိုးကလည်း ပယ်နယ်တီကနေ ပေးခဲ့ရတာကြောင့် မော်ရိုကိုအသင်းရဲ့ တိုက်စစ်နဲ့ ခံစစ်စွမ်းဆောင် ရည်တွေကို မြင်တွေ့နိုင်တာ ဖြစ်ပါတယ်။
မော်ရိုကိုအသင်းဟာ အုပ်စုအဆင့်မှာ ကိုမိုရို့စ်၊ မာလီနဲ့ ဇမ်ဘီယာအသင်းတို့ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ၁၆ သင်း အဆင့်မှာ တန်ဇန်နီးယား၊ ကွာတားဖိုင်နယ်မှာ ကင်မရွန်းနဲ့ ဆီမီးဖိုင်နယ်မှာ နိုင်ဂျီးရီးယား အသင်းတို့ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။
၂၀၂၅ ပြိုင်ပွဲမတိုင်မီ နောက်ဆုံး ကျင်းပခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲ ၃ ကြိမ်မှာ ဗိုလ်လုပွဲ ၂ ကြိမ်အထိ တက်ခဲ့တဲ့ ဆီနီဂေါအသင်းဟာ ဘရာဇီးလ်အသင်းကို ခြေစမ်းပွဲမှာ အရေးနိမ့်ခဲ့တဲ့ ပွဲကလွဲပြီး နောက်ဆုံး ကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေ ဆက်တိုက် ပိုင်ဆိုင်ထားတာပါ။

မော်ရိုကိုအသင်းကို တွေ့ရစဉ်
ဆီနီဂေါအသင်းဟာ အုပ်စုအဆင့်မှာ ကွန်ဂို၊ ဘီနင်နဲ့ ဘော့ဆွာနာအသင်းတို့ကို ကျော်ဖြတ်ခဲ့ပြီး ၁၆ သင်း အဆင့် မှာ ဆူဒန်၊ ကွာတားဖိုင်နယ်မှာ မာလီနဲ့ ဆီမီးဖိုင်နယ်မှာ အီဂျစ်အသင်းတို့ကို အနိုင်ရခဲ့ပါတယ်။
ဆီနီဂေါအသင်းဟာ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့တဲ့ လမ်းကြောင်းမှာ ၁၂ ဂိုးသွင်းပြီး သွင်းဂိုး ၂ ဂိုး ခွင့်ပြုခဲ့ရ တာပါ။
ဆီနီဂေါအသင်းဟာ မော်ရိုကိုအသင်းလိုပဲ အကောင်းဆုံး တိုက်စစ်နဲ့ ခံစစ်စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန်နဲ့ ရောက်ရှိလာခဲ့တဲ့ အကောင်းဆုံးအသင်း ၂ သင်းရဲ့ ပွဲကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဆီနီဂေါနဲ့ မော်ရိုကို တွေ့ရစဉ်
မော်ရိုကိုနဲ့ ဆီနီဂေါအသင်းတို့ဟာ ခြေစမ်းပွဲတွေမှာ နောက်ဆုံး တွေ့ဆုံခဲ့ကြပြီး မော်ရိုကိုအသင်းက အနိုင်ရ ခဲ့တယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ထိပ်တိုက် တွေ့ဆုံမှုနည်းတဲ့ ဒီ ၂ သင်းရဲ့ အာဖရိကဖလား ဗိုလ်လုပွဲမှာ အိမ်ရှင် ပရိသတ်တွေရဲ့အားနဲ့ မော်ရိုကို အသင်း ချန်ပီယံဆုကို ကိုင်မြှောက်နိုင်မလား ဒါမှမဟုတ် ဆီနီဂေါအသင်းက ချန်ပီယံဆုကို ကိုင်မြှောက်ပြီး သူတို့ရဲ့နိုင်ငံထံ ပြန်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 361
CNI International Article
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မွန်ရိုးဝါဒ (Monroe Doctrine) ကို ပြန်လည် အသက် သွင်းပြီး ၎င်း၏အမည်နှင့် ပေါင်းစပ်ကာ ဒွန်ရိုးဝါဒ (Donroe Doctrine) ဟု အမည်ပြောင်းလဲလိုက်ခြင်းသည် အမေရိကန်အစိုးရ အနေဖြင့် ၂၁ ရာစု၏ လက်တွေ့ကျသော အင်အားချိန်ခွင်လျှာ အပြောင်းအလဲနှင့် လိုက်လျော ညီထွေ မဖြစ်မှုကို ပြသနေသည့် နောက်ထပ် သာဓကတစ်ခုဖြစ်သည်။
မွန်ရိုးဝါဒဆိုသည်မှာ ၁၈၂၃ ခုနှစ်တွင် အမေရိကန်သမ္မတ ဂျိမ်းစ် မွန်ရိုး (James Monroe) လက်ထက်က စတင် ကျင့်သုံးခဲ့သည့် “အမေရိကတိုက်အတွင်း ဥရောပနိုင်ငံများ ဝင်ရောက် မစွက်ဖက်ရ” ဆိုသည့် ဝါဒဖြစ်သည်။
ယခုအခါတွင် ထရမ့်၏ အမည် Donald ၏ရှေ့စာလုံး Don ဟူသည့် စကားလုံးနှင့် Monroe ၏အမည် နောက်ဆုံး စာလုံးသုံးလုံး roe တို့ကို ပေါင်းကာ ထရမ့်၏ နိုင်ငံခြားရေးမူဝါဒကို ဒွန်ရိုးဝါဒ (Donroe Doctrine) ဟု ရည်ညွှန်း ဖော်ပြခြင်းဖြစ်သည်။
သို့သော် ထရမ့်က ဒွန်ရိုးဝါဒကို ပိုမိုပြင်းထန်သည့် ပုံစံဖြင့် ပြန်လည် အသက်သွင်းခဲ့ပြီး ယခုတစ်ကြိမ်တွင် ဥရောပ သာမက တရုတ်နှင့် ရုရှားတို့၏ သြဇာလွှမ်းမိုးမှုကိုပါ တားဆီးရန် ရည်ရွယ်သည်။
မကြာသေးမီက ထရမ့်၏ ကြေညာချက်ဖြစ်သော “Trump Corollary” တွင် အမေရိကန် လူထုသည် မိမိတို့ အနောက်ကမ္ဘာခြမ်း၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင်သာ ဆုံးဖြတ်မည်ဖြစ်ပြီး ပြည်ပနိုင်ငံများ သို့မဟုတ် ကမ္ဘာလုံး ဆိုင်ရာ အဖွဲ့အစည်းများကို ဝင်ရောက်စွက်ဖက်ခွင့် ပြုမည် မဟုတ်ကြောင်း ဖော်ပြခဲ့သည်။
ထိုကြေညာချက်သည် အမေရိကန် ပြည်တွင်းရှိ အမျိုးသားရေးဝါဒီများအကြိုက် ဖြစ်နိုင်သော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း လက်တင်အမေရိက၏ စီးပွားရေးနှင့် နိုင်ငံရေး ပြောင်းလဲလာမှုများကို အခြေခံမှစပြီး မှားယွင်းစွာ အကဲဖြတ်ထားခြင်း ဖြစ်သည်။
ထိုကြေညာချက်သည် အနောက်ကမ္ဘာခြမ်း (Western Hemisphere) ကို အမေရိကန်က နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စစ်ရေးအရ အလုံးစုံ ထိန်းချုပ်ထားရမည်ဟုဆိုသည့် နယ်ချဲ့ဝါဒသစ် (Neo-imperialist vision) တစ်ခုသာ ဖြစ်သည်။
ပြဿနာမှာ အမေရိကန် အနေဖြင့် လေယာဉ်တင်သင်္ဘော မည်မျှပင် စေလွှတ်ထားသည်ဖြစ်စေ၊ ကုန်သွယ်ခွန် (Tariffs) များဖြင့် မည်မျှပင် ခြိမ်းခြောက်သည်ဖြစ်စေ ထိုကဲ့သို့သော ထိန်းချုပ်နိုင်စွမ်းမျိုးသည် လက်ရှိတွင် မရှိနိုင်တော့ခြင်းပင် ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
¤ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် လက်တွေ့အခြေအနေ
တရုတ်နိုင်ငံနှင့် ပတ်သက်သည့် လက်တွေ့ အခြေအနေသည် ထရမ့်၏ မူဝါဒနှင့် မြေပြင် အခြေအနေအကြား အထင်ရှားဆုံးသော ပဋိပက္ခတစ်ခု ဖြစ်နေသည်။
ထရမ့်အစိုးရသည် တရုတ်နိုင်ငံကို ဒေသတွင်းရှိ အဓိက ခြိမ်းခြောက်မှု ၃ ခုအနက် တစ်ခုအဖြစ် သတ်မှတ်ထားပြီး အနောက်ကမ္ဘာခြမ်းတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို လျှော့ချရန် ပြတ်သားစွာ ရည်ရွယ်ထားသည်။
သို့သော် လက်တွေ့တွင်မူ တရုတ်နိုင်ငံသည် ကိုလံဘီယာမှလွဲ၍ တောင်အာဖရိကတိုက်ရှိ နိုင်ငံတိုင်း၏ အဓိက ကုန်သွယ်ဖက်နိုင်ငံ ဖြစ်နေပြီဖြစ်သည်။
ထိုအခြေအနေသည် တရုတ်၏ ဆိုးရွားသည့် စီမံကိန်းကြာင့် ဖြစ်လာခြင်း မဟုတ်ဘဲ တရုတ်၏ စီးပွားရေး အင်အား ကြီးထွားလာမှုနှင့် လက်တင်အမေရိက နိုင်ငံများက ၎င်းတို့၏ စီးပွားရေးကို နည်းလမ်းမျိုးစုံနဲ့ ချဲ့ထွင်ပြီး အမျိုး သား အကျိုးစီးပွားကို ဖော်ဆောင်ရာမှတစ်ဆင့် ဖြစ်ပေါ်လာသည့် ရလဒ်တစ်ခုဖြစ်သည်။
ထိုအခြေအနေက ထရမ့်အတွက် ခုတ်ရာတစ်လွဲ ရှရာတခြား ဖြစ်စေခဲ့သည်။
ထရမ့်၏ ကုန်သွယ်ရေး မူဝါဒများသည် တရုတ်နိုင်ငံ၏ အနေအထားကို မရည်ရွယ်ဘဲ ပိုမိုခိုင်မာလာစေခဲ့ခြင်း ဖြစ်သည်။
ထရမ့်အစိုးရက တရုတ်ကုန်စည်များအပေါ် ကုန်သွယ်ခွန်များ တိုးမြှင့်လိုက်ချိန်တွင် တရုတ်ကလည်း အမေရိကန် ထဲမှ ပဲပုပ်ဝယ်ယူမှုများကို ရပ်တန့်လိုက်ပြီး အာဂျင်တီးနားနိုင်ငံထံမှ ပဲပုပ်များကို အစားထိုး ဝယ်ယူခဲ့သည်။
စီးပွားရေးအရ ဖိအားပေးခြင်းအားဖြင့် အမေရိကန်၏ လွှမ်းမိုးမှုကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းချိန်တွင် အမေရိကန်သည် ၎င်းတို့မလိုချင်သည့် ရလဒ်များကိုသာ ဖန်တီးမိနေသည့် အခြေအနေမျိုးကို ကြုံတွေ့ခဲ့ရသည်။
¤ အခြေခံ အဆောက်အအုံဆိုင်ရာ မှားယွင်းသော ယူဆချက်
ဒေသတွင်း၌ အခြေခံ အဆောက်အအုံများ တည်ဆောက်ပေးနေသည့် ပြည်ပကုမ္ပဏီများကို မောင်းထုတ်ရန် ကြိုးပမ်းနေခြင်းသည် ဒွန်ရိုးဝါဒ၏ မဟာဗျူဟာမြောက် ရှေ့နောက်မညီညွတ်မှုကို ဖော်ပြရာ ရောက်ခဲ့သည်။
လက်တင်အမေရိကသည် အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို အလွန်လိုအပ်နေပြီး တရုတ်နိုင်ငံက ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အသင့်ရှိနေသည်။
သို့သော် အမေရိကန်ကမူ ထိုကဲ့သို့သော အရင်းအမြစ်များ သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှု လုပ်ငန်းစဉ်များကို တရုတ်လောက် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပေ။
ထရမ့်တွင် အစားထိုးစရာ အစီအစဉ် အတိအကျ ရှိနေပါသလား။ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည်ဟု ခြိမ်းခြောက်ခြင်းလား။ သို့မဟုတ် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုကို လက်ခံသည့် နိုင်ငံများအပေါ် ကုန်သွယ်ခွန်များ ချမှတ်ခြင်းလား။ အစရှိသည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။
လက်ရှိအခြေအနေမှာ မွန်ရိုးဝါဒကို အကြောင်းပြပြီး မဟာဗျူဟာမြောက် မှားယွင်းစွာ စီမံခန့်ခွဲနေခြင်းသာ ဖြစ် သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် မှီခိုနေရသည့် ယနေ့ခေတ် ကာလတွင် အနောက်ကမ္ဘာခြမ်းပြင်ပမှ အင်အားကြီးနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုများကို ပိတ်ဆို့ပြီး အတိတ်ကို ပြန်သွားရန် ကြိုးပမ်းခြင်းမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
¤ ကြားဝင်စွက်ဖက်မှု ထောင်ချောက်
ဒွန်ရိုးဝါဒ၏ စစ်ရေးဆိုင်ရာ အခြေအနေတွင်လည်း အလားတူပင် ပြဿနာရှိနေသည်။
ထရမ့်အစိုးရ၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာတွင် မူးယစ်ဆေးဝါးဂိုဏ်းများကို ပစ်မှတ်ထားပြီး စစ်တပ် စေလွှတ်ခြင်းနှင့် တိုက်ခိုက်ခြင်းများကို ပြုလုပ်ရန် တောင်းဆိုထားကြောင်း၊ ဗင်နီဇွဲလားအစိုးရကို အင်အားသုံး ပြောင်းလဲရန် အထိပင် အရိပ်အမြွက် ညွှန်းဆိုထားသည်။
ထိုအချက်သည် နယ်စပ်လုံခြုံရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဟု အမည်တပ်ထားသော်လည်း လက်တွေ့ တွင်မူ အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် တဖြည်းဖြည်း နက်ရှိုင်းစွာ ဝင်ရောက်စွက်ဖက်လာမည့် စွက်ဖက်မှု ပုံစံသစ်တစ်ခု ဖြစ်သည်။
သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ရမည်ဆိုပါက သင်ခန်းစာယူစရာ အချက်များစွာ ရှိနေသည်။
မူလ မွန်ရိုးဝါဒနှင့် ၎င်းကို ထပ်မံဖြည့်စွက်ခဲ့သည့် ရုစဗဲ့ နောက်ဆက်တွဲ မူဝါဒ (Roosevelt Corollary) တို့သည် ကျူးဘား၊ နီကာရာဂွာ၊ ဟေတီနှင့် ဒိုမီနီကန်သမ္မတနိုင်ငံတို့တွင် အမေရိကန်က ဝင်ရောက် စွက်ဖက်ရန်အတွက် တရားဝင် အကြောင်းပြချက်များ ဖြစ်ခဲ့ကြသည်။
ထိုကဲ့သို့ ဝင်ရောက် စွက်ဖက်မှုများသည် လက်ရှိအချိန်တွင် အမေရိကန်၏ အကျိုးစီးပွားကို ပြန်လည် ခြိမ်းခြောက် နေသည့် မတည်ငြိမ်မှုများ၊ မကျေနပ်ချက်များနှင့် အမေရိကန် ဆန့်ကျင်ရေး စိတ်ဓာတ်များကိုသာ ဖြစ်ပေါ်စေခဲ့ သည်။
မူးယစ်ဆေးဝါး ဂိုဏ်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း သို့မဟုတ် ဗင်နီဇွဲလားကို ခြိမ်းခြောက်ခြင်းသည် အီရတ်နှင့် အာဖဂန်နစ္စတန် စစ်ပွဲများထက် ပိုမိုကောင်းမွန်သော ရလဒ်များကို ထွက်ပေါ်လာစေလိမ့်မည်ဟု ယုံကြည်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။
¤ အချုပ်အခြာ အာဏာပိုင်မှုဆိုင်ရာ မေးခွန်း
ပိုမိုနက်ရှိုင်းသော ပြဿနာမှာ တရားဝင်မှု (Legitimacy) နှင့် သဘောတူညီမှု (Consent) ဆိုင်ရာ ကိစ္စရပ် ဖြစ်သည်။
အာဏာစက်ဖြင့် လွှမ်းမိုးခြင်း (Hegemony) ဆိုသည်မှာ လက်အောက်ခံ နိုင်ငံများဘက်ကလည်း အကျိုးကျေးဇူး ရှိနိုင်သည်ဟု ယူဆပြီး ပူးပေါင်းဆောင်ရွက်မှုရှိရန် လိုအပ်သည်။
စစ်ရေးအရ ခြိမ်းခြောက်ခြင်းနှင့် စီးပွားရေးအရ အတင်းအကျပ် စေခိုင်းခြင်းတို့ဖြင့် လွှမ်းမိုးရန် ကြိုးပမ်းမှုသည် တော်လှန်ပုန်ကန်မှုများကိုသာ ဖြစ်စေနိုင်လိမ့်မည်။
လက်တင်အမေရိကနိုင်ငံများသည် ယခုအခါတွင် ၎င်းတို့၏ နိုင်ငံတကာ ဆက်ဆံရေးများကို နယ်ပယ်စုံ ချဲ့ထွင် ထားကြပြီး ကမ္ဘာတစ်ဝန်းလုံးရှိ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှ အကျိုးအမြတ် ရရှိနေကြပြီ ဖြစ်သည်။
အမေရိကန်၏ တောင်းဆိုချက်တစ်ခုတည်းဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်ကို လက်လွှတ် အရှုံးပေးကြ ဖွယ် မရှိပေ။
အပြန်အလှန် အကျိုးစီးပွားကို အခြေခံသည့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်မည့်အစား ထရမ့်၏ ဒွန်ရိုးဝါဒ သည် အမေရိကန်၏ အင်အားတစ်ခုတည်းဖြင့် ၎င်း၏ သြဇာ သက်ရောက်မှု နယ်ပယ်အတွင်းရှိ ရလဒ်များကို စိတ်တိုင်းကျ ပြဌာန်းနိုင်သည်ဟူသော ယူဆချက်ကို ကျင့်သုံးနေခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
¤ ဆုတ်ယုတ်မှုဆီ ဦးတည်နေသည့် ဗျူဟာ
သိသာထင်ရှားသည့် အချက်တစ်ခုမှာ အမေရိကန်၏ အင်အားကို ပြန်လည် တည်ဆောက်မှုအဖြစ် ကြေညာ ထားသော ဒွန်ရိုးဝါဒသည် ဒေသတွင်း အမေရိကန်၏ ဆုတ်ယုတ်မှုကိုသာ ပိုမိုမြန်ဆန်စေခြင်းပင် ဖြစ်သည်။
လက်တင်အမေရိကနိုင်ငံများကို မိတ်ဖက်များအဖြစ် သဘောမထားဘဲ မိမိအလိုရှိသလို ခိုင်းစေနိုင်သည့် ရုပ်ဝတ္ထု ပစ္စည်းများကဲ့သို့ ဆက်ဆံခြင်း၊ အမေရိကန်နှင့် တရုတ်ကြား တစ်ဘက်ဘက်ကို မဖြစ်မနေ ရွေးချယ်ရန် တောင်းဆို ခြင်းနှင့် စစ်ရေးအရ အရေးယူမှုကို ပထမဦးစားပေးအဖြစ် ခြိမ်းခြောက်ခြင်းတို့သည် ဒေသတွင်း နိုင်ငံများကို အမေရိကန်နှင့် ဝေးရာသို့သာ တွန်းပို့ရာ ရောက်စေမည်ဖြစ်သည်။
လက်တင်အမေရိက နိုင်ငံများအတွက် အမှန်တကယ် လိုအပ်နေသည်မှာ ၂၁ ရာစု တံဆိပ်ကပ်ထားသည့် ၁၉ ရာစု မှ နယ်ချဲ့ဝါဒမျိုး မဟုတ်ပေ။
အမှန်တကယ် လိုအပ်နေသည်မှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးရေး အကူအညီများနှင့် အချုပ်အခြာ အာဏာအပေါ် လေးစားမှုတို့ကို အခြေခံသည့် လက်တွေ့ကျသော မဟာမိတ် ဆက်ဆံရေးသာ ဖြစ်သည်။
ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် အရင်းအမြစ်များ၊ စိတ်ရှည်သည်းခံမှုနှင့် သံတမန်ရေးရာ ကျွမ်းကျင်မှုများ လိုအပ်သည်။
မွန်ရိုးဝါဒဆိုသည်မှာ မဟာဗျူဟာမြောက် ထိရောက်မှုထက် အမေရိကန်ဒဏ္ဍာရီ (American Mythology) တစ်ခု အဖြစ်သာ အမြဲတမ်း တည်ရှိခဲ့ခြင်း ဖြစ်သည်။
ယခု ဒွန်ရိုးဝါဒကမူ သမိုင်းကို ပြန်လည် လွမ်းဆွတ်တမ်းတမှုတွင် သမ္မတ၏ မာနကိုပါ ထပ်မံဖြည့်စွက် လိုက်သည့် အခါ ကောင်းမွန်သော သမိုင်းမှတ်တမ်းလည်း မရရှိနိုင်သလို၊ ကောင်းမွန်သော မဟာဗျူဟာလည်း ဖြစ်မလာနိုင် သည့် အလားအလာ ရှိနေသည်။
ရလဒ်အနေဖြင့် အင်အားကို လိုအပ်သည်ထက် ပိုမိုဖြန့်ကျက်ခြင်း၊ ပြင်းထန်သော တုန့်ပြန်မှုများ ရင်ဆိုင်ရခြင်းနှင့် မိမိတို့ ပြန်လည်မြှင့်တင်မည်ဟု ကြွေးကြော်ထားသည့် သြဇာအာဏာများသာ တဖြည်းဖြည်း ယုတ်လျော့လာ လိမ့်မည် ဖြစ်ပေသည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 335
CNI Sport Article
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉
ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူခဲ့တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ယူနိုက်တက်အသင်းဟာ ကြီးမားတဲ့ အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့သလို အသင်းကြီး တစ်သင်းဆိုတဲ့ ပုံရိပ်တွေလည်း ပျောက်ဆုံး သွားခဲ့ပါ တယ်။
ယူနိုက်တက်အသင်းဟာ အတိတ်က ရယူခဲ့ဖူးတဲ့ အောင်မြင်မှုတွေသာ ပြန်ပြောင်း ပြောနေရပြီး အရာအားလုံးဟာ တချို့အသင်းတွေရဲ့ အနောက်မှာသာ ရှိတော့တာဖြစ်ပါတယ်။
ဒါက ယူနိုက်တက်အသင်း ပရိသတ်တွေအတွက် အလွန်ခါးသီးတဲ့ အမှန်တရားဖြစ်ပြီး လက်သင့်ခံရမှာပါ။
ယူနိုက်တက်အသင်းဟာ ဖာဂီနောက်ပိုင်းမှာ ဒေးဗစ်မိုယက်စ်၊ ဗန်ဟားလ်၊ မော်ရင်ဟို၊ ဆိုးလ်ရှား၊ အဲရစ်တန်ဟတ်၊ အာမိုရင်တို့လို အမြဲတမ်းနည်းပြတွေ အပါအဝင် ယာယီနည်းပြတွေ ခန့်အပ်ပြီး အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် အောင်မြင်မှုတွေက လက်ချိုးပြီးရေတွက်လို့ရပါတယ်။
ဂလေဇာမိသားစု တစ်ဦးတည်းက အသင်းကို ကြီးစိုးနေတဲ့ အခြေအနေကနေ ဗြိတိန်ဘီလျံနာ ဆာဂျင် ရက်ကလစ်ဖ်က အသင်းရဲ့ ရှယ်ယာ အနည်းစုကို ဝယ်ယူခဲ့ပြီးနောက် ဘောလုံးလည်ပတ်မှု အဖွဲ့အစည်းတွေကို ပြောင်းလဲမှုကြောင့် အရင်လို အောင်မြင်မှုတွေ ပြန်ရဖို့ မျှော်လင့်ခဲ့ကြပါတယ်။
ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်တဲ့ အဖွဲ့ဟာ ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ကို ခန့်အပ်ကာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ယူနိုက်တက်အသင်းဟာ မနှစ်ကရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆိုးရွားတဲ့အဆင့် ရပ်တည်ခဲ့တာပါ။

နည်းပြ ဖာဂူဆန်နဲ့ နည်းပြတွေကို တွေ့ရစဉ်
ဒါ့ပြင် ဘာအောင်မြင်မှုမှ ရခဲ့ခြင်းမရှိဘဲ ရာသီ အဆုံးသတ်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်နဲ့လည်း ဝေးကွာခဲ့ပါတယ်။
ယူနိုက်တက်အသင်း အကြီးအကဲတွေဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အမ်ဘူမို၊ ကွန်ညာ၊ ဆက်စ်ကိုနဲ့ လမ်းမန်းစ်တို့ကို အားဖြည့်ပေးခဲ့ပေမယ့် အသင်းဟာ ကာရာဘောင်းဖလားကနေ စောစီးစွာ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေကလည်း ထင်သလောက် ကောင်းမွန်ခဲ့ခြင်း မရှိပါဘူး။
ယူနိုက်တက်အသင်းဟာ ဘဏ္ဍာရေး အခြေအနေကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖို့ မရှိတဲ့နောက် နည်းပြအာမိုရင်နဲ့ အသင်းအကြီးအကဲ ဝီလ်ကော့စ်တို့အကြား တင်းမာမှုတွေရှိခဲ့ကြပါတယ်။
အဲ့ဒါကြောင့် အာမိုရင်ဟာ အသင်း အကြီးအကဲတွေကို ဝေဖန်ခဲ့တဲ့အတွက် နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရ ပါတယ်။
ယူနိုက်တက်အသင်းဟာ ဖာဂူဆန် နောက်ပိုင်းမှာ ဘယ်နည်းပြကိုမှ အချိန်အကြာကြီး မပေးတော့တာကလည်း အသင်းအောင်မြင်မှုနဲ့ ဝေးကွာစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလို့ပြောရမှာပါ။

နည်းပြအာမိုရင်ကို တွေ့ရစဉ်
ဘာလို့လဲဆိုရင် နည်းပြတစ်ဦးပြီး တစ်ဦး ပြောင်းလဲတိုင်း ကစားသမားသစ်တွေ အားဖြည့်လိုက် ကစားကွက် ပြန်တည်ဆောက်လိုက်နဲ့ အချိန်တွေသာ ကုန်ပြီး မျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာခြင်းမရှိသေးတာ ဖြစ်ပါ တယ်။
ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်က ယူနိုက်တက်အသင်းဟာ အမှတ်ပေးဖလားကို ပြန်ရဖို့အတွက် နောက်ထပ် ၁၀ နှစ် ဒါမှမဟုတ် ၁၁ နှစ် အချိန်ယူရနိုင်တယ်လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ နည်းပြတစ်ဦးတည်းကို အချိန်ပေးပြီး အသင်းကို အကောင်းဆုံးပုံစံနဲ့ တည်ဆောက် မယ်ဆိုရင် နည်းပြကြီး ဖာဂူဆန်ပြောတဲ့ အချိန်ထက်စောပြီး ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်ခွင့် ရှိလာမှာပါ။
ယူနိုက်တက်အသင်း အကြီးအကဲတွေဟာ ဒီလိုမျိုး ဖြစ်လာဖို့အတွက် ရာသီကုန်အထိ ယာယီနည်းပြနဲ့ ဆက်သွား ပြီး အမြဲတမ်းနည်းပြကို နွေရာသီရောက်မှ ခန့်အပ်ဖို့ စီစဉ်ထားပါတယ်။
ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်တဲ့အဖွဲ့ဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ခဲ့ချိန်က အာမိုရင် ကို မြန်မြန်ဆန်ဆန် ခန့်အပ်ခဲ့တာကြောင့် နောက်ထပ် အမှားအယွင်းမဖြစ်ဖို့ အချိန်ယူဖို့ ရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ လက်ရှိ ဘုတ်အဖွဲ့အနေနဲ့ အသင်းကို သေသေချာချာ စီမံခန့်ခွဲနိုင်မယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာ အတိတ်ကအောင်မြင်ခဲ့တဲ့ ယူနိုက်တက်အသင်းကို ပြန်လည်ရနိုင်ဖို့ မျှော်လင့်ခွင့်ရှိနေပါတယ်။
