- By CNI
- Category: ဆောင်းပါး
- Hits: 692
CNI Sport Article
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ဒီရာသီမှာ အကောင်းဆုံးပုံစံ ပြသနေတဲ့ အာဆင်နယ်အသင်းဟာ ခရစ္စမတ်နေ့မှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။
ခရစ္စမတ်နေ့မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာ ရပ်တည်တာက အခြားအသင်းတွေအတွက် ကောင်းမွန်တဲ့ အရာ ဖြစ်နိုင်ပေမယ့် အာဆင်နယ်အသင်းအတွက်တော့ ကောင်းမွန်တဲ့အရာ မဟုတ်ဘူးဆိုတာ အချက်အလက်တွေက ဖော်ပြနေပါတယ်။
အာဆင်နယ်အသင်းဟာ ခရစ္စမတ်နေ့မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာ ရပ်တည်ခဲ့တဲ့ ရာသီတိုင်း ရာသီကုန်ချိန် မှာ အမှတ်ပေးဖလားနဲ့ ဝေးကွာခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ခေတ်မှာ ဒီရာသီ အပါအဝင် ခရစ္စမတ်နေ့မှာ ပရီးမီးယားလိဂ် ထိပ်ဆုံး နေရာ ရပ်တည်မှု ၅ ကြိမ်အထိ ရှိခဲ့ပါတယ်။
ပထမဆုံးအနေနဲ့ အာဆင်နယ်အသင်းဟာ ၂၀၀၂-၀၃ ရာသီခရစ္စမတ်နေ့မှာ ယူနိုက်တက်အသင်းကို ရမှတ် အများ အပြား အသာရကာ ဦးဆောင်နိုင်ခဲ့ပေမယ့် ရာသီကုန်ချိန်မှာ ယူနိုက်တက်အသင်းက ချန်ပီယံဖြစ်ခဲ့ပြီး သူတို့က အဆင့် ၂ နေရာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

အာဆင်နယ်အသင်း အောင်ပွဲခံနေကြစဉ်
၂၀၀၇-၀၈ ရာသီမှာလည်း အာဆင်နယ်အသင်းဟာ ခရစ္စမတ်နေ့မှာ ထိပ်ဆုံးနေရာ ရပ်တည်ခဲ့ပေမယ့် ရာသီ ကုန်ချိန်မှာ ယူနိုက်တက်အသင်းကပဲ ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၀၇-၀၈ ရာသီမှာ အဆင့် ၃ သာရရှိခဲ့တာဖြစ်ပါတယ်။
၂၀၂၂-၂၃ နဲ့ ၂၀၂၃-၂၄ ရာသီတွေမှာလည်း အာဆင်နယ်အသင်းဟာ ခရစ္စမတ်နေ့မှာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နိုင်ခဲ့တာကို သူတို့ပရိသတ်တွေ မေ့နိုင်မှာ မဟုတ်ပါဘူး။ ဒီရာသီတွေရဲ့ ရာသီကုန်ချိန်မှာ အာဆင်နယ်အသင်းဟာ အဆင့် ၂ နေရာနဲ့ ရာသီ အဆုံးသတ်ခဲ့ရတာပါ။
အချက်အလက်တွေဖော်ပြတဲ့ Opta က အာဆင်နယ်အသင်းဟာ ဒီဇင်ဘာ ၂၅ ရက်မှာ ပရီးမီးယားလိဂ်ကို ဦးဆောင်တဲ့ နောက်ဆုံး ၇ ကြိမ်စလုံး ဆုဖလားရယူနိုင်ခဲ့ခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။
ခရစ္စမတ်နေ့မှာ ဦးဆောင်ပြီးနောက် ထိပ်တန်းလိဂ်ဖလားကို အာဆင်နယ်အသင်း နောက်ဆုံးအကြိမ် ရယူနိုင် ခဲ့တာက ၁၉၄၇-၄၈ ရာသီကဖြစ်လို့ နှစ်ပေါင်းများစွာ ဝေးကွာနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ ပရီးမီးယားလိဂ်ဟာ အလွန်ခက်ခဲတဲ့အတွက် ခက်ခဲတဲ့နေရာတွေ ကိုသွားပြီး ခက်ခဲတဲ့ အချိန်တွေရှိမှာ ဖြစ်ပေမယ့် သူ့ကို ယုံကြည်မှုရှိစေတာက စွမ်းဆောင်ရည်အဆင့်နဲ့ တည်ငြိမ် မှုတို့ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာမှာ အာဆင်နယ်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြအာတီတာဟာ ၂၀၂၀ ခုနှစ် FA ဖလားပြိုင်ပွဲမှာ အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အာဆင်နယ်အသင်းဟာ ဒီနောက်ပိုင်းမှာ ဆုဖလားတွေနဲ့ ဝေးကွာနေတာ ၅ နှစ်ကြာပြီဖြစ်တဲ့အတွက် ဒီရာသီမှာ ဆုဖလား လက်မဲ့ဖြစ်မှုကို အဆုံးသတ်ချင်နေတာပါ။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံကို ပိုင်ဆိုင်ထားတာကြောင့် ခရစ္စမတ်ကျိန်စာကို ကျော်လွှားပြီး ဆုဖလားတွေကို ရာသီကုန်ချိန်မှာ ကိုင်မြှောက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 962
CNI International Article
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၉
ဒီဇင်ဘာ ၁၂ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) နှင့် ဖုန်းပြောဆိုချိန်က ထိုင်းနှင့်ကမ္ဘောဒီးယား ပဋိပက္ခနှင့်ပတ်သက်ပြီး “လမ်းဘေးမတော်တဆမှု” ဟု သုံးနှုန်းပြောဆိုခဲ့သည်။
ထရမ့်သည် နိုဝင်ဘာ ၁၀ ရက်က ထိုင်းပြည်သူများကို ဒေါသထွက် နာကျင်စေခဲ့သည့် ထိုင်းနယ်စပ်အနီးရှိ Huay Santamaria အရပ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုင်းနိုင်ငံအတွက်မူ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူများသည် စစ်သားများ ဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ထက် ပိုသည်။
၎င်းတို့သည် တစ်စုံတစ်ဦး၏ သား၊ တစ်စုံတစ်ဦး၏ ခင်ပွန်း သို့မဟုတ် တစ်စုံတစ်ဦး၏ ဖခင်ဖြစ်သည်။
ပိုအရေးကြီးသည့် အချက်မှာ ၎င်းတို့သည် ထိုင်းနိုင်ငံ၏ နယ်စပ်ကို ကာကွယ်ရင်း ဒဏ်ရာရခဲ့ကြခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရှေ့မှာ ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ် သဘောတူညီမှု ယူကြစဉ်
ထို့ကြောင့် ထရမ့်၏ အသုံးအနှုန်းဖြစ်သည့် လမ်းဘေး မတော်တဆမှုဆိုသည့် ပြောကြားချက်သည် မှားယွင်း နေသည်။ အဘယ်ကြောင့်ဆိုသော် မြေမြှုပ်မိုင်းများသည် သူ့အလိုလို ပေါက်ကွဲခြင်းမရှိပေ။
အထက်ဖော်ပြပါ ဖြစ်စဉ်တွင် ကမ္ဘောဒီးယား စစ်သားများက လူများကို ထိခိုက်စေရန် သို့မဟုတ် သေဆုံးစေရန် ရည်ရွယ်ချက်ဖြင့် မြေမြှုပ်မိုင်းများကို ထောင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ထိုဖြစ်စဉ်သည် ပထမဆုံးအကြိမ်လည်း မဟုတ်ပေ။
ယခင်က နယ်စပ်ဒေသတစ်လျှောက် မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဉ် ၇ ကြိမ်ခန့် ရှိခဲ့သည်ဟု ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟဆက် ဖူအန်ကက်ကော (Sihasak Phuangketkeow) က ပြောကြားခဲ့သည်။
ထိုကဲ့သို့ မြေမြှုပ်မိုင်းများ ပေါက်ကွဲသည့် အကြိမ်တိုင်းတွင် ထိုင်းက ကမ္ဘောဒီးယားကို မြေမြှုပ်မိုင်းများ ဖယ်ရှား ပေးရန် တိုက်တွန်းခဲ့ဖူးသည်။ သို့သော် အခြေအနေမှာ ထူးခြားမလာခဲ့ပေ။
အမှန်တရားကို ပြောရမည်ဆိုပါက ထိုဖြစ်စဉ်များကို မတော်တဆမှုဟု ခေါ်ဆိုခြင်းသည် မိုင်းများကို ရည်ရွယ် ချက်ရှိရှိ ထောင်ထားသည်ဆိုသည့် အချက်ကို မျက်ကွယ်ပြုရာ ရောက်နေသည်။
ထိုင်းနိုင်ငံက ထိုမြေမြှုပ်မိုင်းများ အန္တရာယ်ကို ကြိမ်ဖန်များစွာ သတိပေးခဲ့သော်လည်း ကမ္ဘောဒီးယားက အရေးတယူ ဖြေရှင်းခြင်းမရှိပေ။
ထိုင်းနှင့် ကမ္ဘောဒီးယားသည် အောက်တိုဘာ ၂၆ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်တွင် နှစ်နိုင်ငံနယ်စပ်၌ မြေမြှုပ်မိုင်းများ ရှင်းလင်းရေးကို ပူးပေါင်းဆောင်ရွက်ရန် ပူးတွဲကြေညာချက်၌ သဘောတူညီမှု ရရှိခဲ့သည်။
ထိုသဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို အမေရိကန်သမ္မတ ထရမ့်နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) တို့က ပူးတွဲတက်ရောက်ခဲ့ကြသည်။ သို့သော် လက်တွေ့တွင် မည်သည့် တိုးတက်မှုမှ ဖြစ်ထွန်းမလာခဲ့ပေ။
ထရမ့်၏ မှတ်ချက်စကားသည် အဆပေါင်းသန်းချီ ပိုမိုနာကျင်စေရသည်။ အဘယ်ကြောင့်ဆိုသော် ထိုမှတ်ချက်စကားသည် အမေရိကန်ထံမှ ထွက်လာခြင်းကြောင့်ဖြစ်သည်။
ထိုင်းနှင့် အမေရိကန်သည် နှစ်ပေါင်း ၁၉၀ ကျော်ကြာ မိတ်ဆွေများဖြစ်ခဲ့သည့် အချက်ကို မေ့လျှော့ထား၍ မရပေ။
ထိုင်းသည် ၁၈၃၃ ခုနှစ်က အမေရိကန်နှင့် ဆက်ဆံရေး ထူထောင်ခဲ့သည့် ပထမဆုံး အာရှနိုင်ငံဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ မလေးရှားဝန်ကြီးချုပ် အန်ဝါတို့ ရှေ့မှာ ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ် သဘောတူညီကြစဉ်
ထိုင်းနှင့် အမေရိကန်သည် အတူတကွ တိုက်ပွဲဝင်ခြင်း၊ စစ်သားများကို ပူးတွဲလေ့ကျင့်ခြင်းနှင့် တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှုများ ရှိခဲ့သည်။
ထို့ပြင် ထိုင်းနှင့် အမေရိကန်သည် နှစ်စဉ်နှစ်တိုင်း မဟာမိတ်များ၊ မိတ်ဖက်များနှင့်အတူ ဒေသတွင်း ပူးတွဲ စစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော် ကာလအတွင်း ထိုင်းနှင့် အမေရိကန်သည် ဒေသတွင်း အကြီးဆုံး စစ်ရေး လေ့ကျင့်မှုကို ပူးတွဲပြုလုပ်ခဲ့သည်။
မိတ်ဆွေများအဖြစ် အမေရိကန်သမ္မတသည် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမှတ်မီ နှစ်ဖက်စလုံးမှ အသံများကို နားထောင်သင့်သည်။
ထိုင်းလူမျိုး အများစုကမူ ထရမ့်သည် ကမ္ဘောဒီးယား၏ အသံကိုသာ နားထောင်ခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ အသံကို နားထောင်ခဲ့ခြင်းမရှိကြောင်း ခံစားနေရသည်။
ထရမ့်သည် ထိုင်းနှင့်ကမ္ဘောဒီးယား ခေါင်းဆောင်များကို ဖုန်းဆက်သွယ် ပြောဆိုခြင်းမပြုမီ နောက်ဆုံးရ အခြေအနေများကို သိရှိနိုင်ရန် ဘန်ကောက် (Bangkok) နှင့် ဖနွမ်ပင် (Phnom Penh) မြို့တော်များသို့ ထိပ်သီး အမေရိကန်ထိပ်သီးအရာရှိတစ်ဦးကို စေလွှတ်ခဲ့သည်။
ထိုင်းသည် နယ်စပ်လုံခြုံရေး၊ အပစ်အခတ်ရပ်စဲရေး၊ နှစ်နိုင်ငံ စစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးကို အဖြေရှာရေးတို့ကို လိုလားကြောင်း အနူတင်နှင့် သီဟဆက်တို့က ထပ်တလဲလဲ ပြောကြားခဲ့ သည်။
သို့သော် ငြိမ်းချမ်းရေးရရှိရန် အမှန်တရားအပေါ် အခြေခံရန်လိုအပ်ပြီး မြေပြင်တွင် ဖြစ်ပျက်နေသည့် အခြေအနေ များကို မျက်ကွယ်ပြု၍ မရနိုင်ပေ။
လက်ရှိတွင် ထိုင်းလူမျိုးများက ဖြေဆိုရခက်ခဲသည့် မေးခွန်းများကို မေးလာကြပြီဖြစ်သည်။
ထိုမေးခွန်းများမှာ အမေရိကန်သည် ထိုင်းနိုင်ငံကို တန်းတူညီမျှ မိတ်ဖက်တစ်ဦးအဖြစ် လေးစားဆဲ ရှိ၊ မရှိ ဖြစ်သည်။
အာရှတွင် အမေရိကန်၏ သက်တမ်းအရှည်ဆုံးနှင့် အကြီးမြတ်ဆုံး မဟာမိတ်ဖြစ်သည့် ထိုင်းသည် အမေရိကန် အတွက် အရေး ပါ၊မပါနှင့် ထိုင်းသည် အလွယ်တကူ မေ့လျော့ခံရဖွယ် ရှိ၊မရှိ အစရှိသည့် မေးခွန်းများဖြစ်သည်။
ထိုမေးခွန်းများသည် စိတ်ပျက်မှုများကြောင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး အမုန်းတရားအပေါ် အခြေခံပြီး ထွက်ပေါ် လာသည့် မေးခွန်းများ မဟုတ်ပေ။
အမေရိကန်အနေဖြင့် တင်းမာမှုများ မြင့်တက်သည့် အကြောင်းရင်းများကို ပွင့်လင်းသည့် စိတ်သဘောထားဖြင့် လေ့လာသုံးသပ်လိမ့်မည်ဟု မျှော်လင့်ရသည်။
ထရမ့် အနေဖြင့် ကမ္ဘာပေါ်တွင် အထင်ရှားဆုံး ငြိမ်းချမ်းရေး ဖော်ဆောင်သူ ဖြစ်ချင်မည်ဆိုပါက အသံများကို ပိုမိုနားထောင်ရမည်ဖြစ်သည်။
ထရမ့်အနေဖြင့် မြေပြင်တွင် ဖြစ်ပွားနေသည့် အမှန်တရားကို သိရှိရန် အလွန်အရေးကြီးသည်။
ထို့ကြောင့် မကြာသေးခင်က ပြောကြားခဲ့သည့် မှတ်ချက်ကဲ့သို့ ထရမ့်၏ အလွယ်တကူပြောကြားသည့် စကားလုံးများသည် နှစ်နိုင်ငံဆက်ဆံရေးများကို အဖုအထစ်သာ ဖြစ်လာစေနိုင်မည်ဖြစ်ပေသည်။
Source: Thai PBS World
- By CNI
- Category: ဆောင်းပါး
- Hits: 673
CNI Sport Article
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
မြန်မာ့ဘောလုံးလောကရဲ့ ၂၀၂၅ ခုနှစ်ထဲ ဖြတ်သန်းခဲ့တဲ့ နိုင်ငံအသင်းတွေရဲ့ ရလဒ်တွေကို ကြည့်ရမယ်ဆိုရင် အောင်မြင်မှုက ရှားပါးခဲ့ပြီး ရှုံးနိမ့်မှုတွေနဲ့ ငိုကြွေးခဲ့ရတာတွေက ပိုပြီးများခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
၂၀၂၅ ခုနှစ်ထဲမှာ မြန်မာ့လက်ရွေးစင် သက်တမ်းလိုက် အသင်းတွေနဲ့ ဖူဆယ်အသင်းတွေဟာ နိုင်ငံတကာပွဲတွေ အများအပြား ကစားခဲ့ကြပေမယ့် မြန်မာအမျိုးသမီးအသင်းရဲ့ အောင်မြင်မှု၊ ယူ-၁၇ အမျိုးသားနဲ့ အမျိုးသမီး အသင်းတွေရဲ့ အာရှဖလားခြေစစ်ပွဲ အောင်မြင်တာသာ ပျော်ရွှင်ခွင့် ရခဲ့ပါတယ်။
အနီးစပ်ဆုံး ကစားခဲ့တဲ့ ထိုင်းဆီးဂိမ်းစ်မှာဆိုရင် မြန်မာ ယူ-၂၂ အသင်း၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ အမျိုးသားနဲ့ အမျိုးသမီး ဖူဆယ်အသင်းတွေဟာ ဘာအောင်မြင်မှုမှ ရယူနိုင်ခဲ့ခြင်း မရှိဘဲ အိမ်ပြန်လာခဲ့ကြ ရပါတယ်။

မြန်မာ ယူ-၁၇ အသင်းကို တွေ့ရစဉ်
မြန်မာအသင်းတွေဟာ ထိုင်းဆီးဂိမ်းစ်မှာ မြန်မာပရိသတ် အများအပြားရဲ့ အားပေးမှုကို ရခဲ့ကြပေမယ့် ပရိသတ် တွေကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ထဲ ကစားခဲ့တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းကြီးရဲ့ ရလဒ်တွေကို ကြည့်ရမယ်ဆိုရင် သူတို့ ဟာ အာရှဖလား ခြေစစ်ပွဲအဖွင့်ပွဲစဉ် ၂ ပွဲကို အနိုင်ရလဒ်နဲ့ စတင်ခဲ့တာကြောင့် ခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့် လာခဲ့ကြပါတယ်။
ဒါပေမယ့် မြန်မာအသင်းဟာ ဆီးရီးယားအသင်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲစလုံး အရေးနိမ့်ပြီး အာရှဖလား ခြေစစ်ပွဲ အောင်မြင်မယ့် မျှော်လင့်ချက်တွေကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
ပရိသတ်အားပေးမှု အခိုင်အမာ ရရှိခဲ့တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းကြီးဟာ ၂၀၂၅ ခုနှစ်ထဲ ယှဉ်ပြိုင် ခဲ့တဲ့ ပွဲတွေထဲမှာ နီပေါဖိတ်ခေါ် ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့သလို အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဒုတိယ ရရှိခဲ့ပါတယ်။
ဒါပေမယ့် မြန်မာ အမျိုးသမီးအသင်းဟာ အများကြီး မျှော်လင့်ထားတဲ့ အာရှဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲ မအောင်မြင် ခဲ့သလို ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
မြန်မာ ယူ-၂၂ အမျိုးသားအသင်းကတော့ ၂၀၂၅ ခုနှစ်ထဲ ကစားခဲ့တဲ့ ပွဲတွေမှာ တစ်ပွဲမှ နိုင်ပွဲမရခဲ့သလို ပရိသတ် တွေရဲ့ ဝေဖန်မှု အများဆုံးခံခဲ့ရတဲ့ အသင်းလို့ ပြောရမှာပါ။
မြန်မာ ယူ-၂၂ အသင်းဟာ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှ ယူ-၂၃ ခြေစစ်ပွဲတွေမှာ အုပ်စုအဆင့်၊ ခြေစစ်ပွဲအဆင့်တွေနဲ့သာ ကျေနပ်ခဲ့ရသလို ဆီးဂိမ်းစ်ပြိုင်ပွဲမှာလည်း အုပ်စုပွဲစဉ် ၂ ပွဲစလုံးအရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအမျိုးသားအသင်းကို တွေ့ရစဉ်
မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ အာရှဖလား ခြေစစ်ပွဲမှာ အုပ်စုတွင်း တတိယ နေရာသာရခဲ့ပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိတာပါ။
မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းကတော့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အာရှဖလားခြေစစ်ပွဲမှာ မကာအို၊ အင်ဒိုနီးရှားအသင်းတို့ကို အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အောင်မြင်မှုရရှိခဲ့ပါတယ်။
မြန်မာ ယူ-၁၇ အမျိုးသားအသင်းကလည်း အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အာရှဖလားခြေစစ်ပွဲမှာ အိုမန်၊ အာဖဂန် နစ္စတန်၊ နီပေါတို့ကို အနိုင်ရပြီး ဆီးရီးယားအသင်းနဲ့ သရေကျကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ကွင်းလုံးပြည့် လာအား ပေးခဲ့တဲ့ ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ပါတယ်။
ဖူဆယ်အမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်းတို့ဟာ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေနဲ့ ထွက်ခွာခဲ့ရသလို ၂၀၂၅ ခုနှစ်ထဲကစားခဲ့တဲ့ ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ပါတယ်။
အဲ့ဒါကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့် ၂၀၂၆ ခုနှစ်ထဲ ယှဉ်ပြိုင်ရမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေ အတွက် သက်တမ်းလိုက် အသင်းတွေကို ကြီးကြီးမားမား ပြောင်းလဲမှုတွေ ပြုလုပ်ရမှာဖြစ်သလို အာရှဖလား ပြိုင်ပွဲ ယှဉ်ပြိုင်ရမယ့် ယူ-၁၇ အမျိုးသားနဲ့ အမျိုးသမီးအသင်းတို့ကို အောင်မြင်မှုရနိုင်အောင် ပံ့ပိုးမှုတွေ အများ အပြား ပြုလုပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 923
CNI International Article
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃
၂၀၂၂ ခုနှစ်၊ ဧပြီလက အာဖဂန်နစ္စတန်တွင် တာလီဘန်တို့သည် နိုင်ငံတစ်ဝန်း ဘိန်းစိုက်ပျိုးမှုကို ပိတ်ပင်ခဲ့သည်။
၂၀၀၀ ပြည့်နှစ်နှင့် ၂၀၀၁ ခုနှစ်တွင် ပိတ်ပင်ခဲ့သည့် အခြေအနေနှင့်မတူသည့် အချက်မှာ ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ခဲ့သဖြင့် အာဖဂန်နိုင်ငံ၏ ဘိန်းစိုက်ခင်းများ ပျက်စီးသွားခဲ့သည်။
ထိုအချိန်မတိုင်မီ ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်သည် ကမ္ဘာပေါ်တွင် ဘိန်းဖြူ ထုတ်လုပ်မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။
သို့သော် အာဖဂန်၏ ဘိန်းထုတ်လုပ်မှုများ ကျဆင်းသွားချိန်တွင် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်သည် အာဖဂန်၏ ဘိန်းဖြူနေရာ၌ အစားထိုးနိုင်မည့် အရင်းအမြစ်တစ်ခု ချက်ချင်းလိုအပ်လာခဲ့သည်။
၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တပ်မတော်က အာဏာကို လွှဲပြောင်းရယူခဲ့ပြီး လက်နက်ကိုင်အဖွဲ့များ အများအပြား ပေါ်ပေါက်လာခဲ့သည်။
ထိုတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) များသည် ဝင်ငွေလိုအပ်ပြီး ဘိန်းစိုက်ပျိုးမှုကို အားပေး ခဲ့သည်။
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံမြောက်ပိုင်းဒေသတို့ ထိစပ်နေသည့် ရွှေတြိဂံဒေသသည် ယခင်ကတည်းက ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အများဆုံး နေရာများထဲတွင် တစ်ခု အပါအဝင်ဖြစ်ခဲ့သည်။
ရွှေတြိဂံဒေသ၏ အဆင်သင့်ရှိနေသည့် အခြေခံ အဆောက်အအုံနှင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းတို့က ဘိန်းထောက်ပံ့ရေးကွင်းဆက်ကို အိန္ဒိယ၏ အိမ်နောက်ဖေးကွက်လပ် (အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသ) သို့ လျင်မြန်စွာ ရောက်ရှိသွားစေခဲ့သည်။
သို့သော် အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေး အပြောင်းအလဲများကြောင့် အရှိန် ရလာခဲ့သည့် မူးယစ်ဆေးဝါး စျေးကွက်၌ ဘိန်းတစ်ခုတည်းသာ မဟုတ်ဘဲ နောက်ထပ် တစ်ခုလည်း ရှိနေသည်။
ထိုမူးယစ်ဆေးမှာ ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသည့် မက်သာဖက်တမင်း စိတ်ကြွမူးယစ်ဆေးဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လက NUG လက်အောက်ခံ ယင်းမာပင်ခရိုင် PDF တွေ သယ်လာတဲ့ မူးယစ်ဆေးဝါးတွေ ကို ချင်းလက်နက်ကိုင်အဖွဲ့က ဟားခါးမြို့နယ်ထဲမှာ ဖမ်းမိခဲ့စဉ်
ရွှေတြိဂံဒေသတွင် ၁၉၈၀ ပြည့်နှစ်များကတည်းက ရှိခဲ့သည့် မက်သာဖက်တမင်း စျေးကွက်သည် ကမ္ဘာပေါ်၌ အကြီးဆုံးစျေးကွက်အဖြစ် ကျယ်ပြန့်လာခဲ့သည်။
ထိုင်းနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်များနှင့် ၂၀၀၀ ပြည့်နှစ်များက မူးယစ်ဆေးဝါး နှိမ်နင်းမှုများကို အရှိန်မြှင့်တင် ခဲ့ချိန်က မူးယစ်ဆေးဝါးဂိုဏ်းများသည် ၎င်းတို့၏ လုပ်ငန်းများကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့ခဲ့ကြ သည်။
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကဲ့သို့ လက်နက်ကိုင်အဖွဲ့များသည် ဘိန်းဖြူ စီးပွားရေးတွင် နှစ်ပေါင်းများစွာကြာ ပါဝင်ခဲ့ပြီး ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသည့် မူးယစ်ဆေးဝါးများကို ၎င်းတို့၏ လုပ်ငန်း တစ်ခုအဖြစ် လုပ်ဆောင်ခဲ့ကြသည်။
ဓာတုဗေဒနည်းဖြင့် ပြုလုပ်သည့် မူးယစ်ဆေးဝါးများကို ထုတ်လုပ်ခြင်းသည် ဘိန်းစိုက်ခင်းများကဲ့သို့ မြေနေရာ များ မလိုအပ်ဘဲ တစ်နှစ်ပတ်လုံး ထုတ်လုပ်နိုင်သဖြင့် အမြတ်အစွန်းလည်း ပိုမိုများပြားသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် မက်သာဖက်တမင်း ထုတ်လုပ်မှုသည် ပိုမိုမြင့်တက်လာခဲ့သည်။
အုပ်ချုပ်ရေးယန္တရားများ တုံ့ဆိုင်းမှု၊ အဂတိလိုက်စားမှုများနှင့် EAO များ၏ ငွေကြေး လိုအပ်ချက်များသည် တရားမဝင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရန်အတွက် အခွင့်အလမ်းများကို ပေါ်ပေါက်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မက်သာဖက်တမင်း ထုတ်လုပ်မှုအတွက် ထင်ရှားသည့် နေရာတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့သည်။
ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ကမူ မြန်မာနိုင်ငံသည် "ကမ္ဘာလုံးဆိုင်ရာ မက်သာဖက်တမင်း ဗဟိုချက်" ဟု တံဆိပ်ကပ်ခဲ့သည်။
မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စခန်းများသည်လည်း ပစ္စည်းကိရိယာ မပြည့်စုံသည့် အသေးစားစခန်းများ မဟုတ်တော့ဘဲ အလွန်ခေတ်မီ ဆန်းသစ်သည့် ဓာတ်ခွဲခန်းကြီးများဖြင့် လုပ်ကိုင်လာခဲ့ကြသည်။
အိန္ဒိယ၏ အရှေ့မြောက်ပိုင်းသို့ ပျံ့နှံ့လာခြင်း
****************************************
မြန်မာနိုင်ငံတွင် ထုတ်လုပ်ခဲ့သည့် မက်သာဖက်တမင်း သို့မဟုတ် ဘိန်းဖြူများသည် အိန္ဒိယနိုင်ငံသို့ မည်မျှ ပမာဏဖြင့် ရောက်ရှိခဲ့သည်ဆိုခြင်းကို တရားဝင် သုတေသနများ တရားဝင်စာရင်းများ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
သို့သော် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု မှတ်တမ်းများအရ အိန္ဒိယ၏ အရှေ့မြောက်နယ်နိမိတ်သည် မူးယစ်ဆေးဝါး များ ဖြတ်သန်းသည့် အရေးကြီးသော လမ်းကြောင်းနေရာတစ်ခု ဖြစ်လာသည်ကို ဖော်ပြနေသည်။
မူးယစ်ဆေးဝါးများကို အိန္ဒိယ၏ အရှေ့မြောက်ပိုင်း အထူးသဖြင့် မီဇိုရမ် (Mizoram) ပြည်နယ်၊ ချမ်ဖိုင် (Champhai) ခရိုင်မှ ဖြတ်ပြီးမှောင်ခိုကူးလေ့ရှိသည်။
UNODC ၏ ထုတ်ပြန်ချက်တွင် နှစ်အလိုက် အမ်ဖက်တမင်း အမျိုးအစား စိတ်ကြွဆေးများ ( မက်သာဖက်တမင်း စိတ်ကြွဆေးအများစု) ဖမ်းဆီးရမိမှုသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ဖော်ပြ ထားသည်။
၂၀၂၄ ခုနှစ်က အမ်ဖက်တမင်း အမျိုးအစား စိတ်ကြွမူးယစ်ဆေး (ATS) များ ဖမ်းဆီးရမိမှုသည် ၂၀၂၀ ပြည့်နှစ် ကထက် ၅၀၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း အိန္ဒိယတရားဥပဒေစိုးမိုးရေးအာဏာပိုင်များက မှတ်တမ်း တင်နိုင်ခဲ့သည်။
မက်သာဖက်တမင်းများသည် အိန္ဒိယ၏ အရှေ့မြောက်ဒေသကို ပုံစံနှစ်မျိုးဖြင့် ဝင်ရောက်သည်။ တစ်မျိုးမှာ ခရစ္စတယ်မက်သ် (Crystal meth) ဖြစ်ပြီး နောက်တစ်မျိုးမှာ ယာဘ (Yaba) ဖြစ်သည်။ ယာဘသည် ထိုင်း ဘာသာစကားအရ "အရူးဆေး" ဟု အဓိပ္ပာယ်ရသည်။

အိန္ဒိယက မြန်မာဘက်က မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိစဉ်
၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယ၏ အရှေ့မြောက်ဒေသအနှံ့တွင် Crystal meth များ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များ သည် မူးယစ်ဆေးပြဿနာ၏ အတိမ်အနက်ကို ဖော်ပြရာရောက်ခဲ့သည်။
မီဇိုရမ်ပြည်နယ် တစ်ခုတည်းမှာပင် ဧပြီလအတွင်းက meth ဆေးပြား ၅၂၇,၉၀၀ ကို ဖမ်းဆီးရိမိခဲ့ပြီး မေလတွင် ဘိန်းဖြူများနှင့်အတူ meth ဆေးပြား ၂,၆၂၅,၈၉၀ ကို ဖမ်းဆီးရမိခဲ့သည်။
အာသံပြည်နယ်တွင် meth ဆေးပြားများ အများဆုံး ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ် ၅ ခု၌ စုစုပေါင်း meth ဆေးပြား ၅၀၀,၀၀၀ ကျော်အထိ ရှိခဲ့သည်။
မဏိပူရပြည်နယ်တွင် ယာဘဆေးပြား ၁၀၀,၀၀၀ ဖမ်းဆီးရမိခဲ့ပြီး ပူးတွဲစစ်ဆင်ရေး တစ်ခုအတွင်း ဘိန်းဖြူ ၇ ဒသမ ၇ ကီလိုဂရမ်နှင့် ဘိန်း ၆ ဒသမ ၇ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခဲ့သည်။
တြိပူရပြည်နယ်တွင် ဆေးပြား ၁၇၁,၀၀၀ ကျော်နှင့် ၂၀၂၄ ခုနှစ်၌ နာဂလန်းပြည်နယ်၌ ဆေးပြား ၅၈,၀၀၀ ဖမ်းဆီးရမိခဲ့သည်။
သို့သော် ထိုပမာဏသည် အမှန်တကယ် ဝင်ရောက်လာခဲ့သည့် မူးယစ်ဆေးဝါးများ၏ အစွန်းထွက်ပမာဏမျှသာ ရှိသည်။
မူးယစ်ဆေးဝါးပမာဏ အများအပြား ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များကိုသာ သတင်းများတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
အချက်အလက်များ စုဆောင်းမှု အားနည်းခြင်း၊ ဆေးပြား အရေအတွက်နှင့် အလေးချိန်တို့ကို သီးခြားစီခွဲပြီး သတင်း ထုတ်ပြန်ခြင်းတို့ကြောင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့်တိုင် ထုတ်လုပ်သည့် ပမာဏအတိအကျ ကို သိရှိရန် မဖြစ်နိုင်ပေ။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့၏ အထင်ကရ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် အန်ဒမန်ပင်လယ်အတွင်း မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ဆွဲပိုက်ချက် သင်္ဘောတစ်စင်းပေါ်မှ ရူပီး ၃၆,၀၀၀ ကုဋေ တန်ဖိုးရှိ မက်သာဖက်တမင်း မူးယစ်ဆေး တန်ချိန် ၆၀၀၀ ပါဝင်ခဲ့သည်။
ထိုဖမ်းဆီးရမိမှုအရ အိန္ဒိယသို့ ဝင်ရောက်နေသည့် မူးယစ်ဆေးဝါး ပမာဏသည် အလွန်များပြားနေကြောင်း မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။
အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှု
*************************************
မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံအတွင်းသို့ ဘိန်းဖြူ၊ မက်သာဖက်တမင်းနှင့် ယာဘဆေးပြားများ ဝင်ရောက်မှု မြင့်တက်လာခြင်းသည် တရားဥပဒေစိုးမိုးရေး ပြသနာတစ်ခုသာ မဟုတ်တော့ဘဲ ရေရှည်တွင် အကျိုး သက်ရောက်မှုများ ရှိလာမည့် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတစ်ခုလည်း ဖြစ်လာခဲ့သည်။
မီဇိုရမ်ပြည်နယ်သည် အိန္ဒိယတွင် HIV ပျံ့နှံ့မှုနှုန်း အမြင့်ဆုံး ပြည်နယ်ဖြစ်သည်။
မီဇိုရမ်တွင် HIV ပျံ့နှံ့မှုနှုန်းသည် ၂ ဒသမ ၇ ရာခိုင်နှုန်းဖြစ်သဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပျမ်းမျှ HIV ပျံ့နှံ့ မှုနှုန်း ၀ ဒသမ ၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်နေသည်။
မီဇိုရမ်ပြည်နယ်ပြီးလျှင် HIV ပျံ့နှံ့မှုနှုန်း အမြင့်ဆုံး ပြည်နယ်များမှာ နာဂလန်းနှင့် မဏိပူရပြည်နယ်တို့ ဖြစ်သည်။
HIV အဓိက ကူးစက်ရသည့် အကြောင်းရင်းမှာ ဘိန်းဖြူနှင့် အခြား မူးယစ်ဆေးများကို အကြောထဲသို့ ထိုးသွင်းချိန် တွင် ဆေးထိုးအပ် တစ်ခုတည်းကို မျှဝေအသုံးပြုခြင်းကြောင့်ဖြစ်သည်။
အိန္ဒိယအရှေ့မြောက်ပိုင်းတွင် နေထိုင်သည့် လူငယ်များအတွက် ထိုကိစ္စသည် ကျန်းမာရေး အကျပ်အတည်း တစ်ခုတည်းသာ မဟုတ်တော့ဘဲ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေး အကျပ်အတည်းတစ်ခုပါ ဖြစ်လာခဲ့သည်။
သို့သော် မူးယစ်ဆေးပြဿနာသည် အိန္ဒိယ၏ အရှေ့မြောက်ဒေသ တစ်ခုတည်းတွင်သာ ရပ်တန့်သွားခဲ့ခြင်း မရှိပေ။
အိန္ဒိယ၏ နေရာအနှံ့တွင် မူးယစ်ဆေးပြားများကို နေရာဒေသနှင့် အရည်အသွေးအပေါ် မူတည်ပြီး ဆေးပြား တစ်ပြားလျှင် ရူပီး ၁၅၀၀ မှ ရူပီ ၅၀၀၀ အထိ ရောင်းချနေကြသည်။
ထိုစျေးနှုန်းသည် အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ပျမ်းမျှလူငယ်များအတွက် ဝယ်ယူသုံးစွဲရန် မတတ်နိုင်သည့် ပမာဏတော့ မဟုတ်ပေ။
ဒေသခံ စစ်သွေးကြွအဖွဲ့များ၊ ပြည်သူ့စစ်များအတွက် လက်နက်ခဲယမ်းများ ဝယ်ယူရန်၊ ကေဒါများကို ထောက်ပံ့ ကြေးပေးရန်၊ လေ့ကျင့်ရေး စခန်းများကို ငွေကြေးထောက်ပံ့ရန်နှင့် မြေအောက်လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ရန်အတွက် မူးယစ်ဆေးဝါးများသည် ဝင်ငွေ အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့သည်။

မြန်မာက မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးဖို့ပြင်ဆင်နေစဉ်
အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးသည့် ဒေသတွင် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် အဖွဲ့မျာသည် လူငယ်များကို လွယ်ကူစွာ ဆွဲဆောင်နိုင်သည်။
ဤနေရာတွင် အရေးကြီးသည့် အချက်တစ်ခုမှာ အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) များကသာ ထိန်းချုပ်ထားခြင်း မဟုတ်ဘဲ တရုတ် မူးယစ်ဂိုဏ်းများ၏ ထိန်းချုပ်ထားသည့် မူးယစ်ဆေးဝါးများလည်း ပါဝင်နေသည်။
ထိုကွန်ရက်များသည် အိန္ဒိယနိုင်ငံ၏ နယ်စပ်များအနီးတွင် လှုပ်ရှားနေပြီး တရားမဝင် အဖွဲ့အစည်းများသာမက အဂတိလိုက်စားနေသည့် တရားဝင် အဖွဲ့အစည်းများလည်း ပါဝင်နေသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးဝါးဂိုဏ်းများ အထူးသဖြင့် ရိုဟင်ဂျာအုပ်စုများသည် အာသံနှင့် တြိပူရပြည်နယ် များသို့ ယာဘဆေးပြားများ ဝင်ရောက်လာမှုအတွက် တာဝန်ရှိသည့် အဖွဲ့များဖြစ်သည်။
အိန္ဒိယအနေဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို ရာဇဝတ်မှုဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပြဿနာတစ်ရပ်အဖြစ် သတ်မှတ်နိုင်တော့မည် မဟုတ်ကြောင်းကို နားလည် သဘောပေါက်ရမည်ဖြစ်သည်။
ထိုပြသနာကို အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။
၂၀၂၁ ခုနှစ်ကတည်းက အိန္ဒိယသည် မြန်မာနှင့်ဆက်ဆံရာတွင် အလွန် သတိကြီးစွာထားပြီး အရဲစွန့် ဆက်ဆံခဲ့ရ ခြင်း ဖြစ်သည်။
အိန္ဒိယသည် ၎င်း၏ နိုင်ငံ့အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး သက်ဆိုင်ရာ Stakeholder များနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို ဖွင့်ထားခဲ့သည်။
ထိုကဲ့သို့ ဟန်ချက်ညီစွာ ချဉ်းကပ်ဆောင်ရွက်မှုသည် အိန္ဒိယထံမှ မဟာဗျူဟာမြောက် ထောက်ပံ့မှုနှင့် နိုင်ငံရေး ထောက်ခံမှုကို မျှော်လင့်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဝေဖန်မှုကို ခံခဲ့ရသည်။
သို့သော် ယခုအချိန်သည် EAO များကို အိန္ဒိယဘက်မှ ဖြေဆိုရန် ခက်ခဲမည့် မေးခွန်းကို မေးရန် အချိန်ကျပြီ ဖြစ်သည်။
ထိုမေးခွန်းမှာ EAO များအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲတွင် အိန္ဒိယနှင့် ပူပေါင်းဆောင်ရွက်ရန် ပြင်ဆင်ပြီးပြီလော ဟူသည့် မေးခွန်းဖြစ်ပေသည်။
Source: The Print
- By CNI
- Category: ဆောင်းပါး
- Hits: 842
CNI Sport Article
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂
၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League phase ကတော့ ပွဲစဉ် ၆ ပွဲအထိ ကစားပြီးပြီဖြစ်လို့ လက်ကျန်ပွဲစဉ် ၂ ပွဲသာကစားဖို့ ကျန်ရှိပါတော့တယ်။
ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပရီးမီးယားလိဂ်က အသင်း အများဆုံးအဖြစ် ၆ သင်းအထိ ဝင်ရောက် ယှဉ်ပြိုင်နေ တာပါ။ ပွဲစဉ် ၆ အထိ ကစားအပြီးမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ရလဒ်တွေဟာ ကောင်းမွန်နေတယ် လို့ ပြောရမှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးအသင်း ၈ သင်းဟာ ၁၆ သင်းအဆင့်ကို အလိုအလျောက် တက်ခွင့်ရမှာဖြစ်ပြီး အဆင့် ၉ ကနေ ၂၄ အတွင်းမှာ ရပ်တည်နေတဲ့ အသင်းတွေဟာ ၁၆ သင်းအဆင့်တက်နိုင်ဖို့ ပလေးအော့ဖ် အဆင့် ယှဉ်ပြိုင်ရမှာပါ။
ထိပ်ဆုံးအသင်း ၈ သင်းထဲမှာ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးအသင်း ပါဝင်နေပြီး အာဆင်နယ်အသင်းက အဆင့် ၁ ၊ မန်စီးတီးအသင်းက အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့် အနိုင်ရထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး လက်ကျန် ၂ ပွဲမှာ ၁ မှတ်ရရှိတာနဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်မှာပါ။
အာဆင်နယ်အသင်းဟာ လက်ကျန် ၂ ပွဲအဖြစ် အင်တာမီလန်၊ ကိုင်ရတ်အသင်းတို့နဲ့ ကစားရမှာဖြစ်လို့ နောက် တစ်ဆင့်ကို တိုက်ရိုက် တက်နိုင်မယ်ဆိုတာ သေချာနေပါတယ်။

၁၆ အသင်းအဆင့် အသင်းစာရင်းကိုတွေ့ရစဉ်
မန်စီးတီးအသင်းကတော့ လက်ကျန် ၂ ပွဲအဖြစ် ဘိုဒိုဂီလင့်မ်၊ ဂါလာတာစာရေးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
အနိမ့်ဆုံး ပလေးအော့ဖ် ကစားခွင့်ရဖို့ သေချာနေပြီဖြစ်တဲ့ မန်စီးတီးအသင်းဟာ အဆင့် ၈ အောက်မှာ ရပ်တည် နေတဲ့ အသင်းတွေနဲ့ ရမှတ်ကွာဟမှု ကျဉ်းမြောင်းနေပါတယ်။
အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ ၁၆ သင်းအဆင့် တိုက်ရိုက် တက်နိုင်ဖို့ လက်ကျန် ၂ ပွဲစလုံး ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ထိပ်ဆုံးအသင်း ၈ သင်းအပြင်ဘက် အဆင့် ၉ နေရာမှာ ရပ်တည်နေပေမယ့် သူ့အပေါ်က အသင်းတွေနဲ့ ရမှတ်တူပြီး ဂိုးကွာခြားချက်ကြောင့် ဒီအဆင့်မှာ ရပ်တည်နေတာပါ။
လီဗာပူးလ်အသင်းရဲ့ လက်ကျန် ၂ ပွဲကို ကြည့်ရရင် မာဆေးလ်၊ ကာရာဘတ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မာဆေးလ်အသင်းနဲ့ အဝေးကွင်း ပွဲစဉ်မှာသာ ရလဒ်ကောင်း ရယူနိုင်ရင် ထိပ်ဆုံး ၈ သင်းထဲ ဝင်ရောက်ပြီး ၁၆ သင်း အဆင့်ကို တိုက်ရိုက်တက်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။
စပါး၊ နယူးကာဆယ်နဲ့ ချယ်လ်ဆီးအသင်းတို့က ထိပ်ဆုံး ၈ သင်း အပြင်ဘက်ဖြစ်တဲ့ အဆင့် ၁၁၊ ၁၂ နဲ့ ၁၃ နေရာတွေမှာ အစဉ်အလိုက် ရပ်တည်နေကြပါတယ်။
သူတို့တွေကလည်း ထိပ်ဆုံး ၈ သင်းထဲက အသင်းတွေနဲ့ ရမှတ်ကွာဟမှုက ကျဉ်းမြောင်းတာကြောင့် သူတို့ အတွက်လည်း ၁၆ သင်းအဆင့် တိုက်ရိုက် တက်နိုင်မယ့် မျှော်လင့်ချက် ရှိနေတာပါ။
စပါးအသင်းဟာ လက်ကျန် ၂ ပွဲအဖြစ် ဂျာမန်ကလပ်တွေဖြစ်တဲ့ ဒေါ့မွန်၊ ဖရန့်ဖတ်အသင်းတို့နဲ့ ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြသနေတဲ့ သူတို့ရဲ့ပုံစံကို ဆက်ထိန်းနိုင်ရင် မျှော်လင့်ချက် ရှိနေပါတယ်။
လီဗာပူးလ်အသင်းကို တွေ့ရစဉ်
နယူးကာဆယ်အသင်းကတော့ PSV၊ PSG အသင်းတို့နဲ့ လက်ကျန်ပွဲစဉ် ကစားရမှာဖြစ်လို့ တိုက်ရိုက် ဝင်ခွင့်ထက် ပလေးအော့ဖ်အဆင့် ကစားရဖို့ကိုသာ ပိုပြီးအာရုံစိုက်ရနိုင်တာပါ။
ချယ်လ်ဆီးအသင်းဟာ လက်ကျန် ၂ ပွဲအဖြစ် ပါဖို့စ်၊ နာပိုလီအသင်းတို့နဲ့ ကစားရမှာဖြစ်ပြီး နာပိုလီအသင်းနဲ့ အဝေးကွင်းပွဲမှာ ရလဒ်ကောင်း ရယူနိုင်ရင် ၁၆ သင်းအဆင့် တိုက်ရိုက်တက်နိုင်ဖို့ မျှော်လင့်ချက်ရှင်သန်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့တွေဟာ ထိပ်ဆုံး ၈ သင်းထဲက အသင်းတွေ ရလဒ်ကောင်း မရရှိမှသာ ၁၆ သင်းအဆင့် တိုက်ရိုက်တက်နိုင်မယ့် အခွင့်အရေးရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင် ပလေးအော့ဖ်အဆင့် သေချာဖို့အတွက် လုပ်ရမှာပါ။
ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ အာဆင်နယ်၊ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ ထိပ်ဆုံး ၈ သင်းထဲဝင်ပြီး နောက်တစ်ဆင့်ကို တိုက်ရိုက်တက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။
အဲ့ဒါကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်နေတဲ့ ပရီးမီယားလိဂ် ၆ သင်းထဲက ဘယ်အသင်းတွေက ၁၆ သင်း အဆင့် တိုက်ရိုက်တက်ပြီး ဘယ်အသင်းတွေက ပလေးအော့ဖ် ကစားကာ ၁၆ သင်းအဆင့် တက်နိုင်ဖို့ ကြိုးပမ်း ကြမလဲဆိုတာ လာမယ့်ပွဲစဉ်တွေမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 783
CNI International Article
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံရေး အားပြိုင်မှုများကို မကြာခဏ ကြုံတွေ့ရလေ့ ရှိသော်လည်း ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် နိုင်ငံရေး အကျပ်အတည်းသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ (Sheikh Hasina) သေဒဏ် ချမှတ်ခံခဲ့ရသည်။ ၎င်း၏ Awami League ပါတီလည်း ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။
လူအများအပြား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သက်တမ်းရင့် နိုင်ငံရေး အင်အားစုများသည် နိုင်ငံရေးစင်မြင့်ထက်တွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။
ထိုဖြစ်စဉ်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် သာမန် အစိုးရအဖွဲ့ အပြောင်းအလဲ တစ်ခုထက်ပိုသည့် အခင်းအကျင်း နှင့် ရင်ဆိုင်နေရသည်ကို ပြသနေခြင်းဖြစ်သည်။
နိုင်ငံရေးအင်စတီကျူးရှင်းများ အားနည်းလာချိန်တွင် ထိုကဲ့သို့ ပရမ်းပတာ အခြေအနေများသည် ဘူးပေါ်သလို ပေါ်လာခြင်း ဖြစ်သည်။
အာဏာနှင့် တာဝန်ခံမှုကြား ဟန်ချက်ညီမှု ကျိုးပျက်သွားချိန်တွင် နိုင်ငံရေးစနစ်သည်လည်း လျင်မြန်စွာ ယုတ်လျော့သွားပုံကို ဘင်္ဂလားဒေ့ရှ်ဖြစ်စဉ်က သက်သေပြရာ ရောက်နေသည်။
ဟာဆီနာ ကျဆုံးမှုသည် ၎င်း၏ အုပ်ချုပ်မှု တစ်ခုတည်းသာ အဆုံးသတ်ခြင်း မဟုတ်ဘဲ အလွန်ခိုင်မာသည့် ဗဟိုက ချုပ်ကိုင်ထားသော အချုပ်အခြာ အာဏာအပေါ်တွင် တည်ဆောက်ထားသည့် စနစ်တစ်ခုလည်း ပြိုလဲသွားခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးကို Awami League ပါတီက ဆယ်စုနှစ် တစ်စုကျော်ကြာ ဝန်းရံထားခဲ့ပြီး ထိုပါတီသည် ဗျူရိုကရေစီစနစ်၊ ရဲတပ်ဖွဲ့နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်များကို ထိန်းချုပ်ထားသည်။
ဟာဆီနာကို ဆန့်ကျင်သူများက ဟာဆီနာ၏ အစိုးရသည် လွတ်လပ်ခွင့်ကို ကန့်သတ်ထားသည်ဟု ဝေဖန်ကြ သည်။ ထောက်ခံသူများကမူ ဟာဆီနာ၏ အစိုးရသည် တည်ငြိမ်မှုနှင့် စီးပွားရေး တိုးတက်မှုကို ယူဆောင်လာ ပေးသည်ဟု ဆိုကြသည်။
ထိုယူဆချက် နှစ်ခုစလုံးတွင် အမှန်တရားအချို့ ပါဝင်နေသည်။
သို့သော် ပိုပြီးအရေးကြီးသည့် မေးခွန်းတစ်ခုရှိသည်။ ထိုမေးခွန်းမှာ နှစ်ပေါင်းများစွာကြာ လွှမ်းမိုးထားသော နိုင်ငံရေး အင်အားစုတစ်ခု ရုတ်တရက် ပျောက်ကွယ်သွားချိန်တွင် မည်သည့် အရာများ ဖြစ်ပျက်လာနိုင် သနည်းဆိုသည့် မေးခွန်းဖြစ်သည်။

ရှိတ်ဟာဆီနာကို ဖြုတ်ချခဲ့သော ဆန္ဒပြ လူငယ်တွေကို တွေ့ရစဉ်
ထိုမေးခွန်းကို မကြာသေးမီ လများအတွင်းက ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များက အဖြေပေးနိုင်ခဲ့သည်။
အင်စတီကျူးရှင်းများသည် ၎င်းတို့ဘာသာ အလိုအလျောက် ပြန်လည် တည်ဆောက်နိုင်ခြင်းမရှိဘဲ ဦးဆောင် နိုင်မည့် အင်အားစုကို လိုအပ်နေသည်။
Awami League ပါတီ ကျဆုံးခြင်းက နိုင်ငံရေးနယ်ပယ် မည်မျှကျဉ်းမြောင်းလာသည်ကို ပြသခဲ့သည်။
ဒီမိုကရေစီခိုင်မာသည့် နိုင်ငံများတွင် အင်အားကြီး နိုင်ငံရေးပါတီများက စနစ်ကို တည်ငြိမ်စေရန် ကူညီပေးသည်။
သို့သော် ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံရေးသည် Awami League ပါတီတစ်ခုနှင့် ဟာဆီနာ တစ်ဦးတည်း အပေါ်တွင် သာ အများအားဖြင့် မူတည်ခဲ့သည်။
ထိုဖွဲ့စည်းပုံ ဖယ်ရှားခံလိုက်ရချိန်တွင် အရေးပေါ် အစီအစဉ်တစ်ခု မရှိတော့ဘဲ နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားခဲ့သည်။
တစ်ချိန်က ဟာဆီနာ၏ အာဏာပိုင် အဖွဲ့အစည်းကို လိုက်နာခဲ့သည့် အစိုးရဌာနများသည် ယခုအခါ မည်သူ၏ ဦးဆောင်မှုနောက်သို့ လိုက်ရမှန်းမသိ ဖြစ်လာခဲ့သည်။
အရပ်ဘက်လူ့အဖွဲ့အစည်းတွင် လွတ်လပ်ခွင့် ပိုမိုရှိသော်လည်း ဦးတည်ချက်မရှိပေ။
အရေးအကြီးဆုံး အချက်မှာ နိုင်ငံရေး လေဟာနယ် ဖြစ်သွားချိန်တွင် အခွင့်အလမ်းကို စောင့်နေကြသည့် အခြား အင်အားစုများအတွက် နေရာလွတ်များကို ဖွင့်ပေးရာရောက်ခဲ့သည်။

ရှိတ်ဟာဆီနာကို တွေ့ရစဉ်
အခြေခံဥပဒေယိမ်းယိုင်ခြင်းနှင့် သဘောထား တင်းမာသည့် အင်အားစုများ ခေါင်းထောင်လာခြင်း
*****************************************************************************************
တစ်ချိန်က ဘေးဖယ်ခံထားရသည့် အင်အားစုများသည် ယခုအခါတွင် သက်ဝင်လှုပ်ရှားလာခဲ့ကြသည်။
Jamaat-e-Islami ပါတီနှင့် ၎င်းပါတီ၏ ကျောင်းသားအဖွဲ့ဖြစ်သည့် Islami Chhatra Shibir အဖွဲ့တို့သည် ဟာဆီနာ ပြုတ်ကျခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ နောက်ပိုင်း လျင်မြန်စွာ အင်အားကောင်းလာခဲ့သည်။
၎င်းတို့ အင်အားစုသည် စစ်တကောင်း (Chittagong) ၊ ရာ့ဂျ်ရှဟီ (Rajshahi) နှင့် (Sylhet) မြို့များတွင် ထောက်ခံမှုများ အခိုင်အမာ ရရှိထားသည်။
Jamaat-e-Islami ပါတီနှင့် Islami Chhatra Shibir အဖွဲ့တို့က ၎င်းတို့ကိုယ်ကိုယ် အစ္စလာမ်မစ် ဖွဲ့စည်းပုံနှင့် တရားမျှတမှုတို့ကို ကာကွယ်သူများအဖြစ် ပုံဖော်ခဲ့ကြသည်။
Hefazat-e-Islam နှင့် အခြား ဘာသာရေး ကွန်ရက်များကဲ့သို့ အင်အားစုများသည်လည်း ဩဇာလွှမ်းမိုးမှု မြင့်တက်လာခဲ့သည်။
ထိုအင်အားစုများသည် အင်အားကြီး ပါတီများ မရှိသည့် နိုင်ငံရေး ဟာကွက်များတွင် အဖြည့်ခံ အင်အားစုအဖြစ် ပါဝင်လာကြသည်။
အင်စတီကျူးရှင်း ပြိုလဲသည့် အခိုက်အတန့်အတွင်း သဘောထား တင်းမာသည့် အင်အားစုများသည် ခိုင်မာ အားကောင်းလာကြသည်။
၎င်းတို့သည် လျှင်မြန်စွာ ဖွဲ့စည်းနိုင်ပြီး လူထုကို တိကျပြတ်သားသည့် မက်ဆေ့ချ်များ ဖြန့်နိုင်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတွေ မဲထည့်ဖို့လုပ်နေကြစဉ်
ထိုအင်အားစုများသည် တရားဝင် အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များထက် ဗလီများနှင့် ချိတ်ဆက်ထားသည့် ကွန်ရက်များ၊ ဒေသခံ အဖွဲ့အစည်းများကို အသုံးပြုပြီး လည်ပတ်နေကြသည်။
၎င်းတို့၏ လုပ်ဆောင်ချက်များသည် လူထုကို ဆွဲဆောင်နိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူထုကို ကိုယ်စားပြုနေပြီး တစ်ချိန်တည်းမှာပင် အခြားနိုင်ငံရေး ပလက်ဖောင်းများက အားနည်းနေခြင်းကြောင့် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ ခေါင်းဆောင် မိုဟာမက် ယူနွတ် (Muhammad Yunus) လက်ထက်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းသည် နိုင်ငံရေး အခင်းအကျင်းကို ပုံမှန်ပြန်ထိန်း သိမ်းရန် ရည်ရွယ်ခဲ့သည်။
သို့သော် Awami League ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင်ခြင်းသည် မဲဆန္ဒနယ်များတွင် နေရာလွတ်များကို ဖြစ်ပေါ်စေခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် တောရောမြို့ပါ မကျန် ခိုင်မာစွာ အမြစ်တွယ်နေသည့် အင်အားအကြီးဆုံး Awami League ပါတီမပါဘဲ ရွေးကောက်ပွဲ ပြုလုပ်ခြင်းသည် ယှဉ်ပြိုင်မှုကို မတည်မငြိမ် ဖြစ်စေမည်ဖြစ်သည်။
လက်ရှိတွင် အင်အားနည်းသော်လည်း စနစ်တကျ ဖွဲ့စည်းထားသည့် နိုင်ငံရေး အင်အားစုများသည် လူထု၏ ဆွေးနွေးပွဲ စကားဝိုင်းများကို လွှမ်းမိုးထားသည်။
ထိုအခြေအနေများအောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိသည်ဟု ထင်ရသော်လည်း စစ်မှန်သည့် နိုင်ငံရေး ယှဉ်ပြိုင်မှုကို ထင်ဟပ်စေမည် မဟုတ်ပေ။
သို့သော် လက်ရှိတွင် စည်းကမ်း တင်းကျပ်သည့် အယူဝါဒ အုပ်စုများသည် ခေါင်းထောင်လာသည်ကို ငြင်းနိုင် မည်မဟုတ်ပေ။
Jamaat-e-Islami ပါတီနှင့် ဆက်စပ်နေသော အဖွဲ့အစည်းများသည် ယခင်က ပိတ်ထားခဲ့သည့် ရုံးခန်းအဟောင်း များကို ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။
Islami Chhatra Shibir ကျောင်းသား အဖွဲ့ဝင်များကလည်း သက်ဆိုင်ရာ တက္ကသိုလ်များတွင် ပြန်လည်လှုပ်ရှား လာကြသည်။
အင်အားနည်းသည့် အစ္စလာမ်မစ် အုပ်စုများကလည်း မဟာမိတ်များဖွဲ့လာကြသည်။
ထိုအခြေအနေများက ယခင်က အခြေတည်ခဲ့သည့် နိုင်ငံရေးစနစ် ဗဟိုချက်သည် ပြိုလဲသွားပြီး နိုင်ငံရေး လေဟာ နယ်တွင် မူဝါဒများကို ကျယ်ကျယ်လောင်လောင် ပြောဆိုပြီး စနစ်တကျ ဖွဲ့စည်းထားသည့် အဖွဲ့များက နေရာ ဝင်ယူလာသည့် လက္ခဏာများဖြစ်သည်။

ရှိတ်ဟာဆီနာနဲ့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရခေါင်းဆောင် ယူနွတ်ကို တွေ့ရစဉ်
ရွေးကောက်ပွဲ ကျင်းပရေးသာမဟုတ်ဘဲ ဒီမိုကရေစီကိုပါ ပြန်လည်တည်ဆောက်ရေး
**************************************************************************
ယခင်အစိုးရအဖွဲ့သည် ကြီးမားသည့် အမှားများကို လုပ်ခဲ့သည်။ ကျောင်းသားများ၏ ဆန္ဒပြမှုကို အင်အားသုံး ဖြိုခွင်းခဲ့သည်။ မီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်ခဲ့သည်။ နိုင်ငံရေး ပြိုင်ဘက်များကို အာဏာသုံးပြီး နှိပ်ကွပ်ခဲ့သည်။
ထိုလုပ်ရပ်များက နိုင်ငံရေးစနစ်ကို ထိခိုက်စေခဲ့သည်။
သို့သော် Awami League ပါတီကို ချက်ချင်း ဖယ်ထုတ်ခြင်းသည် အကောင်းဆုံး ဖြေရှင်းနည်းတော့ မဟုတ်ပေ။
နိုင်ငံရေးစနစ်သည် ယှဉ်ပြိုင်မှုရှိနေချိန်မှသာ အင်စတီးကျူးရှင်းများသည် တည်ငြိမ်နေမည်ဖြစ်သည်။
Awami League ပါတီကို ဖယ်ထုတ်ခြင်းဖြင့် နိုင်ငံရေးစနစ်သည် အကြမ်းဖက်မှုများ၊ အစွန်ရောက်မှုများနှင့် ဆက်နွှယ်မှု ရှိခဲ့သည့် အင်အားစုများကို မရည်ရွယ်ဘဲ အင်အားတောင့်တင်း သွားစေနိုင်သည်။
ဘင်္ဂလားဒေ့ရှ်၏ စိန်ခေါ်မှုမှာ အုပ်ချုပ်သူကို ပြောင်းလဲခြင်းတစ်ခုသာ မဟုတ်ပေ။
စစ်မှန်သည့် စိန်ခေါ်မှုမှာ တရားမျှတသော နိုင်ငံရေးပြိုင်ဆိုင်မှုကို ပြန်လည်ထူထောင်ရန်ဖြစ်သည်။
အပေါ်ယံ သုံးသပ်ကြည့်ပါက မှန်ကန်ပုံရသော်လည်း စစ်မှန်သည့် ပြိုင်ဆိုင်မှုမရှိသော ရွေးကောက်ပွဲများသည် အကျပ်အတည်းကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။
အဓိက ပါတီများ မပါဝင်သော၊ ဟန်ချက်ညီသော အသံများ မပါဝင်သော၊ အားနည်းသော အင်စတီကျူးရှင်များသာ ပါဝင်သော စနစ်တစ်ခုသည် တည်ငြိမ်စွာ ရပ်တည်နိုင်မည် မဟုတ်ပေ။
ဒီမိုကရေစီ ပြန်လည်တည်ဆောက်ခြင်းတွင် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များထက် အရေးကြီးသည့် အချက်များရှိသည်။
နိုင်ငံသားများ အနေဖြင့် စည်းမျဉ်းများသည် တသမတ်တည်း ရှိနေမည်ဟု ယုံကြည်ရမည်ဖြစ်သည်။
ပါတီများအနေဖြင့် အင်စတီးကျူးရှင်းများသည် ကြားနေဖြစ်ကြောင်း ယုံကြည်ရမည်။
တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်များ အနေဖြင့် ၎င်းတို့၏ သစ္စာစောင့်သိမှုသည် ခေါင်းဆောင် တစ်ဦးတည်းအပေါ် မဟုတ် ဘဲ စနစ်အပေါ်တွင်ဖြစ်ကြောင်း နားလည်ရမည်ဖြစ်သည်။
လက်ရှိ အကျပ်အတည်းအရ အင်စတီးကျူးရှင်းများသည် စည်းမျဉ်းများထက် ပုဂ္ဂိုလ်ရေးနောက်ကို လိုက်နေ ကြောင်း ပြသနေသည်။
ထိုပုဂ္ဂိုလ်များ ရုတ်တရက် မရှိတော့ချိန်တွင် အင်စတီကျူးရှင်းများ ပြိုလွဲသွားမည်ဖြစ်သည်။
တရားရုံးများ၊ အစိုးရ အေဂျင်စီများ၊ တရားဥပဒေစိုးမိုးရေး အဖွဲ့များသည် မရေရာသည့် အခြေအနေကို ရင်ဆိုင် နေရသည်။ ထို့ကြောင့် တည်ငြိမ်မှုပျက်ယွင်းသွားရခြင်းဖြစ်သည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် သမိုင်းဝင် အလှည့်အပြောင်း ကာလသို့ ရောက်ရှိနေပြီဖြစ်သည်။
နောက်တက်လာမည့် အစိုးရအဖွဲ့သစ်၏ ဆုံးဖြတ်ချက်များသည် နောက်ထပ် နှစ်ပေါင်းများစွာ ကြာသည်အထိ နိုင်ငံရေးကို ပုံဖော်ပေးသွားမည်ဖြစ်သည်။
အာဏာပိုင်များ အနေဖြင့် တရားမျှတသည့် နိုင်ငံရေးကို ပြန်လည်ထူထောင်ရမည်ဖြစ်သည်။
ပါတီတိုင်းသည် ယှဉ်ပြိုင်နိုင်စွမ်း ရှိရမည်ဖြစ်ပြီး အစွန်းရောက်များ၏ အသံများကို စည်းမျဉ်းများနှင့် ထိန်းချုပ်ရ မည်ဖြစ်သည်။
အင်စတီကျူးရှင်းများအနေဖြင့်လည်း ဘက်မလိုက်ဘဲ တသမတ်တည်း ရှိရမည်ဖြစ်ပေသည်။
Source: Asia Times
