- By CNI
- Category: ဆောင်းပါး
- Hits: 771
CNI Sport Article
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
ဘိုလီးဗီးယားအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) နောက်ဆုံးပွဲစဉ်မှာ ဘရာဇီးလ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ပြန်လည် ယှဉ်ပြိုင်ခွင့်ရနိုင်မယ့် မျှော်လင့်ချက် ရှင်သန်ခဲ့ပါတယ်။
ဘိုလီးဗီးယားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့် မရခဲ့ပေမယ့် ဒီပွဲအနိုင်ရခဲ့တာကြောင့် တောင်အမေရိကဇုန် ခြေစစ်ပွဲ အမှတ်ပေးဇယားအဆင့် ၇ နေရာမှာ ရပ်တည်ခဲ့ပြီး ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် တစ်နေရာကို ရရှိခဲ့တာပါ။
ဒါဟာ ၁၉၉၄ ခုနှစ်က အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဘိုလီးဗီးယားအသင်းအတွက် နှစ်ပေါင်း ၃၂ နှစ်အကြာမှာ ကမ္ဘာ့ဖလား ဝင်ခွင့်ပြန်ရနိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။
ဘိုလီးဗီးယားအသင်းဟာ သူတို့အသင်းရဲ့ သမိုင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်အထိ ဝင်ပြိုင်ခဲ့ဖူးပြီး ဒီ ၃ ကြိမ် စလုံးမှာ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ကြိမ်မြောက် ဝင်ပြိုင်ခွင့်ရဖို့ ပစ်မှတ်ထားနေတဲ့ ဘိုလီးဗီးယားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ နောက်ထပ် ဖြတ်ကျော်ရမယ့် အဆင့်တွေ ရှိနေပါသေးတယ်။

ဘိုလီးဗီးယားအသင်း အောင်ပွဲခံနေစဉ်
လာမယ့် ၂၀၂၆ ခုနှစ်၊ မတ်လမှာ ပုံစံအသစ်နဲ့ အသင်း ၆ သင်းပါဝင်တဲ့ ပြိုင်ပွဲတစ်ခုကို မက္ကဆီကိုနိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပသွားမှာပါ။
ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ပလေးအော့ဖ် ယှဉ်ပြိုင်ရမယ့် အသင်းတွေကို အရင်လို နှစ်ကျော့ကစားပြီး ဆုံးဖြတ်တဲ့ ပုံစံမျိုး မဟုတ်ဘဲ မက္ကဆီကိုနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ဒီပလေးအော့ဖ်ကို ကွန်ကာကပ်ဖ်ဇုန်က ၂ သင်း၊ တောင်အမေရိကဇုန်၊ အာရှဇုန်၊ အာဖရိကဇုန်နဲ့ သမုဒ္ဒရာပိုင်း ဇုန်က ၁ သင်းစီ ယှဉ်ပြိုင်ရမှာပါ။
လက်ရှိအချိန်မှာ တောင်အမေရိကဇုန်က ဘိုလီးဗီးယားအသင်းနဲ့ သမုဒ္ဒရာပိုင်းဇုန်က နယူးကာလီဒိုးနီးယားအသင်း ၂ သင်းသာ အဖြေထွက်သေးပြီး ကျန်ဇုန်တွေရဲ့ ခြေစစ်ပွဲတွေက မပြီးသေးတာကြောင့် ဘယ်အသင်းတွေ ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ပုံစံအသစ်နဲ့ ကျင်းပမယ့် ပလေးအော့ဖ်အဆင့်မှာ အဆင့်သတ်မှတ်ချက် အမြင့်ဆုံးအသင်း ၂ သင်းဟာ ဗိုလ်လုပွဲ ကနေ စောင့်ဆိုင်းရမှာဖြစ်ပြီး ကျန်တဲ့အသင်း ၄ သင်းက ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ရမှာပါ။
ဆီမီးဖိုင်နယ်မှာ အနိုင်ရတဲ့အသင်း ၂ သင်းဟာ ဗိုလ်လုပွဲမှာ စောင့်ဆိုင်းနေတဲ့ အသင်း ၂ သင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

ဘိုလီးဗီးယားအသင်းနဲ့ ဘရာဇီးလ်အသင်း ယှဉ်ပြိုင်နေစဉ်
ဗိုလ်လုပွဲမှာ အနိုင်ရတဲ့အသင်း ၂ သင်းကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်နေရာကို ရရှိမှာပါ။ အဲဒါကြောင့် ဘိုလီးဗီးယားအသင်းအနေနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ရနိုင်ဖို့ ထပ်ပြီး ကြိုးစားရဦးမှာ ဖြစ်ပါတယ်။
ဘိုလီးဗီးယားအသင်းဟာ အဝေးကွင်း အားနည်းတဲ့ အသင်းဖြစ်တာကြောင့် ဒီပလေးအော့ဖ် ပွဲစဉ်တွေဟာ သူ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေလို့ ပြောရမှာပါ။
ဘိုလီးဗီးယားအသင်းဟာ အိမ်ကွင်းမှာဆိုရင် ဘရာဇီးလ်၊ အာဂျင်တီးနားအသင်းတွေကို အနိုင်ယူနိုင်တဲ့ အသင်း ဖြစ်ပေမယ့် အဝေးကွင်း မှတ်တမ်းကတော့ ဆိုးရွားပါတယ်။
ဘိုလီးဗီးယားအသင်း အနေနဲ့ သူတို့ရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းချင်တယ်ဆိုရင် ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ အများဆုံးဖြတ်ကျော်ရမယ့်ပွဲ ၂ ပွဲကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။
ဘိုလီးဗီးယားအသင်းဟာ လာမယ့် အောက်တိုဘာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ခွင့်ရခဲ့တဲ့ ဂျော်ဒန်အပြင် ရုရှားအသင်းနဲ့ ခြေစမ်းပွဲကစားပြီး သူတို့ရဲ့ခြေစွမ်းကို စမ်းသပ်ခံဖို့ ပြင်ဆင်ထားတာပါ။
ဘိုလီးဗီးယားအသင်း အနေနဲ့ ဒီပွဲတွေကနေ အားနည်းချက်တွေကို ပြင်ဆင်ပြီး လက်တစ်ကမ်း အကွာမှာသာ ရှိတော့တဲ့ ကမ္ဘာ့ဖလား ဝင်ခွင့်လက်မှတ်ကို အရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 976
CNI Article
နယူးဒေလီ၊ စက်တင်ဘာ ၆
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့သည် ၇ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ၊ တီယန်ကျင်း (Tianjin) မြို့ တွင် တွေ့ဆုံခဲ့မှုသည် သာမန် သံတမန် ဆက်ဆံရေးထက် ပိုသည့် လေးနက်မှုကို ပေါ်လွင်စေခဲ့သည်။
ဧပြီလတွင် စတင်ခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကုန်သွယ်ခွန် တိုးမြှင့် ကောက်ခံမှု အစီအစဉ်သည် ပိုမိုပြင်းထန်လာခဲ့ပြီးနောက် ကမ္ဘာ့ကုန်သွယ်မှု စီးဆင်းမှုများကို ပုံစံပြောင်းလဲသွား စေသည့် အချိန်၌ ရှီနှင့်မိုဒီတို့၏ တွေ့ဆုံမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
အချိန်အခါသည် သံသယ မကင်းဖွယ်ရာ အဖြစ်မှန်ကို ပေါ်လွင်စေသည် - ကမ္ဘာ့စီးပွားရေးသည် အသာစီး ဗဟိုချက် တစ်ခုတည်းတွင် မဖွဲ့စည်းတော့ဘဲ ပြိုင်ဆိုင်သော ပါဝါနှင့် သြဇာလွှမ်းမိုးမှု ရင်းမြစ်များရှိသော ဘက်စုံဖွဲ့စည်းပုံဆီသို့ ဦးတည်နေသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် အင်အားကြီးနိုင်ငံ တစ်နိုင်ငံတည်းကိုသာ ဗဟိုပြုထားသည့် အခင်းအကျင်းမှ ဝင်ရိုးစုံ ကမ္ဘာအခင်းအကျင်းကို ဗဟိုပြုသည့်ပုံစံသို့ ပြောင်းလဲလာသည်။
ထို့ကြောင့် နိုင်ငံအားလုံးသည် ဩဇာလွှမ်းမိုးမှု၏ အရင်းအမြစ်များအတွက် ပြိုင်ဆိုင်လာကြသည်။
ထရမ့်၏ ကုန်သွယ်ခွန် တိုးမြှင့်မှုများက ထိုအခြေအနေကို ပိုမိုသိသာ ထင်ရှားစေခဲ့သည့် မောင်းနှင်အား တစ်ခု ဖြစ်ခဲ့သည်။
ထရမ့်သည် ဧပြီလက တစ်ကမ္ဘာလုံးမှ တင်ပို့သည့် ကုန်စည်များအပေါ် အခြေခံကုန်သွယ်ခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ကြေညာခဲ့သည်။
ထို့နောက် ဥရောပ၊ အာရှနှင့် လက်တင်အမေရိကတို့ရှိ မဟာမိတ်များ၊ မိတ်ဖက်နိုင်ငံများ အားလုံးနီးပါးကို နောက်ထပ် ကုန်သွယ်ခွန်များ အသီးသီး တိုးမြှင့်ကောက်ခံခဲ့သည်။
ဩဂုတ်လ ကုန်ပိုင်းတွင် အိန္ဒိယသည် အမေရိကန်သို့ တင်ပို့သည့် အထည်အလိပ်များမှအစ ကျောက်မျက်ရတနာ များအလယ်၊ ပင်လယ်စာများအဆုံး ပို့ကုန်ကဏ္ဍများအပေါ် ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ခံခဲ့ရသည်။

ဒေါ်နယ်ထရမ့်နဲ့ မိုဒီကို တွေ့ရစဉ်
အိန္ဒိယသည် အမေရိကန်၏ နီးကပ်သည့် မဟာမိတ်အဖြစ် သတ်မှတ် ခံထားရသည့်တိုင် ထိုကဲ့သို့ ကုန်သွယ်ခွန် များ တိုးမြှင့်ခံခဲ့ရခြင်းကြောင့် အမေရိကန်သည် စီးပွားရေး အကျိုးအမြတ် ရမည်ဆိုပါက ဆက်ဆံရေးကိုပင် ထည့်မတွက်သည့် အခြေအနေကို ပေါ်လွင်စေခဲ့သည်။
အမေရိကန်သည် ကုန်သွယ်ရေးဆိုင်ရာ တားမြစ် ကန့်သတ်ချက်များကို မြှင့်တင်နေချိန်တွင် အခြားနိုင်ငံများ ကလည်း အမေရိကန်၏ ကုန်သွယ်ခွန်များအား ကိုင်တွယ်ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခဲ့ကြ သည်။
တရုတ်နိုင်ငံ တီယန်ကျင်း (Tianjin) မြို့တွင် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပခဲ့သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ထိပ်သီး အစည်းအဝေးသည် အမေရိကန်၏ ကုန်သွယ်ခွန်များနှင့်ပတ်သက်ပြီး နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်အတွက် လမ်းကြောင်းတစ်ခု ပေါ်ပေါက်စေခဲ့သည်။
အိန္ဒိယ၊ တရုတ်၊ ရုရှား၊ အီရန်နှင့် ပါကစ္စတန်တို့ ပူးပေါင်းထားသည့် ဗဟိုအာရှနိုင်ငံများ ပါဝင်သော SCO အဖွဲ့သည် သံတမန်ရေးရာ သွေးစည်းမှုကို ပြသခြင်းထက် ပိုပြီး လေးနက်မှုရှိသည်။
တစ်ချိန်က အရေးကိစ္စ တော်တော်များများတွင် ပူးပေါင်းဆောင်ရွက်မှု သိပ်မရှိခဲ့သည့် နိုင်ငံများသည် ယခုအခါ၌ ပိုမိုနက်ရှိုင်းသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ စတင်ပြုလုပ်လာကြောင်း ထင်ရှားစေခဲ့သည်။
၂၀၂၀ ပြည့်နှစ်က ဂေါ်ဝန်တောင်ကြားဒေသတွင် အိန္ဒိယနှင့် တရုတ် စစ်သားများကြား ပြင်းထန်စွာ ခိုက်ရန် ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်ခဲ့သော်လည်း မိုဒီနှင့် ရှီတို့သည် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နိုင်သည့် အချက်က ပြည်ပ၏ ဖိအားအောက် (အမေရိကန်၏ ကုန်သွယ်ခွန်ကို ရည်ညွှန်းခြင်းဖြစ်နိုင်)တွင် လျှင်မြန်စွာ ပြောင်းလဲလာသည့် မဟာဗျူဟာ တွက်ချက်မှုများကို ထင်ဟပ်စေခဲ့သည်။
အကျိုးဆက်အရ အမေရိကန်ကို ကမ္ဘာလုံးဆိုင်ရာစနစ်၏ ဗဟိုချက်တွင် ထားရှိသည့် စစ်ပြီးခေတ် သဘောတူညီမှု သည် တဖြည်းဖြည်း မှေးမှိန်လာခဲ့ခြင်းဖြစ်သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)ထိပ်သီး အစည်းအဝေးတက်ခဲ့တဲ့ ခေါင်းဆောင်တွေကို တွေ့ရစဉ်
အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်မှု အစီအစဉ်သည် ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် လုံခြုံရေးကဏ္ဍတို့တွင် စင်ပြိုင်ကွန်ရက်များ ထူထောင်မှုကို အရှိန်မြှင့်တင်ပေးရာ ရောက်ခဲ့သည်။
တစ်ချိန်က ဂလိုဘယ်လိုက်ဇေးရှင်းကို တူညီသည့် စံသတ်မှတ်ချက်များကို ပေါင်းစည်းခြင်းဖြင့် အဓိပ္ပာယ်ဖွင့်ဆို ခဲ့သော်လည်း လက်ရှိတွင် မတူကွဲပြားသော စည်းကမ်းများ၊ နည်းစနစ်များဖြင့် သီးခြားဖွဲ့စည်းပုံများကို တိုးမြှင့် လုပ်ဆောင်လာကြသည်။
အမေရိကန်၏ ကုန်သွယ်ခွန်များ သို့မဟုတ် ပိတ်ဆို့မှုများ ချမှတ်ခံရသည့် နိုင်ငံများသည် အမေရိကန်နှင့် ဆွေးနွေး ရန် စောင့်ဆိုင်း မနေကြတော့ဘဲ အမေရိကန်အပေါ် မှီခိုမှုကို လျှော့ချနိုင်မည့် အခြား အသင်းအဖွဲ့များနှင့် ဒေသတွင်း မူဘောင်များကို ပြောင်းလဲထူထောင်လာကြသည်။
ထိုအချက်သည် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများအတွက် အငြင်းပွားရမည့် ကိစ္စတစ်ခု မဟုတ်ဘဲ ရင်းနှီးငွေ လျာထားမှုနှင့် စျေးကွက်များကို လည်ပတ်ရန် အခြေခံကျသည့် ပြည်လည်ဖွဲ့စည်း တည်ဆောက်ပုံ တစ်ခုဖြစ် သည်။
ထောက်ပံ့ရေး ကွင်းဆက်များကို ကမ္ဘာလုံးဆိုင်ရာ အဆင်ပြေ ထိရောက်စေရေးထက် သက်ဆိုင်ရာ ဒေသများတွင် ကြံ့ကြံ့ခံ ရပ်တည်နိုင်မှုအတွက် ဦးစားပေးပြီး အကောင်အထည်ဖော်လာကြသည်။
နိုင်ငံရေးသည် ထုံးတမ်းစဉ်လာ စီးပွားရေးကဏ္ဍများထက် ပိုမိုအရေးကြီးလာသဖြင့် ကမ္ဘာလုံးဆိုင်ရာ စျေးကွက် များကြား ချိတ်ဆက်မှုများသည် အားလျော့လာခဲ့သည်။
စတော့ရှယ်ယာ၊ အိမ်ခြံမြေ အပါအဝင် ရင်းနှီးမြှုပ်နှံမှု အစုစုအတွက် ချမှတ်ထားသည့် စည်းကမ်းဟောင်းများသည် ရေရှည်တွင် အလုပ်မဖြစ်တော့ပေ။

ပူတင်၊ ရှီကျင့်ဖျင်နဲ့ မိုဒီကို တွေ့ရစဉ်
နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များကလည်း ထိုအပြောင်းအလဲကို သတိပြုမိခဲ့ကြပြီး အများစုသည် ဒေါ်လာကို မှီခိုမှု လျှော့ချလာကာ ရွှေနှင့် အိမ်ခြံမြေကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများကို အားထားလာကြသည်။
အချို့ဒေသများတွင် ဒေါ်လာကို မှီခိုခြင်းမရှိဘဲ ကုန်သွယ်နိုင်သည့် ငွေပေးချေမှု စနစ်သစ်များကို ဖန်တီးနေကြ သည်။
ဒေါ်လာသည် အင်အား အကောင်းဆုံး ငွေကြေး ဖြစ်နေဆဲဖြစ်သော်လည်း ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေးများ တွင် ဒေါ်လာ၏ ပါဝင်မှုသည် လျော့နည်းလာသည်။
ထိုရလဒ်ကြောင့် ကမ္ဘာ့ဘဏ္ဍာရေး စင်မြင့်ထက်တွင် အမေရိကန်၏ လွှမ်းမိုးမှုသည်လည်း ဖြည်းညှင်းစွာ လျော့ပါး လာခဲ့သည်။
ထိုသက်ရောက်မှုများကို စက်မှုလုပ်ငန်း အများစုတွင် မြင်တွေ့နိုင်သည်။ နည်းပညာ ထောက်ပံ့ရေး စျေးကွက်များ သည် ကုန်ကျစရိတ် နည်းပါးမှုကိုသာ ဦးစားမပေးတော့ဘဲ နိုင်ငံရေးလုံခြုံမှုကို စိတ်ချသေချာစေရန် ဦးစားပေး လုပ်ဆောင်လာကြသည်။
နိုင်ငံအများအပြားသည် အမေရိကန် ထိန်းချုပ်ထားသည့် တစ်ပိုင်းလျှပ်ကူး စျေးကွက်အပေါ် မှီခိုမှုကို လျှော့ချရန် အတွက် မတူကွဲပြားသည့် ဒေသများတွင် ၎င်းတို့၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး စက်ရုံများကို တည်ဆောက်လာကြသည်။
အလားတူပင် စွမ်းအင် ကုန်သွယ်ရေးသည်လည်း ပြောင်းလဲနေသည်။ ပိတ်ဆို့မှုများနှင့် ကုန်သွယ်ခွန် တိုးမြှင့် ကောက်ခံမှုများက နိုင်ငံအများအပြားကို မိတ်ဖက်ဆက်ဆံရေး အသစ်များ ထူထောင်ရန်နှင့် ပို့ကုန်လမ်းကြောင်း အသစ်များ ဖော်ဆောင်ရန် တွန်းအားပေးရာ ရောက်ခဲ့သည်။
တစ်ချိန်က အနောက်နိုင်ငံများက ရန်ပုံငွေ အများဆုံး ထောက်ပံ့ခဲ့သည့် အခြေခံ အဆောက်အအုံ ပရောဂျက်များ သည်လည်း ယခုအခါတွင် ဒေသတွင်း ဘဏ်များနှင့် အစိုးရက ထောက်ပံ့ပေးထားသော စီမံကိန်များ၏ ငွေကြေး ထောက်ပံ့မှုကို ပိုမိုရရှိလာခဲ့သည်။
ထိုအချက်ကို ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သော SCO အစည်းအဝေးက သိသာထင်ရှားစေခဲ့သည်။

ပူတင်၊ ရှီကျင့်ဖျင်၊ ကင်မ်ဂျုံအန်နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို တွေ့ရစဉ်
အိန္ဒိယနှင့် တရုတ်သည် ပြိုင်ဘက်များအဖြစ် ဆက်ရှိနေဆဲဖြစ်သော်လည်း စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု များကို ပြုလုပ်ရမည့် အခြေအနေတွင် နည်းလမ်းသစ်များကို အတူတကွ ရှာဖွေနေကြသည်။
အနောက်နိုင်ငံများ၏ အဆက်အသွယ် ဖြတ်တောက်ခြင်း ခံထားရသည့် ရုရှားသည်လည်း အနောက်အုပ်စု မဟုတ်သည့် မိတ်ဖက်နိုင်ငံများအပေါ် ပိုမိုမှီခို အားထားလာခဲ့သည်။
ဗဟိုအာရှနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံငယ်များသည် ၎င်းတို့အတွက် ကုန်သွယ်ရေးနှင့် ငွေကြေး အကျိုးအမြတ် ပိုမိုရရှိစေရန် မည်သည့် အင်အားစုဘက်တွင် ရပ်တည်ရမည်ဆိုခြင်းကို ရွေးချယ်နေကြသည်။
ထိုရွေးချယ်မှုများသည် သဘောတရားရေးရာ မဟုတ်ဘဲ လက်တွေ့ကျသည့် ရွေးချယ်မှုများ ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် ပိုမိုကျိုးပျက်လွယ်သလို ပိုမိုဟန်ချက် ညီလာသည့် အချက်ကို နိုင်ငံငယ်များက သိရှိထားကြသည်။
စတော့ရှယ်ယာ စျေးကွက်များ အတွက်လည်း ကုန်သွယ်ခွန်များသည် ရေတိုပြဿနာတစ်ခု မဟုတ်ဘဲ ထာဝရ တည်ရှိနိုင်သည့် မူဝါဒတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် နိုင်ငံများသည် ကုန်သွယ်ခွန်များကို တန်ပြန်နိုင်မည့် နှစ်ရှည်စီမံကိန်းများကို ပြင်ဆင်နေကြသည်။
ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း ထိုအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် နေရမည်ဖြစ်သည်။
ကမ္ဘာကြီးသည် အတိတ်ကာလကကဲ့သို့ အလုံးစုံ ချိတ်ဆက်မှု ရှိနေသည့်စနစ်ကို ပြန်သွားမည် မဟုတ်ဘဲ သက်ဆိုင်ရာ ဒေသအလိုက် ဩဇာလွှမ်းမိုးမှု ဗဟိုချက် အများအပြားရှိလာမည့် အခြေအနေသို့ ဦးတည်နေသည်။
တီအန်ကျင်းတွင် မိုဒီနှင့် ရှီကျင့်ဖျင်တို့၏ ဓာတ်ပုံသည် ထရမ့်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ အခြေအနေများ စတင်ပြောင်းလဲလာသည့် လက္ခဏာကို ပေါ်လွင်စေခဲ့သည်။
SCO အစည်းအဝေးတွင် ထွက်ပေါ်လာသည့် ရလဒ်နှင့် နှင့် အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်မှုတို့မှ ထွက်ပေါ် လာသည့် ရလဒ်မှာ အတူတူပင်ဖြစ်သည်။
ထိုရလဒ်မှာ ကမ္ဘာလုံးဆိုင်ရာစနစ်ကို ဗဟိုချက် တစ်ခုတည်းမှာသာ မထားတော့ဘဲ သီးခြားစီခွဲပြီး ရပ်တည်မှု၊ ကြံ့ကြံ့ခံနိုင်မှု စီးပွားရေးဆွဲငင်အား၏ ဗဟိုချက်အသစ်များ ပေါ်ပေါက်လာစေမည့်ရလဒ် ဖြစ်ပေလိမ့်မည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဝင်ရိုးစုံ ကမ္ဘာ့စီးပွားရေး အခင်းအကျင်း ပေါ်ပေါက်လာတော့မည် ဖြစ်သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 808
CNI Sport Article
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅
ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဂရင်းဝုဒ်ဟာ ဂျမေကာနိုင်ငံသားဖြစ်ခွင့်နဲ့ နိုင်ငံကူးလက်မှတ် (passport) အသစ် ရရှိထားပေမယ့် သူ့ရဲ့နိုင်ငံတကာ အနာဂတ်ကို ဂျမေကာလက်ရွေးစင်ထံ ကိုယ်စားမပြုဖို့ ဆုံးဖြတ်ထားတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဂျမေကာအသင်း နည်းပြ မက္ကလာရင်ဟာ ဒီလထဲကစားနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ဂရင်းဝုဒ်ကို အသင်းရဲ့လူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။
ဒါပေမယ့် အသက် ၂၃ နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ အင်္ဂလန် ကိုယ်စားပြုကနေ ဂျမေကာထံ ကိုယ်စားပြုပြီး တရားဝင် ကစားမယ့် စာမှာ လက်မှတ် ထိုးထားရခြင်း မရှိသေးတာ ဖြစ်ပါတယ်။
အင်္ဂလန် သက်တမ်းလိုက် အသင်းတွေမှာ ကစားခဲ့တဲ့ ဂရင်းဝုဒ်ဟာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာမှာ အင်္ဂလန် လက်ရွေးစင် အသင်းကြီးအတွက် သူရဲ့တစ်ပွဲတည်းသော ပွဲစဉ်ကို ပါဝင်ကစားခဲ့တာပါ။
ဂရင်းဝုဒ်ဟာ အိုက်စလန်အသင်းနဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် လူစားဝင်အဖြစ် ပါဝင်ကစား ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဂရင်းဝုဒ်ဟာ ကိုဗစ်စည်းမျဉ်း ချိုးဖောက်ခဲ့တာကြောင့် မန်စီးတီးအသင်းကြယ်ပွင့် ဖိုဒန်နဲ့အတူ အိမ်ပြန် ပို့ခြင်းခံခဲ့ရတာပါ။
ဒီနောက်ပိုင်းမှာ ဂရင်းဝုဒ်ဟာ အင်္ဂလန်ရဲ့ အသင်းကြီးမှာရော လူငယ်အသင်းမှာပါ ပါဝင်ရခြင်း မရှိတော့တာ ဖြစ်ပါတယ်။

ဂျမေကာအသင်းနည်းပြ မက္ကလာရင် ကိုတွေ့ရစဉ်
ဂရင်းဝုဒ်ဟာ မကြာသေးမီ အချိန်က ဂျမေကာလက်ရွေးစင်ကို ကိုယ်စားပြုဖို့ လုပ်ဆောင်ထားပေမယ့် နည်းပြမက္ကလာရင်ရဲ့ ခေါ်ဆိုမှုကို ငြင်းပယ်ခဲ့တာကြောင့် အင်္ဂလန်အတွက် ပြန်ပါဝင်ခွင့်ရနိုင်ဖို့ တံခါးဖွင့်ထား တယ်လို့ ဖော်ပြနေကြတာပါ။
ဂျမေကာအသင်း နည်းပြ မက္ကလာရင်က ဂရင်းဝုဒ်ရဲ့ ရပ်တည်မှုကို စိတ်ပျက်မိကြောင်း ဝန်ခံခဲ့ပေမယ့် သူဟာ ဒီနှစ်ထဲမှာ ဂျမေကာလက်ရွေးစင် အသင်းအတွက် ပါဝင်နိုင်မယ်ဆိုပြီး အကောင်းမြင်မှုတွေ ရှိနေပါတယ်။
မက္ကလာရင်က "ဂရင်းဝုဒ် ဒီစခန်းသွင်း လေ့ကျင့်မှုကို လာရောက်ဖို့ ကျနော်တို့ မျှော်လင့်ထားပေမယ့် သူ့မိသားစုနဲ့ စကားပြောခဲ့ရာမှာ သူဟာ အခုအချိန်မှာ ဘယ်သူ့ကိုမှ ကတိကဝတ်ပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါက အနည်းငယ် စိတ်ပျက်ဖို့ ကောင်းပေမယ့် ကျနော်တို့ ပိုပြီးစိတ်ရှည်ရပါမယ်။ သူဟာ ဂျမေကာကို ချစ်ပေမယ့် အခုအချိန်မှာ ကလပ်ဘောလုံးကိုပဲ အပြည့်အဝ အာရုံစိုက်ချင်နေပါတယ်။ အနာဂတ်ကို ဘယ်သူသိနိုင်မှာလဲ"လို့ ပြောခဲ့ပါတယ်။
ဂရင်းဝုဒ်ဟာ အသက် ၂၁ နှစ်မတိုင်မီ အင်္ဂလန်အတွက် ယှဉ်ပြိုင်မှု ၃ ပွဲထက် နည်းပါးခဲ့တာကြောင့် ဖီဖာရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသလို သူ့ရဲ့အဘိုးကနေတဆင့် ဂျမေကာကို ကိုယ်စားပြုခွင့်လည်း ရရှိခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီမှာ မာဆေးလ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဂျမေကာက သူ့ကို လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ စိတ်ဝင်စားမှုတွေ ပိုပြီးဖြစ်ခဲ့ပါတယ်။

ဂရင်းဝုဒ်ကို တွေ့ရစဉ်
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီမှာ မာဆေးလ်အသင်းအတွက် ပြင်သစ် လီဂူး-၁ ပြိုင်ပွဲမှာ ၂၁ ဂိုးသွင်းပြီး ၆ ဂိုး ဖန်တီးနိုင်ခဲ့သလို ဒီရာသီမှာလည်း ၃ ပွဲ ကစားထားပြီး ၁ ဂိုး သွင်းယူထားတာပါ။
ဂရင်းဝုဒ်ဟာ သူ့ရဲ့ နိုင်ငံတကာ အနာဂတ်နဲ့ပတ်သက်ပြီး လပေါင်းများစွာကြာ အငြင်းအခုံ ဖြစ်နေပြီး ဂျမေကာဘောလုံးအဖွဲ့ချုပ်က သူ့ကို နိုင်ငံအသင်းအတွက် ပါဝင်ကစားစေဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ထံ ချဉ်းကပ်ပြီး ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းမှာ ရှိခဲ့ချိန်က မုဒိမ်းမှု အပါအဝင် စွဲချက် အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းမှာ အမှုတွေကနေ ရုပ်သိမ်းခြင်းခံခဲ့ရတာပါ။
ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို ပြန်အသုံးပြုချင်ခဲ့ပေမယ့် ဝေဖန်မှုတွေ အများအပြား ခံခဲ့ရတာကြောင့် အစောပိုင်းက ဂီတာဖေးအသင်းထံ အငှားချခဲ့ပြီး နောက်ရာသီမှာတော့ မာဆေးလ်အသင်းထံ အပြီးသတ်ရောင်း ချခဲ့ရပါတယ်။
အင်္ဂလန်အသင်းကလည်း ယူနိုက်တက်အသင်းမှာ ဖြစ်ခဲ့တဲ့ ဂရင်းဝုဒ်ရဲ့ အခြေအနေကြောင့် ပြန်အသုံးပြုဖို့ တွန့်ဆုတ်နေပုံရပါတယ်။
ဂျမေကာအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိချင်နေတဲ့အတွက် ဗြိတိန်နွယ်ဖွား ကစားသမား အများအပြားကို အသင်းလူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ ကြိုးပမ်းနေတာပါ။
ဂျမေကာအသင်းဟာ ဂရင်းဝုဒ်ကို အသင်းအတွက် အမြန်ဆုံး ပါဝင်နိုင်ဖို့ မျှော်လင့်နေတာကြောင့် ဂရင်းဝုဒ်အနေနဲ့ သူ့ရဲ့နိုင်ငံတကာ အနာဂတ်နဲ့ပတ်သက်ပြီး အမြန်ဆုံး ရှင်းလင်းမှုတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: ဆောင်းပါး
- Hits: 903
CNI International Article
၂၀၂၅ ခုနှစ် ၊ ဩဂုတ် ၂၉
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရသည် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တွင် အစီအစဉ်တစ်ခုကို အကောင်အထည် ဖော်ရန် ပြင်ဆင်နေသည်။
ထိုအစီအစဉ်သည် ရခိုင်ပြည်နယ်ထက် ကျော်လွန်ပြီး အခြားနေရာများကိုပါ ဂယက်ရိုက်ခတ် လာစေနိုင်သည့် အလားအလာ ရှိနေသည်။
ဘင်္ဂလားဒေ့ရှ်၏ ကော့ဘဇား (Cox’s Bazar) ခရိုင်တွင် ဘင်္ဂါလီ (မူရင်း- ရိုဟင်ဂျာဟုဖော်ပြ) ဒုက္ခသည် ၁ သန်း ကျော်ကို တာဝန်ယူထားရပြီး အခြားအရေးကိစ္စများ ပေါ်ပေါက်နေချိန်၌ ထိုအစီအစဉ်အား ပြင်ဆင်နေခြင်း ဖြစ် သည်။
ကော့ဘဇားတွင် ထိုဒုက္ခသည် အရေအတွက်သည် ၁၉၇၉ ပြည့်နှစ် ကုန်ပိုင်းကတည်းက တဖြည်းဖြည်း မြင့်တက်ခဲ့ သည်။
ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်မှုများနှင့် ပြစ်မှုများ၌ ဘင်္ဂါလီများ ပါဝင်ပတ်သက်နေသည့် မှတ်တမ်းများလည်း ရှိထားသည်။

ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)ကို တွေ့ရစဉ်
ဒုက္ခသည်စခန်းများတွင် လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ထက် မနည်းရှိနေပြီး ထိုအဖွဲ့များအနက် ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)သည် ဩဇာအကြီးဆုံး အဖွဲ့အဖြစ် ယူဆခံထားရသည်။
ထိုကဲ့သို့ စိုးရိမ်စရာ အခြေအနေများကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဘင်္ဂါလီများကို နေရပ်ပြန်ပို့ရန် အလော တကြီး လုပ်ဆောင်နေသော်လည်း ပြီးခဲ့သည့် ၂ နှစ်အတွင်း ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA)နှင့် မြန်မာ့ တပ်မတော်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် AA သည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် မောင်တောမြို့ အပါအဝင် ရခိုင်ပြည်နယ်၏ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို ထိန်းချုပ်ထားသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာနိုင်ငံသို့ ဒုက္ခသည်များ ပြန်ပို့မည့် အစီအစဉ် မအောင်မြင်သေးသည့် အခြေအနေ ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သလို ထိုဒုက္ခသည် အရေးသည် ဘင်္ဂလားဒေ့ရှ်ကို ဆိုးရွားစွာ ဂယက်ရိုက်ခတ်နေ ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ကော့ဘဇားတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄-၂၆ ရက်၊ နယူးယောက်တွင် စက်တင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၆ ရက်တွင် ဘင်္ဂါလီအရေးနှင့် ပတ်သက်သည့် သီးသန့်ဆွေးနွေးပွဲများကို ပြုလုပ်ရန် စီစဉ်ခဲ့သည်။
ထိုအချိန်အတောအတွင်း ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရက "ရခိုင် စင်္ကြံ" (Rakhine Corridor) ဟုခေါ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လမ်းကြောင်းတစ်ခု ဖော်ဆောင်ရန် အဆိုပြုခဲ့သည်။

ဘင်္ဂါလီဒုက္ခသည်များကို တွေ့ရစဉ်
ထိုစင်္ကြံလမ်းကို ဘင်္ဂလေားဒေ့ရှ်၏ ကော့ဘဇားခရိုင်နှင့် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်ကြား ချိတ်ဆက်ရန် စီစဉ်ခဲ့ သည်။
နိုင်ငံတကာက အနီးကပ်စောင့်ကြည့်ပြီး အကာအကွယ်ပေးထားမည့် ထိုစင်္ကြံလမ်းကို အကူအညီများ ပို့ဆောင် ရေး၊ ဒဏ်ရာရသည့် အရပ်သားများကို ကယ်တင်ရေးနှင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသော ဘင်္ဂါလီ ဒုက္ခသည် များကို နေရပ်ပြန်ပို့ရေးတို့အတွက် အသုံးချရန် အိုင်ဒီယာဖြင့် အဆိုပြုခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကမူ ထိုစင်္ကြံလမ်း ဖော်ဆောင်ရေးကို ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး ထိုစင်္ကြံလမ်းသည် တရုတ်၏ ဩဇာလွှမ်းမိုးမှု ရှိနေသည်။ ထိုဒေသတွင် အမေရိကန်အတွက် ခြေကုပ်ယူနိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ထားသည်။
သတင်းရင်းမြစ်များကမူ ထိုစင်္ကြံလမ်း ဖော်ဆောင်ရေး အစီအစဉ်၏ နောက်ကွယ်တွင် ရှိနေသည့် ဘင်္ဂလားအစိုးရ ၏ စစ်မှန်သည့် ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများအတွက် ဘေးကင်းလုံခြုံသော ဇုန်တစ်ခု ထူထောင် ရန်ဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။
ထိုစင်္ကြံလမ်းကို ဘင်္ဂလားဒေ့ရှ်၏ Teknaf မြို့နယ်မှ ဖြတ်ဖောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး AA ကမူ ထိုအစီအစဉ်ကို ကန့်ကွက်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ အစီအစဉ်သည် အကူအညီများစွာ ပေးရန်ဖြစ်ပြီး ထိုအကူအညီများကို ဘင်္ဂါလီလက်နက်ကိုင်များ အား လုယက်ခွင့် ပြုလိမ့်မည်ဟု သတင်းရင်းမြစ်များက စွပ်စွဲခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများအတွက် လုံခြုံမှုမရှိသဖြင့် အကူအညီများကို လုယက်ယူနေရသည့် အခြေအနေမျိုး အဖြစ် ဘင်္ဂလားဒေ့ရှ်က ပုံဖော်ရန် စီစဉ်ထားသည်ဟု သတင်းရင်းမြစ်များက ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့များ ဖြန့်ကြက်ချထားရေး အစီအစဉ်လည်း ပါဝင်နေသည်။

အာရက္ခတပ်တော်(AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရခိုင်ပြည်နယ်ရောက်လာပြီး လူထုနဲ့တွေ့ဆုံနေစဉ်
လက်ရှိတွင် ဘင်္ဂလားဒေရှ့်စစ်သား ၅၆၁၉ ဦးသည် နိုင်ငံပေါင်း ၁၀ နိုင်ငံရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့များအတွင်း ပါဝင်နေသည်။
နောက်ထပ် အစီအစဉ်တစ်ခုမှာ လက်နက်ကိုင် ဘင်္ဂါလီကေဒါများကို ဘင်္ဂလားဒေ့ရှ်က စစ်အင်အား ထောက်ပံ့ပေး ပြီး ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်စေရန်ဖြစ်သည်။
တိုက်ဆိုင်မှု တစ်ခုမှာ မြန်မာ့တပ်မတော်ကလည်း ပြီးခဲ့သည့်နှစ်တွင် ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။
သို့သော် ဘင်္ဂလားဒေ့ရှ် ပြည်သူများကြား ထိုစင်္ကြံလမ်းသည် နိုင်ငံ့၏ အချုပ်အခြာအာဏာကို ထိပါးလာစေနိုင် ကြောင်း စိုးရိမ်စိတ်များ မြင့်တက်ခဲ့ပြီး အဓိက နိုင်ငံရေးပါတီများကလည်း ထိုအစီအစဉ်ကို ဆန့်ကျင်ကန့်ကွက် ခဲ့သည်။
မေလကုန်ပိုင်းတွင်မူ ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝါကာ အူဇ်ဇာဘန် (Waker-Uz-Zaman) က ထိုအစီအစဉ်ကို ပယ်ဖျက်ရန် အစိုးရကို ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။
မည်သို့ပင်ဆိုစေ ဘင်္ဂလားဒေ့ရှ်အစိုးရသည် အမေရိကန်၏ ထောက်ခံမှုနှင့်အတူ ဘင်္ဂါလီများအတွက် ဘေးကင်း လုံခြုံသည့် ဇုန်တစ်ခု ထူထောင်ရန် ဆက်လက် လုပ်ဆောင်နေကြောင်း လေ့လာသူများ ပြောကြားခဲ့သည်။
"ဘင်္ဂလားဒေ့ရှ်ရဲ့ အစီအစဉ်က လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ဘင်္ဂါလီကေဒါတွေကို AA နဲ့ စစ်ပွဲဆင်နွှဲ ခိုင်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်" ဟု အိန္ဒိယအစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် ဘင်္ဂါလီများအတွက် စစ်သင်တန်းများ လေ့ကျင့်နေသည့် နေရာများ များပြားလာပြီး ထိုနေရာ များအနက် Mymensingh မြို့ရှိ စစ်စခန်း တစ်ခုသည်လည်း လေ့ကျင့်ရေး နေရာများထဲတွင် ပါဝင်နေကာ အခြား လေ့ကျင့်ရေး စခန်းများသည် ကော့ဘဇားနှင့် ဘာဂါဟတ် (Bagerhat) မြို့များတွင်လည်း ရှိနေသည်ဟု သတင်း ရင်းမြစ်များက ဖော်ပြခဲ့သည်။
RSO နှင့် ARSA အဖွဲ့များ၏ လူမှုမီဒီယာများတွင် တင်သည့် ပို့စ်များအရ ၎င်းတို့၏ လက်နက်ကိုင် အင်အားကြီး ထွားလာမှုကို မြင်တွေ့ခဲ့ရသည်။
ဩဂုတ် ၂၀ ရက်က RSO အဖွဲ့၏ Facebook တွင် လက်နက်ကိုင်ကေဒါများ ချီတက်လမ်းလျှောက်နေသည့် ဗွီဒီယိုဖိုင်ကို တင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် ပြောင်းလဲနေသည့် နိုင်ငံရေး အခြေအနေက ပါကစ္စတန်အတွက် အစွန်းရောက်အဖွဲ့များကို ထောက်ခံပေးရန် အခွင့်အလမ်းများ ပိုမိုရရှိစေခဲ့သည်ဟု သတင်းရင်းမြစ်များတွင် ဖော်ပြခဲ့သည်။
ဇူလိုင် ၂၉ ရက်က ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်၏ လုံခြုံရေးအေဂျင်စီဖြစ်သည့် DGFI ၏ အရာရှိများနှင့်အတူ Teknaf မြို့မှ Shah Porir Dwip ကျွန်းအထိ လေ့လာ ရေး ခရီးထွက်ခဲ့ကြသည်။
ထိုခရီးစဉ်၏ အသေးစိတ် အချက်အလက်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

အာရက္ခတပ်တော်(AA) ခေါင်းဆောင်များကို တွေ့ရစဉ်
အိန္ဒိယအစိုးရ၏ အရာရှိများကမူ ပါကစ္စတန်၏ ရည်ရွယ်ချက်သည်ဘင်္ဂါလီများ ရခိုင်ပြည်နယ်သို့ ပြန်လည် ပို့ဆောင်ရေးထက် အိန္ဒိယတွင် ဆူပူသောင်းကျန်းမှုများ ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ယူဆထားကြသည်။
မကြာသေးမီက The Economist ဂျာနယ်နှင့်ပြုလုပ်သည့် အင်တာဗျူး တစ်ခုတွင် ပါကစ္စတန် စစ်တပ်၏ ဗိုလ်ချုပ်ကြီးတစ်ဦးက "ကျနော်တို့ အရှေ့ဘက်ကနေ စတင်သွားမှာပါ" ဟု ဖြေကြားခဲ့သည်။
ထိုပြောကြားချက်၏ အဓိပ္ပာယ်မှာ ပါကစ္စတန်သည် အရှေ့ဘက်မှ အိန္ဒိယကို ဆန့်ကျင်သည့် စစ်ဆင်ရေးများကို ပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်ကို အသုံးချမည့် သဘောမျိုးဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ဘင်္ဂလားဒေ့ရှ်တွင် အိန္ဒိယနှင့် ဆက်ဆံရေး အဆင်ပြေသည့် ရှိတ်ဟာဆီနာ (Sheik Hasina) အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် ဆက်ဆံရေးသည် သိသိသာသာ မြင့်တက်ခဲ့ သည်။
ထိုအချိန်အတောအတွင်း ရခိုင်ပြည်နယ်တွင် AA သည် စစ်ပွဲအတွက် ပြင်ဆင်မှုများကို အရှိန်မြှင့်တင်နေသည်။
AA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)သည် အသက် ၄၅ နှစ်အောက် လူငယ်များကို စစ်မှုထမ်းရန် စစ်မှုထမ်းဥပဒေ ထုတ်ပြန်ခဲ့ပြီး စစ်မှုထမ်းဆောင်နိုင်သည့် အသက် အပိုင်းအခြားအတွင်း ရှိနေသည့် လူငယ်များကို ရခိုင်ပြည်နယ်အတွင်းမှ ထွက်ခွာခွင့် ပိတ်ပင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် လွန်ခဲ့သည့် ၂ နှစ်တာ ကာလအတွင်း AA နှင့် ပုံမှန် ထိတွေ့ဆက်ဆံခဲ့ပြီး မောင်တောရှိ ဘင်္ဂါလီများ နေရပ်ပြန်ပို့ရေး နည်းလမ်းများကို ရှာဖွေခဲ့သည်။
AA ကမူ ဘင်္ဂါလီများ နေရပ်ပြန်ပို့ရေးသည် ဘဏ္ဍာရေး အထောက်အပံ့၊ ပြန်လည်ထူထောင်ရေး အစီအစဉ်များ မပါရှိဘဲ လက်ရှိ အနေအထားများအရ အကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ရခိုင်စင်္ကြံလမ်း အစီအစဉ် ပျက်သွားခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဘင်္ဂါလီများကို နေရပ် ပြန်ပို့ရန် ဆက်လက် ကြိုးပမ်းနေဆဲဖြစ်ပြီး အသစ်ပြင်ဆင်နေသည့် နည်းဗျူဟာများသည် ဒေသတွင် မတည်ငြိမ် မှုများနှင့် အကြမ်းဖက်မှုများကိုသာ ပိုမိုဖြစ်ပွားစေနိုင်မည်ဖြစ်သည်။
Source: The Diplomat
- By CNI
- Category: ဆောင်းပါး
- Hits: 761
CNI Sport Article
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၉
အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အော်လန်ဒို အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်။
မက်ဆီဟာ ဒီပွဲမှာ ၂ ဂိုးသွင်းပြီး အင်တာမိုင်ယာမီအသင်းကို လိဂ်ဖလား ဗိုလ်လုပွဲ ဒုတိယအကြိမ်မြောက် တက်နိုင်အောင် ကူညီပေးနိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၃ ခုနှစ်က ကျင်းပခဲ့တဲ့ လိဂ်ဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့ပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်က အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ မက်ဆီဟာ အသင်းကို လိဂ်ဖလား ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့တာပါ။
၂၀၁၈ ခုနှစ်က အသင်းကို တည်ထောင်ခဲ့တဲ့ အင်တာမိုင်ယာမီအသင်းအတွက် လိဂ်ဖလားဟာ သူတို့အသင်းရဲ့ သမိုင်းမှာ ပထမဆုံးဆုဖလား ဖြစ်ခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီ မရောက်မီက မေဂျာလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်ခဲ့ရပြီး အသင်းရဲ့အခြေအနေဟာ ဆိုးရွားခဲ့တာပါ။
ဒါပေမယ့် မက်ဆီ ရောက်ရှိလာပြီးနောက်မှာ အင်တာမိုင်ယာမီအသင်းဟာ ဆုဖလားတွေကို ကိုင်မြှောက်နိုင်တဲ့ အသင်းအဖြစ် လုံးဝကို ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက မေဂျာလိဂ်ပြိုင်ပွဲမှာလည်း Supporters' Shield ကို ရယူနိုင်ခဲ့ပြီး အသင်းရဲ့သမိုင်းမှာ ဒုတိယမြောက် ဆုဖလားကို ရရှိခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီ ရောက်လာအပြီးမှာ ကွန်ကာကပ်ဖ် ချန်ပီယံဖလား ပြိုင်ပွဲကို ပထမဆုံး အကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့သလို ပြီးခဲ့တဲ့နွေရာသီက ကျင်းပခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ခွင့် ရခဲ့တာပါ။
မက်ဆီဟာ လက်ရှိအချိန်မှာ အသက် ၃၈ နှစ် အရွယ်ရှိပြီ ဖြစ်တာကြောင့် ကြံ့ခိုင်မှုပိုင်း အကောင်းဆုံး အခြေအနေ မှာ မရှိတော့ဘဲ မကြာခဏ ဆိုသလို ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
မက်ဆီဟာ ဒီရာသီမှာဆိုရင် ဒဏ်ရာကြောင့် အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်နေပေမယ့် ပါဝင် ကစားတဲ့ပွဲတွေမှာ ဂိုးပါဝင် ပတ်သက်မှုတွေ ပြုလုပ်ထားတာပါ။
မက်ဆီဟာ ပြီးခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲ မတိုင်မီမှာ အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ် ၂ ပွဲ ဆက်တိုက်ကို မပါဝင်နိုင်ခဲ့သလို သူပါဝင်ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလည်း ၄၅ မိနစ်သာ ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မက်ဆီဟာ အော်လန်ဒိုအသင်းနဲ့ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

အင်တာမိုင်ယာမီအသင်း လိဂ်ဖလားရခဲ့စဉ်
မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီအသင်းအတွက် ပြိုင်ပွဲစုံ ၃၃ ပွဲ ပါဝင်ကစားထားပြီး ၂၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်နွေရာသီက PSG အသင်းကနေ ထွက်ခွာပြီး အင်တာမိုင်ယာမီ အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ မက်ဆီနဲ့ အင်တာမိုင်ယာမီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးတော့မှာပါ။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေပြီး စာချုပ်သစ် ချုပ်ဆိုဖို့လည်း နီးစပ် နေပြီလို့ သိရပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၆ ခုနှစ်မှာ Miami Freedom Park ကွင်းသစ်ကို အိမ်ကွင်းအဖြစ် ပြောင်းလဲ အသုံးပြုမှာဖြစ်ပြီး မက်ဆီနဲ့အတူ ကွင်းသစ်ကို ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၅ လိဂ်ဖလား ဗိုလ်လုပွဲအဖြစ် ဆီတဲလ်ဆောင်းဒါးစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
မက်ဆီ အနေနဲ့ အင်တာမိုင်ယာမီအသင်းကို ဒုတိယအကြိမ်မြောက် လိဂ်ဖလား ချန်ပီယံဆု ရရှိအောင် စွမ်းဆောင် ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 800
CNI International Article
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄
ယူကရိန်း အရေးနှင့်ပတ်သက်ပြီး မကြာသေးမီက အမေရိကန်နှင့် ရုရှားကြား သံတမန်ရေးရာ ထိတွေ့ဆက်ဆံ မှုများတွင် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒကို ချမှတ်သည့် အီလစ်များ၏ အားနည်းချက်များအား မြင်တွေ့ခဲ့ရ သည်။
တစ်ခါတစ်ရံတွင် အမေရိကန်ခေါင်းဆောင်များသည် စစ်မှန်ပြီး ရေရှည်တည်မြဲသည့် မဟာဗျူဟာကို ကိုင်စွဲခဲ့ သော်လည်း ရလဒ်များက လူထုအား ဇဝေဇဝါဖြစ်စေခဲ့သည်။
မတ်လအတွင်းက အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်များတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ရုရှားသမ္မတ ပူတင် (Vladimir Putin) တို့ကြား ဖုန်းဆက်သွယ် ဆွေးနွေးမှုများသည် သံတမန်ရေးရာ ဆန်းပြားမှုကို မြင်တွေ့ခဲ့ရရုံသာမက ရှုပ်ထွေးပွေလီသည့် ပထဝီနိုင်ငံရေး ပဋိပက္ခများကို ဖိအားများနှင့် မက်လုံး များပေးပြီး ဖြေရှင်းလိုသော အမေရိကန်၏ ရည်ရွယ်ချက်ကိုလည်း မြင်တွေ့ခဲ့ရသည်။
မကြာသေးမီက ထရမ့်နှင့် ပူတင်တို့ အလက်စကာတွင် ပြုလုပ်ခဲ့သော အစည်းအဝေးသည် ကြီးမားသည့် တိုးတက်မှု ဖြစ်ခဲ့သော်လည်း ခိုင်မာသည့် သဘောတူညီချက်များ မရရှိခဲ့ပေ။
ထိုအချက်က စစ်အေးကာလ ပြီးကတည်းက ရုရှားအပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒကြောင့် နှစ်နိုင်ငံကြား အခြေခံ နားလည်မှုလွဲနေသော ဥပမာဖြစ်သည်။
ခေါင်းဆောင်များကြား ပုဂ္ဂိုလ်ရေးရင်းနှီးမှုဖြင့် နက်နဲသည့် ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဆိုသော အယူအဆသည် ပထဝီနိုင်ငံရေး ဖြစ်ရပ်မှန်များထက် ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို ပိုမိုယုံကြည်သည့် အမေရိကန်၏ အယူအဆကို ပေါ်လွင်စေခဲ့သည်။

ဥရောပသမဂ္ဂခေါင်းဆောင် တစ်ဦးနဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
သို့သော် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် နယ်နိမိတ် အငြင်းပွားမှုများနှင့် သမိုင်းကြောင်းကို ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ရှိရုံဖြင့် ဖြေရှင်းနိုင်ခြင်း မရှိသည့် အချက်ကို ထရမ့်က နားလည်သွားခဲ့ပုံပေါ်သည်။
ထို့ကြောင့် ထရမ့်သည် ယူကရိန်း၏ နယ်နိမိတ်များကို လိုချင်နေသည့် ပူတင်နှင့် အပစ်အခတ်ရပ်စဲရေး အဆိုပြု ချက်ကို စွန့်လွှတ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ထိုအချက်ကို အမေရိကန်က နားလည်ပုံ ပေါ်ခဲ့သည့်တိုင် ပြိုင်ဘက်များအား ခြိမ်းခြောက်မှုများနှင့် မက်လုံးများ အသုံးပြုပြီး အမေရိကန်၏ အလိုဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်စေသည့် နည်းလမ်းကို ဆက်လက် ကိုင်စွဲထားဆဲ ဖြစ်သည်။
ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲက ငြင်းပယ်မရသော အမှန်တရားကို ထွက်ပေါ်စေခဲ့သည်။
ထိုအမှန်တရားမှာ ယူကရိန်းကို အနိုင်ရစေရန်အတွက် လိုအပ်သည့် ပါဝါနှင့် အဓိက အကျိုးစီးပွားများသည် အမေရိကန်၏ လက်ထဲတွင် မရှိသော အချက်ဖြစ်သည်။
ထို့ကြောင့် အမေရိကန်သည် ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်များ အကြောင်းကို ပြောနေပြီး အမေရိကန် လက်နက်များကို ယူကရိန်းအား ပိုမိုရောင်းချပေးနေသည်။
အမေရိကန်သည် နိုင်ငံတကာပဋိပက္ခများကို နည်းလမ်း တစ်ခုတည်းဖြင့်သာ တုံ့ပြန်ဆောင်ရွက်နေပြီး ထိုနည်းလမ်းမှာ ငွေကြေးထောက်ပံ့ခြင်း၊ လက်နက်များ ထောက်ပံ့ခြင်း၊ လက်နက်များ ရောင်းခြင်းတို့ ပြုလုပ်ခဲ့ ကာ မိမိကိုယ်ကိုယ် ကမ္ဘာကြီးအား ဦးဆောင်သူအဖြစ် ပုံဖော်ခြင်းဖြစ်သည်။
ထိုချဉ်းကပ် ဆောင်ရွက်မှုက ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများကို အမြတ်ထွက်စေခဲ့သည်။
ထို့ပြင် နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူများကလည်း ထိုချဉ်းကပ်မှုကို အောင်မြင်ကြောင်း ပြောဆိုနေကြပြီး အမေရိကန်သည် အားနည်းသည့်ဘက်မှ ရပ်တည်ပေးနေသည့် ပုံစံဖြင့် လူထုကို ယုံကြည်သက်ဝင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ယူကရိန်းအလံကို တွေ့ရစဉ်
သို့သော် ထိုအစီအစဉ်သည် ပြသနာကို ဖြေရှင်းသည့် စစ်မှန်သော အစီအစဉ် မဟုတ်ပေ။
ရုရှားက ယူကရိန်းကို အနောက်နိုင်ငံများနှင့် ပူးပေါင်းနေသည့် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားချိန်တွင် အမေရိကန်က ရုရှား၏ လုံခြုံရေးအတွက် အာမခံချက်ပေးရန် ပျက်ကွက်ခဲ့သည်။
ထရမ့်၊ ဇာလန်းစကီး၊ နေတိုးအဖွဲ့ အကြီးအကဲနှင့် ဥရောပ ခေါင်းဆောင်များ အတူတကွ အစည်းအဝေး ပြုလုပ် ခဲ့ခြင်းသည်လည်း အမေရိကန်၏ နောက်ထပ် ယုံကြည်ချက်တစ်ခုကို ဖော်ပြရာရောက်ခဲ့သည်။
အမေရိကန်က ၎င်းမပါဘဲ ကမ္ဘာ့ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဘဲ ၎င်း၏ အခန်းကဏ္ဍ ပါဝင်မှသာ ကမ္ဘာ့ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆထားသည်။
ထိုအယူအဆသည် အမေရိကန်အတွက် ၎င်း ကိုင်တွယ် ဖြေရှင်းနိုင်တာထက်ပိုပြီး တာဝန်ယူ လုပ်ဆောင်ပေး ရမည့် အနေအထားသို့ ရောက်ရှိစေခဲ့သည်။
ထို့ပြင် ဥရောပနိုင်ငံများကိုလည်း အမေရိကန်အား ခေါင်းဆောင်တင်ရမည့် အနေအထားကို ရောက်ရှိစေခဲ့သည်။
ယူကရိန်းစစ်ပွဲသည် ဥရောပ၏ လုံခြုံရေးပြဿနာ ဖြစ်သော်လည်း ဥရောပနိုင်ငံများသည် ထိုပဋိပက္ခကို လက်ရှောင်ခဲ့ကြပြီး အမေရိကန်ကိုသာ ကိုင်တွယ်ဖြေရှင်းခိုင်းခဲ့သည်။
ထို့ကြောင့် အမေရိကန်သည် ကမ္ဘာ့ခေါင်းဆောင်ဆိုသည့် အယူအဆကို ဆက်လက် ထိန်းသိမ်းရာ ရောက်ခဲ့သော် လည်း အမေရိကန်၏ ပါဝါကိုလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာစေခဲ့သည်။
အမေရိကန်၏ သဘောထားမှာ ယူကရိန်းစစ်ပွဲမှ အစပြုပြီး ဥရောပတွင် ကြီးမားသည့် ပဋိပက္ခပျံ့နှံ့သွားမည့် အခြေအနေကို တားဆီးရန်ဖြစ်သည်။

ယူကရိန်းနဲ့ နေတိုးအဖွဲ့ကိုတွေ့ရစဉ်
ထို့ပြင် အမေရိကန်သည် ဥရောပနှင့်ရော ရုရှားနှင့်ပါ တည်ငြိမ်သည့် ဆက်ဆံရေး ထားရှိရန် လိုလားသည်။
သို့သော် အမေရိကန်သည် ယူကရိန်း၏ နယ်မြေများ သို့မဟုတ် နိုင်ငံရေးစနစ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ရာတွင် ကြီးမားသည့် စိတ်ဆန္ဒမရှိခဲ့ပေ။
လက်ရှိတွင် အမေရိကန်၏ မူဝါဒသည် ယူကရိန်း၏ အချုပ်အခြာ အာဏာနှင့် ပြဿနာများကို မဖြေရှင်းနိုင်မည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအကြား ယိမ်းထိုးနေဆဲဖြစ်သည်။
ယူကရိန်း အကျပ်အတည်းသည် အမေရိကန်၏ ကြီးမားသော မဟာဗျူဟာတွင် နက်နဲသော ပြဿနာကို ဖော်ပြရာရောက်ခဲ့သည်။
အမေရိကန်သည် ပဋိပက္ခတိုင်း အားလုံးနီးပါးကို ဝင်ရောက်စွက်ဖက်ပြီး နိုင်ငံတကာ၏ ယုံကြည်အားကိုးမှုကို ရရှိရန် ကြိုးပမ်းလေ့ရှိသည်။
သို့သော် အီရတ်၊ လစ်ဗျားနှင့် အာဖဂန်နစ္စတန် အရေးကိစ္စများတွင် ထိုကြိုးပမ်းမှုများ အောင်မြင်ခဲ့ခြင်း မရှိခဲ့သည် ကို မြင်တွေ့ခဲ့ရသည်။
ယခု ယူကရိန်းပဋိပက္ခတွင်လည်း အမေရိကန်၏ ကြိုးပမ်းမှုများ အောင်မြင်နိုင်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ရမည် ဖြစ်သည်။
ခြုံငုံသုံးသပ်ရမည်ဆိုပါက အမေရိကန်နှင့် ရုရှားကြား ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်ဖွယ်ရှိသော်လည်း ရလဒ်ကို ရှင်းလင်းစွာ သိရဦးမည် မဟုတ်ပေ။
ယူကရိန်း၏ အနာဂတ်သည်လည်း ရုရှား၏ လုံခြုံရေး အာမခံချက် တောင်းဆိုချက်နှင့်အတူ အလျှော့ပေး ရဖွယ်ရှိသည်။
စစ်ပွဲ ရေရှည်ဖြစ်ပွားနေခြင်းကလည်း ယူကရိန်းအတွက်ရော အမေရိကန်အတွက်ပါ ကောင်းကျိုးရှိမည် မဟုတ် ပေ။
အမေရိကန်ခေါင်းဆောင်များ အနေဖြင့် ထိုအမှန်တရားကို လက်ခံမည်ဆိုပါက စစ်မှန်သည့် သံတမန် အားထုတ် ကြိုးပမ်းမှုများကို စတင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
Source: Asia Times
