- By CNI
- Category: ဆောင်းပါး
- Hits: 601
CNI Sport Article
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇
နိုင်ငံတကာဘောလုံးလောကရဲ့ အဆင့်သတ်မှတ်ချက် အနိမ့်ဆုံး အသင်းဖြစ်တဲ့ ဆန်မာရီနိုအသင်းဟာ ခြေစစ်ပွဲ စည်းမျဉ်းအောက်မှာ ကမ္ဘာ့ဖလား ဝင်ခွင့်ရနိုင်ဖို့အတွက် ဖြစ်နိုင်ဖွယ်ရှိတဲ့ လမ်းကြောင်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါ တယ်။
ဆန်မာရီနိုအသင်းဟာ လာမယ့်လမှာ ကစားမယ့် ခြေစစ်ပွဲမှာ ကြီးကြီးမားမား ရှုံးနိမ့်မှသာ ဒီလိုအခွင့်အရေးမျိုးကို ပိုင်ဆိုင်နိုင်မယ်လို့ သိရပါတယ်။
ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက် အောက်ဆုံးအဆင့် ၂၁၀ မှာရှိနေတဲ့ ဆန်မာရီနိုအသင်းဟာ သူတို့ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုမှာလည်း နောက်ဆုံးနေရာ ရပ်တည်နေတာပါ။
ဆန်မာရီနိုအသင်းဟာ ခြေစစ်ပွဲ ၇ ပွဲစလုံးကို အရေးနိမ့်ထားပြီး ၁ ဂိုးသာ သွင်းယူနိုင်ကာ ၃၂ ဂိုး ခွင့်ပြုထားရတာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှာ ဖီဖာအဖွဲ့ဝင် ဖြစ်လာပြီးကတည်းက ဆန်မာရီနိုအသင်းဟာ ကမ္ဘာ့ဖလားနဲ့ ဥရောပဖလား ခြေစစ်ပွဲ တွေမှာ နိုင်ပွဲရယူနိုင်ခြင်း မရှိသေးပါဘူး။
ဒါပေမယ့် ဆန်မာရီနိုအသင်းဟာ သူတို့ရဲ့ နေးရှင်းလိဂ် အုပ်စုအဆင့်ဖြစ်တဲ့ D မှာ ဂျီဘရောလ်တာနဲ့ လက်ချင် စတိန်း အသင်းကို ကျော်ဖြတ်ပြီး အုပ်စုထိပ်ဆုံး နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဆန်မာရီနိုအသင်းကို တွေ့ရစဉ်
အဲဒါကြောင့်လည်း ဆန်မာရီနိုအသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲထံသွားမယ့် လမ်းကြောင်းမှာ ရှိနေသေးတာ ဖြစ်ပါတယ်။ နေးရှင်းလိဂ်မှာ ထိပ်ဆုံးနေရာ ရပ်တည်တဲ့ အသင်းတွေဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ပလေးအော့ဖ် ကစားခွင့်ရဖို့ အခွင့်အရေးတွေရှိနေတာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဥရောပဇုန်ဟာ ပလေးအော့ဖ်ကနေ ဝင်ခွင့် ၄ နေရာ ရရှိမှာဖြစ်ပြီး နေးရှင်းလိဂ်အုပ်စု ထိပ်ဆုံး အသင်းတွေလည်း ဒီဝင်ခွင့်နေရာကို ရရှိနိုင်တာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြေစစ်ပွဲအုပ်စုကနေ တိုက်ရိုက်ဝင်ခွင့်မရ ဒါမှမဟုတ် ပလေးအော့ဖ် နေရာမရတဲ့ အကောင်းဆုံး နေးရှင်းလိဂ် အုပ်စုထိပ်ဆုံး အသင်းတွေဟာ ပလေးအော့ဖ် လမ်းကြောင်းကို ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။
ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ အုပ်စုထိပ်ဆုံးနေရာ ရခဲ့တဲ့ စပိန်၊ ဂျာမနီ၊ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလန်၊ နော်ဝေ၊ ချက်နဲ့ မြောက်မက်ဆီဒိုးနီးယားအသင်းတို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုတွေမှာ ထိပ်ဆုံး ၂ သင်းနေရာ ရပ်တည် နေကြပြီး ကမ္ဘာ့ဖလား တိုက်ရိုက်ဝင်ခွင့် ဒါမှမဟုတ် ဒုတိယနဲ့ ပလေးအော့ဖ် ဝင်ခွင့်နေရာကို ရဖို့ရှိနေကြပါတယ်။
ဝေးလ်စ်၊ ရိုမေးနီးယား၊ ဆွီဒင်နဲ့ မြောက်အိုင်ယာလန်တို့ကလည်း နေးရှင်းလိဂ်ကနေ ပလေးအော့ဖ် ဝင်ခွင့် ၄ နေရာ ကို ရရှိဖို့ တန်းစီနေကြပါတယ်။
ဒီအသင်းတွေဟာ သူတို့အုပ်စုရဲ့ ထိပ်ဆုံး ၂ သင်းထဲကို ဝင်ရောက်ခဲ့ရင် နေးရှင်းလိဂ်အုပ်စု D မှာ ထိပ်ဆုံးနေရာ ရပ်တည်ခဲ့တဲ့ မော်လ်ဒိုဗာနဲ့ ဆန်မာရီနိုတို့အတွက် နေးရှင်းလိဂ် ပလေးအော့ဖ် နေရာကို ရယူနိုင်ဖို့ မျှော်လင့်ချက် ရှိလာမှာ ဖြစ်ပါတယ်။
မော်လ်ဒိုဗာအသင်းက ဆန်မာရီနိုထက် ကမ္ဘာ့အဆင့် ပိုပြီးမြင့်နေတာကြောင့် ပလေးအော့ဖ် နေရာကို ရယူနိုင်ဖို့ တန်းစီနေတာပါ။

ဆန်မာရီနိုအသင်း ယှဉ်ပြိုင်နေစဉ်
ဆန်မာရီနိုအသင်းရဲ့ ခြေစစ်ပွဲအုပ်စုကို ကြည့်ရမယ်ဆိုရင် ရိုမေးနီးယားအသင်းဟာ အုပ်စုတတိယနေရာ ရပ်တည် နေပြီး ဒုတိယနေရာနဲ့ အဆုံးသတ်နိုင်ခဲ့ရင် သူတို့ရဲ့ ကမ္ဘာ့ဖလား ပလေးအော့ဖ် နေရာက ပိုပြီးအားကောင်းမှာ ဖြစ်ပါတယ်။
ရိုးမေးနီးယားအသင်းဟာ အုပ်စုဒုတိယနေရာက ဘော့စနီးယားအသင်းနဲ့ ၃ မှတ် ကွာဟနေပြီး သူတို့ ၂ သင်းဟာ လာမယ့်လမှာ ထိပ်တိုက်တွေ့ဆုံရမှာပါ။
ဘော့စနီးယားအသင်းဟာ ဒီပွဲပြီးရင် အုပ်စုထိပ်ဆုံးနေရာက သြစတြီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရိုမေးနီးယားအသင်းကတော့ ဆန်မာရီနိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ရိုမေးနီးယားအသင်းဟာ ဘော့စနီးယားအသင်းကို အနိုင်ယူပြီး ဆန်မာရီနိုအသင်းကို ဂိုးပြတ် အနိုင်ရခဲ့ရင် ဂိုးကွာခြားချက်နဲ့ အုပ်စုဒုတိယ နေရာယူကာ ပလေးအော့ဖ် ဝင်ခွင့်ရဖို့ရှိနေတာပါ။
ရိုမေးနီးယားသာ ဒုတိယနေရာ ရပ်တည်ခဲ့ရင် ဆန်မာရီနိုအတွက်လည်း ပလေးအော့ဖ် မျှော်လင့်ချက်ကို အထောက်အကူ ဖြစ်စေမယ်လို့ သိရပါတယ်။
အဲဒါကြောင့် ရိုမေးနီးယားအသင်းကို ဂိုးပြတ်အရှုံးဟာ ဆန်မာရီနိုအတွက် အများကြီး အကျိုးသက်ရောက်မှု ရှိစေမှာပါ။
ဆန်မာရီနိုအသင်းအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်မှာ ဂိုးပြတ် အရေးနိမ့်ပြီး ပလေးအော့ဖ် ဝင်ခွင့်လမ်းကြောင်း တစ်နေရာကို ရရှိသွားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: ဆောင်းပါး
- Hits: 698
CNI International Article
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇
စက်တင်ဘာလက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင် (Penny Wong) သည် AI နည်းပညာအကြောင်းကို မိန့်ခွန်းပြောကြားခဲ့သည်။
AI နည်းပညာသည် ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ နယ်ပယ်များတွင် အလွန် အကျိုးကျေးဇူးများသော်လည်း နျူကလီးယား လက်နက်များနှင့် မောင်းသူမဲ့စနစ်များတွင် AI နည်းပညာသည် လူသားမျိုးနွယ်၏ အနာဂတ်ကို ခြိမ်းခြောက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
“နျူကလီးယားစစ်ပွဲကို လူသားတွေရဲ့ အသိဉာဏ်၊ ဆင်ခြင်တုံတရားနဲ့ ဝေဖန်ပိုင်းခြားဆုံးဖြတ်ပြီး ထိန်းချုပ် ကန့်သတ်နိုင်ခဲ့ပါတယ်။ AI နည်းပညာမှာတော့ ဒါတွေမရှိပါဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိပါဘူး။ ဒီလက်နက်တွေဟာ စစ်ပွဲကို ပုံစံပြောင်းလဲနိုင်ပြီး အဆိုးရွားဆုံး အနေအထားအထိ ရောက်ရှိစေနိုင်ပါတယ်”ဟု ပန်နီဝေါင်က ပြောကြားခဲ့သည်။
AI စစ်ဆင်ရေးသည် ကြီးမားသည့် ခြိမ်းခြောက်မှုဟူသည့် အိုင်ဒီယာသည် လူထုကြားတွင် ပျံ့နှံ့နေပြီး ထိုနည်းပညာကို လုံခြုံစိတ်ချမှုရှိစေရန် တိုက်တွန်းမှုများ ထွက်ပေါ်ခဲ့သည်။
သို့သော် နည်းပညာနှင့် စစ်ဆင်ရေးတွင် အဓိပ္ပာယ် မှားယွင်းကောက်ယူမှုများနှင့် ထင်ကြေးပေးမှုများက အမျိုးမျိုး ထွက်ပေါ်နေသည်။
သို့ဆိုလျှင် AI နည်းပညာသည် အနာဂတ် စစ်ပွဲပုံစံကို အမှန်တကယ် ပြောင်းလဲနိုင်မည်လော၊ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့နေသလော ဆိုသည့် မေးခွန်းများကိုလည်း သုံးသပ်ကြည့်ရမည်ဖြစ်သည်။
စစ်ပွဲမှာ AI နည်းပညာကို ဘယ်လိုအသုံးပြုနေလဲ
********************************************
AI သည် နည်းပညာသစ် တစ်ခုဟု ပြော၍မရနိုင်ပေ။ AI ဆိုသည့် စကားလုံးသည် ၁၉၅၀ ပြည့်နှစ်များကတည်းက ပေါ်ပေါက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ယနေ့ခေတ်တွင်မူ ဘာသာစကားများ ထည့်သွင်းအသုံးပြုမှု၊ ကွန်ပျူတာနှင့် စက်ယန္တရား၏ သင်ယူလေ့လာ နိုင်စွမ်းအထိ အားလုံးကိုခြုံငုံပြီး AI ဆိုသည့် ခေါင်းစဉ်အောက်တွင် ထည့်သွင်းလာကြသည်။
ရှင်းရှင်းပြောရမည်ဆိုပါ AI သည် အချက်အလက်များကို စုဆောင်း ကောက်ယူပြီး ခန့်မှန်းချက် ထုတ်ခြင်း၊ အကြောင်းအရာ ဖန်တီးခြင်း သို့မဟုတ် ဆုံးဖြတ်ချက်များကဲ့သို့ ရလဒ်များကို ထုတ်လုပ်ပေးသည့် နည်းပညာဖြစ် သည်။
သို့သော် AI စနစ် အားလုံးသည်လည်း တူညီလှသည်တော့ မဟုတ်ပေ။

စစ်ဘက်ဆိုင်ရာတွင် AI ကို ပုံစံမျိုးစုံဖြင့် အသုံးပြုနေသည်။ အချို့ပုံစံများသည် စစ်သားများအတွက် နည်းပညာဖြင့် စစ်ရေးလေ့ကျင့်မှုများကဲ့သို့ လူကို ထိခိုက်စေခြင်းမရှိဘဲ အချို့ပုံစံများသည် ရန်သူများကို ပစ်မှတ်ထားရာတွင် အထောက်အကူရရန် AI ကို အသုံးပြုနေကြသည်။
ဥပမာပြရမည်ဆိုပါ အစ္စရေးစစ်တပ်သည် ဟားမာ့စ် အဖွဲ့ဝင်များကို ထောက်လှမ်းသိရှိရန် Lavender အမည်ရှိ AI tool များကို အသုံးပြုခဲ့သည်။
ထိုကဲ့သို့ လူသားများ၏ သေရေး၊ ရှင်ရေးကို AI ဖြင့် ခွဲခြားဆုံးဖြတ်ခြင်းသည် လူ့ကျင့်ဝတ် သိက္ခာပိုင်းဆိုင်ရာတွင် အငြင်းပွားမှုများ ပေါ်ပေါက်စေခဲ့သည်။
တာဝန်ခံမှုပြဿနာ
******************
AI ကြောင့် ထိခိုက်နစ်နာမှုများ ကြုံတွေ့ရချိန်တွင် ဘယ်သူက တာဝန်ယူမည်နည်း၊ တာဝန်ခံမည်နည်း ဆိုသည့် မေးခွန်းကို လူအများက မေးခွန်းထုတ်နေကြသည်။ ထိုအချက်သည် တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းတွင် ဟာကွက် တစ်ခု ဖြစ်နေသည်ဟု ဆိုကြသည်။
သို့သော် ထိုမေးခွန်းများသည် အသစ်အဆန်းတော့ မဟုတ်ပေ။ မြေမြုပ်မိုင်းများ၊ ဒုံးကျည်များကဲ့သို့ အခြား လက်နက်စနစ် နည်းပညာများသည်လည်း လူသားများ၏ ထိန်းချုပ်မှုမလိုဘဲ အသုံးပြုနိုင်သည်။
သို့သော် ထိုလက်နက်များနှင့်ပတ်သက်ပြီး လူအများက တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းကို မေးခွန်းထုတ်ခြင်း မရှိခဲ့ပေ။
သို့ဆိုလျှင် AI ကို အဘယ်ကြောင့် တမူထူးပြီး မေးခွန်းထုတ်နေကြပါသနည်း။ AI ကို အခြား စက်ယန္တရား စနစ်များ ကဲ့သို့ပင် လူသားများက ဖန်တီး၊ စီမံပြီး အသုံးပြုနေခြင်းဖြစ်သည်။
စစ်တပ်တွင် အထက်၊ အောက် အမိန့်နာခံမှုရှိပြီး AI ကို မည်သည့်အချိန်တွင် မည်သည့်ပုံစံဖြင့် အသုံးပြုမည် ဆိုခြင်းကို လူသားများက ဆုံးဖြတ်ရခြင်းဖြစ်သည်။
AI သည် သူ့ဘာသာသူ သီးခြားရပ်တည်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် AI သည် သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်များဖြင့် လုပ်ဆောင်နိုင်မည်ဆိုသည့် အိုင်ဒီယာသည် မှားယွင်းနေသည်။
AI သည် တာဝန်ခံမှု မရှိသည့် အချက်မှာ မှန်ကန်သည်။ အဘယ်ကြောင့်ဆိုသော် AI သည် ပြီးပြည့်စုံသည့် နည်းပညာတစ်ခု မဟုတ်ပေ။ မည်သည့် စက်ယန္တရားကမှ လူသားများ၏ ဆင်ခြင်တုံတရားလောက် ပြည့်စုံခြင်း မရှိပေ။
ထို့ကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည့် စကားသည် AI နှင့် အခြားစက်ယန္တရားများကို တီထွင်အသုံးပြုသည့် လူသားများနှင့်သာ သက်ဆိုင်သည်။

ပြဿနာအစ လူသားက
********************
AI အပါအဝင် ဆန်းပြားရှုပ်ထွေးလှသည့် ကွန်ပျူတာစနစ်များသည် ၎င်းတို့၏ နည်းပညာ သံသရာ စက်ဝိုင်း အတွင်းမှာပင် လည်ပတ်နေခြင်း ဖြစ်သည်။
ပရိုဂရမ်များ ထည့်သွင်းခြင်း၊ အစီအစဉ်ရေးဆွဲခြင်း၊ နည်းပညာစနစ် လည်ပတ်ခြင်းနှင့် ထိုနည်းပညာများကို အဆုံးသတ်ခြင်း (ဖျက်သိမ်းပစ်ခြင်း) အစရှိသည့် သံသရာ စက်ဝိုင်းအတွင်းမှာပင် ရှိနေသည်။
အဆင့်တိုင်းတွင် လူသားများက ရွေးချယ်မှုများ ပြုလုပ်ရခြင်းဖြစ်သည်။
ရည်မှန်းချက်များကို သတ်မှတ်ခြင်း၊ စနစ်များကို စမ်းသပ်ခြင်း၊ ဘေးကင်းလုံခြုံမှု ရှိနေစေရန် လုပ်ဆောင်ခြင်း၊ တရားဥပဒေနှင့်အညီ အသုံးပြုခြင်း အစရှိသည့် အချက်များကို လူသားများက ဦးဆောင်စီမံရခြင်းဖြစ်သည်။
လူသားများ၏ ရွေးချယ်မှုကသာ AI ကို အကောင်းနှင့် အဆိုး၊ အကျိုးနှင့် အပြစ်ကို ကွဲပြားစေလိမ့်မည်ဖြစ်သည်။
AI ကို လူသတ်ရန် အသုံးပြုမည်ဆိုပါက ထိုစနစ်ကို အသုံးပြုရန် ဆုံးဖြတ်သည့် လူသားတွင်သာ တာဝန်ရှိမည် ဖြစ်သည်။
AI သည် အသုံးချခံ စနစ်တစ်ခုသာဖြစ်ပြီး လူသားသည် အသုံးချသူ၊ တစ်နည်းအားဖြင့် လက်သည်တရားခံ ဖြစ်သည်။ (ရှင်းအောင် ပြောရမည်ဆိုပါက လူတစ်ယောက်ကို သေနတ်ဖြင့် ပစ်သတ်သူသည် လူသတ်မှုဖြင့် အပြစ်ရှိသူဖြစ်ပြီး သူအသုံးပြုသည့် သေနတ်သည် အပြစ်ရှိသည်ဟု သတ်မှတ်၍မရပေ။)
ထို့ကြောင့် AI သည် စစ်ပွဲတွင် အပြောင်းအလဲများကို ဖြစ်ကောင်း ဖြစ်စေနိုင်လိမ့်မည်။ သို့သော် ထိုသို့သော အပြောင်းအလဲများအတွက် အဓိက တာဝန်ရှိသူမှာ AI ကို အသုံးပြုသည့် လူသားများသာဖြစ်သည်။
အချုပ်ဆိုရပါက စစ်ပွဲတိုင်းတွင် AI ကို အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ ထွက်ပေါ်လာသည့် ရလဒ် များသည် လူသားများ၏ ရွေးချယ်မှုနှင့် ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေမည်ဖြစ်သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 573
CNI International Article
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၁
အင်ဒိုနီးရှားနိုင်ငံသည် ရည်မှန်းချက် ပြင်းပြမှုနှင့် တွန့်ဆုတ် ဝန်လေးနေမှု ဆိုသည့် လမ်းဆုံလမ်းခွ နေရာသို့ ရောက်ရှိနေသည်။
ရှင်းအောင် ပြောရမည်ဆိုပါက ရည်မှန်းချက် ပြင်းပြမှုလမ်းသည် အတက်လမ်းဖြစ်ပြီး တွန့်ဆုတ် ဝန်လေးမှု လမ်းသည် အကျလမ်းဖြစ်သည်။
အင်ဒိုနီးရှားကို ဒေသတွင်း အင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲလိုသည့် သမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ၏ မျှော်မှန်းချက်သည် ဆွဲဆောင်မှုရှိပြီး နားလည်ရလွယ်ကူသည်။
လူဦးရေ သန်း ၂၈၀ ကျော်ရှိပြီး အာရှတိုက်တွင် အကြီးဆုံးသော စီးပွားရေး အင်အားကြီး နိုင်ငံများထဲတွင် ပါဝင်နေသည့် အင်ဒိုနီးရှားသည် သမုဒ္ဒရာနှစ်ခုကို ပေါင်းကူးထားသည့် ပထဝီဝင် တည်နေရာ၌ ရှိနေသဖြင့် ဒေသတွင်း သြဇာလွှမ်းမိုးမှု အလားအလာ၏ ဗဟိုချက်တစ်ခု ဖြစ်နေသည့်အချက်ကို ငြင်းဆိုနိုင်မည် မဟုတ်ပေ။
သို့သော် ဩဇာလွှမ်းမိုးမှု အလားအလာသည် အာဏာကြီးမားမှုနှင့် တိုက်ရိုက် အချိုးမကျသေးပေ။
လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းက အင်ဒိုနီးရှားသည် ၎င်း၏ ရည်မှန်းချက် သို့မဟုတ် လုပ်နိုင်စွမ်းတို့ကို ဖော်ပြခြင်း မပြုခဲ့ဘဲ ခေါင်းဆောင်မှုပိုင်းကဏ္ဍကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာခဲ့သည်။
နိုင်ငံ့အင်အား၊ စစ်တပ် အဆင့်မြှင့်တင်မှု၊ ကိုယ့်အားကိုယ်ကိုးသည့် စီးပွားရေး၊ သံတမန်ရေးဆိုင်ရာ လက်တံ ကျယ်မှုများဖြင့် ပရာဘိုဝို၏ လေလုံးထွား ပြောဆိုမှုများသည် အင်ဒိုနီးရှားကို အရှေ့တောင်အာရှတွင် အချက်အချာကျသည့် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြု ခံလိုသော ၎င်း၏ ဆန္ဒကို ထင်ဟပ်စေခဲ့သည်။
သို့သော် ပရာဘိုဝို၏ ရည်မှန်းချက်သည် မဟာဗျူဟာထက် တည်ငြိမ်ရေးကို ဦးစားပေးပြီး ရလဒ်ထက် အမှတ်သညာကို ဦးစားပေးသည့် ဗျူရိုကရက် ယဉ်ကျေးမှုနှင့် ထိပ်တိုက်တွေ့နေသည်။
ဒေသတွင်း အရေးကိစ္စများတွင်လည်း အင်ဒိုနီးရှားသည် စကားသံကို ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ပြီး လက်တွေ့ ဆောင်ရွက်ချက်များတွင်မူ ပျော့ပြောင်းခဲ့သည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များကို တွေ့ရစဉ်
ဒေသတွင်း ဩဇာအာဏာလျော့ကျလာမှု
*************************************
အတိတ်ကာလက အင်ဒိုနီးရှားသည် အာဆီယံ၏ လေးစားအားကျဖွယ် ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ခံခဲ့ ရသည်။
အင်ဒိုနီးရှားသည် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ကူညီပေးခြင်း၊ ငြိမ်းချမ်းရေးကို မြှင့်တင်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။
သို့သော် မကြာသေးမီက ပဋိပက္ခများတွင် အင်ဒိုနီးရှားသည် အင်အားကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့ခြင်း မရှိပေ။
ဥပမာပြရလျှင် ထိုင်းနှင့်ကမ္ဘောဒီးယားကြား နယ်စပ်ဒေသပဋိပက္ခ ဖြစ်ပွားချိန်တွင် ကြားဝင်ဖြန်ဖြေပေးသူများ အင်ဒိုနီးရှားမဟုတ်ဘဲ မလေးရှားနိုင်ငံ ဖြစ်ခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယား အရေးတွင် အင်ဒိုနီးရှားနိုင်ငံသည် ထုတ်ပြန်ချက်များကိုသာ ထုတ်ပြန်ပေးခဲ့သည်။
ထိုအချက်က အာဆီယံတွင် အင်ဒိုနီးရှား၏ ဩဇာလွှမ်းမိုးမှု လျော့ကျလာသည့် အချက်ကို ဖော်ပြရာရောက်ခဲ့ သည်။
တောင်တရုတ်ပင်လယ်တွင်လည်း ဖိလစ်ပိုင်သင်္ဘောများကို တရုတ်ရေတပ်က နှောင့်ယှက်ခဲ့သည့် ဖြစ်စဉ်များတွင် အင်ဒိုနီးရှားသည် ဦးဆောင်ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့သည်။
အာဆီယံ၏ တုံ့ပြန်ချက်သည်လည်း ဓာတ်ပြားဟောင်းကို ဖွင့်နေသကဲ့သို့ ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ဆွေးနွေး ညှိနှိုင်းမှုများကို လုပ်ဆောင်ရန်သာ ထပ်တလဲလဲ ပြောကြားခဲ့ပြီး စစ်မှန်သည့် အရေးယူ ဆောင်ရွက်မှု မရှိခဲ့ချေ။
လက်ရှိတွင် မလေးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် ကဲ့သို့သော နိုင်ငံငယ်များသည် အာဆီယံတွင် ခေါင်းဆောင်မှု ကဏ္ဍကို ပိုမိုရယူလာကြသည်။
ကြီးမားသည့် နိုင်ငံ့အရွယ်အစားနှင့် သမိုင်းကြောင်းရှိခဲ့သော အင်ဒိုနီးရှားနိုင်ငံမှာမူ အင်အားကြီးနိုင်ငံ ဆိုခြင်းထက် အတိတ်ကာလက ပြယုဂ်တစ်ခုအဖြစ်သာ ရှိလာခဲ့သည်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ပြဿနာ ဖြေရှင်းရေး မလေးရှားဝန်ကြီးချုပ်က စေ့စပ်ပေးနေစဉ်
အင်စတီကျူးရှင်းပိုင်းဆိုင်ရာ အားနည်းချက်
*****************************************
အင်ဒိုနီးရှား၏ စစ်တပ်သည် အင်အား ကြီးမားသော်လည်း ခေတ်မမီတော့ဘဲ စီစဉ်တကျ ဖြစ်မှုတွင်လည်း အားနည်းနေသည်။
ပရာဘိုဝိုသည် စစ်တပ်ကို အဆင့်မြှင့်တင် မွမ်းမံရန် ကြိုးပမ်းနေသော်လည်း တိုးတက်မှုသည် နှေးကွေးနေဆဲ ဖြစ်သည်။
စင်္ကာပူနှင့် မလေးရှားကဲ့သို့ နိုင်ငံငယ်များသည် ၎င်းတို့၏ ကာကွယ်ရေးနှင့် သံတမန် ပရိယယ်တို့ကို ပိုမို ထိရောက်စွာ စီမံခန့်ခွဲနိုင်သည်။
စီးပွားရေးအရ အင်ဒိုနီးရှားသည် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G 20) အဖွဲ့ဝင်ဖြစ်သဖြင့် စီးပွားရေးအင်အား တောင့်တင်းသော်လည်း အဂတိလိုက်စားမှု၊ ထိရောက်မှု အားနည်းမှုနှင့် ကုန်ထုတ်စွမ်းအား အားနည်းမှုတို့က တိုးတက်မှုကို နောက်ပြန်ဆွဲချနေသကဲ့သို့ ဖြစ်သည်။
ကြီးမားသည့် စီမံကိန်းများသည် နှောင့်နှေးကြန့်ကြာမှုနှင့် ကုန်ကျစရိတ် ကြီးမြင့်မှုတို့နှင့် မကြာခဏ ရင်ဆိုင်ခဲ့ရ ကာ ဗျူရိုကရေစီ ယန္တရားကလည်း ဆန်းသစ် တီထွင်မှုများကို အဟန့်အတား ဖြစ်စေခဲ့သည်။
ဩဇာကြီးမားသည့် အခွင့်ထူးခံ လူတန်းစားများက နိုင်ငံရေးကို ထိန်းချုပ်ထားဆဲဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး သည်လည်း တစ်သမတ်တည်း မရှိပေ။
ထိုအားနည်းချက်များက နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် အင်ဒိုနီးရှားနိုင်ငံ၏ ယုံကြည်လေးစားခံရမှုကို လျော့ကျစေခဲ့သည်။
နိုင်ငံတစ်နိုင်ငံ အနေဖြင့် ကိုယ်ပိုင်စနစ် တစ်ခုကို ကောင်းမွန်စွာ ပြင်ဆင်နိုင်ခြင်း မရှိပါက အခြားနိုင်ငံများကို ဦးဆောင်ရန် မဖြစ်နိုင်ပေ။
အာဏာအပျော့ ကျဆင်းမှု
*************************
အင်ဒိုနီးရှား၏ အာဏာအပျော့သည်လည်း ကျဆင်းနေသည်ကို တွေ့ရသည်။ အင်ဒိုနီးရှား၏ ယဉ်ကျေးမှုသည် အလွန်ကြီးမားပြီး ပေါင်းစုံထွေးရော ယှက်တင်နေသည်။
သို့သော် တောင်ကိုရီးယား၏ K-Pop ဖျော်ဖြေရေးလုပ်ငန်း၊ ဂျပန်၏ ရုပ်ပြစာစောင်၊ အန်နီမေးရှင်း၊ ဂိမ်းနှင့် ဂီတ သို့မဟုတ် အိန္ဒိယ၏ ဘောလီးဝုဒ် ရုပ်ရှင်နယ်ပယ်များနှင့် နှိုင်းယှဉ်ပါက အင်ဒိုနီးရှား၏ အာဏာအပျော့သည် ကမ္ဘာအဆင့်သို့ ပေါက်ရောက်ခြင်း မရှိသေးပေ။
ပြည်တွင်းတွင် ဆန်းသစ်တီထွင်သည့် လုပ်ငန်းများသည် အရှိန်အဟုန် ကောင်းနေသည့်တိုင် ဆင်ဆာ ဖြတ်တောက် မှုများနှင့် ငွေကြေးအင်အား နည်းပါးသည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် ထင်သလောက် ပေါက်ရောက် ခဲ့ခြင်း မရှိပေ။
ထိုအခြေအနေများကြောင့် အင်ဒိုနီးရှား လူငယ်အများစုသည် စိတ်ပျက်လာခဲ့ကြပြီး ၎င်းတို့၏ စိတ်ကူးဉာဏ် ကွန့်မြူးမှုများအတွက် ပြည်ပနိုင်ငံများကို အားကိုးလာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် စင်္ကာပူ၊ မလေးရှားနှင့် ဗီယက်နမ်ကဲ့သို့ အိမ်နီးချင်းနိုင်ငံများသည် တူညီသည့် မဟာဗျူဟာ များဖြင့် ၎င်းတို့၏ အာဏာအပျော့ကို နိုင်ငံတကာ၏ အသိအမှတ်ပြုမှုနှင့် လေးစားမှု ရရှိစေရန် ကြိုးပမ်းနေ ကြသည်။

အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝိုကို တွေ့ရစဉ်
ပြုပြင်ပြောင်းလဲချိန်တန်ပြီ
************************
အင်ဒိုနီးရှားအနေဖြင့် အမှန်တကယ် ဩဇာအာဏာကြီးမားသည့် နိုင်ငံဖြစ်လိုသည့် ဆန္ဒရှိမည်ဆိုပါက ပြည်တွင်း ပြုပြင်ပြောင်းလဲမှုများကို စတင်ပြုလုပ်ရမည်ဖြစ်သည်။
ဗျူရိုကရေစီစနစ်သည် နိုင်ငံရေးသမားများအတွက် မဟုတ်ဘဲ ပြည်သူများအတွက် ဖြစ်ရမည်ဖြစ်သည်။
တရားရုံးများကို လွတ်လပ်မှု ပေးရမည်ဖြစ်ပြီး စစ်တပ် အနေဖြင့်လည်း ပရော်ဖက်ရှင်နယ် ဆန်ရမည်ဖြစ်ကာ နိုင်ငံရေး မနွယ်သင့်ပေ။
အဂတိလိုက်စားမှုကိုလည်း အမျိုးသားရေး ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပြီး တိုက်ဖျက်ရမည်ဖြစ်သည်။
ထို့ပြင် ပညာရေးနှင့်ဆန်းသစ် တီထွင်မှုများတွင် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။
လူငယ်များအနေဖြင့် ကောင်းမွန်စွာ ပညာမသင်ကြားရဘဲ ကောင်းမွန်စွာ ပျိုးထောင်မခံရပါက ထိုလူငယ်မျိုးဆက် သည် ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။
ယနေ့ခေတ်တွင် စစ်မှန်သည့် အာဏာသည် ဗဟုသုတ၊ တီထွင်ကြံဆမှုနှင့် နည်းပညာတို့မှ ပေါက်ဖွားလာသည် ဆိုခြင်းကို သတိချပ်သင့်ပေသည်။
သံတမန် ဆက်ဆံရေးတွင်လည်း အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အိမ်တွင်းပုန်း လုပ်မနေသင့်ဘဲ ရှေ့ထွက် ဦးဆောင် ရမည်ဖြစ်သည်။ အာဆီယံတွင် "ကြားနေ" ဆိုသည့် ရပ်တည်ချက်သည် စကားလုံးတစ်လုံးထက်ပိုပြီး အဓိပ္ပာယ် မရှိနိုင်ပေ။
အကျပ်အတည်းများ ဖြစ်လာခဲ့မည်ဆိုပါက အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အစီအစဉ်များ ရေးဆွဲသင့်ပြီး ဒေသတွင်း အခင်းအကျင်းကို ကာကွယ်ရန် အရဲစွန့် လုပ်ဆောင်ရမည်ဖြစ်သည်။
လွတ်လပ်ပြီး အမှီအခို ကင်းသည်ဆိုသည့် အဓိပ္ပာယ်မှာ အမေရိကန်နှင့် တရုတ်ကို ရှောင်စရာမလိုဘဲ ထိုနှစ်နိုင်ငံ စလုံးနှင့် ထိတွေ့ဆက်ဆံရမည့် အဓိပ္ပာယ်ဖြစ်သည်။
အချိန်နှင့် ဒီရေသည် လူကိုမစောင့်
*******************************
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို အတွက်မူ စစ်မှန်သည့် ပြောင်းလဲမှုများကို ပြုလုပ်ရန် အခွင့်အလမ်းကာလက တိုတောင်းလှသည်။
လက်ရှိတွင် ၎င်းအား နိုင်ငံရေး ထောက်ခံမှု အားကောင်းနေပြီး စီးပွားရေး တည်ငြိမ်နေသည် ဆိုသည့်တိုင် အချိန်သည် အတိုင်းအတာ တစ်ခုအထိသာရှိသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုမှစပြီး ပြောင်းလဲမည်ဆိုမှသာ အာဆီယံတွင် ခေါင်းဆောင်မှုကဏ္ဍကို ပြန်လည် ရရှိနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက အသံသာကျယ်ပြီး အဆန်မပါသည့် သင်္ကြန် အမြောက်ကဲ့သို့ ဖြစ်နေဦး မည်ဖြစ်သည်။
ဒေသတွင်း ခေါင်ဆောင် ဖြစ်လာရန်အတွက် အင်ဒိုနီးရှားတွင် အရင်းအမြစ်များနှင့် လူထုထောက်ခံမှုအား ရှိနေသည်။ သို့သော် စိတ်ဓာတ်တက်ကြွမှုနှင့် ရဲစွမ်းသတ္တိပိုင်းတွင် အားနည်းနေဆဲဖြစ်သည်။
ဒေသတွင်း ပဋိပက္ခများတွင် ပါဝင်ရန် တွန့်ဆုတ်နေခြင်းက ခေါင်းဆောင်နေရာကို ရရှိစေလိမ့်မည် မဟုတ်ပေ။
ထိုကြောင့် ပရာဘိုဝို အနေဖြင့် ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်မည်လော သို့မဟုတ် အင်ဒိုနီးရှား၏ ဩဇာလွှမ်းမိုးမှု တဖြည်းဖြည်း ကျဆင်းသွားသည့် အခြေအနေကို ထိုင်ကြည့်နေမည် လော ဆိုသည့် အချက် ၂ ချက်ကို ရွေးချယ်ရမည်ဖြစ်သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 606
CNI Sport Article
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ အောက်တိုဘာထဲ ကစားနေတဲ့ နိုင်ငံတကာ ပွဲတွေအတွက် အသင်း လူစာရင်းမှာ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ရီးရယ်လ်အသင်းက ဘယ်လင်ဂမ်၊ အဲဗာတန်အသင်းက ဂရီလစ်ရှ်နဲ့ မန်စီးတီးအသင်းက ဖိုဒန်တို့ကို ချန်လှပ်ခဲ့ပါတယ်။
ဘယ်လင်ဂမ်ဟာ ပခုံးခွဲစိတ်မှုကြောင့် မကြာသေးမီကမှ ရီးရယ်လ်အသင်းအတွက် ပြန်ကစားနိုင်ခဲ့ပေမယ့် ပွဲကစားချိန် နည်းပါးမှုကြောင့် ချန်လှပ်ခံခဲ့ရပြီး ဒီရာသီမှာ ပုံစံကောင်းတွေ ပြသနေတဲ့ ဂရီလစ်ရှ်နဲ့ ဖိုဒန်တို့က လည်း အင်္ဂလန်အသင်း လူစာရင်းနဲ့ ထပ်ပြီးဝေးကွာနေတာပါ။
ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းမှာ ရုန်းကန်ခဲ့ရပြီးနောက် ဒီနွေရာသီမှာ အဲဗာတန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု အများအပြား ပြုလုပ်ပြီး ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဂရီလစ်ရှ်ဟာ နည်းပြတူချယ်လ် လက်ထက်မှာ အင်္ဂလန်အသင်းအတွက် ပါဝင်ခဲ့ရခြင်း မရှိသေးပါဘူး။
ဖိုဒန်ကလည်း ပြီးခဲ့တဲ့ရာသီမှာ သူ့ရဲ့ အကောင်းဆုံးပုံစံတွေ ပျောက်ဆုံးခဲ့ပေမယ့် ဒီရာသီမှာတော့ ပုံစံကောင်းအချို့ ကို ပြန်လည်ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖိုဒန်နဲ့ ဂရီလစ်ရှ်ကို တွေ့ရစဉ်
ဘယ်လင်ဂမ်၊ ဖိုဒန်နဲ့ ဂရီလစ်ရှ်တို့ဟာ နည်းပြဟောင်း ဆောက်ဂိတ်ရဲ့ လက်ထက်မှာ အင်္ဂလန်အသင်းရဲ့အဓိက ကစားသမားတွေ ဖြစ်ခဲ့ပေမယ့် နည်းပြတူချယ်လ်ရဲ့ လက်ထက်မှာ လူစာရင်းထဲ ပါဝင်နိုင်ဖို့ ခက်ခဲနေတာပါ။
ဂျာမန်လူမျိုးနည်းပြ တူချယ်လ်ဟာ သူ့ရဲ့ အင်္ဂလန်အသင်း လူစာရင်းမှာ နာမည်ကြီး ကစားသမားအချို့ကို လူငယ်ကစားသမားတွေနဲ့ ပေါင်းစပ်ပြီး အသင်းကို အကောင်းဆုံး တည်ဆောက်နေတာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပေးဂိုးမပေးရဘဲ ရာနှုန်းပြည့် နိုင်ပွဲရယူထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဝေးလ်စ်အသင်းနဲ့ ခြေစမ်းပွဲ မတိုင်မီ မီဒီယာတွေ့ဆုံမှုမှာ အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က ပွဲကြီး ပွဲကောင်းတွေ အနိုင်ရဖို့ ကြယ်ပွင့် ကစားသမားတွေ မလိုအပ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါအပြင် တူချယ်လ်က သူ့ရဲ့လူစာရင်းထဲမှာ နာမည်ကြီး ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူမှာမဟုတ်ဘဲ အသင်းလိုက် စုစည်းမှုနဲ့ တည်ဆောက်သွားမယ်လို့ ပြောခဲ့တာပါ။
တူချယ်လ်ရဲ့ ဒီပြောစကားကြောင့် ဘယ်လင်ဂမ်၊ ဖိုဒန်နဲ့ ဂရီလစ်ရှ်တို့ အပါအဝင် သူ့ရဲ့လက်ရှိ လူစာရင်းထဲမှာ မပါဝင်တဲ့ ကစားသမားတွေအတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ ခက်ခဲသွားနိုင်ပါတယ်။

အင်္ဂလန်အသင်းသားတွေကို တွေ့ရစဉ်
အဲဒါကြောင့် လက်ရှိ လူစာရင်းထဲမှာ မပါဝင်တဲ့ ကစားသမားတွေဟာ လာမယ့် ကလပ်အသင်းပွဲတွေမှာ သူတို့ပြသနေတဲ့ စွမ်းဆောင်ရည်ပုံစံထက် ပိုပြီးကောင်းအောင် လုပ်ပြနိုင်ဖို့ လိုအပ်သွားပြီဖြစ်ပါတယ်။
ဒါမှလည်း အင်္ဂလန်ရဲ့ နောက်လာမယ့် ပွဲတွေအတွက် လူစာရင်းထဲမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးရှိလာမှာ ဖြစ်ပါ တယ်။
နည်းပြတူချယ်လ်ဟာ အင်္ဂလန်ကစားသမားတွေနဲ့ ၃ ကြိမ် စခန်းသွင်းပြီး အလုပ်တွဲလုပ်ထားသလို ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်မီ နောက်ထပ် ၂ ကြိမ်သာ စခန်းသွင်း လေ့ကျင့်နိုင်တော့မှာပါ။
တူချယ်လ်ဟာ အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဆုရရှိအောင် ကိုင်တွယ်ပေးဖို့ ရည်မှန်းထားပြီး အသင်း လိုက် စုစည်းမှုနဲ့ အကောင်းဆုံးအသင်းကို ပိုင်ဆိုင်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရောက်ဖို့ လိုအပ်တယ်လို့ ပြောထား ပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့် နိုဝင်ဘာထဲမှာ နိုင်ငံတကာပွဲစဉ်တွေ ထပ်ကစားဖို့ရှိနေပြီး ဒီပွဲတွေအတွက် လူစာရင်းမှာ ဘယ်လင်ဂမ်၊ ဖိုဒန်နဲ့ ဂရီလစ်ရှ်တို့ မရွေးချယ်ခံရရင် သူတို့တွေရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ချင်တဲ့ မျှော်လင့်ချက် အဆုံးသတ်သွားပြီလို့ ပြောရမှာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 637
CNI International Article
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မကြာသေးမီက ဂါဇာစစ်ပွဲ အဆုံးသတ်ရေးအတွက် အချက် ၂၁ ချက်ပါ အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့ပြီး ချက်ချင်း အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများ ပြန်လွှတ်ပေး ရေးနှင့် ပါလက်စတိုင်းနိုင်ငံ ဖော်ဆောင်ရေး အလားအလာတို့ကို ထည့်သွင်းရေးဆွဲခဲ့သည်။
ထရမ့်သည် အိမ်ဖြူတော်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) နှင့်အတူ ရပ်ပြီး "စစ်ပွဲ အဆုံးသတ်ရန် အလွန်နီးကပ်နေပြီ" ဟု ကြွေးကြော်ခဲ့ပြီး ထိုစစ်ပွဲ အဆုံးသတ်သည့်နေ့သည် "ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်နေ့" ဟု ကြေညာခဲ့သည်။
ယခင် အမေရိကန်သမ္မတများ လက်ထက်ကလည်း အရှေ့အလယ်ပိုင်း အရေးနှင့်ပတ်သက်ပြီး Oslo Accords ၊ the Road Map နှင့် the Annapolis Conference ကဲ့သို့ ညီလာခံများ၊ သဘောတူညီမှုများ ရှိခဲ့ဖူးပြီး ထရမ့်၏ ပထမ သက်တမ်းတွင်လည်း ၎င်း၏ ကိုယ်ပိုင် အစီအစဉ်ဖြစ်သည့် Deal of the Century ငြိမ်းချမ်းရေး အစီအစဉ် ရှိခဲ့ဖူးသည်။
အချိန်တိုင်းမှာပင် အမေရိကန်သမ္မတများက ချော့တစ်ချီ၊ ခြောက်တစ်လှည့် နည်းဗျူဟာသည် မှန်ကန်သည့် ရွေးချယ်မှုဟု ယူဆခဲ့ကြသည်။
အမေရိကန်သမ္မတ တစ်ဦး၏ ဩဇာတိက္ကမနှင့် ဒေသတွင်း မဟာမိတ်အင်အား လုံလောက်မှုတို့ကို ထိုနည်းဗျူဟာ နှင့် ပေါင်းစပ်ပြီး နယ်နိမိတ်နှင့် အမျိုးသားရေး ပဋိပက္ခတို့ကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆထားကြသည်။
ထရမ့်သည် ၎င်း၏ အစီအစဉ်ကို ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီး၊ အီဂျစ်၊ ဂျော်ဒန်၊ တူရကီ၊ အင်ဒိုနီးရှားနှင့် ပါကစ္စတန်တို့မှ ခေါင်းဆောင်များအား တင်ပြရန် ဆုံးဖြတ်ခဲ့ခြင်းသည် အမေရိကန်၏ စိတ်ကူးယဉ်ဆန်မှုကို ထင်ဟပ်စေခဲ့သည်။

စစ်ပွဲကြောင့် ပျက်စီးနေတဲ့ ဂါဇာဒေသကို တွေ့ရစဉ်
အမေရိကန်၏ စိတ်ကူးယဉ်ဆန်သည့် အချက်မှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အမေရိကန်နှင့် အာရပ်၊ မွတ်ဆလင်နိုင်ငံများကြား သဘောထားချင်း တူညီမှုရှိနေသည်ဆိုသည့် အချက်ဖြစ်သည်။
သို့သော် လက်တွေ့မှာ ပိုမိုရှုပ်ထွေးနေသည်။
ထိုဒေသတွင်း နိုင်ငံများတွင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများရှိပြီး အမေရိကန်၏ ရည်မှန်းချက်များအတိုင်း အလိုက်သင့် လိုက်ပါဖွယ်မရှိပေ။
ပင်လယ်ကွေ့နိုင်ငံများက အစ္စရေးနှင့် ဆက်ဆံရေးကို ပုံမှန်ပြန်လည် ထူထောင်လိုကြသော်လည်း ၎င်းတို့၏ ကိုယ်ပိုင် သတ်မှတ်ချက်များ၊ အချိန်ဇယားများအတိုင်းသာ ဆက်ဆံရေး ထူထောင်ချင်ကြသည်။
တူရကီသမ္မတ အာဒိုဂန် (Erdogan) သည် ပြည်တွင်းနိုင်ငံရေး ထောက်ခံမှု ရရှိရန်အတွက် ပါလက်စတိုင်း အရေးတွင် ၎င်း၏ ခိုင်မာအားကောင်းသည့် ခေါင်းဆောင်မှုကဏ္ဍကို ဆက်လက် ထိန်းသိမ်းရန် လိုအပ်သည်။
အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံတို့က ၎င်းတို့၏ နယ်စပ်ဒေသများ တည်ငြိမ်ရေးကို လိုလားသော်လည်း ဂါဇာဒေသ အုပ်ချုပ်ရေး စနစ်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှု အနည်းငယ်သာ ပြသခဲ့ကြသည်။
ဂါဇာဒေသ အုပ်ချုပ်ရေး အစီအစဉ်သည် ထရမ့်၏ အဆိုပြုချက်ထဲတွင် ပါဝင်သည်။ ထိုအစီအစဉ်ကို ဟားမာ့စ် အုပ်ချုပ်မှုအလွန် ဂါဇာဒေသဟုလည်း ခေါ်သည်။

အမေရိကန်သမ္မတတွေဖြစ်တဲ့ ဘိုင်ဒန်၊ ထရမ့်နဲ့ နေတန်ယာဟုကို တွေ့ရစဉ်
သို့သော် ထိုအစီအစဉ်သည် ဂါဇာတွင် ဟားမာ့စ်အဖွဲ့သည် စစ်ရေးအရ ရှုံးနိမ့်ပြီး နိုင်ငံရေးအရ ခေါင်းမထောင် နိုင်တော့သည့် အခြေအနေမှသာ ဖြစ်လာနိုင်သည်။
အစ္စရေးစစ်တပ်၏ စစ်ဆင်ရေး အရှိန်မြှင့်ခဲ့ပြီးနောက် ၁ နှစ်နီးပါး ကြာမြင့်ခဲ့သည့်တိုင် ဟားမာ့စ်အဖွဲ့သည် ဂါဇာ ဒေသ၏ အသိုင်းအဝိုင်းအတွင်း အမှတ်တံဆိပ် တစ်ခုအဖြစ် စွဲထင် ကျန်ရစ်နေဆဲဖြစ်ပြီး စစ်ရေးစွမ်းဆောင် ရမည်ကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။
ဟားမာ့စ်အဖွဲ့၏ ခေါင်းဆောင်မှု ဖွဲ့စည်းပုံမှာ လျော့ရဲနေသော်လည်း ထရမ့်၏ ငြိမ်းချမ်းရေး အစီအစဉ်တွင် ယူဆ ထားသကဲ့သို့ ဟားမာ့စ်တို့၏ အတွေးအခေါ်နှင့် တော်လှန်ရေး ကွန်ရက်များ ပျောက်ကွယ် သွားလိမ့်မည် မဟုတ် ပေ။
နောက်ထပ် တစ်ချက်မှာ ဂါဇာတွင် ဟားမာ့စ်တို့ ဖယ်ရှားခံခဲ့ရမည်ဆိုပါက ၎င်းတို့နေရာတွင် မည်သူကို အစားထိုး မည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။
ဟားမာ့စ်နှင့် စင်ပြိုင်ဖြစ်သည့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (Palestinian Authority) သည် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသကိုသာ လွှမ်းမိုးထားပြီး ဂါဇာဒေသခံများကိုမူ လွှမ်းမိုးနိုင်ခြင်းမရှိပေ။
သို့မဟုတ်ပါက မည်သည့်နိုင်ငံကမှ စေလွှတ်လိုခြင်း မရှိသည့် နိုင်ငံတကာတပ်ဖွဲ့ကို ဂါဇာတွင် ဖြန့်ကြက်ချထား မည်လော။ ထိုတပ်ဖွဲ့များကိုရော အာရပ်နိုင်ငံများက ခွင့်ပြုမည်လော၊ အစရှိသည့် မေးခွန်းများလည်း ထွက်ပေါ် နေဆဲဖြစ်သည်။
ထရမ့်၏ အစီအစဉ်ထဲတွင် ပါလက်စတိုင်းနိုင်ငံ ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက် ပါရှိသော်လည်း အသေးစိတ် အချက်အလက်များ မပါရှိပေ။ ထို့ကြောင့် ထိုအစီအစဉ်သည် နှောင့်နှေးကြန့်ကြာနိုင်သည်။
လက်ရှိ အစ္စရေးအစိုးရကမူ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည် မဟုတ်ဘဲ ပြင်းထန်စွာ ကန့်ကွက် နေသည်။
တစ်ချိန်က နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေး အိုင်ဒီယာသည် ရေပန်းစားခဲ့သော်လည်း လက်ရှိတွင် မြေပြင်မှ အရှိတရားများနှင့် ဝေးကွာနေဆဲဖြစ်သည်။
အနောက်ဘက်ကမ်း ဒေသတွင် အစ္စရေး၏ လူနေရပ်ကွက် တိုးချဲ့မှုများက ပါလက်စတိုင်း ခေါင်းဆောင်များကို သဘောထား ကွဲလွဲစေခဲ့ကာ နှစ်ဖက်စလုံး၌ အစွန်းရောက်မှုများကို မြင့်တက်စေခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထရမ့်၏ အစီအစဉ်ကို ထောက်ခံနေခြင်းမှာ စိုးရိမ်စရာ ကောင်းလှသည်။

ဂါဇာမြေပုံနဲ့ ဒေါ်နယ်ထရမ့်၊ နေတန်ယာဟုကို တွေ့ရစဉ်
နေတန်ယာဟုသည် ၎င်း၏ နိုင်ငံရေးသမား သက်တမ်းတစ်လျှောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင် ခဲ့သော်လည်း အပြောင်းအလဲ အနည်းငယ်သာ ဆောင်ကြဉ်းနိုင်ခဲ့သည်။
ထို့ကြောင့် သူသည် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အလားအလာနှင့်ပတ်သက်သည့် ထရမ့်၏ အစီအစဉ်သည် အကောင်အထည် ပေါ်လာနိုင်ခြင်း မရှိကြောင်း ယူဆပြီး ဟန်ပြ ထောက်ခံနေခြင်းလည်း ဖြစ်နိုင်သည်။
ထရမ့်၏ ငြိမ်းချမ်းရေးအပေါ် ထားရှိသည့် သဘောထားမှာ စီးပွားရေး သမားတစ်ဦး၏ ရှုထောင့်ကို ပေါ်လွင်စေခဲ့ သည်။
မှန်ကန်သင့်တော်သူ တစ်ယောက်ကို မှန်ကန်သည့် ကမ်းလှမ်းမှုများ ပေးနိုင်မည်ဆိုပါက မည်သည့် ပြဿနာကို မဆို ဖြေရှင်းနိုင်လိမ့်မည်ဟု ထရမ့်က ယူဆထားသည်။
သို့သော် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် စီးပွားရေး သဘောတူညီချက်တစ်ခု မဟုတ်ပေ။
မြေယာ၊ အထောက်အထား၊ လုံခြုံရေးနှင့် အမျိုးသားရေး အခွင့်အရေးတို့အတွက် ကာလကြာရှည်စွာ ရုန်းကန် နေရသည့် ပြသနာတစ်ခုဖြစ်သည်။
ထို့ကြောင့် သေချာပေါက်နီးပါး ကျရှုံးမည့် ငြိမ်းချမ်းရေး မျှော်လင့်ချက်များကို ဖန်တီးခြင်းဖြင့် ထရမ့်၏ အစီအစဉ် သည် အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်သည်။
အောင်မြင်မှု မရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် အယုံအကြည် ကင်းမဲ့မှုကို မြင့်တက်စေပြီး သဘောထား တင်းမာသူများကို အားကောင်းစေကာ အနာဂတ် သံခင်းတမန်ခင်း ဆက်ဆံရေးကို ပိုမိုခက်ခဲစေလိမ့်မည် ဖြစ် သည်။
ဂါဇာစစ်ပွဲသည် ကြီးမားသောဒုက္ခများ ဖြစ်ပေါ်စေပြီး ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုကို အရေးပေါ် လိုအပ်နေ ချိန်တွင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများသည် လက်တွေ့ကျသင့်သည်။
အမေရိကန်၏ အစီအစဉ်တစ်ခုတည်းက ပဋိပက္ခကို ချက်ချင်း အဖြေရှာ နိုင်လိမ့်မယ်ဆိုသည့် ယုံကြည်ချက်မျိုးကို တစ်ဖက်သတ် ဆွဲကိုင်ထားနိုင်မည်မဟုတ်ပေ။
ထရမ့်ကတော့ ဂါဇာစစ်ပွဲ ပြီးကာနီးပြီဟု ပြောဆိုနေသည်။ သို့သော် သူသည် ယခင်ကလည်း ထိုစကားမျိုးကို မကြာခဏ ပြောဆိုခဲ့ဖူးသည်။
ထို့ကြောင့် အမေရိကန်အနေဖြင့် အတိတ်ကာလမှ ကျရှုံးမှုများကို သင်ခန်းစာယူပြီး ရိုးရှင်းသော ရည်မှန်းချက်များ မချမှတ်ပါက စိတ်ပျက်စရာ ရလဒ်များနှင့်အတူ သံသရာ လည်နေဦးမည်ဖြစ်ပေသည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 597
CNI Sport Article
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃
ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူခဲ့ပြီးနောက် နည်းပြ အပြောင်းအလဲ အများအပြား ပြုလုပ်ထားပေမယ့် အခုအချိန်ထိ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန် အနားယူခဲ့တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း နည်းပြတွေကို ထုတ်ပယ်ဖို့ ပေါင်သန်း ၇၀ နီးပါး သုံးစွဲခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းကို လက်ရှိကိုင်တွယ်နေတဲ့ နည်းပြအာမိုရင်လည်း ထုတ်ပယ်ခံရမယ့် ဖိအားတွေ ခံစားနေရပြီး အသင်းအနေနဲ့ သူ့ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ နိုဝင်ဘာ ၁ ရက် မတိုင်မီ ထုတ်ပယ်ခဲ့ရင် လျော်ကြေးအဖြစ် ပေါင် ၁၂ သန်း ပေးချေရမှာပါ။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အာမိုရင်ကို ဒီကာလမတိုင်မီ ထုတ်ပယ်ခဲ့ရင် နည်းပြတွေ ထုတ်ပယ်ဖို့ သုံးစွဲခဲ့တဲ့ စာရင်းထဲ ဒီပမာဏကိုထည့်ပြီး ပေါင်းထည့်ရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင် လက်ထက် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၅ နေရာ နဲ့ ရာသီအဆုံးသတ်ခဲ့ပြီး ဒီရာသီမှာလည်း ရလဒ်ကောင်းရဖို့ ကြိုးပမ်းနေရတာပါ။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင်နဲ့ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေကို အသင်းထံ ခေါ်ဆောင်ဖို့ ပေါင် ၁၁ သန်း ပေးခဲ့ရပြီး ထုတ်ပယ်ခဲ့ရင် ဒီထက်ပိုတဲ့ ပမာဏကို ပေးချေရမှာ ဖြစ်ပါတယ်။
အာမိုရင်ဟာ ဖာဂူဆန် အနားယူပြီးနောက် ယူနိုက်တက်အသင်းရဲ့ ၆ ဦးမြောက် အမြဲတမ်း နည်းပြဖြစ်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဖာဂူဆန် ထွက်ခွာအပြီးမှာ သူ့ရဲ့နေရာ ဆက်ခံခဲ့တဲ့ ဒေးဗစ်မိုယက်စ်ကို ၆ နှစ် စာချုပ် ချုပ်ခဲ့ပေမယ့် ရလဒ်ဆိုးတွေကြောင့် ၁၀ လအကြာမှာ ထုတ်ပယ်ခဲ့ပြီး သူနဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေကို လျော်ကြေးအဖြစ် ပေါင် ၅.၂ သန်းပေးခဲ့ရပါတယ်။
ဒါက ယူနိုက်တက်အသင်းရဲ့ မျက်မှောက်ခေတ် နည်းပြ ထုတ်ပယ်မှုတွေမှာ အသက်သာဆုံး ပေးခဲ့ရတဲ့ ပမာဏလို့ ပြောရမှာပါ။
ယူနိုက်တက်အသင်းဟာ မိုယက်စ်ရဲ့ နေရာမှာ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ ဗန်ဟားလ်ကို ၂ ရာသီကြာ ကိုင်တွယ်စေခဲ့ကာ FA ဖလားရရှိပြီးနောက် ၂ ရက်အကြာမှာ ထုတ်ပယ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဗန်ဟားလ်နဲ့ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေကို ထုတ်ပယ်ကြေးအဖြစ် ပေါင် ၈.၄ သန်းပေး ခဲ့ရတာပါ။

ယူနိုက်တက်အသင်း ထုတ်ပယ်လိုက်တဲ့ နည်းပြတွေနဲ့ ပေးချေရတဲ့ငွေကို တွေ့ရစဉ်
မန်ချက်စတာကလပ်ဟာ သူ့ရဲ့နေရာမှာ အစားထိုး ဝင်ရောက်ခဲ့တဲ့ မော်ရင်ဟိုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှာ ထုတ်ပယ်ခဲ့ပြီး ပေါင် ၁၉.၆ သန်း ပေးခဲ့ရပါတယ်။
ဒါက ယူနိုက်တက်အသင်း သမိုင်းမှာ နည်းပြတစ်ဦးကို ထုတ်ပယ်တဲ့အတွက် အကြီးမားဆုံး ပေးချေခဲ့ရတဲ့ ပမာဏဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ မော်ရင်ဟိုရဲ့ နေရာမှာ ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး နောက်ပိုင်းမှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။
ဒါပေမယ့် ဆိုးလ်ရှားလည်း အသင်းရဲ့ ဆိုးရွားတဲ့ ရလဒ်တွေကြောင့် ၂၀၂၁ ခုနှစ်မှာ ထုတ်ပယ်ခံရပြီး ပေါင် ၉.၁ သန်း ပေးချေခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် ရက်ဂ်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ကာ ရာသီကုန်မှာတော့ အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို လိဂ်ဖလားနဲ့ FA ဖလား ရယူနိုင်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ရာသီ အစ ပိုင်းမှာ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ခဲ့တဲ့အတွက် ပေါင် ၁၀.၄ သန်း ပေးချေခဲ့ရတာပါ။

အာမိုရင်နဲ့ ဖာဂူဆန်ကို တွေ့ရစဉ်
ရက်ဂ်နစ်နဲ့လမ်းခွဲခဲ့မှုအတွက် ပေးခဲ့ရတဲ့ လျော်ကြေးကို ရှင်းရှင်းလင်းလင်း မသိခဲ့ရဘဲ သူဟာ ယာယီနည်းပြအဖြစ် ကိုင်တွယ်အပြီးမှာ အသင်းရဲ့ အတိုင်ပင်ခံ ရာထူးအတွက် ၂ နှစ် တာဝန်ယူဖို့ ရှိခဲ့ပါတယ်။
ရက်ဂ်နစ်ဟာ ဒီတာဝန်ကို မယူဘဲ ထွက်ခွာခဲ့ပေမယ့် သူ့ရဲ့ထွက်ခွာမှုအတွက် ယူနိုက်တက်အသင်းဟာ ပေါင် ၁၄.၇ သန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြတွေကို ထုတ်ပယ်ဖို့ ပေါင်သန်း ၇၀ နီးပါး သုံးစွဲခဲ့တာက အခြားအသင်းတွေ ထက်စာရင် နည်းပါးနေသေးတာပါ။
ချယ်လ်ဆီးအသင်း အပါအဝင် အသင်း အများအပြားဟာ ၂၀၀၃ ခုနှစ်ကတည်းက သူတို့ရဲ့နည်းပြတွေကို အပြောင်းအလဲပြုလုပ်ဖို့ ပေါင်သန်း ၁၀၀ ကျော် သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။
Source: Thesun
