- By CNI
- Category: ဆောင်းပါး
- Hits: 781
CNI Sport Article
၂၀၂၆ ခုနှစ်၊ ဧပြီ ၃
ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် နည်းလမ်းတစ်ခုထက် ပိုပြီး ရှိတယ်ဆိုတာကို ဆွီဒင်အသင်းက ရှာဖွေတွေ့ရှိ သွားခဲ့ ပါတယ်။
ဆွီဒင်အသင်းဟာ ပလေးအော့ဖ် ဗိုလ်လုပွဲမှာ တိုက်စစ်မှူး ယိုကီရက်စ်ရဲ့ နောက်ကျ သွင်းဂိုးကြောင့် ပိုလန်အသင်း ကို အနိုင်ရပြီး ဥရောပဇုန်ကနေ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဝင်ခွင့်တစ်နေရာကို ရရှိသွားခဲ့ပါတယ်။
ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတုန်းက ကစားခဲ့တဲ့ ၆ ပွဲမှာ ရမှတ် ၂ မှတ်သာရရှိခဲ့ပြီး အုပ်စုတွင်း နောက်ဆုံး နေရာမှာ ရပ်တည်နေတာပါ။
အဲ့ဒါကြောင့် ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလား မျှော်လင့်ချက်နဲ့ အလွန်ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နေးရှင်းလိဂ်ပြိုင်ပွဲက ရပ်တည်မှုဟာ ဆွီဒင်အသင်းအတွက် ကမ္ဘာ့ဖလား မျှော်လင့်ချက် ရှင်သန်စေ ခဲ့တာပါ။

အီတလီအသင်းကို တွေ့ရစဉ်
ဆွီဒင်အသင်းဟာ နေးရှင်းလိဂ်မှာ အုပ်စုတွင်း ထိပ်ဆုံးနေရာ ရပ်တည်ခဲ့တာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပလေးအော့ဖ် ကစားဖို့ အခွင့်အရေးရခဲ့တာ ဖြစ်ပါတယ်။
နေးရှင်းလိဂ်ပြိုင်ပွဲမှာ ရပ်တည်မှုတွေကြောင့် ဝေးလ်စ်၊ ချက်၊ ရိုမေးနီးယား၊ ဆွီဒင်၊ မြောက်မက်ဆီဒိုးနီးယားနဲ့ မြောက်အိုင်ယာလန်အသင်းတို့ဟာ ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။
ဒါဆိုရင် ကမ္ဘာ့ဖလားခြေစစ်ပွဲက ရမှတ်တွေက အရေးမပါတော့ဘူးလားဆိုတဲ့ မေးခွန်းတွေကလည်း ထွက်ပေါ်နေ ပါတယ်။
ဘာကြောင့်လဲဆိုရင် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဆွီဒင်အသင်းကို (၂)ပွဲစလုံး အနိုင်ယူပြီး အုပ်စုတွင်း ဒုတိယနေရာ ရပ်တည်ခဲ့တဲ့ ကိုဆိုဗိုအသင်းဟာ ပလေးအော့ဖ် ဗိုလ်လုပွဲမှာ တူရကီအသင်းကို အရေးနိမ့်ကာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့်ပါ။
ဒါဆိုရင် နောက်လာမယ့် နေးရှင်းလိဂ်ပွဲတွေကို အသင်းတွေပိုပြီး အားထုတ် ယှဉ်ပြိုင်လာကြမလားဆိုတာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
အရင်က နေးရှင်းလိဂ်ပြိုင်ပွဲတွေမှာ ထိပ်သီး အသင်းတွေကလွဲပြီး ကျန်တဲ့အသင်းတွေဟာ အားထုတ်မှု နည်းပါးခဲ့ ကြတာပါ။
အခုအချိန်မှာတော့ ဆွီဒင်အသင်းဟာ နေးရှင်းလိဂ်မှာ စွမ်းဆောင်ခဲ့တဲ့အရာတွေနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ကို ရယူပြီး ပြသသွားတာဖြစ်ပါတယ်။

ဆွီဒင်အသင်း နည်းပြကို တွေ့ရစဉ်
ဆွီဒင်အသင်းနည်းပြ ဂရေဟမ်ပေါ်တာက သူတို့ဟာ ပြီးပြည့်စုံခဲ့ခြင်း မရှိပေမယ့် ဒါကို ဘယ်သူက ဂရုစိုက်မှာလဲနဲ့ အခု ကမ္ဘာ့ဖလားပြိုင်ပွဲကို သူတို့သွားတော့မယ်လို့ ခြေစစ်ပွဲ အောင်မြင်ပြီးနောက် ပြောခဲ့တာပါ။
ပရိသတ်တွေ တချို့ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ဟာ နေးရှင်းလိဂ်ပြိုင်ပွဲ မပါဝင်ဘဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရလဒ်နဲ့သာ ဆုံးဖြတ်သင့်တယ်ဆိုပြီး ငြင်းခုံမှုတွေလည်း ရှိနေကြပါတယ်။
ဆွီဒင်အသင်းဟာ ဥရောပဇုန်က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း လုပ်ခဲ့တာဖြစ်လို့ ကမ္ဘာ့ဖလားဝင်ခွင့်က သူတို့အတွက် ထိုက်တန်ခဲ့တာဖြစ်ပြီး အုပ်စုတွင်း ဒုတိယနေရာ ရပ်တည်ပြီး ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ အီတလီနဲ့ ကိုဆိုဗိုအသင်းတို့ အတွက်တော့ ဒါဟာ ကောင်းတဲ့အချက် မဟုတ်ခဲ့တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး လာမယ့် ဇွန်လရောက်ရင် ပြိုင်ပွဲ ကြီး စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။
ဆွီဒင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု F မှာ နယ်သာလန်၊ ဂျပန်၊ တူနီးရှားအသင်းတို့နဲ့ တစ်အုပ်စု တည်း ကျရောက်နေပါတယ်။
Source: Dailymail
- By CNI
- Category: ဆောင်းပါး
- Hits: 1753
CNI International Article
နယူးဒေလီ၊ မတ်လ ၂၈
အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်း မီဇိုရမ် (Mizoram) ပြည်နယ်အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့ပြီး မြန်မာ နိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခဲ့သည့် ယူကရိန်းနိုင်ငံသား ခြောက်ဦးနှင့် အမေရိကန် နိုင်ငံသား တစ်ဦးတို့ အဖမ်းခံရသည့် ဖြစ်စဉ်သည် အိန္ဒိယ၏ ကန့်သတ်နယ်မြေများအတွင်းသို့ နိုင်ငံခြားသားများ လျှို့ဝှက်စွာ ဝင်ရောက်လှုပ်ရှားနေမှုနှင့် အိမ်နီးချင်း မြန်မာနိုင်ငံသို့ ဖြတ်သန်းသွားလာနေသည့် ဖြစ်စဉ်များကို ပေါ်လွင်ထင်ရှားစေခဲ့သည်။
ဖမ်းဆီးခံရသူများသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ သူပုန်အဖွဲ့များနှင့် ဆက်နွှယ်နေသော မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAO) ကို လေ့ကျင့် သင်တန်းပေးရန် ကြိုးပမ်းခဲ့ပြီး ဥရောပမှ ဒရုန်းများနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့သည်ဟု အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က စွပ်စွဲထား သည်။
ဖမ်းဆီးခံထားရသူ အားလုံးကို အိန္ဒိယ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြစ်သည့် တရားမဝင် လှုပ်ရှားမှုများ ကာကွယ်တားဆီးရေးအက်ဥပဒေ (UAPA) ဖြင့် အမှုဖွင့် အရေးယူထားသည်။
NIA သည် ဖမ်းဆီးခံထားရသူများ၏ လှုပ်ရှားမှုကာလ သို့မဟုတ် မြန်မာနိုင်ငံအတွင်း ၎င်းတို့ ဆက်သွယ် ဆောင်ရွက်ခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ အမည်ကို အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ထို့ပြင် ၎င်းတို့အုပ်စုသည် မြန်မာနိုင်ငံအတွင်းသို့ မည်သည့် လမ်းကြောင်းမှတဆင့် ဖြတ်ကျော် ဝင်ရောက် ခဲ့သည်ဆိုသည့် အချက်အလက်များလည်း မသိရသေးပေ။
သို့သော် မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ချင်းပြည်နယ်သည် လက်နက်ကိုင်အဖွဲ့ပေါင်း ၂၀ ခန့် လှုပ်ရှားနေသည့် ဒေသဖြစ်သောကြောင့် အဆိုပါ အုပ်စုသည် ချင်းပြည်နယ် အတွင်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆထားကြသည်။
The Diplomat သတင်းဌာနသည် အပြည်ပြည်ဆိုင်ရာ နယ်စပ်တစ်လျှောက်ရှိ မြန်မာလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့မှ အဖွဲ့ဝင်များကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ၎င်းတို့အားလုံးက ထိုဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ သိရှိခြင်း မရှိကြောင်း ငြင်းဆိုခဲ့ကြသည်။
သို့သော် နယူးဒေလီအခြေစိုက် အစိုးရ အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်အရ ထိုအုပ်စုသည် မြန်မာနိုင်ငံ မှအပြန် မီဇိုရမ်ပြည်နယ်မှ ထွက်ခွာလာပြီးနောက် လွန်ခဲ့သော နှစ်လခန့်ကတည်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို ကိုလ်ကတ္တား (Kolkata)၊ လတ်ခနောင်း (Lucknow) နှင့် ဒေလီ (Delhi) မြို့ရှိ လေဆိပ်များတွင် အသီးသီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ လျှို့ဝှက် ဝင်ရောက်မှုအကြောင်း အသေးစိတ် မဆွေးနွေးမီ မြန်မာနိုင်ငံရှိ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) သည် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ သူပုန်အဖွဲ့ များနှင့် ဆက်နွှယ်နေသည်ဆိုသည့် NIA ၏ စွပ်စွဲချက်ကို လေ့လာဆန်းစစ်ရန် အလွန်အရေးကြီးသည်။
NIA ၏ စွပ်စွဲချက်သည် အိန္ဒိယ-မြန်မာ နယ်စပ်လုံခြုံရေးနှင့် ပတ်သက်၍ ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိနေသော ရှုပ်ထွေးသည့် ပထဝီနိုင်ငံရေး ပြဿနာတစ်ခု ဖြစ်သည်။

အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးကို အိန္ဒိယက ဖမ်းလိုက်စဉ်
မြန်မာ EAO များနှင့် အိန္ဒိယသူပုန်အဖွဲ့များ
***********************************
မဏိပူရပြည်နယ်၊ အင်ဖာတောင်ကြား ဒေသအခြေစိုက် ကသည်း ခွဲထွက်ရေးအဖွဲ့များနှင့် မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခများအကြား ဆက်နွှယ်မှုသည် အလွန်ရှုပ်ထွေးပြီး စိတ်ဝင်စားဖွယ် ကောင်းပါသည်။
လက်ရှိတွင် အိန္ဒိယအရှေ့မြောက်ပိုင်းမှ သူပုန်အဖွဲ့ အများအပြားသည် မြန်မာပြည်တွင်းစစ်တွင် ကဏ္ဍအသီးသီးမှ ပါဝင်ပတ်သက်နေကြသည်။
၎င်းတို့အနက် ကသည်း လက်နက်ကိုင်အဖွဲ့များသည် မြန်မာ့တပ်မတော်နှင့် ပူးပေါင်းကာ လက်နက်ကိုင် အင်အား စုများကို တိုက်ခိုက်နေသည်ဟု ဆိုနိုင်သည်။
မြန်မာ့တပ်မတော်နှင့် ပူးပေါင်းထားသည့် ကသည်းခွဲထွက်ရေး အဖွဲ့များအနက် People’s Liberation Army (PLA) ၊ People’s Republican Party of Kangleipak (PREPAK) လက်အောက်ခံ အဖွဲ့နှစ်ဖွဲ့၊ Kanglei Yawol Kanna Lup (KYKL) နှင့် United National Liberation Front (UNLF) အဖွဲ့တို့ ပါဝင်သည်။
ထိုအဖွဲ့များသည် မြန်မာ့တပ်မတော်နှင့်ပူးပေါင်းကာ ဗမာနှင့် ကူကီး-ချင်း-မီဇီု လူမျိုးစု အများဆုံးနေထိုင်သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လက်နက်ကိုင်အုပ်စုများနှင့် တိုက်ခိုက်နေကြခြင်းဖြစ်သည်။
မဏိပူရပြည်နယ်မှ မြန်မာနိုင်ငံအတွင်း အတက်ကြွဆုံး လှုပ်ရှားနေသည့် ကူကီး-ချင်း-မီဇို အုပ်စုများတွင် ကူကီး အမျိုးသားတပ်မတော် (KNA) နှင့် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) တို့ ပါဝင်သည်။
ထူးခြားချက်မှာ ထိုအဖွဲ့အစည်း နှစ်ခုသည် မြန်မာ့ပဋိပက္ခတွင် ဆန့်ကျင်ဘက် လမ်းကြောင်းများကို ရွေးချယ်ထား ကြခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ၅ နှစ်အတွင်း ZRA နှင့် မြန်မာ့တပ်မတော် ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ ZRA နှင့် KNA နှစ်ဖွဲ့လုံးသည် အိန္ဒိယအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ ဖြစ်နေခြင်းပင် ဖြစ်သည်။
အိန္ဒိယ-မြန်မာ နယ်စပ် နှစ်ဖက်စလုံးတွင် လှုပ်ရှားနေသည့် အခြား အိန္ဒိယ အရှေ့မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ တစ်ခုမှာ နာဂလန်းအမျိုးသားဆိုရှယ်လစ်ကောင်စီ (အိုင်ဆက်-မွေဗာအုပ်စု- NSCN-IM) ဖြစ်သည်။
ထိုအဖွဲ့သည် အိန္ဒိယအစိုးရနှင့် ၁၉၉၇ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးထားသည့် အတွေ့အကြုံရင့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
NSCN-IM နှင့် မြန်မာ့တပ်မတော်ကြား ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များသည် အိန္ဒိယ-မြန်မာ နယ်စပ်လုံခြုံရေး အခင်းအကျင်းကို ပိုမိုရှုပ်ထွေးစေသည်။
ပြီးခဲ့သည့်နှစ်က မဏိပူရနှင့် မြန်မာနယ်စပ် တစ်လျှောက်တွင် NSCN-IM နှင့် KNA တို့ကြား ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် ပြင်းထန်သော တိုက်ပွဲများသည် နှစ်ဖက်စလုံးတွင် အကျအဆုံး များပြားခဲ့ပြီး ပဋိပက္ခ၏ အနက်ရှိုင်းဆုံး အကွဲအပြဲကို ပြသနေသည်။
အာသံ (Assam) ပြည်နယ်မှ ခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့ဖြစ်သော (ULFA-I) သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း မြောက်ပိုင်း (အထူးသဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ထိစပ်နေသောနေရာများ) တွင် စစ်စခန်းများ ရှိသည်။
သို့သော် ထူးခြားချက်မှာ ထိုအဖွဲ့သည် မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသည့် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းနှင့်မျှ ပတ်သက်ဆက်နွှယ်မှု မရှိခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှ လက်နက်ကိုင်အဖွဲ့အစည်း အများအပြားသည် အိန္ဒိယနိုင်ငံ မဏိပူရနှင့် မီဇိုရမ်ပြည်နယ်တို့တွင် ခိုင်မာသော ဆက်နွှယ်မှုများ ရှိကြသည်။
အထူးသဖြင့် မီဇိုရမ်ပြည်နယ်သည် လွန်ခဲ့သော ၅ နှစ်က တပ်မတော်က အာဏာကိုလွှဲပြောင်း ရယူခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသော ဒုက္ခသည် ထောင်ပေါင်းများစွာကို လက်ခံစောင့်ရှောက်ပေးထားသည့် အဓိက ခိုလှုံရာဒေသ ဖြစ်နေသည်။
မီဇိုရမ်ပြည်နယ်နှင့် မဏိပူရပြည်နယ်တို့သည် မြန်မာဒုက္ခသည်များအပေါ် ထားရှိသည့် သဘောထားမှာ ဆန့်ကျင်ဘက် ဖြစ်နေသည်။
မီဇိုရမ်သည် လူမျိုးစုချင်း တူညီမှုအပေါ် အခြေခံ၍ ဒုက္ခသည်များကို နွေးထွေးစွာ ကြိုဆိုခဲ့သော်လည်း မဏိပူရ ပြည်နယ်သည် သဘောထားတင်းမာပြီး လွန်ခဲ့သော ၄ နှစ်အတွင်း ဒုက္ခသည် အုပ်စုလိုက်ကို မြန်မာနိုင်ငံသို့ ပြန်လည် နှင်ထုတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် မြန်မာလက်နက်ကိုင် အဖွဲ့အစည်းများ၏ ချိတ်ဆက်မှု အားလုံးနီးပါးသည် မီဇိုရမ် ပြည်နယ်နှင့်သာ ချိတ်ဆက်နေခြင်းဖြစ်သည်။
အတိတ်ကာလတွင် မြန်မာနိုင်ငံသားအချို့သည် ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်များနှင့်အတူ အိန္ဒိယနိုင်ငံ အတွင်း ဖမ်းဆီးခံရသည့် ဖြစ်စဉ်အချို့ ရှိခဲ့ဖူးသော်လည်း ၎င်းတို့သည် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ သူပုန်အဖွဲ့ များနှင့် ဆက်နွှယ် ပတ်သက်နေသည်ဆိုသည့် အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရပေ။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN) အဖွဲ့ကိုတွေ့ရစဉ်
မြန်မာနိုင်ငံအတွင်း ပြည်ပနိုင်ငံသားများ ဝင်ရောက်မှု
********************************************
၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာရယူခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပဋိပက္ခပြင်းထန်ရာ ဒေသများသို့ ပြည်ပ နိုင်ငံသားများ လျှို့ဝှက်စွာ ဝင်ရောက်မှုများ ရှိနေခဲ့သည်။
ထိုသို့ လျှို့ဝှက် ဝင်ရောက်ရာတွင် ထိုင်းနိုင်ငံ သို့မဟုတ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် နယ်စပ်များမှတဆင့် ဝင်ရောက်ကြခြင်းဖြစ်သည်။
လွန်ခဲ့သော ငါးနှစ်အတွင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့သူများထဲတွင် ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်း များ၊ ကြေးစားစစ်သားများ၊ ထောက်လှမ်းရေးအေးဂျင့်များ၊ သီးခြား တာဝန်ပေးချက်ဖြင့် လာရောက်သော ဂျာနယ် လစ်များ၊ ပညာရှင်များ အစရှိသည့် အမျိုးအစားစုံလင်စွာ ပါဝင်နေသည်။
မြန်မာ့လက်နက်ကိုင် အင်အားစုများကို ပြည်ပနိုင်ငံသားများက လေ့ကျင့်သင်ကြားပေးနေသည့် သတင်းများသည် မီဒီယာအသီးသီးတွင် ပျံ့နှံ့ခဲ့ပြီး ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က ထွက်ပေါ်ခဲ့သော သတင်းတစ်ရပ်တွင် ချင်းအမျိုးသား ကာကွယ်ရေး တပ်မတော် (CNDF)၏ တပ်မှူးတစ်ဦးက ၎င်းတို့အဖွဲ့၏ VAKOK တပ်ရင်းသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း၌ အမေရိကန် စစ်မှုထမ်းဟောင်းတစ်ဦးထံမှ သင်တန်းများ ရယူနေသည်ဟု ပြောကြားခဲ့ ကြောင်း ဖော်ပြထားသည်။
ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ဇိုလန်း (PDF Zoland) သည် ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် လူမှု ကွန်ရက်စာမျက်နှာ၌ ဓာတ်ပုံတစ်ပုံကို တင်ခဲ့သည်။
ထိုဓာတ်ပုံတွင် မြန်မာ့တော်လှန်ရေးလှုပ်ရှားမှု၌ ပါဝင်ပူးပေါင်းလာကြသော အမေရိကန်နိုင်ငံသား စေတနာ့ ဝန်ထမ်း နှစ်ဦးနှင့် ဗြိတိန်နိုင်ငံသား စေတနာ့ဝန်ထမ်း တစ်ဦးတို့ကို တွေ့မြင်ရသည်။

ဇိုမီအမျိုးသားတော်လှန်ရေးတပ်မတော်(ZRA)ကို တွေ့ရစဉ်
အိန္ဒိယကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်ကြံစည်မှု ရှိခဲ့သလား
*****************************************************
ဖမ်းဆီးရမိခဲ့သည့် ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦး ပါဝင်သည့် အဖွဲ့သည် အိန္ဒိယတွင် အကြမ်းဖက်မှုများ ပြုလုပ်ရန် ကြံစည်ခဲ့ကြောင်း သတင်းများ မျိုးစုံထွက်ပေါ်လာခဲ့သည်။
သို့သော် ထိုသတင်းများကို မှန်ကန်မှု ရှိ၊ မရှိ အတည်ပြုရန် ခက်ခဲသည်။ အထူးသဖြင့် ဝေးလံခေါင်သီသည့် ဒေသ များတွင် လုံခြုံရေးအေဂျင်စီများသည် ၎င်းတို့ရဲ့ သီးခြား ရည်ရွယ်ချက်များအတွက် ဂျာနယ်လစ်များကို အသုံးပြု ပြီး သတင်းအမှားများကို ဖြန့်လေ့ရှိတတ်သည်ကို သတိပြုရမည်ဖြစ်သည်။
ယခုဖြစ်ရပ်တွင်လည်း တိကျသော ရည်ရွယ်ချက်များ ရှိနေမည်မှာ အသေအချာပင်ဖြစ်သည်။
အိန္ဒိယနိုင်ငံကို ပစ်မှတ်ထားသည့် အကြမ်းဖက်ရန် ကြံစည်မှု ရှိနေသည်ဟူသော သတင်းအချက်အလက်ကို မီဒီယာဌာနများက အလုအယက် ဖော်ပြခဲ့ကြသည်။
ထိုကဲ့သို့သော သတင်းများသည် ရုပ်သံကြည့်ရှုနှုန်းကို မြင့်တက်စေသည်။
တစ်ခါတစ်ရံတွင် အစွန်းရောက် အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေသည့် သတင်းဌာနများမှ အယ်ဒီတာများ သည်ပင် ၎င်းတို့၏ ဝါဒဖြန့်ချိရေး လုပ်ငန်းစဉ်များကို ရှေ့တန်းတင်ရန်အတွက် သတင်းများကို လိုရာဆွဲ၍ လိမ်လည်တင်ပြရန် ဖိအားပေးခြင်း ခံကြရလေ့ရှိသည်။
စင်စစ်တွင် တပ်မတော်နှင့် တိုက်ခိုက်နေသည့် ချင်းပြည်နယ် လက်နက်ကိုင်အင်အားစုများ သို့မဟုတ် စစ်ကိုင်းတိုင်းတွင် ရှိနေသည့် မည်သည့် လက်နက်ကိုင် အင်အားစုကမှ အိန္ဒိယနိုင်ငံကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကို လုပ်ဆောင်မည် မဟုတ်ပေ။
ထိုလက်နက်ကိုင် အင်အားစုများသည် အိန္ဒိယလိုလားသည့် အဖွဲ့များဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက် ကချင်ပြည်နယ်မှ ချင်းပြည်နယ်အထိ သွယ်တန်းနေ သော ကီလိုမီတာ ၁၆၄၃ (၁၀၂၁ မိုင်) ရှည်လျားသည့် နယ်စပ်ဇုန်သည် အိန္ဒိယနိုင်ငံ၏ အာရူနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ၊ နာဂလန်း (Nagaland) ၊ မဏိပူရနှင့် မီဇိုရမ်ပြည်နယ်များနှင့် ထိစပ်နေသည်။
ကချင်ပြည်နယ်မှ ချင်းပြည်နယ်အထိ ရှိသည့် နယ်စပ်ဒေသ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသများထဲတွင် ပါဝင်ပြီး ရပ်တည်ရှင်သန်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံအပေါ် အမြဲတစေ မှီခိုအားထားနေရခြင်းကြောင့် ဖြစ်သည်။
၂၀၂၁ ခုနှစ် တပ်မတော်က အာဏာကို ရယူပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ပြည်မဘက်မှ လာသော ကုန်စည် စီးဆင်းမှု လမ်းကြောင်းအများစု ပိတ်ဆို့ခံထားရသဖြင့် ထိုနယ်စပ် ဒေသများ၏ အိန္ဒိယအပေါ် မှီခိုအားထားရမှုမှာ ပိုမိုမြင့်တက်လာခဲ့သည်။
ထို့ကြောင့် ထိုဒေသများတွင် လှုပ်ရှားနေသည့် လက်နက်ကိုင်များသည် အိန္ဒိယနိုင်ငံကို ပစ်မှတ်ထားသည် ဆိုခြင်းမှာ မဖြစ်နိုင်ပေ။

မီဇိုရမ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ရဲဘော်တွေကို တွေ့ရစဉ်
ဘာကြောင့် အိန္ဒိယအစိုးရက စိုးရိမ်ပူပန်နေတာလဲ
*******************************************
အိန္ဒိယအစိုးရသည် ၎င်း၏ အရှေ့မြောက်ပိုင်း နယ်စပ်ဒေသအတွင်းသို့ နိုင်ငံခြားသားများ ခွင့်ပြုချက် မရှိဘဲ ဝင်ထွက်နေမှုနှင့် စစ်ဘက်ဆိုင်ရာ အကူအညီများ ပေးအပ်နေမှုအပေါ် အလွန်အမင်း စိုးရိမ်ပူပန်နေသည်။
မြန်မာ ပဋိပက္ခကြောင့် နယ်စပ် တစ်ဖက်တစ်ချက်ရှိ ဇိုမျိုးနွယ်စုချင်း သံယောဇဉ် ပိုမိုခိုင်မာလာခြင်းက Greater Mizoram ကဲ့သို့သော နယ်မြေထူထောင်ရေး မျှော်မှန်းချက်များကို နိုးကြားလာစေသည်။
ထိုသို့ လူမျိုးစုလက္ခဏာ အားကောင်းလာမှုသည် အိန္ဒိယ၏ အမျိုးသား အကျိုးစီးပွားနှင့် ဒေသတွင်း လူမျိုးစုများ၏ နိုင်ငံရေး လိုလားချက်များကို ဟန်ချက်ညီအောင် ထိန်းညှိရေးတွင် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။
နယ်စပ်ဖြတ်ကျော်သွားသည့် နိုင်ငံခြားသားများထဲတွင် ပြည်ပထောက်လှမ်းရေးနှင့် အထူးတပ်ဖွဲ့ဝင်များ ပါဝင်နိုင် သည်ဟူသော သံသယက အိန္ဒိယလုံခြုံရေး အရာရှိများကို ခြောက်လှန့်နေပြီး ကူကီး-ချင်း တော်လှန်ရေးအဖွဲ့များ အတွင်း အစွန်းရောက်ဝါဒ ပျံ့နှံ့လာပြီး မီဇိုရမ်ကို ဂယက်ရိုက် လာမည်ကိုလည်း အိန္ဒိယက အထူးသတိထားနေရ သည်။
ယခုကဲ့သို့ နိုင်ငံခြားသား ၇ ဦးကို ဖမ်းဆီးပြခြင်းသည် နောင်တွင် အလားတူ လုပ်ရပ်များ မရှိစေရန် မီဒီယာမှ တဆင့် ဟန့်တားသည့် နည်းဗျူဟာတစ်ခု ဖြစ်နိုင်သော်လည်း ထိုဖြစ်ရပ်သည် အိန္ဒိယအစိုးရ၏ နယ်စပ်လုံခြုံရေး ဟာကွက်များကို မပိတ်ဆို့နိုင်ခဲ့သည့် ကျရှုံးမှုကိုလည်း ဖော်ပြနေသည်။
Source: The Diplomat
- By CNI
- Category: ဆောင်းပါး
- Hits: 655
CNI Sport Article
၂၀၂၆ ခုနှစ်၊ မတ်လ ၂၆
လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလက်ဟာ ၉ ရာသီကြာ ကစားခဲ့တဲ့ အသင်းကနေ ဒီရာသီကုန်ရင် ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။
၂၀၁၇ ခုနှစ်က ရိုးမားအသင်းကနေ ရောက်လာခဲ့တဲ့ ဆာလက်ဟာ လီဗာပူးလ်အသင်း ဆုဖလား အောင်မြင်မှုတွေ ပြန်ပြီး ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍ ပါဝင်ခဲ့သူဖြစ်ပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်း နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား အများအပြား ရရှိအောင် သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ အများအပြား ပြုလုပ်ပေးနိုင်ခဲ့တဲ့သူပါ။
ပရီးမီးယားလိဂ်မှာ စံချိန် အများအပြားကို တင်နိုင်ခဲ့တဲ့ ဆာလက်ဟာ ဒီရာသီမှာတော့ ခြေစွမ်းပိုင်း ကျဆင်းမှု၊ နည်းပြ အာနီဆလော့တို့နဲ့ အဆင်မပြေမှုတွေက သူ့ရဲ့ လီဗာပူးလ်အသင်း ကစားသမားဘဝကို အဆုံးသတ်ဖို့ ဖြစ်လာခဲ့ပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်းနဲ့ လာမယ့် ရာသီကုန်အထိ စာချုပ် ရှိနေပေမယ့် ဒီရာသီအကုန်မှာ ထွက်ခွာဖို့ အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာပါ။
ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် ကစားခဲ့တဲ့ ၉ ရာသီအတွင်းမှာ ၄၃၅ ပွဲ ကစားထားပြီး ၂၅၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၂၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်း သမိုင်းမှာ တတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည် နိုင်ခဲ့ပါတယ်။

ဆာလက်ကို တွေ့ရစဉ်
ဒါ့အပြင် ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၉၁ ဂိုး သွင်းယူထားပြီး သူ့ရဲ့အထက်မှာ ယူနိုက်တက်အသင်း ဂန္ထဝင် ဝိန်းရွန်နီ၊ စပါးအသင်း တိုက်စစ်မှူးဟောင်း ဟာရီကိန်းနဲ့ နယူးကာဆယ်အသင်း ဂန္ထဝင် အလန်ရှီးယားတို့ သာ ရှိတော့တာပါ။
ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စံချိန် အများအပြားကိုလည်း တင်ရှိထားပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်း ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ဒါမှမဟုတ် ၁၀၀ အထက် သွင်းယူနိုင်တဲ့ ကစားသမား ၄ ဦးထဲက တစ်ဦးဖြစ်သလို ပရီးမီးယားလိဂ်မှာ လာရောက်ကစားတဲ့ အာဖရိက ကစားသမားတွေထဲမှာ သွင်းဂိုး အများဆုံး သွင်းယူနိုင်တဲ့သူလည်း ဖြစ်ပါတယ်။
ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်တဲ့ ရွှေဖိနပ်ဆုကို အများဆုံး ရယူနိုင် တဲ့သူအဖြစ် ၄ ကြိမ် ရရှိထားပြီး အာဆင်နယ်အသင်း ဂန္ထဝင် အွန်နရီနဲ့ တူညီနေတာပါ။
အီဂျစ်ဘုရင်လို့ တင်စားခြင်း ခံထားရတဲ့ ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကလပ်အသင်း တစ်သင်းအတွက် ဂိုး ပါဝင်ပတ်သက်မှု အများဆုံးသူအဖြစ် စံချိန်တင်ထားပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တိုက်ရိုက် ဂိုး ပါဝင်ပတ်သက်မှု ၂၈၁ ဂိုး ရှိထားတာပါ။ ဒါ့အပြင် ဆာလက်ဟာ ၃၈ ပွဲ ကစားရတဲ့ ပရီးမီးယားလိဂ် တစ်ရာသီမှာ ဂိုးပါဝင်ပတ်သက်မှု အများဆုံးလည်း ဖြစ်ပါတယ်။
ဆာလက်ဟာ ၂၀၂၄-၂၅ ရာသီမှာ ၂၉ ဂိုးသွင်းယူကာ ၁၈ ဂိုးဖန်တီးပြီး ဂိုးပါဝင်ပတ်သက်မှု ၄၇ ဂိုးရှိခဲ့တာပါ။

ဆာလက်ကို တွေ့ရစဉ်
အသက် ၃၃ နှစ်အရွယ်ရှိ ဆာလက်ဟာ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆု၊ ရွှေဖိနပ်ဆုနဲ့ ဂိုးဖန်တီးမှု အများဆုံးဆု ၃ ခုစလုံးကို ရရှိတဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
ဆာလက်ဟာ ဒီဆုကို လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလား ရခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ရယူနိုင်ခဲ့တာပါ။
ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတင် မဟုတ်ဘဲ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း လီဗာပူးလ်အသင်းအတွက် စံချိန်တွေ တင်နိုင်ခဲ့ပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်းက ရိန်းဂျားစ်အသင်းကို ၇ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ က ပွဲစဉ်မှာ ၆ မိနစ် ၁၂ စက္ကန့်အတွင်း ဟက်ထရစ်သွင်းပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အမြန်ဆုံး ဟက်ထရစ် သွင်းယူ နိုင်တဲ့ သူအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။
ဆာလက်ဟာ ချန်ပီယံလိဂ် သွင်းဂိုး ၅၀ ပြည့်တဲ့ ပထမဆုံး အာဖရိက ကစားသမား အဖြစ်လည်း စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်းက ဂါလာတာစာရေးအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာပါ။
ဆာလက်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း ကစားသမားတွေကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၃ ကြိမ်နဲ့ အကြိမ် အရေအတွက် အများဆုံး ရရှိထားပါတယ်။
ဆာလက်ဟာ သူ့ရဲ့စံချိန်တွေကို ချိုးဖျက်နိုင်မယ့်သူ မရှိမီ အချိန်အထိ စံချိန်ရှင်အဖြစ် ဆက်ပြီး ရပ်တည် နေဦးမှာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ဆုဖလား ရယူနိုင်ဖို့ မျှော်လင့်ချက်အဖြစ် FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလား ရှိနေတဲ့ အတွက် ဆာလက်ဟာ ဒီဆုဖလားတွေ ရယူပြီး သူ့ရဲ့အန်ဖီးလ် ကစားသမားဘဝကို အဆုံးသတ် နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 844
CNI International Article
၂၀၂၆ ခုနှစ်၊ မတ်လ ၂၁
အီရန်၏ အမြင့်ဆုံး ခေါင်းဆောင်ကြီး အလီ ခါမေနီ (Ali Khamenei) သေဆုံးသွားခြင်းကြောင့် အီရန်အစိုးရအဖွဲ့ ချက်ချင်း ပြိုလဲသွားလိမ့်မည်ဆိုသည့် ယူဆချက်သည် လက်တွေ့တွင် မှန်ကန်ခဲ့ခြင်းမရှိပေ။
ထိုသို့ ယူဆခြင်းသည် ဓမ္မဓိဋ္ဌာန်ကျသည့် လေ့လာသုံးသပ်မှုများထက် လိုရာကို ဆွဲတွေးသည့် ကောက်ချက်ချမှုသာ ဖြစ်သည်။
လက်ရှိတွင် အီရန်သည် ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်သမ္မတနိုင်ငံ ထူထောင်ပြီးကတည်းက အန္တရာယ်အရှိဆုံးနှင့် အပြင်းထန်ဆုံး ရိုက်ခတ်မှုတစ်ခုကို ရင်ဆိုင်နေရသည်။
သို့သော် ပို၍အရေးကြီးသော နိုင်ငံရေးမေးခွန်းမှာ ယခုရိုက်ခတ်မှုသည် ဆိုးရွားခြင်း ရှိ၊မရှိ ဆိုသည်ထက် အီရန်၏ စနစ်သည် ယခုကဲ့သို့ ပြင်းထန်သည့် ရိုက်ခတ်မှုမျိုးကို ခံနိုင်ရည် ရှိ၊မရှိ ဆိုသည့် မေးခွန်းသာဖြစ်သည်။
လက်ရှိ အခြေအနေများအရ အီရန်၏ နိုင်ငံရေးစနစ်သည် ခေါင်းဆောင် တစ်ဦးတည်း အပေါ်တွင်သာ မှီခို အားထားသည့် စနစ်မျိုး မဖြစ်စေရန် စနစ်တကျ တည်ဆောက်ထားခြင်းဖြစ်ကြောင်း တွေ့ရသည်။
အီရန်သည် ခေါင်းဆောင်တစ်ဦး ပျောက်ကွယ်သွားသည်နှင့် နိုင်ငံတစ်ခုလုံး ပြိုလဲသွားတတ်သော အိမ်နီးချင်း အာရပ်နိုင်ငံများကဲ့သို့ အာဏာရှင်စနစ်မျိုး မဟုတ်ပေ။

အီရန်သမ္မတကို တွေ့ရစဉ်
အီရန်၏ စနစ်သည် ဘာသာရေး ခေါင်းဆောင်တစ်ဦး၏ လက်အောက်တွင် အခြေခံဥပဒေဆိုင်ရာ၊ လုံခြုံရေး ဆိုင်ရာ၊ ဗျူရိုကရေစီနှင့် စီးပွားရေးဆိုင်ရာ ခိုင်မာသော အင်စတီးကျူးရှင်း ကွန်ရက်များဖြင့် ဖွဲ့စည်းထားသည့် ရှုပ်ထွေးနက်နဲသော ဝါဒရေးရာနှင့် လုံခြုံရေးအခြေပြု စနစ်တစ်ခု ဖြစ်သည်။
ထိုအင်စတီကျူးရှင်း အားလုံးသည် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်းကို အလုပ်အကျွေး ပြုရန်ထက် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရန်အတွက်သာ အဓိက လုပ်ဆောင်ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ခါမေနီ လုပ်ကြံခံရခြင်းသည် အီရန်နိုင်ငံကို အလိုအလျောက် ပျောက်ကွယ်သွားစေခြင်း သို့မဟုတ် အစိုးရအဖွဲ့ကို ချက်ချင်း ပြိုလဲသွားစေခြင်းမျိုး မဖြစ်ခဲ့ပေ။
လက်ရှိ အကျပ်အတည်းသည် ခေါင်းဆောင် အသက်ရှင်သန်ရေးထက် ပြည်တွင်း စည်းလုံးညီညွတ်မှုဆီသို့ ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။
ထိုကဲ့သို့ စည်းလုံးမှုကို ထိန်းသိမ်းရန် ရုန်းကန်ရခြင်းသည်သာ အမှန်တကယ် အန္တရာယ်ရှိသော အချက်ဖြစ်သည်။
အီရန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အာဏာလေဟာနယ် မဖြစ်စေရန် ကြိုတင်တွေးဆပြီး ရေးဆွဲထားခြင်း ဖြစ်သည်။
အခြေခံဥပဒေ အပိုဒ်ခွဲ ၁၁၁ အရ အမြင့်ဆုံး ခေါင်းဆောင်နေရာ လစ်လပ်သွားပါက ကျွမ်းကျင်ပညာရှင်များအဖွဲ့က ခေါင်းဆောင်အသစ်ကို အမြန်ဆုံး ရွေးချယ်နိုင်ခြင်း မရှိခင်အထိ ယာယီကောင်စီတစ်ခုက ခေါင်းဆောင်မှု အာဏာ ကို လွှဲပြောင်း ရယူရမည်ဟု ပြဋ္ဌာန်းထားသည်။
ခါမေနီ လုပ်ကြံခံရကြောင်း ကြေညာပြီးနောက်တွင် သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian)၊ တရားစီရင်ရေးဌာန အကြီးအကဲ ဂိုလမ် ဟိုစိန် မိုဆန်နီ အီဂျေအီ (Gholam-Hossein Mohseni-Eje’i) နှင့် အုပ်ချုပ် ရေးကောင်စီဝင် အလီရီဇာ အာရာဖီ (Alireza Arafi) တို့ ပါဝင်သော ကောင်စီသည် အာဏာကို ယာယီရယူခဲ့သည်။
တစ်ချိန်တည်းမှာပင် အဖွဲ့ဝင် ၈၈ ဦးဖြင့် ဖွဲ့စည်းထားသော ကျွမ်းကျင်ပညာရှင်များအဖွဲ့က ခေါင်းဆောင်သစ်ကို ရွေးချယ်ရမည်ဖြစ်သည်။
အမြင့်ဆုံးခေါင်းဆောင် သို့မဟုတ် အဓိပတိ၏ ရာထူးနေရာ လစ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် စနစ်တစ်ခု လုံး ဆက်လက် လည်ပတ်နိုင်စွမ်း ရှိစေရန် အခြေခံဥပဒေ၌ ရေးဆွဲခဲ့ခြင်းဖြစ်သည်။
သို့သော် အခြေခံဥပဒေဆိုင်ရာ အခင်းအကျင်း တစ်ခုတည်းကိုသာ ကြည့်ပြီး အီရန်၏ စနစ်ကို ကောက်ချက် ချမည်ဆိုပါက တက်တက်စင်အောင် လွဲမှားလိမ့်မည်ဖြစ်သည်။
အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များသည် အရေးကြီးသော်လည်း အာဏာချိန်ခွင်လျှာ ထိန်းညှိမှုက ပိုပြီး အရေးကြီး သည်။
အီရန်စနစ်တွင် အာဏာရယူထားသည့် အလွှာ ၃ ခုကို ခွဲခြားသိရှိရန် လိုအပ်သည်။

အီရန် ထိပ်သီး စစ်ဗိုလ်ချုပ်ကြီးများကို တွေ့ရစဉ်
ပထမအလွှာမှာ ဘာသာရေးဆိုင်ရာ တရားဝင်မှု (Religious legitimacy) ဖြစ်ပြီး အဓိပတိရုံး (Office of the Supreme Leader)၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့ (Assembly of Experts) နှင့် အုပ်ချုပ်ရေးကောင်စီ (Guardian Council) တို့က ထိုအလွှာကို ကိုယ်စားပြုသည်။
ထိုအလွှာသည် စနစ်တစ်ခုလုံးကို ဝါဒရေးရာအရ တရားဝင်မှု ပေးအပ်ထားပြီး မည်သူက တရားဝင် အာဏာ၏ တံဆိပ်ခတ်နှိပ်သူ ဖြစ်သည်ကို ဆုံးဖြတ်ပေးသည်။
ထို့ကြောင့် အမြင့်ဆုံးခေါင်းဆောင် သို့မဟုတ် အဓိပတိ နေရာအတွက် ဆက်ခံမည့်သူအတွက် စိန်ခေါ်မှုမှာ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်သက်သက် မဟုတ်ဘဲ ဘာသာရေးနှင့် နိုင်ငံရေး ရောယှက်နေသော ကိစ္စရပ် ဖြစ်သည်။
ဒုတိယအလွှာမှာ လုံခြုံရေးနှင့် စစ်ရေးကဏ္ဍဖြစ်ပြီး ထိုအလွှာကို အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC)က ဦးဆောင်သည်။
စင်စစ်တွင် IRGC သည် အစိုးရ အဖွဲ့အစည်း တစ်ခုမျှသာ မဟုတ်ဘဲ စနစ်တစ်ခုလုံး၏ ကျောရိုး ဖြစ်သည်။
တတိယအလွှာမှာ နိုင်ငံရေး ဗျူရိုကရေစီယန္တရားဖြစ်သည်။
ထိုအလွှာတွင် အစိုးရအဖွဲ့၊ သမ္မတရုံး၊ တရားစီရင်ရေးဌာနနှင့် နိုင်ငံတော်၏ နေ့စဉ်လုပ်ငန်း ဆောင်တာများကို လည်ပတ်စေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြိုလဲမသွားအောင် ထိန်းကျောင်းပေးနေသည့် စီမံခန့်ခွဲမှုနှင့် စီးပွားရေး ယန္တရားများ ပါဝင်သည်။

အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC)ကို တွေ့ရစဉ်
ထိုအလွှာများ အားလုံးထဲတွင် အမှန်တကယ် အဆုံးအဖြတ် ပေးနိုင်သည့် အလွှာသည် အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် IRGC သည် သမ္မတ၏ လက်အောက်ခံ မဟုတ်သလို နိုင်ငံတစ်နိုင်ငံ၏ သမားရိုးကျ စစ်တပ်ပုံစံလည်း မဟုတ်ခြင်းကြောင့်ဖြစ်သည်။
IRGC သည် ပြည်တွင်းလုံခြုံရေး၊ ဒေသတွင်း ဆုံးဖြတ်ချက် ချမှတ်မှု၊ စီးပွားရေးနှင့် သြဇာလွှမ်းမိုးမှု ကွန်ရက်များ တွင် အသာစီး ရယူထားသည့် အဖွဲ့အစည်း ဖြစ်သည်။
စစ်ပွဲ အခြေအနေနှင့် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ လုပ်ကြံခံရမှုများကြောင့် IRGC သည် နိုင်ငံ၏ ဆုံးဖြတ်ချက် ချမှတ်မှုကဏ္ဍများတွင် ၎င်းတို့၏ ချုပ်ကိုင်မှုကို ပိုမိုတင်းကျပ်ထားသည်။
ထို့ပြင် အလယ်အလတ်အဆင့် ခေါင်းဆောင်ပိုင်းများ အနေဖြင့်လည်း လုပ်ငန်းဆောင်တာများကို လျင်မြန်စွာ ဆက်လက် လုပ်ဆောင်နိုင်စေရန် ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် စနစ်အပေါ်တွင်လည်း အတိုင်းအတာ တစ်ခုအထိ မှီခိုအားထားလာခဲ့ကြသည်။
ရှင်းအောင် ပြောရမည်ဆိုပါက ဦးခေါင်းကို အထိုးခံရသော်လည်း ခြေလက်အင်္ဂါများက ဆက်လက် လှုပ်ရှားနိုင်ရန် လေ့ကျင့်ထားသည့် ပုံစံမျိုးဖြစ်သည်။
ထို့ကြောင့် ဦးခေါင်းနှင့် တူသည့် အီရန် အမြင့်ဆုံး ခေါင်းဆောင် ခါမေနီ လုပ်ကြံခံရသည့်တိုင် ခြေလက်အင်္ဂါများ နှင့်တူသည့် အစိုးရယန္တရားကြီး တစ်ခုလုံးက ဆက်လက် လှုပ်ရှားလည်ပတ်နေခြင်း ဖြစ်ပေသည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: ဆောင်းပါး
- Hits: 727
CNI Sport Article
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ နက်ရှ်ဗေးလ်အသင်းနဲ့ ကွန်ကာကပ်ဖ် ချန်ပီယံများဖလားပြိုင်ပွဲ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲမှာ ဂိုးသွင်းယူပြီးနောက် တရားဝင်ပွဲတွေမှာ သွင်းဂိုး ၉၀၀ ပြည့်တဲ့ အမျိုးသား ဘောလုံးသမိုင်းမှာ ဒုတိယမြောက် ကစားသမား ဖြစ်ခဲ့ပါတယ်။
မက်ဆီဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လမှာ အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့လာပြီးကတည်းက ၉၂ ပွဲ ကစားထားပြီး ၈၁ ဂိုးသွင်းယူကာ လိဂ်ဖလားနဲ့ မေဂျာလိဂ်ဖလား ရရှိအောင် ကူညီပေးထားနိုင်ခဲ့ပါတယ်။
မက်ဆီဟာ အချိန်တိုင်းရဲ့ အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပြီး ဘာစီလိုနာ၊ PSG နဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းတွေမှာ သွင်းဂိုး အများအပြား သွင်းယူကာ ကစားသမား ဘဝတစ်လျှောက်မှာ Ballon d'Or ဆုကိုစံချိန်တင် ၈ ကြိမ် ရရှိထားတာပါ။
ကစားသမားဘဝ စတင်ကတည်းက စံချိန်တွေကို ချိုးနေခဲ့တဲ့ မက်ဆီဟာ ဒီသွင်းဂိုး ၉၀၀ ကို ၁၇ နှစ်ကြာရှိခဲ့တဲ့ ဘာစီလိုနာအသင်းမှာ ၆၇၂ ဂိုးသွင်းယူခဲ့ပြီး ၂ နှစ်ကြာ ကစားခဲ့တဲ့ PSG အသင်းမှာ ၃၂ ဂိုး သွင်းယူခဲ့ပါတယ်။

မက်ဆီကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းမှာ ၈၁ ဂိုးနဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ၁၁၅ ဂိုးသွင်းယူပြီး မက်ဆီဟာ ကစားသမားဘဝ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တာပါ။
အချက်အလက်တွေကို တွက်ချက်ဖော်ပြတဲ့ Opta က မက်ဆီဟာ သွင်းဂိုး ၉၀၀ ထဲက ၇၅၅ ဂိုးကို ဘယ် ခြေထောက်နဲ့ သွင်းယူခဲ့တာဖြစ်ပြီး ညာခြေထောက်နဲ့ ၁၁၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ခေါင်းတိုက်ပြီး ဂိုး ၃၀ သွင်းယူကာ ကျန် ၄ ဂိုးကို အခြားပုံစံတွေနဲ့ သွင်းယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မက်ဆီဟာ ဂိုးဧရိယာအတွင်းကနေ ၇၂၄ ဂိုး သွင်းယူခဲ့ပြီး ၁၇၆ ဂိုးကို ဂိုးဧရိယာ အပြင်ကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဒီသွင်းဂိုး ၉၀၀ ထဲမှာ ပယ်နယ်တီကနေ ၁၁၂ ဂိုး သွင်းယူခဲ့ပြီး ဖရီးကစ်ကနေ ၇၀ ဂိုး သွင်းယူခဲ့တာပါ။
အာဂျင်တီးနား ကစားသမားဟာ ဘာစီလိုနာအသင်းမှာ နှစ်ပေါင်းများစွာ ကြာရှိခဲ့တာကြောင့် သူ့ရဲ့ ကစားသမား ဘဝတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားတဲ့ အသင်းတွေကလည်း စပိန်ကလပ်တွေပဲ ဖြစ်နေပါတယ်။
မက်ဆီဟာ ဆီဗီလာအသင်းကို ၂၅ ဂိုး၊ ဘီလ်ဘာအိုအသင်းကို ၂၄ ဂိုး၊ အက်သလက်တီကိုအသင်းကို ၂၃ ဂိုး၊ ဗလင်စီယာအသင်းကို ၁၈ ဂိုး၊ ရီးရယ်လ်အသင်းကို ၁၇ ဂိုးနဲ့ လီဗန်တေးအသင်းကို ၁၆ ဂိုးသွင်းယူခဲ့တာပါ။

မက်ဆီနဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်
မက်ဆီဟာ ကာလရှည်ပြိုင်ဘက် ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်လ်ဒို ပြီးရင် သွင်းဂိုး ၉၀၀ ပြည့်ခဲ့တဲ့ ဒုတိယမြောက် ကစားသမားဖြစ်ခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ခရိုအေးရှားအသင်းနဲ့ပွဲမှာ ပေါ်တူဂီအသင်းအတွက် ဂိုးသွင်း ယူပြီးနောက် သွင်းဂိုး ၉၀၀ ပြည့်ခဲ့တာပါ။
ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ ၉၆၅ ဂိုး သွင်းယူထားပြီး သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်အောင် သွင်းယူနိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
ဘရာဇီးလ်၊ ဆန်းတို့စ်၊ နယူးယော့ခ်ကော့စ်မိုစ်အသင်းတို့မှာ ကစားခဲ့တဲ့ ဘရာဇီးလ်ဂန္ထဝင် ပီလီဟာ ကစားသမား ဘဝမှာ သွင်းဂိုး ၁,၀၀၀ ကျော် သွင်းယူထားတယ်ဆိုပြီး ပြောထားပေမယ့် RSSSF စာရင်းအင်း ပညာရှင်တွေက ဒါကို ငြင်းဆန်ထားပါတယ်။
ဒီအဖွဲ့အစည်းက ပီလီဟာ တရားဝင် သွင်းဂိုး ၇၇၈ ဂိုးသာ သွင်းယူထားတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ ရာသီကုန်အထိ စာချုပ် သက်တမ်း တိုးထားတာကြောင့် သူ့ရဲ့သွင်းဂိုးတွေကို ထပ်ပြီး မြင်တွေ့ရဦးမှာပါ။
အဲ့ဒါကြောင့် မက်ဆီအနေနဲ့ သူ့ရဲ့ လက်ကျန် ကစားသမားဘဝမှာ သွင်းဂိုး ၉၀၀+ ဘယ်လောက်အထိ သွင်းယူ နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
Source: BBC
- By CNI
- Category: ဆောင်းပါး
- Hits: 776
CNI International Article
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇
ပြီးခဲ့သည့် ၄ နှစ်က ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် ယူကရိန်းကို စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ယူကရိန်းကို အချိန်တို အတွင်းမှာပင် တိုက်ခိုက် သိမ်းပိုက်နိုင်ရန် စီစဉ်ခဲ့သည်။
ယူကရိန်း အောင်ပွဲမှတဆင့် ရုရှားနိုင်ငံရဲ့ အဆင့်အတန်းကို ပြန်လည်မြှင့်တင်ပြီး ကမ္ဘာကြီးကို တစ်နိုင်ငံတည်းက လွှမ်းမိုးထားသည့် Unipolar အခင်းအကျင်းမှ အင်အားကြီးနိုင်ငံ အများအပြားရှိသည့် Multipolar ဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းကို အရှိန်အဟုန်ဖြင့် ပြောင်းလဲရန် ပူတင်က ရည်မှန်းခဲ့ခြင်းဖြစ်သည်။
ထိုဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းတွင် ပါဝင်သည့် အင်အားကြီးနိုင်ငံများအနက် ရုရှားလည်း ပါဝင်လာမည်ဖြစ်သည်။
သို့သော် ထိုအစီအစဉ်က အကောင်အထည် ပေါ်ခဲ့ပါသလား၊ ယူကရိန်းစစ်ပွဲဖြစ်ပွားပြီး ၄ နှစ်ကြာသည်အထိ ရုရှား သည် ကမ္ဘာကြီးကို ခွဲဝေရယူရန် ကြိုးပမ်းနေကြသည့် အင်အားကြီးနိုင်ငံများထဲတွင် ပါဝင်လာတော့ခြင်း မရှိသည် ကို မြင်တွေ့ခဲ့ရသည်။
ရုရှားသည် အင်အားကြီးနိုင်ငံ ဖြစ်လိုသည့် ရည်မှန်းချက် ပြင်းပြခဲ့သော်လည်း လက်တွေ့တွင် အလယ်အလတ် တန်းစား အင်အားကြီးနိုင်ငံ တစ်ခုသာ ဖြစ်နေသဖြင့် တရုတ်နိုင်ငံအပေါ် မှီခိုနေရသလို ၎င်း၏ ရည်မှန်းချက်များကို နှောင့်ယှက်နေသည့် ရန်လိုသော အလယ်အလတ် တန်းစားနိုင်ငံ အများအပြားကိုလည်း ရင်ဆိုင်နေရသည်။
မဟာမိတ်နိုင်ငံ တိုက်ခိုက်ခံနေရချိန်တွင် လက်ပိုက်ကြည့်နေရခြင်း
********************************************************
မကြာသေးမီ ရက်ပိုင်းအတွင်း ရုရှားသည် ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အလားတူ ဖြစ်စဉ်မျိုးကို ကြုံတွေ့ခဲ့ရသည်။
ထိုဖြစ်စဉ်မှာ အမေရိကန်နှင့် အစ္စရေး၏ ၎င်း၏ မဟာမိတ် အီရန်ကို ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး ရုရှားသည် ဘာမှမတတ်နိုင်ဘဲ ထိုင်ကြည့်နေခဲ့ရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက ရုရှားထံမှ အကူအညီ တောင်းခံချိန်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergei Lavrov) ၏ တုန့်ပြန်ပုံသည် အားရစရာ မကောင်းခဲ့ပေ။
လာဗရော့ဗ်၏ တုန့်ပြန်ချက်အရ ရုရှားသည် ကမ္ဘာ့အခင်းအကျင်းသစ်ကို ရှေ့တန်းက ဦးဆောင်နေသူနှင့်မတူဘဲ ဥရောပနိုင်ငံရေးသမား တစ်ယောက်၏ လေသံမျိုးနှင့် ဆင်တူနေသည်။
လာဗရော့ဗ်သည် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကို နိုင်ငံတကာဥပဒေ ချိုးဖောက်မှု၊ အကြောင်းမဲ့ စော်ကားမှု လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့သည်။
ထို့ပြင် နိုင်ငံတကာဥပဒေ၊ အပြန်အလှန် လေးစားမှုနှင့် သက်ဆိုင်ရာ အကျိုးစီးပွားများကို မျှတစွာ ထည့်သွင်း စဉ်းစားပြီး ငြိမ်းချမ်းစွာ ဖြေရှင်းရန် တောင်းဆိုခဲ့သည်။
ထိုပြောကြားချက်များအရ အီရန်စစ်ပွဲတွင် ရုရှား၏ ပါဝါသည် ကျဆင်းနေသည့် အချက်ကို ဖော်ပြရာ ရောက်နေ ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သေဆုံးသွားတဲ့ အီရန် အဓိပတိ အလီခါမေနီကို တွေ့ရစဉ်
လက်တွေ့အခြေအနေကို ရင်ဆိုင်နေရခြင်း
************************************
ရုရှားသည် ကိယက်ဗ် (Kyiv) တိုက်ပွဲတွင် အရေးနိမ့်ခဲ့ပြီး ယူကရိန်းမြောက်ပိုင်းရှိ သိမ်းပိုက်ထားသော နယ်မြေ အများအပြားမှ ဆုတ်ခွာခဲ့ရသည်။
ထို့ပြင် ယူကရိန်းအရှေ့ပိုင်းတွင်လည်း အချိန်ကြာလာသည်နှင့်အမျှ အင်အားပြုန်းတီးစေသည့် ရေရှည်တိုက်ပွဲ အဖြစ် ပြောင်းလဲသွားခဲသည်။
ယူကရိန်းဘက်တွင် တောင်ပိုင်းနယ်မြေ အမြောက်အမြား ဆုံးရှုံးခဲ့ရသည်။
ထိုအချက်က ရုရှားအတွက် ဒွန်ဘတ်စ် (Donbas) ဒေသနှင့် ၂၀၁၄ ခုနှစ်က တရားမဝင် သိမ်းပိုက်ထားသည့် ခရိုင်းမီးယား (Crimea) ဒေသတို့ကြား ကုန်းလမ်းဆက်သွယ်ရေးတံတားတစ်ခု တည်ဆောက်နိုင်ရန် အခွင့်အရေး ရရှိသွားခဲ့သည်။
သို့သော် ယူကရိန်းအစိုးရသည် ယူကရိန်း၏ ပိုင်နက်နက်မြေ ၈၀ ရာခိုင်နှုန်းကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပြီး ကမ္ဘာ့ဈေးကွက်အတွက် အရေးပါသည့် ပင်လယ်နက်လမ်းကြောင်းကိုလည်း ဆက်လက် အသုံးပြုနိုင်စွမ်း ရှိနေ သည်။
ယူကရိန်းစစ်မြေပြင်တွင် ရှေ့ဆက်မတိုးနိုင်တော့သည့် အချိန်တွင် ရုရှားသည် အရပ်ဘက် အခြေခံ အဆောက် အအုံများ၊ စွမ်းအင် အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
ဆောင်းရာသီ ကာလအတွင်း ယူကရိန်းပြည်သူများကို အေးခဲနေသည့် ဒုက္ခများပေးပြီး အရှုံးပေးလာအောင် ရုရှား က မျှော်လင့်ခဲ့ခြင်းဖြစ်သည်။
ထိုနည်းဗျူဟာမျိုးသည် အောင်မြင်လေ့ မရှိသော်လည်း ယူကရိန်း ပြည်သူများအတွက်မူ အလွန်ဆိုးရွားသည့် ဆင်းရဲဒုက္ခများကို ခံစားခဲ့ရသည်။
တစ်ဖက်တွင်လည်း ယူကရိန်းကို ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်တွင် အလျှော့ပေးလာအောင် ရုရှားက ဖိအားပေးနေ သော်လည်း ယူကရိန်းက ကြံ့ကြံ့ခံ တွန်းလှန်နေဆဲဖြစ်သည်။
လွယ်လွယ်နှင့် အင်အားကြီးနိုင်ငံမဖြစ်
********************************
ရုရှား၏ အားထုတ် ကြိုးပမ်းမှုများသည် အင်အားကြီးနိုင်ငံ အများအပြားရှိသည့် ကမ္ဘာ့အခင်းအကျင်းသစ်ကို ဖန်တီးလိုသည့် ရည်မှန်းချက်ကြောင့် ရှု့ပ်ထွေးလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယူကရိန်းကို အလယ်အလတ်တန်းစား အင်အားကြီးနိုင်ငံများ အစုအဖွဲ့က ဝိုင်းဝန်း ကူညီထောက်ပံ့ ပေးလာကြခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ရုရှားသည် ဝင်ရိုးစုံကမ္ဘာတွင် အင်အားကြီး နိုင်ငံအဖြစ် ပါဝင်လိုသည့် ပထဝီနိုင်ငံရေး စိတ်ကူးယဉ် အိပ်မက်သည် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်ဆိုသည့် အချက်ကို နားလည်လာခဲ့သည်။
ရုရှား၏ လူဦးရေသည် လျော့နည်းလာပြီး သက်ကြီးပိုင်း အရေအတွက် များပြားလာသည်။
ထို့ပြင် ရုရှား၏ ဂျီဒီပီသည် ဂျပန် သို့မဟုတ် ဂျာမနီတို့နှင့် တစ်တန်းတည်းတွင် ရှိနေသော်လည်း အိန္ဒိယထက် နည်းပါးနေကာ အမေရိကန် သို့မဟုတ် တရုတ်တို့နှင့် နှိုင်းယှဉ်စရာ မလိုလောက်အောင်ပင် နိမ့်ကျနေသည်။

ယူကရိန်းစစ်ပွဲကို တွေ့ရစဉ်
ထို့ပြင် ရုရှား၏ စီးပွားရေးသည် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုအပေါ်တွင်သာ အဓိက မှီခိုနေရသည်။
သို့သော် ရုရှားသည် ဥရောပ-အာရှ ကုန်းမြေပေါ်တွင် ဩဇာကြီးမားနေဆဲဖြစ်သည့် အလယ်အလတ်တန်းစား အင်အားကြီး နိုင်ငံဖြစ်ပြီး၊ ကုလသမဂ္ဂ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ကာ နျူကလီးယား လက်နက်လည်း ပိုင်ဆိုင် ထားသဖြင့် အင်အားကြီးနိုင်ငံအဆင့်ကို ပုံဖော်ရန် ကြိုးပမ်းနိုင်ဆဲဖြစ်သည်ဟု ယူဆခံထားရသည်။
သို့သော် လက်ရှိ ရလဒ်များက ရုရှား၏ ရည်မှန်းချက်များနှင့် ဆန့်ကျင်ဘက်သာ ဖြစ်နေခဲ့သည်။
တစ်စထက်တစ်စ ပိုမိုဆိုးရွားလာခြင်း
********************************
ယူကရိန်းစစ်ပွဲတွင် အောင်ပွဲ မရယူနိုင်သည့် အချိန်တွင် အခြားနေရာများတွင် ရုရှား၏ ဩဇာဖြန့်ကြက် နိုင်စွမ်းလည်း ထိခိုက်လာခဲ့သည်။
တစ်ချိန်က အစ္စရေးနှင့် ရင်းနှီးခဲ့သည့် ဆက်ဆံရေးသည် ယခုအခါတွင် ပြိုလဲလုနီးပါး ဖြစ်နေကာ ဆီးရီးယားတွင် လည်း ခြေကုပ်ယူ အသားစီးရမှုကို ဆုံးရှုံးခဲ့သလို မဟာမိတ်များဖြစ်သည့် အီရန်နှင့် ဗင်နီဇွဲလားတို့ကိုလည်း အကူအညီ မပေးနိုင်တော့သည်ကို မျက်မြင်တွေ့နေရပြီဖြစ်သည်။
တစ်ချိန်က အကန့်အသတ်မရှိသည့် မိတ်ဖက် ဆက်ဆံရေးအဖြစ် ကြေညာခဲ့သည့် တရုတ်ကလည်း ယူကရိန်း စစ်ပွဲတွင် ရုရှားဘက်မှ သိသိသာသာ ရပ်တည်ပေးခဲ့ခြင်း မရှိသလို လက်နက်များလည်း ထောက်ပံ့ပေးခဲ့ခြင်း မရှိပေ။
အိန္ဒိယကမူ ရုရှားထံမှ ရေနံများကို လျှော့စျေးဖြင့် ဝယ်ယူနေသလို လက်နက်များကိုလည်း ဆက်လက် ဝယ်ယူ နေဆဲ ဖြစ်သည်။
သို့သော် ထိုအခြေအနေသည် အိန္ဒိယ၏ ဘက်ပေါင်းစုံ ချဉ်းကပ်သည့် ပထဝီနိုင်ငံရေး မဟာဗျူဟာ အစိတ်အပိုင်း သာ ဖြစ်သည်။

အီရန်ခေါင်းဆောင်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
စိတ်ကူးနှင့် လက်တွေ့
*******************
တစ်ဖက်တွင်လည်း ယူကရိန်းသည် စစ်ပွဲအစောပိုင်းက ရရှိခဲ့သည့် အမေရိကန်၏ အကူအညီများကို ဆုံးရှုံးခဲ့ရ သည်။
သို့သော် ယူကရိန်းသည် အလယ်အလတ်တန်းစား အင်အားကြီးနိုင်ငံများထံမှ ဘဏ္ဍာရေးနဲ့ စစ်ရေးအရ အကူအညီတွေကို ဆက်လက် ရရှိနေဆဲဖြစ်သည်။
နောက်ဆုံးရရှိထားသည့် အချက်အလက်များအရ စစ်ပွဲစတင်ခဲ့ချိန်ကတည်းက အမေရိကန်က ထောက်ပံ့ပေးခဲ့ သည့် ဒေါ်လာ ၇၅ ဘီလျံနီးပါးရှိ စစ်ရေးအကူအညီသည် ယူကရိန်းအတွက် ပြည်ပနိုင်ငံများ၏ စုစုပေါင်း အကူအညီ၏ ၃၀ ရာခိုင်နှုန်းသာရှိခဲ့သည်။
ကျန်သည့် အကူအညီ ၇၀ ရာခိုင်နှုန်းနှင့် လွန်ခဲ့သည့် ၁၂ လအတွင်း ရရှိခဲ့သည့် စစ်ရေးအကူအညီများ အားလုံး သည် ဂျာမနီထံမှ ၂၀ ရာခိုင်နှုန်း၊ ဗြိတိန်ထံမှ ၉ ရာခိုင်နှုန်း၊ နော်ဝေထံမှ ၈ ရာခိုင်နှုန်းနှင့် ဆွီဒင်ထံမှ ၇ ရာခိုင်နှုန်း နှင့် အခြား အလယ်အလတ်တန်းစား အင်အားကြီးနိုင်ငံများထံမှ ကူညီပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရုရှား၏ ယူကရိန်းအပေါ် ဆင်နွှဲသည့် စစ်ပွဲသည် အင်အားကြီးနိုင်ငံ အများအပြား ပါဝင်သည့် ဝင်ရိုးစုံ ကမ္ဘာ ပေါ်ပေါက်ရေးအတွက် အရှိန်အဟုန် ကောင်းလာခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော် ထိုဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းသည် ရုရှားမျှော်မှန်းထားခဲ့သည့် ပုံစံမျိုးတော့ မဟုတ်ကြောင်း ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
Source: Asia Times
