CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

ငြိမ်းချမ်းရေးအတွက် ဖြစ်သင့်သည်ကိုသာ ဆောင်ရွက်ကြရန် ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 246

CNI News 

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပြည်သူလူထု အကျိုးကိုရှေးရှု၍ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကိုသာ ဆောင်ရွက်ကြရန် နိုင်ငံတော်လုံခြုံ‌ရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်က နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း  ပြောကြားခဲ့ ခြင်းဖြစ်သည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မဖြစ်မနေ တိုးတက်မှုရှိအောင် ဆောင် ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထု အကျိုးကိုရှေးရှု၍ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ တပ်မတော်အနေနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်း ပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက် လျှောက်လှမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးကို တိုးမြင့်ဆောင်ရွက်နိုင်‌ရေးအတွက် လည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် (၁၃) ကြိမ်၊ စုစုပေါင်း (၁၄၉) ကြိမ် တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်ခဲ့ကြောင်း ” ပြောသည်။

ပြည်သူလူထု အကျိုးကိုရှေးရှု၍ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီး ဖြေလျှော့မှုများ လုပ်ပေးလျှင် ပိုပြီးတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြည်သူ့‌ရှေ့ဆောင်ပါတီ(PPP)မှ ဥက္ကဋ္ဌ ဦးစောဟန်အေးက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

၎င်းက “အဲ့ဒါကတော့ အရမ်းကျယ်ပြန့်တယ် လူတွေရဲ့ ဖြစ်ချင်စိတ်တွေကတော့ အများကြီးပဲလေ။ တစ်ယောက် တစ်မျိုး တူကြမှာ မဟုတ်ဘူး။ သို့သော်လည်း လက်ရှိတိုင်းပြည်ရဲ့ အခြေအနေအရ ဖြစ်သင့်တယ်ဆိုတဲ့ စကားလုံး သည် စကားကတော့ အများကြီး အရမ်းတာသွားတာပေါ့နော်။ အကြောင်းအရာ တစ်ခုခြင်းပေါ်မှာပဲ ပြန်သုံးသပ် ရမှာပေါ့။ ဖြစ်သင့်တယ်ဆိုတဲ့ဥစ္စာက အားလုံးခြုံပြီး ပြောလို့မရဘူး။ အကြောင်းအရာ တစ်ခုပေါ်မှာပဲ ဒီဟာကိုဖြစ် သင့်လား မဖြစ်သင့်လားဆိုတာ ပြန်ပြီးတော့ သုံးသပ်ရမှာပေါ့။ ပြည်သူလူထု အကျိုးဆိုတာ ဥပမာ နိုင်ငံရေး အရလား၊ စီးပွားရေးအရလား၊ လူမှုရေးအရလား ကဏ္ဍပေါင်းစုံရှိတာကို။ အဓိက,ကတော့ လူတိုင်းမှာ ဖြစ်ချင်စိတ် တွေက အများကြီး တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးလေ။ ဒါပေမယ့် တိုင်းပြည်ရဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တာကိုပဲ အရင်လုပ်ဖို့ သူကအဲဒီလိုပဲ ဆော်သြတဲ့သဘောလို့ အန်ကယ်တော့ အဲ့ဒီလိုပဲ မြင်တယ်။ စီးပွားရေးအရ ဆိုရင်တော့ ဒီစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လိုတာပေါ့နော်။ လိုတဲ့အခါကြတော့ ဒီလက်ရှိ ရှိနေတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေ တချို့လည်း ပြင်ဆင်သင့်တာတွေ ပြင်ဆင်မှာပေါ့။ ဒါအခု လွှတ်တော်လည်း ပေါ်လာတော့မှာလေ။ အဓိကတော့ ဖြေလျှော့မှုတွေပေါ့။ စီးပွားရေးဆိုရင်တော့ ဖြေလျော့မှုတွေ လုပ်ပေး ရမယ်လို့ မြင်တယ်။ တက်နိုင်သလောက် လုပ်ပေးခဲ့တယ်။ ဒါရှေ့ဆက်ပြီးတော့လည်း ဒီထက်ပိုပြီးတော့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီးတော့ ဖြေလျှော့မှုတွေ ထက်လုပ်ပေးရင်တော့ ဒီထက်ပိုပြီးတော့ အခြေအနေကောင်းရင် တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။ 

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေး မတည်ငြိမ်မှုများကြားမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခဲ့သော်လည်း စိန်ခေါ် မှုများစွာ ကြုံတွေ့ခဲ့ရပြီး အဓိကအားဖြင့် GDP တိုးတက်ရန် မျှော်မှန်းခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ငြိမ်း ချမ်းရေး ကြိုးပမ်းမှုများကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။

လက်ရှိ တိုင်းပြည်တွင် တကယ်ဖြစ်သင့်သည်က အောက်ခြေလူတန်းစား၊ တောင်သူလယ်သမားများအတွက် စီးပွားရေးကို အရင်ဖြေရှင်းရမည်ဟု ကရင်ပြည်သူ့ပါတီ(KPP)မှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြော သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

၎င်းက “ဖြစ်ချင်တာတိုင်းက ကောင်းချင်မှလည်း ကောင်းမှာပေါ့နော်။ ဒါပေမယ့်လည်း အခုလောလောဆယ် အခြေအနေနဲ့ မဖြစ်နိုင်သေးဘူးဆိုရင်တော့ ဖြစ်ချင်တာကို အရင်မလုပ်ပဲ ဖြစ်သင့်တာ ဘာလဲပေါ့၊ တိုင်းပြည် အတွက် တကယ် လိုအပ်နေတဲ့ဟာက ဘာလဲ၊ အဲဒီလိုအပ်နေတဲ့ဟာကို ဖြစ်သင့်တဲ့ဟာကိုပဲ အရင်လုပ်ရမယ်လို့ ဆရာမတော့ အဲဒီလို ယူဆတယ်။ ပြည်သူလူထု အတွက်ကတော့ အဓိက စားဝတ်နေရေး ချောင်လည်ဖို့က အရေး ကြီးတယ်။ ဒါတွေကို အရင်လုပ်ရမယ့်ဟာတွေပေါ့နော်။ အောက်ခြေလူတန်းစား ဆရာမမြင်တာကတော့ လူထုရဲ့ တကယ် ဖြစ်သင့်တဲ့ဟာကတော့ အောက်ခြေ လူတန်းစားတွေအတွက် နောက်ပြီးတော့ တောင်သူလယ်သမားတွေ အတွက်ပေါ့။ ဒီနှစ်ဆို တောင်သူလယ်သမားတွေ ဆန်လည်း တော်တော်ရှုံးကြတယ်ပေါ့နော်၊ အဲ့ဒါတွေကိုတော့ အရင် ဖြေရှင်းရမယ်လို့ စီးပွားရေးက အရင်ဖြေရှင်းရမယ်လို့ ဆရာမတော့ မြင်တယ်။ အဲ့ဒါကို မဖြေရှင်းနိုင်ရင် တော့ သိပ်မလွယ်ဘူး။ ဘာလို့ဆိုတော့ အခုဝင်တဲ့ပိုက်ဆံ အဝင်နှုန်းနဲ့ အထွက်နှုန်းတွေက မမျှဘူးဖြစ်နေတော့ လေ။ ငြိမ်းချမ်းရေးလည်း လုပ်ရမှာပဲ ဒါပေမယ့် ငြိမ်းချမ်းရေးကတော့ အလှမ်းတော့ ကွာပါသေးတယ်။ ဖြစ်ခဲ့တဲ့ အခြေအနေကို ကြည့်ခြင်းအားဖြင့်၊ ဆရာမတော့ ကြိုးစားကြည့်ရမယ်လို့ ထင်တယ်”ဟု ပြောသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် အမျိုးသားအဆင့် အားလုံးပါဝင်သည့် အခင်း အ ကျင်း တစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် ငြိမ်းချမ်းရေးစကားဝိုင်း၊ ငြိမ်းချမ်းရေးကို အထောက်အကူပြုသည့် နည်းဗျူဟာများ ဖော်ထုတ်နိုင်ရေးအတွက် ငြိမ်းချမ်းရေးဖိုရမ်နှင့် နိုင်ငံတစ်ဝန်းတွင်ရှိသည့် လူငယ်များ ငြိမ်းချမ်း ရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် စိတ်ပါဝင်စားမှု ရှိလာစေရေးအတွက် လူငယ်ငြိမ်းချမ်းရေးဖိုရမ်များကို လည်း ကျင်းပပေးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

အဆိုပါ ဖိုရမ်များမှ ရရှိသည့် ဆွေးနွေးချက်များသည် ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် များစွာ အထောက်အကူပြု စေမည်ဖြစ်ကြောင်း၊ နိုင်ငံ့အရေးကို ဆောင်ရွက်ရာ၌ လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေးခြင်း ဖြင့် နိုင်ငံ၏အနာဂတ် ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားခဲ့သည်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အစိုးရသစ်က ငြိမ်းချမ်းရေးနှင့် စီးပွားရေး ဟန်ချက်ညီညီ လုပ်ဖို့လို

အစိုးရသစ်က ငြိမ်းချမ်းရေးနှင့် စီးပွားရေး ဟန်ချက်ညီညီ လုပ်ဖို့လို

By CNI
CNI
Category: နိုင်ငံရေး
Hits: 463

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၉

မကြာခင် ‌ပေါ်ပေါက်လာမည့် အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးနှင့် စီးပွားရေးကို ဒွန်တွဲပြီး ဟန်ချက်ညီညီ  ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ က ထောက်ပြလျက်ရှိသည်။

ရွေးကောက်ပွဲအလွန် တက်လာမည့် အရပ်သားအစိုးရသည် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်း‌ရေးကို ရှေးရှုပြီး ငြိမ်းချမ်းရေးကိုသာ ဦးစားပေးအနေဖြင့် ဆောင်ရွက်သင့်ကြောင်း၊ အမျိုးသားညီညွတ်‌ရေးအစိုးရ အသွင်သဏ္ဍာန် မျိုး ဖွဲ့စည်းပါက လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့်စစ်ရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်မည်ဟု နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးလေ့လာသူများက ‌ထောက်ပြကြသည်။   

တစ်ဖက်တွင်လည်း နိုင်ငံရေး မတည်မငြိမ်မှုကနေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အားနည်းခြင်း၊ လျှပ်စစ် ဓာတ်အား အလုံအလောက် မရရှိခြင်း၊ လုပ်သား အရင်းအမြစ် ရှားပါးလာခြင်း၊ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ခံ ရခြင်း စသည့် အခြေအနေများကြောင့် စီးပွားရေး ကျဆင်းလျက်ရှိနေသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းမည့် အစိုးရသစ်နှင့် လွှတ်တော်သည် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာ အောင် အပြန်အလှန် ထိန်းကြောင်း၍ မူဝါဒကောင်းများ ချမှတ်ရန် လိုအပ်သည်ဟုလည်း စီးပွားရေးလုပ်ငန်းရှင် များက ထောက်ပြကြသည်။  

လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာ့စီးပွားရေး အဆင်မပြေမှု ဖြစ်နေသော ပြဿနာသည် စီးပွားရေးစနစ် တစ်ခုလုံးကို သေချာစွာ မတည်ဆောက်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးသည် ဒွန်တွဲနေသည့်အတွက် စီးပွားရေး အဆင်မပြေပါက အမြင်များ၊ အတွေးအခေါ်များသည်လည်း ပြောင်းလဲသွားနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။  

 NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပနေစဉ်

၎င်းက “ဖြေရှင်းရင် ရနိုင်တယ်။ အဓိက,က (Conceptual Framework) ရှိဖို့လိုတာပေါ့။ ငြိမ်းချမ်းရေးမှာ တစ်ဖက် ကလည်း စီးပွားရေးတွေလည်း ပါတာပေါ့။ နောက်တစ်ခုက အမြင်တွေပါတာပေါ့။ အမြင်ဆိုတာက တိုင်းရင်းသား တွေရဲ့ ပြီးခဲ့တဲ့ ၄၊ ၅၊ ၁၀ နှစ် ၁၅ နှစ်က အမြင်နဲ့ အခုအမြင်နဲ့ကတော့ ဘာပဲပြောပြော အကြောင်းကြောင်းကြောင့် ပွင့်လာပြီပေါ့။ ပြောချင်တဲ့အဓိပ္ပာယ်က ဘာလဲအခါကျတော့ ဒီတိုင်းပြည်က စုစုစည်းစည်းနဲ့ သာယာဝပြောမှ သူတို့အတွက် အကျိုးစီးပွား ဖြစ်မယ်ဆိုတာကို နားလည်ဖို့လိုတာပေါ့။ ဒါနံပါတ် တစ်အချက်။ နံပါတ်နှစ်အချက်က သူတို့နားလည်အောင် ဒီဘက်က ဘယ်လို (Educate) လုပ်မလဲ အဲ့တာအရေးကြီးတယ်။ အဲဒီတော့ အစိုးရဆိုဒ်က လည်း ဒါကို ဘယ်လို ဖြစ်မလဲဆိုတဲ့ (Conceptual Framework) ကျကျနန ရှိရမှာပေါ့။ ဥပမာ သယံဇာတ ခွဲဝေတဲ့ ကိစ္စတွေ ပါလာမှာပေါ့။ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် သင့်တော်တဲ့ အချိုးတစ်ခုဆိုတာကို သူက ခေါင်းထဲမှာ ယုံကြည်ဖို့ လိုတာပေါ့။ လောလောဆယ် အနေအထားအရ အဲဒါကြီးက တော်တော်လေး အရေးကြီး တာ‌ပေါ့။ နိုင်ငံရေးနဲ့စီးပွားရေးဆိုတာ ဒွန်တွဲနေတာကို။ ကျနော့် အတွေးအခေါ် တစ်ခုက အဲဒီအချိန်တုန်းကပေါ့ဗျာ အခုက အဲဒီအ‌တွေးအခေါ်တောင်မှ လုပ်လို့ရပါ့မလားမသိဘူး။ ဘာလဲဆိုတော့ (စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်) အဲ့တာလေးတွေကို တိုးတက်အောင် လုပ်လိုက်နိုင်ရင်တောင်မှ ဒီနေ့အချိန်မှာ စကားတွေ ပြောစရာ တော်တော် နည်းမှာလေ။ အဓိက,က ပြဿနာတစ်ခုက စီးပွားကလည်း မဖြစ်ခဲ့ဘူး။ တစ်ခုရှိတာပေါ့ နိုင်ငံရေးနဲ့ စီးပွားရေးကလည်း ဒွန်တွဲနေတဲ့ အခါကျတော့ စီးပွားရေး အဆင်မပြေလို့ရှိရင် အမြင်တွေ အတွေး အခေါ် တွေကလည်း တစ်မျိုးဖြစ်ကုန်တာလေ။ သီအိုရီ သဘောအရပြောရင် ပိုက်ဆံရှိမှ ပညာသင်လို့ရမှာလေ။ အဲ‌ဒီတော့မှ အဲဒီကလေးက ဦးနှောက်ကောင်းမှာလေ။ ပြီးတော့ ကျောင်းတန်းလန်းနဲ့ ထွက်သွားတာမျိုး မရှိမှာ လေ။ စီးပွားရေးကတော့ ကောင်းကိုကောင်းရမှာ။ ပြောချင်တဲ့ အဓိပ္ပာယ်က ရတဲ့နေရာ စလုပ်ပေါ့ဗျာ။ ဒါပေမယ့် စနစ်တော့ မှန်မှရမယ်။ ဗမာပြည် စီးပွား‌ရေးဆိုရင် တစ်နိုင်ငံလုံးရဲ့ Economy အားလုံးသည် ၇၀ ရာခိုင်နှုန်း လောက်က ရန်ကုန်တိုင်းမှာရှိတာ။ ဘယ်လိုလုပ်မလဲ ဒါကိုစဉ်းစားရမှာပေါ့” ဟု ပြောသည်။

အစိုးရသစ် တစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို အစဥ်တစိုက် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သလို နိုင်ငံ့စီးပွားရေး တည်ငြိမ်ရေးအတွက်လည်း ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတကာမှ ယုံကြည်မှု ပြန်လည်ရနိုင်ရန်အတွက် အစိုးရဖွဲ့စည်းသည့် အခါတွင် အားလုံးပါဝင်သည့် ညီညွတ်ရေးအစိုးရ ပုံသဏ္ဍာန်မျိုး ဖော်ဆောင်သင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြော သည်။ 

ဗိုလ်ချုပ်ဈေးကို တွေ့ရစဉ်

၎င်းက “လက်ရှိနိုင်ငံရဲ့ ဖြစ်နေတဲ့ ပဋိပက္ခ‌တွေကြောင့်ပေါ့ဗျာ ကျနော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က လည်း တောက်လျှောက်လုပ်ဖို့ လိုအပ်တယ်။ ထို့ပြင်ကို စီးပွားရေး တည်ငြိမ်သွားဖို့ အတွက်ကိုလည်း အစိုးရ အသစ် အနေနဲ့က ကြိုးစားအားထုတ်ဖို့ လိုတယ်။ အဲ့တော့ political stability ရှိရမယ်။ Sanction ပြုတ်သွား အောင် ဦးစားပေး ကြိုးစားဖို့လိုတယ်။ စီးပွားရေး တည်ငြိမ်မှုရဖို့ဆို နိုင်ငံတကာ (Foreign Investment) ကိုလည်း ကျနော်တို့က ပြန်လည်မျှော်ကိုးရမှာ ဖြစ်သလို ပြည်တွင်း ထုတ်ကုန်တွေလည်း ဖွံ့ဖြိုးတိုးတက်အောင် ကျနော်တို့ လုပ်ဖို့လိုတယ်။ ကုန်ထုတ်ဖို့အတွက်ကို လိုအပ်တဲ့ စွမ်းအင်အရင်းအမြစ်က ကျနော်တို့နိုင်ငံမှာ မလုံလောက်ဘူး။ ကျနော်တို့နိုင်ငံကို ပြန်ပြီးတော့မှ အရာရာ ပြန်ဦးမော့လာအောင် ဆောင်ရွက်မယ်ဆိုရင် စွမ်းအင်ကဏ္ဍကိုလည်း ဖူလုံအောင် ကြိုးစားဖို့လိုတယ်။ စီးပွားရေးကလည်း Sanction ပြုတ်သွားမှ ကျနော်တို့နိုင်ငံက စီးပွားရေး ပြန် ကောင်းမယ်ပေါ့ဗျာ။ ပြန်ကောင်းမယ်ဆိုတာ အများမျှော်လင့်လို့ မရဘူး။ နေသာထိုင်သာ ပြန်ရှိမယ့် အနေအထား တစ်ခုကို ပြန်ဖြစ်မယ်။ အဲ့အတွက်ကြောင့် အစိုးရဖွဲ့စည်းတဲ့အခါမှာ ပိုပြီးတော့မှ နိုင်ငံတကာ လက်ခံတဲ့ အခင်း အကျင်း ဖြစ်အောင် ပါဝင်သင့်ပါဝင်ထိုက်သူ တိုင်းရင်းသား ခေါင်းဆောင်တွေကအစ နိုင်ငံရေး အတိုက်အခံ အင်အားစုတွေကအစ အမျိုးသားညီညွတ်ရေးအစိုးရ အားလုံးပါဝင်တဲ့ အစိုးရဖြစ်အောင် ဖော်ဆောင် ပြနိုင်တယ် ဆိုရင်တော့ နိုင်ငံရေး မယုံကြည်မှုတွေ ပျောက်ဆုံးပြီးတော့မှ နိုင်ငံတကာရဲ့ ယုံကြည်မှုတွေ ပြန်လည်ရလာနိုင် တယ်” ဟု ပြောသည်။ 

လာမည့် အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းမှုများ ပြုလုပ်လာနိုင်သလို စီးပွားရေး ပြန်လည် ဦးမော့အောင်လည်း ကြိုးပမ်းလာနိုင်သည်။ 

သို့သော် စီးပွားရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ မူဝါဒများသည် မှန်ကန်တည့်မတ်ရန် လိုအပ်သလို လက်ရှိ မူဝါဒများအပေါ် ပြန်လည် သုံးသပ်ရန်လည်း လိုအပ်ကြောင်း အားလုံးက ထောက်ပြနေကြသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆိုလာစနစ်ကိုတွေ့ရစဉ်

တရုတ်က ၅ နှစ်အတွင်း နည်းပညာနှင့်စွမ်းအင်စီမံကိန်း တိုးမြှင့်မည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 192

CNI International News

ဘေဂျင်း၊ မတ်လ ၆

တရုတ်နိုင်ငံသည် လာမည့် ငါးနှစ်အတွင်း နည်းပညာ စွန့်ဦးတီထွင်မှု၊ စီးပွားရေးလုံခြုံမှု၊ ပြည်သူ့ချမ်းသာသုခနှင့် ကာဘွန်လျှော့ချရေး အစီအစဉ်များကို ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ထို့ပြင် ၂၀၃၅ ခုနှစ်အတွက် ဂျီဒီပီကို ၂၀၂၀ ပြည့်နှစ်ကထက် ၂ ဆအထိ မြင့်တက်လာစေရန် ခိုင်မာသည့် အခြေခံ အုတ်မြစ်တစ်ခုလည်း ချမှတ်ဆောင်ရွက်သွားမည်ဟု တရုတ်က ကတိပြုခဲ့သည်။

ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံသည် စီးပွားရေး၊ နည်းပညာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စီးပွားရေးလုံခြုံရေးတို့ လွှမ်းခြုံပါဝင်သည့် နယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ၂၀ ခန့်ကို ထုတ်ပြန် သွားမည်ဟု တရုတ်ဝန်ကြီးချုပ် လီချင် (Li Qiang) က ပြောကြားခဲ့သည်။

လီသည် မတ်လ ၅ ရက်က အမျိုးသားပြည်သူ့လွှတ်တော်၏ နှစ်ပတ်လည် အစည်းအဝေးတွင် အစီရင်ခံ တင်ပြချိန် ၅ နှစ်တာ စီမံကိန်း၏ ကျယ်ပြန့်သော အကြောင်းအရာများကို အလေးထား ပြောဆိုခဲ့သည်။

စွမ်းအင်စက်ရုံတစ်ခုကိုတွေ့ရစဉ်

လာမည့် ၅ နှစ်အတွက် ရည်မှန်းချက်များသည် ယခင် ၅ နှစ်တာ စီမံကိန်း၏ ရည်မှန်းချက်များနှင့် အတူတူ ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

ယခုနှစ်၏ ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်မှာ ၄ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းဖြစ်ပြီး ယခင်နှစ်က ၅ ရာခိုင်နှုန်းဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

“စစ်မှန်တဲ့ စီးပွားရေး အခြေခံအုတ်မြစ်ကို ခိုင်မာအောင် လုပ်ဆောင်ဖို့အတွက် အဆင့်မြင့် ကုန်ထုတ်လုပ်မှုကို အဓိကကျောရိုးအဖြစ် ထားရှိပြီး စက်မှုစနစ်ကို ခေတ်မီအောင် ဖန်တီးရပါမယ်”ဟု လီက ပြောကြားခဲ့သည်။

ထို့ပြင် သိပ္ပံနှင့် နည်းပညာကဏ္ဍကို မိုမိုအားကောင်းလာစေရန် မူလတီထွင် ဆန်းသစ်မှုများတွင် တိုးတက် အောင်မြင်မှုများ ရရှိရန် လိုအပ်သည်ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ငါးနှစ်တာ စီမံကိန်းများကို အစိုးရ၏ ညွှန်ကြားချက်များနှင့် ဈေးကွက်၏ အင်အားများကို ပေါင်းစပ် ထားသည့်အတွက် အနောက်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အဖွဲ့အစည်းဆိုင်ရာ အားသာချက် တစ်ခုအဖြစ် ရှုမြင်ထား ကြသည်။

Source: South China Morning Post

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အိန္ဒိယနိုင်ငံကို စွန့်ခွာသွားကြတဲ့ နိုင်ငံသားတွေကို သရုပ်ဖော်ပြထားစဉ်

ပြည်ပရောက် အိန္ဒိယနိုင်ငံသားတွေ ဘာလို့ အိမ်မပြန်ကြတာလဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 468

CNI International Article

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်က X လူမှုမီဒီယာပေါ်ရှိ ပို့စ်တစ်ခုသည် အိန္ဒိယလူမျိုး များစွာကို အံ့အားသင့် စေခဲ့သည်။

X လူမှုမီဒီယာ အသုံးပြုသူတစ်ဦးက ကနေဒါတွင် အခြေချနေထိုင်သည့် ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့် စကားပြော ဖြစ်ပုံကို ပို့စ်တင်ပြီး ပြန်လည် မျှဝေခဲ့ခြင်းဖြစ်သည်။

ထိုပို့စ်တွင် ကနေဒါ၌ နေထိုင်သည့် ၎င်း၏ သူငယ်ချင်းသည် ပညာတတ်တစ်ဦးဖြစ်ပြီး၊ အောင်မြင်မှု ရရှိနေကာ ဒေါ်လာ ၅ သိန်းခန့် စုမိဆောင်းမိနေကြောင်းနှင့် အိန္ဒိယသို့ ပြန်လာတော့မည် မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ ခြင်းဖြစ်သည်။

သူ့သူငယ်ချင်းသည် အိန္ဒိယကို မချစ်၍ ပြန်မလာခြင်း မဟုတ်ပေ။ ကနေဒါတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် စားဝတ်နေရေး အဆင်ပြေ ချောမွေ့နေချိန်တွင် အိန္ဒိယသို့ ပြန်လာခဲ့မည်ဆိုပါက မပြောပလောက်သည့် အခြေခံ ရပိုင်ခွင့်များအတွက် သည်းကြီးမဲကြီး ရုန်းကန် တောင်းဆိုနေရသည့် ဘဝကို မလိုချင်တော့ခြင်းကြောင့် ဖြစ်သည်။

ထိုပို့စ်အောက်တွင် မှတ်ချက်များစွာနှင့်အတူ ဆွေးနွေးမှုများ ပြင်းထန်ခဲ့သည်။

 ကနေဒါနိုင်ငံရောက် အိန္ဒိယနွယ်ဖွားတွေကို တွေ့ရစဉ်

တိုရွန်တိုမှ ဆရာဝန်များ၊ အမ်စတာဒမ်မှ အင်ဂျင်နီယာများ၊ အုတ်ကလန်းမှ သူနာပြုများ စသည်ဖြင့် နေရာဒေသ ကွဲပြားသော်လည်း ၎င်းတို့၏ ခံစားချက်ချင်းမှာ တူညီနေသည်။

၎င်းတို့၏ ဘုံခံစားချက်တစ်ခုမှာ အိန္ဒိယသည် ဆင်းရဲမွဲတေမှုနှင့် မဆိုင်ဘဲ အာဏာပိုင်များ၏ ဆုံးဖြတ်ချက်များမှ ဖြစ်ပေါ်လာသည့် စနစ်ပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် အိန္ဒိယတွင် နေထိုင်ရသည်မှာ အလွန်ပင်ပန်းလွန်း သည်ဆိုသည့် ခံစားချက်ပင်ဖြစ်သည်။

တရားဝင် စာရင်းဇယားများအရ အိန္ဒိယနိုင်ငံတွင် နှစ်စဉ် ပြည်ပသို့ သွားရောက် အခြေချနေထိုင်သူ ၂၀၀,၀၀၀ ကျော်ကို ဆုံးရှုံးနေရသည်။

၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသား ၁ ဒသမ ၆ သန်းကျော်သည် အိန္ဒိယပတ်စ်ပို့များကို စွန့်လွှတ် ခဲ့ကြသည်။

၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာပင် လူပေါင်း ၂၀၀,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခဲ့ကြသည်။ 

အိန္ဒိယ၏ ပြည်ပရောက် အသိုင်းအဝိုင်း (Diaspora) သည် လူဦးရေ ၃၅ ဒသမ ၄ သန်းအထိ ရှိနေပြီး ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး ပြည်ပရောက် အသိုင်းအဝိုင်း ဖြစ်လာခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ပြည်ပရောက် အိန္ဒိယသားများသည် အိန္ဒိယရှိ ၎င်းတို့၏ သက်ဆိုင်ရာ မိသားစုများထံသို့ ဒေါ်လာ ၁၂၉ ဘီလီယံအထိ လွှဲပို့ခဲ့ကြပြီး ထိုပမာဏသည် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံနှင့်မဆို နှိုင်းယှဉ်ကြည့်ပါက ပြည်ပမှ ပို့ငွေ အများဆုံး စံချိန်ဖြစ်သည်။

နိုင်ငံရေးသမားများက ခမ်းနားကြီးကျယ်သော ပြည်ပရောက် အသိုင်းအဝိုင်း ထိပ်သီး အစည်းအဝေးများတွင် ထိုကဲ့သို့ ငွေကြေးစီးဝင်မှုကို ဂုဏ်ပြုပြောဆိုလေ့ရှိကြသည်။

သို့သော် အိန္ဒိယနိုင်ငံရေးသမားများ ထုတ်မပြောသည့် အချက်မှာ အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာသည် ပြည်တွင်းမှာထက် ပြည်ပတွင် ပိုမိုကောင်းမွန်သော ဘဝများကို တည်ဆောက်နိုင်သည်ဟူသော အချက်ပင် ဖြစ်သည်။ 

 အမေရိကန်ရောက် အိန္ဒိယနွယ်ဖွားတွေကို တွေ့ရစဉ်

ထိုအချက်သည် အိန္ဒိယအာဏာပိုင်များ၏ စနစ်ပိုင်းဆိုင်ရာ ကျရှုံးမှုကို ဝန်ခံရာ ရောက်မည်ဖြစ်သဖြင့် နှုတ်ဆိတ် နေခဲ့ကြခြင်းဖြစ်သည်။

ကုလသမဂ္ဂ၏ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း (Human Development Index) တွင် အိန္ဒိယသည် အဆင့် ၁၃၄ ၌ ရှိနေသည်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) ၏ အဂတိလိုက်စားမှု အညွှန်းကိန်းတွင် အိန္ဒိယသည် ရမှတ် ၁၀၀ လျှင် ၃၈ မှတ်သာ ရရှိထားပြီး ဂမ်ဘီယာနိုင်ငံထက်ပင် နိမ့်ကျနေသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ပျော်ရွှင်မှုအရှိဆုံး နိုင်ငံများစာရင်း (World Happiness Report) တွင်လည်း အိန္ဒိယသည် အဆင့် ၁၂၆ တွင်သာ ရှိနေသည်။

ထိုအချက်များသည် အတိုက်အခံများ၏ ဝေဖန်မှုသက်သက် မဟုတ်ဘဲ ကမ္ဘာက စောင့်ကြည့်လေ့လာနေသည့် လက်တွေ့ကျသော ရလာဒ်များသာ ဖြစ်သည်။

ယနေ့ခေတ်တွင် အိန္ဒိယနိုင်ငံမှ ထွက်ခွာသွားကြသူများသည် အဆင်းရဲဆုံးသူများ သို့မဟုတ် မျှော်လင့်ချက် မရှိသည့်သူများ မဟုတ်ကြတော့ဘဲ နိုင်ငံရပ်ခြားတွင် ရွေးချယ်စရာ အခွင့်အလမ်းရှိသူများသာ ဖြစ်ကြသည်။

မိမိတို့၏ အရည်အချင်းဖြင့် ရွေးချယ်စရာရှိသူများက နိုင်ငံမှ ထွက်ခွာသွားပြီး ပြန်မလာတော့ခြင်းသည် မိခင် နိုင်ငံတွင် နေထိုင်ရခြင်း၏ တန်ဖိုးနှင့်ပတ်သက်သည့် ဆိုးရွားလှသော အခြေအနေတစ်ခုကို ဖော်ပြနေခြင်း ဖြစ်သည်။

“ကျနော် ဘန်ဂလူရူ (Bengaluru) မှာတုန်းက ဝင်ငွေကောင်းပါတယ်။ ဒါပေမယ့် တစ်နေ့ကို ၃ နာရီလောက် ကားပိတ်တာနဲ့ အချိန်ကုန်ရတယ်၊ ကျနော့်ကို ဖြည်းဖြည်းချင်း သတ်နေတဲ့ ညစ်ညမ်းလေထုကို ရှူရှိုက်နေရတယ်၊ ပြီးတော့ စာရွက်စာတမ်း တစ်ခုရဖို့အတွက် လူတိုင်းကို လာဘ်ထိုးနေရတယ်။ မြူးနစ်မှာတော့ ကျနော် ဝင်ငွေ ပိုနည်းပါတယ်။ ဒါပေမယ့် ကျနော်မှာ ကိုယ်ပိုင်အချိန်တွေရှိတယ်၊ သန့်ရှင်းတဲ့လေရှိတယ်၊ ပြီးတော့ ရုံးပိတ်ရက် လည်း ရှိတယ်”ဟု ဂျာမနီနိုင်ငံ မြူးနစ် (Munich)မြို့သို့ ပြောင်းရွှေ့သွားသည့် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့သည်။

ထိုအခြေအနေသည် သာမန် အိန္ဒိယလူမျိုး တစ်ဦး ပုံမှန်ဘဝအတိုင်း ရှင်သန်နိုင်ရန် ကြိုးစားရင်း ကျန်းမာရေး အတွက် လက်ဆုပ်လက်ကိုင် မပြနိုင်သည့် ပေးဆပ်မှုများပင် ဖြစ်သည်။

ဒေလီမြို့၏ လေထု အရည်အသွေးသည် ပုံမှန်အားဖြင့် ၄၀၀ ထက် ကျော်လွန်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဘေးကင်းလုံခြုံမှု သတ်မှတ်ချက်ထက် အဆ ၂၀ ပိုများနေသည်။

အိန္ဒိယနိုင်ငံသားတွေရဲ့ နိုင်ငံခြားသွားလိုသော အိပ်မက်ကို သရုပ်ဖော်ပြထားစဉ်

၂၀၂၃ ခုနှစ် Lancet ကျန်းမာရေး ဂျာနယ်၏ လေ့လာချက်အရ လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယနိုင်ငံသား ၂ ဒသမ ၁ သန်းကျော် နှစ်စဉ် သေဆုံးနေရပြီး ကမ္ဘာ့လေထု အညစ်ညမ်းဆုံး မြို့ ၂၀ အနက် ၁၄ မြို့မှာ အိန္ဒိယ၏ မြို့များဖြစ်သည်။

လေထုညစ်ညမ်းမှုအပြင် စစ်ဆေးရေးဂိတ်များတွင် ပေးရသည့် တရားမဝင်ငွေကြေးများ၊ မြေဝယ်မည်ဆိုပါက ကြားပွဲစား ငှားရင်ငှား၊ သို့မဟုတ်ပါက နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည့် ဥပဒေကြောင်းအရ အငြင်းအခုံများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ထိုအခြေအနေများသည် မူဝါဒ အမှားသက်သက်သာ မဟုတ်ဘဲ လူအများစု၏ သိက္ခာသည် အကြီးအကျယ် ခိုးယူခံနေရခြင်းလည်း ဖြစ်သည်။

ထိုစနစ် အမှားကြီးဖြင့် အကျိုးအမြတ် ရနေသူများသည် ထိုစနစ်ကြီးကို ပြုပြင်ပြောင်းလဲမှုများ မလုပ်နိုင်အောင် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြသဖြင့် ခိုင်မာစွာ တည်ရှိနေခြင်းဖြစ်သည်။

အိန္ဒိယ၏ ပညာတတ်များ ပြည်ပသို့ထွက်ခွာမှု သို့မဟုတ် ဦးဏှောက် ယိုစီးမှုတွင် အမျိုးသမီးများလည်း ပါဝင်နေသည်။

ပြည်ပသို့ ထွက်ခွာသွားသည့် အမျိုးသမီးများအတွက် အဓိက တွန်းအားသည် လစာငွေကြောင့် မဟုတ်ဘဲ လွတ်လပ်ခွင့်ကြောင့် ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။

အမျိုးသမီးများ အနေဖြင့် ည ၁၀ နာရီတွင် ဘေးအန္တရာယ်ကို ကြောက်ရွံ့ နေစရာမလိုဘဲ ရထားဘူတာကို လမ်း လျှောက် သွားနိုင်သည့် လွတ်လပ်ခွင့်၊ အမျိုးသား လုပ်ဖော်ကိုင်ဖက် တစ်ဦးနှင့် လူမှုရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ မရှိဘဲ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ခွင့်နှင့်  မိသားစုတွေ့ဆုံပွဲတိုင်းတွင် အမျိုးသမီး တစ်ဦး၏ အိမ်ထောင်မှု တာဝန်ထက် ဘာကြောင့် အလုပ်က ပိုပြီးအရေးကြီး နေသနည်းဆိုသည့် မေးခွန်းထုတ် စစ်ဆေး မေးမြန်းမှုတွေကို မခံယူရတော့သည့် လွတ်လပ်ခွင့်များဖြစ်သည်။

“အိန္ဒိယမှာ ကိုယ့်ရဲ့ကိုယ်ပိုင် စည်းကမ်းချက်တွေနဲ့ နေထိုင်ရဖို့ တော်တော်ခက်ခဲပါတယ်။ အကုန်လုံးကို လိုက်ပြီး ညှိနှိုင်းနေရပါတယ်။ ပြည်ပမှာတော့ ကျမ ဘာမှ ညှိနှိုင်းနေစရာ မလိုဘူး။ ကျမ ရှင်သန်နေရုံပါပဲ” ဟု ကနေဒါကို ထွက်ခွာသွားတဲ့ ပြည်သူ့ကျန်းမာရေး သုတေသီတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်း မြင့်မားသော်လည်း မူဝါဒများ မရေရာခြင်း (ဥပမာ- နောက် ကြောင်းပြန် အခွန်ကောက်ခြင်း၊ ငွေစက္ကူဖျက်သိမ်းခြင်း) တို့ကြောင့် ရေရှည်စီမံကိန်းများမှာ လောင်းကစားကဲ့သို့ ဖြစ်နေသည်။ 

စနစ်၏ ခန့်မှန်းရခက်မှုသည် ရင်းနှီးမြှုပ်နှံသူများကို တွန့်ဆုတ်စေသည်။

အိန္ဒိယတွင် "Smart Cities" စီမံကိန်းများ ရှိသော်လည်း မြို့ကြီးများတွင် ရေကြီးခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် သယ်ယူပို့ဆောင်ရေး အားနည်းခြင်းတို့မှာ နေ့စဉ်ပြဿနာ ဖြစ်နေသည်။

ကျန်းမာရေးဘတ်ဂျက် နည်းပါးမှုကြောင့် ကိုဗစ် ကပ်ရောဂါ ကာလတွင် ကျန်းမာရေး စနစ်တစ်ခုလုံး ပြိုလဲခဲ့ရ သလို၊ ပညာရေးစနစ်မှာလည်း အဆင့်မီရန် လိုအပ်နေဆဲဖြစ်သည်။

အဂတိလိုက်စားမှုသည် နိုင်ငံရေးနှင့် စီးပွားရေး ယန္တရားအတွင်း အမြစ်တွယ်နေပြီး ဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် လုပ်ငန်းစဉ်တိုင်းတွင် လာဘ်ပေးလာဘ်ယူ ပြုလုပ်နေရခြင်းတို့သည် နိုင်ငံသားတို့၏ သိက္ခာကို ထိခိုက်စေပြီး ပြည်တွင်းတွင် နေထိုင်လိုစိတ်ကို ကုန်ဆုံးစေသည်။

ယခု အခြေအနေနှင့် ပတ်သက်ပြီး အွန်လိုင်းပေါ်ရှိ ဆွေးနွေးမှု တစ်ခုအတွင်း မှတ်ချက်ပေးသူတစ်ဦးက ယခုကိစ္စ တစ်ခုလုံးကို စာတစ်ကြောင်းတည်းဖြင့် အနှစ်ချုပ်ဖော်ပြခဲ့သည်။

“ခံစားချက်ကို မပြင်ပါနဲ့၊ စနစ်ကိုပဲ ပြင်ပါ။ အိန္ဒိယအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာက ရှိပြီးသားပါ” ဟု ရေးသားခဲ့ သည်။

ထို့ကြောင့် အိန္ဒိယခေါင်းဆောင်များ ဖြေရှင်းရမည့် အချက်မှာ ပြည်ပရောက် အိန္ဒိယအသိုင်းအဝိုင်းများကို ဂုဏ်ပြု သည့် အခမ်းအနားများကိုသာ အရေးတယူ ကျင်းပနေရမည် မဟုတ်ဘဲ ဘတ်ဂျက်ခွဲဝေမှုများ၊ ဥပဒေပြုရေးနှင့် ဥပဒေစိုးမိုးရေး ကိစ္စရပ်များသာဖြစ်သည်။

ထိုအခြေအနေများကို မပြောင်းလဲသရွေ့ အိန္ဒိယနိုင်ငံသားများ အပြည့်တင်ထားသည့် လေယာဉ်များသည် ပြည်ပနိုင်ငံများသို့ ဆက်လက် ထွက်ခွာနေကြဦးမည်သာ ဖြစ်သည်။

Source: Asia Times

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းနိုင်ငံကို တွေ့ရစဉ်

ထိုင်း၏ ဘတ်ဂျက်လိုငွေပြမှုနှင့် ဘဏ္ဍာရေးအန္တရာယ်

By CNI
CNI
Category: ဆောင်းပါး
Hits: 478

CNI International Article 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

စာဖတ်သူများအနေဖြင့် ၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်လာလိမ့်မည်ဟု ယုံကြည်ချင်သည်ဆိုပါက စာရေးသူအနေဖြင့် မိနစ်ပိုင်းအတွင်း ရှင်းပြနိုင်ပါသည်။

စာဖတ်သူများအနေဖြင့် ကိန်းဂဏန်းများနှင့် အချက်အလက်များကို လေ့လာသုံးသပ်နိုင်ရန်အတွက် ထိုင်း စီးပွားရေး၏ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် (ခန့်မှန်း) ဘဏ္ဍာရေး အခြေအနေများကို ရှင်းပြပေးမည်ဖြစ်သည်။

ထိုကိန်းဂဏန်းများက ထိုင်းနိုင်ငံတွင် စီးပွားရေးကို ထောက်ပံ့ရန် ဘဏ္ဍာငွေ ရှာဖွေနိုင်စွမ်း လုံးဝမရှိတော့ကြောင်း သက်သေပြနေသည်။ 

အကြောင်းအရင်းမှာ ဘဏ်လုပ်ငန်းကဏ္ဍသည် ချေးငွေ ထုတ်ပေးနိုင်စွမ်း မရှိတော့ခြင်းကြောင့် ဖြစ်သည်။ 

ထိုင်းစီးပွားရေး၏ ရန်ပုံငွေ လိုအပ်ချက်မှာ ပြည်ပမှ ငွေကြေးထောက်ပံ့မှု အပေါ်တွင်သာ အလုံးစုံ မှီခိုနေရပြီး အနာဂတ်တွင်လည်း ထိုအတိုင်းသာ ဖြစ်နေလိမ့်မည်ဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် ပြည်ပမှ ဘဏ္ဍာငွေ ရှာဖွေနိုင်မှုမှာ ဒေါ်လာ ၃၁ ဒသမ ၇ ဘီလျံ (ဘတ်ငွေ ၁ ထရီလီယံနီးပါး) ရှိခဲ့သည်။

ထိုင်းငွေကြေး စနစ်ကို ပြသထားစဉ်

ထိုပမာဏသည် ဘတ် ၆၀၀ ဘီလီယံရှိသော ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်ဆည်းရန် လုံလောက်ရုံတင်မကဘဲ၊ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ဘဏ်ချေးငွေများနှင့် သက်တမ်းစေ့သွားသည့် ဒီဘင်ချာ ငွေချေးလက်မှတ် (အကြွေး စာချုပ်) များကို ပြန်လည် ပေးဆပ်နိုင်ရန် အတွက်ပါ လုံလောက်သော ပမာဏ ရှိခဲ့သည်။

သို့သော် ၂၀၂၆ ခုနှစ်အတွက် ခန့်မှန်းချက်မှာ ၂၀၂၅ ခုနှစ်ကလောက် အခြေအနေ မကောင်းနိုင်ပေ။ 

အဘယ်ကြောင့်ဆိုသော် ပြည်ပမှ ဘဏ္ဍာငွေ ရှာဖွေနိုင်မှုသည် ဘတ် ၄၅၀ ဘီလျံ (ဒေါ်လာ ၁၅ ဘီလျံ) အထိ ထက်ဝက်ခန့် လျော့ကျသွားနိုင်သောကြောင့် ဖြစ်သည်။

ထိုပမာဏသည် ဘတ် ၈၆၀ ဘီလျံရှိသော ဘတ်ဂျက်လိုငွေပြမှု၊ ဘတ် ၁၈၆ ဘီလျံရှိသော ပြန်လည်တောင်းခံထား သည့် ချေးငွေများနှင့် ဘတ် ၁၃၅ ဘီလျံရှိသော သက်တမ်းစေ့ ဒီဘင်ချာငွေချေး လက်မှတ်များကို ဖြည့်ဆည်းပေး ရန် လုံလောက်မှု မရှိတော့ပေ။

၂၀၂၆ ခုနှစ်အတွက် လိုအပ်မည့် စုစုပေါင်း ပြည်ပဘဏ္ဍာငွေမှာ ဘတ် ၁ ဒသမ ၂ ထရီလျံ (ဒေါ်လာ ၄၀ ဘီလျံ) ဖြစ်ပြီး ထိုပမာဏကို ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ထို့ကြောင့် ရလဒ်အနေဖြင့် ပြင်းထန်သော ငွေဖြစ်လွယ်မှု/ငွေပေါ်လွယ်မှု ပြတ်လပ်ခြင်း သို့မဟုတ် ငွေကြေး လည်ပတ်နိုင်မှု ဆိုးရွားစွာ ပြတ်တောက်သွားခြင်း (Severe liquidity crunch) ဖြစ်ပေါ်လာမည်ဖြစ်ပြီး၊ ၁၉၉၇ ခုနှစ်က ဖြစ်ပွားခဲ့သော ဘဏ္ဍာရေး အကျပ်အတည်းမျိုး ဖြစ်လာစေနိုင်သည်။

ထိုင်း ATM စက်များကိုတွေ့ရစဉ်

ဥပမာ ပြရမည်ဆိုပါက Severe liquidity crunch ဆိုသည်မှာ ဘဏ်များတွင် ချေးငွေထုတ်ပေးရန် ငွေမလုံ လောက်ခြင်း၊ ကုမ္ပဏီများ လစာပေးရန် ငွေမရှိခြင်းနှင့် လူများက ATM မှ ငွေထုတ်၍ မရခြင်းတို့ဖြစ်သည်။

စီးပွားရေးပညာရှင် တစ်ဦးဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီး အခ်နီတီ နီသီသန်ပရာပတ် (Ekniti Nitithanprapas) အနေဖြင့် ငွေကြေးဆိုသည်မှာ ကောင်းကင်မှ အလိုလို ကျလာလိမ့်မည် မဟုတ်သလို သစ်ပင်များမှလည်း သီးပွင့် လာလိမ့်မည် မဟုတ်ကြောင်း နားလည် သဘောပေါက်သင့်သည်။

ငွေကြေးကို အရင်းအမြစ် နှစ်ခုမှ ဖန်တီးပေးခြင်းဖြစ်သည်။ ပထမအရင်းအမြစ်မှာ ပြည်တွင်းချေးငွေ တိုးချဲ့ခြင်း ဖြစ်ပြီး ပညာရပ်ပိုင်းဆိုင်ရာအရ Net Domestic Assets (NDA) ဟု ခေါ်ဆိုသည်။ ဒုတိယအရင်းအမြစ်မှာ ပြည်ပမှ အရင်းအနှီးများ စီးဝင်လာခြင်းဖြစ်ပြီး ပညာရပ်ပိုင်းအရ Net Foreign Assets (NFA) ဟု ခေါ်ဆိုသည်။

၂၀၂၃ ခုနှစ်တွင် ငွေကြေးကို ပြည်တွင်း ချေးငွေမှတဆင့် ထုတ်လုပ်ခြင်းက ပိုမိုကောင်းမွန်သည်။ 

ပြည်ပ အရင်းအမြစ်များအပေါ် မှီခိုလွန်းခြင်းသည် စီးပွားရေးကို မတည်မငြိမ် ဖြစ်စေနိုင်ပြီး ၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံ ကြုံတွေ့ခဲ့ရသော Tom Yum Kung crisis စီးပွားရေး ပျက်ကပ်ကဲ့သို့ အန္တရာယ်များကို ဖြစ်ပေါ်စေ နိုင်သည်။

ပြည်ပမှ အရင်းအနှီးများ စီးဝင်သည့် (NFA) အလွန်အကျွံ များပြားလာချိန်တွင် ထိုသို့ စီးဝင်လာမှုကြောင့် ဖြစ်ပေါ် လာသော ပိုလျှံနေသည့် ငွေဖြစ်လွယ်မှု၊ ပိုလျံငွေပေါ်လွယ်မှု (Excess liquidity) ကို ဗဟိုဘဏ်က ပြန်လည် ထိန်းညှိရန် စီးပွားရေး စာအုပ်များနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အကြံပြုထားသည်။

ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အန္တရာယ်ဇုန်အတွင်းသို့ စတင်ဝင်ရောက်ခဲ့သည်။ ထိုအချိန်တွင် ဘဏ်လုပ်ငန်း ကဏ္ဍသည် ချေးငွေအသစ်များ ထုတ်ပေးခြင်းကို သိသိသာသာ လျှော့ချခဲ့သဖြင့် ပြည်တွင်းပိုင်ဆိုင်မှု (NDA) ကျဆင်းခဲ့သည်။

ထိုင်းဗဟိုဘဏ်သည် ဘဏ်လုပ်ငန်းစနစ်ကို ပြုပြင်ပေးမည့်အစား ချို့ယွင်းနေသော ဘဏ်များကြောင့် ဖြစ်ပေါ် လာသည့် ငွေဖြစ်လွယ်မှု ပြတ်လပ်ခြင်းကို ဖြေရှင်းရန်အတွက် ငွေကြေးပမာဏ (Money Supply) ကို ၂ ဆ တိုးမြှင့်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင်မူ အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့သည်။

ဘဏ်လုပ်ငန်းစနစ်သည် လက်တွေ့တွင် နှေးကွေးလေးလံလာပြီး ချေးငွေအသစ်များ ထုတ်ပေးခြင်းကို ရပ်တန့် လိုက်သည်။ ထို့ပြင် ဘတ် ၁၄၈ ဘီလျံရှိသော အရစ်ကျ ချေးငွေများကိုပင် ပြန်လည်သိမ်းဆည်းခဲ့သဖြင့် NDA မှာ အနုတ်လက္ခဏာ ဖြစ်သွားခဲ့သည်။

စီးပွားရေး သီအိုရီအရဆိုလျှင် ပြည်တွင်း၌ ငွေဖြစ်လွယ်မှု ဆိုးရွားစွာ ပြတ်လပ်နေသဖြင့် ထိုနှစ်မှာပင် ဒီဘင်ချာ အကြွေးစာချုပ် စျေးကွက်မှစပြီး စီးပွားရေးပြိုလဲသွားသင့်ပြီ ဖြစ်သည်။

သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေး ခြိမ်းခြောက်မှုများနှင့် မသေချာ မရေရာမှုများက စီးပွားရေး ပြိုလဲမည့် အခြေအနေကို ကယ်တင်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။

ထိုင်းငွေကြေးကို တွေ့ရစဉ်

၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းသွားသောကြောင့် ရင်းနှီးမြှုပ်နှံသူများက စိတ်ချရသော ထိုင်းဘတ်ငွေထဲသို့ ငွေများအလုံးအရင်းနှင့် ပြောင်းရွှေ့ထည့်သွင်းခဲ့ကြသည်။

ထို့ပြင် အမေရိကန်သို့ ကုန်ပစ္စည်းများ အမြောက်အမြား တင်ပို့ရောင်းချခဲ့ရသောကြောင့် နိုင်ငံအတွင်းသို့ ငွေ အမြောက်အမြား စီးဝင်ခဲ့သည်။

ရလဒ်အနေဖြင့် ပြည်ပမှ စီးဝင်လာသော ထိုငွေများကြောင့် ထိုင်းနိုင်ငံတွင် ငွေကြေး ပြတ်လပ်မှုမရှိဘဲ စီးပွားရေး ဆက်လက် လည်ပတ်နိုင်ခဲ့သည်။

၂၀၂၆ ခုနှစ်တွင်မူ ပြည်ပမှ ငွေဝင်နှုန်းမှာ ယခင်နှစ်ကထက် ထက်ဝက်ကျော်ခန့် လျော့ကျသွားမည်ဟု ခန့်မှန်းရပြီး ပို့ကုန်မှရမည့် ဝင်ငွေများမှာလည်း ယခင်ကဲ့သို့ များပြားတော့မည် မဟုတ်ပါ။

ဝင်ငွေနည်းသွားသော်လည်း အစိုးရက ဘတ်ဂျက်တွင် ဘတ် ၈၆၀ ဘီလျံ လိုငွေပြသည့် အခြေအနေအထိ ငွေကြေးသုံးစွဲရန် စီစဉ်ထားသည်။ 

ထို့ကြောင့် စီးပွားရေး တိုးတက်မှုနှုန်းနှင့် အစိုးရ၏ အသုံးစရိတ်ကြားတွင် ဘတ် ၅၄၀ ဘီလီယံခန့် ကွာဟနေပြီး ထိုပမာဏကို ဖြည့်ဆည်းရန် နည်းလမ်းမရှိသလောက် ဖြစ်နေသည်။

ခြုံငုံသုံးသပ်ရမည်ဆိုပါက ထိုင်းစီးပွားရေးသည် မိမိဘာသာ ရပ်တည်နိုင်စွမ်းမရှိဘဲ ပြည်ပမှ ငွေကြေးစီးဝင်မှု အပေါ်တွင်သာ မှီခိုနေရသည်။

အကယ်၍ လိုအပ်နေသော ငွေကြေးပမာဏကို မရှာဖွေနိုင်ပါက ၁၉၉၇ ခုနှစ်ကကဲ့သို့ ပြင်းထန်သော စီးပွားရေး ပျက်ကပ်မျိုး ထပ်မံကြုံတွေ့ရနိုင်ပေသည်။

Source: ဘန်ကောက်ပို့စ်

 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

မြန်မာနှင့် ပါကစ္စတန် ဘာတွေ ဆွေးနွေးလဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 570

 

CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆

မြန်မာနိုင်ငံ၏ နိုင်ငံခြား‌ရေးဝန်ကြီး ဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ၏ ဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးတို့ ပါကစ္စတန်နိုင်ငံမှ တွေ့ဆုံ၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်က အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက် ရေးကိစ္စ၊ နှစ်နိုင်ငံအကြား စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြုရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် နည်းပညာကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့်  ကုလ သမဂ္ဂ၊ အာဆီယံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ၊ အာဆီယံ ဒေသဆိုင်ရာဖိုရမ် (ARF)တို့ အပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးတို့သည် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲ တည်ထောင်ခြင်းဆိုင်ရာ အစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

နှစ်နိုင်ငံပူးတွဲ သတင်းစာ ရှင်းလင်းပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်က စတင် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပါကစ္စတန် ခရီးစဉ်သည် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သော် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

 

Share
Tweet
Share
Share
powered by social2s
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ နှစ်သစ်ကူး ကျင်းပစဉ်

နှစ်သစ်ကူးခရီးသွားကဏ္ဍမှ ဘတ် ၇၆.၅ ဘီလီယံရဖို့ ထိုင်း မျှော်မှန်း

By CNI
CNI
Category: Travel
Hits: 2933

CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၂၇

ထိုင်းနိုင်ငံတွင် နှစ်သစ်ကူး ခရီးသွားလုပ်ငန်းဝင်ငွေမှာ ဘတ် ၇၀.၁ ဘီလီယံမှ ၇၆.၅ ဘီလီယံအထိ ရှိလာမည်ဟု ထိုင်းနိုင်ငံခရီးသွားလာရေး အာဏာပိုင်အဖွဲ့ (TAT)က ခန့်မှန်းထားကြောင်း The Nation မှဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင် ရေကြီးမှုများနှင့် နယ်စပ်ပဋိပက္ခများကြောင့် နိုင်ငံခြားသားဝင်ရောက်မှု လျော့နည်းသွားသော် လည်း ပြည်တွင်းခရီးသွားလာမှု တိုးတက်လာသည့်အတွက် ဝင်ငွေသည် ယခင်နှစ်ထက် ၂ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသာ ကျဆင်းသွားခြင်းဖြစ်ကြောင်း TAT က ဆိုသည်။

TAT အုပ်ချုပ်ရေးမှူး သာပနီ ကီယတ်ဖိုင်ဘွန်း( Thapanee Kiatphaibool)က နိုင်ငံခြားသား ခရီးသွား ဈေးကွက် မှာ နှေးကွေးသွားမည်ဟု ခန့်မှန်းရသော်လည်း ပြည်တွင်း ခရီးသွားလာမှုမှာမူ ခရီးသွား အရေအတွက်နှင့် ဝင်ငွေ နှစ်မျိုးစလုံး မြင့်တက်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ခရီးသွားများကိုတွေ့ရစဉ်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်အတွင်း နိုင်ငံခြားသား ဝင်ရောက်မှု ၁.၄ သန်းမှ ၁.၅ သန်းအထိ ရှိလာမည်ဟု TAT က ခန့်မှန်းထားသည်။

ထိုပမာဏအရ  ယခင်နှစ်ထက် ၆ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ လျော့နည်းသွားခြင်းဖြစ်ကာ ဝင်ငွေအားဖြင့် ဘတ် ၅၁.၆ ဘီလီယံမှ ၅၈ ဘီလီယံအထိ ရရှိနိုင်ပြီး ရာခိုင်နှုန်းအားဖြင့် ၄ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခြင်းဖြစ်သည်။

နှစ်သစ်ကူး ကာလအတွင်း ထိုင်းနိုင်ငံသို့ အဓိက ဝင်ရောက်မည့် ထိပ်တန်း ၁၀ နိုင်ငံမှာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ မလေးရှား၊ တောင်ကိုရီးယား၊ ဗြိတိန်၊  စင်္ကာပူ၊ အမေရိကန်၊ အရှေ့ဥရောပနှင့် ဂျာမနီနိုင်ငံတို့ ဖြစ်မည်ဟု TAT က ခန့်မှန်းထားသည်။

Tripadvisor ၏ ၂၀၂၅ ဆောင်းရာသီ ခရီးသွားလာမှု အညွှန်းကိန်း အစီရင်ခံစာ (Winter Travel Index Report 2025) အရ ဘန်ကောက်မြို့တော်သည် လန်ဒန် (Landon) ၊ ကန်ကွန် (Cancun) နှင့် ပဲရစ် (Paris) မြို့တို့နှင့်အတူ ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဆောင်းရာသီ ခရီးသွား နေရာများထဲမှ တစ်ခုအဖြစ် အသိအမှတ်ပြု ခံခဲ့ ရသည့်အပြင် ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းမီဒီယာများနှင့် အွန်လိုင်းခရီးသွားအေဂျင်စီ (OTAs) အမြောက်အမြား၏ အဆင့် သတ်မှတ်ချက်များတွင်လည်း ပါဝင်ခဲ့ကြောင်း သာပနီက ပြောပြခဲ့သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က CenterlWord ကို တွေ့ရစဉ်

အထူးသဖြင့် တရုတ်နိုင်ငံတွင် ထိုင်းနိုင်ငံ၏ ပုံရိပ်မှာလည်း တိုးတက်ကောင်းမွန်လျက်ရှိပြီး တရုတ် အွန်လိုင်း ခရီးသွား အေဂျင်စီများ၏ အချက်အလက်များအရ ထိုင်းနိုင်ငံအပေါ် စိတ်ဝင်စားမှုနှင့် အပြုသဘောဆောင်သော ရှုမြင်မှုများ ပိုမိုမြင့်တက်လာကြောင်း သိရသည်။

နိုဝင်ဘာလအတွင်း ထိုင်းဘုရင်နှင့် မိဖုရားတို့၏ တရုတ်နိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အပြီးတွင် Baidu နှင့် Ctrip လူမှုမီဒီယာများတွင် “Thailand” ဟူသည့် စကားလုံးဖြင့် ရှာဖွေမှုများ မြင့်တက်လာခဲ့ပြီး၊ ထိုင်းနိုင်ငံသို့ ခရီးသွားရန် စိတ်ဝင်စားမှုအသစ်များ ပြန်လည်နိုးထလာခြင်းကို ပြသနေခြင်းဖြစ်သည်။

တရုတ် လူမှုကွန်ရက် ပလက်ဖောင်းများဖြစ်သော Weibo နှင့် Xiaohongshu တို့တွင်လည်း ထိုင်းနိုင်ငံအား ဘေးကင်းခြင်း၊ ဖော်ရွေခြင်းနှင့် သွားလာရ အဆင်ပြေခြင်းတို့ဖြင့် ဖော်ပြထားသည့် အကြောင်းအရာများ  မျှဝေမှုနှုန်း မြင့်တက်လာကြောင်း TAT က ပြောကြားခဲ့သည်။

Source: The Nation

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်ကို မဟာမိတ်အဖွဲ့ထိန်းချုပ်ထားစဉ်(ဓာတ်ပုံ-မဲခေါင်သတင်း)

တပ်က မန္တလေး-မူဆယ်လမ်း မဖြစ်ဖြစ်အောင် ပြန်ဖွင့်လာနိုင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 863

CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉

တပ်မတော်အနေဖြင့် မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းမကြီးအား မဖြစ်ဖြစ်အောင် ပြန်ဖွင့်နိုင်ခြေရှိသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာန သို့ ပြောသည်။

မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးတွင် အဓိက နေရာများဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်နှင့် မူဆယ်မြို့များရှိသည်။

မန္တလေး -လားရှိုး- မူဆယ် ကားလမ်းမကြီးသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အထောက်အကူ ပြုသည့် အဓိက လမ်းမကြီးဖြစ်ရာ လက်ရှိအချိန်တွင် MNDAA၊ KIA၊ TNLA အဖွဲ့အစည်းတို့ လှုပ်ရှားနေခြင်းကြောင့် ကုန်သွယ်ရေးလမ်းမှာ ရပ်တန့်ထားရသည်။

TNLA ထိန်းချုပ် သိမ်းပိုက်ထားသည့် ထိုလမ်းမကြီးရှိ နောင်ချို၊ သီပေါ၊ ကျောက်မဲ မြို့များကို တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို လက်ရှိအချိန်တွင် မိုးကုတ်- မိုးမိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ မိုးမိတ်မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် နောက် အဆင့်များအနေဖြင့် မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းအား မဖြစ်ဖြစ်အောင် ပြန်ဖွင့်နိုင်ခြေရှိသည်ဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။ 

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်(ဓာတ်ပုံ-မဲခေါင်သတင်း)

၎င်းက “ဒါကတော့ တစ်ဆင့်ချင်း သွားမယ်နဲ့တူပါတယ် (Step By Step) ပေါ့၊ အောက်တိုဘာ ၂၉ မှာရတဲ့ သဘော တူညီချက်က နိုဝင်ဘာ ၂၉၊ ၃၀ မှာ အပြီး ဆောင်ရွက်တယ်၊ နောက်အဆင့်တွေ ရှိအုံးမယ်ထင်တယ် ကျနော် ထင်တာ။ နောက်အဆင့်တွေက မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းကြီး ပြန်ပွင့်ဖို့အတွက် တပ်ချရမယ့် တပ်ထိုင်ရမယ့် ကိစ္စတွေ နောက်ပိုင်းမှာ သူနယ်မြေအတွက် ပူးပေါင်းပါဝင်ရမယ့်ကိစ္စတွေ တဖြေးဖြေး တဆင့်ပြီး တဆင့် လာမယ်လို့တော့ ကျနော် ယူဆတယ်။ မဖြစ်ဖြစ်အောင်တော့ ဖွင့်မယ်ထင်တယ်၊ ဘာလို့ဆိုတော့ ကိုးကန့် နဲ့လည်း ညှိထားပြီးပြီလေ၊ “ဝ”ဆိုတာလည်း နဂိုထဲက တပ်မတော်ရဲ့  မဟာမိတ်ဖြစ်နေတယ်။ တရုတ်ကလည်းပဲ လမ်းဖွင့်ဖို့က ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ဖို့နဲ့ အလုပ်တွေ ဆက်စပ်ဖို့က ဒီလမ်းက အရေးကြီးနေတဲ့ အခါကျ တော့ တရုတ်ရဲ့ (Interest)  ရော၊ ဗမာပြည်ရဲ့  (Interest) ရော၊ တပ်မတော်ရဲ့ အကျိုးစီးပွားရော အားလုံး ဆက်စပ် နေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် အဲဒီဟာတွေ အားလုံးက ညှိညှိနှိုင်းနှိုင်းနဲ့ ဖြစ်သွားနိုင်ပါတယ်” ဟု ပြောသည်။ 

မန္တလေး - မူဆယ် ကုန်သွယ်ရေး လမ်းမကြီး အနေဖြင့် မကြာမီ ပြန်ပွင့်လာနိုင်ကြောင်း၊ စီးပွားရေးကဏ္ဍ အနေဖြင့် တစ်စုံတစ်ရာ အသက်ရှူ ချောင်နိုင်ခြေရှိသည်ဟု တရုတ်- မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော က CNI သတင်းဌာနသို့ ပြောသည်။ 

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က ထွက်လာတဲ့ ကုန်ကားကို TNLA က ကြည့်နေစဉ် (ဓာတ်ပုံ-မဲခေါင်သတင်း)

၎င်းက “ပြန်ပွင့်ကောင်းပွင့်မယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ အခု တရုတ်က သူ့နယ်စပ်ဂိတ်တွေ အကုန်ဖွင့်ပေးလိုက် တာကို၊ KIA ဘက်မှာလည်း သူတော်တော် ဖွင့်ပေးလိုက်ပြီ။ ၅ ဂိတ်စလုံး ဖွင့်ပေးလိုက်တယ်။ အဲ့တော့ ခုနက ကျမ ပြောတဲ့ ယူနန်ပြည်နယ်ရဲ့ Strategy မှာလည်း ဒါတွေပါတယ်။ ဒီနယ်စပ်ဂိတ်တွေ ကနေပြီးတော့ ဗမာပြည်တွင်း က စက်မှုလက်မှု Value added လို့ ခေါ်တာပေါ့နော်။ တန်ဖိုးမြှင့်နိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ယူနန်ပြည်နယ် ဘက်ကို သယ်ပြီး ယူနန်ပြည်နယ်မှာ စက်ရုံတွေဘာတွေ ဆောက်ပြီးတော့ ဒါကို ပိုပြီးတော့ အဆင့်မြှင့်တဲ့ဟာတွေ လုပ်‌ရေး ဘာရေး အများကြီးပဲဗျာ၊ သူ့ရဲ့  Strategy မှာပါတယ်။ ဒါပေမယ့်လို့ ကျမကြည့်တာ တစ်စုံတစ်ရာတော့ စီးပွားရေးအရ နည်းနည်း အသက်ရှူတော့ ချောင်ရင်ချောင်သွားမယ်၊ သို့သော်လည်း ဒီစစ်တပ်ရဲ့ အခြေခံ စိတ်နေ စိတ်ထားကိုက ပြည်သူလူထု အကျိုးအတွက် လုပ်တာမဟုတ်တော့ အခုကြားနေရသလိုပဲပေါ့ဗျာ လက်လီ/ လက္ကားကိစ္စ ဘာကိစ္စ ညာကိစ္စနဲ့ လူထုရဲ့ မကျေနပ်မှုနဲ့ကတော့ ဘာမှသိပ်ထူးခြားမယ်လို့ မထင်ဘူးဗျ။ လတ်တ လော အားဖြင့် စီးပွားရေးလေးဘာလေး တစ်စုံတစ်ရာ တည်ငြိမ်သွားတာလေးတော့ ဖြစ်ချင်ဖြစ်နိုင်တာ‌ပေါ့ဗျာ” ဟု ပြောသည်။ 

တပ်မတော်အနေဖြင့် မန္တလေး- မူဆယ်လမ်းမကြီးအား ထိန်းချုပ်နိုင်ခြင်းသည် ရှမ်းမြောက်ဒေသ တစ်ခုလုံးကို သာမက တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးကိုပါ ထိန်းချုပ်နိုင်မည်ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ် သူများက ထောက်ပြကြသည်။ 

လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ်လမ်းကို တရုတ်နှင့်တပ် မတော်ဘက်က ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီထားသည်။

သို့သော်လည်း TNLA က ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ကုန်ကားများကို အခွန်ကောက်လိုကြောင်း သဘော ထား ရပ်တည်ထားပြီး တရုတ်နှင့်တပ်မတော်ဘက်က အခွန်ကောက်ခွင့် မပြုလိုကြောင်း သဘောထား ရပ်တည် ထား၍ ညှိနှိုင်းနေဆဲဖြစ်သည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းနိုင်ငံအတွင်း ခရီးသွားများကို တွေ့ရစဉ်

ထိုင်းနိုင်ငံ ပြည်ပခရီးသွားဝင်ရောက်မှု ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျ

By CNI
CNI
Category: Travel
Hits: 3201

CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၄

ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း ပြည်ပခရီးသွား ၂၄ ဒသမ ၁၁ သန်း ရောက်ရှိခဲ့ကြောင်း ထိုင်းခရီးသွားလာရေးနှင့် အားကစားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ထိုပမာဏအရ ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပြည်ပခရီးသွား ဝင်ရောက်မှု ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ် ၁ ဒသမ ၁၁ ထရီလျံ ရရှိခဲ့သည်ဟု ဆိုသည်။

ယခုနှစ် ပထမ ၉ လတာ ကာလဖြစ်သည့် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း ထိုင်းနိုင်ငံအတွင်းသို့ ပြည်ပခရီးသွား ၂၄,၁၁၅,၃၂၈ ဦး ရောက်ရှိခဲ့ပြီး ထိုအရေအတွက်သည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၅၆ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယခုနှစ်အတွင်း ထိုင်းတွင် ပြည်ပခရီးသွားများထံမှ ဘတ် ၁,၁၁၃,၇၅၅ သန်း ရရှိခဲ့သော်လည်း ယခင်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၈၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

ယခုနှစ် ပထမ ၉ လတာ ကာလအတွင်း ထိုင်းနိုင်ငံသို့ လာရောက်မှု အများဆုံး ထိပ်သီး ၁၀ နိုင်ငံမှ ပြည်ပခရီးသွား များမှာ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်၊ ထိုင်ဝမ်နှင့် စင်္ကာပူနိုင်ငံ တို့မှ ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ခရီးသွားများကို တွေ့ရစဉ်

ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု ကျဆင်းသွားသော်လည်း ခရီးစဉ်တစ်ခုလျှင် ခရီးသွားများ၏ ပျမ်းမျှ အသုံးစရိတ်သည် တိုးလာခဲ့သည်။

ယခုနှစ်အတွင်း ခရီးစဉ် တစ်ခုချင်းစီတွင် လူတစ်ဦးအလိုက် ပျမ်းမျှ အသုံးစရိတ်မှာ ဘတ်ငွေ ၄၆,၀၀၀ ရှိပြီး ခန့်မှန်းခြေအားဖြင့် ၁ ဒသမ ၇၄ ရာခိုင်နှုန်း မြင့်တက်လာသည်။

ပြည်ပခရီးသွား လုပ်ငန်းအပြင် ပြည်တွင်းခရီးသွား လုပ်ငန်းမှာမူ တိုးတက်လာခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း ပြည်တွင်းခရီးသွား ၁၄၈ ဒသမ ၇ သန်း ရှိခဲ့ကာ ပြီးခဲ့သည့်နှစ် ကာလတူက ပြည်တွင်းခရီးသွား အရေအတွက်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၈၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ထို့ကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည် ဘတ် ၈၅၄,၃၅၁ သန်းရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ၄ ဒသမ ၃၃ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: The Nation

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ATM စက်တွင် ငွေထုတ်ရန် တန်းစီနေကြသူများ

မြန်မာနိုင်ငံ၌ အုပ်ချုပ်ရေးနှင့် စီးပွားရေးတို့ကို ကွဲပြားစွာမြင်သင့်ဟု ပြော

By CNI
CNI
Category: စီးပွားရေး
Hits: 1220

CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆

မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးနှင့် စီးပွားရေးကို ကွဲပြားစွာမြင်သင့်ကြောင်း၊ အုပ်ချုပ်ရေးအမြင်သည် စီးပွားရေးအမြင်ကို ထိခိုက်၍မရကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

ဟွာဝေးကုမ္ပဏီ၏ စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိကျင်းပခဲ့သည့် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့် အရာရှိများ အစည်းအဝေး၌ ဘဏ်လုပ်ငန်းကဏ္ဍတွင် AIနည်းပညာအသုံးပြုနိုင်ရန် လိုအပ်သည့် အခြေအနေ များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

AIနှင့် ပက်သက်သည့် ဗဟုသုတများ၊ လုပ်ဆောင်ပုံများကို အများပြည်သူယဥ်ပါးအောင် လုပ်ပေးရမည်ဖြစ်ကာ စီးပွားရေးကဏ္ဍ၌ အုပ်ချုပ်ရေးနှင့် ရောယှက်ကာ မရှုမြင်သင့်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေး အောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

“အဓိကဘာလည်းဆိုတော့ IT Awareness ပေါ့။ Awareness ဆိုတာက IT နဲ့ ယဥ်ပါးတဲ့ အမြင်ရှိမှရမှာလေ။ လုပ်ပုံလုပ်နည်း၊ လုပ်ထုံးလုပ်နည်းကို နားလည်တဲ့လူတို့၊ အသုံးပြုမယ့် User တွေကအစ နားလည်မှရမှာလေ။ IT နဲ့ ပတ်သက်လို့၊ AI နဲ့ ပက်သက်လို့ နည်းပညာဗဟုသုတ ဒီဥစ္စာကို ဦးဆောင်တဲ့လူတွေရော ဘဏ်လုပ်ငန်းကို သုံးမယ့်လူတွေရော လိုတယ်။ အကုန်လုံးက ဒီဂျစ်တယ်နဲ့သွားနေတာကို ဒီဂျစ်တယ်နိုင်ငံလုံး ခြုံတဲ့ စီးပွားရေးစနစ်၊ ဒေသလုံး ခြုံတဲ့ စီးပွားရေးစနစ် ဒါတွေနဲ့ သူကသွားကိုသွားရမှာပေါ့။ IT နဲ့ပက်သက်တဲ့၊ AIနဲ့ပက်သက်တဲ့ ပညာဗဟုသုတ၊ လုပ်ပုံလုပ်နည်း၊ လုပ်ထုံးလုပ်နည်း ဟိုအားလုံးယဥ်ပါးအောင်လုပ်ပေးရမယ်။ အများပြည်သူက ယဥ်ပါးအောင်လုပ်ပေးရမယ်။ အဓိက,ကဘာလည်းဆိုတော့ အုပ်ချုပ်ရေးနဲ့ စီးပွားရေးကို ကွဲကွဲပြားပြား နားလည်ဖို့လိုတာပေါ့။ ကျနော်ပြောချင်တဲ့ သဘောတရားကဘာလည်းဆိုတော့ အုပ်ချုပ်ရေးအမြင်သည် ဒီစီးပွားရေးအမြင်ကိုသွားပြီးတော့မထိခိုက်ရဘူး” ဟု ၎င်းက ပြောသည်။

ဘဏ်လုပ်ငန်း လုပ်ကိုင်နေသူများ

ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း၌ AI နည်းပညာအသုံးပြုနိုင်ရန် လိုအပ်သည့်အခြေအနေများ၊ ဘဏ်လုပ်ငန်းတွင် အသုံးချခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်လျော့နည်းစေရေး ဆောင် ရွက်ရမည့် ထိန်းချုပ်မှုလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အစည်းအဝေးတွင် AI နည်းပညာသည် အစိုးရကဏ္ဍ၊ ငွေရေးကြေး ရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ပို့ဆောင် ရေးကဏ္ဍ၊ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ ၊ ကျန်းမာရေးနှင့်ပြည်သူများကို ဝန်ဆောင်မှုပေးနေသည့်ကဏ္ဍများတွင် AI အသုံးပြုမှုအခြေအနေများ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

မည်သည့် အုပ်ချုပ်သူဖြစ်ပါစေ လွတ်လပ်သည့် စီးပွါးရေးကဏ္ဍတစ်ခုကို ဖန်တီးပေးရန်လိုအပ်ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ လွတ်လပ်စွာ လှုပ်ရှား လုပ်ကိုင်နိုင်ပါက တိုင်းပြည်အတွက်ကောင်းမွန်သည့် အခြေအနေမျိုး ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

“ဒီအုပ်ချုပ်ရေးနဲ့စီးပွါးရေးဆိုတာကတော့ အမြဲတမ်း နိုင်ငံတစ်ခုအတွက်အရေးကြီးတဲ့ ကဏ္ဍနှစ်ခုစလုံးဖြစ်ပါ တယ်။ ဒါပေမယ့် ဒီကဏ္ဍတစ်ခုနဲ့ တစ်ခုနဲ့က တစ်ခုပေါ်မှာတစ်ခုက အမြဲတမ်း အမှီသဟဲပြုနေတာလည်း ဖြစ်ပါတယ်။ စီးပွါးရေး ပြိုလဲသွားတဲ့ နိုင်ငံမျိုးပေါ့နော် စီးပွါးရေးမကောင်းတော့တဲ့ နိုင်ငံမျိုးမှာ အုပ်ချုပ်ရေး ကဏ္ဍမှာသွားပြီးတော့ ထိခိုက်မှုတွေရှိနိုင်သလို အုပ်ချုပ်ရေးကဏ္ဍကနေပြီးတော့ စီးပွါးရေးကဏ္ဍကို အတင်းအကျပ်ဖိအားပေးတာမျိုးတွေ လွှမ်းမိုးတာမျိုးတွေလုပ်လာခဲ့မယ်၊ လုပ်ခဲ့မယ်ဆိုလို့ရင်လည်း စီးပွါးရေး လုပ်ငန်းရှင်တွေအပါအဝင် စီပွါးရေးကဏ္ဍမှာ ကျနော်တို့ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုး၊ တိုးတက်သင့်သလောက် မတိုးတက်တဲ့ အခြေအနေမျိုးလည်း ကျနော်တို့ကကြုံတွေရနိုင်ပါတယ်။ ဒီလွတ်လပ်တဲ့စီးပွါးရေးကဏ္ဍတစ်ခုကို ဘယ်အုပ်ချုပ်သူပဲဖြစ်ဖြစ်ဖန် တီးပေးဖို့လိုတယ်ပေါ့နော်။ ဘာကြောင့်လည်းဆို‌တော့ စီးပွါးရေးဆိုတာမျိုးက ကမ္ဘာနဲ့ ရင်ပေါင်တန်းပြီး လုပ်ကိုင်နေရတာဖြစ်ပါတယ်။ ဒီစီးပွါးရေးလုပ်ငန်းတွေအားလုံးက အကောင်းဆုံး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ရင် တိုင်းပြည်အတွက် ပိုပြီးတော့ကောင်းမွန်တဲ့အခြေအနေမျိုးကို ဖန်တီး ပေးနိုင်လိမ့်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရေးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ အိန္ဒိယ၊ ထိုင်း စသည့် နိုင်ငံများဖြင့် လက်တွဲရန် ကြိုးပမ်းနေသလို ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန်လည်း ဖိတ်ခေါ်လျက်ရှိသည်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မလေးရှားပိုက်ဆံကို တွေ့ရစဉ်

မလေးရှားအစိုးရက လူနေမှုစရိတ်လျှော့ချရေး ဒေါ်လာသန်း ၅၀၀ သုံးမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1199

CNI International News

ကွာလာလမ်ပူ၊ ဇူလိုင် ၂၄

မလေးရှားအစိုးရသည် အရွယ်ရောက်ပြီးသူ နိုင်ငံသားအားလုံးကို ငွေကြေး အထောက်အပံ့အဖြစ် ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိသည့် အစီအစဉ်နှင့် စားဝတ်နေရေးအတွက် စိုးရိမ်မှုများအား ဖြေရှင်းရန် လောင်စာစျေးနှုန်းများ လျှော့ချမည့် အစီအစဉ် အပါအဝင် သက်သာချောင်ချိရေး စီမံကိန်းများကို ဇူလိုင် ၂၃ ရက်က ကြေညာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

မကြာသေးမီ လများအတွင်း မလေးရှား၏ ငွေကြေးဖောင်းပွမှု လျော့ကျသွားသည့်တိုင် စားဝတ်နေရေး ကုန်ကျ စရိတ်များ မြင့်တက်မှုသည် လူထုအပေါ် ဖိအားများသည့် ပြဿနာတစ်ခုဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များ ပျက်ကွက်မှုနှင့် ကုန်စျေးနှုန်းများ မြင့်တက်မှုများကြောင့် ဝန်ကြီးချုပ် အန်ဝါကို ရာထူးမှ နုတ်ထွက်ရန် ဇူလိုင် ၂၆ ရက်၌ ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်မှာ ဆန္ဒပြကြမည်ဖြစ်သည်။

အဆိုပါ ဆန္ဒပြမှုများ မပြုလုပ်မီ ရက်ပိုင်းအလိုတွင် ဝန်ကြီးချုပ် အန်ဝါက သက်သာချောင်ချိရေး အစီအစဉ်အား ကြေညာခဲ့ခြင်းဖြစ်သည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါကို တွေ့ရစဉ်

ရဲတပ်ဖွဲ့ကမူ ဇူလိုင် ၂၆ ရက်တွင် အတိုက်အခံ ပါတီများက ဦးဆောင်ပြုလုပ်မည့် ဆန္ဒပြမှုများအတွင်း လူပေါင်း ၁၀,၀၀၀ မှ ၁၅,၀၀၀ ကြား ပါဝင်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် အန်ဝါ၏ အစိုးရအဖွဲ့သည် ယခုနှစ်အတွင်း အနိမ့်ဆုံး လုပ်ခလစာကို တိုးမြှင့်ခြင်း၊ လုပ်ငန်းကြီး လုပ်ကိုင်သည့် ကုမ္ပဏီများအပေါ် မီတာခများတိုးမြှင့်ပြီး အရောင်းခွန်နှင့် ဝန်ဆောင်ခွန်များ တိုးမြှင့်ခြင်းတို့ အပါအဝင် နိုင်ငံ့ဝင်ငွေအား တိုးမြှင့်ရန် အစီအစဉ်များ လုပ်ဆောင်ခဲ့သည်။

အန်ဝါကမူ ထိုအစီအစဉ်များသည် ကြီးမားသည့် စီးပွားရေးလုပ်ငန်းများနှင့် ချမ်းသာကြွယ်ဝသူများကို ပစ်မှတ် ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ထိုအစီအစဉ်များသည် ကုန်စျေးနှုန်းကို မြင့်တက်စေပြီး စားသုံးသူများအပေါ် ဝန်ပိစေကြောင်း၊ အထူးသဖြင့် အလယ်အလတ်တန်းစား ဝင်ငွေနှင့် ဝင်ငွေနည်းပါးသူများကို ထိခိုက်စေကြောင်း ဝေဖန်ရေးသမား များက ပြောကြားခဲ့သည်။

အန်ဝါထောက်ခံသူ မလေးရှားနိုင်ငံသားတွေကို တွေ့ရစဉ်

အန်ဝါကမူ ငွေကြေးထောက်ပံ့ပေးမည့် အစီအစဉ်အရ အသက် ၁၈ နှစ်ပြည့်ပြီးသည့် မလေးရှားနိုင်ငံသား အားလုံး ကို ဩဂုတ် ၃၁ ရက်မှစပြီး တစ်ဦးလျှင် ရင်းဂစ် ၁၀၀ (၂၃ ဒသမ ၆၇ ဒေါ်လာ) ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင်၂၀၂၅ ခုနှစ်တွင် ထောက်ပံ့ငွေပမာဏ စုစုပေါင်းကို ရင်းဂစ် ၁၅ ဘီလျံ (ဒေါ်လာ ၃ ဒသမ ၅၅ ဘီလျံ) အထိ မြှင့်တင်သွားမည်ဟု အန်ဝါက ပြောသည်။

“ပြည်သူလူထုရဲ့ စောဒကတက်မှုတွေကို ကျနော်က အသိအမှတ် ပြုပါတယ်။ လူနေမှုစရိတ်က ဖြေရှင်းရမယ့် စိန်ခေါ်မှုတစ်ခု ဖြစ်နေတယ်ဆိုတာကိုလည်း လက်ခံပါတယ်” ဟု အန်ဝါက ပြောကြားခဲ့သည်။

ထို့ပြင် ဆင်းရဲမွဲတေသူများအတွက်က ကူညီထောက်ပံ့ရေး အစီအစဉ်များကိုလည်း ဇူလိုင် ၂၄ ရက်မှ စတင် လုပ်ဆောင်သွားမည်ဟု အန်ဝါက ပြောကြားခဲ့သည်။

Source: ရိုက်တာ

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းဆန္ဒပြမှုကို တွေ့ရစဉ်

နိုင်ငံရေးမတည်ငြိမ်မှုက ထိုင်းစီးပွားရေးကို ခြိမ်းခြောက်နေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1171

CNI International News

ဘန်ကောက်၊ ဇွန်လ ၂၁

ထိုင်းနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေး မတည်ငြိမ်မှုမျာသည် စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း နယ်ပယ်ကဏ္ဍအသီးသီးမှ ထင်ရှားသော စီးပွားရေးပညာရှင်များက စိုးရိမ်နေသည်ဟု The Nation တွင် ဖော်ပြခဲ့သည်။

နိုင်ငံရေး မတည်ငြိမ်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းသည် ယခင်ကတည်းက ကျိုးပျက်လွယ်သည့် ထိုင်း၏ စီးပွားရေးကို ပိုမိုအားနည်း သွားစေနိုင်ပြီး အစိုးရအနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်စီးပွားရေး တည်ငြိမ်မှု ရရှိအောင် ဦးစားပေး လုပ်ဆောင်သင့်ကြောင်း ကျွမ်းကျင်သူများက တိုက်တွန်းခဲ့သည်။

ထိုင်း၏ အိမ်ခြံမြေ အရောင်းအဝယ် ဘုတ်အဖွဲ့ဥက္ကဋ္ဌ အစ္စာရာ ဘွန်ယန်း (Isara Boonyoung) က ယခုကဲ့သို့ အတိမ်းအစောင်းမခံနိုင်သည့် အချိန်မျိုးတွင် လွှတ်တော်ကို ဖျက်သိမ်းမည်ဆိုပါက အန္တရာယ်ကြီးမားသော  နိုင်ငံရေး လေဟာနယ်တစ်ခု ဖြစ်ပွားလာနိုင်ကြောင်း သတိပေးခဲ့သည်။

ပေတုန်တန်ကို တွေ့ရစဉ်

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းမှုများ၊ အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှု၊ ကမ္ဘောဒီးယားနှင့် ဖြစ်ပွားနေသည့် နယ်စပ်ဒေသ အငြင်းပွားမှုများနှင့်အတူ ထိုင်း၏ နိုင်ငံရေး အခြေအနေသည် ကျိုးပျက်လွယ်သည့် အနေအထားသို့ ရောက်ရှိနေသည်။

“သေချာရေရာမှုမရှိတဲ့ နိုင်ငံရေးအခြေအနေက ထိုင်းရဲ့ စီးပွားရေး ယိမ်းယိုင်မှုကို ပိုပြီးဆိုးရွားစေပါလိမ့်မယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ အောက်လွှတ်တော်ကို မဖျက်သိမ်းအောင်နဲ့ အခြေအနေကို ပုံမှန်အတိုင်း ပြန်လည်ထိန်းသိမ်းသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းနိုင်ငံဟာ အခုချိန်မှာ တည်ငြိမ်မှု လိုအပ်နေပြီး အကျပ်အတည်းကို စည်းလုံးညီညွတ်စွာ ဖြေရှင်းရပါမယ်” ဟု အစ္စာရာက ပြောကြားခဲ့သည်။

အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူလူထု၏ ယုံကြည်မှုကို တည်ဆောက်ရန်၊ အထူးသဖြင့် နယ်စပ်ပြဿနာကို ဖြေရှင်းရန် အမျိုးသားလုံခြုံရေးအေဂျင်စီများနှင့် လက်တွဲဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

ပေတုန်တန်ကို တွေ့ရစဉ်

ထိုင်းဟိုတယ်များအဖွဲ့ချုပ် (THA) ၏ ဥက္ကဋ္ဌ သီယန်ပရာဆစ် ချိုင်ယာပါထရာနန် (Thienprasit Chaiya patranun) ကလည်း ပြည်တွင်းနိုင်ငံရေး တင်းမာမှုနှင့် ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေး တင်းမာမှုများသည် ခရီးသွားကဏ္ဍအပေါ် သက်ရောက်မှု ရှိနေခြင်းသည် စိုးရိမ်စရာကောင်းကြောင်း ပြောကြားခဲ့သည်။

ပြောင်းလဲမှုများ ပြုလုပ်ရန်၊ အခွင့်အလမ်းသစ်များ ဖန်တီးရန်နှင့် အစိုးရအသစ် ဖွဲ့စည်းပြီး ပြည်သူလူထု၏ ယုံကြည်မှုကို ပြန်လည် တည်ဆောက်ရေးအတွက် အောက်လွှတ်တော်ကို ဖျက်သိမ်းခြင်းသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်နိုင်ကြောင်း ၎င်းက မတူကွဲပြားသည့် သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုင်းလက်လီရောင်းချသူများအဖွဲ့ချုပ်၏ အကြံပေးပုဂ္ဂိုလ် ဆွမ်ချိုင်း ပွန်ရတ္တနချာရွန် (Somchai Pornratana charoen) ကမူ မကြာသေးမီက နိုင်ငံရေးဖြစ်စဉ်များသည် စားသုံးသူများ၏ ယုံကြည်မှုကို ကျဆင်းစေခဲ့သဖြင့် အစိုးရအဖွဲ့အနေနှင့် ထိရောက်သည့် အစီအစဉ်များဖြင့် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

Source: The Nation

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရခိုင့်ဦးဆောင်ပါတီ ရွေးကောက်ပွဲ မဲဆွယ်ဆိုင်းဘုတ်ကို တွေ့ရစဉ်

ရခိုင့်ဦးဆောင်ပါတီ၏ နိုင်ငံရေးနှင့်စီးပွားရေး မူဝါဒက ဘာလဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1815

CNI News

၂၀၂၅ ခုနှစ်၊ မေ ၂၆

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ နိုင်ငံရေးနှင့် စီးပွားရေး မူဝါဒက ဘာလဲဆိုသည့်အပေါ် ပြည်သူလူထုများ သိရှိနိုင်ရေးအတွက် AFP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ချပြသွားခဲ့သည်။

ရခိုင့်ဦးဆောင်ပါတီသည် နိုင်ငံရေးမူဝါဒ ၂ ရပ်ရှိကြောင်း၊ ပထမမူဝါဒသည် ရခိုင်ဒေသမြောက်ဘက်ရှိ ဘူးသီး တောင်၊ မောင်တော နယ်ခြားဒေသအား အထူးအာရုံစိုက်ကြောင်း၊ ဒုတိယမူဝါဒသည် တိုင်းရင်းသား အားလုံး လိုလားသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန်ဆိုသည့် ဦးတည်ချက်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့က ပါတီအနေနဲ့ ပါတီဖွဲ့စည်းကတည်းက မူ ၂ ခုရှိတယ်ဗျ၊ တစ်ခုက ရခိုင်ဒေသရဲ့ မြောက်ဘက် ပေါ့၊ ဘူးသီးတောင်၊ မောင်တော နယ်ခြားဒေသကို အထူးအာရုံစူးစိုက်တယ်ဗျ၊ အဲဒီနယ်ခြားဒေသကို လုံခြုံအောင် မကာကွယ်ပေးနိုင် သေးဘူးဆိုရင် ရခိုင်ဒေသရဲ့ အနာဂတ်ဟာ ကြာကြာမခံနိုင်ဘူးဆိုတဲ့ ဦးတည်ချက်နဲ့ ကျနော်တို့ ပါတီ ဖွဲ့စည်းပုံမှာ ပါတီတည်ထောင်ခြင်းရဲ့ ရည်ရွယ်ချက် နံပါတ် ၁ ကို ညွှန်းတယ်ဗျ၊ နံပါတ် ၂ ကတော့ဖြင့် တိုင်းရင်းသားအားလုံး လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ဆိုတဲ့ ဦးတည်ချက်ပါ၊ ပြီးခဲ့တဲ့ကာလတွေ အကုန်လုံးကို ဖြတ်တဲ့အခါမှာ ပါတီစုံဆိုတဲ့ သဘောသွားတာပေါ့၊ သွားတဲ့အခါမှာ နိုင်ငံရေး အားဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာပြီးမှ ညှိနှိုင်းခြင်းအားဖြင့် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ ကိုယ်ပိုင် အုပ်ချုပ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို မတည်ထောင်နိုင်ဘူးဆိုတဲ့ အဖြေတစ်ခုကို လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေဖက်ကရော၊ နိုင်ငံရေးအားဖြင့် အဖြေရှာတဲ့ သူတွေဖက်ကရော သက်သေမပြနိုင်ခဲ့ဘူး၊ အဲဒါကြောင့် လည်း လက်နက်ကိုင်ပဋိပက္ခ ဇာတ်ရှိန်က မြင့်လာတာပေါ့၊ ဒါကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေးသည် သာလျှင် ခုနက Self-Determination ကို ဆောင်ရွက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဆိုတာကို အခုကာလမှာ အမြင့်ဆုံးအရှိန် ရောက်နေတာပဲ။ အဲဒီ‌တော့ သက်သေပြရမှာက ခုနကပြောတဲ့ နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေး မယ်၊ အဖြေရှာမယ်၊ ဆိုးကျိုးသံသရာကနေ ရုန်းထွက်မယ်ဆိုတဲ့ဟာက မှန်တဲ့လမ်းကြောင်းဆိုတာကို သက်သေပြ ရမှာပေါ့” ဟု ပြောသည်။  

ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေရှိ ရခိုင့်ဦးဆောင်ပါတီ၏ ပါတီဌာနချုပ်ကို ဩဂုတ်၂၅ရက်က မြင်တွေ့ရစဉ်။(ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည်မှာ ၁၉၄၈ ခုနှစ်မှ စတင်ကာ ယနေ့အချိန်ထိ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီး ဖြစ်သည်။

အလားတူ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး ဆွေးနွေးမှုများ အကြိမ်ကြိမ် လုပ်လာရာမှာလည်း ခိုင်မြဲသော သဘောတူညီချက်များ မရရှိဘဲ အကြိမ်ကြိမ် သဘောတူညီချက်များ ပျက်ပြား၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စုအား တည်ဆောက်ရန် ကြိုးပမ်းနေကြ သော်လည်း တချို့သော တိုင်းရင်းသား လက်နက်ကိုင်များကတော့ ကွန်ဖက်ဒရေးရှင်း၊ လွတ်လပ်ရေးဆိုသော ရည်မှန်းချက်များအထိ ထုတ်ဖော်ပြောဆိုလာနေကြသည်။

နိုင်ငံ၏ အခြေခံဖြစ်သည့် ၇၅ ရာခိုင်နှုန်းကျော်ရှိသော တောင်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုမရဘဲ စီးပွားရေး ခြေလှမ်း လှမ်းရန် မလွယ်ကူကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု၊ ဖိတ်ခေါ်မှုနှင့် စက်မှုဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍအား မသွားနိုင် လျှင်လည်း စီးပွားရေး မဖွံ့ဖြိုးနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်ကိုတွေ့ရစဉ် 

၎င်းက “စီးပွားရေးကတော့ ကျနော်တို့ စျေးကွက် စီးပွားရေးစနစ်ပဲ၊ စျေးကွက် စီးပွားရေးစနစ် သည်သာလျှင် တစ်နည်းအားဖြင့် ယှဥ်ပြိုင်တဲ့ စီးပွားရေးပေါ့ဗျာ၊ အဲဒီတော့ စိုက်ပျိုးမွေးမြူရေးကို အခြေခံတယ်ဆိုတဲ့ ဘက်နဲ့ သွားတာပေါ့၊ နိုင်ငံက ထွက်နိုင်တဲ့ သယံဇာတတွေ၊ သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကုန်သွယ်မှုပေါ့ဗျာ၊ အဲဒီတော့ အဲဒီ အားလုံးရဲ့ အခြေခံက နိုင်ငံရေးတည်ငြိမ်မှုဆိုတဲ့ ဥစ္စာနဲ့သွားပါတယ်၊ နိုင်ငံရေးတည်ငြိမ်မှပဲ စီးပွားရေး ဖွံ့ဖြိုး တိုးတက်နိုင်တဲ့ လမ်းကြောင်းကို ရနိုင်တယ်ဆိုတဲ့ဘက်နဲ့ သွားပါတယ်၊ အဲဒီမှာ ကိုယ့်နိုင်ငံရဲ့ အခြေခံဖြစ်တဲ့ ၇၅ ရာခိုင်နှုန်းကျော်ရှိတဲ့ တောင်သူလယ်သမားများရဲ့ ဖွံ့ဖြိုးတိုးတက်မှု မရဘဲနဲ့ စီးပွားရေး ခြေလှမ်းတစ်ခု လှမ်းဖို့ မလွယ်ဘူးဆိုတာကိုလည်း လက်ကိုင်ထားတယ်၊ အဲဒီလိုပဲ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့ဖို့အတွက် ရင်းနှီး မြှုပ်နှံမှု၊ ဖိတ်ခေါ်မှုနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်မှုကဏ္ဍကို မသွားနိုင်ဘဲနဲ့လည်း မဖွံ့ဖြိုးနိုင်ဘူးဆိုတဲ့ ဘက်နဲ့သွား ပါတယ်၊ အဲဒါကြောင့် ပြည်ပကို ရောက်နေကြတဲ့ နည်းမျိုးစုံရောက်တဲ့လူတွေ ပြည်တွင်း ပြန်လာနိုင်အောင် နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်ခြေရှိအောင် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင် အားလုံး ဘက်ပေါင်းစုံ ပြည့်စုံတဲ့ အမျိုးသားစီးပွားရေး မူဝါဒကြီးတစ်ရပ်ကို ညှိနှိုင်းတိုင်ပင်ပြီးမှ ချသင့်တယ် ဆိုတဲ့ဥစ္စာနဲ့ သွားပါတယ်” ဟု ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိသေးသည်ကို တွေ့ရပြီး ဆီထွက်သီးနှံနှင့် ပတ်သက်ပြီး အထွက်နှုန်း အားနည်းနေဆဲဖြစ်ကာ ပြည်ပမှ တင်သွင်းနေရဆဲဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့နိုင်ငံအနေဖြင့် ရေခံမြေခံကောင်းများနှင့် လုပ်အားအရင်းအမြစ်များ ရှိပြီးဖြစ်ပေမယ့် အမှန်တကယ် အလုပ်လုပ်ခြင်းမရှိ၍ ဝင်ငွေနည်းနေရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
လက်နက်ကိုင် ခေါင်း‌ဆောင်တချို့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ကွန်ဖက်ဒရေးရှင်းသည် ပြည်ထောင်စုအတွက် အန္တရာယ်ကြီးဟု ‌ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1663

CNI News

၂၀၂၅ ခုနှစ်၊ မေလ ၂၃

ကွန်ဖက်ဒရေးရှင်းသည် ပြည်နယ်တိုင်းတွင် ကိုယ်ပိုင်စစ်တပ်များရှိသောကြောင့် သီးသန့်ကဲ့သို့ ဖြစ်နေကာ ပြည်ထောင်စုကြီးအတွက် အန္တရာယ်ကြီးမားကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

ထို့ပြင် တိုင်းရင်းသားများအား ဖက်ဒရယ်အရ ကိုယ့်ဒေသကိုယ် အုပ်ချုပ်ခွင့်ပေးပြီး ပြည်ထောင်စုထဲတွင်သာ ရှိနေသင့်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးစားပွဲဝိုင်းပေါ်တွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန်လိုကြောင်း ၎င်းက ပြောသည်။

စိုင်းအိုက်ပေါင်းက “ဖက်ဒရယ်ဆိုလို့ရှိရင် ပြည်ထောင်စုကြီးက ပေါင်းစည်းတယ်၊ စုပေါင်းတာပေါ့နော်။ ကိုယ့် ဒေသမှာ ကိုယ်အုပ်ချုပ်၊ သယံဇာတတွေ၊ အခွန်အခတွေကို ပြည်ထောင်စုနဲ့ မျှမျှတတ ခွဲဝေယူ အဲဒီလိုပုံစံလေ၊ ကွန်ဖက်ဒရေးရှင်းသည် ပြည်နယ်တစ်ခု၊ ပြည်နယ်တစ်ခုတိုင်းမှာ ကွန်ဖက်ဒရေးရှင်းက အန္တရာယ်ရှိတယ်။ ရုရှား ပြည်ထောင်စုကြီး ပြိုကွဲသွားတာ ဘာကြောင့်လဲ ကွန်ဖက်ဒရေးရှင်းကြောင့်ပါ၊ ကွန်ဖက်ဒရေးရှင်းကြောင့်။ ပြည်နယ်တိုင်း၊ ပြည်နယ်တိုင်းမှာ သူ့ကိုယ်ပိုင် စစ်တပ်တွေ ရှိနေတယ်၊ သူ့ဟာသီးသန့်လို ဖြစ်နေတယ် ဆိုလို့ရှိရင် ဒါပြည်ထောင်စုကြီးအတွက် အန္တရာယ်ကြီးတယ်လေ ကွန်ဖက်ဒရေးရှင်းက။ ဖက်ဒရယ်ဆိုလို့ရှိရင် ကိုယ့်ဒေသကို ကိုယ်အုပ်ချုပ်ခွင့်ပေးလိုက်၊ တိုင်းရင်းသားတွေ သူ့ဒေသသူ အုပ်ချုပ်ပါစေလေ၊ ပြည်ထောင်စုထဲမှာပဲ ရှိနေပါစေ၊ ညီတူညီမျှ ခံစားခွင့် မျှမျှတတ ယူကြ၊ အဓိက,ကတော့ စားပွဲဝိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးပေါ့ဗျာ၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလေ။ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးက ဘယ်လိုဖြစ်စေချင်တယ်၊ လက်နက်ကိုင်အားလုံး နိုင်ငံရေးစားပွဲဝိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးလိုက်တာ အဲဒါတိုင်းပြည်အတွက် အကောင်းဆုံးပဲလို့ ကျနော်ယူဆတယ်” ဟု ပြောသည်။ 

လက်နက်ကိုင် ခေါင်း‌ဆောင်တချို့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

လက်ရှိတွင် ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စုအား တည်ဆောက်ရန် ကြိုးပမ်းနေကြ သော်လည်း တချို့သော တိုင်းရင်းသားလက်နက်ကိုင်များကတော့ ကွန်ဖက်ဒရေးရှင်း၊ လွတ်လပ်ရေးဆိုသော ရည်မှန်းချက်များအထိ ထုတ်ဖော်ပြောဆိုလာနေမှုများ ရှိနေကြသည်။ 

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များ အနေဖြင့် တိုင်းရင်းသားတို့၏ အရေးကိုသာ တောင်းဆိုလျက်ရှိပြီး ဒေသအရေးကို တောင်းဆိုမှု အားနည်းကြောင်း၊ လူတစ်စုကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်၍မရဘဲ ဒေသကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်ရန်လိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များသည် ကိုယ်ပိုင် နယ်မြေများ ရရှိရေး ကြိုးပမ်းနေကြ၍ စစ်ပွဲဆက် ဆင်နွှဲရမည်ဟု ပြောထားသည်။

ကွန်ဖက်ဒရေးရှင်းသည် သီးခြားနိုင်ငံ ထူထောင်ခြင်းထက် အန္တရာယ်နည်းသော်လည်း စစ်မှန်သည့်ဖက်ဒရယ် ပြည်ထောင်စုထက် အန္တရာယ်ကြီးကြောင်း၊ ဖက်ဒရယ်အပေါ်တွင်သာ အာရုံစိုက် အလေးထားပါက ဖက်ဒရယ် ထက်ပို၍ မတောင်းသင့်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO- NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

KIA- AA-TNLA-MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “နှိုင်းယှဥ်ချက် အရဆိုရင် ကွန်ဖက်ဒရေးရှင်းက သီးခြားနိုင်ငံထူထောင်တာ ထက်ကိုတော့ အန္တရာယ်နည်း တယ်၊ သို့သော်လည်းပဲ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပူးပေါင်းနေထိုင်မှုထက်ကိုတော့ အန္တရာယ်ကြီးတယ်၊ သူက အလယ်မှာဖြစ်နေတယ်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုက တန်းတူညီတူရယ်၊ သူ့အခွင့်အရေး၊ ကိုယ့် အခွင့်အရေး၊ ပြည်နယ်တွေ အသီးသီး၊ လူမျိုးအသီးသီးနေပြီးတော့ ပြည်ထောင်စု တစ်ခုလုံးအတွက်ကျတော့ စုပေါင်းကာကွယ်တဲ့စနစ်ပေါ့၊ စုပေါင်းစီးပွားရေး ဖွံ့ဖြိုးတဲ့စနစ်တွေ လုပ်နိုင်ရင် ဖက်ဒရယ်က ကျ‌နော်တို့ တိုင်းပြည် အတွက် အကောင်းဆုံးပုံစံပါပဲ၊ သို့သော် စုဖွဲ့မှု အားနည်းလာရင် စုစည်းမှု အားနည်းလာရင်တော့ တချို့ပြည်နယ် တွေ တချို့လူမျိုးတွေက ကွန်ဖက်ဒရေးရှင်းဆိုတဲ့ တစ်ဆင့်ထပ်မြင့်တယ်ပေါ့။ ဖက်ဒရယ်ထက်မြင့်တဲ့ဟာကို တောင်းလာနိုင်တယ်။ ဒါပေမယ့် အဲဒီလိုတောင်းတဲ့ဟာက ဖက်ဒရယ်ကို ထိခိုက်နိုင်တာပေါ့၊ တကယ်တော့ ဖက်ဒရယ်အပေါ်မှာပဲ တကယ် အာရုံ စိုက်တယ်၊ အလေးထားတယ်ဆိုရင်‌တော့ ပိုတောင်းလို့တော့ မသင့်တော်ဘူးပေါ့” ဟု ပြောသည်။

အာရက္ခတပ်တော်(AA)က “ဝ” ထက် မနိမ့်သော နိုင်ငံရေး အဆင့်အတန်းမျိုးကို ယူမည် သို့မဟုတ် ကွန်ဖက်ဒရေး ရှင်း (ကွန်ဖက်ဒရိတ်)အဆင့်အတန်းကို ရအောင်ယူမည်ဟု ပြောထားသည်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းရရှိထားသော EAO များမှာ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-မိုင်းလား (NDAA)တို့ဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း တိုင်းရင်းသားများသည် ၂၀၂၅ ရောက်လာသည့်အခါမှာ ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားချက်များ ရှိလာမည်ဟု ထုတ်ဖော် ပြောကြား ထားသည်။

ထို့ပြင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း နိုင်ငံတစ်ခုအထိ တည်ထောင်ရန် အခြေအနေဖြစ်လာပါက အဆင်သင့်ဖြစ်အောင် ပလောင်လူမျိုးများ လုပ်ထားရမည်ဟု ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈ ရက်က ပြောခဲ့သည်။

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကို တွေ့ရစဉ်

တော်လှန်ရေးအဖွဲ့တချို့ စီးပွားရေးနောက်ခံထား၍ ကိုယ်ကျိုးနေဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1617

CNI News

၂၀၂၅ ခုနှစ်၊ မေလ ၂၁ 

တော်လှန်ရေးအဖွဲ့ တချို့သည် စီးပွားရေးလုပ်ငန်းရှင်များကို နောက်ခံထားပြီး ကိုယ်ကျိုးစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေကြသည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်က ကျရောက်ခဲ့သည့် (၆၇)နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က “ ၆၇ နှစ်တာ တော်လှန်ရေးကာလမှာ အတွင်းအပြင် နိုင်ငံရေးပြဿနာ ကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် ရှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများ ရှိခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့တချို့ က စီးပွားရေးလုပ်ငန်းရှင်များကို နောက်ခံထားပြီး ကိုယ်ကျိုးစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ရှမ်းလူထုတို့၏ ပညာရေး၊ ဗဟုသုတ မပြည့်စုံခြင်းတို့ကြောင့် ရန်သူရဲ့ စည်းရုံးသိမ်းသွင်းမှုကို ခံရပြီး အသုံးချခံဘဝ ရောက်ခဲ့ကြရ ပါတယ်။ ဒါတွေဟာ ရှမ်းတော်လှန်ရေးရဲ့ အားနည်းချက် ဖြစ်သလို တော်လှန်ရေး ပန်းတိုင် မရောက်အောင် ဟန့် တားတဲ့ အတားအဆီးလည်းဖြစ်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တော်လှန်ရေး ဆင်နွှဲနေသည့် လက်နက်ကိုင်အဖွဲ့အစည်း များစွာရှိသည့်အနက် မည်သည့် အဖွဲ့ အစည်းကို ရည်ညွန်း ပြောကြားသည်ကိုတော့ တိတိကျကျ ဗိုလ်ချုပ်ကြီးယွက်စစ်က ထည့်ပြောသွားခြင်းမရှိပေ။

ရှမ်းလူမျိုးများ၏ အမျိုးသားအလံကိုတွေ့ရစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိ ထိန်းချုပ်ကာ အုပ်ချုပ်စီမံခွင့် ရရှိနေသော နယ်မြေများအတွင်းမှာ ပြည်တွင်း/ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များဖြင့် ပူးပေါင်း၍ သယံဇာတများ ထုတ်လုပ် ခြင်းမှ ချမ်းသာကြွယ်ဝလျက်ရှိနေသည်။

ရှမ်းပြည်လူထုများ၊ မျိုးချစ်များအနေဖြင့် ရရှိခဲ့သည့် သင်ခန်းစာအား လေ့လာသုံးသပ်ပြီး အတွေးအခေါ်နှင့် လုပ်ငန်းများကို ပြုပြင်ရမည်ဖြစ်ကြောင်း၊ တော်လှန်ရေး ဆောလျင်စွာ အောင်မြင်ရေးနှင့် ကျွန်ဘဝ လွတ်မြောက် ရေးအတွက် ရှမ်းပြည်သားများအားလုံး အနေဖြင့် အမျိုးသား၊ တိုင်းပြည်၊ ဘာသာ၊ သာသနာတို့အတွက် ရည်မှန်း ပြီး တော်လှန်ရေးတွင် ရဲ့ဝံ့စွာ ပါဝင်ဆင်နွှဲကြစို့ဟု ပြောသည်။

ရှမ်းတော်လှန်ရေးကို ၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် စဝ်နွဲ့ ခေါ် ဆောယန်တ ဦးစီးပြီး လူ ၃၁ ဦး၊ သေနတ် ၇ လက်ဖြင့် နွံစစ်ဟန် ဆိုသော တပ်ဖွဲ့ကို ဖွဲ့စည်း၍ စတင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်၌ ရှမ်းတော်လှန်ရေး (၆၇)နှစ်မြောက် ရှိခဲ့ပြီးဖြစ်သည်။

ထို့နောက် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်း အနေဖြင့် ရှမ်းပြည်နယ်အတွင်းမှာ RCSS နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)တို့သာ တည်ရှိတော့သည်။

 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

အမေရိကန်က တရုတ်နှင့် ရေရှည်စစ်ပွဲအတွက် ပြင်ဆင်ထား

By CNI
CNI
Category: Watch TV
Hits: 1173

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10

Page 1 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar