CNI International News

ကွာလာလမ်ပူ၊ ဧပြီ ၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အပြန်အလှန် ကုန်သွယ်ခွန် တိုးမြှင့်မှုနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့အနေဖြင့် စည်းလုံးညီညွတ်စွာ တုန့်ပြန်ရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို မလေးရှားနိုင်ငံက ဦးဆောင်သွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ပြောကြားခဲ့ သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

“အာဆီယံဥက္ကဋ္ဌ အနေနဲ့ မလေးရှားဟာ စည်းလုံးညီညွတ်တဲ့ ဒေသတွင်းတပ်ဦးတစ်ခု ပေါ်ပေါက်လာစေဖို့၊ ပွင့်လင်းပြီး ခံနိုင်ရည်ရှိတဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေကို ထိန်းသိမ်းဖို့နဲ့ အာဆီယံရဲ့ စုပေါင်းအသံကို နိုင်ငံတကာက ရှင်းလင်းပြတ်သားစွာ ကြားသိနိုင်ဖို့ အားထုတ်ကြိုးပမ်းမှုတွေကို ဦးဆောင်သွားမှာပါ” ဟု အန်ဝါက ဧပြီ ၆ ရက်ညပိုင်းက Facebook အပါအဝင် ၎င်း၏ လူမှုမီဒီယာ ချန်နယ်များတွင် တင်ခဲ့သည့် ဗွီဒီယိုမိန့်ခွန်း၌ ပြောကြားခဲ့သည်။ 

သီးခြား ပို့စ်တစ်ခုတွင်လည်း အန်ဝါက ဒေသတွင်း စုပေါင်းတုန့်ပြန်မှုနှင့်ပတ်သက်ပြီး ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်း (Pham Minh Chinh) နှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့သည်ဟု ဆိုသည်။

အာဆီယံခေါင်းဆောင်များကိုတွေ့ရစဉ်

အန်ဝါသည် ဧပြီ ၆ ရက်က မလေးရှားနိုင်ငံသို့ ရောက်ရှိလာသည့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) နှင့်လည်း ကုန်သွယ်ခွန်ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု အခြား Facebook ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သည့် အာဆီယံနိုင်ငံများသည် အမေရိကန်၏ အပြန်အလှန် ကုန်သွယ်ခွန်ကို အဆိုးရွားဆုံး ခံစားခဲ့ရသည့် နိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။

ဗီယက်နမ်သည် အခွန်နှုန်းထား ၄၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၄၉ ရာခိုင်နှုန်း၊ မလေးရှားက ၂၄ ရာခိုင်နှုန်းစီဖြင့် အမေရိကန်နှင့် အပြန်အလှန် ကုန်သွယ်ခွန်များ တိုးမြှင့်ခံခဲ့ရသည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုကို တွေ့ရစဉ်

အခြားဒေသတွင်း နိုင်ငံများကဲ့သို့ပင် မလေးရှားသည် အမေရိကန်ကို လက်တုန့်ပြန်သည့် အစီအစဉ်များကို ရွေးချယ်ခဲ့ခြင်းမရှိခဲ့ပေ။

ထို့ပြင် မလေးရှားသည် အမေရိကန် ကုန်စည်များအပေါ် စည်းကြပ်ခွန် ၄၇ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်ဆိုသည့် ထရမ့် အစိုးရအဖွဲ့၏ ပြောကြားချက်များကိုလည်း ငြင်းဆိုခဲ့သည်။

မလေးရှားဗဟိုဘဏ် (Bank Negara Malaysia ) အုပ်ချုပ်ရေးမှူး  အဗ္ဗဒူ ရာရှိဒ် ဂက်ဖော် (Abdul Rasheed Ghaffour) ကလည်း မလေးရှားနိုင်ငံသည် ကုန်သွယ်ခွန် ကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်နှင့် ညှိနှိုင်းနိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း၊ အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးမှသာလျှင် ကုန်သွယ်ခွန်ကြောင့် ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်မှုများကို လေ့လာဆန်းစစ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Nikkei Asia