CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈

ရီးရယ်လ်အသင်းဟာ အိမ်ကွင်းမှာ ဆယ်လ်တာဗီဂိုအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြ အလွန်ဆိုက ဒီရှုံးနိမ့်မှုကို ဒေါသထွက်ကြောင်းနဲ့ လာမယ့် မန်စီးတီးအသင်းနဲ့ပွဲမှာ ဒါကို တုန့်ပြန်သွားမယ်လို့ ပြောခဲ့ပါတယ်။ 

အလွန်ဆိုက “ဒါက ကျနော်တို့ ရချင်တဲ့ပွဲ ဒါမှမဟုတ် ရချင်တဲ့ရလဒ် မဟုတ်တဲ့အတွက် ကျနော်တို့ ဒေါသထွက် နေပါတယ်။ မီလီတာအိုရဲ့ ဒဏ်ရာကလည်း ကျနော်တို့ကို နာကျင်စေပြီး ကျနော်တို့ အမြန်ဆုံး ရှေ့ဆက်နိုင်ဖို့ လုပ်ရပါမယ်။ လိဂ်ပွဲစဉ်တွေ အများကြီး ကျန်ပါသေးတယ်။ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ တုန့်ပြန်ရမှာဖြစ်ပြီး မတူညီတဲ့ပုံစံပြသရမယ်”လို့ ပြောခဲ့ပါတယ်။ 

ဆယ်လ်တာဗီဂိုအသင်းကို အရေးနိမ့်ခဲ့တဲ့ ဒီပွဲမှာ ရီးရယ်လ်အသင်းဟာ နောက်ခံလူတွေဖြစ်တဲ့ ဖာရန်ဂါစီယာနဲ့ ကာရီရက်စ်တို့ ထုတ်ပယ်ခံခဲ့ရသလို မီလီတာအိုလည်း ဒဏ်ရာရရှိသွားခဲ့တာပါ။ 

ရီးရယ်လ်အသင်းဟာ ဒီရှုံးနိမ့်မှုကြောင့် နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး အဆင့် ၁ နေရာက ဘာစီလိုနာအသင်းနဲ့ ၄ မှတ် ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။ 

ရီးရယ်လ်အသင်း ယှဉ်ပြိုင်နေစဉ်

ရီးရယ်လ်အသင်းရဲ့ ရလဒ်တွေကြောင့် နည်းပြ အလွန်ဆို အပေါ် ဖိအားတွေ ကျရောက်လာခဲ့ပါတယ်။ 

ရီးရယ်လ်အသင်း နည်းပြ အလွန်ဆိုက ဒီပွဲမှာ သူ့ရဲ့ ကစားသမား ၂ ဦးကို အနီကတ်ပြသပြီး ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ကိုင်တွယ်ပုံတွေကို နှစ်သက်မှု မရှိဘူးလို့လည်း ပြောခဲ့ပါတယ်။

ဒါ့ပြင် အလွန်ဆိုက အသင်းရဲ့ စိတ်ပျက်စရာ ရလဒ်တွေအတွက် သူ့ရဲ့ကစားသမားတွေကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

စပိန်လူမျိုးနည်းပြက အားလုံး အတူတကွ လက်တွဲပြီး အရာအားလုံးကို ကောင်းမွန်စွာ လုပ်ဆောင်ရမယ်လို့ ပြောခဲ့ပါတယ်။ 

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့် ၅ နေရာ ရပ်တည်နေတဲ့ ရီးရယ်လ်အသင်းဟာ လက်ကျန် ၃ ပွဲအဖြစ် မန်စီးတီး၊ မိုနာကို၊ ဘင်ဖီကာအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:ESPN