CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅

ဘရာဇီးလ်ကြယ်ပွင့် ဗီနီစီးယက်စ်ဟာ နည်းပြဇာဘီအလွန်ဆိုနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေချိန်မှာ ရီးရယ်လ် အသင်းကို စာချုပ်သက်တမ်း မတိုးဘူးလို့ ပြောခဲ့ကြောင်း The Athletic က ဖော်ပြထားပါတယ်။ 

၂၀၂၇ နွေရာသီအထိ ရီးရယ်လ်အသင်းနဲ့ စာချုပ်ရှိနေတဲ့ ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့လက သီးသန့်စကားပြောဆိုမှု တစ်ခုမှာ ကလပ်အသင်းအကြီးအကဲ ပီရက်ဇ်ထံ သူ့ရဲ့ရပ်တည်ချက်ကို အသိပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့တာပါ။

ပြီးခဲ့တဲ့ဇန်နဝါရီမှာ ရီးရယ်လ်အသင်းနဲ့ ဗီနီစီးယက်စ်တို့ဟာ စာချုပ်ဆွေးနွေးမှုတွေ စတင်ခဲ့ပေမယ့် သဘော တူညီမှု မရခဲ့တာကြောင့် ဆွေးနွေးမှုတွေ ရပ်တန့်ခဲ့ပါတယ်။ 

ဗီနီစီးယက်စ်ဟာ ဘာစီလိုနာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က ပွဲစဉ်မှာ လူစားလဲခံရ ပြီးနောက် ဒေါသတကြီး တုန့်ပြန်ကာ ကွင်းထဲကနေ ထွက်ခွာခဲ့ပါတယ်။

နောက်ပိုင်းမှာ ဗီနီစီးယက်စ်ဟာ သူ့ရဲ့အပြုအမူအတွက် တောင်းပန်မှုတွေ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းရက်တွေမှာ ဥက္ကဋ္ဌပီရက်ဇ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ 

ဒီအစည်းအဝေးမှာ ဗီနီစီးယက်စ်က လက်ရှိ အခြေအနေတွေမှာ စာချုပ်သက်တမ်းတိုးခြင်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုတာ သူမယုံကြည်ဘူးလို့ ပြောခဲ့ကြောင်း The Athletic က ဖော်ပြထားပါတယ်။ 

နည်းပြ အလွန်ဆိုနဲ့ ဗီနီစီးယက်စ်ကို တွေ့ရစဉ် 

ဒီရပ်တည်မှုဟာ အခုအချိန်ထိ ပြောင်းလဲမှုမရှိသေးဘဲ ဒါက နည်းပြအလွန်ဆိုနဲ့ သူ့ရဲ့ဆက်ဆံရေး အဆင်မပြေ တာကြောင့်ပါဝင်တယ်လို့ ကစားသမားနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောထားတာပါ။

ဗီနီစီးယက်စ်ဟာ နည်းပြအလွန်ဆို လက်ထက်မှာ ပွဲချိန်ပြည့် ကစားခွင့်မရခြင်း၊ လူစားလဲအဖြစ် ပါဝင်နေ ရခြင်းတွေ အပေါ်မှာ စိတ်ပျက်နေတာ ဖြစ်ပါတယ်။

ဗီနီစီးယက်စ်ဟာ နည်းပြဟောင်း အန်ဆယ်လော့တီ လက်ထက်မှာ အကောင်းဆုံးပုံစံတွေ ပြသနိုင်ခဲ့ပေမယ့် အလွန်ဆိုလက်ထက်မှာ ရုန်းကန်နေရတာပါ။ 

ဗီနီစီးယက်စ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၁၆ ပွဲ ကစားထားပြီး ၅ ဂိုး သွင်းယူထားပါတယ်။ 

ရီးရယ်လ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၂ ပွဲစလုံး သရေကျခဲ့တာကြောင့် အဆင့် ၂ နေရာက ဘာစီလိုနာအသင်းကို ၁ မှတ်သာဖြတ်ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: Dailymail