- By CNI
- Category: ကျန်းမာရေး
- Hits: 1759
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းမှာ အသက် ၁ နှစ်မှ ၅ နှစ်အတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင် များကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က စက်တင်ဘာ ၃၀ ရက်နေ့တွင် ကာကွယ်ဆေးများ ထိုးပေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
SNA သည် ဗန်းမောက်မြို့နယ် မံလောင်ပေပင်အုပ်စုမှ ၆ ရွာနှင့် မံအင်မင်းကုန်းအုပ်စုမှ ၇ ရွာ စုစုပေါင်း အိမ်ခြေ ၁၀၀၀ ကျော်မှ အသက် ၁ နှစ်မှ ၅ နှစ်အတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များကို ကာကွယ်ဆေး များ ထိုးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
SNA မှ ဆေးမှူးနှင့်အဖွဲ့က ဗန်းမောက်မြို့နယ် ဆရာဝန်နှင့်အဖွဲ့တို့ဖြင့် ပူးပေါင်း၍ ဆုံဆို၊ ကြက်ညာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေးများ ထိုးပေးလျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က ဗန်းမောက်မြို့နယ်အတွင်းမှာ SNA က ကာကွယ်ဆေးထိုးပေးနေစဉ်
ထို့အပြင် ပြင်းထန်အဆုတ်ရောင်(pcp)၊ ပိုလီယို၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ရောဂါ ကာကွယ်ဆေးများလည်း ထိုးပေးနေကြောင်း ဒေသခံများက ပြောသည်။
SNA သည် ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈ ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် အသက် ၁ နှစ်မှ ၅ နှစ်အတွင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များကို ကာကွယ်ဆေးများ ထိုးပေးခဲ့ရာ ယနေ့ (စက်တင်ဘာ ၃၀ ရက်)တွင် ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။
SNA တပ်ဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ တမူး-အောင်ဇေယျာ ဒေသ၊ ခန္တီးမြို့နယ်၊ ရွှေပြည်အေးမြို့နယ် အပါအဝင် မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးများ ဆောင်ရွက်နေသလို ဒေသတွင်းနေ ပြည်သူများကို ကျန်းမာကူညီစောင့်ရှောက်မှုများ လုပ်ဆောင်ပေးလျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
- By CNI
- Category: ကျန်းမာရေး
- Hits: 4383
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများကို အသက် ၁ နှစ်မှ ၅ နှစ်အတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များကို ရောဂါကာ ကွယ်ဆေးများ ထိုးပေးနေကြောင်း သိရသည်။
ဗန်းမောက်မြို့ အနောက်ခြမ်း အရှေ့ကုန်းကျေးရွာရှိ ဓမ္မာရုံမှာ SNA မှ ဆေးမှူး ဆေဆန်းကျေည်နှင့်အဖွဲ့က ဗန်းမောက်မြို့နယ် ဆရာဝန်နှင့်အဖွဲ့တို့ ပူးပေါင်း၍ ဆုံဆို၊ ကြက်ညာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေးများ ထိုးပေးလျက်ရှိသည်။
ထို့အပြင် ပြင်းထန်အဆုတ်ရောင်(pcp)၊ ပိုလီယို၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ရောဂါ ကာကွယ်ဆေးများလည်း ထိုးပေးနေကြောင်း ဒေသခံများက ပြောသည်။
SNA တပ်ဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ တမူး-အောင်ဇေယျာ ဒေသ၊ ခန္တီးမြို့နယ်၊ ရွှေပြည်အေးမြို့နယ် အပါအဝင် မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးများ ဆောင်ရွက်နေသလို ဒေသတွင်းနေ ပြည်သူများကို ကျန်းမာကူညီစောင့်ရှောက်မှုများ လုပ်ဆောင်ပေးလျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
- By CNI
- Category: ကျန်းမာရေး
- Hits: 3149
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၃
နိုင်ငံဖြတ်ကျော် ဝင်/ထွက်ပေါက်များတွင် မျောက်ကျောက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား ပြည်တွင်း/ပြည်ပ ခရီးသွားလာမှုကို မထိခိုက်စေဘဲ အထူးအလေးထား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
ထိုအကြောင်းအရာနှင့်ပတ်သက်၍ သြဂုတ် ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည့် မျောက်ကျောက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မျောက်ကျောက်ရောဂါနှင့် ပတ်သတ်၍ မိမိတို့ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများတွင်လည်း မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုများရှိနေသည်ကို တွေ့ရှိရသဖြင့် မြန်မာနိုင်ငံအတွင်းသို့ မျောက်ကျောက်ရောဂါ ကူးစက်ဝင်ရောက် ပြန့်ပွားမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်ဟု ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
၎င်းက “ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုချက်များအား တိကျစွာ ထုတ်ပြန်ထားရှိရာ မိမိတို့နိုင်ငံ အနေဖြင့်လည်း ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အကြံပြုချက်များကို ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ အရှိန်အဟုန်မြှင့်တင်၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်”ဟု ပြောသည်။
မျောက်ကျောက်ရောဂါ သံသယရှိသူ ကလေးငယ်ကို ကြည့်ရှုစစ်ဆေးနေစဥ်
နိုင်ငံဖြတ်ကျော် ဝင်/ထွက်ပေါက်များ အပါအဝင် လူထုအတွင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအား တိုးမြှင့်ဆောင် ရွက်ခြင်း၊ သီးခြားထားရှိကုသမှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ စံကိုက်ကုထုံးများ သတ်မှတ်ခြင်း၊ ရောဂါပိုး ထိန်းချုပ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ စုဆောင်းထားရှိခြင်း၊ ကျန်းမာရေး ပညာပေးခြင်းလုပ်ငန်းများ စသည် တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အာဖရိကတိုက် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် မျောက်ကျောက်ရောဂါသည် ကူးစက်ပြန့်ပွား မှုနှုန်း မြင့်တက်လျက်ရှိသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်မှ လက်ရှိအချိန်အထိ သံသယလူနာများ၏ ဓာတ်ခွဲနမူနာ (၁၂၉) ခုကို ဓာတ်ခွဲ စစ်ဆေးခဲ့ရာမှာ မျောက်ကျောက်ရောဂါ အတည်ပြုလူနာ မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
မျောက်ကျောက်ရောဂါသည် တိရိစ္ဆာန်မှ လူကို ကူးစက်သော်လည်း တစ်ယောက်နှင့်တစ်ယောက် နီးနီးစပ်စပ် နေထိုင်ပါက လူမှလူကိုလည်း ကူးစက်တက်သည်။
မျောက်ကျောက်ရောဂါ လက္ခဏာကို တွေ့ရစဥ်
မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားချိန်သည် ၂၁ ရက်ထိတိုင် ကြာမြင့်နိုင်ပြီး ရောဂါကူးစက်ချိန်အား အချိန်ကာလ ၂ ခုပိုင်းခြားနိုင်သည်။
ရောဂါဖြစ်ပွားချိန် ပထမဆုံး ၅ ရက်အတွင်းတွင် ဖျားခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ပြန်ရည်အိတ်များ ရောင်ရမ်းခြင်း၊ ခါးနာခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း စသည်တို့ ခံစားရနိုင်သည်။
ဖျားပြီးနောက် ၁ ရက်မှ ၅ ရက်အကြာ ခန္ဓကိုယ်၌ အနီစက် သို့မဟုတ် အနီပြင်များဖြစ်ပေါ်ခြင်း၊ အရည်ဖုများ၊ ပြည်ဖုများ စသည်ဖြင့် အဆင့်ဆင့်ဖြစ်ပေါ်ပြီးနောက် အနာများဖြစ်ပေါ်ကာ နောက်ဆုံးတွင် အနာများပျောက်ကင်း သွားပြီး အမာရွတ်အဖြစ် ကျန်ခဲ့နိုင်သည်။
မျောက်ကျောက်ရောဂါသည် ကူးစက်ရောဂါဖြစ်သည့်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုက အထူးအရေးကြီးသည်။
တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ကောင်းမွန်စွာဆောင်ရွက်ခြင်း စသည့် နည်းလမ်းများအား စနစ်တကျ လုပ်ဆောင်ခြင်းဖြင့်လည်း မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်သည်။
- By CNI
- Category: ကျန်းမာရေး
- Hits: 4244
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၂
မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်မှ လက်ရှိအချိန်အထိ သံသယလူနာများ၏ ဓာတ်ခွဲနမူနာ (၁၂၉) ခုကို ဓာတ်ခွဲ စစ်ဆေး ခဲ့ရာမှာ မျောက်ကျောက်ရောဂါ အတည်ပြုလူနာ မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၁၉ ရက် နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
မျောက်ကျောက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်နေလျက်ရှိပြီး ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့မှ အကြုံပြုချက်များအား မိမိတို့နိုင်ငံအနေဖြင့် ကဏ္ဍအလိုက် ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြော သည်။
ထို့နောက် နိုင်ငံဖြတ်ကျော် ဝင်/ထွက်ပေါက်များတွင် မျောက်ကျောက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ လူထု အတွင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအား တိုးမြှင့်ဆောင်ရွက်ခြင်း၊ သီးခြားထားရှိ ကုသမှုပေးခြင်း၊ ကာကွယ် ဆေး ထိုးနှံခြင်း၊ စံကိုက်ကုထုံးများကုသခြင်း၊ ရောဂါပိုး ထိန်းချုပ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ စုဆောင်းထား ရှိခြင်း စသည်တို့ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းမှ ပြောကြားခဲ့သည်။
အာဖရိကတိုက် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လျက်ရှိသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။
မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု အစောပိုင်းကာလတွင် အာဖရိကတိုက်တွင်သာ တွေ့ရလေ့ရှိသော်လည်း ယခုအခါ အာရှနိုင်ငံအချို့သို့ စတင်ပျံ့နှံ့လျက်ရှိသည်။
ရောဂါဖြစ်ပွားမှု သိသိသာသာ တိုးလာပြီး ကွန်ဂိုတွင် ယခုနှစ်စကတည်းက မျောက်ကျောက်ရောဂါ ကူးစက်ခံရ သူပေါင်း ၁၅၆၀၀ ကျော်နှင့် သေဆုံးသူ ၅၃၇ ဦး အထိရှိခဲ့သည်။
မျောက်ကျောက်ရောဂါ သံသယရှိသူ ကလေးငယ်ကို ကြည့်ရှုစစ်ဆေးနေစဥ်
မျောက်ကျောက်ရောဂါသည် တိရိစ္ဆာန်မှ လူကိုကူးစက်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ခြင်း၊ အရေပြားမှတစ်ဆင့် ကူးစက်ခြင်းအပြင် ရောဂါရှိသူနှင့် အနီးကပ်စကားပြောခြင်း၊ အနီးကပ်နေထိုင်ခြင်း၊ အနီးကပ်အသက်ရှုခြင်း စသော အသက်ရှုလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားနှင့် အရည်များမှ တစ်ဆင့်လည်း ကူးစက်တတ်သည်။
ထို့ပြင် ချုံပုတ်အရွက်များကို ကိုင်တွယ်မိခြင်း၊ ရောဂါကူးစက် ဖြစ်ပွားနေသော လူ သို့မဟုတ် တိရိစ္ဆာန်နှင့် အနီးကပ်ထိတွေ့ခြင်း၊ တိရိစ္ဆာန် ကိုက်ခံရခြင်း သို့မဟုတ် ခြစ်မိခြင်း၊ ရောဂါဖြစ်နေသော အနာခွက်များကို ထိတွေ့ ကိုင်မိခြင်း၊ ခန္ဓာကိုယ်မှ ထွက်ရှိသောအရည် (တံတွေး၊ နှာရည်၊ သွေး၊ ချွေး၊ ဆီးနှင့် လိင်အင်္ဂါ ထွက်သောအရည်)၊ အရေပြားပေါ်တွင် အနီအဖုအပိမ့်ထွက်သူများ အသုံးပြုခဲ့သော အဝတ်အထည်၊ အိပ်ရာ၊ စောင် စသည့် အသုံး အဆောင်များမှ တစ်ဆင့်လည်း မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့နိုင်သည်။
မျောက်ကျောက်ရေဂါ ကူးစက်ပြန့်ပွားချိန်သည် ၂၁ ရက်ထိတိုင် ကြာမြင့်နိုင်ပြီး ရောဂါကူးစက်ချိန်အား အချိန်ကာလ ၂ ခုပိုင်းခြားနိုင်သည်။
ရောဂါဖြစ်ပွားချိန် ပထမဆုံး ၅ ရက်အတွင်းတွင် ဖျားခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ပြန်ရည်အိတ်များ ရောင်ရမ်းခြင်း၊ ခါးနာခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း စသည်တို့ ခံစားရနိုင်သည်။
ဖျားပြီးနောက် ၁ ရက်မှ ၅ ရက်အကြာ ခန္ဓကိုယ်၌ အနီစက် သို့မဟုတ် အနီပြင်များဖြစ်ပေါ်ခြင်း၊ အရည်ဖုများ၊ ပြည်ဖုများ စသည်ဖြင့် အဆင့်ဆင့် ဖြစ်ပေါ်ပြီးနောက် အနာများဖြစ်ပေါ်ကာ နောက်ဆုံးတွင် အနာများ ပျောက် ကင်းသွားပြီး အမာရွတ်အဖြစ် ကျန်ခဲ့နိုင်သည်။
မျောက်ကျောက်ရောဂါသည် ကူးစက်ရောဂါ ဖြစ်သည့်အတွက် တစ်ကိုယ်ရေ သန့်ရှင်းမှုက အထူးအရေးကြီးသည်။
မျောက်ကျောက်ရောဂါ လက္ခဏာကို တွေ့ရစဥ်
မျောက်ကျောက် (Mpox) ရောဂါလက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းအား ရှောင်ကြဥ်ခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေ သို့မဟုတ် အယ်လ်ကိုဟော အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါဝင်သော ရေမလို လက်သန့်စင် ဆေးရည် အသုံးပြု၍ စနစ်တကျဆေးကြောခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။
ထို့အပြင် နှာချေ ချောင်းဆိုးသည့်အခါ လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အသား ငါးများကို ကျက်အောင်ချက်စားခြင်း၊ တောရိုင်းတိရိစ္ဆာန်များကို အကာအကွယ်မပါဘဲ ထိတွေ့ခြင်းကို ရှောင်ကြဥ် ခြင်း၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများကို ကိုင်တွယ်ခြင်းကို ရှောင်ကြဥ်ခြင်း၊ အများသုံးနေရာ များအား ထိတွေ့မှုများကို အထူးဂရုစိုက်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ကောင်းမွန်စွာ ဆောင်ရွက်ခြင်း စသည့် နည်းလမ်းများအား စနစ်တကျ လုပ်ဆောင်ခြင်းဖြင့် မျောက်ကျောက် ရောဂါကို ကာကွယ်နိုင်သည်။
ယခုအခါ မျောက်ကျောက်ရောဂါသည် အရှေ့တောင်အာရှ နိုင်ငံများအထိပါ ကူးစက်လာနေပြီဖြစ်သည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသော သံသယ ဖြစ်ဖွယ် ပထမဆုံးလူနာကို နိုင်ငံတွင်းမှာ တွေ့ရှိခဲ့သည်ဟု ထိုင်းအာဏာပိုင်များမှ သြဂုတ်လ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများအနေဖြင့် စိုးရိမ်မှုများ မြင့်တက်နေကြသည်။
ထို့အတူ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသော ပထမဆုံးလူနာအား နိုင်ငံတွင်းတွင် တွေ့ရှိခဲ့သည်ဟု ဖိလစ်ပိုင်အာဏာပိုင်များမှ ပြီးခဲ့တဲ့သြဂုတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ပြောကြားထားသည်။
- By CNI
- Category: ကျန်းမာရေး
- Hits: 2999
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈
ယာယီသမ္မတ ဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်မှု မရှိသေးခြင်းကြောင့် နစက၏ စီမံဆောင်ရွက်ပေးမှုဖြင့် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရသည်ဟု နစက-က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစားအ သောက်နည်းခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကု ပါရဂူကြီးများ ပါဝင်သော ဆေးကုသမှုအဖွဲ့ဖြင့် ပုံမှန်ဆေးကုသမှုခံယူခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် ကျန်းမာရေး စစ်ဆေးစမ်းသပ်ချက်များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့် ရောဂါ၊ ၎င်းနှင့် ဆက်စပ်ဖြစ်ပေါ်သော အာရုံကြော အားနည်းရောဂါတို့အား ခံဏားနေရသည်ကို တွေ့ရှိရသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅ ရက်မှ ၁၉ ရက်အထိ စင်္ကာပူနိုင်ငံ၊ Mount Elizabeth Medical Centre တွင် ဦးနှောက်နှင့် အာရုံ ကြောပိုင်းဆိုင်ရာ စစ်ဆေးကုသမှုများခံယူခဲ့ပြီး မေလ ၂၇ ရက်မှ ဇွန်လ ၁၈ ရက်အထိ အမှတ်(၂) တပ်မတော် ဆေးရုံကြီး(ကုတင် ၁၀၀၀)တွင် ဆေးကုသမှုခံယူခဲ့သည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။
ထိုကာလအတွင်း ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဝဲ၊ ယာ မျက်စိများတွင် ဖြစ်ပွားလျက်ရှိသော အတွင်းတိမ်များကို ခွဲစိတ်ကုသခဲ့ရာ အမြင်အာရုံပြန်လည် ကောင်းမွန်လာခဲ့သော်လည်း အာရုံကြော အားနည်းရောဂါကို ဆက် လက်ခံစားနေရသဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ဆေးခွင့်ယူ၍ နေအိမ်တွင် အထူး ဆေးကုသမှုအဖွဲ့၏ အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဇွန်လ ၃၀ ရက်နှင့် ဇူလိုင် ၁၄ ရက်တို့တွင် ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် ၈ ဦးပါဝင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ခဲ့ရာ ကျန်းမာရေး အခြေအနေမှာ တိုးတက်ကောင်းမွန် လာခြင်းမရှိသေးဘဲ အစားအသောက် စားသုံးခြင်း အပါအဝင် နေ့စဉ် ပုံမှန်သွားလာလှုပ် ရှားမှုကို လုပ်ဆောင်နိုင်မှု မရှိသေးသောကြောင့် နစက၏ စီမံဆောင်ရွက်ပေးမှုဖြင့် အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်နေသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။
ဦးမြင့်ဆွေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ဒုသမ္မတ(၁)ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရဖြုတ်ချခံရပြီးနောက် ယာယီသမ္မတဖြစ်လာခဲ့သည်။
နစကသည် အရေးပေါ်ကာလ သက်တမ်း ၆ လတိုးထားသည်မှာ ဇူလိုင် ၃၁ ရက်နေ့တွင် ပြည့်မည်ဖြစ်၍ လာမည့်ကာလတွင် ယာယီသမ္မတ ဦးမြင့်ဆွေကို အနားပေးမည်လား သို့မဟုတ် မည်သို့ ဆက်သွားမည်မှာ စိတ်ဝင် စားစရာကောင်းသည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်လျက်ရှိနေကြသည်။
- By CNI
- Category: ကျန်းမာရေး
- Hits: 2728
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၅
မွေးကင်းစကလေးအရွယ်မှ အသက်ခြောက်လမတိုင်ခင်အထိ မိခင်နို့ကလွဲပြီး တခြားသော အစားအစာများ ကျွေးရန်မသင့်ကြောင်း ကျန်းမာရေးပညာရှင်များက ပြောသည်။
ကလေးများကို ခြောက်လမတိုင်ခင် ထမင်းများနှင့် တခြားပြင်ပအစားအစာများကျွေးပါက ကလေးများတွင် အူစွပ်ရောဂါဖြစ်လာနိုင်ကြောင်း Hello ဆရာဝန်ပေ့ချ်ကို တည်ထောင်သူ ဒေါက်တာသူရိန်လှိုင်ဝင်းက CNI သတင်းဌာနကို ပြောသည်။
“ကလေးကို အမေနို့တိုက်နေတာကနေပြီးတော့ တခြားဟာတစ်ခုခုပြောင်းတိုက်တော့မယ်ဆိုရင် winning diet လုပ်ရတယ်လို့ခေါ်တယ်။ ကျနော်တို့ စပြီးတော့နည်းနည်းချင်းဆီ စကျွေးရတာပေါ့နော်။ အဲဒါကြောင့်မို့ ကျနော် တို့က ခြောက်လနောက်ပိုင်းပဲ ကျွေးခိုင်းတာပေါ့နော်။ ခြောက်လအရှေ့ပိုင်းမှာဆို ရေတောင်မတိုက်ရဘူးလေ။ အမေနို့ကိုပဲ အမြဲတိုက်ရမယ်ပေါ့နော်။ အဲ့လိုမျိုးလုပ်တဲ့အခါမှာ ကလေးတွေရဲ့ အူကတော့ လူကြီးလို မဟုတ်ဘူး ပေါ့။ သေချာအလုပ်မလုပ် နိုင်သေးဘူးပေါ့နော်။ လုပ်တဲ့နည်းလမ်းတွေက သေချာမမှန်သေးဘူး။ အူက အဆင်သင့် မဖြစ်ခင်မှာ အစားအသောက်က လွဲသွားတယ်ပေါ့နော်။ မှားပြီးကျွေးလိုက်မိတယ်။ ဘာညာဖြစ်တဲ့အခါကျတော့ သူ့ အူက လှုပ်ရှားမှုလွဲပြီးတော့ အူတစ်ခုနဲ့တစ်ခု စွပ်သွားတယ်။ အများအားဖြင့် ကလေးတွေမှာဖြစ်တတ်တယ်။ ဒါက အမေနို့ကို မတိုက်လို့တော့မဟုတ်ဘူး။ဒါပေမယ့် တခြားအစာတစ်ခုကို ကျွေးလိုက်တဲ့အချိန် ဒီလိုမျိုးဖြစ်လေ့ ဖြစ်ထရှိတယ်။ အူစွပ်တယ်ဆိုတာ ကလေးတွေအတွက် အရေးပေါ်အခြေအနေပေါ့နော်”ဟု ပြောသည်။
မွေးကင်းစမှ အသက်ခြောက်လ မပြည့်သေးသော ကလေးငယ်များကို မိခင်နို့တစ်မျိုးထဲသာ တိုက်ကျွေးခြင်းသည် ကလေးငယ်များအတွက် ဥာဏ်ပိုကောင်းပြီး အကယ်၍ မိခင်နို့မထွက်သောအခြေအနေမှသာ နို့မှုန့် တိုက်ကျွေး သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသန်းထိုက်ဇော်က CNI ကို ပြောသည်။
ကိုသန်းထိုက်ဇော်က “မိခင်နို့တိုက်တဲ့ဟာတော့ အကောင်းဆုံးပဲ။တကယ်လို့မိခင်နို့မတိုက်နိုင်လို့ရှိရင် မိခင်နို့ မတိုက်နိုင်ဘူးဆိုတဲ့ အနေအထားမှာမှ တခြားဟာတွေဖြစ်ကြတာ။ ဒါပေမယ့် လက်ရှိမှာ အကုန်လုံး လုပ်ပေး နေကြတာပဲ။ သနပ်ခါးတွေလည်း ကျွေးနေကြတာပဲ။ လူးပေးနေတာပဲ။ တကယ်လို့ အကိုတို့က ခေါင်းတွေလည်း ခြောက်လကျော်မှ ရိတ်ရတယ်ဆိုပြီး ပြောတယ်။ ဒါပေမယ့်သူတို့တွေ ခေါင်းရိတ်တာကအစ သူတို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တိတိကျကျထက် ကိုယ့်အမေတွေက အဖွားတွေ၊ အဘိုးတွေ ပြောနေကြတဲ့ စကားအတိုင်းကိုပဲ လုပ်နေကြတာပဲ အများစုကတော့လေ။ပုံမှန်လို့ ပြောမယ်ဆိုလို့ရှိရင် မိခင်နို့ မတိုက်ကျွေး တာနဲ့တခြား အပြင်နို့တိုက်တဲ့ကလေးတွေနဲ့ ယှဥ်မယ်ဆိုလို့ရှိရင်တော့ မိခင်နို့တိုက်တဲ့ ကလေးတွေကတော့ ဥာဏ်ပိုကောင်းလာနိုင်တာမျိုးတော့ ရှိတာပေါ့နော်” ဟု ပြောသည်။
အူစွပ်ရောဂါလက္ခဏာများမှာ ဗိုက်မခံမရပ်နိုင်အောင့်လာခြင်း၊ အဖျားဝင်လာနိုင်ခြင်း၊ အန်လာခြင်း၊ သွေးပေါင် ကျပြီး ချွေးစီးပြန်လာခြင်း၊ ဝမ်းသွားသည့်အခါ သွေး၊ချွဲပါလာနိုင်ခြင်းများ ခံစားလာရခြင်းနှင့် အဆိုပါရောဂါသည် အသက် ၃ လနှင့် ၅ နှစ်အကြား ဖြစ်တတ်ကြောင်း ကျန်းမာရေးဆိုင်ရာ အကြံပေးသူများက ပြောသည်။
အူစွပ်ရောဂါခံစားရသည့် ကလေးငယ်များမှာ အသက်ငယ်ရွယ်လွန်းသည့်အရွယ်တွင် ခွဲစိတ်ရသောကြောင့် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ပြောသည်။
ကလေးငယ်များကို ခြောက်လမပြည့်ခင် အတတ်နိုင်ဆုံး ဖြည့်စွက်စာများ မကျွေးကြရန်နှင့် ဖြည့်စွက်စာ စ ကျွေး မည်ဆိုပါက ကလေးများ၏ အမူအယာကအစ အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်း ကျန်းမာရေးဆိုင်ရာ ပညာ ရှင်များက အကြံပြုထားသည်။
- By CNI
- Category: ကျန်းမာရေး
- Hits: 2401
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄
ရာသီအကူးအပြောင်းမှာ ဖြစ်လေ့ဖြစ်ထရှိသည့် တုပ်ကွေးရောဂါသည် ၁၀ စုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရောဂါ များထက် အပြင်းထန်ဆုံးဖြစ်သော်လည်း စိုးရိမ်စရာမရှိကြောင်း ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များက ပြောသည်။
ယခုနှစ် တုပ်ကွေးရောဂါသည် ယခင်နှစ်များကထက် ပြင်းထန်ပြီး တုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ အဆုတ်လေပြွန်ရောင်ရောဂါသည်လည်း လက်ရှိမှာ ဖြစ်ပေါ်နေကြောင်း Hello ဆရာဝန်ပေ့ချ်ကို တည်ထောင်သူ ဒေါက်တာ သူရိန်လှိုင်၀င်းက CNI သတင်းဌာနကို ပြောသည်။
ဒေါက်တာ သူရိန်လှိုင်၀င်းက “တုပ်ကွေးကတော့ အခုက တွဲဖက်ဖြစ်တယ်လို့ ပြောရမှာပေါ့နော်။ တုပ်ကွေး ဖြစ်တယ် တုပ်ကွေးကနေတစ်ဆင့် တခါ အဆုတ်ရောင်တွေ ဖြစ်ကြတာပေါ့နော်။ အဆုတ်ရောင်ထက် အဆုတ်လေပြွန်ရောင်တဲ့ရောဂါဗျ။ အခုဖြစ်နေတဲ့ ပြဿနာကလေ အဆုတ်ကိုရောင်တဲ့ နမိုးနီးယားလိုမျိုး ပြဿနာမဟုတ်ဘဲနဲ့ လေပြွန်လေးတွေ ရောင်တဲ့ပြဿနာ ဖြစ်နေတယ်ပေါ့နော်။ အဲ့ဒါက ဘာလဲဆိုတော့ တုပ်ကွေးကတော့ ပုံမှန်အတိုင်းပါပဲ။ နှစ်တိုင်းက ဒီအချိန်က တုပ်ကွေးရာသီပဲ ဆိုတော့လေ။ အေးတဲ့အချိန် စိုစွတ်တဲ့အချိန် တုပ်ကွေးတွေက ပြန့်ကြတယ်လေ။ ပြန့်ကြတယ်ဆိုတော့ အခုလည်း အဲ့လိုဖြစ်ကြတယ် လေ။ ဒါပေမယ့် တစ်ခုရှိတာကတော့ ဒီနှစ် တုပ်ကွေးက နည်းနည်းတော့ ပြင်းထန်တယ်။ အရင်နှစ် တွေထက် စာရင်တော့ ပိုပြင်းထန်တယ်လို့ ပြောတယ်။ တချို့ USCBC တို့ ပြောထားတာအရဆိုတော့ ဒီနှစ် တုပ်ကွေးကတော့ ဆယ်စုနှစ် တစ်ခုလောက်မှာ တော်တော်ပြင်းထန်တဲ့ အနေအထားရှိတယ်။ သတိပို ထားရမယ်ဆိုပြီးတော့ ပြောထားပါတယ်”ဟု ပြောသည်။
တုပ်ကွေးနှင့် ဆက်စပ်သည့် တွဲဖက် အဆုတ်လေပြွန်ရောင်ရောဂါသည် လေမှတဆင့် ကူးစက်တတ်သည့် ရောဂါဖြစ်သော်လည်း စိုးရိမ်လွန်စရာမလိုကြောင်း ဒေါက်တာသူရိန်လှိုင်ဝင်းက ဆက်ပြောသည်။
“အဲဒါကတော့ ဘယ်လောက်ထိ ပြင်းထန်လဲဆိုတာ ပမာဏမရှိဘူးပေါ့နော်။ ဒါပေမယ့် ကိုယ်ပူတာ အပူချိန် ပိုမြင့်တယ်။ ကိုယ်တွေ လက်တွေ ပိုပြီးတော့ နာတယ်။ နောက်တစ်ခုကကျတော့ နှုံးတာ တအားဆိုး တယ်လို့ ပြောတယ်။
ကလေးတွေမှာ ချောင်းဆိုးတာ တော်တော်ဆိုးတယ်လို့ ပြောပါတယ်။ ဘယ်လောက် ပိုပြင်းထန်လဲ ဆိုတာတော့မသိဘူး။ ဆယ်စုနှစ်တစ်ခုအတွင်းမှာ အပြင်းထန်ဆုံး တုပ်ကွေးလို့တော့ သူတို့ ပြောကြတယ်ပေါ့နော်။ ဒီရောဂါပိုးတွေကလေ အရင်တုန်းကလည်း ဖြစ်ပါတယ်။ နှစ်စဥ်နှစ်တိုင်း ဒီလို တုပ်ကွေးရာသီဆို ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီနှစ်ကတော့ ပိုပြင်းတာပေါ့နော်။ ဒါပေမယ့်လည်း အရမ်းကြီး စိုးရိမ်တစ်ကြီးလည်း ဖြစ်နေစရာမလိုပါဘူး။ကိုယ်က အာဟာရ ပြည့်ဝအောင်စားမယ်။ ကောင်းကောင်း နားနားနေနေနေမယ်။ကိုယ်လက်လှုပ်ရှားလည်းလုပ်။နားနားနေနေလုပ်။ ဂရုစိုက်တယ်ဆိုရင် သိပ် အဆိုးကြီးလည်း မဟုတ်ပါဘူး” ဟု ပြောသည်။
ယခုလိုကာလတွင် ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ ကလေးများအတွက် ပိုပြီး ဂရုစိုက် ပေးသင့် ကြောင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်နှင်းနှင်းဇံက CNI သတင်း ဌာနသို့ ပြောသည်။
“ကျောင်းတက်နေတဲ့ကလေးတွေအတွက် ဆိုလို့ရှိရင် လုံခြုံမှုတွေ စဥ်းစားရမှာပေါ့နော်။ ကလေးလေးတွေ အတွက်ဆိုလို့ရှိရင် ခြင်မကိုက်တဲ့ Sticker လေးတွေ ကပ်ပေးလို့ရတယ်။ ပြီးတော့ ခြင်မကိုက်တဲ့ လိမ်း ဆေးတွေ လိမ်းပေးလို့ရပါတယ်ရှင့်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အဆုတ်လေပြွန်ရောင်ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးမှ ပုဂ္ဂလိက ကျောင်းတစ်ချို့ကို ပိတ်ထားခြင်းများလည်းရှိကြောင်း သတင်းမီဒီယာတစ်ချို့တွင် ဖော်ပြထား သည်။
ရာသီပေါ်တုပ်ကွေး၏ နောက်ဆက်တွဲ အဆုတ်လေပြွန်ရောင်ရောဂါသည် အသက် ၅ နှစ်အောက်အရွယ် ကလေးငယ်များနှင့် အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းများတွင်ဖြစ်တတ်ပြီး မပေါ့ဆသင့်ဘဲ သေချာ ဂရုစိုက်ကြရန် လိုအပ်ကြောင်းကျန်းမာရေး အကြံပြုသူများက ပြောသည်။
- By CNI
- Category: ကျန်းမာရေး
- Hits: 2442
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁
အဂတိလိုက်စားမှုများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံမှာ မသုံးစွဲရန်နှင့် မရောင်းချရန် တားမြစ်ထားသည့် ဆေးဝါး များနှင့် အလှကုန်များကို ဈေးကွက်တွင် ထိန်းချုပ်မရဘဲ ဖြစ်နေကြောင်း စားသုံးသူ အခွင့်အရေးနှင့် အစားအ သောက် ကျွမ်းကျင်ပညာရှင်များက CNI သတင်းဌာနသို့ ပြောသည်။
တားမြစ်ထားသည့် ပစ္စည်းများသည် ဈေးကွက်အတွင်း ပိုမိုကျယ်ပြန့်လာသောကြောင့် ထိန်းချုပ်ရန် ခက်ခဲသည်ဟု စားသုံးသူ အခွင့်အရေးနှင့် အစားအသောက် ကျွမ်းကျင်ပညာရှင် ဦးဗအုပ်ခိုင်က ပြောသည်။
ဦးဗအုပ်ခိုင်က “အရင်တုန်းက နယ်စပ်ဂိတ်ပေါက်တွေမှာ FDA စခန်းတွေ ဖွင့်ထားတာရှိတယ်။ နယ်စပ်ဂိတ်တွေမှာ စစ်ဆေးရေး ကုန်တွေအတွက်၊ အခုကတော့ နယ်စပ်တွေမှာ မလွယ်ဘူးလေ။ FDA တို့ ဘာတို့ ကွင်းဆင်းဖို့ဆိုတာ မလိုဘူး။ အခုအခြေအနေနဲ့ ဆိုတော့။ ဒါတွေမဝင်ဖို့ဆိုတာ နယ်စပ်ဂိတ်ပေါက်တွေမှာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေ FDA လိုမျိုး အဖွဲ့အစည်းတွေက အဝင်ဂိတ်တွေမှာ ကြပ်ကြပ်မတ်မတ် စစ်ဆေးမှဘဲ ဒါတွေကရမှာ။ ဒါ တောင် ကြပ်ကြပ်မတ်မတ် စစ်ဆေးတဲ့ ကြားထဲကတောင် ဝင်နေသေးတယ်။ ဈေးကွက်ထဲမှာတော့ လောလော ဆယ် ထိန်းချုပ်ဖို့တောင် သိပ်မလွယ်ဘူး။ လုံးလုံးပပျောက်ဖို့ မလွယ်ဘူး။ အဂတိလိုက်စားမှုတွေ ရှိနေတာကို နေရာတိုင်းမှာ။ ရှိနေတော့ ဒါတွေက ခိုးဝင်မှာပဲ။ ခိုးပြီးသွင်းတာတို့ လာဘ်ပေးပြီး သွင်းတာတို့ ရှိနေအုံးမှာပဲလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။
စားသောက်ကုန်များကို FDA က စစ်ဆေးနေစဉ်
တားမြစ်ပစ္စည်းများကို သုံးစွဲနေကြမှုအပေါ် ပြည်သူများအား အသိပညာပေးရန် လိုအပ်ကြောင်း၊ လက်ရှိ အချိန်ထိ သုံးစွဲနေရခြင်းမှာ အသိပညာပေးမှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ကျန်းမာရေး လေ့လာသုံးသပ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်း ကိုသန်းထိုက်ဇော်က ပြောသည်။
ကိုသန်းထိုက်ဇော်က “အရင်ဆုံး ပြည်သူလူထု အရင်သိအောင်ကို ပြောပြရမှာ။ သုံးတဲ့သူတွေ များနေသရွေ့ ရောင်းတဲ့သူတွေ ရှိနေအုံးမှာပဲ။ သုံးတဲ့သူတွေ မရှိအောင် အရင်လုပ်ကြရတယ်။ ဘာလို့မသုံးသင့်တာလဲ ဆိုတဲ့ အရာကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တာ။ များသောအားဖြင့် FDA နဲ့ပတ်သက်ပြီးတော့ ဒီဟာတွေ ဒီဟာတွေ မသုံးသင့်ပါဘူးဆိုတဲ့ အရာကို အရင်တုန်းက သတင်းစာထဲမှာ ထည့်ဖူးတာ တွေ့ဖူးတယ်။ facebook တို့ ဆိုရှယ်မီဒီယာတို့မှာ တင်တာတွေ့ဖူးတယ်။ ဒါပေမယ့် အဲဒီဟာတွေရဲ့ ကျယ်ပြန့်မှု အားက နည်းနေတယ်။ အဲဒီဟာတွေက တကယ့်တကယ် ဆိုရှယ်မီဒီယာ အကြီးကြီးတွေ၊ page တွေက သော်လည်းကောင်း တင်ပေးတာ မျိုး မရှိခဲ့တော့ ဒီဟာတွေကို သုံးလို့မရဘူး။ ရောင်းလို့မရဘူးဆိုတာကို မသိဘူး ဖြစ်နေတာ”ဟု CNI သတင်းဌာန သို့ ပြောသည်။
တားမြစ်အလှကုန်များကိုတွေ့ရစဉ်
တရုတ်နှင့် ထိုင်းဘက်မှ တင်သွင်းသည့် အလှကုန်ပစ္စည်းတချို့တွင် ကျောက်ကပ် ထိခိုက်စေနိုင်သည့် mercury (ပြဒါး) ပါရှိခြင်း၊ အသားအရေ ထိခိုက်ပျက်စီးစေသည့် steroid(စတီးရွှိုက်) ပါရှိခြင်းနှင့် ဆံပင်ဆိုးဆေး၊ ဆံပင် ဖြောင့်ဆေးတို့တွင် အာရုံကြောစနစ် ထိခိုက်စေနိုင်သည့် Amonia( အမိုးနီးယား )ဓာတ်များပါရှိခြင်းတို့ကြောင့် မသုံးစွဲရန် တားမြစ်းထားခြင်း ဖြစ်သည်။
အလားတူ ဂျိုင်းလိမ်းဆီတို့တွင်လည်း ချွေးပေါက် ပိတ်စေနိုင်သည့် ဓာတ်များပါရှိခြင်းကြောင့် ရင်သားကင်ဆာ ဖြစ်စေနိုင်သလို နှုတ်ခမ်းဆိုးဆေးများတွင်လည်း အစာအိမ် ကင်ဆာဖြစ်စေနိုင်သည့် ခဲဆိပ်ဓာတ်များ ပါရှိခြင်း ကြောင့် တားမြစ်ထားသော ပစ္စည်းများကို သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးဝန်ထမ်းများနှင့် စားသုံးသူ အခွင့်အရေးနှင့် အစားအသောက် ကျွမ်းကျင်ပညာရှင်များက သတိပေးခြင်း ဖြစ်သည်။
ပြည်သူလူထုများကို ထိခိုက်မှု လျော့နည်းစေရန် သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်ကြပ်မတ်မတ် စစ်ဆေးပေး ရန် လိုအပ်သလို အသိပညာပေးမှုများလည်း လုပ်ဆောင်ပေးသင့်ကြောင်း ကျန်းမာရေး လေ့လာသုံးသပ်သူများက ပြောသည်။
- By CNI
- Category: ကျန်းမာရေး
- Hits: 2341
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈
မလေးရှားတစ်နိုင်ငံလုံး အတိုင်းအတာရှိ အချုပ်ခန်းများတွင် မြန်မာ အပါအဝင် အကျဉ်းသားမြောက်များစွာရှိပြီး ကျန်းမာရေး မကောင်းသူများအား NGO အဖွဲ့အစည်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့များမှ သွားရောက် ကူညီချင် သော်လည်း မလေးရှားအစိုးရမှ ဝင်ခွင့်မပြုထားကြောင်း သိရသည်။
ထို့ကြောင့် မလေးရှားနိုင်ငံရှိ အချုပ်ခန်းများ၊ camp များ၌ ဖမ်းဆီးခံရပြီး အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသား များ၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ပတ်သက်၍ မြန်မာသံရုံးအနေဖြင့် တာဝန်ယူ ဆောင်ရွက်ပေးသင့် ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြော သည်။
မလေးရှားနိုင်ငံရှိ အချုပ်ခန်းများ၊ camp များသို့ ဝင်ခွင့်ရရှိသည့် မြန်မာသံရုံးမှ တာဝန်ရှိသူများအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသော မြန်မာနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးသင့်ကြောင်း မလေးရှားရှိ နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်က ပြောသည်။
၎င်းက “ကျန်းမာရေးအပေါ်မှာ မူတည်ပြီးတော့ သူတို့ထုံးတမ်းစဉ်လာအတိုင်း(မလေးအာဏာပိုင်တွေ) လုပ်ပေးပါ တယ်။ ကျနော်တို့ လူနာတွေ ဆေးရုံတင်တဲ့အခါ အမြဲတမ်းတွေ့နေတာပဲ။ လောလောဆယ် ဒီမှာ လူနာတွေ အမြဲတမ်း ဆေးရုံတင်တဲ့အခါ ထောင်သားတွေ၊ ထောင်လုံထိန်းတွေက လူနာဘေးမှာ စောင့်နေတာတွေ။ ဆေးရုံ တင်ပေး တာတွေ ရှိပါတယ်။ လုပ်ပေးပါတယ်။ ပစ်ထားတာမျိုးတွေတော့ မတွေ့ပါဘူး။ camp ကို ရောက်တဲ့အခါ မှာ သွားတွေ့တာတွေ အင်တာဗျူးတာတွေတော့ ရှိတယ်။ ဒါပေမယ့် ကျန်းမာရေး စောင့်ရှောက်မှုပေးတာကိုတော့ ကျနော်တို့ မတွေ့ဖူးသေးဘူး အခုထိပေါ့နော်။ မြန်မာသံရုံးအနေနဲ့ ထောင်ထဲမှာ ကျန်းမာရေး မကောင်းတဲ့ သူတွေ ကို သတင်းပို့တဲ့အခါ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခင်က NGO အဖွဲ့အစည်းများအနေဖြင့် အချုပ်ခန်းများ၊ camp များရှိ အကျဉ်းကျခံနေရသူများအား ကျန်းမာ ရေး စောင့်ရှောက်မှုများ ကူညီပေးခဲ့စဉ်တွင် ၎င်းတို့အတွက် အခြေအနေ ကောင်းမွန်ကာ အဆင်ပြေ ခဲ့ကြကြောင်း သိရသည်။
မလေးရှားတွင် ဖမ်းဆီးခံရသူများကိုတွေ့ရစဉ်
သို့သော် လွန်ခဲ့သည့် နှစ်အနည်းငယ်မှ စတင်ကာ ၎င်းတို့အား မလေးရှားအစိုးရမှ ဝင်ခွင့်မပြုတော့ခြင်းကြောင့် အကျဉ်းသားများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှာက်မှု ပို၍ ချို့ယွင်းလာကြောင်း၊ မလေးရှားအစိုးရ အနေဖြင့် NGO အဖွဲ့အစည်း၏ ကူညီပေးမှုများအား ခွင့်ပြုပေးသင့်ကြောင်း ရခိုင်ဒုက္ခသည်များ ဗဟို (CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင် က CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် မလေးရှား၌ အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသားများ၏ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းနှင့် ပတ်သက်၍ မြန်မာသံရုံးတွင် ချမှတ်ထားသော မူဝါဒမရှိကြောင်း၊ အကျဉ်းကျသူများအား သွားရောက် တွေ့ဆုံရာ တွင်လည်း နေရပ်ပြန်ရေးကိစ္စကိုသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
ဦးညီညီလွင်က “တကယ်လို့ အဲဒီလိုလုပ်မယ်ဆိုရင် မူဝါဒကို ချမှတ်ရမယ်။ မြန်မာနိုင်ငံသားကို မည်သည့်နေရာ မဆို ကူညီစောင့်ရှောက် ကာကွယ်ရေး ဥပမာ အစ္စရေးတို့၊ အမေရိကန်တို့လိုမျိုးပေါ့ မူဝါဒရှိရမယ်။ မူဝါဒရဲ့ အောက်မှာမှ သူ့ရဲ့ ယန္တရားကို ဖွဲ့စည်းပြီးတော့မှ ဆရာဝန်တွေ သူနာပြုတွေက camp ကို တစ်ပတ်ကို ဘယ်နှစ်ရက် သွားမယ်။ ဘယ်ထောင်ကို ဘယ်နေ့မှာသွားမယ် စသည်အားဖြင့် ဆေးရုံတက် ကုသမယ်ဆိုလည်း ကုန်ကျစရိတ် ကို ခံသွားမယ်ပေါ့။ အဲဒီလိုများ အများကြီး လိုပါသေးတယ် အဲဒီအဆင့်အထိ။ မြန်မာသံရုံးကတော့ စဉ်းစားဖို့ အတွက်က အလှမ်းဝေးနေဦးမယ်။ ပြီးတော့ အထက်လူကြီးကို ကြောက်နေရရင် အထက်က ညွှန်ကြားမှဆိုတော့ နေပြည်တော်က ပွင့်ပွင့်လင်းလင်း ပြောရရင် မလေးရှားထောင်ထဲမှာ ဖြစ်နေတဲ့ ဗမာတွေ၊ မြန်မာနိုင်ငံသားတွေရဲ့ ဒုက္ခ သူမသိနိုင်ဘူး။ အောက်ခြေကတင်ပြပြီး အထက်ကဆုံးဖြတ်ရတာ။ အဲဒီအပိုင်းတွေလည်း လုပ်ဖို့လိုတယ်။ ဒါပေမယ့် သူတို့ တင်ပြရဲလား၊ မတင်ပြရဲလားဆိုတာ အများကြီးပေါ့။ ဒါပေမယ့် လုပ်သင့်တာကတော့ ကြာပါပြီ” ဟု ပြောသည်။
မလေးရှားတွင် ဖမ်းဆီးခံရသူများကိုတွေ့ရစဉ်
မလေးရှားရှိ အချို့အချုပ်ခန်းများ၊ camp များတွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသောကြောင့် ကူးစက် ရောဂါဖြင့် လူ ၄- ၅ ဦး သေဆုံးမှုများလည်း ရှိကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရားမဝင် အလုပ်လုပ်ကိုင် သော မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် ဖမ်းဆီးခံရပြီးနောက် ကျန်းမာရေး မကောင်းသဖြင့် ကာချမ်းမြို့ ဆေးရုံကြီးပေါ်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ၂၀၂၂ ခုနှစ်မှ စတင်ကာ ယခု ၂၀၂၃ ခုနှစ် လက်ရှိကာလအထိ အဖမ်းအဆီး များပြားလျက် ရှိသဖြင့် မလေးရှား တစ်နိုင်ငံလုံး အတိုင်းအတာရှိ အချုပ်ခန်းများတွင် အကျဉ်းသား ပြည့်ကြပ်လျက်ရှိနိုင်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
- By CNI
- Category: ကျန်းမာရေး
- Hits: 4200
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၃
ကိုယ်ဝန်ဖျက်ဆေးများကို လူမှုကွန်ရက်ပေါ်တွင် တရားမဝင်သော်လည်း ကျယ်ပြန့်စွာ ရောင်းချမှုများ ရှိနေပြီး ထိရောက်စွာ အရေးယူမှုပိုင်းများလည်း အားနည်းနေသည်။
အဆိုပါ ဆေးများမှာ သုံးစွဲသူကို ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်း သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက် တာ သက်ဆုလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရားမဝင်ဆေးတွေပေါ့ သန္ဓေတားဆေး သုံးစွဲတဲ့ အခါမှာ အသက်တော့ မသေဘူးပေါ့။ မိခင်ရဲ့ အသက်တော့ မသေဘူး ဒါပေမယ့် သားအိမ်အပြင်ဘက်မှာ ဥပေါက်မယ်။ ပြီးတော့ အဲဒီ ဥပေါက်တဲ့ အတွက်မှာ သားအိမ်ထုတ်တဲ့ အဆင့်ထိပါ ဖြစ်သွားနိုင်တယ်။
ပြီးတော့ သားအိမ်ကျော် မျိုးရမယ့် ပြွန်တွေမှာလည်း ပိတ်ဆို့မယ်။ တသက်လုံးပေါ့ ဒီကလေးမရနိုင်တဲ့ အနေအထားမျိုးတွေကိုလည်း ဖြစ်သွားနိုင်တယ်။ အဲဒီတော့ တရားဝင် ဆေးတွေကိုပဲ သုံးစွဲသင့်တယ်ပေါ့။ ဒီတရားမဝင်တဲ့ ဟာတွေကိုပေါ့ ကိုယ်ကတော့ အားမပေးချင်ဘူး။ အခုဆို ခေတ်မီနေတာပဲ မျိုးစုံပေါ့၊ တားဆေးတွေ မျိုးစုံ ရှိနေတာပဲ “ ဟု ပြောသည်။
တရားမဝင် ကိုယ်ဝန်ဖျက်ချဆေး ရောင်းနေတဲ့ ပေ့စ်
တစ်လမှ ခြောက်လအထိရှိသော ကိုယ်ဝန်ကို ဖျက်ချနိုင်သည်ဟု အာမခံချက်များပေး၍ ကိုယ်ဝန်ဖျက်ဆေးများ ကို ဆရာဝန်ပုံများနှင့် တကွဖော်ြပပြီး ရောင်းချနေကြသည်။
၎င်းတို့ ရေးသား ဖော်ပြထားချက်များအရ အဆိုပါဆေးများတွင် သားအိမ်သန့် သွေးထိန်းဆေး၊ ပိုးသတ်ဆေး၊ အားဆေးများ ပါဝင်သဖြင့် သားအိမ် ပြန်ခြစ်စရာ မလိုဟု သိရသည်။
အဆိုပါ ကိုယ်ဝန်ဖျက်ဆေး စျေးနှုန်းများမှာ ကိုယ်ဝန် တစ်လအတွက် ကျပ် ၇၅၀၀၀ မှ ၈၅၀၀၀ ၊ နှစ်လအတွက် ကျပ် ၉၀၀၀၀ မှ ၁၀၀၀၀၀၊ သုံးလအတွက် ကျပ် ၁၁၀၀၀၀ မှ ၁၂၀၀၀၀ ၊ လေးလအတွက် ကျပ် ၁၃၀၀၀၀ မှ ၁၄၀၀၀၀၊ ငါးလနှင့် ခြောက်လအတွက် ကျပ် ၁၅၀၀၀၀ မှ ၂၀၀၀၀၀ အထိ ရှိသည်။
Dr.Thu Zar - Medical Service ဖေ့စ်ဘွတ်ခ်အကောင့်နှင့် ကိုယ်ဝန်ဖျက်ဆေး ရောင်းချသူက “လူကတော့ တော်တော် ခံရမယ်။ ကျတာတော့ အကောင်လိုက်ကျမယ်။ ခြောက်လအထိကို အစ်မတို့က ထည့် ဆေးသုံးခိုင်း တာ များတယ်။ ထည့်ဆေးက အားလုံးပေါင်း လေးလုံးတစ်ကဒ်စီပဲ ထည့်ရတာ။ ၁၂ လုံးလောက် ထည့်ရမယ်။ ၂၄ နာရီအတွင်း ကျမှာ။ သူက အကောင်လိုက် ကျပြီးတာနဲ့ အချင်းပါ တစ်ခါတည်း အပြီးကျမှာ။ ဘေးထွက် ဆိုးကျိုး ကတော့ မရှိဘူး။ ထည့်ဆေး သုံးခိုင်းတဲ့သူသည် သူက လုံးဝဖျားတယ်၊ ဝမ်းသွားတယ်။ တချို့က ဖျားပြီး ကြောက် ပြီး ဆေးရုံတွေသွားတာ ဘာညာရှိတယ်”ဟု ပြောသည်။
တရားမဝင် ကိုယ်ဝန်ဖျက်ချဆေး ရောင်းနေတဲ့ ပေ့စ်
မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းနှင့် ပတ်သက်သော ဥပဒေ တစ်စုံတစ်ရာ မရှိသေးဘဲ Therapeutic abortion ( ကလေးဆက်လက် တည်ရှိနေမှုသည် မိခင်၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်မည့် အခြေအနေမှ လွဲ၍ ) အခြားမည်သည့် အခြေအနေမျိုးတွင်မှ abortion ကို တရားဝင် သတ်မှတ်ထားခြင်း မရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေများတွင် ဖော်ပြထားသည်။
ထို့ကြောင့် နားလည် တတ်ကျွမ်းသော ဆရာဝန်များမှ ကလေးဖျက်ချခြင်းကို လက်မခံသည့်အတွက် သန္ဓေပျက် ကျစေရန် တရားမဝင် ဆေးဝါးများနှင့် လူမသိစေဘဲ ဝယ်ယူသုံးစွဲကာ ဖြေရှင်းမှုများ ရှိလာသည်ကို တွေ့ရခြင်း ဖြစ်သည်။
- By CNI
- Category: ကျန်းမာရေး
- Hits: 2586
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးရှိသူ ပြန်လည်တွေ့ရှိလာသည့်အတွက် ပြည်တွင်းရှိ ပရဟိတ လူမှုကူညီရေးအသင်းများအနေဖြင့် ကိုဗစ်အတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားကြပြီဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ပြည်တွင်းကူးစက်မှု အနည်းငယ်သာ ရှိသေးကြောင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် ပြည် တော်ပြန်များထံတွင် ကိုဗစ်တွေ့ရှိမှု များနေကြောင်း၊ လူမှုကူညီရေးအသင်းများအနေဖြင့် လိုအပ်ပါက ကူညီပေး ရန်အတွက် အဆင်သင့် ပြင်ဆင်ထားပြီးပြီဖြစ်ကြောင်း စေတနာရှင် ပရဟိတအသင်းမှ ကိုဝေဖြိုးက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “အခုလောလောဆယ်မှာတော့ ကိုဗစ်က ပြန်ဖြစ်နေကြပြီပေါ့နော်။ ပြည်တော်ပြန်တော့ များတယ်ပေါ့ နော်။ ပြည်တွင်း Local ကတော့ နည်းသေးတယ်ပေါ့နော်။ အခုလောလောဆယ်မှာ ကျနော်တို့ ဒဂုံမြို့သစ် အရှေ့ ပိုင်းမြို့နယ်မှာတော့ ၂ ယောက်ပဲ ထွက်သေးတယ်ပေါ့။ တခြားမြို့နယ်တွေကတော့ ၁၄ ယောက် မြောက်ပိုင်းဆို ရင်တော့ ၁၄ ယောက် ထွက်ပြီပေါ့။ အခုက ဘယ်လိုခေါ်မလဲဆို ရပ်ကွက် အတွင်းတွေထဲကို ဖျားနာစစ်ဆေးမှုတွေ က မရှိသေးဘူး။ လိုအပ်ရင်တော့ ကျနော်တို့ဘက်က ကူညီပေးဖို့အတွက် အသင့်ပြင်ထားပြီးပါပြီဗျ။ ကျနော်တို့က တော့ ကျနော်တို့ ရွှေသံလွင်ရုံးမှာ ပြီးခဲ့တဲ့ တတိယလှိုင်းမှာတုန်းက အောက်ဆီဂျင် စက်ရုံပေါ့နော် အသင်းပိုင် ပရဟိတပိုင် စက်ရုံတော့ လုပ်ထားပြီးပြီလေ။ လက်ရှိလည်း ကျနော်တို့က အဲဒီကနေ အောက်ဆီဂျင် ဖြည့်တာပေါ့ နော်” ဟု ပြောသည်။
ကိုဗစ် လူနာများကို စောင့်ကြည့်နေကြစဉ်
ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်များအရ ဧပြီလ ၂၅ ရက်နေ့ ၁ ရက်အတွင်း ဓာတ်ခွဲ အတည်ပြုလူနာ ၇၁ ဦးရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ၅၄ ဦး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ၅ ဦးစီ၊ နေပြည်တော်မှ ၄ ဦး၊ ကရင်ပြည်နယ်မှ ၂ ဦးနှင့် မော်လမြိုင်မြို့နယ်မှ ၁ ဦး တွေ့ရှိခဲ့ ကြောင်း သိရသည်။
လက်ရှိတွင် ကူးစက်မှု နည်းနေသေးသည့်အတွက် ကိုဗစ်ကုသရေးစင်တာ သီးသန့် ထားရှိထားမှု မရှိသေးသော် လည်း ကိုဗစ်ဖြစ်ပွားသူများကို ဆေးရုံးများ၌ သီးသန့်ထား၍ စောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်း လူမှုကူညီ ရေး လုပ်ဆောင်နေသူများက ပြောသည်။
ကိုဗစ် ပြန်လည် ဖြစ်ပွားလာပြီ ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကာကွယ်ရေး နည်းလမ်းအတိုင်း လိုက်နာကြရန် ကျန်းမာရေး အသိပညာပေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက CNI သတင်းဌာနသို့ ပြောသည်။
ကျန်းမာရေး သတိထားနေကြစဉ်
၎င်းက “အဓိကတော့ ပြန်ပြီးတော့ပေါ့နော် သတိထားဖို့ လိုတာပေါ့နော်။ Mask တပ်တယ်။ ခပ်ခွါခွါ နေဖို့ပေါ့နော်။ ကာကွယ်ရေးနည်းလမ်းတွေ ကျနော်တို့ကတော့ ကာကွယ်ဆေး ထိုးနှံမှုတွေ၊ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံ မှုတွေကို မပျက်မကွက် ဆောင်ရွက်ပါပေါ့။ ကိုဗစ် ၁၉ ပြန်တက်လာတဲ့ အချိန်မှာ ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိနဲ့ ကျနော်တို့ MOHS က ထုတ်ပြန်တဲ့ ကာကွယ်ရေး နည်းလမ်းတွေအတိုင်း စနစ်တကျ လိုက်နာပေးပါ” ဟု ပြောသည်။
တချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်ကူးစက်မှု နည်းနေခြင်းနှင့် ဖြစ်ပွားမှု မရှိသေးသည့် အတွက် ကိုဗစ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများ မရှိသေးကြောင်း လူမှုကူညီရေး အသင်း အဖွဲ့များက ပြောသည်။
ကိုဗစ်ပြန်လည် တွေ့ရှိလာပြီးနောက် သင်္ကြန်ရုံးပိတ်ရက် ကာလနောက်ပိုင်း ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ ဧပြီလ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ၂၃၅ ဦး ကူးစက်ခံထားရပြီ ဖြစ်ကြောင်း သိရသည်။
ထိုသူများမှာရန်ကုန်တိုင်းဒေသကြီးမှ ၉၅ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၄၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၃ ဦး၊ ကရင်ပြည်နယ်မှ ၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၅ ဦး၊ နေပြည်တော်မှ ၄ ဦးနှင့် မွန်ပြည်နယ်မှ ၁ ဦး ဖြစ်သည်။
- By CNI
- Category: ကျန်းမာရေး
- Hits: 2659
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄
အခြားနိုင်ငံများကဲ့သို့ ထိုင်းနိုင်ငံတွင်လည်း ကိုဗစ်ကူးစက်မှုများ ပြန်လည်ဖြစ်ပွားနေပြီး ကူးစက်မှုနှုန်းများ ပြန်မြင့် လာပါက မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အဓိက ထိခိုက်နိုင်ကြောင်း ထိုင်းတွင် မြန်မာရွှေ့ပြောင်း အလုပ် သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသည် ကိုဗစ်ပိုးတွေ့ရှိပြီးနောက် သေဆုံး သွားခဲ့ကာ သေဆုံးရသည့်အကြောင်းအား ထိုင်းကျန်းမာရေးဌာနမှ မထုတ်ပြန်သော်လည်း မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် အထူးသတိထား ဂရုစိုက်ရန် လိုအပ်ကြောင်း ၎င်းတို့က ပြောသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “တချို့နေရာတွေဆိုရင် အရေးပေါ် ပြုစုစောင့်ရှောက်ရေးစခန်းတွေ တောင် ယာယီစခန်းတွေတောင်မှပဲ သူတို့ ပြင်ဆင်နေတယ်လို့ပြောတယ်။ ဒါကတော့ သတိထားရမယ်။ ဘယ် လောက် ဖြစ်တယ်ဆိုတာ ကျနော်တို့ သေချာပြောလို့မရဘူးပေါ့။ သူတို့ကတော့ အဲဒီလောက်ပဲပြောတာ။ ဒါပေ မယ့် အဲဒီလောက်ပြောတယ်ဆိုရင် အနည်းဆုံးတော့ ၁၀ နဲ့တော့ မြှောက်လိုက်တော့။ များသောအားဖြင့် ဖုံးကွယ် တယ်လေ သူတို့က။ တကယ်လို့ဖြစ်ပြီဆိုတာနဲ့ အသွားအလာတွေရပ်မယ်၊ လုပ်ငန်းတွေရပ်မယ်ဆိုရင် နံပါတ်တစ် ကျနော်တို့အလုပ်သမားတွေပဲ အရင်ဆုံး ထိမှာပဲ။ ဘာလို့လဲဆိုတော့ အလုပ်ရှင်တွေကတော့ သူတို့ နိုင်ငံမှာက သူတို့နိုင်ငံသားဆိုရင် သဘောက လူမှုဖူလုံရေးအရ အစိုးရကနေ ထောက်ပံ့ကြေးတို့ ဒါတွေက သူတို့က နည်းနည်း သူတို့လူမျိုး၊ သူတို့အလုပ်သမားတွေဆိုရင် လုပ်နိုင်တယ်ဆိုပေမယ့် ကျနော်တို့လိုမျိုး အလုပ်သမားတွေက အများ စုက လူမှုဖူလုံရေးဘာတွေက ဝင်ထားတဲ့လူတွေက ဒီလောက်မများဘူးလေ။ နောက်ပြီးရင် မိသားစုများတဲ့လူတွေ လက်ရှိမှာတောင်မှ အထောက်အထားနဲ့ပတ်သက်လို့ ကုန်ကျစရိတ်တွေ မြောက်များစွာ အကုန်ကျခံနေရလို့ အကြွေးတွေနဲ့ အဲဒီလိုဖြစ်နေတယ် အများစုပေါ့နော်။ ဆိုတော့ ဒီပြဿနာတွေက အလုပ် လက်မဲ့ပြဿနာတွေ၊ နေထိုင်ခွင့် ဒါတွေအကုန်လုံးကြုံမှာ ပြဿနာတက်မှာ” ဟု ပြောသည်
ထိုင်းကျန်းမာရေးဌာနက ဆေးထိုးနေကြစဉ်
ထို့အပြင် ထိုင်းနိုင်ငံ၌ မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 အား တွေ့ရှိထားကြောင်း၊ ၎င်းရောဂါ အမျိုးအစားသည် လျင်မြန်ကူးစက် လွယ်သည့်အပြင် ကိုဗစ် ကာကွယ်ဆေးအားလည်း တိမ်းရှောင်နိုင်စွမ်း ရှိသည်ဟု ထိုင်းအခြေစိုက် Chiang Mai News သတင်းဌာနတွင် ဖော်ပြထားသည်။
သို့သော် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် မိမိတစ်ကိုယ်ရည်အတွက် ကျန်းမာရေးကာကွယ် စောင့် ရှောက်မှုများကို ကိုဗစ် စတင်ဖြစ်ပွားသည့် အချိန်ကာလများအတိုင်း လုပ်ဆောင်သင့်ကြောင်း MWRN မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၂ နှစ်ကျော်ကျော် ဒီ COVID-19 ဖြစ်သွားတဲ့အခါမှာ နဂိုက နှာခေါင်း၊ ပါးစပ် ပိတ်တဲ့အကျင့်ကို မြန်မာတွေ က လုံးဝ လက်မခံဘူး။ သူတို့နေရထိုင်ရ ကျဉ်းကျပ်တယ်။ အဆင်မပြေဘူး။ ထိုင်းနိုင်ငံမှာ အုပ်ချုပ်ပုံ နည်းစနစ်က ဒေသ ၇၇ ခုရှိတယ် ခရိုင်။ အဲဒီခရိုင်အုပ်ချုပ်ရေးမှူးတွေကနေ ကိုယ့်ဘာသာကိုယ် သင့်လျော်သလို စီမံအုပ်ချုပ်ကြ တာ။ ကာကွယ်စောင့်ရှောက်ဖို့ နည်းစနစ်တွေ၊ လက်ကို အယ်လ်ကိုဟောနဲ့ ဆေးကြောတာတွေ၊ စက်ရုံထဲကို ဝင် တာ၊ ထွက်တာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ စနစ်တကျ စစ်ဆေးပြီးမှ ဝင်ရတာတွေ၊ ထွက်ရတာတွေ လုပ်တဲ့ အတွက်ကြောင့် အကယ်၍များ ကျန်းမာရေးဝန်ကြီးဌာနကနေမှ COVID-19 တကျော့ပြန် ပြန်ဖြစ်လာပါပြီ အထူးဂရုစိုက် နေထိုင်ကြပါဆိုရင် နဂိုကတည်းက ၂ နှစ်ခွဲ ၃ နှစ်နီးပါးလောက် အသားကျနေတဲ့ အတွက်ကြောင့် ထွေထွေထူးထူး အန္တရာယ်မရှိလောက်ဘူးလို့ သုံးသပ်ပါတယ်” ဟု ပြောသည်။
ထိုင်းငါးဖမ်းလှေမှာ ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
ထိုင်းတွင် ကိုဗစ်ကူးစက်မှုများ ပြန်လည် ဖြစ်ပွားလာခြင်းသည် ၎င်းတို့၏ သင်္ကြန်ကာလအတွင်း ခရီးသွားလာ ကြမှုနှင့် ပျော်ပွဲရွှင်ပွဲများသည်လည်း တစ်ခု အပါအဝင်ဖြစ်ကြောင်း ထိုင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက် ပေးနေသူများက သုံးသပ်သည်။
ထို့ကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် ထိုင်းအာဏာပိုင်များမှ ထုတ်ပြန်သည့် သတင်း အချက် အလက်များအား အမြဲမပြတ် စောင့်ကြည့် လေ့လာနေသင့်ကြောင်းနှင့် သတိပြု နေထိုင်သင့်ကြောင်းလည်း ၎င်းတို့က အကြံပြု ပြောကြားကြသည်။