- By CNI
- Category: ဆောင်းပါး
- Hits: 85
CNI International Article
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃
Straits Times သတင်းစာ၏ အယ်ဒီတာချုပ်ဟောင်း ဝါရင် ဖာနန်ဒက်စ် (Warren Fernandez) သည် မေလ ကုန်ပိုင်းက စင်္ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ရှန်ဂရီလာဆွေးနွေးပွဲ (SLD) မှတဆင့် ပြန်လည်သုံးသပ်ဆင်ခြင်စရာ အချက် ၃ ချက်ကို ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြီး ထိုဆောင်းပါးကို Straits Times သတင်းစာက ဖော်ပြခဲ့ သည်။
ရှန်ဂရီလာ ဆွေးနွေးပွဲတွင် သုံးသပ်ရမည့် အချက် ၃ ချက်မှာ (၁) အင်အား အလတ်စား နိုင်ငံများ ပါဝင်သည့် မဟာမိတ် အဖွဲ့အစည်းများသည် အင်အားကြီးနိုင်ငံများ၏ စစ်ရေးအာဏာနေရာတွင် အစားထိုး ဝင်ရောက်နိုင်ခြင်း ရှိ/မရှိ၊ (၂) ရှန်ဂရီလာဆွေးနွေးပွဲသည် ကြားနေ ပလက်ဖောင်း ဟုတ်/မဟုတ်၊ (၃) နိုင်ငံခြားရေးမူဝါဒတွင် ဟန့်တား ခြင်း မဟာဗျူဟာနှင့် သံတမန်ရေးရာတို့သည် တန်းတူအရေးပါမှု ရှိ/မရှိ ဆိုသည့် အချက်များပင် ဖြစ်သည်။
ယခု အဆိုပါ အချက်များကို နောက်ဆုံးအချက်မှ စတင်သုံးသပ်ကြည့်ရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ဟန့်တားခြင်း မဟာဗျူဟာသည် ကျန်အချက်များ အားလုံးအတွက် မရှိမဖြစ် လိုအပ်သည့် အရာတစ်ခု ဖြစ်နေ ခြင်းကြောင့် ဖြစ်သည်။

တရုတ်က စပရက်တလေကျွန်းစုမှာ ကျွန်းတုတွေ တည်ဆောက်နေစဉ်
ဟန့်တားခြင်း မဟာဗျူဟာနှင့် သံတမန်ရေးရာသည် တန်းတူအရေးပါမှု ရှိ/မရှိ
**********************************************************************
နိုင်ငံတကာ ဆက်ဆံရေးတွင် သံတမန်နည်းလမ်းဖြင့် ဆွေးနွေးခြင်းသည် စစ်ရေးအရ ဟန့်တားနိုင်စွမ်းရှိပြီးမှသာ အလုပ်ဖြစ်လေ့ရှိသည်။ တစ်နည်းအားဖြင့်ဆိုသော် စစ်အင်အားရှိမှသာ သံတမန်နည်းလမ်းလည်း အလုပ်ဖြစ်မည် ဖြစ်သည်။
ပြဿနာတစ်ခု ဖြစ်လာခဲ့မည်ဆိုပါက ရန်သူဘက်က ကျူးကျော် တိုက်ခိုက်လျှင် ရမည့် အကျိုးအမြတ်ထက် ပေးဆပ်ရမည့် ဆုံးရှုံးမှုက ပိုကြီးမားမည်ဟု တွက်ချက်မိမှသာ ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ရောက်လာတတ်သည်။
နောက်ကွယ်တွင် ခိုင်မာသော စစ်အင်အားမရှိဘဲ သံတမန်ရေး သက်သက်ဖြင့် အင်အားကြီးနိုင်ငံများကို လိုက်လျောအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ဆောင်းပါးရှင် ဖာနန်ဒက်စ်က စစ်မတိုက်ဘဲ အနိုင်ယူခြင်းဆိုသည့် ဆွန်ဇူး (Sun Tzu) ၏ စစ်သေနင်္ဂဗျူဟာ ကျမ်းကို ကိုးကားခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုဗျူဟာသည် စစ်တိုက်ခြင်းဟာ အကျိုးအကြောင်းမရှိတဲ့ လုပ်ရပ်ဟု ရန်သူဘက်က တွက်ချက်မိသည့် အချိန်မှသာ အလုပ်ဖြစ်မည်ဖြစ်ပြီး ထိုကဲ့သို့ တွက်ချက်မိအောင် လုပ်ဆောင်ပေးနိုင်သည့် အချက်သည် ဟန့်တား ခြင်း မဟာဗျူဟာ ဖြစ်သည်။
ဥပမာပြရလျှင် ဥရောပသည် ရုရှားနှင့် စီးပွားရေးအရ ချိတ်ဆက်ထားလျှင် ငြိမ်းချမ်းမည်ဟု ယူဆကာ စစ်အင်အား ကို လျှော့ချခဲ့သည်။
ရလဒ်အနေဖြင့် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ချိန်၌ ဥရောပနိုင်ငံများသည် ရုရှားကို မဟန့်တားနိုင်ခဲ့ပေ။
ထို့ကြောင့် စီးပွားရေးမှတဆင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်မည်ဆိုသည့် ဥရောပ၏ အယူ အဆသည် တက်တက်စင်အောင် မှားယွင်းသွားခဲ့သည်ကို မြင်တွေ့ရသည်။
တောင်တရုတ်ပင်လယ် အရေးကိစ္စတွင်လည်း အာဆီယံအနေဖြင့် ဆွေးနွေးညှိနှိုင်းမှု လမ်းစဉ်ကိုသာ ဦးတည် လုပ်ဆောင်နေချိန်တွင် တရုတ်နိုင်ငံကမူ စပရက်တလေကျွန်းစု (Spratly Islands)၌ သင်္ဘောဖျက် ဒုံးကျည် တပ်ဖွဲ့များနှင့် လေယာဉ်ပြေးလမ်းများ ပါဝင်သော လူလုပ်ကျွန်းတု ၇ ကျွန်းကို တည်ဆောက်ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် စာရွက်ပေါ်မှ ကျင့်ဝတ်စည်းကမ်းများသည် မြေပြင်က ပကတိအခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိပါ။

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဟောင်းဖြစ်သူ ဘီလာဟာရီ ကော်ဆီကန်ကို တွေ့ရစဉ်
ရှန်ဂရီလာဆွေးနွေးပွဲသည် ကြားနေပလက်ဖောင်းလား
*************************************************
တရုတ်ကာကွယ်ရေးဝန်ကြီးသည် ယခုနှစ်တွင်လည်း ရှန်ဂရီလာဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် တရုတ်ကာကွယ်ရေးဝန်ကြီးသည် ရှန်ဂရီလာဆွေးနွေးပွဲတွင် ၂ နှစ်ဆက်တိုက် ပါဝင်ခဲ့ခြင်းမရှိပေ။
သို့သော် တရုတ်ကာကွယ်ရေးဝန်ကြီး ဆွေးနွေးပွဲ တက်ခြင်း၊ မတက်ခြင်းသည် အဓိက အချက်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရှန်ဂရီလာဆွေးနွေးပွဲကို အမေရိကန်နှင့် အနောက်နိုင်ငံများကသာ လွှမ်းမိုးချုပ်ကိုင် ထားသည့် ပလက်ဖောင်းတစ်ခုအဖြစ် တရုတ်က ရှုမြင်ထားခြင်းကြောင့်ဖြစ်သည်။
စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဟောင်းဖြစ်သူ ဘီလာဟာရီ ကော်ဆီကန် (Bilahari Kausikan) ကလည်း ယခုနှစ် ရှန်ဂရီလာ ဆွေးနွေးပွဲ၏ သီးခြား ဆွေးနွေးမှုတစ်ခုတွင် “ရှန်ဂရီလာ ဆွေးနွေးပွဲ ဆိုတာ အခြေခံအားဖြင့် အမေရိကန်နိုင်ငံကို အရှေ့တောင်အာရှမှာ အမြစ်တွယ်နေအောင် အမြဲတမ်း လုပ်ဆောင် ပေးတဲ့နေရာ ဖြစ်ပါတယ်” ဟု အတိအလင်း ပြောကြားခဲ့သည်။
ထို့ကြောင့် တရုတ်သည် ၎င်းတို့ကိုယ်တိုင် ဦးဆောင် ကျင်းပသည့် ရှန်ရှန်းဖိုရမ် (Xiangshan Forum) သို့မဟုတ် ၎င်းတို့ အသာစီးရနိုင်မည့် မြူးနစ်လုံခြုံရေးညီလာခံ ကဲ့သို့သော နေရာများကိုသာ ရွေးချယ်တက်ရောက်ခြင်း ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် တရုတ်၏ စစ်ရေးအာဏာကို လက်ခံသတ်မှတ်ထား သည့် အင်ဒို-ပစိဖိတ် အိမ်နီးချင်းနိုင်ငံများသို့ မသွားဘဲ တရုတ်၏ အာဏာစက်အတွက် အားနည်းချက် အရှိဆုံး နေရာများကိုသာ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ရှန်ဂရီလာ ဆွေးနွေးပွဲသည် ကြားနေပလက်ဖောင်း မဟုတ်ဘဲ အမေရိကန် ဘက်ယိမ်းသည့် ဆွေးနွေးပွဲဟု ယူဆနိုင်သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ်ကို တွေ့ရစဉ်
အင်အားအလတ်စားနိုင်ငံများ၏ အခန်းကဏ္ဍ
***************************************
အင်အားအလတ်စား နိုင်ငံများပါဝင်သည့် မဟာမိတ် အဖွဲ့အစည်းများသည် အင်အားကြီးနိုင်ငံများ၏ စစ်ရေး အာဏာနေရာတွင် အစားထိုး ဝင်ရောက်နိုင်ခြင်း ရှိ/မရှိဆိုသည့် အချက်သည် ကျယ်ပြန့်သည့် ပြဿနာ တစ်ခုဖြစ်သည်။
ဆောင်းပါးရှင် ဖာနန်ဒက်စ်က ၎င်း၏ဆောင်းပါးတွင် အင်အားအလတ်စား နိုင်ငံများသည် ပြောင်းလဲနေသော ကမ္ဘာကြီးတွင် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရုံတင်မကဘဲ ထိုကမ္ဘာကြီးကို ၎င်းတို့စိတ်ကြိုက် ပုံဖော် ထုဆစ်နိုင်မည့် ကိုယ်ပိုင်သြဇာအာဏာကို ရှာဖွေနေကြခြင်းဖြစ်သည်ဟု ရေးသားခဲ့သည်။
သို့သော် နိုင်ငံအချင်းချင်း စာချုပ်များချုပ်ခြင်း၊ အစည်းအဝေးများ လုပ်ခြင်းသည် တကယ့်စစ်ရေးအရ ဟန့်တား နိုင်စွမ်း ရှိခြင်းနှင့် မတူပါ။
အင်အားကြီးနိုင်ငံ တစ်ခုကို ဟန့်တားနိုင်ရန် စစ်မှန်သည့် စစ်အင်အား၊ စက်မှုစွမ်းအားနှင့် ပြတ်သားသော နိုင်ငံရေး ဆုံးဖြတ်ချက်တို့ လိုအပ်သည်။
အင်အားအလယ်အလတ်တန်းစား နိုင်ငံများအတွက် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိနေခြင်းသည် အမေရိကန်နှင့် တရုတ် အပြန်အလှန် ထိန်းကျောင်းနေသည့် အင်အားချိန်ခွင်လျှာအပေါ်တွင် တည်မှီနေသည်။ ထိုချိန်ခွင်လျှာ ပျက်သွားပါက နိုင်ငံငယ်များ၏ သံတမန်ရေးသည်လည်း ရပ်တည်နိုင်မည် မဟုတ်ပေ။
ရှန်ဂရီလာဆွေးနွေးပွဲတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ် (Pete Hegseth) ပြောကြားခဲ့ သည့် စကားမှာ ကိုယ့်ဘက်က အသာစီးရမည့် အင်အားချိန်ခွင်လျှာတစ်ခု ဖြစ်ပေါ်လာစေရန်အတွက် စစ်ရေး အင်အား ပကတိရှိပြီး စက်မှုစွမ်းအား၊ ကုန်ထုတ်လုပ်မှု စွမ်းအားနှင့် နိုင်ငံရေးဆိုင်ရာ ပြတ်သားသည့် မဟာမိတ် များ လိုအပ်သည်ဆိုသည့် မှတ်ချက်စကားသည် မှန်ကန်နေသည်။

စင်္ကာပူ ကာကွယ်ရေးဝန်ကြီး ချန်ချွန်ဆင်းကို တွေ့ရစဉ်
နှစ်ဖက်စလုံးနှင့် တည့်အောင်နေခြင်း
*********************************
လက်ရှိအချိန်အထိ စင်္ကာပူသည် အမေရိကန်၊ တရုတ် နှစ်ဖက်စလုံးနှင့် မိတ်ဆွေအဖြစ် ရပ်တည်နိုင်ရန် ၎င်း၏ စစ်ရေးနှင့် စီးပွားရေးကို ဟန်ချက်ညီညီ ကစားခဲ့သည်။
စစ်ရေးအရ ကြည့်မည်ဆိုပါက စင်္ကာပူသည် ၁၉၉၀ ပြည့်နှစ်ကတည်းက အမေရိကန်တပ်များကို စစ်အခြေစိုက် စခန်း သုံးခွင့်ပေးခဲ့ပြီး ထိုသဘောတူညီချက်ကို ၂၀၃၅ အထိ သက်တမ်းတိုးထားသည်။ ထို့ပြင် ၂၀၂၅ တွင် အမေရိကန်ထုတ် P-8A ရေကြောင်း ကင်းလှည့်လေယာဉ်များ ဝယ်ယူခဲ့သည်။
ထို့ပြင် တရုတ်နှင့်လည်း ၂၀၀၈ ခုနှစ်မှစပြီး ကာကွယ်ရေး ဆက်ဆံရေးကို တရားဝင် စတင်ခဲ့ပြီး ၂၀၁၉ တွင် ကာကွယ်ရေးဆိုင်ရာ ဖလှယ်မှုသဘောတူညီချက် (ADESC) ကို တိုးမြှင့်ခဲ့သည်။
စီးပွားရေးတွင်လည်း ထို့နည်းတူပင်ဖြစ်သည်။ စင်္ကာပူသည် အမေရိကန်ဦးဆောင်သော လုံခြုံရေးစနစ် အောက်တွင် ပင်လယ်ရေကြောင်း တည်ငြိမ်မှုကို ရယူသည်။
ထို့ပြင် တရုတ်၏ နိုင်ငံတကာ ကုန်းလမ်း-ရေလမ်း ကုန်သွယ်ရေးစင်္ကြံအသစ်တွင် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ပို့ဆောင်ရေး အချက်အချာနေရာ တစ်ခုအဖြစ် ပါဝင်ထားသည်။
ထို့ကြောင့် ယခုနှစ် ရှန်ဂရီလာဆွေးနွေးပွဲတွင် စင်္ကာပူ ကာကွယ်ရေးဝန်ကြီး ချန်ချွန်ဆင်း (Chan Chun Sing) က စင်္ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင် (Goh Chok Tong) ၏ ဆိုရိုးစကားကို ကိုးကားပြောဆိုခဲ့သည်။
“ကျနော်ဟာ ပင်လယ်ပြင်ကိုတော့ မထိန်းချုပ်နိုင်ပေမယ့် ကျနော်တို့ရဲ့ သင်္ဘောကို ပင်လယ်ပြင်မှာ ခရီးနှင်နိုင် သည့် ကြံ့ခိုင်မှုရှိအောင် လုပ်ထားနိုင်ပါတယ်”ဆိုသည့် ဆိုရိုးစကားသည် အလွန်မှန်ကန်လှသည်။
သို့သော် သင်္ဘောသည် ကြံ့ခိုင်ရုံတင်မကဘဲ မည်သည့် အင်အားကြီးနိုင်ငံကမျှ အပိုင်စီးမထားသည့် လွတ်လပ် သော ပင်လယ်ရေကြောင်း လမ်းကြောင်းများ ရှိနေရန်ပါ လိုအပ်လှပေသည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 132
CNI Sport Article
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄
၁၉၃၀ ခုနှစ်ကနေ စတင်ပြီး ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထူးခြားတဲ့ မှတ်တမ်းတစ်ခုတော့ ရှိပါတယ်။
ဒါကတော့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို နိုင်ငံခြားသား နည်းပြတွေ ရယူဖူးခြင်း မရှိသေးဘဲ ကိုယ့်နိုင်ငံသားတွေရဲ့ ဦးဆောင်မှုနဲ့ ဘရာဇီးလ်၊ ဂျာမနီ၊ အီတလီအစရှိတဲ့ အသင်းတွေဟာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၃၀ ကနေ ၂၀၂၂ ခုနှစ်အထိ ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၂ ကြိမ်စလုံးမှာ ဒီမှတ်တမ်းတစ်ခုက ဆက်ပြီး တည်ရှိနေတာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အသင်းက ၈ သင်းသာရှိသေးပြီး ဒီအသင်းတွေကတော့ ဘရာဇီးလ်၊ အီတလီ၊ ဂျာမနီ၊ အာဂျင်တီးနား၊ ပြင်သစ်၊ ဥရုဂွေး၊ အင်္ဂလန်နဲ့ စပိန်အသင်းတို့ ဖြစ်ပါတယ်။
ဒီအသင်းတွေဟာ သူတို့ လူမျိုးနည်းပြ ကိုင်တွယ်တဲ့ လက်အောက်မှာ ချန်ပီယံဆုကို ရခဲ့ကြတာပါ။

ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ နိုင်ငံတွေကို တွေ့ရစဉ်
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ နာမည်ကြီး နိုင်ငံတချို့ဟာ နိုင်ငံခြားသား နည်းပြတွေကို ခန့်အပ်ပြီး ဝင်ရောက် ယှဉ်ပြိုင်နေတာကြောင့် ဒီမှတ်တမ်းတစ်ခု အဆုံးသတ် သွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
အချက်အလက်တွေအရ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ၄၈ နိုင်ငံမှာ ၂၆ နိုင်ငံဟာ နိုင်ငံခြား သား နည်းပြတွေရဲ့ ဦးဆောင်မှုနဲ့ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ ကနေဒါအသင်းက အမေရိကန်လူမျိုး ဂျက်ဆီမာ့ရှ်၊ အမေရိကန်အသင်းက အာဂျင်တီးနား လူမျိုး ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်အပ်ထားတာပါ။
တူရကီအသင်းက အီတလီလူမျိုး မွန်တယ်လား၊ ဥရုဂွေးအသင်းက အာဂျင်တီးနားလူမျိုး ဘီယဲလ်ဆာ၊ ဘယ်လ်ဂျီယံအသင်းက ပြင်သစ်လူမျိုး ရူဒီဂါစီယာကို ခန့်အပ်ထားပါတယ်။
ဘရာဇီးလ်အသင်းကတော့ သူတို့ရဲ့သမိုင်းမှာ ပထမဆုံး နိုင်ငံခြားသား နည်းပြအဖြစ် အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီကို ခန့်အပ်ထားပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ၆ ကြိမ်မြောက် ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါ တယ်။

အင်္ဂလန်အသင်းကို တွေ့ရစဉ်
ပေါ်တူဂီအသင်းက စပိန်လူမျိုးနည်းပြ ရော်ဘတ်တို မာတီနက်ဇ်နဲ့ အင်္ဂလန်အသင်းက ဂျာမန်လူမျိုးနည်းပြ တူချယ်လ်ကို နည်းပြအဖြစ် ခန့်အပ်ထားပြီး ကမ္ဘာ့ဖလား ချန်ပီယံဆု ကိုင်မြှောက်နိုင်ဖို့ ရည်မှန်းနေတာပါ။
လက်ရှိ ချန်ပီယံ အာဂျင်တီးနား၊ စပိန်၊ ပြင်သစ်နဲ့ ဂျာမနီအသင်းတို့က သူတို့ရဲ့ လူမျိုး ဦးဆောင်မှုနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေအဖြစ် စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ပေါ်တူဂီ၊ ဘရာဇီးလ် နဲ့ အာဂျင်တီးနားအသင်းတို့က ဦးဆောင်နေတာပါ။
အင်္ဂလန်၊ ပေါ်တူဂီနဲ့ ဘရာဇီးလ်အသင်းတို့ထဲက တစ်သင်းသင်းက ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ ရင် နိုင်ငံခြားသားနည်းပြတွေ ကမ္ဘာ့ဖလားမရဖူးတဲ့ အရာတစ်ခု အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ၂၃ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထူးခြားတဲ့ မှတ်တမ်းတစ်ခု အဆုံးသတ်သွားမလား ဒါမှမဟုတ် ဒီမှတ်တမ်း ဆက်ပြီး တည်ရှိနေမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 229
CNI Article
၂၀၂၆ ခုနှစ်၊ ဇွန်လ ၆
နှစ်စဉ်နှစ်တိုင်း ရာနှင့်ချီသည့် လူငယ်များသည် မြေရှားသတ္တုများအကြောင်း လေ့လာသင်ယူရန် တရုတ်နိုင်ငံ မြောက်ပိုင်း ဒေသများသို့ သွားရောက်ကြပြီး အင်းနားမွန်ဂိုလီးယား သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (Inner Mongolia University of Science and Technology) ကဲ့သို့သော ကျောင်းများတွင် ပညာသင်ကြားနေကြသည်။
ထိုလူငယ်များသည် ကျောင်းပြီးသည့် အခါတွင် ပေါင်ထို (Baotou) မြို့ရှိ နိုင်ငံပိုင် သတ္တုသန့်စင်ရေးစက်ရုံများနှင့် သုတေသန အဖွဲ့အစည်းများတွင် တိုက်ရိုက် ဝင်ရောက်လုပ်ကိုင်ကြသည်။
ထိုစက်ရုံများနှင့် သုတေသနအဖွဲ့များတွင် ဝင်ရောက် လုပ်ကိုင်ခြင်း မရှိသည့် ဘွဲ့ရလူငယ်များ အနေဖြင့် ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တု မိုင်းတွင်းနှင့် ၉၃ မိုင် (၁၅၀ ကီလိုမီတာခန့်) မျှသာ ကွာဝေးသော ပေါင်ထို ရှားပါးမြေဒြပ်စင် သုတေသနအဖွဲ့ (Baotou Rare Earth Research Institute) တွင် ဆက်လက် ပညာသင်ကြား ကြသည်။
တရုတ်နိုင်ငံတွင် နောက်ဆုံးပေါ် သုတေသနများ ပြုလုပ်နေသည့် အထူးပြုဓာတ်ခွဲခန်း ၄၀ ကျော်နှင့် တက္ကသိုလ် ၁၁ ခုထက်မနည်း ရှိနေပြီး ထိုအဖွဲ့အစည်းများသည် နှစ်စဉ် မြေရှားသတ္တုဆိုင်ရာ ဘွဲ့ဒီဂရီသင်တန်းများအတွက် ကျောင်းသားဦးရေ ၅၀၀ ကျော်ကို မွေးထုတ်ပေးနေသည်။
တရုတ်တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများသည် စက်မှုလုပ်ငန်းကဏ္ဍ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် အဓိကဦးတည်ထားပြီး ကျောင်းသားများသည် ဘွဲ့မရမီကတည်းက ကုမ္ပဏီများနှင့်အတူ လက်တွေ့ သုတေသန စီမံကိန်းများကို လုပ်ဆောင်ခွင့် ရရှိကြသည်။
ထိုကဲ့သို့ ပညာရပ်ဆိုင်ရာ နယ်ပယ်နှင့် စက်မှုလုပ်ငန်းကြား အနီးကပ် ပူးပေါင်းမှုကြောင့် တရုတ်ကုမ္ပဏီများသည် ကုန်ကျစရိတ် သက်သာစွာဖြင့် လျင်မြန်စွာ ထုတ်လုပ်နိုင်သည်။

မြေရှားသတ္တု တည်ရှိရာနေရာများကို ပြသထားစဉ်
အနောက်နိုင်ငံများ၏ အခြေအနေနှင့် စိန်ခေါ်မှုများ
*********************************************
တစ်ချိန်က အနောက်နိုင်ငံများသည် မြေရှားသတ္တု သန့်စင်မှုကဏ္ဍကို လွှမ်းမိုးခဲ့သော်လည်း ၂၀ ရာစုနှောင်းပိုင်း တွင် ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့သည်။
အမေရိကန်အခြေစိုက် အဖွဲ့အစည်း အချို့သည် ၎င်းတို့၏ သင်ရိုးညွှန်းတမ်းများတွင် မြေရှားသတ္တုဆိုင်ရာ ဘာသာ ရပ်များကို ပိုမိုအာရုံစိုက် ထည့်သွင်း သင်ကြားလာကြပြီ ဖြစ်သော်လည်း၊ တရုတ်နိုင်ငံ ပြင်ပတွင် ထိုဘာသာရပ် အတွက် သီးသန့် ဘွဲ့ကြိုဒီဂရီ ပေးအပ်သည့် ကျောင်းမျိုးကို မတွေ့ရသေးကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်ကျောင်းသားများသည် သတ္တုတွင်းလုပ်ငန်းကို ညစ်ပတ်ပေရေပြီး ခေတ်နောက်ကျသော အလုပ်အဖြစ် ရှုမြင်သောကြောင့် စိတ်ဝင်စားမှု နည်းပါးကြသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် အမေရိကန်တစ်နိုင်ငံလုံး၌ သတ္တုတွင်းနှင့် သတ္တုဗေဒဆိုင်ရာ ဘွဲ့ရရှိသူ ၂၀၀ ကျော်သာ ရှိခဲ့သည်။
ထို့ကြောင့် အနောက်နိုင်ငံရှိ ကုမ္ပဏီများသည် ဘွဲ့ရလူငယ်များကို လုပ်ငန်းခွင်ဝင်နိုင်ရန် သုံးနှစ်ခန့် အချိန်ယူ သင်တန်းပေးရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အနောက်နိုင်ငံ ခေါင်းဆောင်များကမူ မြေရှားသတ္တု ကဏ္ဍတွင် တရုတ်၏ချုပ်ကိုင်မှုကို ချိုးဖျက်နိုင်ရန် ရန်ပုံငွေများ ကတိပြုထားကြသည်။
အမေရိကန်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်တွင်း ထုတ်လုပ်မှု တိုးချဲ့ရန်နှင့် အလုပ်သမားများ၏ စွမ်းရည်မြှင့်တင် ရန် ဒေါ်လာဘီလျှံချီ ရင်းနှီးမြှုပ်နှံထားပြီး ကိုလိုရာဒို သတ္တုတွင်းကျောင်းသည် စွမ်းအင်ဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး အရေးပါသော တွင်းထွက်သတ္တုဆိုင်ရာ သုတေသန အဆောက်အအုံအသစ်များ တည်ဆောက်နေသည်။
အမေရိကန်လွှတ်တော်ကလည်း သတ္တုတွင်းပညာရေးအတွက် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် ဥပဒေကြမ်းကို စဉ်းစားလာခဲ့သည်။

မြေရှားသတ္တု တူးဖော်မှုကိုတွေ့ရစဉ်
ထုတ်လုပ်မှုအခက်အခဲနှင့် ပတ်ဝန်းကျင်ထိခိုက်မှု
*********************************************
မြေရှားသတ္တုများကို သန့်စင်ထုတ်လုပ်ရခြင်းသည် အလွန်ခက်ခဲပြီး ကုန်ကျစရိတ် အဆမတန် မြင့်မားသည်။
သတ္တုသန့်စင်စက်ရုံများသည် ဓာတုဗေဒဂုဏ်သတ္တိချင်း ဆင်တူနေသည့် မတူညီသော မြေရှားဒြပ်စင် ၁၇ မျိုးကို ကိုင်တွယ်ဖြေရှင်းကြရပြီး ထိုကဲ့သို့ ရှုပ်ထွေးလှသော အခြေအနေကြောင့် တစ်ခုနှင့်တစ်ခု သီးခြားခွဲထုတ်ရန် ခက်ခဲလှသည်။
ဥပမာအားဖြင့် လျှပ်စစ်ကားများတွင် အသုံးပြုရန် Neodymium နှင့် Praseodymium တို့ကို ထုတ်ယူရာတွင် ကမ္ဘာ့အပေါ်ယံ မြေလွှာတွင် ပိုမိုပေါများစွာ တွေ့ရှိရပြီး အသုံးဝင်မှုနည်းပါးသည့် Lanthanum နှင့် Cerium တို့ကို ပထမဦးစွာ ဖယ်ရှားပစ်ရန် လိုအပ်သည်။
ထိုသို့ သီးခြားခွဲထုတ်သည့် လုပ်ငန်းစဉ်တွင် အက်ဆစ်နှင့် အခြားသော ဓာတုပစ္စည်းများကို နည်းစနစ်တကျ အချိုးကျ ပေါင်းစပ်အသုံးပြုရသည်။
စနစ်တကျ သိမ်းဆည်းခြင်း မပြုပါက မြေဆီလွှာနှင့် ရေထုကို ပြင်းထန်စွာ ညစ်ညမ်းစေသည့် ဘေးထွက် ဆိုးကျိုးများ ရှိရုံသာမက အချို့ မြေရှားသတ္တုများနှင့် အလွန်အကျွံ ထိတွေ့မိပါက လူသားများ၏ အာရုံကြော စနစ်ကို ထိခိုက်ပျက်စီးစေနိုင်သည်။
လက်ရှိတွင် ပေါင်ထိုမြို့ရှိ အဓိက သိုလှောင်ရုံ ဧရိယာတစ်ဝိုက်တွင် မြေအောက်ရေ ညစ်ညမ်းမှုများရှိကြောင်း တရုတ်သုတေသီများက မှတ်တမ်းတင်ထားပြီး တရုတ်အစိုးရကလည်း သတ္တုသန့်စင်မှု လုပ်ငန်းများသည် ပတ်ဝန်းကျင်ကို ပြင်းထန်စွာ ပျက်စီးစေခဲ့ကြောင်း ဝန်ခံထားသည်။

မြေရှားသတ္တု တည်ရှိရာနေရာများကို ပြသထားစဉ်
ပထဝီနိုင်ငံရေးနှင့် နည်းပညာထိန်းချုပ်မှု
***********************************
တရုတ်နိုင်ငံ၏ မြေရှားသတ္တု စက်မှုလုပ်ငန်းသည် ၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက အခွန်နှုန်းထား နည်းပါးခြင်းနှင့် လုပ်အားခ သက်သာသော လုပ်သားအင်အားထုကြောင့် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
လက်ရှိတွင်လည်း တရုတ်နိုင်ငံပိုင်ဘဏ်များက တွင်းထွက် သတ္တုတူးဖော်သည့် ကုမ္ပဏီများကို သက်သာသော စည်းကမ်းချက်ဖြင့် ငွေချေးပေးနေသည်။
တရုတ်နိုင်ငံပိုင် အမျိုးသားသုတေသနစင်တာက တီထွင်လိုက်သည့် နည်းပညာအသစ်ကြောင့် ထုတ်လုပ်မှု စွမ်းအား သိသိသာသာ မြင့်တက်လာပြီး စက်ရုံတစ်ခုတည်းကပင် တစ်နှစ်လျှင် အဆင့်မြင့်သန့်စင်ပြီး မြေရှား သတ္တု မက်ထရစ်တန်ချိန် ၅၀,၀၀၀ အထိ ထုတ်လုပ်နိုင်သည်။
ထိုပမာဏသည် တရုတ်နိုင်ငံပြင်ပရှိ အကြီးဆုံး ဩစတြေးလျ Lynas သတ္တုတွင်းကုမ္ပဏီ၏ ထုတ်လုပ်မှုထက် ငါးဆမျှ ပိုများသည်။
တရုတ်အစိုးရသည် ၎င်းတို့၏ ကျွမ်းကျင်မှု ပညာရပ်များကို ပြည်ပသို့ မပေါက်ကြားစေရန် တင်းကျပ်စွာ စောင့်ကြည့်နေပြီး နည်းပညာနှင့် စက်ပစ္စည်းများ ပြည်ပတင်ပို့မှုကို ကန့်သတ်ချက်များ တိုးမြှင့်ခဲ့သည်။
ထို့ပြင် စက်မှုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံခြားသားများကြား ထိတွေ့ဆက်ဆံမှုကိုလည်း ကန့်သတ်ထားကာ နည်းပညာရှင်အချို့သည် ၎င်းတို့၏ နိုင်ငံကူး လက်မှတ်များကို အစိုးရထံ အပ်နှံထားရန် အမိန့်ပေးခြင်း ခံခဲ့ရကြောင်း ထိုအခြေအနေကို ကောင်းစွာသိရှိသည့် လူသုံးဦး၏ ပြောကြားချက်အရ သိရသည်။
တရုတ်တက္ကသိုလ်အချို့က ထုတ်ဝေထားပြီး ရိုက်တာက လေ့လာဆန်းစစ်ခဲ့သည့် သင်ရိုးညွှန်းတမ်းဆိုင်ရာ အချက် အလက်များအရလည်း ၎င်းတို့၏ ပညာရေးစနစ်သည် စက်မှုလုပ်ငန်းကဏ္ဍ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရန် အဓိက ဦးတည် အာရုံစိုက်ထားကြောင်း ပြသနေသည်။
အင်းနားမွန်ဂိုလီးယား တက္ကသိုလ်တွင် မြေရှားသတ္တု အင်ဂျင်နီယာဘာသာရပ်ကို အဓိကထား သင်ယူကြသည့် ကျောင်းသားများသည် မြေရှားဒြပ်စင် ဓာတုဗေဒနှင့် ရုပ်ဝတ္ထုသိပ္ပံ ကဲ့သို့သော ဘာသာရပ် သင်တန်းများတွင် သင်ကြားချိန်နာရီ ၁၀၀ ကျော်အထိ သင်ယူကြရသည်။
အခြေခံကျသော သင်ရိုးညွှန်းတမ်း တစ်ခုကိုမူ မြေရှားသတ္တု ဓာတ်ခွဲခန်းများ၊ ကုမ္ပဏီများနှင့် ပူးပေါင်း၍ သင်ကြား ပေးခြင်းဖြစ်ပြီး ကျောင်းသားများ အနေဖြင့် ကုမ္ပဏီများ၏ လုပ်ငန်းခွင်အတွင်းရှိ အဆောက်အအုံများ၌ ပို့ချချက် များကို သွားရောက် နားထောင်နိုင်သည်။
တရုတ်နိုင်ငံရှိ မြေရှားသတ္တု အင်ဂျင်နီယာဘာသာရပ်ဖြင့် ဘွဲ့လွန်တက်ရောက် နေသူများသည် အခြားနိုင်ငံများရှိ ကျောင်းသားများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ သုတေသန နယ်ပယ်အပေါ် ပိုပြီးအာရုံစိုက်လေ့ရှိကြောင်း တရုတ် နိုင်ငံရှိ သုတေသနအဖွဲ့အစည်းများသို့ ဆယ်စုနှစ် နှစ်ခုနီးပါး သွားရောက် လေ့လာခဲ့သည့် ပေါ်တူဂီလူမျိုး ရူပဗေဒ ပညာရှင် လူဝစ် ကားလို့စ် (Luís Carlos) က ပြောကြားခဲ့သည်။
“ဒါပေမဲ့ လူတွေကို စက်ယန္တရားကြီးတစ်ခုရဲ့ အစိတ်အပိုင်း အသေးလေးတွေအဖြစ် ခံယူပြီး စဉ်းစားကြည့် မယ်ဆို ရင်တော့ ဒီလိုစနစ်မျိုးက စက်ယန္တရားကြီး တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွက် အလွန်အကျိုး ရှိပါ တယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘာ့ထိပ်တန်း သတ္တုတွင်း ကျောင်းများထဲမှ တစ်ခုအဖြစ် လူသိများ အသိအမှတ်ပြုထားသည့် အမေရိကန်၏ ကိုလိုရာဒို သတ္တုတွင်း ကျောင်းသည်လည်း လက်ရှိ အစီအစဉ်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စွမ်းအင် ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အရေးပါသော တွင်းထွက်သတ္တုဆိုင်ရာ သုတေသန အဆောက်အအုံ အသစ်နှစ်ခုကို တည်ဆောက်နေပြီး ၎င်းတို့အနက် ပထမဆုံး အဆောက်အအုံကို ၂၀၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ရန် မျှော်မှန်း ထားသည်။
ထို့ပြင် အဆိုပါကျောင်း၏ သတ္တုတွင်းနှင့် ဆက်စပ်သော ဘွဲ့ကြိုသင်တန်းများသည်လည်း မကြာသေးမီ နှစ်များ အတွင်းက ပိုမိုအာရုံစိုက်ခြင်း ခံလာရပြီး ကျောင်းသား တက်ရောက်မှုလည်း များပြားလာခဲ့သည်။
“အမေရိကန်ရဲ့ တွင်းထွက်သတ္တု လုပ်ငန်းကဏ္ဍ အနေနဲ့ ကျနော်တို့ဆီမှာ အရည်အချင်းရှိတဲ့သူတွေ လိုအပ်နေ တယ်ဆိုတဲ့အချက်နဲ့ သတ္တုတွင်းလုပ်ငန်းဟာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အသက်မွေးဝမ်းကျောင်း လမ်းကြောင်း တစ်ခု ဖြစ်တယ်ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း သိမြင်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်” ဟု အမေရိကန်သတ္တုကုမ္ပဏီတစ်ခုဖြစ်သည့် Valor ကုမ္ပဏီ၏ စီအီးအို ကုနားလ် ဆင်ဟား (Kunal Sinha) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: ဆောင်းပါး
- Hits: 272
CNI International Article
၂၀၂၆ ခုနှစ်၊ မေလ ၃၀
ဗီယက်နမ်နှင့် ထိုင်းကြား ၁၉၇၆ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည့် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ၅၀ ပြည့် မြောက်သည့် အချိန်မှာ ဗီယက်နမ်သမ္မတ တိုလမ် (To Lam) သည် မေလ ၂၇ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။
ထိုခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး၏ ထူးခြားသော ပြောင်းလဲတိုးတက်မှုကို ထင်ဟပ်စေရုံသာမက အာဆီယံ အနေဖြင့် အင်အားကြီး နိုင်ငံများအကြား ပြင်းထန်လာသော ပြိုင်ဆိုင်မှုများ၊ ဒေသတွင်း မတည်ငြိမ်မှုများနှင့် အသစ် ပေါ်ပေါက်လာသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနေရချိန်တွင် ထိုင်းနှင့် ဗီယက်နမ်ကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ အရေးပါမှု ပိုမိုမြင့်တက် လာနေခြင်းကိုပါ ထင်ဟပ် ပေါ်လွင်စေသည့် မှတ်တိုင်တစ်ခု ဖြစ်သည်။
အရှေ့တောင်အာရှတွင် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံကြား ဆက်ဆံရေးလောက် သိသိသာသာ ပြောင်းလဲတိုးတက် ခဲ့သည့် ဆက်ဆံရေးမျိုး မရှိသလောက် ရှားပါးလှသည်။
တစ်ချိန်က စစ်အေးတိုက်ပွဲ တင်းမာမှုများနှင့် ပထဝီနိုင်ငံရေးအရ ဗီယက်နမ်နှင့် ထိုင်းတို့သည် ပြိုင်ဘက်များ ဖြစ်ခဲ့သော်လည်း ယခုအခါတွင် နှစ်နိုင်ငံ ဆက်ဆံရေးကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲလာခဲ့ပြီး အာဆီယံ အတွင်း အရှိန်အဟုန် အကောင်းဆုံး မိတ်ဖက်ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့သည်။
၁၉၈၀ ပြည့်လွန်နှစ်များ၏ နောက်ပိုင်း ကာလတွင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ချာတီချိုင်း ချွန်ဟာဗန် (Chatichai Choonhavan) က အင်ဒိုချိုင်းနားဒေသကို စစ်တလင်းအဖြစ်မှ ဈေးကွက်အဖြစ်သို့ ပြောင်းလဲရန် ဆိုသည့် မျှော်မှန်းချက်ကို ဖော်ဆောင်ခဲ့သည်။

ထိုင်း-ဗီယက်နမ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကို တွေ့ရစဉ်
ထိုမျှော်မှန်းချက်သည် ထိုင်းနိုင်ငံ အနေဖြင့် ဗီယက်နမ် အပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့် ထိပ်တိုက် တွေ့ဆုံမှု များမှ ပြန်လည်သင့်မြတ်ရေးနှင့် ထိတွေ့ဆက်ဆံရေး လမ်းကြောင်းဆီသို့ ကူးပြောင်းမှုကို ပြသလိုက်သည့် ကြီးမားသော အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည်။
၁၉၇၆ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့တွင် သံတမန်ဆက်ဆံရေး စတင် ထူထောင်ခဲ့ပြီးကတည်းက ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆီသို့ တဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပြီး၊ ၂၀၂၅ ခုနှစ်တွင်မူ ဆက်ဆံရေးကို ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင် နိုင်ခဲ့သည်။
ယခုကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်မြှင့်တင်လိုက်ခြင်းသည် အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းဒေသ၏ အရေးအပါဆုံး စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် အကျိုးစီးပွားချင်း တူညီမှု၊ နိုင်ငံရေး အရ ယုံကြည်မှု ပိုမိုနက်ရှိုင်းလာမှုနှင့် စီးပွားရေးအရ အပြန်အလှန် ပိုမိုမှီခိုလာရမှုတို့ကို ထင်ဟပ်စေသည်။
လက်ရှိတွင် နှစ်နိုင်ငံလုံးသည် အရှိန်အဟုန် ပြင်းထန်လာသော ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုများနှင့် ဒေသတွင်း သဘောထား ကွဲလွဲမှုများကြားတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မရှိမဖြစ် လိုအပ်သည့် ဒေသတွင်း မိတ်ဖက်နိုင်ငံ များအဖြစ် ရှုမြင်လာကြပြီ ဖြစ်သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်တင်းမာမှုများ၊ အရှေ့တောင်အာရှ ကုန်းတွင်းပိုင်း ဒေသတစ်လွှား၌ လှုပ်ရှား နေသည့် ဆိုက်ဘာရာဇဝတ်မှု ကွန်ရက်များနှင့် ရေကြောင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာ ခြင်း အပါအဝင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် စိန်ခေါ်မှုများသည် ဒေသတွင်း ပိုမိုခိုင်မာသော ပူးပေါင်းညှိနှိုင်း မှုနှင့် နိုင်ငံရေးအရ ယုံကြည်မှု တည်ဆောက်ရန် လိုအပ်ကြောင်းကို မီးမောင်းထိုးပြသနေသည်။
ဗီယက်နမ်နှင့် ထိုင်း နိုင်ငံများအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်ဆောင်ခြင်း သည် သံတမန်ရေးရာ ရွေးချယ်စရာ လမ်းကြောင်းတစ်ခု သက်သက် မဟုတ်တော့ဘဲ လက်တွေ့ကျသည့် မဟာဗျူဟာမြောက် မဖြစ်မနေ လိုအပ်ချက်တစ်ခု ဖြစ်လာနေပြီ ဖြစ်သည်။
နိုင်ငံရေးအရ ယုံကြည်မှုသည် နှစ်နိုင်ငံဆက်ဆံရေး၏ အခြေခံအုတ်မြစ်အဖြစ် ဆက်လက် ရှိနေသည်။

ထိုင်း-ဗီယက်နမ် ကုန်သွယ်ရေး သဘောတူညီခဲ့ကြစဉ်
နှစ်နိုင်ငံကြား ဆယ်စုနှစ်တစ်ခုကြာ အဆက်ပြတ်ခဲ့သည့် ပူးတွဲအစိုးရအဖွဲ့ အစည်းအဝေးကို ၂၀၂၅ ခုနှစ်တွင် ပြန်လည် စတင်နိုင်ခဲ့ခြင်းက ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ရန် နှစ်ဖက်စလုံး၏ ပြတ်သားသော သန္နိဋ္ဌာန်ကို ပြသလိုက်ခြင်း ဖြစ်သည်။
စီးပွားရေးအရကြည့်လျှင် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် အလွန်နက်ရှိုင်းစွာ ဆက်နွှယ်နေကြပြီ ဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် ဒေါ်လာ ၂၂ ဘီလျံကျော်အထိ ရှိခဲ့သဖြင့် ထိုင်းနိုင်ငံသည် အာဆီယံအတွင်း ဗီယက်နမ်၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။
ဗီယက်နမ်နိုင်ငံအတွင်း ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၊ အထူးသဖြင့် စွမ်းအင်၊ လက်လီအရောင်း၊ ထောက်ပံ့ ပို့ဆောင်ရေး၊ စက်မှုဇုန်များနှင့် အစားအစာ ထုတ်လုပ်ရေး ကဏ္ဍတို့တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
ဗီယက်နမ်သည် အရှေ့တောင်အာရှ၌ ဆွဲဆောင်မှုအရှိဆုံး ကုန်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပန်းတိုင် တစ်ခုအဖြစ် ဆက်လက် ပေါ်ထွက်နေဆဲ ဖြစ်သည်။
ဗီယက်နမ်နိုင်ငံ၏ စက်မှုကဏ္ဍ ခေတ်မီဆန်းသစ်ရေး၊ ဒစ်ဂျစ်တယ်ကဏ္ဍ ကူးပြောင်းရေး ရည်မှန်းချက်များသည် ထိုင်းနိုင်ငံ၏ အမျိုးသားမဟာဗျူဟာ (၂၀၁၈-၂၀၃၇) နှင့် Thailand 4.0 အစီအစဉ်အောက်တွင် စီးပွားရေး ယှဉ်ပြိုင် နိုင်စွမ်းကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းချက်များနှင့် တစ်ထပ်တည်း ကျနေသည်။
ပြန်ပြည့်မြဲစွမ်းအင်၊ ဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ လျှပ်စစ်ကား (EV) များ၊ ထောက်ပံ့ ပို့ဆောင်ရေး ကွန်ရက် ချိတ်ဆက်မှုများနှင့် ထောက်ပံ့ရေးကွင်းဆက် ကြံ့ခိုင်မှုတို့သည် အနာဂတ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု၏ အဓိကမဏ္ဍိုင်များ ဖြစ်လာဖွယ်ရှိသည်။

ထိုင်းဝန်ကြီးချုပ် အနူတင်နဲ့ ဗီယက်နမ်သမ္မတ တိုလမ်ကို တွေ့ရစဉ်
တိုက်ရိုက် လေကြောင်းပျံသန်းမှု အရေအတွက် တိုးလာခြင်း၊ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှု ကျယ်ပြန့်လာခြင်း နှင့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုများ ပိုမို ကောင်းမွန်လာခြင်းတို့က လူမှုအဖွဲ့အစည်းနှစ်ခုကို ပိုမိုနီးကပ် လာစေသည်။
အရေးကြီးသော အချက်မှာ ထိုင်းနှင့် ဗီယက်နမ်တို့သည် အာဆီယံ၏ ဗဟိုချက်ကျမှု (Asean centrality) ကို ထောက်ခံကြပြီး ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းကြသည်။
အရှေ့တောင်အာရှရှိ အလတ်စား အင်အားကြီး နိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်တို့ကြား ပိုမိုနီးကပ်စွာ ပူးပေါင်းညှိနှိုင်းခြင်းက နှစ်နိုင်ငံ အကျိုးစီးပွားအတွက် သာမက အာဆီယံတစ်ခုလုံး၏ စုပေါင်းကြံ့ခိုင်မှုကိုလည်း အားကောင်းစေကြောင်း အသိအမှတ်ပြုထားကြသည်။
ဗီယက်နမ်က ၂၀၂၇ ခုနှစ်တွင် Apec ထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်နေပြီး၊ ထိုင်းနိုင်ငံက ၂၀၂၈ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူမည် ဖြစ်သဖြင့် ယခုကဲ့သို့ ပူးပေါင်းညှိနှိုင်းမှုသည် ပို၍ပင် အဓိပ္ပာယ်ရှိလာမည် ဖြစ်သည်။
ထို့ကြောင့် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ် အချိန်အခါသည် အောင်ပွဲခံရုံ သက်သက် အတွက် သာ မဟုတ်ဘဲ မဟာဗျူဟာမြောက် ပြန်လည် သုံးသပ်ရန်အတွက်ပါ အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်စေသည်။
အရှေ့တောင်အာရှဒေသအနေဖြင့် တည်ငြိမ်မှုပျက်ယွင်းလာသည့် ပထဝီနိုင်ငံရေး အခင်းအကျင်းကို ရင်ဆိုင် ကျော်လွှား နေရချိန်တွင် ဗီယက်နမ်-ထိုင်း ဆက်ဆံရေး ပိုမိုအားကောင်းလာခြင်းသည် နှစ်နိုင်ငံအတွက်သာ အကျိုးရှိစေမည် မဟုတ်ဘဲ၊ လာမည့် ဆယ်စုနှစ်များအတွင်း ပိုမိုကျယ်ပြန့်သော ဒေသကြီးတစ်ခုလုံးအတွက် အရေးပါသည့် တည်ငြိမ်မှုထိန်းသိမ်းရေး အင်အားစု တစ်ရပ်အဖြစ်လည်း အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 285
CNI Sport Article
၂၀၂၆ ခုနှစ်၊ မေလ ၃၁
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ သြစတြီးယားလူမျိုး နည်းပြ ဂလက်စ်နာဟာ ၂၀၂၆ ခုနှစ်၊ မေလမှာ အသင်းကနေ ထွက်ခွာခဲ့ပြီး ထွက်ခွာချိန်မှာ ဆုဖလား ၃ ခု ရယူ ပေးနိုင်ခဲ့ပါတယ်။
ဂန္ထဝင်နည်းပြကြီး ရွိုင်းဟော့ဆန်ရဲ့ နေရာမှာ အစားထိုးဝင်ခဲ့ရတဲ့ ဂလက်စ်နာဟာ ခရစ္စတယ်ပဲလေ့စ်အသင်း သမိုင်းမှာ ကြီးမားတဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်မယ်လို့ ဘယ်သူကမှ ထင်ခဲ့မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဂလက်စ်နာဟာ ခရစ္စတယ်ပဲလေ့စ်အသင်း သမိုင်းမှာ ပထမဆုံး အဓိကဆုဖလားအဖြစ် FA ဖလား၊ ပထမဆုံး ကွန်မြူနတီဒိုင်းနဲ့ ပထမဆုံး ဥရောပဆုဖလားအဖြစ် ကွန်းဖရန့်လိဂ် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂလက်စ်နာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ အဓိက ဆုဖလားတွေ ရယူပေးနိုင်ခဲ့တဲ့ နည်းပြဖြစ်ပြီး အသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ခဲ့တာပါ။
ဂလက်စ်နာ မကိုင်တွယ် ခင်တုန်းက ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အမှတ်ပေးဇယား အလယ်မှာသာ ရာသီ အဆုံးသတ်နေရပြီး ဖလားပြိုင်ပွဲတွေမှာလည်း စောစီးစွာ ထွက်ခွာခဲ့ရတာပါ။

ဆုဖလား သုံးလုံးနဲ့ ဂလက်စ်နာကို တွေ့ရစဉ်
ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဆုဖလား ၃ ခုအထိ ရယူနိုင်ခဲ့ပြီး နောက်ထပ် ဥရောပပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။
ဂလက်စ်နာဟာ ဒီရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်း အကြီးအကဲတွေနဲ့ အဆင်မပြေဖြစ်ခဲ့ပြီး ရာထူးကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့သေးတာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ FA ဖလား ရယူပြီးနောက် ဥရောပ ဝင်ခွင့်ရခဲ့ပေမယ့် လုံလောက်တဲ့ ကစားသမား ဖြည့်တင်းမှု မလုပ်ပေးခဲ့သလို အီဇီကို အာဆင်နယ်အသင်းထံ ရောင်းချခဲ့တာပါ။
ဒါ့အပြင် အသင်းခေါင်းဆောင် ဂူဟီကို လီဗာပူးလ်အသင်းထံ ရောင်းချဖို့ လုပ်ခဲ့ပေမယ့် ဂလက်စ်နာရဲ့ ခြိမ်းခြောက် မှုကြောင့် ဒီအပြောင်းအရွှေ့ မဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂူဟီကို ရာသီကုန်ချိန်မှာ အလွတ်နဲ့ဆုံးရှုံးရမှာ စိုးရိမ်တာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်စီးတီးအသင်းကို ရောင်းချခဲ့ပါတယ်။
ဂူဟီကို ရောင်းချမှုအပြီးမှာ ဂလက်စ်နာဟာ ဒီရာသီကုန်ရင် ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ဂလက်စ်နာကို တွေ့ရစဉ်
ဂလက်စ်နာဟာ မထွက်ခွာချိန်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အကောင်းဆုံး ကိုင်တွယ်ပေးခဲ့ပြီး ပထမဆုံး ဥရောပဆုဖလားနဲ့အတူ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိစေခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်း ကွင်းလယ်လူ ဝါတန်က ဂလက်စ်နာဟာ အသင်းကို ကိုင်တွယ်ဖူးတဲ့ နည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြ တစ်ဦးဖြစ်ပြီး သူဟာ ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့နဲ့ ဥရောပပြိုင်ပွဲကို ယှဉ်ပြိုင်ရုံတင် မဟုတ်ဘဲ အမြင့်ဆုံး အောင်မြင်မှုရရှိအောင် ကြိုးစားတဲ့သူဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဂလက်စ်နာရဲ့ နေရာကို အစားထိုး ဝင်ရောက်ရမယ့် ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြသစ်ဟာ ဖိအားဒဏ်တွေ၊ သူနဲ့နှိုင်းယှဉ်ပြီး ပြောတာတွေလည်း ခံရနိုင်တာ ဖြစ်ပါတယ်။
ဂလက်စ်နာအနေနဲ့ လာမယ့်ရာသီမှာ ဘယ်ထိပ်တန်း ကလပ်ကို ကိုင်တွယ်ပြီး အောင်မြင်မှုတွေ ရယူပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာဖြစ်သလို ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြသစ် ဖြစ်လာမယ့်သူဟာ သူ့လို ဆုဖလား ရယူပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 351
CNI International Article
၂၀၂၆ ခုနှစ်၊ မေလ ၂၃
ထိုင်းနိုင်ငံသည် မြန်မာ့ပြည်တွင်းရေးမှ ထွက်ပေါ်လာသည့် မည်သည့် အကျိုးဆက်ကိုမဆို တိုက်ရိုက် ရင်ဆိုင် ရမည်ဖြစ်ပြီး ထိုအချက်က ထိုင်းနှင့် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ကွဲပြားခြားနားနေသည့် အချက် ဖြစ်သည်။
ထိုင်းအစိုးရသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေသစ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး လိုက်လျောညီထွေ ဖြစ်အောင် ကြိုးပမ်းခဲ့သော်လည်း ထိုင်း၏ ပြည်တွင်း အခြေအနေမှာလည်း တည်ငြိမ်မှု မရှိခဲ့သဖြင့် ထင်သလောက် မလွယ်ကူလှပေ။
မငြိမ်မသက် ဖြစ်နေသော နယ်စပ်ဒေသ တစ်လျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်ဆံရေးအပြင် နှစ်နိုင်ငံကြား ဆက်ဆံရေးများသည်လည်း အလားတူ နိုင်ငံရေး မရေရာမှုများနှင့် ကြုံတွေ့ နေရသည်။
မကြာသေးမီက စိန်ခေါ်မှု အသစ်များနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ပေါ်ပေါက်လာခဲ့သဖြင့် ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် ၎င်း၏ မူဝါဒများနှင့် လုပ်ငန်းစဉ်များအပေါ် အလေးအနက် ပြန်လည် သုံးသပ်မှုများ ပြုလုပ်ရန် စဉ်းစားလာခဲ့သည်။
ယခုအခါ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) ဦးဆောင်သည့် အမတ်အများစု ပါဝင်သော အစိုးရအဖွဲ့ လက်ထက်တွင် ထိုင်း-မြန်မာ ဆက်ဆံရေးကို မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသများရှိ အပြောင်းအလဲ များကိုပါ ထည့်သွင်းစဉ်းစားပြီး ပိုမိုပြည့်စုံကျယ်ပြန့်သော နည်းလမ်းဖြင့် ပြန်လည်ချိန်ညှိ ပြင်ဆင်လျက်ရှိသည်။
ထိုကဲ့သို့ ပြင်ဆင်ရာတွင် အဓိကကျသည့် နယ်စပ်ရေးရာ အထူးအဖွဲ့ကို ဖွဲ့စည်းကာ လုံခြုံရေးယန္တရားအား နောက်ဆုံးအကြိမ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ရေတိုတွင် ထိုင်းအစိုးရ၏ အဓိက ဦးစားပေး လုပ်ငန်းမှာ မြန်မာနိုင်ငံကို အာဆီယံ မိသားစုဝင်အဖြစ် ပြန်လည် ခေါ်ဆောင်လာရန်ဖြစ်သည်။
သို့သော် မြန်မာအာဏာပိုင်များအနေဖြင့် အာဆီယံသို့ ပြန်ဝင်ရေးအတွက် ထောက်ခံမှုကို ရယူရန် လုံလောက်စွာ လုပ်ဆောင်ထားခြင်း ရှိ၊ မရှိ ဆိုသည်မှာမူ မေးခွန်းထုတ်စရာဖြစ်သည်။
ဖိလစ်ပိုင်တွင် ကျင်းပခဲ့သည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံများအကြား သဘောထား ကွဲလွဲမှုများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် အာဆီယံ၏ တားမြစ်ကန့်သတ်ထားမှုများနှင့် ဝင်ရောက် စွက်ဖက်မှုများအပေါ် မြန်မာနိုင်ငံက ပြင်းထန် စွာ ဝေဖန်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဗူး (Cebu) မြို့တွင် ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် နောက် ဆက်တွဲ ထိပ်သီးအဆင့် အစည်းအဝေးများအတွင်း မြန်မာ့အရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး၊ အထူး သဖြင့် မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှုကို ပြန်လည်ချိန်ညှိရန် အဆိုပြုထားသည့် ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆတ် ဖူအန်ကတ်ကော (Sihasak Phuangketkeow) ကလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများမှတဆင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပပြီးနောက် နေပြည်တော်၌ အစိုးရသစ်တစ်ရပ် တက်လာခဲ့ပြီ ဖြစ်သည်။
ထိုင်းနိုင်ငံသည် ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် မစ္စတာသီဟဆတ်၏ ခရီးစဉ်အပြီးတွင် မြန်မာအစိုးရသစ်ကို တိတ်တဆိတ် အသိအမှတ်ပြုခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆတ်နဲ့ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာ့ရွေးကောက်ပွဲသည် ပြီးပြည့်စုံမှု မရှိသော်လည်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ များစွာသော စိန်ခေါ်မှုများကို ချက်ချင်း အရေးယူ ဆောင်ရွက်ရန် လိုအပ်နေသောကြောင့် ထိုင်းနိုင်ငံအနေဖြင့် လက်ရှိ မြန်မာအစိုးရနှင့်အတူ ဆက်လက်လက်တွဲ လျှောက်လှမ်းရမည်ဖြစ်ကြောင်း သီဟာဆက်က မကြာသေးမီက Daily News ကို ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ မပါဝင်ဘဲ အာဆီယံသည် ယခင်ကကဲ့သို့ ကြံ့ခိုင်တောင့်တင်းမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကို အာဆီယံမိသားစု အသိုက်အမြုံအတွင်းသို့ ပြန်လည်ခေါ်ဆောင်လာခြင်းက အာဆီယံကို ပိုမိုခိုင်မာ စေရုံသာမက အာဆီယံ၏ ဗဟိုချက်ကျမှုကိုလည်း ပိုမိုအားကောင်းလာစေလိမ့်မည်ဟု ထိုင်းနိုင်ငံက ယုံကြည်ထား သည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ ရွေးကောက်ပွဲအလွန် အစိုးရသစ်ကို လျင်မြန်စွာ အသိအမှတ် ပြုလိုက်ခြင်းမှာ ကျားဖြန့်ဂိုဏ်းများနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများမှအစ လေထုညစ်ညမ်းမှုနှင့် ကုန်သွယ်ရေး ပြတ်တောက်မှု များအဆုံး၊ နယ်စပ်ပြဿနာများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသောကြောင့် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် မြန်မာအစိုးရနှင့် ပြန်လည် ထိတွေ့ဆက်ဆံလိုသည့် ဆန္ဒကို ပေါ်လွင်စေခဲ့သည်။
အဆိုးရွားဆုံးမှာ လွန်ခဲ့သည့် ငါးနှစ်တာ ကာလအတွင်း ထိုင်းနယ်စပ်နှင့် ထိစပ်နေသည့် အချို့သော ဒေသများ သည် တရားဥပဒေစိုးမိုးမှုမရှိသည့် နယ်မြေများ ဖြစ်လာခဲ့ပြီး၊ ထိုဒေသများတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း များက ကျားဖြန့်ဂိုဏ်းများ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင် သစ်ခုတ်ခြင်းနှင့် သတ္တုတူးဖော်ခြင်း အပါအဝင် တရားမဝင် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
လက်ရှိတွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေမှာလည်း မတည်မငြိမ် ဖြစ်နေသော်လည်း ထိုင်းနိုင်ငံအတွင်း ခိုလှုံနေကြသည့် မြန်မာပြည်သူ ၆ သန်းကျော် ရှိနေခြင်းကြောင့် အစိုးရအနေဖြင့် ထိုင်း-မြန်မာ ပြဿနာများကို အရေးပေါ် ကိစ္စရပ်များအဖြစ် ဦးစားပေး လုပ်ဆောင်နေသည်။
ထိုင်းတွင် ခိုလှုံနေသည့် မြန်မာပြည်သူများအနက် လူဦးရေ ၂ ဒသမ ၃ သန်းခန့်သာ တရားဝင် မှတ်ပုံတင်ထားပြီး ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေး ကွန်ရက်အောက်သို့ ရောက်ရှိထားကြသည်။
ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံသည် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီသို့ တဖြည်းဖြည်းချင်း ဦးတည်ရွေ့ လျား သွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

အာဆီယံ အစည်းအဝေးမှာ လွတ်နေတဲ့ မြန်မာကိုယ်စားလှယ်နေရာကို တွေ့ရစဉ်
မြန်မာအစိုးရနှင့်သာမက နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသား လူနည်းစု အဖွဲ့အစည်းများနှင့်ပါ ဆက်သွယ်ရေး လမ်းကြောင်းများကို ဆက်လက် ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက အလေးအနက် ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံနှင့် အာဆီယံအကြား ဆက်ဆံရေး တိုးမြှင့်မှုသည် ကန့်သတ်ချက်များ (သို့မဟုတ်) သတ်မှတ်ချက်များ အပေါ်တွင်သာ မူတည်ကြောင်း ထိုင်းနိုင်ငံက ရှင်းလင်းစွာ ပြောကြားထားသည်။
အာဆီယံဥက္ကဋ္ဌကမူ မြန်မာခေါင်းဆောင်များ အနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင် အထည်ဖော်ရန် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။
စီဗူးမြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ အာဆီယံခေါင်းဆောင်အချို့က မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အလေးအနက်ထား အကောင်အထည်ဖော်သည်ကို မြင်တွေ့လိုကြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက်က လာမည့် ဇူလိုင်လတွင် ကျင်းပမည့် အာဆီယံ နှစ်ပတ်လည် အစည်း အဝေး၏ သီးခြား အစီအစဉ်အဖြစ် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် အလွတ်သဘော အစည်းအဝေးတစ်ခု ပြုလုပ်ရန် အာဆီယံခေါင်းဆောင်များကို တိုက်တွန်းနှိုးဆော်ထားသည်။
သို့သော် အဆိုပြုထားသည့် အစည်းအဝေးကို လူကိုယ်တိုင် တွေ့ဆုံမည်လော သို့မဟုတ် ဗွီဒီယိုဆက်သွယ်မှုဖြင့် ပြုလုပ်မည်လော ဆိုသည်ကိုမူ အာဆီယံဘက်က ဆုံးဖြတ်ရခြင်း မရှိသေးပေ။
ဇွန်လ ၁၇ ရက်မှ ၁၉ ရက်အထိ ရုရှားနိုင်ငံ၊ ကာဇန် (Kazan) မြို့၌ ရုရှားနှင့် အာဆီယံကြား ဆွေးနွေးဖက်အဖြစ် ထိတွေ့ဆက်ဆံမှု ၃၅ နှစ်ပြည့် အထိမ်းအမှတ်ကို ကျင်းပရန်ရှိနေသဖြင့် ထိုအခြေအနေသည် အခြားသော သံတမန်ရေးရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) သည် မြန်မာနိုင်ငံ၏ သမ္မတဦးမင်းအောင်လှိုင် အပါအဝင် အဖွဲ့ဝင် ၁၁ နိုင်ငံစလုံးထံ ဖိတ်ကြားစာများ ပေးပို့ထားကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ထိုအခြေအနေသည် အာဆီယံခေါင်းဆောင် အများအပြား တက်ရောက်မည့် အရေးအပေါ် သက်ရောက်မှု ရှိလာနိုင်သည်။
ထိုင်း-မြန်မာနယ်စပ်သည် ထိုင်းနိုင်ငံ၏ နယ်စပ်လုံခြုံရေးဆိုင်ရာ မဟာဗျူဟာတွင် အားအနည်းဆုံး အစိတ် အပိုင်းအဖြစ် ရှိနေဆဲဖြစ်သည်။
ထိုင်း-မြန်မာ ဆက်ဆံရေးသည် ပိုမိုရင်းနှီးပြီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာသည်နှင့်အမျှ တစ်ဖက်တွင်လည်း ကီလိုမီတာ ၂၄၀၁ ရှည်လျားသော နယ်စပ်တစ်လျှောက်ရှိ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မကြာသေးမီ လများအတွင်း ပိုမိုအတင့်ရဲလာကြသည်။
ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် ထိတွေ့ဆက်ဆံမှုဆိုင်ရာ တိကျပြတ်သားသော မူဝါဒတစ်ရပ်ကို ရှာဖွေနေ ချိန်တွင် ထိုင်းနိုင်ငံသည် ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအားလုံး ပါဝင်သည့် ပြည့်စုံကျယ်ပြန့်သော ဆွေးနွေးပွဲများ မရှိပါက နိုင်ငံရေးအရ အဖြေရှာနိုင်ရန် ခက်ခဲနေဦးမည် ဖြစ်သည်။
မြန်မာအစိုးရက ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်းသားအဖွဲ့အစည်း အားလုံးကို ဇူလိုင်လ ၃၁ ရက် နောက်ဆုံး ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် ကမ်းလှမ်းထားသော်လည်း ယခုအချိန်အထိ မည်သည့် အဖွဲ့ အစည်းကမျှ ရှေ့ထွက်လာခြင်း မရှိသေးပေ။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့သာ ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကဲ့သို့သော အဓိက လက်နက်ကိုင်အဖွဲ့ကြီးများက လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့ကြသည်။
အခြားသော လက်နက်ကိုင်အဖွဲ့ငယ်များကလည်း တပ်မတော်နှင့် ဆက်လက် တိုက်ပွဲဖြစ်ပွားနေပြီး၊ တပ်မတော် ဘက်က နယ်မြေ ပိုမိုစိုးမိုးနိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ အသာစီး ရရှိစေရေးအတွက် လေကြောင်း တိုက်ခိုက် မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့သည်။
ထိုင်းအစိုးရသည် မြန်မာ့ပဋိပက္ခတွင် ပါဝင်ပတ်သက် နေသူများအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက် အောင် စီစဉ်ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ မားကို့စ်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်ကို တွေ့ရစဉ်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် အများအပြားကမူ ၎င်းတို့၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုထားကြသည်။
ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများထံမှ ပိုမိုကျယ်ပြန့်သော ထောက်ခံမှုရရှိရန် အလွန်အရေး ကြီးသည်။
သို့မဟုတ်ပါက အာဆီယံနှင့် နေပြည်တော်ကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုများသည် ပျက်ပြားသွားနိုင်ဖွယ် ရှိနေသည်။
အာဆီယံ၏ လာမည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ကြားဝင်စေ့စပ် ညှိနှိုင်းမှုများ ပိုမိုအရှိန်အဟုန် မြင့်တက်လာမည် ဖြစ်သည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံအား အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိုမိုပေးအပ်ခွင့်ပြုရန်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် ဘက်စုံပါဝင်နိုင်သော ဆွေးနွေးပွဲများကို ဆက်လက် လုပ်ဆောင်ရန် အစဉ်တစိုက် တောင်းဆိုခဲ့သည်။
လက်ရှိတွင် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးခဲ့လျှင်မူ မြန်မာ အစိုးရအတွက် အလွန်အကျိုးရှိစေမည့် အခွင့်အလမ်းတစ်ရပ် ဖြစ်လာပေလိမ့်မည်။
၂၀၂၆ ခုနှစ်၊ ဧပြီလတွင် သမ္မတရာထူးကို ရယူပြီးနောက် လွှတ်တော်သို့ ပြောကြားခဲ့သည့် ၎င်း၏ ပထမဦးဆုံး မိန့်ခွန်းတွင် သမ္မတဦးမင်းအောင်လှိုင်က ၎င်းတို့အစိုးရအနေဖြင့် အာဆီယံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လိုပြီး အာဆီယံမိသားစုဝင်အဖြစ် ပြန်လည်ဝင်ရောက်လိုကြောင်း လူသိရှင်ကြား အရိပ်အမြွက် ပြောကြားခဲ့သည်။
သို့သော် အာဆီယံ-မြန်မာ ဆက်ဆံရေး တိုးတက်လာမည့် လမ်းစမှာ ပိုမိုကျဉ်းမြောင်းလာပြီဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် သက်တမ်းအတွင်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အစည်း အတွင်း ၎င်း၏ ထိုင်ခုံနေရာကို ပြန်လည် မရယူနိုင်ခဲ့ပါက ပြန်လည်ပူးပေါင်းနိုင်မည့် မျှော်လင့်ချက်မှာ လုံးဝ ပျက်သုဉ်းသွားနိုင်ခြေရှိနေသည်။
Source: ဘန်ကောက်ပို့စ်
