CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၀
လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ကာ ကာရာဘောင်းဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် အသင်းဟာ လုံလောက်အောင် ကောင်းမွန်မှုမရှိပေမယ့် ဖိအားအသစ်တွေ ရင်မဆိုင်ရဘူးလို့ နည်းပြ အာနီဆလော့က ပြောခဲ့ပါတယ်။
အာနီဆလော့က “ပြိုင်ပွဲကနေ ထွက်ခွာရတဲ့ ရှုံးနိမ့်မှုဟာ အမြဲတမ်း ထိုးနှက်ချက်တစ်ခုပါပဲ။ ကျနော်တို့ဟာ ၇ ပွဲ မှာ ၆ ပွဲရှုံးနိမ့်တာက အကြောင်းအရင်း အများအပြားရှိပေမယ့် တစ်ပွဲမှ လုံလောက်အောင် ကောင်းမွန်မှုမရှိလို့ပါ။ ဒီလို ရလဒ်တွေဆိုးနေရင် လီဗာပူးလ်အသင်းမှာ ကစားတာပဲဖြစ်ဖြစ် နည်းပြအဖြစ် ကိုင်တွယ်တာပဲဖြစ်ဖြစ် ဖိအားတွေ ရှိတယ်ဆိုတာ သိပါတယ်။ ဒီရှုံးပွဲအပြီးမှာ ဘာမှပြောင်းလဲခြင်း မရှိဘူးလို့ ကျနော်ထင်ကြောင်း”ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲ မှာ ၆ ပွဲအထိ အရေးနိမ့်ကာ အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကို တွေ့ရစဉ်
ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ တွေ့ဆုံထားတဲ့ ၃ ပွဲစလုံး အရေးနိမ့်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ ဒီပွဲမှာ ဗန်ဒိုက်နဲ့ ဆာလက် အပါအဝင် အဓိက ကစားသမား အများအပြားကို အနားပေးကာ ဘရန်ဖို့ဒ်အသင်းနဲ့ပွဲက ပွဲထွက်လူစာရင်းကို ၁၀ နေရာအထိ အပြောင်းအလဲ ပြုလုပ်ခဲ့တာပါ။
ရုပ်သံဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂျေမီရက်နက်ပ်က လီဗာပူးလ်အသင်းရဲ့ လူစာရင်းရွေးချယ်မှုနဲ့ ပတ်သက်ပြီး နည်းပြအာနီဆလော့ ကြီးမားတဲ့ အမှားအယွင်းပြုလုပ်ခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြ အာနီဆလော့ဟာ ဖိအားတွေ ခံစားနေရပေမယ့် အသင်း ကတော့ သူ့ရဲ့ဘက်ကနေ ဆက်ပြီး ရပ်တည်နေတယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၄ ပွဲဆက် အရေးနိမ့်ထားတဲ့ လီဗာပူးလ်အသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
