CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၆
အယ်လီးယော့အန်ဒါဆန်နဲ့ မာတီးယက်စ်ဖာနန်ဒက်စ်တို့ကို လက်လွှတ်ခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်း ကွင်းလယ်လူ အန်ဒရေဆန်းတို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ယူနိုက်တက်အသင်းဟာ ဝါရင့်ကွင်းလယ်လူ ကတ်စီမီရိုကို ထွက်ခွာခွင့် ပေးခဲ့ရပြီးနောက် နွေရာသီ အပြောင်း အရွှေ့မှာ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ ဦးစားပေးအဖြစ် သတ်မှတ်ထားတာပါ။
မန်ချက်စတာကလပ်ဟာ လက်ရှိအချိန်မှာ အတ္တလန်တာအသင်း ကွင်းလယ်လူ အီဒါဆန်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပါတယ်။
ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က ကွင်းလယ်လူ နောက်ထပ်တစ်ဦး ထပ်ခေါ်ယူချင်နေတာကြောင့် အသင်းဟာ ဈေးကွက်ထဲမှာ ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

အန်ဒရေဆန်းတို့စ်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းရဲ့ ကွင်းလယ် ပစ်မှတ်တွေဖြစ်တဲ့ အယ်လီးယော့အန်ဒါဆန်က ပေါင် ၁၁၆ သန်းနဲ့ နော်တင် ဟမ် ဖောရက်စ်အသင်းကနေ မန်စီးတီးအသင်းထံ ပြောင်းခဲ့ပြီး မာတီးယက်စ်ဖာနန်ဒက်စ်က ဝက်စ်ဟမ်းအသင်း ကနေ စပါးအသင်းထံ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
The Guardian က ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၄၇ ပွဲ ပါဝင်ကစားထားတဲ့ အန်ဒရေဆန်းတို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားပြီး ချဉ်းကပ်မှုတွေ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
အန်ဒရေဆန်းတို့စ်ဟာ အလားအလာရှိတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းမှာ ကိုင်စီဒိုနဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့ရဲ့ အရန်အဖြစ်သာ ပါဝင်နေရတာပါ။
အန်ဒရေဆန်းတို့စ်ဟာ ပွဲကစားချိန် ပိုပြီးရရှိဖို့အတွက် ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ လမ်းဖွင့်ထားပြီး အသင်းကလည်း သူ့ကို ပေါင်သန်း ၅၀ ရရင် ရောင်းချသွားဖို့ ရှိနေပါတယ်။
၂၀၂၃ ခုနှစ်က ဗာစကိုဒဂါးမားအသင်းကနေ ချယ်လ်ဆီးအသင်းထံ ရောက်လာခဲ့တဲ့ အန်ဒရေဆန်းတို့စ်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ စထရာဘိုးအသင်းတွေမှာ အငှားသွားကစားခဲ့ရပါတယ်။
Source: Metro
