- By CNI
- Category: အင်တာဗျူး
- Hits: 3369
CNI Interview
၂၀၂၆ ခုနှစ်၊ ဧပြီ ၃
မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်နေခြင်းနှင့်အတူ တရားဥပဒေ စိုးမိုးမှု အားနည်းနေသလို လုံခြုံရေး အာမခံချက်များလည်း အားနည်းလျက်ရှိနေသည်။
ထို့နောက် ပြည်သူလူထုသည် လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်း စသဖြင့် ခရီးသွားလာသည့်အခါမှာ လုံခြုံ ရေးအရ မှတ်ပုံတင်များ ထုတ်ပြ၍ စစ်ဆေး ကြပ်မတ်မှုများ ခံကြရသည်။
သို့သော် တချို့သော အာဏာပိုင် အဖွဲ့အစည်းများသည် မှတ်ပုံတင်တွင် အသက်(၁၈-၃၀-၄၅)နှစ်ပြည့်လျှင် လဲလှယ်ရမည်ဟု ရေးသားထားကို အကြောင်းပြ၍ မိမိအသက်နှင့် နှိုင်းယှဉ်ကာ မှတ်ပုံတင် အသစ် လဲလှယ်မထား ဘူးဟု အကြောင်းပြပြီး ငွေကြေးတောင်းခံခြင်းနှင့် ခရီးကြန့်ကြာအောင် လုပ်ဆောင်ခြင်းများ ရှိနေသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ မှတ်ပုံတင်တွေကို မဖြစ်မနေ ပြန်လည် လဲလှယ်ရမယ်လို့ လဝက, ကနေ တရားဝင် ထုတ်ပြန် ကြေညာထားခြင်း ရှိ/မရှိ သိလိုပါတယ်။
ဖြေ ။ ။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအရ အသက်(၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ထုတ်ပေးလျက်ရှိပါတယ်။
အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကိုင်ဆောင်တဲ့သူသည် အသက်(၁၈)နှစ်ပြည့်လျှင်ဖြစ်စေ၊ အသက်(၃၀)နှစ်ပြည့်လျှင်ဖြစ်စေ၊ အသက်(၄၅)နှစ်ပြည့်လျှင်ဖြစ်စေ လဲလှယ်ကိုင်ဆောင်ရမယ်လို့ မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာ ပါရှိပါတယ်။
ပြည်သူတွေအနေနဲ့ အသက်(၁၈)နှစ်ပြည့်၊ အသက်(၃၀)နှစ်ပြည့်၊ အသက်(၄၅)နှစ်ပြည့် လဲလှယ်ပေးဖို့ လျှောက် ထားလာရင် လဲလှယ်ပေးပါတယ်။ မဖြစ်မနေ လဲရမယ်လို့ ပြဋ္ဌာန်းချက် မရှိသလို စိစစ်ပြီး လဲလှယ်ဖို့ ပြောကြားရန် လုံခြုံရေးစိစစ်တဲ့ အဖွဲ့တွေကို ညွှန်ကြားထားခြင်း မရှိကြောင်း ရှင်းပြလိုပါတယ်။

ဝန်ကြီးဌာန ဖြေကြားချက်ကိုတွေ့ရစဉ်
မေး ။ ။ မှတ်ပုံတင် အသက်(၃၀)ပြည့်ပါက အသစ်လဲလှယ်ရမယ်လို့ ဖော်ပြထားပါတယ်။ သို့သော် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ကြောင့် လဝကရုံးတွေ မဖွင့်နိုင်တာရှိသလို မိမိ နေရပ်က နယ်မြေလုံခြုံရေး အရ ပြန်မရတာတွေလည်းရှိပါတယ်။
ဒါ့အပြင် မိမိ နေရပ်ကို ပြန်ဖို့ အချိန်မပေးနိုင်တာတွေလည်း ရှိပါတယ်။ ဒီလိုလူတွေအတွက် မှတ်ပုံတင် လဲလှယ် ချင်သော်လည်း လဲလှယ်ဖို့ အခွင့်အလမ်း မရှိဖြစ်နေတာကို ဘယ်လို စီစဉ်ပေးသွားဖို့ရှိပါသလဲ (ဥပမာ- လက်ရှိ မိမိ ရောက်ရှိနေတဲ့ အရပ်ဒေသမှာရှိတဲ့ လဝက ရုံးမှာ အလွယ်တကူ မှတ်ပုံတင် သွားရောက် လဲလှယ်လို့ရအောင် စီစဉ်/ ခွင့်ပြု ပေးဖို့ ရှိ/မရှိ သိလိုပါတယ်)။
ဖြေ ။ ။ မိမိနေရပ်ကို မပြန်နိုင်တဲ့ သူတွေအနေနဲ့ ယခုလက်ရှိ မိမိနေထိုင်ရာ ဒေသမှာရှိတဲ့ လဝကရုံးကို သွားရောက် ဆက်သွယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အိမ်ထောင်စု လူဦးရေစာရင်းနဲ့ နိုင်ငံသားဆိုင်ရာ လုပ်ငန်း တွေ ဆောင်ရွက်တဲ့အခါ ပါရှိရမယ့် အထောက်အထား လိုအပ်ချက်တွေကို အများပြည်သူသိရှိအောင် လက်ကမ်း စာစောင်တွေ ဖြန့်ဝေထားသလို လဝကရုံးတွေမှာလည်း Vinyl ဆိုင်းဘုတ်တွေ ချိတ်ဆွဲပေးထားပါတယ်။
အဲဒီ အထောက်အထားတွေနဲ့အတူ ကာယကံရှင် ကိုယ်တိုင် သွားရောက်လျှောက်ထားရင် လဝကရုံးက အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးပြီး နိုင်ငံသားဆိုင်ရာ လုပ်ငန်းတွေကိုပါ ဆက်လက် ဆောင်ရွက်ပေး ပါလိမ့်မယ်။
မေး ။ ။ မှတ်ပုံတင်ကို အသစ် လဲလှယ်ဖို့ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်နေသူ အနေနဲ့ နိုင်ငံတော်က ထုတ်ပေးထားတဲ့ စမတ်ကဒ်နဲ့ လေကြောင်းခရီးစဉ်တွေ သွားရောက်လို့ ရ/မရနဲ့ လေယာဉ် လက်မှတ် ဖြတ်ခြင်းတွေကို လုပ်ဆောင်လို့ ရ/မရ သိလိုပါတယ်။ (ဥပမာ- မှတ်ပုံတင်အစား စမတ်ကဒ်ကို ပြဖို့ လေကြောင်းခရီးစဉ် သွားလို့ ရ/မရ သိလိုပါတယ်)။

ဝန်ကြီးဌာန ဖြေကြားချက်ကိုတွေ့ရစဉ်
ဖြေ ။ ။ လေယာဉ်လက်မှတ်ဝယ်ရင် နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ ဝယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ သက်ဆိုင်ရာဝန်ကြီးဌာန၊ သက်ဆိုင်ရာ လေကြောင်းလိုင်းရဲ့ သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။
ကျနော်တို့ ဝန်ကြီးဌာနမှ UID ကို ထုတ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ လူမှုစီးပွားဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် ရာ၌ ပိုမိုလွယ်ကူ လျင်မြန်လာစေရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှုပေးနေသည့် အစိုးရနှင့် အဖွဲ့အစည်းများ အတွက် မည်သူမည်ဝါ ဖြစ်ကြောင်း စစ်ဆေးနိုင်သည့် စနစ်တစ်ခု တည်ဆောက်ရန်၊ ကောက်ယူ မှတ်ပုံတင်ထား သည့် အချက်အလက်များကို မျှဝေ သုံးစွဲရန်ဖြစ်ပါတယ်။
မေး ။ ။ လေဆိပ်နဲ့ ကုန်းလမ်းတွေမှာ မှတ်ပုံတင် လဲလှယ်ထားခြင်း ရှိ/မရှိ စိစစ်ကြပ်မတ်ဖို့ ညွှန်ကြားထား ခြင်း ရှိပါသလား။
ဖြေ ။ ။ လေဆိပ်နဲ့ ကုန်းလမ်းခရီးတွေမှာ လုံခြုံရေးအရ မှတ်ပုံတင် စစ်ဆေးတာဖြစ်ပြီး မှတ်ပုံတင် လဲလှယ်ထားခြင်း ရှိ/မရှိ စိစစ်ကြပ်မတ်ဖို့ ညွှန်ကြားထားခြင်းမရှိပါ။ ဒါပေမယ့် ခရီးသွားလာတဲ့အခါ တာဝန်ရှိသူ က စစ်ဆေးရန် တောင်းခံရင်တော့ ပြသရမှာ ဖြစ်ပါတယ်။
မေး ။ ။ မှတ်ပုံတင် လဲလှယ်ထားခြင်း ရှိ/မရှိ ကြည့်ပြီးတော့ ငွေကြေးတောင်းခံ နေတာတွေ၊ ပုဂ္ဂလိက လုံခြုံရေးကို ချိုးဖောက်ပြီးတော့ ခရီးသွားလာလို့ မရအောင် လုပ်နေတာတွေကို ဘယ်လို ကြပ်မတ်သွားဖို့ ရှိမလဲ သိလိုပါတယ်။
ဖြေ ။ ။ ပူးပေါင်းဂိတ်များမှာ ခရီးသွားလာသူများကို စစ်ဆေးခြင်းသည် လုံခြုံရေးအတွက် လူပုဂ္ဂိုလ်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းသာဖြစ်ပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ လဲလှယ်မှုမရှိတာ၊ ဓာတ်ပုံပျက်စီး၊ မထင် မရှား ဖြစ်တာတွေကို အကြောင်းပြပြီး ငွေကြေးတောင်းခံလို့မရပါဘူး။
ဂိတ်တွေမှာ ခရီးသွားလာလို့ မရအောင် ငွေတောင်းတယ်ဆိုတာမျိုးရှိရင် အဲဒီဂိတ်တွေမှာ တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေ ချိတ်ဆွဲထားပါတယ်။ အဲဒီဖုန်း နံပါတ်တွေကို ဆက်သွယ်ပြီး တောင်းတဲ့သူ၊ တောင်းတဲ့ဂိတ်၊ တောင်းတဲ့နေ့နဲ့ အချိန်တွေကို မှတ်သားပြီး တိုင်ကြားနိုင်ပါတယ်။
ကျနော်တို့ ဝန်ကြီးဌာနရဲ့ ရုံးဖုန်းနံပါတ် 067-3431045 ကိုလည်း ဆက်သွယ် တိုင်ကြားနိုင်ပါတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 575
CNI Interview
၂၀၂၆ ခုနှစ်၊ မတ်လ ၂၆
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းက အခွန်ကောက်ဥပဒေသစ် တစ်ရပ်ကို ထုတ်ပြန် ပြဋ္ဌာန်းခဲ့သည်။
တခြား တစ်ဖက်မှာလည်း စီးပွားရေး ကျဆင်းနေခြင်းနှင့် ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပြည်သူလူထု သည် တစ်ပူပေါ် တစ်ပူဆင့်သလို ရင်ဆိုင်နေကြရသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ အခု အခွန် ဥပဒေအသစ်တွေ ထုတ်လိုက်တဲ့ အတွက်ကြောင့် ကုန်ထုတ်လုပ်ငန်းနဲ့ စီးပွားရေး လုပ်ငန်းမှာ ဘယ်လိုမျိုးတွေ ဖြစ်လာနိုင်တယ်လို့ မြင်ပါသလဲ။
ဖြေ ။ ။ အဓိက,ကတော့ ဥပဒေ ထုတ်တယ်ဆိုတဲ့အပိုင်းမှာ ကျနော်တို့က အပိုင်း ၂ ပိုင်း ရှိတယ်ပေါ့နော်။ ပထမ(၁)ပိုင်းကတော့ အစိုးရက ကျနော်တို့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အခါမှာ ကျနော်တို့ ဟိုအချိန် ကာလ စည်းစနစ်နဲ့ မလျော်ညီတော့တဲ့၊ မလျော်ကန်တော့တဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲရတယ်၊ အသစ် ရေးဆွဲရတယ်၊ ဒါက ကျနော်တို့ လုပ်ရိုးလုပ်စဥ်။
ဒုတိယပိုင်းကတော့ ကျနော်တို့ ခေတ်ကာလနဲ့ မလျော်ညီခြင်း၊ လျော်ညီခြင်းထက် ကျနော်တို့ လက်တွေ့ ဒီကမ္ဘာကြီးပေါ်မှာ ဖြစ်ပေါ်နေတဲ့ပေါ်နော် ဒီအခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ဥပဒေတွေ ပြောင်းရတာမျိုးတွေ ရှိတယ်။ အသစ် ရေးဆွဲရတာမျိုးတွေ ရှိတယ်။
ဆိုတော့ ဒီနှစ်ပိုင်းမှာ အခုဒီ ကျနော်တို့ လက်တွေ့ မြင်နေရသလောက်ကပေါ့နော် ကျနော်တို့ ခေတ်နဲ့လျော်ညီမှု မရှိတဲ့ ဥပဒေတွေကိုကတော့ ပြီးခဲ့တဲ့ဒါ အစိုးရနှစ်ဆက် စလုံးကလည်း ဒါသူတို့ ပြင်ဆင်ခဲ့ပြီးသား ဖြစ်တဲ့အတွက် အထွေအထူး ကျနော်တို့ ထက်ပြီးပြင်ဆင်ဖို့တော့ မရှိတော့ဘူး။
ဥပမာ ဒဏ်ကြေးတွေကအစ၊ ကျနော်တို့ ဆုပေး ဒဏ်ပေး စနစ်တွေက အစ၊ ကျနော်တို့က ပြင်ဆင်ပြီးသားတွေ ဖြစ်တယ်။ ဒါပေမယ့် ဒီကမ္ဘာလုံးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည် စီးပွားရေးကို ထိန်း ကျောင်းပြီးတော့ မောင်းနှင်ဖို့အတွက် လိုအပ်တဲ့ ဥပဒေကို ပြဋ္ဌာန်းတဲ့အခါမှာတော့ ကျနော်တို့က အများကြီး စဥ်းစားဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့ အဲဒီလို မဟုတ်ဘဲနဲ့ပေါ့နော် ဆန္ဒတစ်ခု ဖြစ်လိုက် ဥပဒေတစ်ခု ထုတ် လိုက်၊ ဆန္ဒတစ်ခုဖြစ်လိုက် ဥပဒေတစ်ခု ထုတ်လိုက်ဆိုရင်တော့၊ ဥပဒေဆိုတာမျိုးက ထုတ်ပြီးသွားရင်လည်း ကျနော်တို့က ဒီဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့အတိုင်းပဲ ကျနော်တို့ ဥပဒေက တည်ဖို့လိုအပ်ပါတယ်။

ကုန်စိမ်ရောင်းနေသူကို တွေ့ရစဉ်
ပြီးတော့ ဥပဒေအတိုင်း တိတိကျကျ လိုက်နာနိုင်ဖို့ လိုအပ်သေးတယ်။ ကျနော်တို့ လိုအပ်တယ်ဆိုတဲ့အပိုင်းမှာ ပြည်သူတွေတင် မဟုတ်ဘဲနဲ့ ဒီဥပဒေကို အကောင်အထည် ဖော်ဆောင်ရွက်ရမယ့် အပြစ်ပေး ရမယ့်လူတွေ ရှိတယ်၊ အရေးယူရမယ့် လူတွေရှိတယ်၊ အပြစ်ဒဏ် ခံရမယ့်လူတွေရှိတယ် ဒီအပိုင်းတွေမှာလည်း တိတိကျကျနဲ့ ကျနော်တို့ လိုက်ပါ ဆောင်ရွက်နိုင်မှသာလျှင်ပဲ ဥပဒေရဲ့ ဒီအာနိသင်ကလည်း ရှိမှာပေါ့ အကျိုးက လည်းရှိမှာပေါ့ ဖြစ်ပါတယ်။
ဆိုတဲ့အတွက် လက်ရှိမှာ ဒါ စီးပွားရေးနဲ့ပဲဖြစ်ဖြစ်၊ လူမှုရေး၊ နိုင်ငံရေးနဲ့ပဲ ဖြစ်ဖြစ်ပေါ့နော် ဒါဥပဒေတွေ ပြောင်းလဲ တာတွေ၊ ထုတ်ပြန်တာတွေရှိတယ်။ အဓိက,ကတော့ စီးပွားရေးနဲ့ပတ်က်သက်တဲ့ ဥပဒေတွေကို တစ်ခုပြီးတစ်ခု ပေါ့နော် ထုတ်ပြန်နေတဲ့ အပိုင်းတွေက လွယ်ကူချောမွှေ့စေနိုင်တဲ့ လုပ်ငန်းရှင်တွေအတွက် အကျိုးရှိမယ့် ဥပဒေ တွေဆိုရင် ပြဿနာ မရှိနိုင်ပေမယ့်၊ လုပ်ငန်းလုပ်ရတာ ပိုမိုခက်ခဲသွားနိုင်တယ်၊ ကြန့်ကြာသွားနိုင်တယ် ဆိုရင် တော့ ဒါလုပ်ငန်းရှင်အတွက်တင် မဟုတ်ပဲနဲ့ တိုင်းပြည်စီးပွားရေးမှာလည်း ထိခိုက်စရာတွေ ဖြစ်လာနိုင်ပါတယ် ဆိုတဲ့အတွက် ကျနော်တို့က ဥပဒေတစ်ခု ရေးဆွဲတဲ့နေရာမှာ ဒီတကယ့် ပြည်တွင်းမှာ ဖြစ်နေတဲ့ လုပ်ငန်းရှင်တွေ ရဲ့ အသံတွေကိုလည်း ကျနော်တို့ နားထောင်ဖို့ လိုအပ်တယ်။
ပြီးတော့ ဒီထုတ်ပြန်ချက် တစ်ခု ကြေညာချက် တစ်ခု ထုတ်တော့မယ်ဆိုရင်လည်း လိုက်နာပေးရမယ့် လုပ်ငန်း ရှင်တွေ၊ အလုပ်သမားတွေ၊ ကုန်သည်တွေ အစရှိသဖြင့်ပေါ့နော် ဒီစီးပွားရေး လုပ်ငန်းနဲ့ပတ်သက်တဲ့ ဥပဒေ တစ်ခု ထုတ်တော့မယ်ဆို စီးပွားရေး လုပ်ငန်းစဥ် တစ်ခုလုံးမှာ ပါဝင်ပတ်သက်သူ အားလုံးရဲ့ အသံတွေကို ကျနော်တို့က နားထောင်ပြီးသွားတော့မှ ဥပဒေတွေကို ရေးဆွဲတာတွေ၊ ထုတ်ပြန်တာတွေ လုပ်သင့်ပါတယ်။
ဒီလိုမှ မဟုတ်ပဲနဲ့ ကျနော်တို့က စိတ်ထဲမှာရှိသလိုမျိုး ဥပဒေတွေက ထုတ်နေမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ နိုင်ငံမှာ မဟုတ်ဘူး၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ဥပဒေတွေက ဒီလိုမျိုး ခဏ၊ ခဏ၊ ခဏပေါ့နော် ပြုပြင်ပြောင်းလဲဖို့ အတွက် ဥပဒေကို ထုတ်နေတယ်ဆိုတဲ့အခါမှာ အောက်မှာ လိုက်နာရတဲ့ လူတွေအတွက် မရှင်းလင်းမှုတွေ ဖြစ်နိုင်ပါတယ်၊ ဥပဒေအကြောင်း သေသေချာချာ နားမလည်ပဲနဲ့ ကျူးလွန်မှုတွေ ဖြစ်သွားနိုင်တယ်၊ ဆိုတော့ ဥပဒေဆိုတာမျိုးက နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ကျူးလွန်ရင် အရေးယူ ခံရမယ်ဆိုတာကလည်း ရှိနေတဲ့ အခါကြတော့ ပြည်သူတွေအတွက် နစ်နာပါတယ်။
ဆိုတဲ့အတွက်ကြောင့်ပေါ့နော် ဥပဒေတစ်ခု ရေးဆွဲမယ်ဆို ပြည်သူတွေကို နားလည်အောင် အသိပေးတာမျိုး၊ ချပြ တာမျိုး ပြီးတော့ ဒီဥပဒေမှာ အရေးယူရမယ့် ပြစ်ဒဏ်တွေ ပါတယ်ဆိုရင်လည်း ပညာပေးကာလ သတ်မှတ်ထား တာမျိုး အစရှိသဖြင့်ပေါ့နော် အဆင့်လိုက်၊ အဆင့်လိုက်၊ အဆင့်လိုက် ကျနော်တို့က ဆောင်ရွက်သွားဖို့ လိုအပ် တယ်။
အဲဒီလို မဟုတ်ပဲနဲ့ တတ်သုတ်ရိုက်ပြီးတော့ ဥပဒေတွေကို ရေးဆွဲတာတွေ၊ ပြဋ္ဌာန်းတာတွေ၊ အတည်ပြုတာတွေ ကတော့ ကျနော်တို့ ဟိုသတိထားပြီးတော့ လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တိုင်းပြည် စီးပွားရေးအတွက် ဒါတကယ့်ကိုပဲ သက်ရောက်မှု ကြီးကြီးမားမား ဖြစ်နိုင်ပါတယ်။
ကောင်းတဲ့ ဥပဒေလေး ထုတ်လိုက်လို့ ကောင်းသွားနိုင်တာ မျိုးရှိသလို ဥပဒေထုတ်တာမှာ ကျနော်တို့က စေတနာ အမှားတွေ ပါနိုင်တယ်၊ ပြီးတော့ စောနက ပြောတဲ့ပေါ့နော် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးရေးစွဲတွေလည်း ကျနော်တို့က ထုတ်ပြန်တာမျိုးတွေ ဆိုရင်ကျတော့ တိုင်းပြည်အတွက် မကောင်းဘူးလို့ ကျနော့်အနေနဲ့ သုံးသပ်ရမှာ ဖြစ်ပါတယ် ဗျ။
မေး ။ ။ ဟိုပေါ့လေ အခွန်သစ်၊ ဥပဒေသစ်တွေနဲ့ ပတ်သက်ပြီး၊ စီးပွားရေး လုပ်ငန်းရှင်တွေက အခွန်ဆောင် လိုက်ပြီဆိုရင် အဲဒီရဲ့ အကျိုးခံစားခွင့် ဘာတွေရှိလဲပေါ့၊ အဲဒီလိုမျိုး ခံစားခွင့်တွေရော ရှိလားပေါ့။
ဖြေ ။ ။ အခွန်ကတော့ ကျနော်တို့ကတော့ မဖြစ်မနေ ဒါတိုင်းပြည်မှာက ကျနော်တို့က နိုင်ငံသား တစ်ယောက် အနေနဲ့ အခွန်ဆောင် ရတာကတော့ အကျိုးခံစားခွင့် ဆိုတာထက် ကျနော်တို့က ဆောင်ကို ဆောင်ရမယ့် အလုပ် ဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ အစိုးရက အိမ်ဆောက်ဖို့အတွက် ကျနော်တို့က အခွန်တွေ လိုအပ်ပါတယ်၊ အစိုးရ တစ်ရပ်အတွက် အခွန်မကောက်ခံတဲ့ အစိုးရဆိုတာက အလွန် အင်မတန်မှကို ချမ်းသာကြွယ်ဝနေရင်တော့ တစ်မျိုးပေါ့၊ အခွန်လျှော့။
ကျနော်တို့ နိုင်ငံတွေ အတွက်ကျတော့ အခွန်အခက ဒါအစိုးရ အတွက်က ကြည့်ရင် လိုအပ်သလို ကျနော်တို့ ပြည်သူတွေ အနေနဲ့လည်း တာဝန်သိစွာ၊ တာဝန်ရှိစွာ ပြည်သူတစ်ယောက်၊ နိုင်ငံသားတစ်ယောက် အနေနဲ့ ကျနော်တို့က အခွန်ဆောင်ရမှာ ဖြစ်သည့်အတွက် အကျိုးအမြတ် ဘာပြန်ရမလဲဆိုတာမှာ အနည်းဆုံးတော့ ဒီကျနော်တို့က ဝင်ငွေခွန်တွေ ဆောင်လိုက်တယ်ဆိုရင် ဝင်ငွေခွန်ကနေရလာတဲ့ ကျနော်တို့ ဒီ အိမ်တွေ၊ မြေတွေ၊ ခြံတွေ၊ ကားတွေ ဝယ်တယ်ဆိုလို့ရှိရင် သက်သာခွင့်တွေ ရှိတယ်ပေါ့နော်။ သူရာခိုင်နှုန်း အလိုက်ဆိုတော့ ဒါမျိုး တွေ ပြန်ပြီးတော့ ခံစားခွင့်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အကျိုးအမြတ်ထက် ပြည်သူတွေကတော့ ဒါအခွန်က ဆောင်ရမယ့်ကိစ္စ ဖြစ်ပါတယ် တိုင်းပြည်အတွက်။
ဒါပေမယ့် ဒီအပိုင်းက ပြည်သူတွေ အပိုင်းဖြစ်ပြီး၊ အစိုးရအပိုင်းကျတော့လည်း ပြည်သူတွေဆီကရလာတဲ့ အခွန် အခတွေကို အလေအလွင့်မရှိဘဲနဲ့ ဇီးသီးဗန်းမှောက်တာမျိုး မဟုတ်ဘဲနဲ့ ကျနော်တို့က တိတိကျကျ သုံးစွဲသင့်၊ သုံးစွဲထိုက်တဲ့ နေရာတွေမှာ သုံးစွဲဖို့အတွက် လိုအပ်ပါတယ်။ ဒါကလည်း လွှတ်တော် ကနေပြီးတော့ ကျနော်တို့ စစ်ဆေးတာတွေ၊ စိစစ်တာတွေ၊ ပြည်သူအသံတွေ ထွက်လာတော့မှာ ဖြစ်တဲ့အတွက် ဒီလိုကိစ္စတွေကလည်း သိပ်မကြာခင်မှာ လွှတ်တော်ထဲမှာ မေးခွန်းတွေ အများကြီးနဲ့ ထွက်ပေါ်လာဖို့ ရှိတယ်လို့ ကျနော်တို့ အနေနဲ့လည်း သုံးသပ်ပါတယ်၊ မျှော်လည်း မျှော်လင့်ပါတယ်။

လူငယ်နှစ်ဦးကို တွေ့ရစဉ်
ဆိုတဲ့အခါကြတော့ ဒါမျိုးကလည်း ကျနော်တို့ စောင့်ကြည့်ရမှာဖြစ်ပါတယ်၊ ပြည်သူတွေ အနေနဲ့ကတော့ အခွန် ဆောင်တယ်ဆိုတာက ကျနော်တို့ တကယ်ကို လိုအပ်တဲ့ အလုပ် တစ်ခုဖြစ်ပြီးတော့ ဒီအခွန် ရှောင်တယ်ဆိုတဲ့ အပိုင်းမှာလည်း ကျနော်တို့က ဘာကြောင့် အခွန်ရှောင်လည်းပေါ့နော်၊ အခွန် မဆောင်ဘဲနဲ့ ကျနော်တို့ နေတဲ့ ပြည်သူတွေကတော့ တိုင်းပြည်အတွက် ဒါက အကျိုးမရှိဘူးပေါ့နော်။
အဲဒီတော့ ကိုယ်ရှာတဲ့ပိုက်ဆံပဲ ကိုယ်သုံးမယ်ကွာ တိုင်းပြည်ကို အခွန် မဆောင်ဘူးဆိုရင် အခွန်ကောက်တဲ့ အစိုးရနဲ့ မှန်မှန်ကန်ကန် ကောက်ခံပြီးတော့ အသုံးချဖို့ လိုအပ်သလို ပြည်သူတွေကလည်း မှန်မှန်ကန်ကန်ပဲ ကျနော်တို့ အခွန်ဆောင်ဖို့ လိုတယ်။
အဲဒီနေရာမှာ ပြည်သူတွေ အခွန်မှန်မှန်ကန်ကန် ဆောင်နိုင်ဖို့အတွက် ဝင်ငွေရှိတဲ့ ပြည်သူတွေ ဖြစ်လာအောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ တွေကလည်း အစိုးရမှာ တာဝန်ရှိပါတယ်။ ဆိုတော့ အပြန်အလှန် အားဖြင့်တော့ ပြည်သူနဲ့အစိုးရက တစ်ဖက်နှင့်တစ်ဖက် ထိန်းကျောင်းပြီးတော့ အပြန်အလှန်အားဖြင့် တာဝန်ရှိ ကြသူတွေ ဖြစ်တဲ့အတွက် မိမိတာဝန် မိမိကျေပွန်အောင် ထမ်းဆောင်ရင်းနဲ့ပဲ ဒါတိုင်းပြည်ကို တိုးတက်အောင် လုပ်ကျရမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။
အဲဒီလိုမဟုတ်ဘဲနဲ့ ဂွင်ထဲရောက်ရင် သိပ်ထည့်လိုက်မယ်ဆိုတဲ့ အစိုးရမျိုး၊ ပြည်သူကလည်း တာဝန်ရှောင်လို့ ရရင် ရှောင်မှာပဲကွာ မဆောင်ဘူးဆိုတဲ့ ပြည်သူမျိုး ဆိုရင်တော့ ကျနော်တို့ တိုင်းပြည်က ဒုံရင်းဒုံရင်းပဲ၊ နောက်ကိုပဲ ပြန်သွားနေအုံးမှာပေါ့နော်။ ဆိုတဲ့အခါကျတော့ ပြည်သူရော အစိုးရရော နှစ်ဖက်စလုံးကတော့ ကျနော်တို့ Balance မျှမျှလေးနဲ့၊ စေတနာရှိရှိလေးနဲ့၊ အလုပ်လုပ်ကြဖို့ လိုအပ်တယ်လို့ ကျနော်အနေနဲ့ သုံးသပ်ပါတယ်။
မေး ။ ။ တချို့စီးပွားရေး လေ့လာသုံးသုပ်သူတွေ သုံးသပ်နေတာက အခုလိုမျိုး အခွန်ဥပဒေတွေ ထုတ်တာက တချို့ကလည်း အခွန်တိုးကောက်ရင် အစိုးရဝင်ငွေ တိုးလာမယ်ဆိုတဲ့ ဘက်ကနေနဲ့ စဥ်းစားကြည့်တာပေါ့နော်၊ တဖက်ကလည်း အခွန်တိုးလာတာနဲ့ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်ပေါ့။ အဲ့ဒီလို သုံးသပ်နေတာတွေ အပေါ်မှာ ဘယ်လိုသုံးသပ်မိလဲ။
ဖြေ ။ ။ အဓိက,ကတော့ ကျနော်တို့က အခွန်ဆိုတဲ့ နေရာမှာ အစိုးရအနေနဲ့လည်းပေါ့နော်။ ကျနော်တို့ အခုဒီ မီတာတွေမှာ ပုဂ္ဂလိကလိုပေါ့၊ အလွှာအသီးသီး အပေါ်မှာ ကောက်ခံတဲ့ အခွန်တွေအပေါ်မှာ ကျနော်တို့က အခု လည်း အဲဒီလိုမျိုး ကောက်ခံတာတွေတော့ ရှိပါတယ်ပေါ့နော်။
တစ်လကို ဝင်ငွေ ဘယ်လောက်အောက် ရတဲ့လူဆိုရင် အခွန်ကင်းလွတ်ခွင့်၊ ဘယ်လောက် အထက်ဆိုရင်တော့ အခွန်ဘယ်လောက် ဒါမျိုးတွေ ခွဲခြား ကောက်ခံတာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် အခွန်ကို ပုံစံအမျိုးမျိုးနဲ့ ကောက်ခံလိုက်လို့ အစိုးရက ဝင်ငွေ တိုးလာတယ်လို့ ပြည်သူက အကြမ်းဖျင်း တွက်ချက်လို့ ရပေမယ့်။ ပြည်သူ အတွက်ကျတော့ ဒါတကယ် မှန်ပါတယ်။ ပြည်သူတွေ အတွက်ကျတော့ နစ်နာတယ်။
ဘာကြောင့်လဲဆိုတော့ ကျတော့ အနည်းဆုံးတော့ စားသောက်တဲ့ စားသောက်ဆိုင်တွေမှာ အခွန်တိုးကောက် လိုက်ပြီဆိုရင် ဒီစားသောက်ဆိုင်မှာ ရှိနေတဲ့ စားသောက်ဆိုင် ပိုင်ရှင်က ပေးရတာ မဟုတ်ပါဘူး၊ လာစားတဲ့ ပြည်သူကပဲ ပေးရတာ။ ပြည်သူက အဝတ်အစား ဝယ်တဲ့အပေါ်မှာ အခွန်တိုးကောက်မယ်၊ ဖုန်းတွေ ဝယ်တဲ့အပေါ် မှာ အခွန်တိုးကောက်မယ် ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ပြည်သူတွေဆီကိုပဲ ရောက်တာဖြစ်ပါတယ်။ ဒီဟာရဲ့ ရိုက်ခတ်မှုပေါ့။
အဲဒီတော့ ပြည်သူတွေ အနေနဲ့ကတော့ ဘယ်လောက် တိုးကောက်ကောက် ငါတို့ပေးနိုင်ပါတယ်၊ ငါတို့ ပိုက်ဆံ ရှိတာပဲ၊ ဝင်ငွေရှိတာပဲဆိုတဲ့ အခြေအနေမျိုးကို ဖန်တီးပေးနိုင်ရင်တော့ ဘာမှဒါကို ပြောစရာမရှိဘူးပေါ့နော်။ ကျနော်တို့ အဲဒီလို မဟုတ်ပဲနဲ့ ပြည်သူတွေက တစ်နေ့လုပ်မှ တစ်နေ့စား ဖြစ်နေရတဲ့ အခြေအနေမျိုးကလည်း ဒီလို အခွန်တွေက ထပ်မံနှိပ်စက်မယ်ဆိုရင်တော့ ဒါပြည်သူတွေအတွက် တော်တော်လေးကို ကျယ်ကျယ် လောင် လောင် အသံထွက်လာရမယ့် ကိစ္စမျိုး ဖြစ်တဲ့အတွက် ဆင်ခြင်သင့်ပါတယ်။
ကျနော်တို့ ဒါက ဟိုသေသေချာချာ ပြန်နားထောင်ပြီးတော့၊ ပြည်သူ့အသံကို နားထောင်ပြီးတော့ ပြောင်းသင့်တဲ့ အရာတွေကို ပြောင်းရမှာ ဖြစ်ပါတယ်။ ဒါကတော့ ပြည်သူတွေဘက်က ဖြစ်ပါတယ်။ အစိုးရဘက်ကတော့ အခွန် တွေကို ပြည်သူတွေဆီကနေ လက်လီစိပ်ပြီးတော့ ကောက်မယ့်အစား၊ တကယ့် လုပ်ငန်းရှင်ကြီးတွေ ကျနော်တို့ အခွန်ဆောင်ဖို့အတွက် ဆောင်သင့် ဆောင်ထိုက်တဲ့ အရာတွေကို မဆောင်သင့် မဆောင်ထိုက်ထားတဲ့ ဟာတွေကို သေသေချာချာ စိစစ်ကြပ်မတ်ပြီးတော့ အခွန်ကောက်လိုက်ရင် စီစဥ်ပြီးတော့ ကောက်တဲ့ သေးသေး၊ သေးသေး လေးတွေထက် အများကြီးပိုရမယ့် အခြေအနေမျိုးတွေလည်း ရှိပါတယ်။
ဆိုတော့ ရနိုင်တဲ့ လုပ်ငန်းတွေ၊ အခွင့်အလမ်းတွေကို ချပြပြီးတော့ အစိုးရက ဒါမျိုးတွေလုပ်ဖို့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို တွန်းအားပေးတာမျိုး၊ နောက် အားပေးအားမြောက်တာမျိုး လုပ်ပြီးတော့ အခွန်အခတွေကို ကောက်ခြင်းအားဖြင့် တစ်နေ့လုပ် တစ်နေ့စားရတဲ့ ပြည်သူတွေလည်း သက်သာမယ်၊ အစိုးရလည်း အခွန်ရမယ် ဆိုတဲ့ အခြေအနေမျိုးတွေ မြင်ပါတယ်။
မေး ။ ။ ဟိုပေါ့လေ အန်ကယ် အဲဒါတွေကိုရောဘယ်လိုမျိုးကို ဘယ်လိုမျိုးအကောင်ထည် ဖော်သင့်လဲပေါ့။
ဖြေ ။ ။ အဓိက,ကတော့ ကျနော်တို့နိုင်ငံမှာ အခွန်အများဆုံးရနိုင်တဲ့ အစိုးရဆိုရင် ဓာတ်သတ္ထု တူးဖော်တဲ့လုပ် ငန်းတွေရှိတယ်၊ ဘဘာဝ ဓာတ်ငွေ့တွေ၊ တွင်းထွက်တူးဖော်တဲ့ လုပ်ငန်းတွေ၊ ရွှေတူးတဲ့ လုပ်ငန်းတွေ၊ အစရှိတဲ့ ဟာတွေပေါ့နော်။ သယံဇာတ တူးဖော်တဲ့ဟာတွေ ဒါတွေက ကျနော်တို့ အကန့်အသတ်နဲ့ ရှိတဲ့အတွက်ကြောင့် မို့လို့ ကျနော်တို့ တချို့လုပ်ငန်းတွေက ကျနော်တို့ ပိတ်ထားရတာတွေရှိတယ်။
နယ်မြေ မတည်ငြိမ်မှုကြောင့် လုပ်ငန်းဆောင်ရွက် မနိုင်တာမျိုးတွေ ရှိတယ်။ ပြီးတော့ ပြည်ထောင်စု ဒီလက်ရှိ အစိုးရအဖွဲ့ပေါ့နော်၊ အစိုးရအဖွဲ့ လက်လှမ်းမမှီတဲ့ နယ်မြေစိုးမိုးဖို့ ခက်ခဲတဲ့ နေရာတွေမှာ ကျတော့လည်း တရား မဝင် ရွှေလုပ်ကွက်တွေ တူးဖော်နေတာတွေ၊ ကျွန်းသစ်တွေ ခိုးထုတ်နေတာတွေ အများကြီးပဲ ကျနော်တို့ ရှိနေတာဆိုတော့ အဲဒီလို နေရာတွေကို မြန်မြန်ငြိမ်းချမ်းအောင် လုပ်ပြီးသွားရင် တရားဥပဒေ စိုးမိုးမှု များများ ရအောင် မြန်မြန်လုပ်၊ ပြီးရင် အဲဒီနေရာတွေမှာ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို နေရာပေး၊ အကန့် အသတ်နဲ့ တူးဖော်မှုတွေပေး၊ ထုတ်လုပ်ခွင့်တွေပေး၊ အဲဒီပေးတဲ့အပေါ်မှာ အစိုးရက အခွန်ကို ကြပ်ကြပ်မတ်မတ်ကောက် ဒါမျိုးဆိုရင် အများကြီးပဲ ဖြစ်မှာပေါ့။
အခုက ကျနော်တို့က စိုးမိုးတဲ့ နေရာရှိတဲ့ နေရာတွေမှာပဲ ကျနော်တို့က လုပ်ဆောင်နိုင်ပြီးတော့၊ မစိုးမိုးနိုင်တဲ့ နေရာ၊ ခက်ခဲနေသေးတဲ့နေရာ၊ အလှမ်းဝေးတဲ့ နေရာတွေ ကျနော်တို့ ဒါမျိုးတွေကလည်း အများကြီးကို တိုင်းပြည် အတွက် နစ်နာတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်စရာ အခြေအနေမျိုး ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဈေးကို တွေ့ရစဉ်
ဖက်ဒရယ်တိုင်းပြည်အတွက် စောနကပြောတဲ့ အခွန်တွေ များများရအောင်တော့ ဒီသယံဇာတ တူးဖော်ရေး လုပ်ငန်းတွေမှာ ကျနော်တို့က ခွင့်ပြုသင့် ခွင့်ပြုထိုက်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ကျနော်တို့ ခွင့်ပြု ရတာမျိုးတွေ တရားဝင် လုပ်ကွက်ပေးတာ မျိုးတွေပေါ့နော်။ ပြီးတော့ အခွန်အကောက်တွေ ပြန်ကောက်တာ မျိုးတွေ အဲဒီလို မဟုတ်ပဲနဲ့ တရားဝင် လုပ်ခွင့်မရတဲ့ နေရာတွေမှာ တရားမဝင်တွေ လုပ်နေပြီးတော့ အစိုးရလည်း အခွန်မရ၊ တိုင်းပြည်လည်း နစ်နာတာတွေ အများအပြား တွေ့ရတဲ့အတွက် သေသေချာချာ စိစစ်ကြပ်မတ်ပြီးတော့ ဒါမျိုးတွေကို အကောင်အထည်ဖော်လိုက်ရင် ရှေ့မှာ ကျနော်တို့ သေးသေး၊ သေးသေးလေးတွေ ကောက်နေတဲ့ အခွန်ထက် အများကြီး ရနိုင်တဲ့ အခွန်တွေရှိတယ်လို့ ကျနော့်အနေနဲ့ ထင်ပါတယ်။ ဆိုတော့ ဒါမျိုးလေးတွေ လုပ်ရပါမယ်။
မေး ။ ။ အခုလိုမျိုး ဥပဒေတွေက အစိုးရရဲ့ မူဝါဒနဲ့ ဆိုင်တယ် ဆိုပြီးမှလည်း သုံးသပ်နေကြတာမျိုးရှိတယ် အဲဒါကိုရော ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကျနော်တို့ တစ်ဖက်မှာ အစိုးရတင် မဟုတ်ပါဘူး။ ကျနော်တို့လည်း ပထမဆုံးကြုံရတဲ့ first experience ပဲလေ။ ဆိုတော့ သေချာပါတယ်၊ ကျနော်တို့ရဲ့ သက်တမ်းမှာရှိနေတဲ့ လူအများစုကလည်း ဒါ နှစ်ပေါင်း ၁၀၀ အတွင်းထဲမှာ တစ်ခါမှ မကြုံဘူးတဲ့ဟာတွေ ကျနော်တို့ ကြုံရတာဖြစ်တဲ့အတွက် လူအများစု အတွက်ကတော့ first experience တွေပဲ အားလုံးက။ ပြောမယ်ဆိုရင် ငလျင်ဆိုလည်း ဒီလိုပဲ၊ ကိုဗစ်ဆိုရင်လည်း ဒီလိုပဲ အစရှိသဖြင့် ကျနော်တို့ အဲဒီတော့ ဒီလိုဟာတွေကို ခါးစည်းပြီးတော့ ခံလာရတာ ဖြစ်တဲ့အတွက် တချို့ ထုတ်ပြန်ချက်တွေ၊ အစိုးရရဲ့ ကြေညာချက်တွေ၊ မူဝါဒတွေ ဆိုတာကလည်း အမြဲတမ်းကြီး အားလုံးမှန်နေတယ်လို့ ကျနော်တို့ ပြောလို့ မရဘူးပေါ့နော်။
ဆိုတော့ အားနည်းချက်တွေ ရှိနိုင်တယ်၊ လွဲမှားတာတွေ ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရသည်လည်း လူသားတွေထဲက လူပဲဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံကသူပဲ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့နဲ့ သိပ် ထူး ခြား,ခြားနားမှုမရှိတဲ့ ဥာဏ်ရည်ဥာဏ်သွေးကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ တခြား ဂြိုလ်ကနေလာတဲ့ ဂြိုလ်သားတွေ အုပ်ချုပ်နေတာ မဟုတ်တဲ့အတွက် သူတို့လည်း လူထဲကလူ ဖြစ်တဲ့အတွက် လူတိုင်းကတော့ အမှားမကင်းဘူးပေါ့နော်။
ဆိုတော့ ဒီအပိုင်းမှာ ရှေ့ကပြောခဲ့သလို ပထမဆုံး အတွေ့အကြုံတွေ ဖြစ်တော့ ပိုဆိုးပါတယ်။ အခုဒီလို ကိစ္စဆိုလည်း ဒါအရှေ့အလယ်ပိုင်းမှာ ဖြစ်လာတဲ့ စစ်ပွဲရဲ့ သက်ရောက်မှုက ကျနော်တို့တင် မဟုတ်ဘဲနဲ့ တခြား နိုင်ငံတွေမှာလည်း ဖြစ်တော့ ဒီလိုပဲပေါ့နော် နီးစပ်ရာကို ကျနော်တို့ အနည်းဆုံးတော့ ကားတွေအကုန်လုံး၊ မော်တော်ယာဥ်တွေ၊ စက်တပ်ယာဥ်တွေ အကုန်လုံး ကျနော်တို့ တစ်ဝက်လောက်ကို လျှော့ချင်တယ်ကွာ ဒါပေမယ့် နှစ်စီးထဲက တစ်စီးပဲ ထွက်ရမယ်ဆိုတဲ့ ဟာမျိုးတွေထက် ဒီလို “စုံ/မ”ခွဲတာကတော့ အလွယ်ကူဆုံး ဖြစ်ပါလိမ့်မယ် ဆိုတာမျိုးတွေပေါ့နော်။ လူတွေအတွက် လှောင်ရီစရာ ဖြစ်ပေမယ့်လည်း တကယ်တမ်း အရေးပေါ် ကြုံလာရတဲ့ အခြေအနေမျိုးမှာ အမြန်ဆုံး ထုတ်ပြန်ရတဲ့ ထုတ်ပြန်ချက်မျိုး ဖြစ်တဲ့အတွက် ဒါလည်း သဘာဝ ကျတယ်လို့ပဲ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။
နောက်တစ်ချက်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်လည်း ကျနော်တို့ ဒီလို ထုတ်ပြန်ချက်၊ ဒီလို ကြေညာချက်တွေနဲ့ အစိုးရလုပ်နေရတယ်ဆိုတဲ့ အပိုင်းကလည်း ကိုယ်တိုင်လည်း ထွက်ပေါက်ရှာသလို အစိုးရအနေနဲ့လည်း ထွက်ပေါက်ရှာနေရတာ ပေါ့နော်။
ဒါစက်သုံးဆီကို မပြတ်လတ် သွားအောင်ပေါ့၊ သူက ပြတ်လတ်လို့ကလည်း မရဘူး။ ဒီပစ္စည်းက တိုင်းပြည် အတွက်ဆိုတော့ ရနိုင်တဲ့ နေရာတွေကနေ သူတို့ရှာနေတယ်ဆိုတာလည်း ကျနော်တို့ကြားတယ်၊ သိတယ်။ ဆိုတော့ အဲဒီစျေးနဲ့ရနေမှ အတက်နိုင်ဆုံး အနည်းဆုံး သုံးဖို့အတွက်ကိုလည်း သူတို့ ပုံစံမျိုးစုံနဲ့ ကျနော်တို့ ထုတ် ပြန်ချက်တွေပေါ့လေ၊ ကြေညာချက်တွေ၊ အသိပေးချက်တွေ ထုတ်ပေးတယ်ဆိုတာကိုလည်း ကျနော်တို့သိတယ်။
ဆိုတော့ ဒါလေးတွေကိုလည်း ပြည်သူတွေက လိုက်နာပြီးတော့ ကျနော်တို့ တက်နိုင်သလောက်ကလေး အားလုံး ကျော်ဖြတ်ရမယ့် အခြေအနေမျိုးပေါ့။ ဒီနေရာမှာတော့ အစိုးရတစ်ခုထဲကိုပဲ ကျနော်တို့က အပြစ်ပုံချနေလို့ မရ ဘူး။ ဒါသူလုပ်တဲ့ကိစ္စလည်း မဟုတ်ဘူးဆိုတော့ပေါ့နော်။
သူလည်း တက်နိုင်သလောက် စွမ်းဆောင်တယ်။ ပိုဆိုးတာ ကျနော်တို့ထက် ပိုပြီးတော့ စက်မှုထွန်းကားတဲ့ နိုင်ငံတွေ တောင်မှပဲ၊ ရေနံဆီ အမြောက်အများ သိုလှောင်ထားနိုင်တဲ့ နိုင်ငံတွေတောင်မှပဲ ဒီလို အခက်အခဲတွေ ရင်ဆိုင်နေရပြီတော့ ကျနော်တို့ အတွက်ကတော့ ဒါရင်ဆိုင်ရတာ မစမ်းဘူးပေါ့နော်။ ကမ္ဘာနဲ့ချီပြီး ရင်ဆိုင်ရတဲ့ ပြဿနာဖြစ်တော့ ဆိုတော့ အားလုံးကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဝိုင်းဝန်းကြိုးစားပြီး အဖြေရှာရမှာ။
အဲဒီတော့ ကျနော် ပြောချင်တာကတော့ ဒီနေရာမှာကတော့ အစိုးရတစ်ခုထဲကိုပဲ ကျနော်တို့ အပြစ်တင် နေတာ မျိုးတွေ၊ အစိုးရကို ဝေဖန်နေတာမျိုးတွေပေါ့၊ အပြစ်တင်တာထက် ဝေဖန်နေတာမျိုးတွေ လုပ်မယ့်အစား ကိုယ် ကိုယ်တိုင်မှာ အကြံဥာဏ်ရှိတယ်၊ idea ရှိတယ်ဆိုရင်လည်း လက်တွေ့ကျကျ ဒါကျနော်တို့ ဒီဟာတွေပေါ်မှာ ချပြ ဆွေးနွေးပြီးတော့ အကောင်အထည် ဖော်ကြည့်လို့ရပါတယ်။
ဆိုတော့ ပြောချင်တာက အခု ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ကလည်း စောင့်ကြည့်နေတာပဲ၊ ကျနော်တို့ ကိုယ်တိုင်လည်း ဘာလုပ်ရင် ကောင်းမလဲပေါ့နော် အများကြီး စဥ်းစားရတာပဲ၊ လုပ်ငန်းရှင်တွေလည်း ကိုယ့်လုပ်ငန်းပေါ်မှာ ငါတို့ဘယ်အချိန်မှာ လာသက်ရောက်မလဲ၊ စက်သုံးဆီ ကိစ္စတွေက ဘယ်လို ဖြစ်လာမလဲဆို တာကအစ ကြိုတင်တွေးဆပြီးတော့ ဒါလုပ်ရတဲ့ အပိုင်းတွေ ဖြစ်တဲ့အတွက် အားလုံးကတော့ ကြိုတင်တွေးဆပြီး လုပ်ကြဖို့ လိုအပ်ပါတယ်။ ဒီအခြေအနေမှာတော့ အစိုးရတစ်ခုထဲကိုပဲ ကျနော်တို့က ကြည့်နေလို့တော့ သိပ်မရဘူး လို့တော့ ထင်ပါတယ်။

အခြေခံလူတန်းစားများကို တွေ့ရစဉ်
မေး ။ ။ နောက်ဆုံးအနေနဲ့ အစိုးရရဲ့ အခွန် ဥပဒေသစ်တွေနဲ့ ပတ်သက်ပြီးတော့ ဘာများ ဖြည့်စွက် ပြောချင်တာရှိပါသလဲ။
ဖြေ ။ ။ ကျနော့် အနေနဲ့ကတော့ ဥပဒေတစ်ခု ထွက်လာရင် ပြည်သူကို အကျိုးပြုတဲ့ ဥပဒေဆိုရင် Welcome ပါပဲ။ ဘယ်လို ဥပဒေပဲဖြစ်ဖြစ်၊ ဒါပေမယ့် အဲဒီလို မဟုတ်ပဲနဲ့ ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် ဥပဒေ ဆိုရင်တော့ မကြိုဆို(Welcome)ဘူးပေါ့ဗျာ၊ တိုက်ရိုက် ပြောရမယ်ဆိုရင်တော့ ဘယ်လို ပြောရမလဲဆိုရင် ပြန်ပြီးတော့ သုံးသပ်ကြပါ၊ ပြန်ပြီးတော့ စဥ်းစားကြပါအုံး ဒီလိုပဲပြောရမှာပေါ့ ဒီတစ်ခုကတော့။
ဒါပေမယ့် ဒီအခွန်ဥပဒေနဲ့ ပတ်သက်လို့၊ အခွန်တွေနဲ့ ပတ်သက်လို့ ဥပဒေအသစ်တွေ ထွက်လာတယ် ကောက်ခံမှု နှုန်းထား ပြောင်းလဲတာတွေလည်း ဖြစ်နိုင်သလို တခြားပေါ့နော်၊ အခွန် အပိုင်းဆိုင်ရာ ဒါဥပဒေတွေ ထွက်လာ တယ်ဆိုတဲ့ အပေါ်မှာလည်း။ တိုင်းပြည်ရဲ့ တကယ့် စီးပွားရေးကို မောင်းနှင်ပေးနေရတဲ့ ကျနော်တို့ လုပ်ငန်းရှင် တွေ ပြည်သူတွေက ကျနော်တို့က အခြေခံ လူတန်းစားတွေက များပါတယ်၊ လက်လုပ်လက်စားတွေ များပါတယ်၊ ကျနော်တို့ နိုင်ငံမှာက ဆင်းရဲ့တဲ့ နိုင်ငံဆိုတော့ ပိုဆိုးတာပေါ့။ ဆိုတော့ အဲဒီလူတွေ အပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေအောင်လို့တော့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်၊
အဲဒီလို မဟုတ်ဘဲနဲ့ ဝန်ထုတ်ဝန်ပိုး ဖြစ်ပြီးတော့မှ တိုင်းပြည်ကို တည်ဆောက်မယ်ဆိုတဲ့ အတွေးမျိုးဆိုရင်တော့ ဒါစေတနာ မမှန်တဲ့ အတွေးလို့ပဲ ကျနော့် အနေနဲ့ သုံးသပ်ပါတယ်။ ဆိုတော့ လက်ရှိအစိုးရ၊ တာဝန်ရှိသူတွေ အနေ နဲ့လည်း စေတနာမှန်တဲ့ အတွေးတွေနဲ့တော့ ဥပဒေတွေကို ရေးဆွဲပြီးတော့ ကျနော်တို့ ပြဋ္ဌာန်းနိုင်လိမ့်မယ်လို ယုံကြည်ပါတယ်၊ မျှော်လင့်ပါတယ်။
ဆိုတဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုး ဥပဒေတွေပဲ ဖြစ်လာပါစေလို့ ကျနော့် အနေနဲ့ ဆုတောင်းပါတယ်။ ဆိုတော့ ပြင်သင့် ပြင်ထိုက်တဲ့ ဥပဒေတွေ ဆိုရင်လည်း လွှတ်တော်ပေါ်လာပြီ၊ လွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီကနေ တဆင့် ကျနော်တို့ ဥပဒေတွေ ပြင်ဖို့လည်း အများကြီး မျှော်လင့်တာရှိပါတယ်။
စီးပွားရေးနဲ့ပတ်သက်ပြီး ပြင်ရမယ့် ဥပဒေတွေလည်း အမြောက်အများ ရှိနေသေးတဲ့ အခါကြတော့ ဒီဥပဒေတွေ ကို ဦးစားပေးပြီးတော့ ပြင်ဆင်နိုင်တယ်လို့ ယုံကြည်တယ်ပေါ့နော်၊ မျှော်လင့်တယ်ဆိုတော့ ဒီလိုမျိုး အမှတ်တွေ၊ စီးပွားရေးအကြောင်း နားလည်တက်ကျွမ်းတဲ့ အမတ်တွေလည်း လွှတ်တော်ထဲကို အများကြီး အခုဟာက ရောက် နေတာမျိုး ကျနော်တို့ မြင်တွေ့ရတဲ့ အခါကြတော့ ကျနော်တို့ထက်ပိုပြီးတော့ ကောင်းတဲ့ idea တွေနဲ့၊ ဥပဒေတွေ နဲ့ သိပ်မကြာခင်မှာ ကျနော်တို့ ပြည်သူတွေအတွက် အကောင်းဆုံး အခြေအနေတွေကို ရောက်လာအောင်လို့ တော့ ပြဋ္ဌာန်းနိုင်တဲ့ ဥပဒေအသစ်တွေ ထွက်လာဖို့တော့ မျှော်လင့်ပါတယ်။
အဲဒီလိုမှ မဟုတ်ပဲနဲ့ ပိုပြီးခက်ခဲတဲ့ ဥပဒေတွေ ထွက်လာတယ် ဆိုရင်တော့လည်း ဒါ လွှတ်တော်ကနေပဲ မေးမြန်း ရတာတွေ၊ ကျနော်တို့က ပြည်သူ့အသံကို ထွက်အောင် လုပ်ရတာမျိုးတွေ၊ ကျနော်တို့ လွှတ်တော်ကနေတစ်ဆင့် လွှတ်တော် လမ်းကြောင်းကနေတဆင့် ဆောင်ရွက်ရမှာတွေလည်း ရှိတာပေါ့နော်။
အဲဒီတော့ ပြင်သင့်ပြင်ထိုက်တဲ့ ဥပဒေတွေ ရှိနေရင်လည်း ပြည်သူတွေက ဘာတွေ ပြင်ရမယ်ဆိုတဲ့ဟာမျိုးတွေ ဝိုင်းဝန်းဆွေးနွေးပြီး အဖြေရှာဖို့ လိုအပ်သလို အစိုးရအနေနဲ့လည်း တကယ် စေတနာမှန်မှန်နဲ့ ပြည်သူကို အလုပ် အကျွေးပြုတဲ့ အစိုးရမျိုး ဖြစ်မယ်ဆိုရင်တော့ ပြည်သူအတွက် နစ်နာမှု မရှိစေမယ့်၊ ဝန်ထုပ်ဝန်ပိုး မဖြစ်စေမယ့် ဥပဒေမျိုးတွေပဲ ကျနော်တို့က ပြဋ္ဌာန်းပေးဖို့အတွက် အများကြီး မျှော်လင့်ပြီးတော့ တောင်းဆိုချင်ပါတယ်ဗျ။
- By CNI
- Category: အင်တာဗျူး
- Hits: 855
CNI Interview
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀
မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်နေပြီး အိမ်နီးချင်း တရုတ်နိုင်ငံနှင့် အနောက်အုပ်စု အမေရိကန် ၏ ဝင်ရောက် ပတ်သက်နေမှုများကိုလည်း သတိထား စောင့်ကြည့်နေကြရသည်။
ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့(MNDAA)က တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို တိုက်ခိုက် ထိန်းချုပ်လိုက်သလို နမ့်ခမ်းမြို့ကိုလည်း ထိန်းချုပ်နိုင်ရေး ပြင်ဆင်နေသည်။ ထိုစစ်ဆင် ရေး နောက်ကွယ်မှာ တရုတ်ရှိနေသည်ဟု စွပ်စွဲမှုများလည်း ရှိနေသည်။
တခြားတစ်ဖက်မှာလည်း ကချင်တပ်ဖွဲ့(KIA)က စစ်ကိုင်းတိုင်းဒေသကြီးသည် KIA ၏ လုံခြုံရေးတံခါးပေါက်ဖြစ်၍ ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ) စစ်ဆင်ရေးကို ဖော်ဆောင်ပြီး ရန်သူကို စောင့်ကာ တိုက်ခိုက်ရမည်ဖြစ် သလို အနောက်မြောက်ဒေသ တစ်လျှောက် လွတ်မြောက်ရေးကနေ လုပ်နေသည်ဟု ထုတ်ဖော် ပြောကြားထား သည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

တရုတ်ရဲ့ ရှမ်းမြောက်ဒေသ ထိန်းချုပ်ရေး စီမံချက်ကို ဖော်ပြထားစဉ်
မေး ။ ။ ရှမ်းမြောက်အခင်းအကျင်းမှာ ကိုးကန့်နဲ့ ပလောင်တို့ကြားဖြစ်ခဲ့တဲ့ တိုက်ပွဲပဋိပက္ခ အခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် ရှမ်းမြောက်တစ်ခုလုံးကို တရုတ်က ထိန်းချုပ်ဖို့အတွက် ကြိုးစားနေတာလား။ ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ ကွတ်ခိုင်ကနေ စတာကို။ အဲဒီတော့ ကွတ်ခိုင်ကို ကျနော်တို့ ပြန်ကြည့်ရင် သူက သံလွင်မြစ်ရဲ့ အနောက်ဖက်အခြမ်းကို ရောက်လာတဲ့ သဘောရှိတယ်။ အဲဒါကို ပြန်ကြည့်ရင် တရုတ်နဲ့ အဆင်ပြေတဲ့ EAO ၂ ခု ရှိတယ်။ တစ်ခုက UWSA။ UWSA က လက်ရှိ ကျနော် ထင်တာကတော့ သံလွင်မြစ်ရဲ့ အရှေ့ဖက်ခြမ်းမှာ သူက ကျိုင်းတုံအထိ သူက တာဝန်ယူပြီးတော့မှ သံလွင်မြစ် ဒီအနောက်ဖက်ကို ကူးလာတဲ့ဟာကြတော့ ကျနော်တို့ မြင်တာကတော့ အနောက်ဖက်ကို ကူးပြီးတော့မှ ကွတ်ခိုင်၊ သိန္နီအထိကို MNDAA ကို တာဝန်ယူစေတယ်လို့ ကျနော်တို့ကတော့ အဲဒီလိုမြင်တယ်။
အဲဒီတော့ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ လားရှိုး-မန္တလေး၊ နောက်တစ်ခါ လားရှိုးကနေပြီးတော့ ဟိုဖက် မူဆယ် ပေါ့။ လားရှိုးအထိက လက်ရှိအစိုးရရဲ့ တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ။ တစ်ခါ လားရှိုးကနေ မူဆယ်ပိုင်းကိုကြတော့ အဓိကကျတဲ့ ကွတ်ခိုင်နဲ့ မူဆယ်အဓိက တရုတ်နဲ့အဆင်ပြေတဲ့ MNDAA ကို ထိန်းသိမ်းခိုင်းထားတယ်လို့ ယူဆရ တယ်။ အဲဒီတော့ ဘာသွားမြင်ရလဲဆိုတော့ မူဆယ်နဲ့ ကွတ်ခိုင်ကြား အနေအထားမှာ တရုတ်က သူသံလွင်မြစ် အနောက်ဖက်ပေါ့။ သူစိတ်ချရတဲ့ သူနဲ့ဆက်ဆံရေးကောင်းတဲ့ MNDAA ကို အဲဒီမှာ တာဝန်ယူစေတယ်လို့ ကျနော်တို့ မြင်ရပါတယ်။

တပ်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး၊ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းနဲ့ MNDAA ကိုယ်စားလှယ်များကို တွေ့ရစဉ်
မေး ။ ။ တကယ်လို့ ရှမ်းမြောက်တစ်ခုလုံးကို တရုတ်ထိန်းချုပ်မှုအောက် ရောက်သွားမယ်ဆိုရင်ရော ဘယ်လို အခင်းအကျင်း ဖြစ်လာနိုင်မလဲ။
ဖြေ ။ ။ အဲဒါကလည်း နည်းနည်း အရေးကြီးတယ်။ ရှမ်းမြောက်တစ်ခုလုံး အနေနဲ့ ဆိုရင်တော့ ခုနက ကျနော် ပြောသလို ၂ ပိုင်းရှိတယ်၊ သံလွင်မြစ် အရှေ့ဖက်နဲ့ အနောက်ဖက်ပေါ့။ ရှင်းရှင်းပြောရင် အနောက်ဖက်တစ်ခုလုံးကို ပွင့်ပွင့်လင်းလင်း ပြောရရင် TNLA ကြတော့ မနှစ်က ကတည်းက တရုတ်နဲ့ သိပ်အဆင်မပြေဘူး။ ဆွေးနွေးပွဲတွေ မှာလည်း သိပ်အဆင်မပြေဘူး။ အဆင်မပြေတဲ့ အခါကြတော့ သူနဲ့ အဆင်ပြေတဲ့ EAO MNDAA ကို ထားလိုက်တဲ့ သဘော။
ရှမ်းမြောက် တစ်ခုလုံးဆိုတော့ ကျနော်တို့ နမ့်ခမ်းအထိ တွက်ရမှာ။ နမ့်ခမ်းကိုလည်း ယူခိုင်းနေတာကို။ နမ့်ခမ်းကို လည်း ဝင်တိုက်ဖို့ ပြင်တယ်။ ပြင်နေတဲ့ အခါကြတော့ အခု နမ့်ခမ်းရပြီလို့တော့ မပါသေးဘူး။ ဒါပေမယ့် ဘာ သွားမြင်လဲဆိုတော့ မူဆည်နဲ့ နမ့်ခမ်းကလည်း နီးနီးလေး။
အဲဒီတော့ ဘယ်လိုဖြစ်လဲဆိုတော့ ဒီ နမ့်ခမ်းကို ချန်ထားရင်လည်း TNLA က အဲဒီကနေပြီးတော့မှ အနှောင့် အယှက် ဖြစ်နိုင်တယ်။ အဲဒီတော့ နယ်စပ်ထွက်ပေါက် တစ်ခုဖြစ်တဲ့ ကုန်သွယ်ရေးဂိတ် တစ်ခုဖြစ်တဲ့ နမ့်ခမ်း အထိကိုပါ MNDAA ကို တာဝန်ယူခိုင်းပုံပေါ်တယ်။ ဘာကြောင့်လဲဆိုတော့ နမ့်ခမ်းက သမိုင်းကြောင်း အဆက် ဆက်အရ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ရဲ့ တံခါးဝဖြစ်တယ်။
အဲဒီတော့ အဲဒီဟာက အဓိက ဘာလဲဆိုတော့ နမ့်ခမ်းအထိ MNDAA ကို ထားလိုက်ခြင်းအားဖြင့် ကချင် ဘက်ကိုလည်း ထိန်းဖို့အတွက် ရည်ရွယ်ပုံရတယ်။ ကျနော်တို့ ပထဝီနိုင်ငံရေးအရ ကြည့်မယ်ဆိုရင် နမ့်ခမ်း ကလည်း အရေးပါတယ်။ အဲဒီတော့ ဘယ်လိုဖြစ်လဲဆိုတော့ အခုလက်ရှိ KIA/KIO ပေါ့။
KIO က တရုတ်နဲ့သာ အဆင်မပြေခဲ့သော် နမ့်ခမ်းက သူ့လက်ထဲမှာ ရှိတယ်ဆိုရင် အချိန်မရွေး ခြိမ်းခြောက်လို့ရတဲ့ အနေအထားမှာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်တို့၊ ကသာတို့က နမ့်ခမ်းနဲ့ နီးနီးလေး။
ဥပမာ ဗန်းမော်နဲ့ နမ့်ခမ်းဆိုရင် စုစုပေါင်း ၆၅ မိုင်ပဲ ရှိတယ်။ ၆၅ မိုင်ဆိုတာက လွန်ရော ကျွံရော။ နမ့်ခမ်းတို့၊ မန်စီတို့၊ မန့်ဝိန်းကြီးတို့၊ ဗန်းမော်တို့ဆိုတာ လမ်းကြောင်းတွေ တိုတိုလေး။ အဲဒီတော့ ဗန်းမော်တိုက်ပွဲ အဆုံး အဖြတ် ကလည်း နမ့်ခမ်းဟာ ဒီဘက်က လက်ထဲမှာ ရှိနေတယ်ဆိုရင် တော်တော်ကြီး သတိထားစရာ ဖြစ်လာ တယ်။ ဒါမျိုးတွေ ကျနော်တို့က ကြည့်လို့ရတယ်။
ဒါကြောင့် ရှမ်းမြောက် တစ်ခုလုံးကို တရုတ်ကတော့ ကျနော့်အမြင်ရတော့ သူနဲ့အဆင်ပြေတဲ့ EAO ၂ ခုကိုထား၊ ထားပြီးတော့မှ အဓိက,ကတော့ ဘာလဲဆိုတော့ မူဆယ်နဲ့ လားရှိုးအထိ ပြည်ထောင်စုလမ်းမကြီးကို သူစိတ်ချရတဲ့ EAO တွေနဲ့ မြန်မာအစိုးရ ညှိနှိုင်းပြီးတော့မှ လမ်းကြောင်း ဖွင့်လိုပုံပေါ်တယ်။ ကြားထဲမှာဆိုရင်လည်း တခြားတွေ ရှုပ်နေရင် ခက်မယ်လေ။ အဲဒီလိုမျိုးတွေ စီစဉ်ပုံရပါတယ်။

KIA မှ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ စစ်ကိုင်းတိုင်းကို တွေ့ရစဉ်
မေး ။ ။ တရုတ်က ရှမ်းမြောက်တစ်ခုလုံးကို ကစားမယ်ဆိုရင် သူ့အခင်းအကျင်းက ဘာဖြစ်နိုင်မလဲ။ မြန်မာ နိုင်ငံကိုလည်း သူ့အနေနဲ့ ငြိမ်းချမ်းစေချင်တယ်။ တစ်ဖက်မှာကြတော့လည်း ဒီလိုမျိုးကစားနေတာ ရှိတော့ တရုတ်သွားနေတဲ့ ပေါ်လစီက ဘယ်လိုမျိုးလဲ။
ဖြေ ။ ။ ရှမ်းမြောက်ကို ထိန်းတာက အဓိက,က ဘာလဲဆိုတော့ ကျနော်တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် KIO က ဗိုလ်ချုပ်ဂွမ်မော်က ပေါ့ပေါ့ပါးပါး ပြောတဲ့ စကားတွေ၊ အချက်တွေပေါ်မှာ မူတည်နေတယ်။
အဲဒီအခါကြတော့ အဲဒီမှာ အဲဒီတုန်းက KIO ပြောတဲ့ ကချင်ယူနစ်တို့၊ နာဂယူနစ်တို့၊ ချင်းယူနစ်တို့၊ ရခိုင်ယူနစ်တို့နဲ့ ဆက်စပ်ပြီးတော့မှ သူက ကသုံးလုံး နယ်မြေဖြစ်တဲ့ ကသာ၊ ကောလင်း၊ ကန့်ဘလူပေါ့နော်၊ စစ်ကိုင်းရဲ့ အဝကို ပိတ်ပြီးတော့မှ အနောက်မြောက် တစ်ခြမ်း၊ အနောက်ဖက်တစ်ခြမ်း အကုန်လုံး ဆက်စပ်ပြီးတော့မှ ပင်လယ်ဝ ထွက်ပေါက်ရှိတဲ့ နယ်မြေတစ်ခုကြီးကို စိုးမိုးဖို့အတွက် ပြင်ဆင်တဲ့စကားရှိတယ်။
အဓိက,က အခု MNDAA က နမ့်ခမ်းအထိ သိမ်းရတဲ့ ရည်ရွယ်ချက်က အကယ်၍သာ ကချင် EAO ဖြစ်တဲ့ KIO က အဲဒီကိစ္စကို အကောင်အထည်ဖော်မယ်ဆိုရင် တစ်ခါတည်း ပြင်ဆင်ထားချက် အနေနဲ့ ကျနော်တို့ သူ့ကို တွေ့ရနိုင်တယ်။
ဘာကြောင့် အဲဒီလို ပြောရတာလဲဆိုရင် အဲဒီကိစ္စတွေ ဖြစ်ပြီးနောက်ပိုင်း KIO ရဲ့ အနောက်နဲ့ အနောက်မြောက် ဖက် ယူနစ်တွေအကြောင်း ပြောပြီးနောက်ပိုင်းမှာ ဒီဘက် တနင်္သာရီဖက်မှာ ထားဝယ်နဲ့ မြိတ်ကြားမှာ ဝင်းဝ တိုက်ပွဲဖြစ်တယ်။ အဲဒီ ဝင်းဝ တိုက်ပွဲ၊ တနင်္သာရီတိုက်ပွဲက နည်းနည်းသတိပြုဖို့ လိုတယ်။ အဲဒီဘက်ကို KNU နဲ့ PDF တွေတိုက်ရင်း နောက်ဆုံးရက်မှာ မြိတ် လေတပ်အခြေစိုက်စခန်းကို ဒရုန်းတွေနဲ့ပစ်တယ်။
အဲဒီအခါကြတော့ ဘာဖြစ်လဲဆိုတော့ ဒီဟာယူဆချက်က တနင်္သာရီဘက်မှာ စစ်ပွဲဖြစ်တဲ့ ရည်ရွယ်ချက်က တရုတ်အတွက် ပထဝီနိုင်ငံရေးအရ စိတ်ချပုံမပေါ်ဘူး။ အဲဒါဖြစ်ပြီးနောက်ပိုင်းမှာ ခြေမြန်လက်မြန် MNDAA ရဲ့ ရှမ်းမြောက်တိုက်ပွဲတွေ ဖြစ်လာတာပဲ။ ကျနော်တို့က စစ်ပွဲတစ်ခုကို ဒေသတစ်ခုတည်း ကွက်ပြီးကြည့်လို့မရဘူး။ သူနဲ့ဆက်စပ်တဲ့ အခင်းအကျင်းတွေ ကျနော်တို့ နားလည်ဖို့လိုတယ်။ အဲဒီတော့ ပထဝီနိုင်ငံရေး အခင်းအကျင်းအရ အနောက်အုပ်စုရဲ့ မလက္ကာ trade ပေါ့။
မလက္ကာရေလက်ကြား အပြင်ဘက်မှာ တနင်္သာရီကမ်းရိုးတန်းက အရေးကြီးတယ်။ တနင်္သာရီကမ်းရိုးတန်းကို ဝင်ပြီလားဆိုတဲ့ စိုးရိမ်ချက်က ဗမာပြည်မြောက်ပိုင်းပေါ့။ အရှေ့မြောက်ပိုင်းမှာ တရုတ်နဲ့ ဆက်ဆံရေးကောင်းတဲ့ EAO တွေရဲ့ နယ်မြေထိန်းချုပ်မှုတွေ ပေါ်ပေါက်လာတယ်လို့ ကျနော်ကတော့ အဲဒီလိုပဲမြင်ပါတယ်။

အနောက်မြောက်ဒေသ တစ်လျှောက် ဒေသတွေကို တွေ့ရစဉ်
မေး ။ ။ အခု ရှမ်းမြောက်အခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် မြောက်ပိုင်း ၃ ဖွဲ့ကြား ဘယ်လို အနေအထား ဖြစ်သွားနိုင်မလဲ။
ဖြေ ။ ။ မြောက်ပိုင်း ၃ ဖွဲ့ဆိုတာက ပွင့်ပွင့်လင်းလင်း ပြောရင်တော့ လက်နက်ကိုင်တော်လှန်ရေး တစ်ခုရဲ့ ယာယီအဖွဲ့ပါပဲ။ တကယ်တမ်းကြတော့ အဖွဲ့အစည်းတွေရဲ့ တစ်ခုချင်းရဲ့ ကိုယ်အကျိုးစီးပွားတွေ မတူလာတဲ့ အခါမှာ ရေရှည်တော့ မဖြစ်နိုင်ဘူး။ ဒီထဲမှာမှ စစ်ရေးအမြင်တွေ၊ မဟာမိတ်အမြင်တွေ၊ နောက်တစ်ခါ ပူးပေါင်း ဆောင်ရွက်မှု အမြင်အားနည်းတဲ့ အဖွဲ့မျိုးရှိလာတဲ့အချိန်မှာ ဒီဟာက ပြိုကွဲသွားမှာပဲ။
အခုလည်း ဒါအချင်းချင်းပြန်ပြီးတော့မှ တိုက်လာတယ်ဆိုတာ ဒီအပေါ်မှာ မူတည်တယ်လေ။ နောက်တစ်ခုက နိုင်ငံရေးနဲ့ နယ်မြေ အကျိုးစီးပွားတွေက ရှင်းရှင်းပြောရရင်တော့ လက်ရှိ မြန်မာနိုင်ငံအစိုးရနဲ့ တရုတ်အစိုးရကြား မှာ အဆင်မပြေလာဘူး၊ အနှောင့်အယှက်တွေ ဖြစ်လာရင်တော့ ခုနက ဘယ်လောက်ပဲ ဖွဲ့စည်းထားသည်ဖြစ်ပါစေ ဖယ်ရှားခံရမှာပဲ။ ကျနော် မြင်တာကတော့ အဲဒီအတိုင်းမြင်ပါတယ်။
မေး ။ ။ လက်ရှိ လွှတ်တော်အခင်းအကျင်းမှာ ကချင်လူမျိုးတွေဖြစ်တာ တွေ့ရတော့ ဒီအခင်းကျင်းက ဘာဖြစ်နိုင်မလဲ။
ဖြေ ။ ။ ကျနော်မြင်တာကတော့ အခု လက်ရှိ ကျနော်တို့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ ငြိမ်းချမ်း ရေး ခရီးစဉ်တွေက အဓိက အရေးကြီးတဲ့ အဖွဲ့က ၃ ခုလို့ ကျနော်တို့မြင်တယ်။ ကချင်ရယ်၊ ကရင်ရယ်၊ ရခိုင်ရယ်။ ဒီ ၃ ခုနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်တယ်ဆိုရင် မြန်မာပြည်ရဲ့ လက်နက်ကိုင် နိုင်ငံရေး ပဋိပက္ခက လမ်းကြောင်းတိုမယ်ပေါ့နော်။ ဖြေရှင်းနိုင်ဖို့ လွယ်ကူမယ်။
အဲဒီမှာ အဓိက ကျနေတာက စစ်ကိုင်းတိုင်းပါဝင်နေတဲ့ KIO ပြောထားတာ ရှိတယ်လေ။ စစ်ကိုင်းတိုင်း ပါဝင်နေတဲ့ KIA/KIO ရဲ့ ဆောင်ရွက်ချက်တွေဟာ ဒီဟာကို အပြီးသတ်ဖို့အတွက် ပိုအရေးကြီးတယ်လို့ မြင်တယ်။ အဲဒီအခါ ကြတော့ လက်ရှိ အမျိုးသားလွှတ်တော် နေရာတွေမှာလည်း နိုင်ထားတယ်၊ နောက်တစ်ခုက အလှည့်ကျ အနေအထားနဲ့ဆိုရင် အခု အလှည့်က ကချင်နဲ့ ရခိုင်အလှည့်က နီးစပ်တယ်ပေါ့။ နီးစပ်တော့ ဖြစ်နိုင်ခြေရှိတယ်။
အရင် နစကမှာလည်း တာဝန်ထမ်းဆောင်ဖူးတဲ့ ကချင်အမျိုးသားတွေ၊ အမျိုးသမီးတွေကို ဒီလိုရွေးချယ်ခြင်း အားဖြင့် နောင်တစ်ချိန်မှာ ကချင်နဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ရင် ဘာပဲပြောပြော ပိုမိုလွယ်ကူမယ်လို့ ယူဆ ပြီးတော့မှ ခန့်အပ်တာလည်း ဖြစ်နိုင်သလို တခြား အကြောင်းအချက်များလည်း ရှိမှာပေါ့။ အဲဒါတော့ ကျနော် မသိပါဘူး။
ဒါကတော့ လက်ရှိတာဝန်ယူထားတဲ့ နိုင်ငံတော်ခေါင်းဆောင်ပိုင်းတွေက စဉ်းစားချက်တွေ ကျနော်တို့က ခန့်မှန်းကြည့်တဲ့ သဘောပါပဲ။ ဒါပေမယ့် ကောင်းမွန်သော အရွေ့တစ်ခုလို့တော့ မြင်တယ်။ ဘာပဲပြောပြော အကျိုးရှိမယ်လို့တော့ ယူဆပါတယ်။
မေး ။ ။ ၂၀၀၉ ခုနှစ်တုန်းက ရခိုင်ကို ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ ချန်ထားတာမျိုးတွေ၊ တခြားအဖွဲ့တွေကို ချန်ထားတာမျိုးတွေ တပ်မတော်ဘက်က လုပ်ခဲ့တာတွေ ရှိတာပေါ့လေ။ အခုအခင်းအကျင်းမှာရော အဲဒီလို အင်အားနည်းလို့၊ အင်အားမရှိလို့၊ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတာ မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့မို့လို့ ချန်ထားခဲ့တာ မျိုး အဲဒီလိုတွေ ရှိမယ်ဆိုရင်ရော ငြိမ်းချမ်းရေးက အဆင်ပြေနိုင်ပါ့မလား။
ဖြေ ။ ။ အဲဒါကတော့ ခန့်မှန်းရခက်တယ်။ လက်ရှိလည်း ငြိမ်းချမ်းရေးအတွက် all inclusive ဖြစ်ဖို့အတွက် ဖိတ်ခေါ်နေတာတွေရှိတယ်။ ဒါပေမယ့် တကယ်တမ်း ဆောင်ရွက်တဲ့အခါမှာ အခြေအနေ အမျိုးမျိုး ပြောင်းလဲ နိုင်တယ်။ ပြောင်းလဲနိုင်တဲ့ အတွက်ကြောင့်မို့လို့ ကြိုပြောဖို့တော့ ခက်တယ်။
ဒါပေမယ့် လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အားလုံးကို ဖိတ်ခေါ်ထားတာတော့ တွေ့နေရတာပဲ။ အားလုံးကို ဖိတ်ခေါ်ထားတယ်ဆိုတော့ တကယ်တမ်း ဒီဟာက ဆွေးနွေးပွဲတွေ မစသေးဘူး။ တချို့လည်း လုပ်လက်စတွေ ရှိနေတယ်။
ဆိုတဲ့အခါကြတော့ ဒါကတော့ အခြေအနေအရ အမျိုးမျိုး ပြောင်းနိုင်တယ်။ လက်ရှိလည်း တချို့တွေက တိုက်ပွဲ ဖော်နေတုန်း၊ ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက် နေတုန်းဆိုတော့ ပြောဖို့တော့ခက်တယ် ဒီဟာက။

စစ်ကိုင်းတိုင်းထဲမှာ KIA ထိန်းချုပ်ထားတဲ့ ဒေသတွေကို တွေ့ရစဉ်
မေး ။ ။ လက်ရှိ အခင်းအကျင်းမှာ အားလုံးပါဝင်နိုင်ဖို့အရေး ဘယ်လိုဖိတ်ခေါ်မှုူတွေ လိုအပ်လဲ။
ဖြေ ။ ။ အဲဒါကတော့ ဒီတိုင်းဖိတ်ခေါ်လို့ မရဘူး ကျနော်တို့ရဲ့ အမြင်အရတော့။ ဘယ်လိုလဲဆိုတော့ အကျိုးစီးပွားချင်းလည်း မတူဘူး။ နောက်တစ်ခုက တိုက်ပွဲဖြစ်တဲ့ နယ်မြေဧရိယာနဲ့ အရေးပါပုံတွေ မတူဘူး။ မတူတဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားသွားနိုင်တယ်။
အဲဒီတော့ အားလုံး ပါဝင်သောဆိုတဲ့ဟာက ကျနော်ထင်တယ် bilateral အနေနဲ့ တစ်ခုချင်းစီပဲ သွားဖို့များတယ်။ အရင် NCA လက်မှတ်ထိုးတုန်းကလို အားလုံးပါမယ်တို့၊ ဘယ်နှစ်ဖွဲ့ ပါမယ်တို့ဆိုတာတော့ ဒီအခြေအနေမျိုးမှာ တော့ နည်းနည်း ခက်မယ်ထင်တယ်။ ခက်မယ်ထင်တော့ တကယ် လက်တွေ့ကျတာကလည်း အကျိုးစီးပွား မတူတဲ့ အတွက်ကြောင့်မို့လို့ သီးခြားဆွေးနွေးပြီးတော့မှ dialogue လုပ်ပြီးတော့မှ ဆောင်ရွက်ရမယ့်ကိစ္စ။
အဲဒီတော့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်တဲ့ နေရာမှာ အဆင့်တွေကတော့ မြောက်များစွာ ရှိနေတယ်။ ဒါပေမယ့် ကျနော့်အမြင်ကတော့ အားလုံး တစ်ပြိုင်နက်တည်း ဖြစ်လာမယ့် အနေအထားမျိုးဆိုတာ အရှေ့မှာ အခင်းအကျင်း အများကြီး ဖြတ်သန်းရဦးမှာ။
အဲဒီအခင်းအကျင်းတွေကို ဘယ်လိုပြင်ဆင်မလဲရယ်၊ အောင်မြင်မယ်၊ မအောင်မြင်ဘူးအပေါ်မှာ မူတည်ပြီးတော့မှ အပြောင်းအလဲတွေ ဖြစ်သွားနိုင်တယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။
မေး ။ ။ ဒါဆို လက်ရှိမှာ အာရက္ခတပ်တော်ကိုရော တပ်မတော်အနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်သင့်လဲ။
ဖြေ ။ ။ AA ကတော့ ကျနော်တို့ မြေပုံမှာ ပြန်ကြည့်မယ်ဆိုရင် သူက လက်ရှိက ကျောက်ဖြူနဲ့ စစ်တွေကို တိုက်နေတယ်။ စစ်ကမရပ်ဘူး။ ဒါ့ပြင် နောက်တစ်ချက်က AA နဲ့ဆက်စပ်တာ တိုင်း ၃ တိုင်းရှိတယ်။ အဲဒါ ဘာလဲဆိုတော့ ဧရာဝတီတိုင်း၊ နောက်တစ်ခါ ပဲခူးတိုင်းအနောက်ပိုင်းနဲ့ နောက်တစ်ခုက မကွေးတိုင်း အနောက် ခြမ်းပေါ့။ အဲဒီ ၃ ခုမှာလည်း သူက အမ်းကကြတော့ မကွေးနဲ့ဆက်စပ်နေတယ်။ နောက်တစ်ခါ ပဒါန်းကကြတော့ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ ဆက်စပ်နေတယ်။ အဲဒီမှာလည်း တိုက်ပွဲတွေ ရှိတယ်။
နောက်တစ်ခါ အခု ကပစပေါ့ နော်။ ကပစ ၅ လောက်ကနေ ၁၀၊ ၁၁ လောက်အထိက ပဲခူးတိုင်းအနောက်ပိုင်းနဲ့ မကွေးတိုင်းအနောက်ပိုင်း တွေမှာ ခုနက ကျနော်ပြောတဲ့ အမ်းနဲ့ပဒါန်း မျဉ်းဆိုင်တွေမှာ ရှိတယ်။ အဲဒါကိုလည်း စစ်ကြောင်းတွေ ထိုးနေ တယ်။ ထိုးနေတဲ့အခါကြတော့ ကျနော်တို့ ဘာသွားမြင်လဲဆိုတော့ ပုသိမ်-မုံရွာ လမ်းမ ကြီးပေါ့။ ပုသိမ်ဆိုတာ ဧရာဝတီတိုင်းမြို့တော်။ နောက် မုံရွာ။ စစ်ကိုင်းတိုင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် ရှိတဲ့ နေရာပေါ့။ အဲဒီ ပုသိမ်-မုံရွာ လမ်းမကြီးက မဟာဗျူဟာကျလာတယ်။
ရခိုင်ပြည်ရဲ့ အနေအထားကတော့ သူက ဘာလဲဆိုတော့ သူ့ရဲ့ ရည်မှန်းချက်က ကျနော်တို့ တိုင်းရင်းသား EAO တွေရဲ့ ရည်မှန်းချက်အထဲမှာတော့ အမြင့်ဆုံးအနေနဲ့ တွေ့ရတယ်။ လက်ရှိ အနေအထားအရဆိုရင် ပြည်နယ် မြို့တော်တွေကို သိမ်းခြင်းအားဖြင့် သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်က ၂ ခုကို ကျနော်တို့ ခန့်မှန်းလို့ရတယ်။
အဲဒါကတော့ ဘာလဲဆိုတော့ Sovereign State (အချုပ်အခြာအာဏာပိုင်နိုင်ငံ) နဲ့ Sub-autonomy State (ကိုယ်ပိုင်အုပ်ချုပ်ခွင့်) ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက် ၂ ခုရှိတယ်။ Sovereign State ဆိုတာ မြောက်အိုင်ယာလန် Belfast ကို IRA (Irish Republican Army) တွေ တိုက်ခိုက်ပြီးတော့မှ ဗြိတိန်နဲ့ နိုင်ငံရေး စကားပြောတဲ့ သမိုင်း ကြောင်း ရှိတယ်။ အဲဒါ Sovereign State ကို မြောက်အိုင်ယာလန်က အကောင်အထည်ဖော်တာ။
ကျန်တဲ့ဟာကြတော့ autonomous State တွေကကြတော့ သူက ဖိလစ်ပိုင်ရဲ့ မင်ဒါနာအိုကိစ္စတွေ၊ နောက်တစ်ခါ အိန္ဒိယရဲ့ ကျနော်တို့နားက အရှေ့မြောက်ပြည်နယ် ၈ ခုပေါ့နော်။ အဲဒါတွေကတော့ autonomous State တွေကို ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ နိုင်ငံရေးရလဒ်အဖြစ် အကောင်အထည်ဖော်တဲ့ ဥပမာတွေဖြစ်တယ်။
အဲဒီတော့ AA က မြို့တော် စစ်တွေနဲ့ အရေးကြီးတဲ့ ကျောက်ဖြူကို စစ်ဆင်ရေးတွေလုပ်နေတယ်။ ဒါ့ပြင် ပဲခူးတိုင်းရဲ့ အနောက်ခြမ်းနဲ့ မကွေးတိုင်းရဲ့ အနောက်ဖက် ကပစ စက်ရုံကြီးတွေ ဘက်ကိုလည်း တိုက်တယ်။ ဧရာဝတီဘက်ကိုလည်း ပုသိမ်နားအထိ စစ်ကြောင်းထိုးထားတာရှိတယ်။
အဲဒီအခါကြတော့ ဘာသွားမြင်လဲဆိုတော့ ရခိုင် AA က သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက် သူတို့လည်း ထုတ်ပြော ထားတာ ရှိတယ်။ သူတို့ကတော့ ကွန်ဖက်ဒရေးရှင်း ဘက်ကိုသွားတဲ့ Sovereign State ဆန်ဆန် နိုင်ငံရေး ရည်မှန်းချက်ကို တွေ့ရတယ်။ တွေ့ရတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတော်ကနေပြီးတော့မှ နိုင်ငံရေးပဋိပက္ခ စစ်ရေးနဲ့ ဖြေရှင်းတဲ့နေရာမှာ တော်တော်ကြီး ကြိုးစားဖြေရှင်းရမယ့် အနေအထားအထိ ကျနော်တို့ကတော့ တွေ့ရပါတယ်။
မေး ။ ။ ဆရာ့အနေနဲ့ တခြားဖြည့်စွက် ပြောချင်တာများရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ ပြောလိုတာကတော့ ဒီနေ့ ကျနော်တို့ရဲ့ နိုင်ငံရေးပဋိပက္ခ၊ စစ်ရေးဖြေရှင်းပုံတွေက တကယ့် အရေးကြီး တဲ့ အချိန်ထဲမှာတော့ ရောက်နေပြီ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နိုင်ငံတွင်းထဲပဲ ကြည့်နေလို့မရဘူး။ ဒါတွေက ပထဝီနိုင်ငံရေး ဆက်စပ်ချက်တွေနဲ့ ကျနော်တို့က ဒီဟာကို ရှုမြင်ဖို့လိုတယ်။ ဒါမှ မှန်ကန်မယ်။ အချိန်၊ နောက်တစ်ခါ အကျိုးရလဒ်တွေ အကောင်အထည်ဖော်တဲ့ နေရာမှာ အားလုံး အကျိုးရှိမယ့် ဟာမျိုးကို မှန်းဆနိုင်ဖို့ လိုတယ်။
ယနေ့ အနေအထားကတော့ ဘာသွားတွေ့ရလဲဆိုတဲ့ အခါကြတော့ တရုတ်နဲ့ အမေရိကန် ပထဝီနိုင်ငံရေး လွန်ဆွဲ ပွဲတွေမှာ အရေးပါတဲ့ နေရာမှာရှိတဲ့ နိုင်ငံတွေက Bipolarization လို့ခေါ်တယ် ပေါ့နော်။ ၂ ဖက် အားပြိုင်မှုကြား ထဲမှာ များသောအားဖြင့် ဒုက္ခရောက်ကျတာ များတယ်။ အခုလက်ရှိ အီရန် အရေးအခင်းလည်း ဒီတိုင်းပဲ။ နောက် တစ်ခါ ပြီးရင် မြန်မာ။ မြန်မာကကြတော့ နိုင်ငံရဲ့ China containment policy အရ ကျနော်တို့ မလက္ကာ ရေလက် ကြား အပြင်မှာရှိတဲ့ ပင်လယ်နဲ့ ဆိပ်ကမ်းရှိတဲ့ တနင်္သာရီကမ်းရိုးတန်းဟာ အမေရိကန်တွေအတွက် အနောက် အုပ်စု အတွက် ဒီဟာက ဝင်ရမယ့်နေရလို့ မြင်ရတယ်။
နောက်တစ်ခုက တရုတ်ရဲ့ လက်ရှိ ဒုတိယ Exit trade စီပေါ့၊ Alternative Way လို့ခေါ်တဲ့ Indian Ocean ကို ထွက်မယ့် အဓိက,က ကျနော်တို့ မြန်မာနိုင်ငံပဲ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ရေနက်ဆိပ်ကမ်းတွေရှိတဲ့ ကျောက်ဖြူနဲ့ ထားဝယ်၊ ရန်ကုန်ပေါ့နော်။ အဲဒီဟာတွေက တရုတ်ရဲ့ အခုလက်ရှိ အနေထား အရင်ကလည်း အရေးကြီးတယ်။ အခုကတော့ ပိုပြီးတော့မှ အရေးပါတာပေါ့။
ဆိုတော့ ဒီပထဝီနိုင်ငံရေး ကစားချက်တွေက ဆိုက်ဆိုက်မြိုက်မြိုက် မြန်မာနိုင်ငံထဲကို ပိုလို့တောင် ရောက်လာ တယ်။ ဘာကြောင့်လဲဆိုတော့ အခု မြိတ်နဲ့ ထားဝယ်ကြားမှာ တိုက်ပွဲဖြစ်တာနဲ့ အနှေးအမြန်ပဲ ရှမ်းမြောက်မှာ သူတို့စိတ်ချရတဲ့ EAO တွေ နယ်မြေထိန်းသိမ်းမှုတွေ အပေါ်ပေါက်လာတယ်။
ဒါ့ပြင် ကျနော်တို့ ပြည်ထောင်စုလမ်းကို ဖွင့်တယ်။ ထောက်ပို့လမ်းကြောင်းတွေ ဖွင့်တယ်။ ဖွင့်ပြီးတော့မှ ခုနက အနောက်အုပ်စုနဲ့ ဆက်စပ်တဲ့ အုပ်စုတွေကို အပြီးသတ် တိုက်ခိုက်ဖို့ ပြင်ဆင်တာတွေ ဒီလိုအချက်တွေက မြန်မြန် ဆန်ဆန် ဖြစ်လာတယ်။ အချိန်က ဘာမှ မဆိုင်ဘူးလေ။ ဒီတော့ ကျနော်တို့က လက်ရှိ နိုင်ငံရေး institution တွေကို အခု ငြိမ်းချမ်းရေးနဲ့ ဆက်စပ်တဲ့ ဆောင်ရွက်နေတဲ့အဖွဲ့တွေက အခု လက်နက်ကိုင် အဖွဲ့တွေပေါ့နော်။
နောက်တစ်ခါ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ရှေးရှုတဲ့ လူတိုင်းက ဒီပထဝီနိုင်ငံရေး အရေးပါချက်တွေ globalization မှာ ဘယ်လို ဆောင်ရွက်သင့်သလဲဆိုတဲ့ဟာက ကိုယ့်ဒေသတစ်ခုတည်း ကိုယ့်နိုင်ငံတစ်ခုတည်း ကွက်ကွက်လေး ကြည့်လို့မရတော့ဘူး။ ဒါက နိုင်ငံတကာ အခင်းအကျင်းနဲ့ ဆက်စပ်ပြီး မျှော်မှန်းနိုင်မှ ကျနော် တို့ရဲ့ အနာဂတ်နဲ့ ငြိမ်းချမ်းရေးခရီးစဉ်က ဘယ်လိုဆောင်ရွက်ရမယ်၊ နောက် ဘယ်လိုတွေ ပူးပေါင်း ဆောင်ရွက် သင့်သလဲ၊ ဘယ်လိုတွေ အနီးစပ်ဆုံး ဖြေရှင်းနိုင်သလဲဆိုတဲ့ အဖြေမထွက်နိုင်သေးဘူး။ အမျှော်အမြင်ကတော့ ပိုပြီးတော့ ကျယ်ပြန့်လာတယ်လို့ ပြောချင်ပါတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 1494
CNI Interview
၂၀၂၆ ခုနှစ်၊ မတ်လ ၄
မြန်မာနိုင်ငံသည် လက်နက်ကိုင် အဖွဲ့အစည်း ပေါင်းစုံတည်ရှိနေပြီး နိုင်ငံတစ်ဝန်း စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေသည်။
တစ်ဖက်မှာလည်း ငြိမ်းချမ်းရေး ဖိတ်ခေါ်ခြင်းနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေသည့်တိုင် အောင်မြင်မှုမရ သေးပေ။
အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံကြား ဘက်မလိုက် မူဝါဒ ကျင့်သုံး၍ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နေသည့်တိုင် အထွေထွေ နိုင်ငံရေး အကျပ်အတည်းများကို ရင်ဆိုင်နေရသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ ဦးခွန်းဆိုင်ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်နက်ကိုင်တွေကို တွေ့ရစဉ်
မေး ။ ။ ဗြိတိသျှ ကိုလိုနစ်ခေတ်တုန်းက မြန်မာနိုင်ငံကို ၉၈ ဌာနအုပ်ချုပ်ရေးပေါ့။ အများစုကတော့ ၉၁ ဌာန အုပ်ချုပ်ရေးလို့ သိကြတာပေါ့။ ၇ ဌာနကကြတော့ သူတို့အုပ်ချုပ်တာပေါ့။ အဲဒီလိုပေါ့ တကယ့် main ဌာနတွေကို ဗြိတိသျှကိုလိုနီတွေ ချုပ်ကိုင်တယ်၊ ကျန်တဲ့သိပ်ကြီးကျယ်တဲ့ ဌာနမဟုတ်တဲ့ ၉၁ ဌာနကို မြန်မာတွေကို ချုပ်ကိုင် စေတယ်။ အဲဒီတုန်းကလုပ်ခဲ့တဲ့ ၉၁ ဌာန အုပ်ချုပ်ရေးလိုမျိုး မြန်မာနိုင်ငံမှာ ပြန်ကျင့်သုံးမယ်ဆို အဆင်ပြေနိုင် မလား။ အဓိက main တွေကို ဗဟိုကကိုင်ပေါ့။ ပြည်နယ်တွေမှာတော့ သက်ဆိုင်ရာပြည်နယ် ခေါင်းဆောင်တွေကို ခန့်အပ်ပြီး တာဝန်ပေးစေတာမျိုးပေါ့။
ဖြေ ။ ။ ဒီဥစ္စာ ကျနော်က ကောင်းကောင်း မလေ့လာခဲ့တော့ သေသေချာချာ မပြောနိုင်ဘူး။ ကျနော်ပြောနိုင် တာက ဘာလဲဆိုတော့ ကျနော်တို့ ပင်လုံစာချုပ်အရပဲ ပြောနိုင်မယ်။ ပင်လုံစာချုပ်နဲ့ နောက်ဆက်တွဲ သဘော တူညီချက်တွေ အရဆိုရင် အားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို ဗဟိုအစိုးရက ကိုင်မယ်ပေါ့။ ဒါပေမယ့် သူ့ပြည်နယ် နဲ့သူ သက်ဆိုင်တဲ့ ကိစ္စတွေကတော့ သူ့ပြည်နယ်က ကိုင်မယ်။ အဲဒီလိုပြောလိုက်တဲ့ အခါကြတော့ အားလုံးနဲ့ ဆိုင်တဲ့ကိစ္စကို ဗဟိုက ကိုင်မယ်ဆိုတော့ ဗမာအစိုးရက ကိုင်ပြီးတော့မှ ဗမာမဟုတ်တဲ့ လူမျိုးတွေကတော့ ကိုယ့်ပြည်နယ်နဲ့ ကိုယ်ပဲလားလို့ အဲဒီလိုမျိုး အဓိပ္ပါယ် ပေါက်နိုင်တယ်။ အဲဒီလိုမျိုးလည်း သဘောပေါက်ကြတယ်။
တကယ်တမ်းကျတော့ ကျနော်တို့ ပင်လုံစာချုပ်ကို ရေးဆွဲပြီးတော့မှ လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေက အဲဒီလို မမှတ်ကြဘူးပေါ့။ ဒါဗမာ အပါအဝင်ပါပဲ။ ဗဟိုအစိုးရမှာက ဗမာပဲရှိမှာ မဟုတ်ဘူး။ တိုင်းရင်းသား ခေါင်းဆောင် တွေ၊ လူမျိုးစု ခေါင်းဆောင်တွေလည်း ရှိမယ်၊ တူတူရှိမယ်လို့ ဆိုလိုတာ။ ဘာဖြစ်လို့လဲဆိုတော့ ပင်လုံစာချုပ်ကို ကြည့်လိုက်ပါ။
နံပါတ် ၁ ကနေ ၄ အထိက ဗဟိုအစိုးရနဲ့ ပတ်သက်တာဖြစ်တယ်။ ဗဟိုအစိုးရနဲ့ ပတ်သက်တဲ့ နေရာမှာ တိုင်းရင်း သား ခေါင်းဆောင်တွေကလည်း ပါဝင်နေတယ်ဆိုတာ တွေ့ရတယ်။ ဒီတော့ ဒီတိုင်းရင်းသား ခေါင်းဆောင်တွေ သူတို့ ကိုယ်တိုင် ပါနေတယ်ဆိုတော့ ပြည်နယ်တွေမှာ သူတို့ သီးသန့်အုပ်ချုပ်နေပေမယ့် ဗဟိုအစိုးရက ဘာမှ ပူစရာမလိုဘူး။ ဘာလို့မပူရလဲ။ အခုအများအားဖြင့်ကတော့ ပင်လုံလို့ ပြောလိုက်တယ်ဆိုရင် ဟာ ခွဲထွက်ရေးပဲ၊ ဒီကောင်တွေ လွတ်လပ်ရေး ယူချင်တယ် အဲဒီလိုမျိုး သဘောပေါက်တယ်။
တကယ်တမ်းတော့ ပင်လုံက လုပ်ခဲ့တာ ဒါမျိုးအတွက် မဟုတ်ဘူး။ သူက ကိုယ့်ပြည်နယ်ကို ကိုယ်သီးသန့် အုပ်ချုပ်နိုင်တယ်။ နောက်တစ်ခုကလည်း အားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေမှာ အားလုံးက ပေါင်းပြီးတော့မှ စီမံခန့် ခွဲတယ်ဆိုရင် ဒီခွဲထွက်ရေးဆိုတဲ့ ပြဿနာကလည်း ဘာမှ မဖြစ်နိုင်ဘူးပေါ့။ ဖြစ်လာ၊ ပေါ်လာဖို့မရှိဘူးပေါ့။ ဒါကို ခွဲပြီးတော့မှ နားလည်ဖို့ လိုပါတယ်။ ဒီလို နားမလည်ဘူးဆိုရင် ဗဟိုအစိုးရကိုတော့ ဗမာတွေကကိုင်၊ ပြည်နယ် အစိုးရတွေကိုတော့ လူမျိုးစုတွေက ကိုင်၊ ဒါမျိုးဆို စိတ်ပူရတာပေါ့။ တကယ်စိတ်ပူရတာပေါ့။
တကယ်တမ်းကျတော့ ဦးနု ခေတ်မှာလည်း လုပ်ခဲ့ဖူးပါတယ်။ ဦးနုခေတ်မှာလည်း လူမျိုးစု ပြည်နယ်တွေရဲ့ အစိုးရ၊ ဥက္ကဋ္ဌ။ အဲဒီတုန်းက ဥက္ကဋ္ဌလို့ ခေါ်တယ်။ ဒီလိုမျိုး ဝန်ကြီးချုပ်တွေ ဘာတွေမခေါ်ဘူး။ အဲဒီသူတို့ရဲ့ ဥက္ကဋ္ဌတွေက ပြည်ထောင်စုအစိုးရမှာ သူတို့ ပါဝင်ကြတယ်။ ဒီတော့ ဒီဥစ္စာက တစ်နည်းတစ်လမ်းနဲ့ သူက အထောက်အကူ ပြုနေတာ ဖြစ်တယ်။ အားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို အားလုံးက ဝိုင်းဆုံးဖြတ်ကြတယ်ဆိုတဲ့ အဲဒီ ပင်လုံရဲ့ အနှစ်သာရကို ဖော်ဆောင်နေတာ ဖြစ်တယ်။ အဲဒီလိုပဲလုပ်ဖို့ လိုတယ်။ ဒီ ၉၁ ဌာန၊ ၉၈ ဌာနတို့ဘာတို့ ကျနော် ဒါကိုတော့ ပြောစရာမရှိပါဘူး။
မေး ။ ။ ဒါဆို EAOs တွေ ပြဿနာကို ဘယ်လိုမျိုး ဖြေရှင်းသင့်တယ်လို့ မြင်မိလဲ။
ဖြေ ။ ။ EAOs ပြဿနာက အခုလောလောဆယ်မှာတော့ သူတို့က Watan Act ဆိုပြီးမှ တင်ထားတဲ့ဟာတွေ ကို ကြည့်လိုက်ရင်တော့ ဒါဟာ ကွန်ဖက်ဒရေးရှင်းပဲ ဆိုပြီးတော့မှ ဗမာအစိုးရက လက်မခံနိုင်ဘူး ဖြစ်နိုင်တာပေါ့။ သို့သော်လည်းပဲ ဒီကိစ္စဟာ ကျနော်တို့ ပင်လုံ သဘောတူညီချက် အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စမှာ အားလုံးက စုပေါင်းပြီးမှ စီမံခန့်ခွဲမယ်။
ကိုယ့်ပြည်နယ်နဲ့ သက်ဆိုင်တဲ့ဥစ္စာကို ကိုယ့်ပြည်နယ်ပဲ စီမံခန့်ခွဲမယ်ဆိုတဲ့ သဘောတရားကို ကျနော်တို့ လက်ခံ တယ်၊ ကျင့်သုံးတယ်ဆိုရင် ဒါဟာ ဘာမှစိတ်ပူစရာ မရှိဘူးပေါ့။

NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပစဉ်
မေး ။ ။ ပြည်နယ်တွေမှာ သက်ဆိုင်ရာ EAOs တွေကို အုပ်ချုပ်ခွင့် ပေးမယ်ဆိုရင်ရော အဆင်ပြေနိုင်ပါ့မလား၊ ဘယ်လိုမြင်မိလဲ
ဖြေ ။ ။ ဒါကတော့ ယာယီအားဖြင့်ကတော့ ဒါကတော့ လက်တွေ့အရ လုပ်သင့်လုပ်ထိုက်တဲ့ အရာလို့ ပြောလို့ ရမှာပေါ့လေ။ သို့သော်လည်းပဲ ကျနော်တို့ လက်ခံထားရမယ့်ကိစ္စက ဒီမိုကရေစီဆိုတာကို ထူထောင်ရမယ်ဆို တော့ အများပြည်သူရဲ့ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ကို အနှေးနဲ့အမြန် မြန်မြန်ပေးရမှာ ဖြစ်ပါတယ်။
လူထုက မထောက်ခံတဲ့ အစိုးရက ဘာပြည်နယ် အစိုးရပဲဖြစ်ဖြစ်၊ ဗဟိုအစိုးရပဲဖြစ်ဖြစ် ရေရှည်တည်တံ့ဖို့ မဖြစ် နိုင်ပါဘူး။ အဲဒါပါ။
မေး ။ ။ လက်ရှိမှာ တပ်မတော်က BGF နဲ့ ပြည်သူ့စစ်ပုံစံ လုပ်နေတယ်။ အခုလက်ရှိမှာ ဖြစ်နေတဲ့ လက်နက် ကိုင် တွေကို BGF အဖြစ်၊ ပြည်သူ့စစ်ပုံစံ ဝင်ဖို့အတွက် သူကပြောတာမျိုးတွေ ရှိတာပေါ့။ ဆိုတော့ အဲဒီလိုမျိုး BGF နဲ့ ပြည်သူ့စစ် ပုံစံမျိုးဆိုရင်က တစ်ဖက်ကကြည့်ရင် EAOs တွေက မကြိုက်တာ တွေ့ရတယ်။ အဲဒီတော့ အမေရိကန် ကျင့်သုံးသလိုမျိုး အမျိုးသားအစောင့်တပ် ပုံစံလိုမျိုး လုပ်မယ်ဆိုရင် ဘယ်လိုပြောင်းလဲ သွားနိုင်မလဲ။
ဖြေ ။ ။ ဒီကိစ္စက သူက အချိန်ယူပြီးတော့မှ လုပ်ရတာဖြစ်တယ်။ ကျနော်တို့ NCA ဆွေးနွေးနေတုန်းကဆိုရင် အစိုးရဖက်ကနေ သူက တစ်ခုတည်းသော တပ်မတော် ဖြစ်ချင်တယ်ဆိုတာ သူတို့က ရပ်တည်ခဲ့တယ်။ EAOs တွေ ကကြတော့ ဟာ...ကိုယ့်ပြည်နယ်မှာ ပြည်နယ်စောင့်တပ်မတော် ဖြစ်ရမယ် ကျနော်တို့ ရပ်တည်ခဲ့တယ်။
ဒီ ရပ်တည်ချက် ၂ ခုက သူက အခြေအနေက ဘာလဲဆိုတော့ တစ်ခုကတော့ တိုင်းပြည်တစ်ပြည်မှာ တပ်မတော် တစ်ခုတည်း ရှိရမယ်ဆိုတာ။ ဒီဥစ္စာကတော့ ယေဘူယျ ကမ္ဘာက လက်ခံထားတဲ့မူ။ ဒီကိုယ့်ပြည်နယ်မှာ ကိုယ့် ပြည်နယ်စောင့်တပ် ရှိရမယ်ဆိုတာက ကိုယ့်အချင်းချင်း စိတ်မချသေးတဲ့အချိန်၊ ယုံကြည်မှု မရှိသေးတဲ့ အချိန်မှာ လုပ်တဲ့ ကိစ္စဖြစ်တယ်။
အဲဒီတော့ ဒီနေရာမှာ နှစ်ဖက်က ဆွေးနွေးရမယ်။ ဒီသီးသန့် ပြည်နယ်စောင့်တပ်တွေကနေ တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်အဖြစ် ဘယ်လို ကူးပြောင်းသွားမလဲဆိုတာ ကျနော်တို့ တဆင့်ပြီး တဆင့် ဆွေးနွေး ပြီးတော့မှ ချမှတ်ပြီးတော့မှ လုပ်သွားဖို့ လိုတယ်ဆိုပြီးတော့မှ အဲဒီတုန်းက သဘောတူပြီးသားဖြစ်တယ်။
တတိယ ပြည်ထောင်စုသဘောတူညီချက်မှာလည်း စလုပ်နေပြီဖြစ်တယ်။ အဲဒီမှာ တကယ်လို့ အာဏာသိမ်းမှု၊ အာဏာထိန်းမှုတွေ မဖြစ်လာဘူးဆိုရင် အခုဆိုရင် အတော်လေးကို ခြေလှမ်းက တော်တော်ကြီးကို ရောက်နေပြီ လို့ ပြောလို့ရမှာပေါ့။ အခုကတော့ ဒီအာဏာသိမ်းမှု၊ အာဏာထိန်းမှု ဖြစ်လာတဲ့ အခါကြတော့ တစ်ခုတည်းသော တပ်မတော် ဖြစ်ရမယ်လို့ အရင်က ပြောခဲ့တဲ့ဟာတွေကို အခုကြတော့ ပိုပြီးတော့ လက်မခံနိုင်ဘူးဆိုတဲ့ အခြေ အနေ ဖြစ်လာတာပေါ့။ ပိုပြီးတော့မှ အချိန်ယူရမယ်၊ ပိုပြီးတော့ စည်းကမ်း ကန့်သတ်ချက်တွေ ရှိရမယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်လာတာပေါ့။
သို့သော်လည်းပဲ ဒီဥစ္စာတွေဟာ မကျော်လွှားနိုင်တဲ့ ကိစ္စတွေ မဟုတ်ဘူး။ ကျော်လွှားနိုင်တဲ့ ကိစ္စတွေဖြစ်တယ်။ အခု လောလောဆယ်မှာ ကိုယ့်ပြည်နယ်စောင့်တပ်နဲ့ ကိုယ်ထားပါ။ ဆွစ်ဇာလန်လည်း ဒီလိုပဲ လုပ်ခဲ့တာပဲ။ ဆွစ်ဇာလန်ဆို နှစ်ပေါင်းရာနဲ့ချီပြီးတော့ သူ့ပြည်နယ်တပ်နဲ့ သူလုပ်ခဲ့တာ။ ဒါပေမယ့် အားလုံးနဲ့ ဆိုင်တဲ့ကိစ္စ ဆိုရင်တော့ ပေါင်းပြီးတော့မှ လုပ်ကြတယ်၊ တိုက်ကြတယ်။ အားလုံးနဲ့မဆိုင်ရင် ကိုယ့်ပြည်နယ်တပ်နဲ့ကိုယ်ပဲ လုပ်ခဲ့ကြတာ။
သို့သော် နောက်ဆုံးကြတော့ သူတို့လည်း ပြည်ထောင်စုတပ်မတော် ဖြစ်သွားတာပဲ။ ကျနော်တို့က ဆွစ်ဇာလန် လိုမျိုး အချိန် နှစ်ပေါင်း ရာနဲ့ချီ စောင့်စရာ မလိုပါဘူး။ ဆယ်စုနှစ်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လေးလေး နက်နက် ဆွေးနွေးဖို့ လိုတယ်။ တကယ်တမ်း ကျနော်တို့ရဲ့ လုံခြုံရေးကို ကျနော်တို့ လုပ်မယ်ဆိုရင် ကိုယ့် တစ်ပြည်နယ်တည်း လုပ်လို့မရဘူး။
ကိုယ့်လူမျိုး တစ်စုတည်းပဲ လုပ်လို့မရဘူးဆိုတာ အားလုံးက သဘောပေါက်နားလည်ဖို့ လိုတယ်။ ငါတို့အားလုံး ပေါင်းလုပ်မှ ရတယ်ဆိုတာကို သူတို့လက်ခံကြတယ်ဆိုရင် ဒါဟာ မဖြစ်နိုင်စရာ အကြောင်းမရှိဘူးပေါ့။
![]()
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
မေး ။ ။ အဲဒီလို သီးသန့်ပြည်နယ်စောင့်တပ်ပုံစံမျိုး လုပ်ပိုင်ခွင့် ပေးလိုက်မယ်ဆိုရင်ကြတော့ရော မြန်မာ့ အခင်းအကျင်းက ဘယ်လို ပြောင်းလဲသွားနိုင်ဖွယ်ရှိမလဲ။
ဖြေ ။ ။ ဒီဥစ္စာက လက်ခံတယ်ဆိုတာ သူက ရေရှည်လက်ခံတဲ့ သဘောမျိုး မဟုတ်ဘူး။ အဆင့်တစ်ရပ်အနေနဲ့ လက်ခံတဲ့ သဘောပဲ ဖြစ်ရမှာပေါ့။ အဆင့် တစ်ရပ်အနေနဲ့။ သူက ပြည်နယ်စောင့်တပ်ကနေ နောက်ဆုံး တစ်ခု တည်းသော တပ်မတော်အဖြစ် ဘယ်လို လုပ်သွားမလဲဆိုတဲ့ အဆင့်တွေလည်း ချမှတ်ပေးရမှာပေါ့။
မေး ။ ။ ပြည်နယ်တစ်ခုမှာဆိုရင် လက်ရှိ အနေအထားတွေအရ EAOs တွေ အများအပြား တွေ့ရတာပေါ့။ ရှမ်း ပြည် ဘက်မှာဆိုရင်လည်း အဖွဲ့တွေများတယ်။ အဲဒီလို အနေအထားဆိုတော့ ဘယ်လိုမျိုး စုဖွဲ့သင့်သလဲ။ အမေရိကန်မှာဆိုရင် ပူးတွဲစစ်ဦးစီးချုပ် ပုံစံလိုမျိုး စုဖွဲ့ထားတာ ရှိတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်နယ်စောင့်တပ် ပုံစံမျိုး သွားမယ်ဆိုရင် ပဏာမအနေနဲ့ ဘယ်လိုစုဖွဲ့သင့်လဲ။
ဖြေ ။ ။ ဟုတ်ကဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ် ကျနော်တော့ မပြောနိုင်ပါဘူး။ ကျနော်တို့ ဒီလိုမျိုး ကိစ္စမှာ ဆိုရင် ဆွစ်ဇာလန်ကို အရင်တုန်းက ပြည်ထောင်စုတပ်မတော် မဖြစ်ခင်တုန်းက သူတို့ ဘယ်လို လုပ်ဆောင်ခဲ့ ကြလဲဆိုတာကို အဲဒီအပေါ်မှာ ကျနော်တို့ ဝိုင်းဝန်းပြီးတော့မှ လေ့လာပြီးတော့မှ ကျနော်တို့ တိုင်းပြည်နဲ့ ဆက်ဟပ်တဲ့ မူမျိုးကို ချမှတ်ရမှာပေါ့။
ကျနော် သတိရတာတော့ ဘာလဲဆိုတော့ ဒုတိယကမ္ဘာစစ်တုန်းကဆိုရင် သူတို့လည်း ပြည်နယ်စောင့်တပ်ပဲ သူတို့ဖြစ်နေသေးတယ်။ သို့သော်လည်းပဲ တစ်ပြည်လုံးအတွက်တော့ သူတို့စုပေါင်းစစ်ဦးစီးပေါ့ သူတို့လည်း ရှိတယ်။ ရှိတဲ့အခါကြတော့ သူတို့ရဲ့ တိုင်းပြည်ကို ဒုတိယကမ္ဘာစစ်အတွင်းမှာ ဘယ်လိုကာကွယ်မလဲဆိုတာ သူတို့ စစ်ဦးစီးအဖွဲ့ကပဲ ဆုံးဖြတ်ပြီးတော့မှ လုပ်ဆောင်ခဲ့ကြတာပေ့ါ။
သူတို့က ဆုံးဖြတ်တဲ့အခါကြတော့ သက်ဆိုင်ရာ ပြည်နယ်စောင့်တပ်တွေကလည်း အကုန်လုံးကလည်း လိုက်နာ ရတာပေါ့။
မေး ။ ။ တောင်အာဖရိက ဖြစ်စဉ်မှာလည်း နယ်လ်ဆင်မန်ဒဲလား လက်ထက်ကပေါ့။ လက်နက်ကိုင် ၇ ခု ထက်မက ရှိတာကို စုပေါင်းပြီးတော့ South African National Defence Force (SANDF) ဆိုပြီးတော့ လုပ်ဆောင်ခဲ့တာ၊ အသစ်ပြန်ဖွဲ့ခဲ့တာ တွေ့ရတာပေါ့။
သူအသုံးပြုခဲ့တဲ့ လမ်းစဉ်ကို ကြည့်မယ်ဆိုရင် သူက လက်နက်ကိုင်တွေကို လက်နက်ဖြုတ်သိမ်းတယ်၊ တပ်ကို လည်း ဖျက်သိမ်းတယ်၊ ပြီးရင် ပြန်လည် ပေါင်းစည်းတာ လုပ်ခဲ့တာပေါ့။ နှစ်ပေါင်းများစွာ ရန်သူတွေ ဖြစ်ခဲ့ကြတဲ့ အတွက် ယုံကြည်မှုက ပြန်ရဖို့ခက်တော့ ကော်မရှင်ဖွဲ့ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် မကျေနပ်ချက်တွေကို ဖွင့်ဟ ဝန်ခံခိုင်းတာမျိုး၊ ဆွေးနွေးခိုင်းတာမျိုးလုပ်ပြီးမှ စစ်တပ်ရဲ့ စည်းကမ်းနဲ့ စွမ်းဆောင်ရည်တွေကို ပြန်ပြီး လေ့ကျင့် ပေးတာမျိုးတွေ လုပ်ပြီးတော့မှ ဖွဲ့စည်းခဲ့တယ်လို့ သိရတာပေါ့။ ဒီလိုပုံစံမျိုး လုပ်မယ်ဆိုရင်ရော ဖြစ်နိုင်မလား။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် ဘယ်လိုမျိုးလုပ်သင့်မလဲ။
ဖြေ ။ ။ နံပါတ်တစ်က ဆွေးနွေးရမှာပေါ့။ ဒါပေမယ့် နံပါတ်နှစ်ကတော့ ကျနော်တို့ဆီမှာ အခုလောလောဆယ် နယ်လ်ဆင်မန်ဒဲလား တို့လို၊ ဒက်စမန်တူးတူး (Desmond Tutu) တို့လို ပုဂ္ဂိုလ်မျိုး၊ ခေါင်းဆောင်မျိုးကလည်း မရှိ သေးဘူးပေါ့။
မရှိတဲ့အခါကြတော့ အခုလောလောဆယ်မှာ အဲဒီလို လက်နက်ဖြုတ်ပြီးတော့မှ ပြန်ပြီးတော့မှ စုပေါင်းတယ်ဆို တာမျိုးကတော့ ကျနော်တို့ နိုင်ငံမှာတော့ ချက်ချင်းဖြစ်ဖို့ မလွယ်ဘူးပေါ့။ ဒါက တဆင့်ပြီးတဆင့် သွားရမယ့်ကိစ္စ ဖြစ်တယ်။
သို့သော်လည်းပဲ တဆင့်ပြီးတဆင့် ဖြစ်သွားတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်က တစ်ခါတည်း စိတ်အလောကြီးပြီးမှ အကုန်ဖြုတ်ကွာ၊ ငါတော့ အရင်ဖြုတ်မယ်၊ ငါဖြုတ်ရင် မင်းတို့လည်း ဖြုတ်ကွာဆိုတာမျိုး လုပ်တာလည်း ရှိကောင်းရှိနိုင်တယ်။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျနော်တို့ဆီမှာ အလျင်စလိုလုပ်ဖို့ မသင့်ဘူးပေါ့။ အလျင်စလို လုပ်တဲ့အခါကြတော့ အခက်အခဲတွေ၊ အသေးစိတ်တွေ တချို့ကို ကျနော်တို့က ကျော်သွားနိုင်တယ်။ မကြည့်ဘဲနဲ့ ကျော်သွားနိုင်တယ်။ အဲဒီအခါကြတော့ နောက်ပိုင်းမှာ အခက်အခဲတွေ ဒီထက်ပိုကြီးလာတာ တွေ့တယ်ဆိုရင် အဲဒီအချိန်မှာ ကျော်လွှား ဖို့ ခက်သွားမယ်ပေါ့။ ဘယ်နည်းနဲ့မဆို ကျနော်တို့ ဆွေးနွေးဖို့လိုပါတယ်။ တွေ့ဆုံဆွေးနွေးပြီးတော့မှ အကောင်း ဆုံး နည်းလမ်းကို သုံးနိုင်ပါတယ်။
အခု ကျနော်ပြောခဲ့တဲ့ ဆွစ်နည်းလမ်း၊ နောက်ပြီးတော့ ခင်ဗျားပြောတဲ့ တောင်အာဖရိက နည်းလမ်းတွေ ဘယ်လို ဆက်စပ်ပြီးတော့မှ ယူမလဲဆိုတာတွေ စဉ်းစားပေါ့။ နီပေါလုပ်တဲ့ နည်းလမ်းတွေလည်း အကုန်လုံး လေ့လာပြီး တော့မှ ကျနော်တို့ ပေါင်းစပ်ပြီးတော့မှ လုပ်နိုင်ပါတယ်။ ငါတို့လုံးဝ မတိုက်ဘူးဆိုတော့ သဘောတူဖို့ လိုတယ်။

လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ကျင်းပနေစဉ်
မေး ။ ။ အဓိက,ကတော့ မဆွေးနွေးခင်မှာ နိုင်ငံရေးအရ သဘောတူညီချက်တွေတော့ အရင်ရှိထားသင့်မှာပေါ့။
ဖြေ ။ ။ ရှိရမှာပေါ့။ ကျနော်တို့ အခုသဘောတူညီချက်အားလုံး တူနိုင်တာ တစ်ခုရှိတာပဲ။ ကျနော်တို့ ဖက်ဒရယ်နိုင်ငံဖြစ်ရမယ်၊ ဒီမိုကရေစီနိုင်ငံ ဖြစ်ရမယ်ဆိုတာ အားလုံးက သဘောတူပြီးသား ဖြစ်တယ်။ သို့သော် လည်းပဲ ဘယ်လိုပုံစံနဲ့ ဖြစ်ရမယ်ဆိုတာကတော့ ဆွေးနွေးရမှာကို။
မေး ။ ။ မကြာခင် ဒီလထဲမှာ အစိုးရသစ် ပေါ်လာတော့မှာပေါ့။ ဆိုတော့ ဒီအစိုးရသစ် အနေနဲ့ တရုတ်နဲ့ အိန္ဒိယ အကြားမှာ ဘယ်လိုမူဝါဒနဲ့ သွားသင့်တယ်လို့ မြင်မိလဲ။
ဖြေ ။ ။ ကျနော်တို့ ဘက်မလိုက် မူဝါဒနဲ့သွားရမှာပေါ့။ အခု လောလောဆယ် ကျနော်တို့ ၂၀၀၈ ထဲမှာ ရှိနေတဲ့ ပုဒ်မတွေ အများစုကို လူအများစုက လက်မခံဘူး ဆိုပေမယ့်လည်း ကိုယ်က ဘက်မလိုက်နိုင်ငံ ဖြစ်တယ်၊ နောက် ပြီးတော့မှ ကိုယ့်နိုင်ငံမှာ တခြားနိုင်ငံခြားတပ်တွေ မချရဘူးဆိုတဲ့ ကိစ္စတွေကတော့ အားလုံးသဘောတူနိုင်တဲ့ ကိစ္စ ဖြစ်တယ်။ ဒါက ဆက်ပြီးတော့မှ ရှိသင့်တယ်။
နောက်ပြီးတော့မှ အရေးကြီးတာကတော့ ကျနော်တို့ ဘန်ဒေါင်း ၁၉၅၅ သဘောတူညီချက်ကို ("အာရှ-အာဖရိက ညီလာခံ" (Bandung Conference) ကနေ ထွက်ပေါ်လာတဲ့ သမိုင်းဝင် သဘောတူညီချက်) နှုတ်နဲ့ပဲ လက်ခံတာ မဟုတ်ဘဲနဲ့ တကယ်တမ်း လက်တွေ့ လက်ခံကျင့်သုံးဖို့ လိုကြတာပေါ့။ အဲဒီလိုမျိုး ကောင်းကောင်း လုပ်နိုင်တယ် ဆိုရင် ကျနော်တို့ ဗမာနိုင်ငံဟာ အရှေ့တိုင်းရဲ့ ဆွစ်ဇာလန်နိုင်ငံတော် ဖြစ်လာနိုင်ပါတယ်။
ဒီလိုဖြစ်လာဖို့ လွတ်လပ်ရေးရကတည်းက ကျနော်တို့ ဗမာခေါင်းဆောင်တွေ၊ ဗမာခေါင်းဆောင်တွေဆိုတာ အားလုံးကို ဆိုလိုတာပေါ့။ ကျနော်တို့ တိုင်းပြည်ခေါင်းဆောင်တွေက စိတ်ကူးယဉ်ခဲ့ဖူးတယ်၊ အားကျခဲ့ဖူးတယ်။ ဒါပေမယ့် မဖြစ်ခဲ့ဘူးပေါ့။ ကျနော်တို့ခေတ်မှာ ဖြစ်နိုင်ပါတယ်။
မေး ။ ။ အဲဒီလို မဟုတ်ဘဲနဲ့ အစိုးရသစ် လက်ထက်မှာ တရုတ်ကိုသော်လည်းကောင်း၊ အိန္ဒိယကို သော်လည်း ကောင်း တစ်ဖက်ဖက်ကိုပဲ ပုံပြီးတော့ ဆက်ဆံလိုက်မယ်ဆိုရင် ဘယ်လိုအခင်းအကျင်း ဖြစ်သွားမလဲ။
ဖြေ ။ ။ အဲဒီလို လုပ်မယ်ဆိုရင် သူက ၂ ခု ဖြစ်နိုင်တာပေါ့။ တစ်ခုကတော့ ကျနော်တို့ နိုင်ငံဟာ အမည်ခံပဲ ကျန်တော့မှာပေါ့။ အမည်ခံပဲ ကျန်တော့မယ်။ ဒါပေမယ့် လက်တွေ့အားဖြင့်တော့ သူများနိုင်ငံ ဖြစ်သွားပြီပေါ့။ အဲဒီတော့ တစ်ခု ကောင်းမွန်နိုင်တာက ဘာလဲဆိုတော့ ကျနော်တို့ နိုင်ငံက နှစ်ပေါင်း ၈၀ နီးပါး ကိုယ့်ဟာကိုယ် အုပ်ချုပ်ခဲ့တာ မငြိမ်းချမ်းခဲ့ဘူး။
သို့သော်လည်းပဲ တခြားနိုင်ငံ လက်အောက်မှာ သွားကျသွားတဲ့ အခါကြတော့ သူတို့ နိုင်ငံတွေလိုများ ငြိမ်းချမ်းလာမလားဆိုတဲ့ မျှော်လင့်ချက်မျိုးတော့ ရှိနိုင်တာပေါ့။ ဒါကတစ်ခု။
နောက်တစ်ခုကတော့ ဘာလဲဆိုတော့ တကယ်လို့ ကျနော်တို့ အိန္ဒိယပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် ပေါင်းလိုက် တယ်ဆိုရင် သူတို့ နှစ်နိုင်ငံကလည်း ဆက်ပြီးတော့ မတည့်ဘူး ဆိုရင်တော့ ကျနော်တို့လည်း တစ်လှဲဖြစ်ရမှာပေါ့။ တကယ်လို့ ကျနော်တို့နိုင်ငံက သူတို့နိုင်ငံ ချစ်ကြည်ရေးကို ရနိုင်တယ်ဆိုရင် ကျနော်တို့နိုင်ငံအတွက်ကတော့ ဘာမှပူစရာ မလိုဘူးပေါ့။
မေး ။ ။ လက်ရှိမှာ မြေရှားနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုသုံးသပ်ထားမိလဲ။
ဖြေ ။ ။ မြေရှားတွေကတော့ တခြားနိုင်ငံတွေမှာ ရှားကောင်းရှားမယ်။ ကျနော်တို့ နိုင်ငံမှာကတော့ မရှားဘူး လို့ ပြောလို့ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် မြေရှားသတ္တုတွေကို ကျနော်တို့က ဘယ်သူလိုချင်လိုချင် ရောင်းပေးမယ်။ ဘာမှ ဈေးဆစ်တာမရှိဘူး ငွေရရင်ပြီးရော ဆိုတာမျိုးတော့ မလုပ်သင့်ဘူးပေါ့။ ကျနော်တို့ ဆီမှာရှိတဲ့ပစ္စည်း ဘာပဲဖြစ်ဖြစ် ဈေးအကြီးဆုံးရဖို့ လိုတာပေါ့။
နောက်ပြီးတော့ ရလာတဲ့ငွေတွေကို ကျနော်တို့ အိတ်ထောင်ထဲမှာ ကိုယ့်ရဲ့ ကိုယ်စီကိုယ်ငှ အိတ်ထောင်ထဲ မထည့်ဘဲနဲ့ ဒီတိုင်းပြည်အတွက် အသုံးချ ရမှာပေါ့။ ကျနော်တို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထဝီအရ အချမ်းသာဆုံးနိုင်ငံလို့ ပြောလို့ရမယ်။ ဒါပေမယ့် ကျနော်တို့ လူမှုရေးအရတော့ အင်မတန်မွဲတေနေတယ်။ ကျနော်တို့က သောင်ပြင်မှာ လွှတ်တဲ့သူဋ္ဌေးသားလိုပဲပေါ့။ ငွေထုတ်ကြီးပိုက်ပြီးတော့မှ ဘာမှသုံးစရာမရှိဘူးပေါ့။ တောင်းစားနေရတဲ့ဘဝ ရောက်နေတာပေါ့။
အဲဒီလိုအဖြစ်မျိုး မဖြစ်အောင် ဒီအဖြစ်မျိုးကတော့ ကုန်ဆုံးဖို့လိုပြီ။ ဒီသမိုင်းကတော့ ကုန်ဆုံးဖို့လိုပြီ။ ကျနော်တို့ အရင်တုန်းက ကြားဖူးတယ်။ ကျနော်တို့ ခေါင်းဆောင်တွေ ပြောတယ်။ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ကျွန်းသစ်တွေကို တစ်အိမ်ထောင်စုကို တစ်ပင်ပဲ ပေးထား။ ဘယ်နည်းနဲ့မဆို ကျနော်တို့ရဲ့လူထုဟာ ဆင်းရဲတယ်ဆိုတာ ဘယ်နည်း နဲ့မှ မဖြစ်နိုင်ဘူးဆိုတာ ရှေးလူကြီး သူမတွေပြောခဲ့တာ နားထောင်ဖူးတယ်။ သဘောလည်း သိပ်ကျတယ်။
ဒါပေမယ့် လက်တွေ့အရ ကျနော်တို့က လုပ်တဲ့အခါကြတော့ တစ်အိမ်ထောင်စု တစ်ပင်မဟုတ်ဘဲနဲ့ လူ တစ်ယောက်တည်းက တစ်ခါတည်း သန်းနဲ့ချီပြီးမှ ပိုင်သွားတာမျိုး၊ ရောင်းထုတ်တာမျိုးတွေ ဖြစ်လာတာကို။ ဒီလိုမျိုး အဖြစ်မျိုး မဖြစ်ဖို့ ကျနော်တို့ လုပ်ဖို့လိုပါတယ်။ မြေရှားကိစ္စလည်း ဒီအတိုင်းပါပဲ။
မေး ။ ။ လက်ရှိမှာ မြေရှားထွက်ရာ ဒေသအများစုက KIA က သိမ်းပိုက်ထားတာမျိုးဆိုတော့ KIA ရဲ့ အခင်း အကျင်းကရော ဘယ်လောက်အထိ အရေးပါနေလဲ။
ဖြေ ။ ။ အရေးကြီးတဲ့ သယံဇာတပစ္စည်းရှိတဲ့ ပြည်နယ်ကတော့ အမြဲတမ်း သူက ဈေးဆစ်နိုင်တာပဲပေါ့။ အရေး ပါတာပေါ့။ ဒါပေမယ့် တစ်ဖက်ကလည်း သူ့ရပ်တည်ရေး၊ ဥပမာ ကျနော်က သူဋ္ဌေးသားဆိုပါတော့ ကျနော့်မှာ ငွေ ဘီလီယံနဲ့ချီရှိတယ်။ ဒါပေမယ့် ကျနော် နေတဲ့နေရာက ကျနော့်ကို ဝိုင်းနေတာက ကျနော့် ရန်သူချည်းပဲဆိုရင် ကျနော် ဘယ်လိုလုပ် ဒီငွေတွေကို သုံးနိုင်မလဲ။ သေချာပေါက်ပေါ့နော်။ အဲဒီတော့ ဒါကိုသုံးနိုင်ဖို့ဆိုရင် အားလုံးနဲ့ ကျနော် တည့်ဖို့လိုတယ်။ အားလုံးနဲ့မတည့်တောင်မှ အများစုနဲ့တည့်ဖို့လိုတယ်။ ဒီလိုမျိုးတည့်တယ်ဆိုရင် တည့်ဖို့ လုပ်တယ်ဆိုရင် အကျိုးစီးပွားက ကိုယ့်အတွက်ပဲမဟုတ်ဘူး။ သူတို့အတွက်လည်းပါရမယ်။
ဒီလိုမျိုး သူ့အကျိုး၊ ကိုယ့်အကျိုး၊ သူ့ဖက်၊ ကိုယ့်ဖက်၊ သူ့ဖို့၊ ကိုယ့်ဖို့ ရှိတယ်ဆိုရင် ကိုယ့်အတွက်လည်း ရေရှည် ကောင်းတယ်၊ သူ့အတွက်လည်း ရေရှည်ကောင်းတာပေါ့။ ကျနော်တို့ ပုံပြင်တွေ ကြားဖူးတာပဲ။ ရွှေဓါးတို့၊ ငွေဓါး တို့၊ ရိုးရိုး သံဓါးတို့ ဒါကို ပေးတဲ့အခါကြတော့ သူက ရိုးရိုးသံဓါးပဲ ယူတယ်ဆိုတဲ့အခါ ရွှေဓါးရောရတယ်၊ ငွေဓါးရော ရတယ်။ ဒါပေမယ့် ရွှေဓါးကို ယူမယ်ဆိုတဲ့ အခါကြတော့ ဘာမှမရတော့ဘူး။ ဒီလိုမျိုးဘဝမျိုးတော့ ကျနော်တို့ မဖြစ်စေချင်ဘူး ဘယ်သူမှ။
ကျနော်တို့ကမ္ဘာမှာ လူ့လောကမှာ ကိုယ်တစ်ယောက်တည်းနေတာ မဟုတ်ဘဲနဲ့ အားလုံးပေါင်းပြီးတော့ နေတာပဲ။ ဒါကို ကျနော်က KIA ကို သင်ပေးစရာ မလိုပါဘူး။ သူ ကျနော့်ထက် ပိုသိတယ်။ ဗိုလ်ချုပ်ဂွမ်မော်တို့၊ ဗိုလ်ချုပ် အင်ဘန်လတို့ ကျနော်ထက် ပိုသိတယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ စစ်တပ်ကို အရပ်သားအစိုးရအောက်မှာ ထားရှိဖို့လိုအပ်လား။ လိုတယ်ဆိုရင်လည်း ဘာကြောင့်လို့ မြင်မိလဲ။
ဖြေ ။ ။ ဒီဥစ္စာက ရှေးပဝေသဏီကတည်းက လုပ်ထားတဲ့ပုံစံပဲ။ တပ်မတော်ဆိုတာ မင်းအောက်မှာ နေရတာ ပဲ။ စစ်သူကြီးတွေဆိုတာလည်း မင်းလက်အောက်ခံပဲ ဖြစ်ရတာပဲ။ စစ်သူကြီးတွေကို ဆက်ထားမလား၊ မထားဘူး လား ဆိုတာကလည်း မင်းအပေါ်မှာ မူတည်တာပဲ။
သို့သော်လည်းပဲ မင်းကလည်း မင်းကျင့်တရား ဘာရှိမလဲ၊ စစ်သူကြီးတွေကလည်း စစ်သူကြီး ကျင့်သုံးရမယ့် တရား ဘာရှိမလဲ။ သူ့နေရာနဲ့ သူရှိတာပေါ့။ ဒါ ဘာသာရေးအရ ပြောနေတာ မဟုတ်ဘူး။ ကျနော်တို့ ဆွန်ဇူး (Sun Tzu) ရဲ့ Art of War စစ်ပညာစာအုပ်ကို ကြည့်လိုက်ပါ။ အဲဒီထဲမှာဆိုရင် စစ်ပွဲဖြစ်လာပြီဆို နိုင်တယ်၊ မနိုင်ဘူး ဆိုတာ အရေးအကြီးဆုံးက ဘာအပေါ်မှာ မူတည်လဲဆိုတာ။ ၅ ချက်ရှိတယ်။
ဒီ ၅ ချက်ထဲမှာ ၂ ချက်က ဘာလဲ ဆိုတော့ နံပါတ်တစ်ကတော့ မင်းဖြစ်တယ်။ မင်း အပေါ်မှာ မူတည်တယ်။ ဒီ မင်းရဲ့ နိုင်ငံရေး မူဝါဒ၊ မင်းရဲ့ မင်းကျင့်တရား အားလုံးကို ပြည်သူတစ်ရပ်လုံးက ထောက်ခံတယ်။ ပြည်သူ တစ်ရပ် လုံးက ငါတို့ သေသေကြေကြေ ငါတို့လိုက်နာသွားမယ်ဆိုတဲ့ဟာမျိုး ရှိတယ်ဆိုရင် ဒါဟာ နိုင်ဖို့ပဲရှိတယ်။
နောက်တစ်ခုကတော့ စစ်သူကြီးပေါ့။ စစ်သူကြီးကလည်း သိပ်အရေးကြီးတယ်။ ကျန်တဲ့ဟာတွေကတော့ ဘာလဲ ဆိုတော့ ရာသီဥတုတို့၊ ပထဝီ မြေအနေအထားတို့၊ နောက်ပြီးတော့မှ စစ်တပ်ကို ကိုင်တွယ်အုပ်ချုပ်မှုတို့ အဲဒါတွေ ပါတာပေါ့။ ဒါပေမယ့် အရေးကြီးတဲ့ နှစ်ချက်ထဲမှာ ပြောတာနော် မင်းနဲ့ စစ်သူကြီးဆိုတာ အရေးကြီးတာပဲ။ သို့သော်လည်း မင်းက အထက်မှာနေရတာပေါ့။

ဖက်ဒရယ်တည်ဆောက်ရေး ဆွေးနွေးကြစဉ်
မေး ။ ။ ဒါပေမယ့် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာရော အဲဒီလိုပုံစံရော ပေါက်တယ်လို့ မြင်မိလား။
ဖြေ ။ ။ ကျနော်တို့ ဂျော့ဖ်ဝါရှင်တန် (George Washington) တောင် သမ္မတဖြစ်လာတာပဲ။ ကျနော်တို့ ဆီမှာလည်း မဖြစ်ရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဂျော့ဖ်ဝါရှင်တန် သမ္မတဖြစ်လာတော့ သူက အမေရိကန် နိုင်ငံကို စစ်တပ် အုပ်ချုပ်သလို သူမအုပ်ချုပ်ဘူးပေါ့။ ဒါကိုလည်း အမှတ်ယူသင့်ပါတယ်။
မေး ။ ။ တကယ်လို့ စစ်တပ်က အရပ်သားအစိုးရအောက်မှာ မရှိဘဲနဲ့ အရပ်သားအစိုးရ အထက်မှာပဲ ရှိမယ်ဆို ရင် အဲဒီနိုင်ငံက ဘယ်လိုဖြစ်နိုင်ဖွယ်ရှိမလဲ။
ဖြေ ။ ။ ဒီဥစ္စာကတော့ ကျနော်တို့ လူကြီးသူမတွေရဲ့ ဆိုရိုးဆိုထုံးတွေနဲ့ မကိုက်ညီတဲ့ အခါကြတော့ ဒါဟာ ရေရှည်သွားဖို့ မလွယ်ဘူးလို့ ပြောလို့ရမှာပေါ့။ ကျနော်တို့နိုင်ငံ ဒီလောက်တောင်မှ အသုံးမကျ ဖြစ်လာတာဟာ အဓိက,ကတော့ စစ်တပ်က အထက်စီးကနေ နေခဲ့တော့ ၁၉၆၂ ခုကတည်းက အထက်စီးကနေ နေခဲ့တဲ့အခါ ကြတော့ ကျနော်တို့နိုင်ငံဟာ အင်မတန်ချမ်းသာတဲ့ ဘဝကနေ အင်မတန် ဆင်းရဲတဲ့ဘဝကို ရောက်ခဲ့တယ်ဆိုတာ ကျနော်တို့ မေ့ဖို့မသင့်ပါဘူး။
မေး ။ ။ တခြား ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ ကျနော်တို့နိုင်ငံမှာက အဓိက ပြဿနာကတော့ ကျနော် ထင်တာကတော့ မှားကောင်းလည်း မှားနိုင် တယ်။ ဒါပေမယ့် အဓိက ပြဿနာကတော့ ပြဿနာကို ဖြေရှင်းရင်းနဲ့ ပိုရှုပ်လာတာ အဲဒီလိုမျိုးပေါ့။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောတာကို နားထောင်တာ ကျနော်တို့ အီရတ်ကို ဝင်မတိုက်ခင်တုန်းက အခြေအနေက ဆိုးတယ်တဲ့။ ဒါပေမယ့် ကျနော်တို့ အီရတ်ကို ဝင်တိုက်ပြီးတဲ့ နောက်ပိုင်းမှာ ပိုဆိုးလာတယ်လို့ ပြောတယ်။
ဒါတွေက ဘာလဲဆိုတော့ ကျနော်တို့ ဖြေရှင်းတဲ့နေရာမှာ မှန်ကန်တဲ့နည်းလမ်းကို မသုံးခဲ့လို့ ဖြစ်တယ်။ ဒီမှန် ကန်တဲ့ နည်းလမ်းကို မသုံးခဲ့ဘဲနဲ့ အကြောက်တရား၊ အမုန်းတရားတွေနဲ့ ကျနော်တို့လုပ်တယ် ဆိုရင်တော့ ဘယ်နည်းနဲ့မှ ဒီတိုင်းပြည်က မကောင်းနိုင်ဘူးပေါ့။
ကျနော်တို့ဟာ အချင်းချင်း မေတ္တာတရားတွေထားမယ်၊ ဒေါသတရားတွေ ကျနော်တို့ ပယ်နိုင်တယ်ဆိုရင် ဘယ်နည်းနဲ့မဆို ကျနော်တို့ တိုင်းပြည်ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ကျနော်က အမြဲတမ်းပြောနေတာ တစ်ခုရှိတယ်။
နိုင်ငံခြားငြိမ်းချမ်းရေး ပညာရှင်တွေကပြောတယ်။ သူတို့က နိုင်ငံတကာကို လှည့်လည်တဲ့ အခါကြတော့ ဗမာပြည်လောက် နိုင်ငံရေးကျွမ်းကျင်၊ နိုင်ငံရေးဗဟုသုတကြွယ်ဝတဲ့ နိုင်ငံသူတို့တစ်ခါမှ မတွေ့ဖူးဘူးတဲ့။ အဖွဲ့တိုင်းအားလုံးက နိုင်ငံရေးပါရဂူတွေ ပြည့်နှက်နေတာပဲတဲ့။ ဒါပေမယ့် သူတို့ပြဿနာက ဘာလဲဆိုတော့ အချင်းချင်း သဘောတူညီမှု ရရှိအောင် ဆွေးနွေးနိုင်တဲ့အစား သူနိုင်၊ ငါနိုင် စကားရေ လုပွဲလုပ်တာနဲ့ပဲ အချိန် ကုန်နေတယ်။ စကားရေလုပွဲ လုပ်ပြီးတော့မှ မနိုင်တဲ့အခါကြတော့ လက်နက်ကိုင်ကြတာပေါ့ဗျာတဲ့။
အဲဒါကြောင့် ကျနော်တို့နိုင်ငံဟာ ဘယ်နည်းနဲ့မဆို debate ဆိုတဲ့ စကားရည်လုပွဲ ပညာမျိုးကို အဓိက မထားဘဲနဲ့ ကျနော်တို့ dialogue ဆိုတဲ့ အမှန်အကန်ကို ပူးပေါင်းရှာဖွေခြင်းဆိုတဲ့ နည်းလမ်းကို အသုံးချဖို့လိုပါပြီ။ ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန်ပဲပြောပြော ဘယ်သူပဲပြောပြော ကျနော်တို့ ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စလုပ် တဲ့အချိန်မှာ နိုင်ငံရေးပြဿနာကို အင်အားနဲ့ မဖြေရှင်းဘဲနဲ့ ဆွေးနွေးခြင်းနဲ့ပဲ ဖြေရှင်းခြင်းဆိုတဲ့ ယဉ်ကျေးမှု အသစ် တစ်ရပ်ကို ထူထောင်မယ်ဆိုတာ အခု ဘယ်နှစ်နှစ် ရှိသွားပြီလဲ။ ကျနော်တို့ ၁၅ နှစ်ရှိသွားပြီ။ ဒီ ၁၅ နှစ်မှာ အကောင်အထည် မဖော်နိုင်သေးဘူး။ အကောင်အထည်ဖော်ဖို့ လိုပါပြီလို့ပဲ ကျနော်တိုက်တွန်းပါတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 677
CNI Interview
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးပြီးဖြစ်၍ မတ်လ၌ လွှတ်တော်ခေါ်ကာ ဧပြီလမှာ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်သည်။
ထိုမတိုင်ခင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ထိုး၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
တခြား တစ်ဖက်မှာလည်း တရုတ်နှင့် အိန္ဒိယသည် အစိုးရသစ် ပေါ်လာသည့်အခါမှာ ကုန်သွယ်ရေးနှင့်ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များ မည်ကဲ့သို့ ဖြစ်တည်လာမလဲ အကဲခတ်နေကြသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအန်ကောလကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

မေး ။ ။ အစိုးရသစ်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အစိုးရပုံစံလိုမျိုးပေါ့။ ညွန့်ပေါင်းပုံစံလိုမျိုး ဖွဲ့မယ် လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ဗဟိုကပဲ အာဏာချုပ်ကိုင်တာထက် လုပ်ပိုင်ခွင့်တွေ ရှိတာထက် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ တွေမှာလည်း ဗဟိုလိုမျိုး အာဏာတစ်ခုခု ရှိထားမယ်ဆိုရင် ပိုအဆင် မပြေနိုင် ဘူးလား။ အဲဒီလို မဟုတ်ဘဲနဲ့ ဗဟိုရဲ့ ဆုံးဖြတ်ချက်ကိုပဲ လိုက်လုပ်ရမယ်ဆိုရင်ရော ဘာမှ မထူးခြားနိုင်ဘူးလား။
ဖြေ ။ ။ ဒီမိုကရေစီစနစ်မှာတော့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုတဲ့ road map ရှိတယ်လေ နစက ထဲက။ အစောကြီးကတည်းက ၂၀၂၁ ပြီးကတည်းက သူတို့ကြေညာတာရှိတယ်။ ဒီနေ့အထိလည်း တောက် လျှောက် ဒီမူအပေါ်မှာ သွားတယ်။ နိုင်ငံရေး road map က နံပါတ်တစ် အချက်မှာ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်မှာ ဆိုရင် အဓိက,က Decentralization ပဲ။ နောက်တစ်ခါ power division ပေါ့ အဲဒါတွေက အရေးကြီးတယ်။ အရေး ကြီးတယ်ဆိုတာက ဘယ်လို အကောင်အထည် ဖော်မလဲပေါ့။
အဲဒီအပေါ်မှာ ပေါ်လစီကရှိပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ နောက်က နည်းဥပဒေက လိုက်ရတဲ့သဘောပါ။ အဲဒီတော့ လုပ်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ ကောင်းသော အရွေ့ပေါ့။ နောက်တစ်ချက်က ဒီဟာလည်း အရေးကြီးတယ်။ Decentralization ကို ဘယ်လောက် အကောင်အထည် ဖော်မလဲပေါ့။ အဲဒီအပေါ်မှာ control-base Decentralization လား၊ နောက် တစ်ခုက သူ့ရဲ့ autonomy ပေါ့။ autonomy ကို ဘယ်လောက်ပေးမလဲ။ အဲဒါတွေက နိုင်ငံရေးအရ ဆုံးဖြတ်တဲ့ အရေးကြီးတဲ့ အချက်ထဲမှာ ပါတယ်။
နိုင်ငံရေးအရ အခုလက်ရှိ အာဏာရပါတီနဲ့ လက်ရှိဦးဆောင်နေတဲ့ ကော်မရှင်ပေါ့။ သူတို့ တွေက ဘယ်လောက် သဘောထားကြီးသလဲ အရေးပါတယ်။ အဲဒါက နောင်တစ်ချိန် ငြိမ်းချမ်းရေးအတွက် ဆိုရင်လည်း ဒီဟာက စံနမူနာ တစ်ခုအနေနဲ့ ရှေ့ပြေး အခြေအနေတစ်ခု ဖန်တီးထားရင်တော့ ပိုကောင်းတာပေါ့။ ဘာပဲပြောပြော အချင်းချင်းကြားမှာ trust building ကို တည်ဆောက်တယ်၊ ရှေ့ပြေး တည်ဆောက်တယ်လို့ပဲ ကျနော် မြင်ပါ တယ်။ လုပ်ဖြစ်ရင်တော့ ကောင်းပါတယ်။ ဘယ်လောက် အတိုင်းအတာအထိ လုပ်ပေးမလဲက ကျနော် ပြန် ပြီးတော့မှ လေ့လာရဦးမယ် ထင်ပါတယ်။
မေး ။ ။ နောက်တစ်ခုက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အဲဒါကလည်း ဒီလိုပါ ကျနော် မြင်တာကတော့လေ အရင်ရှိပြီးသား ဥပဒေကိုပဲ အကောင်အထည် ဖော် တာပေါ့လေ။ NLD အစိုးရ လက်ထက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေပေါ့။ သူကတော့ ပုဂ္ဂိုလ်ကို သွားတယ်ပေါ့။ ပုဂ္ဂိုလ်ဆိုတော့ တစ်ဦးတစ်ယောက်တည်းရဲ့ အနေအထားကို ပြဋ္ဌာန်းပြီးတော့မှ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပေါ်ပေါက်လာခဲ့တယ်။ အဲဒီနည်းနဲ့ ပုဂ္ဂိုလ်ရဲ့ စွမ်း ဆောင်ရည်နဲ့ နိုင်ငံတော်အစိုးရနဲ့ တွဲပြီးတော့မှ သွားတယ်ပေါ့။
အခုကတော့ ကျနော် မြင်တာကတော့ အစုအဖွဲ့ပေါ့။ နိုင်ငံတော်အတိုင်ပင်ခံကောင်စီဆိုတော့ အစုအဖွဲ့သဘော ဖြစ်တယ်။ အစုအဖွဲ့သဘောနဲ့ ဟိုဘက်က အုပ်ချုပ်ရေး၊ လွှတ်တော် အဲဒါနဲ့ နိုင်ငံတော်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ နောက်တစ်ခါ နိုင်ငံတကာအရေး၊ ဥပဒေရေးရာ အချက်တွေပေါ်မှာ တိုင်တိုင်ပင်ပင်နဲ့ သွားမယ်ဆိုတဲ့ အစုအဖွဲ့ သဘောမျိုးမြင်ပါတယ်။ အဲဒီဟာဆိုလည်း ကျနော့် အမြင်အရတော့ အစုအဖွဲ့ သဘောဖြစ်တဲ့အတွက် ကောင်းပါ တယ်။ ဘာလဲဆို power balance ကို ပိုပြီးထိန်းနိုင်မယ်လို့ ယူဆတယ်။ counter balance တွေလည်း ပိုအား ကောင်းလာမယ် အဲဒီလိုမြင်ပါတယ်။
နောက်တစ်ခုက ဒီဟာက ကျနော်တို့နိုင်ငံရဲ့ အရွေ့တစ်ခုလို့ ကျနော်မြင်တယ်။ အရွေ့ဆိုတာက Democratization period တစ်ခုပေါ့။ ဥပမာ Democratization နဲ့ ဖက်ဒရယ်ကို Transition နဲ့ သွားတယ်ကို။ transitional period တစ်ခုမှာ ဘယ်လို အကောင်အထည် ဖော်မလဲဆိုတဲ့ Methodology လို့လည်း ပြောလို့ရ တယ်။ ဒီဟာက အစိုးရအနေနဲ့ ဒီဟာရဲ့ Methodology ကို အကောင်အထည် ဖော်တယ်ဆိုတော့ အစုအဖွဲ့ ၃ ခုနဲ့ သွားမယ်ဆိုတဲ့ road map ကို အကောင်အထည်ဖော်တယ်လို့ ကျနော်မြင်ပါတယ်။

မေး ။ ။ အဲဒီ ပြဋ္ဌာန်းထားချက်မှာ နိုင်ငံတော်သမ္မတက ကောင်စီရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ကို ပေးအပ်ရမယ် ဆိုပြီးပါတော့ ကောင်စီက ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရှိနိုင်မလဲ။
ဖြေ ။ ။ ဒီဟာကတော့ ကျနော် မြင်တာကတော့ အခုလက်ရှိ ကော်မရှင်ပေါ့။ စစ်ကော်မရှင်အကြံပေးနဲ့ သွား တယ်။ နောက်တစ်ခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး အဖွဲ့တုန်းကလည်း ဒီလိုပဲလေ။ စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ အကြံပေး ကော်မတီဆိုတာ သပ်သပ် ထုတ်တယ်လေ။ အဖွဲ့ဝင်လုပ်တယ်၊ အကြံပေးကော်မတီလိုက သပ်သပ် လုပ်တယ်။
အဲဒါက ဘာလဲဆိုတော့ ကျနော် မြင်တာကတော့ State Counsellor, counselling group ကို ဖွဲ့တယ်လို့ မြင်တယ်။ မြင်တော့ အဲဒီဟာက အမှန်ကောင်းတယ်။ ကောင်းတယ်ဆိုတာက လက်ရှိအုပ်ချုပ်ရေးကို သွားတဲ့ အစိုးရပေါ့နော်။ အုပ်ချုပ်ရေးကို ဦးဆောင်တဲ့အစိုးရက လက်ရှိ ကျနော်တို့နိုင်ငံရဲ့ အခင်းအကျင်းက ရှုပ်ထွေးတယ်။ ခက်လည်းခက်ခဲပါတယ်။ အာဆီယံ level , နောက် regional level, ကျနော်တို့ ဘယ်လို ပြောရမလဲ power balance ဖြစ်နေတဲ့ balancing လုပ်နေတဲ့ အင်အားကြီး နိုင်ငံတွေကြားမှာ ရပ်တည်ဖို့ဆိုတာ အစိုးရတစ်ရပ် တစ်ခုတည်းနဲ့ မလုံလောက်ဘူး ကျနော် မြင်တာတော့လေ။ ပညာရှင်အစုအဖွဲ့လိုတယ်။ Think tank သဘော မျိုးပေါ့။ State Think tank လို့ပဲ ကျနော်ကတော့ မြင်တယ်။ Think tank သဘောမျိုးနဲ့ အတူသွားရင်တော့ ပိုကောင်းတယ်။
ဘာလို့ဆို အကောင်အထည် ဖော်ဖို့အတွက် အလုပ်ရှုပ်တဲ့ အခါကြတော့ တချို့ဟာတွေက မစဉ်းစားမိတဲ့ အချက် တွေရှိတယ်။ နောက်တစ်ချက်က ကျနော်တို့နိုင်ငံက ရှေ့လျှောက်သွားမယ့် အရွေ့မှာ လက်ရှိဖြစ်နေတဲ့ ကမ္ဘာ့ အခင်းအကျင်းကလည်း တအားမြန်တယ်လေ။ အပြောင်းအလဲတွေက တအားမြန်တယ်။ နောက်တစ်ခုက တခြား နိုင်ငံတွေရဲ့ ပေါ်လစီတွေ, Strategy တွေကို ကျနော်တို့က တောက်လျှောက် ထိုင်ပြီးတော့မှ လေ့လာနေ၊ သုံးသပ် နေတဲ့ State Counsellor အဖွဲ့ လိုအပ်တယ်။ ကျနော်ကတော့ သဘောကျတယ် ဒီဟာလေ။
ဘာလို့လဲဆိုတော့ နိုင်ငံတော်အစိုးရနဲ့ အတူတူ counselling လုပ်မယ့် အဖွဲ့တစ်ဖွဲ့က Think tank လုပ်မယ့် အဖွဲ့ တစ်ဖွဲ့က အကြီးကြီးပေါ့လေ။ State Think tank ပေါ့ အကြီးကြီး တစ်ခုခုရှိထားတယ် ပိုကောင်းတယ်။ ပိုပြီးတော့ မှ အလုပ်ကို အကောင်အထည် ဖော်တဲ့နေရာမှာ ပိုထိရောက်မယ် မြင်ပါတယ်။
မေး ။ ။ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီမှာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကိုက နိုင်ငံတော်သမ္မတက ခန့်အပ်ခွင့် ရှိတာမျိုး တွေ့ရတယ်။ ဆိုတော့ ဘယ်လိုလူပုဂ္ဂိုလ်တွေ ပါလာနိုင်ဖွယ်ရှိမလဲ။
ဖြေ ။ ။ ဥပဒေအကြောင်းအရ ဆိုရင်တော့ နိုင်ငံတော်သမ္မတက ခန့်အပ်တာ မှန်ပါတယ်။ ဘာကြောင့်လဲဆို တော့ နိုင်ငံတော်သမ္မတက လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရဆိုရင် အမြင့်ဆုံး နိုင်ငံ့ဥသျှောင် ဖြစ်နေတာကို။ သူက ပဲ စီမံခန့်ခွဲရတာဆိုတော့ ဒီဟာမှန်ပါတယ်။
ဘယ်လိုပုဂ္ဂိုလ်တွေ ပါလာနိုင်သလဲဆိုတော့ အဲဒီဟာတော့ ကျနော် သိပ်တော့ မခန့်မှန်းနိုင်ဘူး။ ပြောရတော့ ခက်တာပေါ့။ ဒါပေမယ့် တချို့ တိုင်းရင်းသား ဩဇာကြီးတဲ့ တချို့ပုဂ္ဂိုလ်များ ပါလာနိုင်တယ်လို့ ကျနော်မြင်ပါ တယ်။ အဲဒီလိုလေး ပါလာရင်လည်း ပိုကောင်းပါတယ်။ ညွန့်ပေါင်းပုံစံမျိုးကို ဖော်ဖြစ်ရင်တော့ ကောင်းတာပေါ့။ ကျနော်တို့ တိုင်းပြည်မှာလည်း အဲဒါလိုအပ်တယ်လေ။
ဘယ်လို လိုအပ်လဲဆို နိုင်ငံတော်ရဲ့ အပြောင်းအလဲတိုင်း နိုင်ငံတော်ရဲ့ ဦးဆောင်အဖွဲ့တွေမှာ ဗမာတိုင်းရင်းသား အုပ်စုပဲ ဆက်လက် ဦးဆောင်နေတာမျိုးက ငြိမ်းချမ်းရေးအတွက် ဆိုရင်လည်း ဒီဟာက သိပ်ပြီးတော့ အမြင် မတော်ဘူး။ မသင့်တော်ဘူး။ တိုင်းရင်းသား ပညာတတ်တွေထဲက ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ထည့်ပေးတယ် ဆိုရင်တော့ မဆိုးဘူးပေါ့။ ဒါကြတော့ politics အဖွဲ့မျိုး စုပေါင်းအဖွဲ့ပုံစံမျိုး leadership ကို အကောင်အထည် ဖော်နိုင်ရင်တော့ ပိုပြီးတော့မှ အဆင်ပြေမယ်လို့ မြင်ပါတယ်။ ကျနော်တို့နိုင်ငံ အနာဂတ်နဲ့ ပြန်တွက်ကြည့်မယ် ဆိုရင်တော့။

မေး ။ ။ လက်ရှိမှာ စစ်ရေးအရ ကြည့်မယ်ဆိုရင် ကချင်ဘက်က KIA နဲ့ ရခိုင်ဘက်က AA နဲ့ တရုတ်ကြားမှာ ဘယ်လိုသဘောထားတွေ တွေ့နေရလဲ။
ဖြေ ။ ။ အဲဒါကတော့ တရုတ်ရဲ့ ပေါ်လစီကို ကျနော်တို့ ခန့်မှန်းဖို့ လိုပါတယ်။ တရုတ်က ဘယ်လိုသွားချင် သလဲပေါ့။ တရုတ်က ဘယ်လိုသွားချင်သလဲဆိုတာ ကျနော်တို့ ခန့်မှန်းနိုင်တယ်ဆိုရင် ခုနက ရခိုင်ကိစ္စတွေ၊ ကချင်ကိစ္စတွေက ဆောင်ရွက်ရတာ ပိုပြီးတော့မှ လမ်းကြောင်း မြင်တယ်လို့ ကျနော်ယူဆတယ်။ တရုတ်ရဲ့ လုပ်နိုင်တဲ့ ပေါ်လစီကို မသိဘူးဆိုရင်တော့ ခက်တယ်ပေ့ါ။
တရုတ်က သူ့သဘောထားကတော့ ဘယ်လိုလဲဆိုတော့ လက်ရှိ ဗဟိုအစိုးရမှာ အားကောင်းတဲ့၊ ခိုင်မာတဲ့ institution တစ်ခုခုက ဦးဆောင်တာကို သူကြိုက်တယ်။ နောက်တစ်ချက်က ဘာလဲဆိုတော့ tax autonomy ပေါ့ autonomy trade တွေကို ငြိမ်းချမ်းရေးနဲ့အတူ ဖော်ဆောင်တဲ့ ပုံစံမျိုးတွေလည်း သူလိုလားတယ်လို့ ကျနော် မြင်တယ်။
ဘာကြောင့်လဲဆို သူ့ရဲ့နယ်စပ်မှာ သူအထိုင်ချတဲ့ ပုံစံတွေက အခုလက်ရှိ စစ်ပွဲတွေမှာ စစ်ရေးပဋိပက္ခတွေမှာ ကြည့်မယ်ဆိုရင် အဲဒီလိုပုံစံမျိုးကို ကျနော်တို့ သုံးသပ်လို့ရတယ်။ အဲဒီအထိုင်ပေါ်မှာ ငြိမ်းချမ်းရေး process ကို ဘယ်လို စဉ်းစားမလဲပေါ့။ နောက်တစ်ခါ ရခိုင်ကိစ္စတွေ၊ ရှမ်းမြောက်ကိစ္စ၊ ကချင်ကိစ္စတွေမှာ ဘယ်လို အကောင် အထည် ဖော်မလဲဆိုတဲ့ဟာက လမ်းကြောင်းပုံစံမြင်တယ်။ ဒီဘက်က စဉ်းစားချက်ကလည်း ပုံစံတစ်မျိုး၊ ပုံစံ အသစ် new ideology ကို နည်းနည်းလေး စဉ်းစားဖို့လိုတယ်။ အဲဒါက ပြည်ထောင်စုအတွက် အရေးကြီးတယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတဲ့ အချက်အလက်တွေအပေါ်မှာ အထိုင်ထား ပြီးတော့မှ new ideology ထည့်ပြီးတော့မှ စဉ်းစားမယ်ဆိုရင်တော့ အဖြေမှန်နဲ့ နီးစပ်မယ်လို့ ယူဆပါတယ်။ ဒါအစိုးရသစ်ရဲ့ ကြီးမားတဲ့ တာဝန်တစ်ခုလို့ မြင်ပါတယ်။
မေး ။ ။ လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင်တွေထဲ KIA နဲ့ AA က ပိုပြီး အင်အားကြီးထွားပြီး တောင့်တင်း လာတာ၊ အခိုင်အမာ ရပ်တည်လာနိုင်တာက ဘယ်လိုအခင်းအကျင်းတွေကြောင့် ဖြစ်နိုင်မလဲ။
ဖြေ ။ ။ အဲဒါက ပြောရရင်တော့ geopolitics အများကြီး သုံးသပ်ဖို့လိုမယ်။ ဘာလဲဆိုတော့ တရုတ်နဲ့ အိန္ဒိယရဲ့ ရပ်တည်ချက်တွေ၊ မူဝါဒအပြောင်းနဲ့ သူတို့ရဲ့ အရွေ့တွေက ဘယ်လိုပုံစံလဲ ဆိုတဲ့ဟာက ဒီတစ်ချက်ပေါ်မှာ ကျနော်တို့ မြင်ရတယ်။
ဘာကြောင့်လဲဆိုတော့ KIA ရော၊ AA ရော နှစ်ခုစလုံးက အိန္ဒိယရော၊ တရုတ်ရော နှစ်ခုစလုံးနဲ့ ဆက်ဆံနေရတဲ့ အနေအထားရှိတယ်။ ဆက်ဆံနေရတယ်ဆိုတာက နယ်ခြားမှာ တိုက်ရိုက် ထိတွေ့ဆက်ဆံရတဲ့ အနေထားရှိ တယ်။ ရှိတဲ့အခါမှာ ကျနော် ကြည့်လို့ရတဲ့ အရဆိုရင်တော့ သံတမန်ရေးရာ သော်လည်းကောင်း၊ နောက်တစ်ခါ နယ်စပ်ကိစ္စတွေမှာ ထိတွေ့ဆက်ဆံမှုတွေ သော်လည်းကောင်း၊ အိန္ဒိယအစိုးရ သော်လည်းကောင်း၊ တရုတ်အစိုးရ သော်လည်းကောင်း တိုက်ရိုက် ဖိအားပေးဆက်ဆံတဲ့ ပုံစံသိပ်မတွေ့ရဘူး။
အဓိက,က သူတို့က ပြည်နယ်မူကို ရှေးရှုတဲ့ ဆက်ဆံရေးတွေကို တွေ့ရတယ်။ တွေ့ရတဲ့ အခါကြတော့ တရုတ်နဲ့ အိန္ဒိယရဲ့ alliance ပုံစံအပြောင်းက ပြီးခဲ့တဲ့ SCO summit မှာ မိုဒီနဲ့ ရှီကျင့်ဖျင် နောက်ဆုံး တွေ့ထားတဲ့ဟာ။ ကြားထဲမှာလည်း သူတို့ ပေါ်လစီတွေ ဘယ်လို လုပ်လဲမသိဘူး။ အဲဒီနောက်ပိုင်းမှာ ပေါ်လာတဲ့ အနေအထားအရ ဆိုရင် ဘာတွေ တွေ့ရလဲဆိုတော့ ပန်ဆောင်-ကန်ပိုက်တီ trade road တွေဘာတွေ သူတို့ အကောင်အထည် ဖော်ဖို့ရှိတယ်။
လာမယ့် အစိုးရ အခင်းအကျင်းမှာ ဘာလုပ်မလဲ ကျနော်တို့ ပြောလို့တော့ မရသေးဘူးပေါ့။ ဒါပေမဲ့ ပိုပြီးနီးစပ် လာတဲ့ သဘောတရားရှိတဲ့ အနေအထားပေါ်မှာ AA နဲ့ KIA ရဲ့ ရပ်တည်ရှင်သန်မှုတွေ၊ သူတို့ရဲ့ ဆောင်ရွက်ချက် တွေဟာ အိန္ဒိယနဲ့ တရုတ်ရဲ့ အနေအထား၊ မြန်မာအစိုးရ ဆက်စပ်မှု diplomacy က အရေးကြီးလာတယ်။ အဲဒါ အပေါ်မှာ သုံးသပ်ပြီးတော့မှ ပိုပြီးချဉ်းကပ်ဖို့ လိုမယ်။ မဟုတ်ရင်တော့ နည်းနည်းခက်တယ်လို့ ကျနော်မြင်တယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 3082
CNI Interview
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် အလွန်ဖွံ့ဖြိုးမှု နိမ့်ကျပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲကာ ကုန်သွယ်စီးဆင်းမှု အားနည်းလျက်ရှိနေသည်။
အဆိုပါ ဒေသတွင် နာဂလက်နက်ကိုင်အဖွဲ့များနှင့် ကသည်း လက်နက်ကိုင် အဖွဲ့ပေါင်းစုံ လှုပ်ရှားလျက်ရှိသည်။
ထို့နောက် နာဂဒေသတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပခဲ့ရာမှာတော့ နာဂအမျိုးသားပါတီ(NNP) မြို့နယ် ၃ ခုစလုံးမှာ အနိုင်ရရှိခဲ့သလို ခန္တီးမြို့နယ်မှာလည်း အနိုင်ရရှိခဲ့သည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး နာဂအမျိုးသားပါတီ(NNP)ဥက္ကဋ္ဌ ဦးရှုမောင်ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ ဦးရှုမောင်, နာဂဒေသမှာ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ ပြည်သူတွေ မဲလာပေးမှု အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ ပြည်သူတွေ မဲလာပေးတဲ့ အခြေအနေကတော့ အခက်အခဲတွေ အများကြီးရှိတယ်။ အဲ့ဒါ ကတော့ မဲစာရင်းမှာ မပါတဲ့ဟာတွေ ပထမ။ ဒုတိယ နှစ်ကြိမ်မှာပါပြီးတော့ နောက်ဆုံးအကြိမ်မှာ ပြုတ်သွားတာ တွေ အဲ့ဒီလိုမျိုးတွေ အများကြီးရှိတယ်ဗျ။
ပထမ, ဒုတိယနှစ်ကြိမ်မှာ မပါပဲနဲ့ နောက်ဆုံး အခုနောက်ဆုံး ထုတ်ပြန်တဲ့အချိန်မှာကြမှ ပါတဲ့ဟာတွေလည်း ရှိတယ်။ ဒါပေမယ့် ပါတဲ့ဟာကလည်း နံပါတ်တွေက လွဲနေတာတို့ အဲ့ဒီလိုမျိုးလေးတွေက ပြန်ဖြစ်နေတာ။
ဆိုတော့ ပထမနှစ်ကြိမ်မှာ မပါလို့ဆိုပြီး ပြန်သွားပြောထားတဲ့ အတွက်ကြောင့်မို့လို့ နောက်ဆုံးအကြိမ်ကျတော့ ပါတော့ ပါလာတယ်။ ဒါပေမယ့် ဟိုစာရင်းတွေက ပြည်သူအတွက်တော့ အဲ့တုန်းက ကြေညာပေးတာ နောက်ဆုံး တတိယအကြိမ် ဖြစ်သော်လည်း အဲ့ဒီမပါတဲ့ ပထမနှစ်ကြိမ်မှာ မပါတဲ့ လူအတွက်တော့ ပထမဆုံးကြိမ် ဖြစ်တာ ပေါ့။
အဲ့တော့ နာမည်စာရင်းတွေက တချို့ဟာတွေက လွှဲနေတာတွေရှိတယ်။ အဖေ အမေလွှဲတာ၊ မှတ်ပုံတင်လွှဲတာ အဲ့ဒီလိုတွေရှိတယ်။ နောက် အဲ့ဒါထက်ကတော့ ပိုဆိုးတာက ပထမနှစ်ကြိမ်မှာပါပြီး တတိယ နောက်ဆုံးအကြိမ် မှာ မပါတဲ့သူတွေလည်း အများကြီး ဖြစ်သွားတာပေါ့နော်။ အဲ့လိုမျိုးလေးတွေလည်း ရှိပါတယ်ဗျ။
ပြီးတဲ့ အခါကြတော့ မဲလာမပေး အဲ့ဒါကတော့ စာရင်းနဲ့ပတ်သက်ပြီးတော့ မဲစာရင်းနဲ့ ပတ်သက်ပြီးတော့ပေါ့လေ အဲ့ဒီလိုမျိုးလေးတွေ၊ လွှဲမှားမှုလေးတွေ၊ လွှဲချော်မှုလေးတွေ၊ အဲ့ဒီလိုမျိုးလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် လာပေးကြတယ်။ လာပေးတဲ့အခါမှာ တချို့က ဟိုဟာပေါ့နော်။ အကြောင်း အမျိုးမျိုးကြောင့် လာမပေး လာပေးတဲ့လူတွေရဲ့ ဟိုဟာပေါ့နော်။ ပေးပိုင်ခွင့်ရှိတဲ့ လူတွေ အကုန်လုံးတော့ လာမပေးဘူးဗျ။ လာမပေးဘူးဆိုတာ သူတို့ကိစ္စနဲ့ သူတို့ရှိရင်လည်းရှိမှာပေါ့ဗျာ။ အဲ့လိုမျိုးလေးတွေတော့ရှိတယ်။
သို့သော်လည်း လာပေးတဲ့ လူတွေရဲ့ အနေအထားနဲ့ဆိုရင်တော့ ကျနော်တို့က မဲပေးတဲ့သူတွေ အနေနဲ့တော့ ကျနော်တို့ နာဂဒေသတစ်ခုထဲနဲ့ ပြောမယ်ဆိုရင်တော့ အားရပါးရတော့ လာပေးတဲ့ပုံစံတော့ ရှိပါတယ်ဗျ၊ ဟုတ်ကဲ့။

NSCN-K/AM နာဂလက်နက်ကိုင်ကို တွေ့ရစဉ်
မေး ။ ။ အခုလိုမျိုး နိုင်ထားတဲ့အပေါ်မှာ လွှတ်တော်ထဲ ရောက်သွားတဲ့ အခါကြလို့ရှိရင် နာဂအရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေဆက်လုပ်သွားဖို့ ရှိမလဲ။
ဖြေ ။ ။ ဒါကတော့ ဟိုဟာ နှစ်ပိုင်းလောက်ရှိမှာ တစ်ပိုင်းက ကျနော်တို့ ဒီနိုင်ငံတော်ရဲ့ ဖက်ဒရယ် ဒီ ၂၀၀၈ ဖွဲ့ စည်းပုံ ပြုပြင်ပြောင်းလဲရေးသော်လည်းကောင်း၊ ဖက်ဒရယ်နိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေးနဲ့ ပတ် သက်ပြီးတော့ လုပ်ကြကိုင်ကြရမဲ့ အခြေအနေမျိုးမှာ သော်လည်းကောင်းကတော့ ဒါကျနော်တို့ကတော့ ဒါနိုင်ငံ တော်အဆင့် လုပ်ဆောင်ရမဲ့ အပိုင်းတွေမှာလည်း ကျနော်တို့က ဒါကတော့ ဘယ်လိုလုပ်ကြမယ်၊ ကိုင်ကြမယ်ဆို တဲ့ အတိုင်းအတာတော့ ကျနော်တို့က ပါဝင်ဆောင်ရွက်ပြီးတော့ အဲ့ဒီလို နိုင်ငံတော်အတွက်ကို ဒါကျနော်တို့လည်း ဒါတက်နိုင်တဲ့ ပုံစံမျိုးနဲ့ ကျနော်တို့လည်း အတက်နိုင်ဆုံး ကျနော်တို့ ကြိုးစား ပါဝင် ဝန်းရံပေးဖို့ဆိုတဲ့ အနေ အထားတော့ ဒါက နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး အတွက်လည်း အကောင်းဆုံး ကျနော်တို့ အဲ့ဒီလို ပါဝင် ဖို့ရှိမှာပေါ့နော်။
နောက်ပိုင်းကတော့ ဒါ ပြည်သူတွေ ကျနော်တို့ ပြောကြားတဲ့ ဒီအုပ်ချုပ်ရေးတွေ၊ အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ကိစ္စတွေ ပေါ့၊ အဲ့ဒါတွေကတော့ ကျနော်တို့ ဒါဥပဒေထဲမှာ ပေးအပ်ထားတဲ့ အပ်နှင်းထားတဲ့ အတိုင်းပဲ ကျနော်တို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရနဲ့လုပ်နိုင်မဲ့ လုပ်ငန်းတွေရှိမယ်၊ ပြည်ထောင်စုကနေ လုပ်နိုင်မဲ့ လုပ်ငန်းတွေရှိမယ်။ ဒီကဏ္ဍတွေကိုလည်း ကျနော်တို့ကတော့ ရှိမှာပေါ့နော်။
အဓိက,ကတော့ အဲ့ဒါတွေကတော့ ပုံမှန်လုပ်ရိုးလုပ်စဥ်ပေါ့ဗျာ။ လွှတ်တော်အမတ်တွေ၊ ဒေသအဖွဲ့တွေ၊ အစိုးရ အဖွဲ့တွေက ဒီအပေါ်မှာ ဖွံ့ဖြိုးရေး လုပ်ငန်းဆိုတာကတော့ ဘယ်အစိုးရ တက်တက် လုပ်နိုင်ရမဲ့ကိစ္စတွေပေါ့။ ဒါပေမယ့် ခုနကပြောတဲ့ဒေသ၊ နာဂလူမျိုးနဲ့ ဆက်စပ်တဲ့ကိစ္စ၊ နောက် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကိစ္စ၊ ပြီးရင် အခြေခံဥပဒေ ပြောင်းလဲရေးကိစ္စ၊ အခြားလိုအပ်သော ဥပဒေပြုရေးနဲ့ ကိစ္စတွေလည်းပါတယ်။
အဲ့တော့ ကျနော်တို့က အနိုင်ရတဲ့ပါတီ ခေါင်းဆောင်တွေ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ထမ်းဆောင် ကြရဖို့လိုတယ်။ ဒါကတော့ အဲ့ဒီလိုတော့ လုပ်ဆောင်ကြဖို့တော့ ရှိမှာပါ ဟုတ်ကဲ့ပါ။

ပန်ဆောင် နယ်စပ်ကုန်သွယ်ရေး ဒေသကိုတွေ့ရစဉ်
မေး ။ ။ အခုလက်ရှိ အခြေအနေအရဆိုရင် နာဂအမျိုးသားပါတီ အနေနဲ့ စစ်ကိုင်းတိုင်း လွှတ်တော်ရဲ့ အရေး ကြီးတဲ့ ရာထူးအပိုင်းတွေ၊ အစိုးရအဖွဲ့ထဲမှာတွေ ပါလာနိုင်မလား။
ဖြေ ။ ။ စစ်ကိုင်းတိုင်း ပြည်ထောင်စုလွှတ်တော်မှာ ခုနက ကျနော်ပြောတဲ့ ပြည်ထောင်စုလွှတ်တော်မှာ လည်း ကျနော်တို့ ကိုယ်စားလှယ် ရထားတယ်လေ၊ ပြည်သူ့လွှတ်တော်၊ ပြည်သူ့လွှတ်တော် ၄ ယောက်၊ အမျိုး သား လွှတ်တော် ၁ ယောက်ဆိုတော့ ၅ ယောက်။ ပြည်ထောင်စုအဆင့်မှာ ကျနော်တို့က ၅ ယောက် ရှိတယ်။
နောက်ပြီးတော့ ဟိုဟာ တိုင်းဒေသအစိုးရ လက်ထက်မှာ Sorry တိုင်းဒေသအစိုးရ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရထဲမှာတော့ အစိုးရ/လွှတ်တော်အထဲမှာတော့ ကျနော်တို့က ဒါကတော့ အစိုးရ စုဖွဲ့မှု အတိုင်းအတာ ထဲမှာတော့ ပါမလား မပါလားဆိုတာတော့ အစိုးရစုဖွဲ့မှု အနေအထား တစ်ခုကတော့ ဒါ အဲ့ဒါကတော့ အစိုးရ ဖွဲ့တဲ့ အချိန်ကျမှပဲ ကျနော်တို့ သိရမှာပေါ့နော်။ ဒါပေမယ့်လည်း လွှတ်တော်ထဲမှာကတော့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ထဲမှာကတော့ ကျနော်တို့က တိုင်းဒေသလွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့တော့ လက်ရှိ အရ တော့ ၃ ယောက် ၄ ယောက်ရှိမှာပေါ့၊ ကျနော်တို့ ၄ ယောက်ပါမှာ ဖြစ်ပါတယ်။
အဲ့ဒါ ၄ ယောက် ပါမယ်ဆိုတာက နိုင်သူအကုန်ယူ အနေနဲ့ နိုင်တဲ့သူကိုပြောတာ ဖြစ်ပါတယ်။ PR တွေကကျတော့ ကျနော်တို့ ဘယ်လောက် ပါလာမလဲဆိုတာ ကျနော်တို့ သေချာ ဒါအားလုံး ရွေးကောက်ပွဲ ၃ ပိုင်းလုံးပြီးမှပဲ ကျနော် တို့ PR ကိစ္စတွေ သိရမှာပေါ့။ အဲ့ဒါကြောင့်မို့ ပြောရတာနည်းနည်း စောနေသေးတယ်လို့ ကျနော်က ပြောချင်တာ ပေါ့နော်။
မေး ။ ။ အခုဆိုရင် နာဂဒေသမှာ လက်နက်ကိုင်တွေလည်းများတယ်၊ နယ်စပ်ကုန်သွယ်ရေးတွေကလည်း အဆင်မပြေဖြစ်နေတယ်၊ ပြီးရင် ကုန်စျေးနှုန်း တိုးမြင့်မှုတွေကလည်းရှိနေတယ်။ အဲ့ဒါတွေအတွက် နာဂပါတီ အနေနဲ့ ဘယ်လိုမျိုးတွေ ဆောင်ရွက်သွားဖို့ ရှိမလဲ၊ ရွေးကောက်ပွဲအပြီးမှာ။
ဖြေ ။ ။ ဒါကတော့ ကျနော်တို့ အဓိက နယ်စပ်ကုန်သွယ်ရေးဗျ။ နယ်စပ်ကုန်သွယ်ရေးကို ကောင်းကောင်း မွန်မွန် ရှောရှောရှုရှုနဲ့ ကျနော်တို့ ဖွင့်လှစ်သွားမယ်။ နောက် ဒီနယ်စပ်မှာရှိတဲ့ နာဂလက်နက်ကိုင် အဖွဲ့အစည်း တွေကြားမှာ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဒါဒေသဖွံ့ဖြိုးရေးနဲ့ ဆက်စပ်တဲ့ကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ လူထုရဲ့ စားဝတ်နေရေး ကျနော်တို့ အောက်ပိုင်းကနေ ခန္တီး- ဒီမုံရွာတို့ ခန္တီးတို့ကနေ သယ်ယူပို့ဆောင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။
ဆီ(စက်သုံးဆီ)တို့၊ ဘာတို့ပေါ့ နောက်ထပ် ဆီ(စားသောက်ဆီ)၊ ဆား အဲ့ဒါတွေ အကုန်လုံးပေါ့ ဓာတ်ဆီတို့၊ ဘာတို့ဆိုတော့ ဒီကိစ္စတွေကကျတော့ ကျနော်တို့ နယ်စပ်ကုန်သွယ်ရေးအရ ပြန်လည် တင်သွင်းနိုင်ဖို့ ကျနော် တို့က ပိုပြီးတော့ လုပ်မယ်။ အဲဒါဆို စျေးလည်းချိုမယ် ပြီးလို့ရှိရင် မြန်လည်း မြန်ဆန်မယ်ဆိုတော့ ကျနော်တို့က အဲ့ဒီလိုမျိုးတော့ ရှိတယ်။
ဆိုတဲ့အခါကြ ကျနော်တို့ ဒီနယ်စပ်ကုန်သွယ်ရေးကိုတော့ ကျနော်တို့ သေသေချာချာလေးနဲ့ တည်တည်ငြိမ်ငြိမ် ဖြစ်အောင်တော့ ကျနော်တို့က ဆောင်ရွက်ရမဲ့ သဘောတော့ရှိတယ်၊ အဲ့ဒါဆိုရင်တော့ အများကြီး တောင့်ခံနိုင် မဲ့ အနေအထားတော့ ရှိတာပေါ့နော်။
- By CNI
- Category: အင်တာဗျူး
- Hits: 3475
CNI Interview
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
မြန်မာနိုင်ငံတွင် လက်နက်ကိုင် အဖွဲ့အစည်းများ မရှိတော့သည့်အခါ တပ်မတော်အနေဖြင့် လွှတ်တော်ကနေ အဆင့်ဆင့် လျှော့ချသွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ ပြည်သူ့စစ်များ၊ နယ်ခြားစောင့်တပ်ဖွဲ့များ စသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ရာနှင့်ချီ ရှိနေသည်။
အဆိုပါ လက်နက်ကိုင်ပေါင်းများစွာ တည်ရှိနေသော မြန်မာနိုင်ငံအား ဒီမိုကရေစီ ထွန်းကားရေး၊ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး အားလုံး ကြွေးကြော် တည်ဆောက်လျက်ရှိသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာကို တွေ့ရစဉ်
မေး ။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသွားတာပေါ့။ လက်နက်ကိုင်တွေမရှိမှ တပ်က လွှတ်တော်ထဲ မှာ ပါဝင်မှုကို လျှော့ချမယ်ပေါ့။ လက်နက်ကိုင်တွေ မရှိမှဆိုတာက မဖြစ်နိုင်ဘူးလို့ အားလုံးသိတယ်။ ဒီလိုမျိုး ပြောဆိုလိုက်တာက ဘာကြောင့်ဖြစ်နိုင်လဲ။
ဖြေ ။ ။ အဲဒါကတော့ သွယ်ဝိုက်တဲ့နည်းနဲ့ လွှတ်တော်နိုင်ငံရေးမှာ တပ်က အမြဲတမ်းပါမယ်လို့ ပြောတာနဲ့ အတူတူပါပဲ။ အကြောင်းပြချက်က မခိုင်လုံဘူးလေ။ နောက်ပြီးတော့ လက်နက်ကိုင် မရှိမှလို့ ပြောတဲ့ဟာက တစ်ခါတလေ လက်နက်ကိုင်အားလုံးက လက်မှတ် ထိုးချင်ပါပြီလို့ ပြောတာတောင်မှ တချို့ကို သူကပဲ ချန်ထား ခဲ့တာပါ။
တမင်တကာ ချန်ထားခဲ့တာ ရှိခဲ့တော့။ အဲဒီလို ချန်ထားနေသမျှတော့ ဘယ်လိုလုပ်ကုန်မလဲ လက်နက်ကိုင် က တော့။ အဲဒါကြောင့် ဒါကတော့ negative နည်းနဲ့ ပြောလိုက်တဲ့ သဘောပါပဲ
မေး ။ ။ ဒါဆို လက်နက်ကိုင်တွေ မရှိတော့မှ ဆိုတာမျိုး မဟုတ်ဘဲနဲ့ တပ်က လွှတ်တော်ထဲ ပါဝင်မှုကို ဘယ်လို လျှော့ချလို့ ရနိုင်မလဲ။
ဖြေ ။ ။ Civilian Supremacy (အစိုးရနှင့် နိုင်ငံတော်၏ အမြင့်ဆုံး အာဏာကို စစ်တပ်မဟုတ်ဘဲ အရပ်သား ခေါင်းဆောင်များကသာ ပိုင်ဆိုင်ပြီး ထိန်းချုပ်ခြင်း)ပေါ့။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အရပ်ဘက် အုပ်ချုပ်ရေး အရပ်သားတွေ အစိုးရအောက်မှာ လက်နက်ကိုင်တွေ ရှိရမယ်ဆိုရင်တော့ Civilian Supremacy ကို လိုက်နာမယ် ဆိုရင်တော့ လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးက အရပ်သားဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး အောက်မှာ ရှိရမယ်။
အဲဒီ ကာကွယ်ရေးဝန်ကြီးအောက်မှာမှ တပ်ကိုအုပ်ချုပ်တဲ့ တပ်ဗိုလ်တပ်မှူးတွေက ရှိတာကို။ သူတို့က နိုင်ငံရေး ကို တိုက်ရိုက် မပါဘဲနဲ့ တပ်ကနားပြီးတော့ အရပ်သားဖြစ်တော့မှ ကာကွယ်ရေးဝန်ကြီး လုပ်ရင်လည်း လုပ်ပေါ့ လေ နိုင်ငံရေးပါတီကနေ။ မလုပ်နိုင်ဘူးဆိုရင် အရပ်ဘက် Civilian Supremacy အရ ကာကွယ်ရေးဝန်ကြီးက အရပ်သားဖြစ်ရမယ်၊ အရပ်သား ကာကွယ်ရေးဝန်ကြီးအောက်မှာ လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိမယ်ဆိုရင်တော့ လွှတ်တော်နိုင်ငံရေးမှာ ဆက်ပါဖို့ မလိုတော့ဘူးပေါ့။ Professional army ဖြစ်သွားမှာပေါ့နော်။
တခြား အိန္ဒိယ army တို့လို၊ နီပေါတို့ ဘင်္ဂလားဒေ့ရှ် army တို့လို Professional army ဖြစ်သွားရင်တော့ Civilian Supremacy ကို လိုက်နာတဲ့အတွက် ပါဖို့မလိုတော့ဘူးပေါ့။ အဲဒီပေါ်လစီကို အဓိက ပြောရမှာဖြစ်ပါတယ်
မေး ။ ။ တကယ်လို့ စစ်တပ်အနေနဲ့ လက်နက်ကိုင်တွေ လုံးဝ မရှိတော့အောင် လုပ်ဆောင်မယ်ဆိုရင်ရော ဘယ်လို လုပ်ဆောင်သင့်တယ်လို့ မြင်မိလဲ။
ဖြေ ။ ။ လုပ်ဆောင်ဖို့ အားလုံးဘက်ပေါင်းစုံ စဉ်းစားပြီးပြီ။ ဦးသိန်းစိန် လက်ထက်တုန်းက လက်နက်ကိုင် အဖွဲ့တွေ အားလုံး ညီလာခံလုပ်ကြတယ်။ အဖွဲ့ ၂၀ ကျော်။ ဆွေးနွေးပွဲမှာ ၁၆ ဖွဲ့ပါလာတယ်။ ၁၆ ဖွဲ့ကလည်း NCA ပေါ်လာတဲ့အခါကြတော့ ပါဝင်လက်မှတ်ထိုးဖို့ အားလုံးက စိတ်ဝင်စားကြပါတယ်။
သို့သော် အဲဒီထဲကမှ မြောက်ပိုင်း သုံးဖွဲ့ပေါ့။ ညီနောင် သုံးဖွဲ့ကို ချန်ထားခဲ့တဲ့ အကျိုးဆက်က နောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခ ပိုကြီးလာတဲ့သဘောပေါ့။ အဲဒါကြောင့် Civilian Supremacy ပေါ်လစီကို အဓိက ခေါင်းဆောင်ကြီးတွေ သဘောပေါက်ဖို့ပဲ လိုပါတယ်။ အဲဒါသဘောပေါက်ရင် ရပါပြီ။
နောက် တပ်ကလည်းပဲ mind self လည်း ပြောင်းဖို့လိုတာပေါ့။ ဒီမိုကရေစီကို တကယ်အလေးအနက် လက်ခံ ယုံကြည်တယ်ဆိုရင်တော့ Civilian Supremacy ကို လက်ခံရမယ့် သဘောရှိတာပေါ့။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်နက်ကိုင်များကို တွေ့ရစဉ်
မေး ။ ။ ပြီးတော့ USDP ဥက္ကဋ္ဌ ဦးခင်ရီ ပြောသွားတာလည်း ရှိတယ်။ ရွေးကောက်ပွဲပြီးလို့ အစိုးရသစ် တက်လာတဲ့အခါမှာ အဲဒီအစိုးရသစ်က တပ်မတော်နဲ့ ကျောချင်း ရင်ချင်းကပ် မဆောင်ရွက်ရင် သေချာတယ် နောက်နေ့ အဲဒီအစိုးရသစ်က ပြုတ်မှာပဲဆိုပြီး ပြောသွားတဲ့အပေါ် ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ အဲဒီအပြောကတော့ ဒီမိုကရေစီရဲ့ မူရင်း သဘာဝကို ဆန့်ကျင်တဲ့ သဘောရှိပါတယ်။ နောက်တစ်ခု ကတော့ ဗမာပြည်ရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာပေါ့။ ဒီလိုရှိခဲ့တဲ့ဟာကို။ အဲဒီရှိခဲ့တဲ့ သမိုင်းကြောင်းအတိုင်းပဲ ဆက်သွားချင်တဲ့ပုံစံကို ပြောတယ်လို့ ယူဆရပါတယ်။
မေး ။ ။ USDP နဲ့ တပ်နဲ့ အစိုးရဖွဲ့နိုင်မှ အရွေ့တစ်ခုကို ရောက်မယ်လို့ ဆိုလိုချင်တာ ဖြစ်နိုင်မလား။ ဘယ်လို မြင်မိလဲ။
ဖြေ ။ ။ နည်းနည်းတော့ စဉ်းစားရခက်ပါတယ်။ ဘာကြောင့်ဆို သမ္မတကြီး ဦးသိန်းစိန် ၅ နှစ်မှာက ဘာပဲ ပြောပြော ထိန်းထိန်းသိမ်းသိမ်း လုပ်သွားတာ တွေ့ရတယ်။ နောက်ပိုင်း ဒေါ်စု ၅ နှစ်မှာလည်းပဲ ထိန်းထိန်း သိမ်းသိမ်း လုပ်သွားတာ တွေ့ရပါတယ်။ ညှိညှိနှိုင်းနှိုင်းပေါ့၊ ဒါပေမယ့် ၁၀ နှစ်ပဲခံတယ်။ ဒီမိုကရေစီရဲ့ အညွှန့် အညှောင့်က ၁၀ နှစ်ပဲခံပြီး ပျောက်သွားပြီးတော့ ပါတီစုံဒီမိုကရေစီ ပြန်လည် ထွန်းကားအောင် ပျိုးထောင်မယ်လို့ ကြွေးကြော်ကြပါတယ်။
တကယ့် ဒီမိုကရေစီအနှစ်သာရ၊ ပါတီစုံရဲ့အနှစ်သာရ Civilian Supremacy လို့ခေါ်တဲ့ ဒီမိုကရေစီ တိုင်းပြည်တွေ ရဲ့ အနှစ်သာရ အဲဒါတွေကို အဓိပ္ပါယ်ရှိရှိ အသက်ပါပါ ဖော်ထုတ်ဖို့တော့ လိုပါတယ်။ နားထောင်ကောင်းအောင် စည်းရုံးရေး သဘောဆောင်တဲ့ ပြောဆိုတာထက် လက်တွေ့ကျင့်သုံးလာဖို့လည်း လိုတယ်လို့ ယူဆပါတယ်
မေး ။ ။ အခုလိုမျိုး မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်က သိပ်ကြာရှည်မခံဘဲနဲ့ တစ်ဖန်အာဏာ ပြန်သိမ်းတာ တွေ ဖြစ်ဖြစ်လာတာကြတော့ ဘယ်လိုစနစ်တွေ၊ လုပ်ဆောင်တာတွေ မှားယွင်းနေတာကြောင့်လဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဖြေ ။ ။ ကျနော်တို့စနစ်က မှားနေတာ ဦးနု လက်ထက်ကတည်းက မှားနေတာပါ။ ပင်လုံစာချုပ် ချုပ်ပြီး ကတည်းကိုက မှားနေတာပါ။ ပင်လုံစာချုပ်ချုပ်တယ်၊ ပင်လုံစာချုပ်အတိုင်း မလုပ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း မရှိတဲ့ နောက်မှာ ပြည်ထောင်စု အမည်ခံ တစ်ပြည်ထောင်လုပ်တယ်။ အဲဒီတစ်ပြည်ထောင်ထဲမှာမှ ဦးနုက ဖဆပလ အနှစ် ၄၀ ခံရမယ်ဆိုပြီး ကြွေးကြော်ပြီးတော့ ၁၄ နှစ်လောက်မှာပဲ အကွဲအပြဲဖြစ်လာတဲ့ အခါကြတော့ တပ်နဲ့ပေါင်းတဲ့ဘက်ကနဲ့ မပေါင်းတဲ့ဘက် အရပ်ဖွဲ့မှုဖြစ်လာတယ်။ အဲဒီ ကစပြီးတော့ အကြီးအကဲတွေရဲ့ မရိုးမသား ဒီမိုကရေစီ အနှစ်သာရကို မဖော်ဆောင်ပဲ တစ်ပြည်ထောင်စနစ် လူမျိုးတစ်မျိုး အုပ်ချုပ်တဲ့စနစ်ကို ဖော်ဆောင်လာတဲ့အခါကြတော့ အဲဒီဟာက ဗိုလ်ချုပ်နေဝင်း ကနေစပြီးတော့ လက်နက်ကိုင် တပ်ကနေပြီးတော့ နိုင်ငံရေးအာဏာကို ဝင်ရောက်စွက်ဖက်တဲ့ဟာ အကျင့်ဖြစ်သွားတာပေါ့။
အဲဒါက အခုချိန်ထိ နှစ်ပေါင်း ၅၀ ကျော် ဆက်သွားနေတဲ့ သဘောရှိတာပေါ့။ ဒီသမိုင်းကြောင်း နောက်ခံက ဆက် ထိန်းချင်တဲ့ ပုဂ္ဂိုလ်တွေရှိသလို မလိုအပ်တော့ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီနှစ်ဖွဲ့မှာ ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ အချိန်က အခုချိန်ထိ မရခဲ့ဘူး။ မရသေးဘူးပေ့ါလေ။ အဲဒီ မရ သေးတဲ့အတွက် ကျနော်တို့ ဒီ အနိဋ္ဌာရုံတွေက ဆက်ရှိနေတယ်လို့ ယူဆရပါတယ်။
မေး ။ ။ ဒါဆို ရွေးကောက်ပွဲပြီးနောက် တက်လာမယ့် အစိုးရအနေနဲ့ ဒီမိုကရေစီစနစ်ကို အရင်ပုံစံတွေ အတိုင်း မဖြစ်အောင် ဘယ်လိုပြုပြင်ပြောင်းလဲသင့်တယ်လို့ ထောက်ပြချင်လဲ။
ဖြေ ။ ။ အဲဒါကတော့ ပြောရခက်ပါတယ်။ ကျနော် ဦးခင်ရီ ပြောတာကို နားထောင်ကြည့်ရခြင်း အားဖြင့် တော့ ဘယ်လိုပုံစံနဲ့ပဲ တက်တက် နည်းနည်းချည်ထားတဲ့ သဘောမျိုးလို့ ပြောတာတွေ့ရတော့ အခြေအနေတော့ သိပ်အကောင်း အပြောင်းကြီးတော့ ဟုတ်မယ်မထင်ဘူး။
သို့သော် ခေါင်းဆောင်တွေရဲ့ အကြီးအကဲတွေရဲ့ စိတ်စေတနာနဲ့ အမျှော်အမြင်ပေါ် မူတည်တာပေါ့လေ။ ဒါက တော့ နောက်ပိုင်းမှာ အဆုံးအဖြတ် ဖြစ်လာမှာပါပဲ။ ဒီလောက်ပဲပြောချင်တယ်။ ဒီထက်ပိုပြောလို့ မကောင်းဘူး။
- By CNI
- Category: အင်တာဗျူး
- Hits: 1030
CNI Interview
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် လျှို့ဝှက်သဘောတူညီချက် စာချုပ် တစ်ခု ချုပ်ဆိုထားသည်ဟု အမေရိကန်နိုင်ငံ အခြေစိုက် Silicon Valley Time မှ ဖော်ပြခဲ့သည်။
ထိုသဘောတူညီချက်အရ KIA က အိန္ဒိယကို မြေရှားသတ္တု ရောင်းပေးကာ အိန္ဒိယက KIA ကို လက်နက်ခဲယမ်းနှင့် ဆေးဝါးများ ပြန်လည်ထောက်ပံ့ပေးရန် အချက်များပါဝင်သည်။
လက်ရှိ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်တွင် ထွက်ရှိနေသော မြေရှားသတ္တုများကို KIA က ထိန်းချုပ်ထားပြီး တရုတ်မှ ဝယ်ယူနေသည်။
သို့သော် အိန္ဒိယနှင့် KIA ကြား လျှို့ဝှက်သဘောတူညီချက် စာချုပ်ချုပ်ဆိုထားသည်ဆိုသော သတင်းထွက်ပေါ် လာပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘ်ဘေး တာကူးရ်နှင့် စစ်သံမှူးတို့သည် ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

KIA နဲ့ မြေရှားသတ္တုကို တွေ့ရစဉ်
မေး ။ ။ KIA နဲ့ အိန္ဒိယတို့ရဲ့ လျှို့ဝှက်သဘောတူစာချုပ်က ဘယ်လို အခင်းအကျင်း ဖြစ်နိုင်မလဲ
ဖြေ ။ ။ ကျမ ကြားတာတော့ အိန္ဒိယက သံအမတ်ကြီးလား ဘာလား လာပြီးတော့ စစ်ကောင်စီကို ရှင်းပြနေ တယ်လို့ ကြားတယ်။ ဘာတွေ ရှင်းပြလဲတော့ မသိဘူး။ ဒါပေမယ့် KIA နဲ့ ဘယ်လိုပဲ ဟိုဒင်းပြုပြုပါ ပထဝီ အနေအထားအရ အဝေးကြီးလေ မလွယ်ပါဘူး။ ထင်တာမြင်တာ ပြောတာထင်တယ်။
နောက်တစ်ခုက ဒီလို မြေရှားသတ္တုတွေက ထွက်ထွက်ချင်း သုံးလို့ရတာ မဟုတ်ဘူးလေ။ သူက processing တွေ လုပ်ရတယ်။ အဲဒီ processing တွေလုပ်တာ တစ်ခုလုံးက တရုတ်က တာဝန်ယူပြီး လုပ်နေတာဖြစ်တယ်။
ဒါကြောင့်မို့လို့ ဒီသတင်းက ဟုတ်ချင်မှ ဟုတ်မယ်ထင်တယ် ကြည့်ရတာ။ တကယ်တော့ အဲဒီမြေရှားဆိုတာ တချို့ နိုင်ငံတွေမှာလည်း ရှိပါတယ်။ ဥပမာ အမေရိကလည်း အများကြီးရှိတယ်။ ဒါပေမယ့် process လုပ်လို့ရှိရင် ပတ်ဝန်းကျင် ထိခိုက်လို့ သူတို့က မလုပ်တာ။ တရုတ်ကတော့ အထိခိုက်ခံပြီးတော့ လုပ်တာပေါ့။ လုပ်ပြီးတော့ ဒါကို Leverage ပေါ့။ သူကိုင်ထားနိုင်တဲ့ ပစ္စည်းအဖြစ်နဲ့ ပြန်သုံးတာပေါ့။ အဲဒီတော့ ဒီမြေရှားက ဘယ်လိုပဲ KIA နဲ့ လက်မှတ်ထိုးထိုး၊ ဘာထိုးထိုး။
မေး ။ ။ ဒါဆို ဒီလိုမျိုး သတင်းထွက်လာတာကရော ဘယ်လိုနိုင်ငံရေးကစားကွက် ဖြစ်နိုင်မလဲ။
ဖြေ ။ ။ ကျမ ကြည့်တာတော့ KIA ကို နည်းနည်း အနှောင့်အယှက် ပေးတယ်နဲ့ထင်တယ် ဘက်စုံကလေ။ တချို့က KIA သူ့ဘာသာသူ ဟိုဒင်းလေး ဖြစ်နေတာကို KIA နဲ့ တရုတ်ကြားမှာလည်း အစားထိုးချင်တာပေါ့နော်။
တကယ်တော့ KIA က သူ့မြေရှားတွေ များသောအားဖြင့် တရုတ်ကို အကုန်လုံးလောက်နီးနီး တရုတ်ကိုပဲ ရောင်း နေတာ ကျမ သိသလောက်တော့။ တရုတ်ကုမ္ပဏီတွေပဲ သွားပြီးတော့ လုပ်နေတာပဲလေ။ အကုန်လုံး တရုတ် ကုမ္ပဏီတွေ ချည်းပဲ။
အဲဒီတော့ တရုတ်နဲ့ KIA တို့ကြားမှာ ပဋိပက္ခ ဖြစ်စေချင်လို့များ ဒီသတင်းလွှင့်လား မသိဘူး။ ဒါပေမယ့် သူတို့ မသိတာက အိန္ဒိယနဲ့ တရုတ်နဲ့က တော်တော်အဆင်ပြေနေပြီ။ သူတို့နှစ်နိုင်ငံပေါင်း သေနင်္ဂဗျူဟာ ဘာဆိုလဲ အဲဒါတောင် စဉ်းစားနေကြတယ်။ တော်တော်အဆင်ပြေ နေပါတယ်။
အဲဒါကြောင့် အိန္ဒိယလည်း ဗမာအစိုးရနဲ့ရော တရုတ်နဲ့ရော ပဋိပက္ခဖြစ်မယ့်ဟာ လုပ်မယ်လို့တော့ မထင်ဘူး။ ကုမ္ပဏီတွေအနေနဲ့ ဆွေးနွေးတာတွေ ရှိနိုင်တယ်။ ဒါပေမယ့် အစိုးရတစ်ရပ် အနေနဲ့တော့ ဖြစ်နိုင်မယ် မထင်ဘူး။

မြေရှားသတ္တု တူးဖော်နေစဉ်
မေး ။ ။ ဒါကတော့ မဖြစ်နိုင်ဘူးဆိုပြီးတော့ ရှုထောင့်ကနေ ပြောတာပေါ့နော်၊ တကယ်ပဲ ထွက်ပေါ်လာတဲ့ သတင်းကသာ မှန်တယ်ဖြစ်ခဲ့ရင် အိန္ဒိယက ဘယ်လိုကစားတာ ဖြစ်နိုင်မလဲ။
ဖြေ ။ ။ အိန္ဒိယကုမ္ပဏီတွေက ဒီလိုတော့ရှိတယ်။ အိန္ဒိယကုမ္ပဏီတွေနဲ့ တရုတ်ကုမ္ပဏီတွေနဲ့ Joint Venture တွေတော့ အများကြီး လုပ်နေတာတွေရှိတယ်။ အဲဒီတော့ အဲဒီကုမ္ပဏီတွေကနေ တဆင့် လုပ်သလား တော့ မပြောတတ်ဘူး။
မေး ။ ။ ဒါဆို မြန်မာ့အရေးကရော တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား ဘယ်လိုဖြစ်သွားနိုင်မလဲ။
ဖြေ ။ ။ ခုနက ကျမ ပြောသလိုလေ အိန္ဒိယနဲ့ တရုတ်ကြားမှာ သေနင်္ဂဗျူဟာဘက်စုံ မဟာမိတ်ဖွဲ့ရေး စာချုပ်တွေဘာတွေ ချုပ်ဖြစ်ရင်တော့ ဗမာပြည်ရဲ့အရေးကို ကိုင်တွယ်တဲ့အခါမှာ နှစ်နိုင်ငံပေါင်းပြီးတော့ တူညီတဲ့ ပေါ်လစီတို့ မူတို့ ချမယ်ထင်တယ်။ အဲဒီစာချုပ်တွေကိုက အဲဒီအဓိပ္ပါယ်လေ။ သူက တစ်ကမ္ဘာလုံး ချီတဲ့ဟာကို စဉ်းစားတာဖြစ်တာကို။
အဲဒီတော့ တရုတ်နဲ့ အိန္ဒိယကလည်း အဲဒီလို မချုပ်တောင်မှ ဥပမာ BRICS လိုဟာမျိုး၊ SCO လိုဟာမျိုး အဲဒီလို ဟာမျိုးတွေမှာ တရုတ်နဲ့ အိန္ဒိယနဲ့က အမြဲတွေ့နေ ဆွေးနွေးနေတာဖြစ်တော့ အဲဒီလို ပူးတွဲဆွေးနွေးတာပဲ လုပ် လိမ့်မယ် ထင်တယ်။ တစ်သီးတစ်ခြား တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပဋိပက္ခဖြစ်နိုင်တဲ့ ကနကောဇ ဖြစ်နိုင်တဲ့ မူတွေတော့ ချမှာ မဟုတ်ဘူးထင်တယ်။
အဲဒီတော့ ရွေးကောက်ပွဲ ပြီးရင်လည်း စစ်ကောင်စီနဲ့ အိန္ဒိယရော၊ တရုတ်ရော ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ထောင်မှာပဲ။ သူတို့နှစ်နိုင်ငံ ပဋိပက္ခဖြစ်စရာ အကြောင်းမရှိဘူး ထင်တာပဲ။ အခု ကျမ ကြားနေတာ အဲဒီ မြေရှား သတ္တုတွေ ရှာရင်း ရှာရင်းနဲ့ ရွှေတောင် တွေ့တယ်လို့ ကြားတယ်။ ဘယ်လောက်မှန်လဲတော့ မသိဘူး။ ရှိတာတော့ ရှိနိုင်မယ်ထင်တယ်။ ဒါပေမယ့် အဲဒါလုပ်တာက တရုတ်ကုမ္ပဏီတွေပဲ ကျမ သိသလောက်တော့။
- By CNI
- Category: အင်တာဗျူး
- Hits: 1566
CNI Interview
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရက ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မ တော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဖြုတ်ချလိုက်သည်။
ထို့နောက် မြန်မာ့တပ်မတော်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြသလို ပြန်လည် ဖြုတ်ချနိုင်ရေး လက်နက်ကိုင်များ၊ ဒီမိုက ရေစီအရေး လှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများ၊ NLD ခေါင်းဆောင်များနှင့် လွှတ်တော်အမတ်များက ကြိုးပမ်းလာခဲ့ သည်။
အဆိုပါ လက်နက်ကိုင် တော်လှန်ရေးကို ဆောင်ရွက်လာသည့်အခါမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သည် လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ စစ်သင်တန်းများပေးခြင်း၊ လက်နက်ခဲယမ်းများ တပ်ဆင်ပေး ခြင်းဖြင့် မြန်မာ့တပ်မတော် ဖြုတ်ချရေးကို ကြိုးပမ်းနေသည်။
တခြားတစ်ဖက်မှာတော့ KIA သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသ တစ်လျှောက်ဖြစ်သည့် ကချင်ပြည် နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးကို အကောင်အထည်ဖော်နေပြီး စစ်ကိုင်းတိုင်း အား ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
KIA ၏ ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေး အဓိက အတားအဆီးဖြစ်နေသည်မှာ ရှမ်းနီလူမျိုးများနှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ဖြစ်နေ၍ KIA က ရှမ်းနီလူမျိုးများနှင့် ရှမ်းနီလက်နက်ကိုင်များကို စစ်ရေး ထိုးစစ်ဆင်လျက်ရှိနေသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး တိုင်းလျန်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်ကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ အာဏာရှင် ပြုတ်ကျရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေါ့၊ လက်ရှိအခင်းအကျင်းမှာ EAO တွေအတွက် ဘယ်ဟာက ပိုပြီးလုပ်လာ နိုင်ဖွယ်ရှိလဲ။
ဖြေ ။ ။ ဒီ EAO တွေကတော့ နှစ်ပေါင်းများစွာ လုပ်လာတဲ့ အခါကြတော့ EAO ပိုင်းကတော့ တော်လှန်ရေး ပါးဝပြီလို့ ပြောလို့ရတာပေါ့။ သူတို့အကျိုးအတွက်ပဲ အဓိက အသုံးပြုသွားပါလိမ့်မယ်။ အာဏာရှင် ပြုတ်ကျရေး ဆိုတဲ့ အနောက်မှာ လက်နက်ကိုင်နေတဲ့ EAO တွေကလည်း သူတို့ကိုယ်သူတို့ ပြန်ဆန်းစစ်ဖို့လိုတယ်။ သူတို့လည်း အာဏာရှင်တွေပါပဲ။
အစိုးရဆိုတာ တပ်မတော်ကနေပြီး အာဏာထိန်းခိုင်းထားတာ။ သူက ဥပဒေနဲ့အညီ ဆောင်ရွက်တာတွေရှိတယ်။ EAO ကတော့ ဘာတွေ ဥပဒေရှိလဲ။ သူတို့ကတော့ လုပ်ကောင်းလုပ်ရင်တော့ သတ်ပစ်တာက ခပ်များများဆိုတော့ အာဏာရှင်ထက် ကြောက်စရာကောင်းတဲ့ အာဏာရှင်တွေတောင် ဖြစ်နေသေးတယ်။ ဒါကတော့ ၈၈ အရေးခင်း ပြီးတဲ့နောက် ကျောင်းသားတွေကြုံခဲ့ရပြီးပြီ။
ယနေ့အချိန်မှာတော့ ကျောင်းသားတွေက ၈၈ က အချိုးမျိုးတွေ ၂၁ မှာ လာမချိုးနဲ့ဆိုတာ အခုဖြစ်စဉ်တွေ အားလုံးက ၈၈ က ပုံစံအတိုင်းလို ဖြစ်လာတယ်ဆိုတဲ့ အခါကြတော့ ဒီအာဏာရှင် တော်လှန်ရေးလုပ်နေတဲ့ ကျောင်းသားတွေပေါ့။ အခု PDF တွေ တစ်နေ့ကြရင်တော့ EAO တွေရဲ့ မောင်းထုတ်ခြင်းကို ခံရမှာပါ။
အသုံးချပြီးရင်တော့ သူတို့မလိုချင်ရင် သူတို့မောင်းထုတ်ပါလိမ့်မယ်။ ဒါကလည်း ၁၉၉၄ ခုနှစ်မှာ KIO/KIA က နိုင်ငံတော်အစိုးရနဲ့ အဲဒီတုန်းက နဝတ အစိုးရပေါ့၊ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက်ပိုင်းမှာ ABSDF မြောက်ပိုင်းအဖွဲ့ကို မောင်းထုတ်ခဲ့တာ တွေ့ရပါတယ်။ ၁၉၉၆ မှာ သူတို့နယ်မြေမှာ မနေရဘူးဆိုပြီး မောင်းထုတ်ခဲ့တာ။ အခုဒီပုံစံအတိုင်းပဲ ဖြစ်လာပါလိမ့်မယ် PDF ကိစ္စတွေကလည်း။
မေး ။ ။ TNLA အခင်းအကျင်းပြီးနောက်မှာ နွေဦးတော်လှန်ရေးတွေက KIA ကို လမ်းကြောင်းပြောင်း ချိတ်ဆက်လာတာ တွေ့ရတာပေါ့။ ဆိုတော့ ဒီအခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် စစ်တပ်က ဘာလို့ KIA ကို ဖိဖိစီးစီး မဆောင်ရွက်နိုင်တာလို့ မြင်မိလဲ။
ဖြေ ။ ။ KIA က အခု နွေဦးတော်လှန်ရေးမှာ တော်လှန်တဲ့ ခေါင်းဆောင်ပိုင်းတွေရော၊ ရခိုင် AA အဖွဲ့ ခေါင်းဆောင်ပိုင်းတွေရော၊ နောက် CNF က၊ နာဂကတွေရော၊ သူက ဖားကန့်မှာ လုပ်ပိုင်ခွင့်တွေ ပေးထားတဲ့ အပိုင်းတွေလည်း ကြားသိရတယ်။ ကျောက်တူးခိုင်းတာပေါ့။
ကျောက်လုပ်ပိုင်ခွင့်တွေ ပေးထားတယ်၊ အခွန်ကောက်ခွင့်တွေ ပေးထားတဲ့ အခါကြတော့ KIA ကို သူတို့အနေနဲ့ ဗန်းစကားနဲ့ပြောမယ်ဆို ဖားနေရတာပေါ့။ မဖားရင် သူတို့ လုပ်ပိုင်ခွင့်တွေ အကုန်လျော့မယ်။ ဒါ စီးပွားရေးနဲ့ လုပ်ပိုင်ခွင့်အရ သူတို့ချုပ်ကိုင်ထားတယ်လို့ မြင်ပါတယ်။
မေး ။ ။ ဒီအခင်းအကျင်းကို ကြည့်ခြင်းအားဖြင့်ရော KIA အနေနဲ့ ပိုပြီးတော့ အင်အား မကြီးထွားလာ နိုင်ဘူးလား။
ဖြေ ။ ။ KIA က သူ့လူမျိုးတွေက သူ့တော်လှန်ရေးကို စိတ်ကုန်နေတဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ဗန်းမော်တိုက်ပွဲမှာဆိုရင် ကချင်လူမျိုးတွေ အများကြီး သေကြေပျက်စီးရတာကို တွေ့ရတယ်ပေါ့။ သူနဲ့ အပေါင်းအပါ အဝန်းအဝိုင်းတစ်ခုကတော့၊ သူနဲ့ ပေါင်းပြီး အကျိုးရှိနေတဲ့ လူကတော့ ဆက်ပြီးပေါင်းနေတဲ့ အပိုင်းတွေ ဘာလေးတွေ တွေ့ရတာပေါ့။ သူက အင်အား မကြီးထွားနိုင်ဘူးလားဆိုတဲ့ အပိုင်းကဏ္ဍမှာ သူအင်အား ကြီးထွားမှုကလည်း လက်ရှိအစိုးရနဲ့ နောက်တက်လာမယ့် အစိုးရအပေါ် အများကြီးမူတည်ပါတယ်။
ဘာကြောင့်လဲဆို KIA က အင်အားနည်းရင် အစိုးရနဲ့ အပစ်အခတ်ရပ်စဲတယ်။ အင်အားစုမယ်၊ အင်အား တောင့် လာရင် အစိုးရကို ပြန်တိုက်မယ်၊ သူ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ် တစ်လျှောက်လုံးမှာ ဒီပုံစံအတိုင်း ကျင့်သုံးခဲ့ တာ။ ၅ ကြိမ်လည်းမက၊ ၆ ကြိမ်လည်း မကတော့ဘူး။ တစ်ကြိမ်နှစ်ကြိမ်လည်း မဟုတ်ဘူး။ အဲဒီအခါကြတော့ ဒီအစိုးရက ဒါတွေကို ကြည့်ပြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်ရင် KIA ကို အပြီးပိုင်လက်နက် ဖြုတ်သိမ်းဖို့ လုပ်လိုက်ပြီဆိုရင် မြန်မာနိုင်ငံရဲ့ တစ်ဝက်ကျော်ကျော်လောက်က ငြိမ်းချမ်းရေး ရသွားနိုင်ပါတယ်။

မေး ။ ။ လက်ရှိ အခင်းအကျင်းအရ KIA နဲ့ အပစ်ရပ် မလုပ်နိုင်ရင် စစ်တပ်အတွက်က ဘယ်လိုအခင်းအကျင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိမလဲ။
ဖြေ ။ ။ သူနဲ့အပစ်ရပ်စဲရုံနဲ့တော့ ကိစ္စတွေ အကုန်လုံးက ပြီးသွားမှာ မဟုတ်ဘူး။ အခု သူမွှေးလိုက်တဲ့မီးက ရခိုင်ပြည်နယ်လည်း လောင်နေပြီ။ သူ့ကိုပဲ အဓိကဆွေးနွေးပြီးမှ ကျနော်တို့ ဘာလုပ်ကြမယ်ဆိုတော့ စဉ်းစား ကြရမှာပေါ့။ တကယ်လို့ ဆွေးနွေးလို့ မရရင်လည်း အစိုးရအနေနဲ့ ဘယ်လို တိုက်မလဲဆိုတာ နည်းလမ်းတော့ ရှာသင့်တယ်လို့ ကျနော်မြင်တယ်။
မေး ။ ။ ဒါဆို လက်ရှိ ကချင်ဒေသဘက်မှာရော စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်း ဘယ်လိုဖြစ်နေလဲ။
ဖြေ ။ ။ ကချင်ဒေသမှာကတော့ KIA ကတော့ နိုင်ငံရေး၊ စစ်ရေးကို တွဲပြီးမှ ကစားတတ်၊ မြင်တတ်တဲ့ အဖွဲ့ အစည်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သူက နိုင်ငံရေးကို စစ်ရေးနဲ့ ချိန်ကြည့်တဲ့ နေရာလေးတွေ ရှိတဲ့အခါကြတော့ သူ့ရဲ့နောက်က အဖွဲ့အစည်းတော်တော်များများ ရှိတဲ့အခါကြတော့ သူကိုယ်တိုင် လက်နက်မကိုင်ပေမယ့်လည်း မွေးထားတဲ့လူတွေနဲ့လည်း သူမကြိုက်တာလေးကို ဖိအားပေးလုပ်ကောင်း လုပ်လာနိုင်ပါတယ်။
ဥပမာဆိုရင် ကျနော်တို့ မဲဆွယ်စည်းရုံးရေးတွေ လုပ်တဲ့အခါမှာ မိုးညှင်း-မိုးကောင်း ဒေသလေးတွေ PDF တွေနဲ့ ထိတွေ့မှုတွေ၊ ပစ်ခတ်မှုလေးတွေ တော်တော်များများ စိပ်လာတာပေါ့နော်။ မဲဆွယ်စည်းရုံးရေး ကာလ တစ်လျှောက်မှာ။ ဒါလည်း KIA ရဲ့ ပရောဂမကင်းဘူးလို့ ပြောချင်တာပေါ့။
ဘာကြောင့်လဲဆိုတော့ ဟိုယခင်တုန်းက PDF တွေကို သူက လက်နက် မထုတ်ထားသေးဘူး။ မဲဆွယ်စည်းရုံးရေး ကာလနီးတဲ့ အခါကြတော့ PDF တွေကို လက်နက် ထုတ်ထားပေးတယ်ဆိုတဲ့ အခါကြတော့ တိုက်ပွဲလေးတွေ ဖြစ်လာတာပေါ့။
လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းက ဆိုရင်လည်း မိုးကောင်း- ၈ မိုင် လမ်းခွဲနားမှာ တိုက်ပွဲတွေ ဖြစ်ကြတယ်။ နန်းမားရှေ့မှာလည်း ဖြစ်ကြတယ်။ စိပ်စိပ် စိပ်စိပ် ဖြစ်လာတာပေါ့။ အဲဒါကလည်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင် တယ်။
အဲဒါကြောင့်မို့လို့ KIA က နောက်ကွယ် ကနေပြီးတော့မှ ပံ့ပိုးပြီးတော့မှ လုပ်ကောင်းလုပ်လာနိုင်တယ်ပေါ့။ သူကိုယ်တိုင်ကတော့ ရွေးကောက်ပွဲကို မဖျက်မဆီးဘူး။ ဒါပေမယ့် သူ့ဒေသမှာ ရွေးကောက်ပွဲ မကျင်းပဘူး။ ကျင်းပတဲ့ နေရာတွေမှာလည်း သူမွေးထားတဲ့လူတွေ တော်တော်များများ ရှိနေတယ်လေ။ အဲဒီရှိနေတဲ့ လူတွေနဲ့ သူကစားကောင်း ကစားလာနိုင်တယ်ဆိုတဲ့ အကြောင်းလေးတော့ ကျနော်ပြောချင်တယ်။

မေး ။ ။ KAI က PDF တွေကို လက်နက် တပ်ဆင်ပေးတာကရော ဘာကြောင့်ဖြစ်နိုင်မလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲနီးမှ လက်နက်တွေ တပ်ဆင်ပေးတယ်ဆိုတဲ့ အခါကြတော့ ဒီရွေးကောက်ပွဲနဲ့ပဲ သက်ဆိုင် လိမ့်မယ်လို့ ထင်တာပေါ့။ ဘာကြောင့် ဖြစ်နိုင်တယ်ဆိုတာထက်။ ခါတိုင်းဆိုရင်တော့ သူက တိုက်ပွဲတွေ လုပ်တော့မယ်ဆိုရင် လက်နက်တပ်ဆင်ပေးတယ်။ တိုက်ပွဲပြီးသွားရင် လက်နက်တွေ ပြန်သိမ်းတယ်။ အဲဒီလိုနဲ့ နေလာခဲ့တာ။
ကုန်ခဲ့တဲ့လ ၁ ရက်နေ့က စပြီးမှ နန်းမားက PDF တွေ၊ မိုးညှင်းဘက်က PDF တွေ အရှေ့တန်းကို ခေါ်ထားပြီးမှ လက်နက်တွေ အပြည့်အစုံ တပ်ဆင်ပေးခဲ့တယ်ဆိုတဲ့ အခါကြတော့ အခုတိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်လာ ပြီလေ။
မေး ။ ။ ဒါဆို လက်ရှိမှာရော စစ်ကိုင်းဘက်က ရှမ်းနီဒေသ အခင်းအကျင်းက ဘယ်လိုမြင်တွေ့ရလဲ။
ဖြေ ။ ။ အခုဗန်းမောက်လိုမျိုး ရွေးကောက်ပွဲ မကျင်းပတဲ့ နယ်မြေတွေကတော့ ဖြစ်နေကြတာပေါ့။ အခု ဗန်းမောက်ဆိုရင်တော့ တစ်ဝက်တော့ ပြန်ရပြီ။ မြို့တစ်ဝက်တော့ ပြန်ရပြီလို့တော့ သတင်းကြားပေမယ့် မြို့က တော့ မီးလောင်နေပြီ။ တော်တော်ဆိုးဆိုးဖြစ်တယ်လို့ ပြောပါတယ်။
သူတို့က ဆုတ်ရင်းနဲ့ အိမ်တွေကို မီးရှို့သွားတယ်လို့ ပြောပါတယ် PDF တွေက။ SNA ကတော့ အခုဟိုတယ်တွေ ရှိထားတဲ့ နေရာတွေ အထိတော့ သူတို့သိမ်းပိုက်မိပြီလို့ ပြောပါတယ်။ ဒါပေမယ့် ဒီဘက်ကလည်း ဆုတ်လိုက်၊ မီးရှို့လိုက်ဆိုတဲ့ အခါကြတော့ ဗန်းမောက်ကတော့ ပြာပုံများ ဖြစ်မလားမသိဘူးတဲ့ သူတို့လည်း အဲဒီလိုမျိုး စိုးရိမ်နေ ကြတယ်။

မေး ။ ။ ဒါဆိုရင် ဗန်းမောက်ဒေသကို အထူးသဖြင့် ရှမ်းနီဒေသကို ဘယ်လိုမျိုးပြန်ပြီး လုပ်ဆောင်သင့် တယ်လို့ မြင်မိလဲ။ စစ်ရေးအရပဲဖြစ်ဖြစ်ပေါ့ အကာအကွယ်ပေါ့။
ဖြေ ။ ။ ဗန်းမောက်ဒေသ ကာကွယ်ရေးကတော့ ကျနော့် အမြင်ကတော့လေ ကျနော်တို့ ကချင်ပြည်နယ်မှာ KIA အနေနဲ့ ဆွေးနွေးညှိနှိုင်းမှု ရပြီဆိုရင်တော့ သူရဲ့မွေးထားတဲ့ ကလေးတွေလိုပဲလေ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း PDF တွေ တော်တော်များများကတော့ ဒီဘက်က KIA ကိုပဲ အဓိကကိုင်ရမှာဖြစ်ပါတယ်။
အဲဒီဘက်က ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားအောင် ဆိုရင်လည်း ရှမ်းနီဒေသမှာရှိတဲ့ ရှမ်းနီလူမျိုးတွေကို ရှမ်းနီလူမျိုး တွေကတော့ နိုင်ငံတော်ကိုလည်း ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဖူးဘူး။ နိုင်ငံတော်ပျက်ဆီးမယ့် အရေးကိုလည်း ဘယ်တော့မှ လုပ်ခဲ့ဖူးတဲ့ လူမျိုးမဟုတ်ဘူး။
အဲဒီအခါကြတော့ KIA ကို ထိန်းညှိချင်တယ်ဆိုရင် ရှမ်းနီလူမျိုးတွေက ပြည်သူ့စစ်ရှိမယ်၊ SNA ရှိမယ်။ အဲဒါလေး ကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးပြီးမှ လုပ်ပေးခဲ့မယ်ဆိုရင် KIA ကို နိုင်ငံရေး၊ စစ်ရေးအရတော့ အများကြီး ထိန်းညှိသွားနိုင်မယ်လို့ ကျနော်ပြောချင်တယ်။
အရင်တုန်းကလည်း လုပ်ခဲ့ဖူးတယ် အဲဒီလိုမျိုး။ ၉၄ ငြိမ်းချမ်းရေး မယူခင်ပေါ့။ ရှမ်းနီလူမျိုးတွေကို လက်နက်တပ် ဆင်ပေးတဲ့ အတိုင်းအတာလေးတွေ လုပ်ပြီးတော့မှ KIA နဲ့ ငြိမ်းချမ်းရေး စကားပြောတဲ့ အတိုင်းအတာလည်း ရှိခဲ့ဖူးတယ်ဆိုတဲ့ အခါကြတော့ ယနေ့အချိန်မှာ ရှမ်းနီတွေလည်း သူအင်အား ရှိသင့်သလောက် ရှိလာပြီ။
ဒါပေမယ့် လိုအပ်တာတော့ လက်နက်ပဲ။ နိုင်ငံတော်က ရှမ်းနီကို လက်နက်တပ်ဆင် ပေးမယ်ဆိုရင်တော့ နိုင်ငံ ငြိမ်းချမ်းရေးအတွက်ကို အများကြီး အကျိုးရှိနိုင်ပါတယ်။ တိုင်းရင်းသားအချင်းချင်း ရန်တိုက်ပေးတာတော့ မဟုတ်ဘူး။ နိုင်ငံ ငြိမ်းချမ်းရေး အတွက်ကတော့ လုပ်ဆောင်ပေးသင့်တယ်လို့ ကျနော် ပြောချင်တယ်။
မေး ။ ။ ဒါဆို လက်ရှိအနေအထားမှာ SNA နဲ့ KIA က လက်နက်မယှဉ်နိုင်တာဖြစ်နေတာပေါ့ ပြဿနာက။
ဖြေ ။ ။ မှန်ပါတယ်ဗျ။ လက်နက်ပြဿနာပါ။ နိုင်ငံရေးကတော့ ကျနော်တို့ သူတို့ကို စကားအများကြီး ပြောလို့ရပါတယ်။ လက်နက်က အပြည့်အစုံ ရှိသွားပြီဆိုရင် ပိုလို့ ပြောအားရှိတာပေါ့။

မေး ။ ။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဘယ်လို မြင်မိထားလဲ။
ဖြေ ။ ။ ဒေါ်စု အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့မှ ကျနော် သိပ်ပြီးတော့မှ မဝေဖန်ချင်ဘူး။ ဘာလို့ဆို ဦးသိန်းစိန် လက်ထက်တုန်းကလည်း ပူးပေါင်း ပါဝင်မှုနဲ့ လုပ်လိုက်တဲ့ အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးပါဝါလည်း နည်းတဲ့ပါဝါ မဟုတ်ဘူးလေ။
လက်ရှိ အစိုးရကနေပြီးတော့ လွှဲပြောင်းပေးမယ် တက်လာမယ့် အစိုးရအပေါ်မှာလည်း အများကြီး မူတည်ပါလိမ့် မယ်။ သူ့အခန်းကဏ္ဍကတော့ သူ့ကိုလွတ်မြောက်ပြီးမှ လွှတ်ပေးလို့ နိုင်ငံရေးလောကထဲ ပြန်ဝင်ခဲ့ပြီဆိုရင် တစ်နိုင်ငံလုံးကို ပြောဆိုစည်းရုံးနိုင်မှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့နိုင်ငံရေးပါဝါ တော်တော်ကြီးပါတယ်။
မေး ။ ။ ဦးသန်းရွှေ လက်ထက်တုန်းက ဒေါ်စုက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။ ပြီးတော့ ဦးသိန်းစိန် လက်ထက်မှာ ၂၀၀၈ ဥပဒေကနေ သဘောတူညီချက်ရပြီး ကြားဖြတ်ရွေးကောက်ပွဲ ပြန်ဝင်ခဲ့တယ်။ အခု အခင်းအကျင်းအရရော ဒေါ်စုအနေနဲ့ ၂၀၀၈ အရ ပြန်ဝင်လာနိုင်ဖွယ်ရော ရှိပ့ါမလား။ ဒီဘက်က ကမ်းလှမ်းရင် ရော လက်ခံနိုင်ပါ့မလား ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ အဲဒါကလည်း ခုနကပြောသလို တက်လာတဲ့ အစိုးရအပေါ် အများကြီး မူတည်ပါလိမ့်မယ်။ တက်လာ တဲ့ အစိုးရကတော့ အရင် နဝတ၊ နအဖ လက်ထက်က ဖြစ်သွားတဲ့ ပြဿနာတွေရော၊ နောက် ဦးသိန်းစိန် လက်ထက်တုန်းက ကိစ္စတွေရော အားလုံးကို သူသင်ခန်းစာယူပြီးတော့ လုပ်လိမ့်မယ်လို့ ထင်တယ်။
မေး ။ ။ ဒါဆို ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းက အရွေ့တစ်ခုကို ရောက်နိုင် ပါ့မလား။
ဖြေ ။ ။ အဲဒါလည်း သူမရှိတဲ့ နောက်ပိုင်းလည်း တဖြေးဖြေးနဲ့တော့ ပြောင်းလဲမှုတွေ ဖြစ်သွားနိုင်ပါတယ်။ ဖြစ်သွားနိုင်တယ်ဆိုတာက ဘာလို့ဆို ဒေါ်အောင်ဆန်းစုကြည် ပါဝင် ကပြသွားတဲ့ အတိုင်းအတာ တစ်ခုကလည်း ကျနော်တို့ ၅ နှစ်တာ ကြုံခဲ့ရပြီးပြီလေ။
သူ့ရဲ့လုပ်ဆောင်ချက်တွေ အားလုံးကလည်း ပြည်သူပဲ ကြည့်ကြတာပေါ့နော်။ အဲဒီအခါကြတော့ သူမပါတော့ဘူး ဆိုရင်လည်း အရှိန်အဟုန် မပြင်းပေမယ့်လည်း တဖြေးဖြေးနဲ့တော့ ပြောင်းလဲသွားနိုင်မယ်လို့ မျှော်လင့်တယ်။
မေး ။ ။ ဒါဆို နိုင်ငံတကာကြတော့ရော ဘယ်လိုမြင်မလဲ၊ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ အခင်းအကျင်း အပေါ်။
ဖြေ ။ ။ နိုင်ငံတကာလည်း ဒီလိုပါပဲ။ ဟိုတုန်းက ဒေါ်အောင်ဆန်းစုကြည် မရှိခင်တုန်းကလည်း ကျနော်တို့ နိုင်ငံက ရပ်တည်ခဲ့ကြတယ်လေ။ အခု သူမရှိပြီး နောက်ပိုင်းမှာလည်း တဖြေးဖြေးနဲ့တော့ နစကကို ပြန်ကြည့်ရင် သိပါတယ်။
သူက အစတုန်းက အကုန်ပိတ်ဆို့မှု လုပ်တယ်။ တဖြေးဖြေးနဲ့တော့ နိုင်ငံတကာ သံရေးတမန်ရေး အခင်းအကျင်း တွေ အောင်မြင်လာတယ်။ နောက်နိုင်ငံရေးတွေ အောင်မြင်လာတယ်ပေါ့။ အဲဒီလိုပဲ လုပ်ရင်း လုပ်ရင်းနဲ့တော့ ဖြစ်သွားနိုင်ပါတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 2035
CNI Interview
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၄
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးကို KIA ထိန်းချုပ်နိုင်ပါက ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့ကို ဆက်စပ်၍ မြန်မာနိုင်ငံ၏ အနောက်မြောက်တစ်လျောက်ကို ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးကို ဆက်လက်၍ စစ်ရေးအရ ဖိအားပေးကာ မြန်မာ့ တပ်မတော်၏ ထိုးစစ်ဆင် သူ့ထံ မရောက်အောင် ကာကွယ်ထားမည်ဖြစ်သလို ကချင်ပြည်နယ်အစ ရခိုင်ပြည်နယ် အဆုံး ပင်လယ်ထွက်ပေါက်ကို အသုံးပြု၍ အနောက်အုပ်စုနှင့် ကုန်သွယ်ရေး အပါအဝင် သံတမန် ဆက်ဆံရေးကို ထူထောင်လာမည်ဖြစ်သည်။
တခြားတစ်ဖက်မှာလည်း မြန်မာ့တပ်မတော်သည် ရွေးကောက်ပွဲ ကျင်းပ၍ နိုင်ငံရေး ထွက်ပေါက်ကို ဖွင့်ရန် ကြိုး ပမ်းနေသည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရေး အခြေအနေကိုလည်း အားလုံးက စိတ်ဝင်စား လာကြသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ ဦးခွန်းဆိုင်ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက KIA-PDF စစ်ဆင်နေတဲ့ နယ်မြေတွေကို တွေ့ရစဉ်
မေး ။ ။ အမေရိကန်က မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းသာယာပြီ ဖြစ်တဲ့အတွက် TPS တွေ ပေးတာကို သက်တမ်း မတိုးပေးတော့ဘူး၊ ရုပ်သိမ်းလိုက်တာရှိတော့ ဒါက အမေရိကန်က စစ်တပ်ဘက်ကို မူဝါဒ သဘော ထား ပြောင်းလဲလာတဲ့သဘောလို့ ပြောလို့ရမလား။ ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ ဒီကိစ္စကတော့ အားလုံး ဝိုင်းစဉ်းစားနေတဲ့ကိစ္စပဲ။ နားမလည်ကြဘူး။ ဘာဖြစ်လို့ အမေရိကန်က ဒီလိုလုပ်တာလဲ။ ဗမာပြည် ဘာတွေ ဖြစ်နေတယ်ဆိုတာ အမေရိကန်က သူ့ရဲ့သံရုံးကို ရန်ကုန်မှာထားပြီးတော့ မျက်စိ ဒေါက်ထောက်ကြည့်နေတာပဲ။ ဘာဖြစ်လို့ သူမသိမှာတုန်း။ သူသိရဲ့သားနဲ့ ဘာဖြစ်လို့ ဒီလိုလုပ်တာတုန်းလို့ ပြောလို့ရပါလိမ့်မယ်။ အဲဒီတော့ စဉ်းစားလို့ရမှာကို ပြောမှာပေါ့နော်။ မှားကောင်းမှားနိုင်ပါတယ်။ အကြီးအကျယ် လည်း မှားနိုင်တယ်။
အဲဒါကတော့ တစ်ခုက ဘာလဲဆိုတော့ အမေရိကန်ရဲ့ အရင့်အရင် ကတည်းက ဗမာပြည်ပေါ်မှာထားတဲ့ မူဝါဒက ဘာလဲဆိုတော့ သူတို့ ဘယ်လိုခေါ်လဲဆိုတော့ Washington Burma policy is Washington China policy ဝါရှင်တန်ရဲ့ ဗမာနဲ့ပတ်သက်တဲ့ ပေါ်လစီဟာ ဝါရှင်တန်ရဲ့ တရုတ်နဲ့ ပတ်သက်တဲ့ ပေါ်လစီပဲတဲ့။
အဲဒါကြောင့်မို့လို့ ဒီကိစ္စဟာ တရုတ်နဲ့ ပတ်သက်မယ်လို့ ပြောလို့ရမှာပေါ့။ ကျနော်ပြောခဲ့တဲ့ ဆိုထုံးသာ မှန်တယ် ဆိုရင် တရုတ်နဲ့ပတ်သက်လို့ ပြောလို့ရမယ်။ သတင်းအချက်အလက် မှားလို့တော့ မဖြစ်နိုင်ဘူး။ နောက်တစ်ခုက ဘာလဲဆိုတော့ အခုလောလောဆယ်မှာ ဗမာပြည်ပြန်လည် တည်ငြိမ်ရေးအတွက်ကို သူက ကျနော်တို့ အတိုက် အခံတွေ၊ တော်လှန်တဲ့ အင်အားစုတွေကို စောင့်ကြည့်နေတာ လဲ ၅ နှစ်ကျော်နေပြီ။ ၅ နှစ်ကျော်ပြီးတော့မှ အခု ထိကလည်း ဘာမှတိတိပပ အပေါင်း လက္ခာဏာဖြစ်တဲ့ လက္ခဏာကို မပြနိုင်သေးဘူး။ မပြနိုင်သေးတော့ အခု လောလောဆယ်မှာ ဦးမင်းအောင်လှိုင်တို့ကို မကြိုက်ပေမယ့်လည်း အောင့်ကာနမ်းရမယ့် ပုံစံမျိုး ဖြစ်နေတယ်လို့ ပြောလို့ရမလား။ အဲဒါကြောင့် အခုလို ပြောသွား တာဖြစ်မှာပေါ့။ ဒီမူဝါဒတွေ ချမှတ်တဲ့ နေရာမှာ ပါလာတာပေါ့။
ဒီနေရာမှာ တစ်ခုလေး သတိရတယ်။ အာဆီယံရဲ့ သူတို့ရဲ့ မိတ်ဖက်နိုင်ငံတွေအပေါ်မှာ သဘောထားဆိုတာကို ဒီနှစ်ဦးမှာ သူတို့ကောက်ယူခဲ့တယ်။ မိတ်ဖက် ဆိုတာထက် သူတို့ရဲ့ တရုတ်နဲ့ အမေရိကန်အပေါ်မှာ သဘော ထားပေါ့။ အဲဒီအခါကြတော့ အာဆီယံရဲ့ လုံခြုံရေးအတွက် အဓိက မိတ်ဖက်ကတော့ တရုတ်ဖြစ်တယ်လို့ တော် တော်များများက ပြောတယ်။
သို့သော်လည်း အမေရိကန် ဖြစ်တယ်ဆိုတဲ့အထဲမှာ ဘယ်နှစ်နိုင်ငံပါလဲဆိုတော့ နံပါတ်တစ်က ကမ္ဘောဒီယားနိုင်ငံ ပါတယ်။ ဒါလည်း အံ့အားသင့်စရာ ကောင်းတယ်။ ဘာလို့လဲဆို ကမ္ဘောဒီးယားက ကျနော်တို့ အားလုံးသိတဲ့ အတိုင်းပဲ။ တစ်လျှောက်လုံး တရုတ်ကို အားကိုးလာတာပဲ။ နောက်တစ်နိုင်ငံကတော့ ဦးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့ မြန်မာနိုင်ငံပဲ ဖြစ်တယ်။
အဲဒီတော့ အခုအခြေအနေမှာ ဒီနှစ်နိုင်ငံစလုံးက တရုတ်ရဲ့ ဩဇာကို ပြန်လှန် တွန်းလှန်နိုင်ဖို့ဆိုရင် ဘယ်နည်းနဲ့ မဆို အင်အားရှိရှိနဲ့ တွန်းလှန်ပေးနိုင်တာက အမေရိကန်ပြည်ထောင်စုပဲ ဖြစ်တယ်လို့ မှတ်ပုံရတယ်။ google ထဲမှာ ရှာကြည့် ကျနော်ပြောတာ ရမ်းပြောတာ မဟုတ်ဘူးနော်။ အဲဒီတော့ ဒါကြောင့်မို့လို့ ဖြစ်မလားပေါ့။

စစ်ကိုင်းတိုင်းမှ ကချင်-ရခိုင်-ချင်းကို ဆက်စပ်ထားပုံကို တွေ့ရစဉ်
မေး ။ ။ လက်ရှိအခင်းအကျင်းမှာ “ဝ” ကလည်း လက်နက်ထောက်ပံ့မှုတွေကို တရုတ်ရဲ့ ဖိအားကြောင့် ရပ်ဆိုင်းထားတယ်။ MNDAA တို့ TNLA တို့ကလည်း ပံ့ပိုးမှုတွေမရှိတော့ တော်လှန်ရေးအင်အားစုတွေက KIA ဘက်ကို ချိတ်ဆက်နေတာမျိုးတွေ တွေ့ရတယ်။ KIA နဲ့ပတ်သက်ပြီး စစ်တပ်က ဘာလို့ဖိဖိစီးစီး မလုပ်နိုင်ရတာ လဲ။ ဆရာ့ရဲ့ ထင်မြင်ယူဆချက်က ဘယ်လိုရှိလဲ။
ဖြေ ။ ။ KIA ရဲ့ထူးခြားချက်က ၂ ခု ၃ ခု ရှိတာပေါ့။ တစ်ခုကတော့ ကချင်ပြည်နယ်က “ဝ” တို့လို တရုတ် နိုင်ငံ တစ်ခုတည်းကို မှီခိုအားထားရတာ မဟုတ်ဘဲ သူက အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားထဲမှာ ရှိနေတယ်။ ဒါက ထူးခြားတဲ့ ပထဝီ အနေအထားပဲ။
ဆိုလိုတာက တရုတ်က လုံးလုံးလျားလျား ရာခိုင်နှုန်းပြည့် သူ့ကို နှိပ်ကွပ်ဖို့ ဖိအားပေးဖို့ဆိုတာ စဉ်းစားရမယ့်ကိစ္စ ဖြစ်တယ်။ နံပါတ်နှစ်က သူက တော်လှန်ရေးအင်အားစု အများစုနဲ့ကွာတာက ဘာလဲဆိုတော့ တစ်ဖက်က နေပြည်တော်နဲ့တိုက်နေပေမယ့် သူက တစ်ဖက်ကနေပြီးတော့မှ နေပြည်တော်နဲ့ ကြားလူထားပြီးတော့မှ အမြဲတမ်း ဆွေးနွေးနေတယ်။ စေ့စပ်သလား၊ မစေ့စပ်ဘူးလားတော့ မသိဘူး။
ဒါပေမယ့် အမြဲတမ်း ဆွေးနွေးနေတယ်လို့ ကြားသိရတာပေါ့။ တွေ့နိုင်တာက ကြားထဲမှာ ကြားလူလုပ်ပေးတာက peace talks creation group လို့ခေါ်တဲ့ PCG ဆိုတာ ကချင်ပြည်နယ်မှာ ၁၉၉၀ လောက်ကတည်းရှိတယ်။ အဲဒီ ကတည်းကနေ ပြီးတော့မှ သူက တစ်ဖက်တိုက်ရင်းနဲ့ တစ်ဖက်ကလည်း ဆွေးနွေးရင်းနဲ့ သူတို့ အမြဲတမ်းလုပ်ခဲ့ တယ်။ နံပါတ်သုံးက သူက NUG နဲ့ပေါင်းတယ်၊ အတိုက်အခံနဲ့ ပေါင်းတယ် ဆိုပေမယ့်လည်းသူက KIO အနေနဲ့ မပေါင်းဘူး။ ကြားထဲမှာ ဒီ peace ဆိုတာကို ကြားခံထားပြီး ပူးတွဲဆောင်ရွက်မှုတွေ ရှိတယ်။ သူ့ရဲ့အခြေအနေက တခြားအဖွဲ့တွေလိုမျိုး ရာခိုင်နှုန်းပြည့် နေပြည်တော်ကို ဆန့်ကျင်တာမျိုးလည်း မဟုတ်တဲ့အတွက်ကြောင့် သူ့ အနေနဲ့ လှုပ်ရှားလွယ်တယ်ပေါ့။
မေး ။ ။ တကယ်လို့ စစ်တပ်အနေနဲ့ KIA နဲ့ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်ဘူးဆိုရင် ဘယ်လောက်အထိ အန္တရာယ်ရှိနိုင်မလဲ။
ဖြေ ။ ။ ဒီဥစ္စာကတော့ ကျနော် မစဉ်းစားရသေးလို့ မပြောပါရစေနဲ့။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီတွေကို တွေ့ရစဉ်
မေး ။ ။ KIA က ကြည့်ရသလောက် ကချင်ဒေသအပြင် စစ်ကိုင်းတိုင်းကိုလည်း လိုချင်တဲ့ အနေအထားမျိုး ရှိတာပေါ့။ တကယ်လို့ KIA သာ စစ်ကိုင်းတိုင်းကို ထိန်းနိုင်မယ်ဆိုရင် ဘယ်လို အခင်းအကျင်း ဖြစ်သွားနိုင်မလဲ။
ဖြေ ။ ။ သူက စစ်ကိုင်းတိုင်းကို ထိန်းနိုင်မယ်ဆိုရင် တစ်ဖက်ကလည်း အိန္ဒိယနဲ့ ပိုနီးသွားတာပေါ့။ အိန္ဒိယနဲ့ ပိုနီးရုံတင် မကဘူး။ စစ်ကိုင်းတိုင်း ကနေတဆင့်၊ ချင်းကနေတဆင့်၊ ရခိုင်ကနေတဆင့် နိုင်ငံတကာနဲ့ ကုန်သွယ် ရေးမှာရော၊ နိုင်ငံခြား ဆက်သွယ်ရေးမှာရော သူ့အတွက် ကောင်းသွားနိုင်တာပေါ့။
သူလည်း ကုန်းတွင်းမှာ ပိတ်မိနေတဲ့ ပြည်နယ်တစ်ခုပဲ ရှမ်းလိုပဲပေါ့။ အဲဒါကြောင့် စစ်ကိုင်းတိုင်းလောက်နဲ့ပဲ သူပြီးမယ်လို့မထင်ပါဘူး။ ဆက်ပြီးတော့ ဆက်သိမ်းမယ်လို့ မဆိုဘူးပေါ့။ ဒါပေမယ့်လည်း ဆက်ပြီးတော့မှ ဆက်ဆံရေး အဆင်ပြေအောင် ဩဇာလွှမ်းမိုးနိုင်အောင်တော့ ကြိုးစားလိမ့်မယ်လို့ ထင်ပါတယ်။
မေး ။ ။ တကယ်လို့ အဲဒီဒေသတွေမရခင် စစ်ကိုင်းကိုပဲ KIA အနေနဲ့ ရသွားမယ်ဆိုရင်ရော အခု အားကောင်းတာ ထက်တောင် ကျော်လွန်အားကောင်း သွားနိုင်မယ်လို့ရော သုံးသပ်လို့ရနိုင်မလား။
ဖြေ ။ ။ ရနိုင်ပါလိမ့်မယ်။ ဒီကိစ္စတွေက KIA က သူက ကျွမ်းကျင်တာက ဒီလိုမျိုး နိုင်ငံရေးကိစ္စမှာ သူက သတိရှိရှိနဲ့ ရိုးရိုးလုပ်ရုံတင်မကဘူး၊ သံတမန်ရေးရာမှာလည်း သူက ကျနော်တို့ အများအားဖြင့် ကျွမ်းကျင်တယ်လို့ ပြောလို့ရတာပေါ့။
အဲဒါကြောင့်မို့လို့ ဒီသံတမန်ရေးမှာ ကျွမ်းကျင်တယ်ဆိုရင် တစ်ဖက် တရုတ်ကိုလည်း ဒီဆက်ဆံရေးမှာ ဆက်လက် ထိန်းသိမ်းထားပြီးတော့မှ အိန္ဒိယတို့၊ အမေရိကန်တို့ တခြားနိုင်ငံတွေနဲ့လည်း ဆက်လက်ပြီးတော့မှ ဆက်သွယ် နိုင်တယ်ဆိုရင် သူ့ရဲ့ အခြေအနေကလည်း ကောင်းနိုင်တာပေါ့။ ကျနော်တို့ဆိုရင် ကချင်ကို မနာလိုဖြစ်မယ့်အစား အားကျပြီးတော့မှ သူ့နည်းသူ့ဟန်ကို အတုခိုးဖို့ သင့်ပါတယ်။
မေး ။ ။ အရင် ဦးသန်းရွှေလက်ထက်ကနေ သမ္မတကြီး ဦးသိန်းစိန် အပြောင်းအလဲမှာ တုန်းကလည်း NLD မပါဝင်ဘူးပေါ့။ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ NLD နဲ့ ညှိနှိုင်း သဘောတူညီချက်အရ ၂၀၀၈ အောက်က နေ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး တော့ ၂၀၀၈ ဥပဒေအရ NLD ပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်လာတဲ့အခါ နိုင်ငံရေးအခင်းအကျင်း ပေါ့။

ဒေါ်အောင်ဆန်းစုကြည်နဲ့ KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကို တွေ့ရစဉ်
အထူးသဖြင့် လက်နက်ကိုင်တွေနဲ့လည်း အဆင်ပြေမှုရှိခဲ့တယ်၊ NCA ဆိုတာကို လုပ်နိုင်ခဲ့ကြတယ်။ ဒါပေမယ့် လက်ရှိမှာ NLD မပါဝင်ဘူးပေါ့။ အများစု ခန့်မှန်းထားချက်အရ ရွေးကောက်ပွဲပြီး တက်လာမယ့် အစိုးရသည် လက်ရှိလူတွေပဲလို့ သုံးသပ်ခန့်မှန်းထားတာရှိတယ်။ အခုလိုမျိုး NLD သာ မရှိတော့ဘူးဆိုရင် လက်နက်ကိုင် ပဋိပက္ခတွေအပေါ်မှာ ပြောင်းလဲမှု ဖြစ်စေနိုင်ပါ့မလား
ဖြေ ။ ။ အခု ကျနော်တို့ တစ်ပြည်လုံးမှာ အုံကြွပြီးတော့မှ တွန်းလှန်တိုက်ခိုက်နေမှုဟာ ရာခိုင်နှုန်းပြည့် ပြောလို့မရသေးဘူး။ အများကတော့ ရာခိုင်နှုန်းပြည့်လို့ထင်တယ်။ ဒါပေမယ့် ရာခိုင်နှုန်းပြည့်လို့ ပြောလို့ မရသေး တာကတော့ ဒေါ်စုအပေါ်မှာ မျှော်လင့်ချက်တွေ ထားတာလည်းရှိမှာပေါ့။ အဲဒါကြောင့်မို့လို့ မပါဝင်ကြဘူး။
သို့သော်လည်းပဲ တကယ်လို့ ဒေါ်စုသာ တစ်ခုခု ဖြစ်သွားတယ်ဆိုရင်တော့ ဒါက NLD လည်း ပြီးသွားပြီဆိုရင် ကျနော်တို့ တော်လှန်ရေး အများစု အများစုက အင်အား ပိုကြီးထွားလာနိုင်ပါတယ်။ တစ်ဖက်ကလည်း ပြောမှာ ပေါ့။ ဒေါ်စု မရှိတော့တဲ့ အတွက်ကြောင့် ဒေါ်စုကို မှီပြီးတော့မှ လုပ်ဆောင်နေတဲ့ တော်လှန်ရေးအင်အားက စိတ်ဓာတ်ရေးရာမှာ အများကြီး ကျသွားနိုင်တယ်လို့ ပြောတာလည်း ရှိနေတယ်။ ဒါ ဒီနှစ်ခုမှာ ဘယ်ဟာဖြစ်မယ် ဆိုတာ ကျနော်တို့က စောင့်ကြည့်ရမှာပေါ့။
မေး ။ ။ ဒါဆို ရွေးကောက်ပွဲပြီးနောက် တက်လာမယ့် အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက် ပြီးတော့ရော NLD နဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုလုပ်ဆောင်သင့်တယ်လို့ သုံးသပ်မိလဲ။
ဖြေ ။ ။ လုပ်သင့်တာကတော့ ကျနော်တို့ ပြောစရာမလိုတော့ဘူး။ ဦးသိန်းစိန် လုပ်ခဲ့ပြီးပြီပဲ။ သို့သော်လည်း အခုလောလာဆယ် ဖြစ်နိုင်တာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လုပ်ခဲ့သလိုပဲ ရွေးကောက်ပွဲပြီးတဲ့အခါမှ ဒေါ်စု ကို လွှတ်ပေးတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲ မပြီးခင် လွှတ်ပေးလိုက်ရင် ဒီရွေးကောက်ပွဲက ရုန်း ရင်း ဆန်ခတ်များ ဖြစ်သွားနိုင်လား ဒါမှမဟုတ် ပျက်သွားနိုင်လား ဒါမျိုးလည်း ဖြစ်နိုင်တာပေါ့။ အခုဆိုရင် ပိုပြီးတော့မှ ဆိုးတာပေါ့။
ဒါကြောင့် အခုလောလောဆယ်ကတော့ ဒေါ်စုနဲ့ NLD ကို ရွေးကောက်ပွဲ မပြီးခင်မှာ ဘာမှ လွတ်လပ်ခွင့်ပေးမယ် လို့ မမြင်ကြဘူး။ အခုရွေးကောက်ပွဲကတော့ ဘယ်နည်းနဲ့မဆို တပ်မတော်က ဦးဆောင်တဲ့ပါတီက အနိုင်ရဖို့က သေချာပေါက်ပေါ့။ ယုံမှားစရာမရှိဘူး။
သို့သော်လည်းပဲ ရွေးကောက်ပွဲအပြီး ရလဒ်ပေါ်လာတဲ့ အခါကြရင် ဘာဖြစ်မလဲဆိုတာကို သုံးသပ်ချက်တွေ ရှိတယ်။ ဒီသုံးသပ်ချက် တစ်ခုကို ပြောပြမှာပေါ့။ တစ်ခုက ဘာလဲဆိုရင် ဗမာပြည်သူ ပြည်သားတွေ ကံကောင်း တယ်ပေါ့။ ဦးသိန်းစိန်လိုမျိုး ပြုပြင် ပြောင်းလဲလိုတဲ့ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြင်းပြတဲ့ အစိုးရမျိုးတက်လာတာပေါ့။
ဒါဆိုရင်တော့ တိုင်းပြည်က ပြန်ပြီးတော့မှ ကောင်းသွားနိုင်တယ်လို့ ပြောတာတွေရှိပါတယ်။ နံပါတ်နှစ်ကတော့ ဦးမင်းအောင်လှိုင်အနေနဲ့ ကိုယ်တိုင် မတက်ဘဲနဲ့ သူကတပ်ချုပ် ဆက်လုပ်နေမယ်။ ပြီးတော့ သူယုံကြည်စိတ်ချ ရတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ကိုယ်စား အစိုးရဦးဆောင်သူအဖြစ် တင်မြှောက်မယ်ဆိုရင်လည်း ဒီဥစ္စာလည်း တစ်နည်း တစ်လမ်းတော့ ကောင်းနိုင်တယ်ပေါ့။
ဒါပေမယ့် ပထမ နည်းလောက်တော့ မကောင်းဘူး။ ဒုတိယနည်းက နည်းနည်းတော့ ကောင်းနိုင်တယ်။ ဒါပေမယ့် စိတ်မချရဘူးပေါ့။ နံပါတ်သုံးကတော့ ဦးမင်းအောင်လှိုင် ကိုယ်တိုင် တက်ပြီးတော့မှ အစိုးရ ဦးဆောင်မှု လုပ်တာ ပေါ့။ အဲဒီလိုဆိုရင်တော့ သူက တစ်ဖက်ကလည်း တပ်ကို ဆက်ပြီးတော့မှ ကိုင်ထားတယ်၊ တစ်ဖက်ကလည်း အစိုးရကို ဦးဆောင်တယ်ဆိုတော့ ကျနော်တို့ရဲ့ တော်လှန်ရေးဘက်ကတော့ ဆက်ပြီးတော့မှ သွားမှာပဲ။
အများစုကတော့ ကျနော်တို့ တော်လှန်ရေးတွေဟာ ကိုယ့်ကိုယ်ကို ပိုပြီးတော့မှ အားထားရမယ့် အခြေအနေမျိုး ဖြစ်လာတာပေါ့။ အရင်ကလို ကိုယ့်ရဲ့ နိုင်ငံခြားရောက်နေတဲ့ ပြည်သူက ကူညီထောက်ပံ့တာလည်း လျော့လာ တယ်၊ နောက်ပြီး နိုင်ငံခြား အကူအညီလည်း မရနိုင်ဘူး၊ အသိအမှတ်ပြုမှုလည်း မရနိုင်ဘူးဆိုရင်တော့ အများကြီး အကျဉ်းအကြပ် တွေ့မှာပေါ့။ ဒါတွေကို ဦးမင်းအောင်လှိုင်တို့ကလည်း တွက်ဆထားပုံရပါတယ်။
သူအောင်ပွဲရ နိုင်အောင် ဆိုပြီးတော့မှလည်း မင်္ဂလာပြုတဲ့ အနေနဲ့ ဘယ်လာရုစ် သမ္မတကြီးကို ဖိတ်ခေါ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီကိစ္စမှာ ပထမနည်းလမ်း ဖြစ်ပါစေလို့တော့ ဆုတောင်းတာပေါ့။ နှစ်နဲ့ သုံးတော့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းတာပေါ့။

ကျားဖြန့်တွေကို တွေ့ရစဉ်
မေး ။ ။ တကယ်လို့ ခုနကပြောခဲ့တဲ့ ၃ ချက်ထဲမှာ နောက်ဆုံး အချက် ၃ ဖြစ်လာမယ်လို့ အများစုက သုံးသပ်ထားကြတယ်။ တကယ်လို့ အဲဒီ အချက် ၃ သာဖြစ်လာခဲ့ရင် တိုင်းပြည်က တည်ငြိမ်ဖို့ လွယ်ကူပါ့မလား။
ဖြေ ။ ။ ကမ္ဘာကြေကြေ မပြေလည်ဘူးပေါ့။ ကျနော်တို့ ဆက်ပြီးတော့မှ ရုန်းကန်တိုက်ခိုက်သွားရတော့ မှာပေါ့။
မေး ။ ။ လက်ရှိ ကျားဖြန့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ရော ဆရာ လေ့လာထားတာတွေ ရှိလား။
ဖြေ ။ ။ မရှိသေးဘူး။ ရိုးရိုးပဲပြောလို့ ရမှာကတော့ ကျားဖြန့်ဆိုတာလည်း သူက ကျနော်တို့ နိုင်ငံရေး သဘောတူညီချက် မရခဲ့လို့၊ ရပြီးတော့ မလုပ်ဆောင်နိုင်ခဲ့လို့ အကျိုးရလဒ်တစ်ခုပဲပေါ့။ ၁၉၄၇ မှာ ကျနော်တို့က နိုင်ငံကြီးကို ဖက်ဒရယ်စနစ်နဲ့ စီမံရေးဆိုပြီးတော့မှ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန် သွားပြီး နောက်ပိုင်းကြတော့ ဖက်ဒရယ်စနစ်ဆိုတာကို နာမည်အရယူပြီးတော့မှ လက်တွေ့အရတော့ တစ်ပြည် ထောင် စနစ်နဲ့ အုပ်ချုပ်တယ်။
အဲဒါကြောင့် ကျနော်တို့ နိုင်ငံက မငြိမ်မသက်ဖြစ်ပြီး ပြည်တွင်းစစ်က ပေါ်လာခဲ့တယ်။ ဒီလိုပေါ်လာတဲ့ အတွက် ကြောင့် အကျိုးဆက်တွေလည်း အများကြီး ပေါ်လာတယ်။ ရိုးရိုးကြည့်လိုက်ရင်တော့ အကြမ်းဖျင်း မြင်သာတာကို ကြည့်မယ်ဆိုရင် ပထမဆုံးကတော့ ဘိန်း၊ ဘိန်းကုန်ကူးပြီးတော့မှ အင်အားစုတာပေါ့။ နောက်ကြ ဘိန်းတင်မက ဘူး heroin လုပ်ပြီးတော့မှ အင်အားစုတာပေါ့။ နောက်ဆုံးကြတော့ ရာဘတွေ ဘာတွေ ပေါ်လာပြီးတော့မှ အဲဒီကနေ အင်အားစုတာပေါ့။ နောက်ဆုံး အခုပေါ်လာတဲ့ ကျားဖြန့်တွေဟာ နောက်ဆုံးပေါ်ပေါ့။
ဒီတော့ ကျနော်တို့ရဲ့ နိုင်ငံရေးအရ သဘောတူညီချက် မူလ သဘောတူညီချက်တွေကို ပြန်ပြီး အကောင်အထည် မဖော်နိုင်သမျှ ဒီလိုအကျိုးဆက်တွေက ဆက်ဖြစ်နေမှာပဲ။ ဘိန်းက သိပ်ဆိုးတယ်၊ ဘိန်းထက် ပိုဆိုးတာက heroin ဖြစ်တယ်၊ heroin ထက်ပိုဆိုးတာက ရာဘ၊ ရာဘထက်ပိုဆိုးတာက အခုကျားဖြန့်ဖြစ်တယ်။ ဒါကို ဒီတိုင်းပဲ လွှတ် ထားမယ်ဆိုရင် ကျားဖြန့်တဲ့ပိုဆိုးတဲ့ အရေးအခင်း ထပ်ပေါ်လာနိုင်တယ်။
ဒါကြောင့် အဲဒီအခြေအနေ မရောက်ခင် ကျနော်တို့ ၁၉၄၇ က ကျနော်တို့ သဘောတူထားပြီးတဲ့ ဖက်ဒရေးရှင်း၊ ဖက်ဒရယ်နိုင်ငံကို အမြန်ဆုံး တည်ဆောက်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဖို့ လိုပါတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 4981
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်၌ ရွေးကောက်ပွဲကို အပိုင်း(၁)အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပရန် စီစဉ်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၉ ပါတီ မှတ်ပုံတင်ထားရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်တွင် သတ်မှတ်ချက်နှင့်မကိုက်ညီ၍ ၃ ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ဖျက်သိမ်းလိုက်သည်။
ထို့ပြင် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအနေဖြင့် မဲဆန္ဒနယ် ၄၁၇ နယ် ဝင်မပြိုင်နိုင် လျှင် ပါတီဖျက်သိမ်းခံရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEU)က CNI သတင်းဌာနသို့ ပြောသည်။
မေး ။ ။ ရွေးကောက်ပွဲက အပိုင်း(၁)ကို စတင် ကျင်းပမှာဖြစ်တဲ့အတွက် အပိုင်း(၁) ကျင်းပမယ့် ကာလ အတွင်း ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ပြည်ထောင်စုအဆင့် ဝင်ပြိုင်မယ့်ပါတီက ကိုယ်စားလှယ် လောင်း အမည်စာရင်း ၄၁၄ ဦး တင်သွင်းရမယ့်ထဲမှာမှ ဘယ်နှဦးကို တင်သွင်းနိုင်ရင် ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ရှိပါသလဲ။
ဖြေ ။ ။ လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများသည် ရွေးကောက်ပွဲ အပိုင်း(၁)တွင် ထုတ်ပြန်ထားသည့် မြို့နယ် ၁၀၂ မြို့နယ်အတွက်သာ မဟုတ်ဘဲ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈ ရက်စွဲနဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၈၃၃ နယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို တင်သွင်း ရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂(က) (၁)အရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ် တော် (တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ် အားလုံး၏ ထက်ဝက် တွင် ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မေး ။ ။ ပြည်ထောင်စုအဆင့် ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီက မဲဆန္ဒနယ်ရဲ့ထက်ဝက်ကို အမည်စာရင်း တင်သွင်းရမယ်ဆိုတာက မြို့နယ် ၃၃၀ အနက် ထက်ဝက်ကိုပြောတာပါလား သို့မဟုတ် အပိုင်း(၁) ကျင်းပမယ့် မြို့နယ် ၁၀၂ မြို့နယ်ထဲက မဲဆန္ဒနယ် ထက်ဝက်ကို ပြောတာပါလား သိလိုပါတယ်။
ဖြေ ။ ။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ (က) (၁)အရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်း ရုံးမည့်ပါတီဖြစ်ပါက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည် နယ်လွှတ်တော်(တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အပါအဝင်) မဲဆန္ဒနယ် အားလုံး၏ ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အပိုင်း(၁) ကျင်းပမယ့် မြို့နယ် ၁၀၂ မြို့နယ်ထဲက မဲဆန္ဒနယ် ထက်ဝက်ကို ပြောတာမဟုတ်ပါဘူး။
မေး ။ ။ ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၄၁၄ ဦးကို UEC က သတ်မှတ်ထားတဲ့ ရက်အတွင်း တင်ပြနိုင်မှု မရှိဘူးဆိုရင် အဲဒီပါတီက ဘယ်လို ဆက်ဖြစ်မှာပါလဲ သိလိုပါတယ်။ ဥပမာ- ပါတီက ဖျက်သိမ်းခံလိုက်ရမှာလား သို့မဟုတ် ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် ပိတ်ခံရမှာလား။
ဖြေ ။ ။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) (၁)အရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်(တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အပါအဝင်) မဲဆန္ဒနယ် အားလုံး ၏ ထက်ဝက်ဖြစ်တဲ့ မဲဆန္ဒနယ် ၄၁၇ နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့အတိုင်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ပိုင်ခွင့်မရှိဘဲ ဖျက်သိမ်းခံရမှာ ဖြစ်ပါတယ်။

မေး ။ ။ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက် ကန့်သတ်မှုတွေဟာ ဒီမိုကရေစီစနစ်နဲ့ နှိုင်းယှဉ်ပါက လွတ်လပ်စွာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်လို့ ဒီမိုကရေစီစနစ်နဲ့ သဟဇာတမဖြစ်ဘဲ ဖြစ်နေကြောင်း ထောက်ပြမှုတွေရှိပါတယ်၊ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော် နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များအတွက် လွှတ်တော်အတွင်း ဥပဒေပြုရေးကဏ္ဍများကို ဆောင်ရွက် ရမယ့် ပုဂ္ဂိုလ်များဖြစ်ပါတယ်။
အဆိုပါ ပုဂ္ဂိုလ်များဟာ အရည်အချင်းရှိတဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။ ပြည်သူလူထုအကျိုး၊ အများအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူတွေ ဖြစ်ဖို့လိုပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အရည်အချင်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကို ရောက်ရှိနိုင်ဖို့ သတ်မှတ်ထားတဲ့ဥပဒေနဲ့အညီ ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။
မေး ။ ။ နောက်ဆုံး မေးမြန်းလိုတာကတော့ မြန်မာနိုင်ငံမှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ဖို့ ခြေလှမ်းလို့ဆိုကြပါတယ်။ သို့သော်လည်း UEC ရဲ့ သတ်မှတ်ချက် တွေနဲ့ ကန့်သတ် စည်းမျဉ်းတွေက ပါတီမစုံအောင် လုပ်နေသလားဆိုပြီး ထောက်ပြနေကြတာတွေလည်း ရှိပါတယ်။ ဒီအပေါ်မှာ UEC နဲ့ နိုင်ငံရေးပါတီတွေကြား ဆွေးနွေးညှိနှိုင်းကာ ဖြေရှင်းမှုတွေ လုပ်သွားဖို့ ရှိ/မရှိ သိလိုပါတယ်။

ဖြေ ။ ။ နိုင်ငံရေးပါတီများ၏ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်များ ဆောင်ရွက်ရာမှာ လွယ်ကူ အဆင်ပြေစေဖို့ အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြီး သတ်မှတ်ချက်များကို ဖြေလျော့ ပေးခဲ့ပါတယ်။
တည်ဆဲနိုင်ငံရေးပါတီ ၅၇ ပါတီရှိပြီး အဆိုပါ နိုင်ငံရေးပါတီများ အားလုံးဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများပါ သတ်မှတ်ပြဋ္ဌာန်း ချက်များအညီ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီများနဲ့ အခါအားလျော်စွာ တွေ့ဆုံပြီး နိုင်ငံရေးပါတီများမှ တင်ပြချက်များကိုလည်း ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 5317
CNI Interview
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
ထို့နောက် ရွေးကောက်ပွဲကို ကာကွယ်ပေးမည့် ဥပဒေများ အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်များအတွက် ကျင်းပသွားမည့် ရွေးကောက်ပွဲစနစ်ပုံစံကို ပြဋ္ဌာန်းသည့် ဥပဒေများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။
တခြားတစ်ဖက်မှာလည်း မဲပေးရမည့် စက်ခလုတ်အပေါ် ယုံကြည်မှုများ ကျဆင်းနေသလို လုံခြုံရေးစိုးရိမ်မှုများ လည်း ဖြစ်နေကြသည်။ အလားတူ ရွေးကောက်ပွဲကျင်းပမည့် စနစ်များက ရှုပ်ထွေးနေသည့်အပေါ်လည်း အားမလို အားမရမှုများ ဖြစ်ပေါ်နေသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

ရွေးကောက်ပွဲ မဲထည့်ရန် ပြင်ဆင်နေစဉ်
မေး ။ ။ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကို PR နဲ့ ကျင်းပမယ်လို့ ထင်ကြခဲ့ပေမယ့် FPTP စနစ်နဲ့ပဲ ကျင်းပမယ်လို့ ဆိုတဲ့အပေါ် အငြင်းပွားမှုတွေရှိနေပါတယ်။ ဘယ်လိုကြောင့် FPTP စနစ်နဲ့ပဲ ကျင်းပဖို့ ဆုံးဖြတ် လိုက်တာလဲ သိလိုပါတယ်။
ဖြေ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၉ တွင် မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း ပြဋ္ဌာန်းချက်အရ မြို့နယ်အလိုက် FPTP စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦးကို ရွေးကောက် တင်မြှောက်ရန် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
မေး ။ ။ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော်ကိုတော့ PR ရော FPTP ရော အရောစနစ်နဲ့ ကျင်းပမယ်လို့ တွေ့ရပါတယ်။ အဲတော့ လူတစ်ကိုယ် မဲတစ်ပြားဆိုတာ မဟုတ်တော့ဘဲ လူတစ်ကိုယ် မဲပေါင်းများစွာ ပေးရတော့ မလို ဖြစ်သွားတော့ မဲပေးရမယ့် လူတွေအတွက် ရှုပ်ထွေးမှုတွေ မဖြစ်စေနိုင်ဘူးလား။ ဘာကြောင့် အခုလို စနစ် ၂ မျိုး ရောပြီး ကျင်းပဖို့ လိုအပ်တာပါလဲ။
ဖြေ ။ ။ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့ကို FPTP စနစ်အပြင် PR စနစ် ပါဝင်သော ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်(MMP) ကျင့်သုံးဖို့ ဥပဒေ ပြဋ္ဌာန်းထားပါတယ်။ မဲဆန္ဒရှင်က တစ်မဲပဲ ပေးရမှာဖြစ်ပါတယ်။ လူတစ်ကိုယ် မဲပေါင်းများစွာ ပေးရခြင်း မဟုတ်ပါ။
မဲဆန္ဒရှင်တွေအတွက်လည်း ရှုပ်ထွေးမှုလည်း မရှိပါ။ FPTP စနစ်ရဲ့ အားသာချက်နဲ့ PR စနစ်ရဲ့ ကောင်းကျိုး ရရှိ နိုင်တဲ့စနစ် ဖြစ်ပါတယ်။ FPTP နဲ့ ကိုယ်စားလှယ်မရခဲ့ရင်တောင် PR နဲ့ အချိုးကျ ကိုယ်စားလှယ် ရနိုင်တဲ့စနစ် ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ တစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦးစီကို FPTP နဲ့ ရွေးကောက်တင်မြှောက်မှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အတွက် တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်ကိုလည်း FPTP နဲ့ ရွေးကောက်တင်မြှောက်မှာ ဖြစ်ပါတယ်။

မဲပေးမယ့် စက်ကို နိုင်ငံရေးပါတီများကို ရှင်းပြနေစဉ်
မေး ။ ။ လာမယ့် ရွေးကောက်ပွဲ မဲပေးရမယ့်စနစ်က စက်ခလုတ်နဲ့ဖြစ်နေတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ အခြေခံ လူတန်းစား များပြားသလို သက်ကြီးရွယ်အိုပိုင်းကလည်း နည်းပညာ တက်သိနားလည်မှု အားနည်းတဲ့ အတွက် ဒီလို စက်ခလုတ်နဲ့ မဲပေးခိုင်းခြင်းက လူထုအတွက် ရှုပ်ထွေးမှုဖြစ်ပြီး မဲမပေးတာတွေ များမလာနိုင်ဘူး လား။
ဖြေ ။ ။ လာမည့် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး မဲရုံအားလုံးမှာ MEVM အီလက်ထရောနစ် မဲပေးစက်တွေ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ မဲပေးစက် ကိုင်တွယ် အသုံးပြုနည်း သင်တန်းများကို တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ဆောင်ရွက်လျက်ရှိပါတယ်။
မဲဆန္ဒရှင် ပြည်သူများ မဲပေးစက်နဲ့ကျွမ်းကျင်စွာ မဲပေးနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ မီဒီယာကတစ်ဆင့် အသိပညာပေး အစီအစဉ်တွေလည်း ဆောင်ရွက်နေပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေက ရိုးရှင်းလွယ်ကူစွာ ခလုတ် နှိပ်ပြီး မဲပေးနိုင်တဲ့စနစ် ဖြစ်ပါတယ်။ လူထုအတွက် ရှုပ်ထွေးမှု၊ ခက်ခဲမှု မဖြစ်နိုင်ပါ။
မေး ။ ။ စက်ခလုတ်နဲ့ မဲပေးမှုက နည်းပညာအရ ရလဒ်တွေကို ပြောင်းချင်သလို ပြောင်းလို့ရတယ်၊ ဒါကြောင့် ယုံကြည်ဖို့ ခက်ခဲတယ်လို့ ယူဆမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ ရလဒ်တွေအတိုင်း ဖြစ်နိုင်ဖို့အတွက် အခု မဲပေးမယ့်စက်က ဘယ်လို တာဝန်ခံနိုင်ပါသလဲ။
ဖြေ ။ ။ မေးခွန်းထဲပါသလို စက်ခလုတ်နဲ့မဲပေးမှုက နည်းပညာအရ ရလဒ်တွေကို ပြောင်းချင်သလို ပြောင်း လို့ရတယ်ဆိုတာ မဟုတ်ပါ။ မဲဆန္ဒရှင်က မဲပေးထားချက်အတိုင်း စက်က မှတ်တမ်းယူမှာဖြစ်ပြီး အဲဒီအတိုင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။
မဲဆန္ဒရှင်ကိုယ်ုတိင်လည်း ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။ ရွေးကောက်ပွဲကို မလိုလားသူတွေကတော့ “မယုံကြည် ဘူး” တို့ “မှန်ကန်တဲ့ရလဒ် မဖြစ်နိုင်ဘူး”တို့ ပြောကြမှာ ဖြစ်ပါတယ်။ ဒီမဲပေးစက်တွေရဲ့ ယုံကြည်စိတ်ချရမှု အဆင့်အတန်းက ရိုးရှင်းလွယ်ကူစွာ မဲပေးနိုင်တယ်။ မဲပေးထားတဲ့အတိုင်း စက်ကဖော်ပြတယ်။ အမှားအယွင်းမရှိ ဘူး။ လွယ်ကူ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်တယ်။
မှန်ကန်တဲ့ မဲရလဒ်ကိုလည်း မိနစ်ပိုင်းအတွင်း ထုတ်ယူပြီးတော့ အပြန်အလှန် စစ်ဆေးနိုင်တယ်။ မဲပေးစက်မှာ Internet, Wifi, Bluetooth စနစ်များ မပါဝင်ပါ။ ကွန်ပျူတာများကဲ့သို့ ဝင်းဒိုးစနစ်(OS)များ မပါဝင်ပါ။ မိုက်ခရို ကွန်ထရိုလာစနစ်ဖြစ်သည့်အတွက် အလွန်ရိုးရှားပြီး လုံခြုံစိတ်ချရသော စနစ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံ စံချိန်စံညွှန်း ဥပဒေ (၂၀၁၄)နှင့်အညီ မဲပေးစက် အရည်အသွေးနှင့် စံချိန်စံညွှန်းကို အမျိုးသားအဆင့် ထောက်ခံ အသိအမှတ်ပြုလွှာရရှိရေး ဆောင်ရွက်ထားတဲ့အတွက် ရွေးကောက်ပွဲမှာ အသုံးပြုမယ့် မဲပေးစက်တွေ အတွက် ယုံကြည်စိတ်ချရမှုနဲ့ တာဝန်ခံမှုရှိပါတယ်။

တပ်မတော်သားတစ်ဦးနဲ့မဲပုံးတွေကို တွေ့ရစဉ်
မေး ။ ။ နောက်တစ်ခုက တပ်တွင်း မဲရုံတွေကို အပြင်ထုတ်သွားဖို့ရှိပါသလား၊ တပ်တွင်းမှာပဲ မဲပေးရမှာလား သိလိုပါတယ်။
ဖြေ ။ ။ ရွေးကောက်ပွဲ ဥပဒေမှာရော နည်းဥပဒေမှာရော “တပ်တွင်းမဲရုံ”ဆိုတဲ့ ဝေါဟာရ မရှိပါဘူး။ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၆၊ ပုဒ်မခွဲ(က)တွင် “ကော်မရှင်သည် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ထားရှိမည့် မဲရုံအရေအတွက်ကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေနှင့် ဒေသအခြေအနေကို မူတည်၍ သင့်လျော်သလို သတ်မှတ်နိုင် သည် သို့မဟုတ် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်သို့လည်း တာဝန်ပေးအပ်နိုင်သည်”ဟု ပြဋ္ဌာန်းထားပါ တယ်။
မဲဆန္ဒရှင် အင်အားနဲ့ နယ်မြေဒေသ အကွာအဝေးပေါ် မူတည်ပြီးတော့ မဲရုံနေရာများကို သတ်မှတ်ခြင်းဖြစ်တဲ့ အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းမှာ နေထိုင်ကြတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ (မသန်စွမ်းသူများ အပါအဝင် ) လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေး၊ သတ်မှတ်မဲပေးချိန်အတွင်း မဲဆန္ဒရှင်အားလုံး မဲပေးနိုင်ရေးနှင့် လျှို့ဝှက်ဆန္ဒပြု နိုင်ရေးတို့ကို ရှေးရှုပြီးတော့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
မဲရုံနေရာနဲ့ မဲရုံအရေအတွက်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ဆန္ဒမဲပေးခြင်းကို စောင့်ကြည့်ခွင့် ရှိပါတယ်။ ယခင်ကတည်းက နည်းဥပဒေမှာ ပြဋ္ဌာန်းပေးထားပြီး ဖြစ်ပါတယ်။
မေး ။ ။ လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူလူထု မဲပေးခွင့် မဆုံးရှုံးရစေဖို့အတွက် ရောက်တဲ့ အရပ် ဒေသမှာ မဲပေးနိုင် ခွင့်ရှိပါသလား၊ သို့မဟုတ် ကိုယ်မွေးဖွားရာ အရပ်ဒေသမှာပဲ မဲပေးခွင့်ရှိတယ်လို့ သတ်မှတ်ထား ပါသလား သိလိုပါတယ်။
ဖြေ ။ ။ ပြည်သူလူထု မဲပေးခွင့် မဆုံးရှုံးစေဖို့ကိစ္စက အရေးကြီးပါတယ်။ မိမိရဲ့ အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆) စာရင်းပေါက်တဲ့ နေရာမှာ မဲစာရင်းပါမှာဖြစ်ပါတယ်။
သို့သော် မဲစာရင်းပါရှိရာ ဒေသကနေ ရက်ပေါင်း ၁၈၀ ထက်မနည်း ရောက်ရှိနေထိုင်ပြီးဖြစ်တဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်စုမှာ မဲပေးနိုင်ဖို့အတွက် နည်းဥပဒေပြဋ္ဌာန်းပေးထားပါတယ်။ ပုံစံ(၃-က)နဲ့ လျှောက်ထားပြီး ရောက်ရှိတဲ့ နေရာမှာ မဲပေးခွင့်ရရှိုဖိ့ ဆောင်ရွက်ပေးထားပါတယ်။

ပြည်သူများ မဲပေးရန် လုပ်နေစဉ်
မေး ။ ။ ရောက်တဲ့အရပ်ဒေသမှာ မဲပေးခွင့်ရှိတယ်ဆိုရင် နိုင်ငံသားစိစစ်ရေးကဒ်ပြား မှတ်ပုံတင် သို့မဟုတ် စမတ်ကဒ် ပြတာနဲ့ မဲပေးခွင့်ရှိတာလား သို့မဟုတ် တခြား ဘယ်လို အထောက်အထား စာရွက်/စာတမ်းတွေ လိုအပ်မလဲ သိလိုပါတယ်။
ဖြေ ။ ။ ရွေးကောက်ပွဲဥပဒေမှာ မဲပေးခွင့်ရရှိဖို့အတွက် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ အသက် ၁၈ နှစ်ပြည့် ပြီး ဖြစ်ရမယ်။ နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသားကတ်၊ နိုင်ငံသားပြုခွင့်ရလက်မှတ် တစ်မျိုးမျိုး ကိုင်ဆောင်ထားသူ ဖြစ်ရပါမယ်။ မဲစာရင်းမှာ ပါသူလည်းဖြစ်ရပါမယ်။ မဲရုံမှာ မဲပေးဖို့အတွက် မိမိကိုင်ဆောင်ထားတဲ့ ဥပဒေအရ နိုင်ငံ သားဖြစ်ကြောင်း အထောက်အထားဖြစ်တဲ့ နိုင်ငံသားကတ် ပြသရမှာ ဖြစ်ပါတယ်။
မေး ။ ။ နောက်ဆုံး မေးမြန်းလိုတာကတော့ လာမယ့် ရွေးကောက်ပွဲအပေါ် လုံခြုံရေးစိုးရိမ်မှုက အလွန် ကြီးမားတဲ့အတွက် မဲရုံကို မဲလာပေးကြဖို့ ခက်ခဲနိုင်တယ်။ ဒီလိုဆိုရင် မဲပေးတဲ့နှုန်းက တော်တော် နည်းနိုင်တယ် လို့ ဆိုကြတော့ လုံခြုံရေးအာမခံချက် ဘယ်လိုပေးနိုင်ပါသလဲ၊ မဲရုံကို လာမှ မဲပေးနိုင်တာမျိုး မဟုတ်တဲ့ တခြား သော မိမိ အိမ်အတွင်းကနေဖြစ်စေ မိမိရောက်နေတဲ့ နေရာကနေဖြစ်စေ မဲပေးလို့ရတဲ့ စနစ်ကိုရော ဖော်ဆောင် သွားဖို့ ရှိပါသလား သိလိုပါတယ်။
ဖြေ ။ ။ ရွေးကောက်ပွဲအတွက် လုံခြုံရေး အရေးကြီးပါတယ်။ ရွေးကောက်ပွဲ လုံခြုံရေးအတွက် နိုင်ငံတော် အစိုးရနဲ့ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေက တာဝန်ယူဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ဥပဒေအရ ဆန္ဒမဲပေးရန် လုံခြုံမှု အခြေအနေ မရှိလျှင် ယင်းမဲဆန္ဒနယ်ရဲ့ ရွေးကောက်ပွဲကို ရွေ့ဆိုင်းထားလို့ရပါတယ်။ ရွေးကောက်ပွဲ လုံခြုံရေးနဲ့ စီမံခန့်ခွဲရေးကိစ္စတွေကို စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲဥပဒေအရ ကြိုတင်မဲပေးသူ စာရင်းမှာ အကျုံးဝင်ရင် ကြိုတင်မဲပေးခွင့်ရှိပါတယ်။ ကြိုတင်မဲပေးဖို့ အကျုံးမဝင်ဘူးဆိုရင်တော့ မဲရုံမှာပဲ မဲပေးရမှာ ဖြစ်ပါတယ်။ နေအိမ်ကနေ ကြိုတင်မဲပေးဖို့အတွက်ကတော့ အနာ ကြီး ရောဂါစွဲကပ်နေသူ၊ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရသူ၊ အိုမင်းမစွမ်းသူ၊ နေအိမ်တွင် သားဖွားနေသူ များကိုသာ ဥပဒေက ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 2482
CNI Interview
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ရှမ်းနီတိုင်းရင်းသားများ နေထိုင်သော ဒေသများနှင့် ရှမ်းနီ လက်နက်ကိုင် (SNA) လှုပ်ရှားနယ်မြေများတွင် စစ်ရေးချဲ့ထွင်ကာ ဖော်ဆောင်လျက်ရှိနေသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထို့နောက် အင်းတော်ကြီးဒေသကို SNA က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းတွင် ထိုးဖောက်ဝင်ရောက်၍ ထိန်းချုပ် လာခဲ့ရာတွင် ကချင်လူမျိုးများကို တင်းကြပ်နေသည်ဆိုသော သတင်းများ ထုတ်လွှင့်လာခဲ့သည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းမှာ လူမျိုးရေး ပြဿနာများ ပေါ်ပေါက်လာမည်ကို အားလုံးက စိုးရိမ်လာနေကြသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ ဗဟိုကော်မတီဝင်၊ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီးဆေဝမ်းဖှကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

အင်းတော်ကြီးဒေသကို SNA ထိန်းချုပ်လိုက်စဉ်
မေး ။ ။ အခု ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသကို အရင်က KIA လွှမ်းမိုးထားတယ်။ ဒီနောက်ပိုင်းမှာ SNA က ထိုးဖောက်ဝင်ရောက်လာပြီးတော့ တော်တော်များများ ထိန်းချုပ်လာခဲ့တယ်။ ဆိုတော့ အင်းတော်ကြီးဒေသက SNA အတွက် ဘယ်လောက် အရေးပါတဲ့ဒေသလဲ၊ ဘာကြောင့် အဲဒီဒေသကို ထိန်းချုပ်နိုင်ဖို့ SNA အတွက် လိုအပ် တာလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ဗျ။ အင်းတော်ကြီးဒေသဆိုတာ ဟိုး ရှေးယခင်ကတည်းက မူလ ဒေသခံရှမ်းနီလူမျိုးတွေရဲ့ နယ်မြေဖြစ်ပါတယ်။
သမိုင်းအစဥ်အဆက် တည်ရှိခဲ့တဲ့ မြို့ရွာတွေဟာ ရှမ်းနီအမည်နဲ့ မှည့်ခေါ်ထားတာက သက်သေတွေ ဖြစ်ပါတယ်။ ရှမ်းနီတွေကိုယ်တိုင် တည်ထောင်ခဲ့တဲ မြို့ပြပြည်ထောင်တွေဖြစ်ပြီး ယနေ့တိုင် ထင်ရှားတဲ့ သမိုင်းမှတ်တမ်း ဖြစ်ရပ်တွေ၊ ပုံပြင်တွေ ဒဏ္ဍာရီတွေနဲ့ ပြည့်နှက်နေတဲ့ ရှမ်းနီဒေသဖြစ်ပါတယ်။
လက်ရှိ ရှမ်းနီလူမျိုး အများဆုံးနေထိုင်တဲ့ အင်းတော်ကြီး ရှမ်းနီနယ်မြေကို KIA တွေက မတရားကျူးကျော် သိမ်းပိုက်ထားတာ ကာလအတန်ကြာ လာတာနဲ့အမျှ ဒေသတွင်း ရှမ်းနီပြည်သူလူထုဟာ KIA ရဲ့ မတရားအဓမ္မ မှုတွေကို နေ့စဥ် ရင်ဆိုင်နေရပါတယ်။
အဲဒီအတွက် မိမိတို့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ဒေသတွင်း ရှမ်းနီပြည်သူလူထုကို အဲဒီဒုက္ခတွေ ကနေ ကယ်တင်ဖို့ ဒေသတည်ငြိမ်အေးချမ်းဖို့အတွက် အရေးကြီး လိုအပ်ပါတယ်။
အင်းတော်ကြီးဒေသ မူလပိုင်ရှင်ဖြစ်တဲ့ ရှမ်းနီတို့ရဲ့ သမိုင်းဖြစ်တည်မှုနဲ့အတူ ရှည်လျားလှတဲ့ သမိုင်းတလျှောက် ယှဥ်တွဲပြီး ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းမှတ်တမ်းများစွာ ရှိပါတယ်။
အဲဒီလိုနေရာကို မတရားကျူးကျော် ဖိနှိပ်လာတဲ့ ဘယ်သူကိုမဆို ကျနော်တို့ SNA က ကာကွယ်တိုက်ထုတ်သွားမှာ ဖြစ်ပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တပ်ဖွဲ့ဝင်ကို တွေ့ရစဉ်
မေး ။ ။ အခု အင်းတော်ကြီးဒေသကြီး SNA ဝင်ရောက်လာလို့ ကချင်လူမျိုးတွေ ထွက်ပြေးနေကြရတယ်၊ ကချင်အိမ်တွေကို SNA က ချိတ်ပိတ်နေတယ်ဆိုပြီးတော့ ကချင်သတင်းဌာနတွေ အများစုမှာ ရေးသားဖော်ပြလာ တာ တွေ့ရတယ်။ ဒါတွေက ဘယ်လိုဖြစ်တာလဲ။
ဖြေ ။ ။ ကျနော်တို့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ဟာ ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ (SNUC)ရဲ့ မူဝါဒနဲ့ ဦး ဆောင်မှုအောက်မှာ လှုပ်ရှားကြိုးစား ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
ကျနော်တို့ရဲ့ အဓိက မူဝါဒကြီး(၅)ရပ် ရှိပါတယ်။ အဲဒီအထဲမှာ မြန်မာပြည်အထက်ပိုင်းရှိ ပြည်သူလူထုများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရေးဆိုတဲ့ အချက်ဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ကျနော်တို့ဟာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မည်သည့် အဖွဲ့အစည်းမဆို တိုင်းရင်းသား လူမျိုးတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်နာကျင် ပျက်စီးစေလိုသော ဆန္ဒ၊ လုပ်ရပ်မှန်သမျှကို ရှုံ့ချပါတယ်။
ကျနော်တို့ SNA အဖွဲ့အစည်းဟာ ဒေသတွင်း ပြည်သူလူထု အေးချမ်းသာယာရေးကိုပဲ ရှေးရှုပါတယ်။ မိမိတို့ လူမျိုးစရိုက်ဟာ ရန်မူအနိုင်ကျင့်တဲ့ အလေ့အကျင့်မရှိပါဘူး။
ကချင်ဆိုတာ ကျနော်တို့နဲ့အတူနေ မိတ်ဆွေတွေပါ။ ကျနော်တို့က သူတို့ကို (သိမ်းဖော)လို့ ခေါ်ကြပါတယ်။
တစ်ဆိပ်ကို တစ်အိပ်လုပ်တတ်တဲ့ နိုင်ငံရေးအမြတ်ရလိုမှု လုပ်ငန်းသမားတွေရဲ့ ဆောင်ရွက်မှုကို အားပေးတဲ့ မီဒီယာတွေကြောင့် အချို့ကိစ္စတွေက အထင်အမြင်တွေ လွှဲမှားစေပါတယ်။
လူမျိုးရေး ပဋိပက္ခအသွင်ကို အားပေးတဲ့ မီဒီယာတွေနဲ့ နိုင်ငံရေး အမြတ်ထုတ် လုပ်ငန်းသမားများရဲ့ ပရိုဂရမ်တွေ လို့ မြင်ပါတယ်။ ကချင်လူမျိုးနဲ့ ရှမ်းနီတို့ဟာ နှစ်ပေါင်းများစွာ ဒေသတွင်း မိတ်ရင်းဆွေရင်းတွေ ဖြစ်ပါတယ်။
KIA ရဲ့ လုပ်ရပ်တွေကို ၁၉၆၁ ကနေ ယနေ့အချိန်ထိ သုတေသနပြုစစ်တမ်း ကောက်ရင် ရှမ်းနီလူမျိုးတွေအပေါ် လူမျိုးသုဉ်းစေလိုတဲ့ ဆန္ဒနဲ့ စေတနာကို ရှေ့တန်းတင်ပြီး အမျိုးမျိုး ရက်စက်ယုတ်မာမှုတွေကို တွေ့ရမှာဖြစ်ပါ တယ်။ ကျနော်တို့လူမျိုး ရှမ်းနီလုထုတွေ အပေါ်ထားတဲ့ သူတို့ရဲ့ ပင်ကိုယ်သဘောထားဟာ လုံးဝအနုတ်လက္ခဏာ ဆောင်ပါတယ်။
KIA တွေရဲ့ ရှမ်းနီလူထုအပေါ် နှစ်ပေါင်းများစွာ လူမဆန်တဲ့ ရက်စက်မှုတွေကို မှတ်တမ်းနဲ့တကွ ချပြရှင်းလင်းဖို့ သူတို့တောင်းဆိုနေသလားလို့ ပြန်မေးခွန်း ထုတ်ချင်ပါတယ်။ လိုအပ်ရင် ရှင်းလင်းချပြဖို့ ရှမ်းနီမြို့ရွာ အသီးသီးက KIA ကြောင့် ကျရတဲ့မျက်ရည်တွေ ခုထိ မခမ်းခြောက်သေးပါဘူး။
အဲဒီအတွက် ခံစားကြရတဲ့ ရှမ်းနီမိသားစုတိုင်းရဲ့ KIA အပေါ် ရွှံစိတ်၊ ကြောက်စိတ်တွေကို ကုစားဖို့ ဘယ် သတင်းဌာနတွေကို အားကိုးကြရပါမလဲ။
တကယ်တော့ အင်မတန် ချစ်စရာကောင်းတဲ့ ရှမ်းနီဒေသတွင်းက မိတ်ဆွေရင်း အလေ့အထတွေကို KIA ပေါ်ပေါက်လာပြီးကတည်းက ရိုက်ချိုးခံထားကြရတယ်ဆိုတာ အားလုံးသိသင့်ပါတယ်။
ကျနော်တို့ SNA က မတရားတဲ့ အဓမ္မဖိနှိပ်မှုတွေကို ရှင်းလင်းတာ ဖြစ်ပါတယ်။ မတရားမှုတွေကို အားပေး ထောက်ပံ့သူတွေကို သတိပေးတာမျိုးတွေ ရှိတယ်။
ဒါပေမယ့် ဘယ်လူမျိုး တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုသော ပျက်စီးစေလိုသော ဆန္ဒသဘောထား မရှိပါဘူး။
နောက်တစ်ခုက SNA ဆိုတာ ရှမ်းနီအမျိုးသားများတပ်မတော်၊ ရှမ်းနီလက်နက်ကိုင်တပ် ဖြစ်ပါတယ်။
ဒေသတွင်း အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကွဲကွဲပြားပြား မြင်နိုင်ကြဖို့ လိုပါတယ်။ ဒေသတွင်း အခြေပြု ပြည်သူ့စစ်တပ်ဖွဲ့လား၊ အစိုးရ မြန်မာ့တပ်မတော် တပ်ဖွဲ့လား၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တပ်ဖွဲ့လား ဆိုတာ မီဒီယာများကလည်း ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။
ဒီမှာ ပြုမူဆောင်ရွက်မှုတိုင်း၊ လုပ်ဆောင်တိုင်း ဘယ်သူ ဘယ်အဖွဲ့အစည်းက ဘာတွေ လုပ်ဆောင်တယ်ဆိုတာကို ဂဃနဏ သိရှိပြီး ပြည်သူလူထုကို သတင်းစကားပြောပြနိုင်မှာ ဖြစ်ပါတယ်။
မိမိ အဖွဲ့အစည်းအပေါ် မကြိုက် မလိုလားတဲ့သူရဲ့ သတင်းပေးပို့မှုဟာ မှန်ကန်တဲ့ သတင်းအရင်းအမြစ်ကိုဖြစ်ဖို့ ခဲယဉ်းပါလိမ့်မယ်။
ဒါကြောင့် အချို့အချက်အလက်များကို ဒေသတွင်း မြေပြင် အခြေအနေမှန်သိရှိဖို့ လိုအပ်ပါတယ်။

KIA -PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
မေး ။ ။ တခြားတစ်ဖက်မှာလည်း KIA က SNA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက ဟုမ္မလင်း၊ ရွှေပြည်အေး၊ ဗန်းမောက်၊ ပင်လည်ဘူး တို့ကို PDF တွေနဲ့ ပူးပေါင်းပြီးတော့ သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ လုပ်တယ်၊ အဲမှာ ပင်လည်ဘူးနဲ့ ရွှေပြည်အေးကတော့ KIA က ထိန်းချုပ်သွားပြီး ကျန် ၂ မြို့နယ်ကို တိုက်ခိုက်နေ တယ်။ ဆိုတော့ အဲဒီဒေသတွေက စစ်ရေး-စီးပွားရေးအရ ဘယ်လောက် အရေးပါလို့လဲ၊ နောက်တစ်ခုက SNA ကြိုးပမ်းနေတဲ့ ရှမ်းနီနဲ့ ရှမ်းမျိုးနွယ်စုတွေ လွတ်မြောက်ရေးအတွက် ဘယ်လောက် အရေးပါတဲ့ ဒေသတွေဖြစ်လို့ လဲ။
ဖြေ ။ ။ ဒီနေရာမှာ ဒေသတွင်း လူမှုစီးပွားရေးအကြောင်း မပြောခင် မိမိတို့ SNA အကြောင်း အနည်းငယ် ပြောပါမယ်။
SNA ဆိုတာ မိမိတို့ ရှမ်းနီလူမျိုး အပါအဝင် ဒေသတွင်း ပြည်သူလူထုကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်မှုတွေကို မခံမရပ်နိုင်ဖြစ်ရသလို ဆုံးရှုံးသွားတဲ့ မူလရပိုင်ခွင့်တွေကို ပြည်ထောင်စုအတွင်းက အခြားတိုင်းရင်းသားများ နည်းတူ ရရှိဖို့၊ ရရှိအောင် ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမှာ ရှမ်းနီတို့ရဲ့ သမိုင်းအစဥ်အလာ ရှိခဲ့မှုနဲ့အတူ မိမိတို့ လူမျိုးအများစု နေထိုင်ရာ ဒေသတွေကို တည်ငြိမ်အေးချမ်းမှုရှိအောင် ကြိုးစားနေပါတယ်။
ဒီနေရာမှာ မိမိတို့ ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရာ ဒေသတွေကို KIA နဲ့ တပည့်အပေါင်းပါ အဖွဲ့အစည်း တွေက မတရား ကျူးကျော်ဝင်ရောက် သိမ်းပိုက်တာတွေ ရှိနေပါတယ်။
ခဏက ခင်ဗျားပြောတဲ့ ပင်လည်ဘူးနဲ့ ရွှေပြည်အေးဟာ သူတို့အတွက် ဒေသတွင်း ဗျူဟာကျတဲ့နေရာတွေ ဖြစ်ပါ တယ်။ ရွှေပြည်အေးဟာ ချင်းတွင်းမြစ်ကြောင်းရဲ့ အထက်အောက် စုန်ဆန်မဲ့ ရေကြောင်းကုန်စည်တွေကို ထိန်းချုပ်ထားခြင်းအားဖြင့် သူတို့ရဲ့ သြဇာကို ထိန်းထားတဲ့အပြင် ဒေသတွင်း လူထုစီးပွားရေးကို လိုသလို ထိန်းချုပ်ထားနိုင်ပါတယ်။
ကချင်ပြည်နယ်ကနေ ချင်းပြည်နယ် အဲဒီကနေ ရခိုင်ပြည်နယ် ပင်လယ်ထွက်ပေါက်အထိ လွယ်လင့်တကူ သွားလာ လှုပ်ရှားနိုင်ဖို့ စစ်ကိုင်းတိုင်းဒေသ အတော်များများကို တိုက်ခိုက်သိမ်းပိုက်တဲ့ နေရာမှာ ပင်လည်ဘူးမြို့ ဟာ အရေးပါတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
ပင်လည်ဘူး၊ ဗန်းမောက်၊ အင်းတော်ကနေ အထက်ဘက်ကို ကချင်ပြည်နယ် လမ်းကြောင်းတွေ၊ ပင်လည်ဘူး ကနေ ခမ်းပတ်၊ တမူး အိန္ဒိယနယ်စပ်အထိ ဒီဒေသတွေကို သိမ်းပိုက်လိုက်ခြင်းအားဖြင့် မိမိတို့ အဖွဲ့အစည်း ချိနဲ့ သွားလိမ့်မယ်လို့ ယူဆသလို သူတို့ရဲ့ မူးယစ်ဆးဝါး အပါအဝင် လက်နက် စတဲ့ မှောင်ခိုလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ဖို့ ခြေကုတ်နိုင်ဖို့ မတရားကျူးကျော်မှုတွေကို လုပ်နေကြတာ ဖြစ်ပါတယ်။
အဲဒီလုပ်ရပ်တွေဟာ ဒေသတွင်း မိမိတို့ ရှမ်းနီလူထုရဲ့ လူမှုဘဝတွေကို တိုက်ရိုက် ထိခိုက်စေပါတယ်။ လမ်းခရီး ကုန်စည်ကူးသန်းကြတဲ့အခါ အခက်အခဲများစွာ ဖြစ်ပေါ်စေပါတယ်။
မြစ်ကြောင်းမှာ အဆမတန် ငွေကြေးကောက်ခံတာတွေ၊ အလိုမကျရင် ရေယာဥ်တွေ လချီပိတ်တားတာတွေ၊ ဖမ်းဆီးတာတွေ၊ ထိုနည်းတူပဲ သူတို့ထိန်းချုပ်ရာ ကုန်တွင်းပိုင်း နေရာတွေမှာ မတရား အဆမတန် ငွေကြေး ကောက်တာတွေ အဆင်မပြေရင် ဖမ်းဆီးတာတွေဟာ ဒေသတွင်း ပြည်သူလုထုကို အများကြီး နစ်နာစေပါတယ်။
ဒါတွေကို ပုံမှန်အခြေအနေ တစ်ရပ်ဖြစ်အောင် ကျနော်တို့ ကြိုးစားနေပါတယ်။

ရှမ်းနီလူငယ်များကို ရှမ်းနီအမျိုးသားများနေ့မှာ တွေ့ရစဉ်
မေး ။ ။ KIA က စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်နိုင်ရင် အိန္ဒိယနယ်စပ် ထွက်ပေါက်ရမယ်၊ ကချင်-စစ်ကိုင်း-ချင်း-ရခိုင် အနောက်မြောက်ဒေသ လွတ်မြောက်ရေးကို တည်ဆောက်ပြီး ရခိုင်ပင်လယ်ထွက်ပေါက်ကို အားကိုးမယ်။ ပြီးရင် SNA နဲ့ ရှမ်းနီတိုင်းရင်းသားတွေရဲ့ လူမျိုးစုလွတ်မြောက်ရေး လှုပ်ရှားမှုကို ဟန့်တားပိတ်ဆို့ နိုင်မယ်လို့ တွက်ဆချက်တွေ ရှိတယ်။ ဒီယူဆချက်တွေအပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ဒါက သူတို့ မျှော်လင့်လုပ်ကိုင် ဆောင်ရွက်လိုတဲ့ ယူဆချက်ပေါ့ဗျာ။ တကယ်တမ်းမှာ အဲဒီလောက် လွယ်ကူရှင်းလင်း မနေပါဘူးဗျ။ ပြီးတော့ သူတို့ရဲ့ မဟာဗျူဟာမြောက် အစီအစဥ်ဟာ တစ်စုံတစ်ခုသော ပျက်စီး ဆုတ်ယုတ်နိုင်မဲ့ အခင်းအကျင်းဆီ ဦးတည်နေတယ်လို့ မြင်ပါတယ်။
ဒီနေရာမှာ "ရှမ်းနီတိုင်းရင်းသားတွေရဲ့ လူမျိုးစု လွှတ်မြောက်ရေး လှုပ်ရှားမှု "စကားရပ်ကို ပြင်ပြီးမေးစေချင် ပါတယ်။
ကျနော်တို့ဟာ ပြည်ထောင်စု မြန်မာနိုင်ငံက တိုင်းရင်းသားများရဲ့ တန်းတူညီမျှ မူလ ရပိုင်ခွင့် အခွင့်အရေးကို ရရှိပိုင်ဆိုင်လိုတဲ့သူတွေ ဖြစ်ပါတယ်။
ယခုအခြေအနေတွေထဲက စောစောကပြောတဲ့ ဟာတွေကို အချိန်မီ မဟန့်တား မကာကွယ်နိုင်ဘူးဆိုရင်၊ လျစ်လျူ ရှုထားမယ်ဆိုရင် မိမိတို့ ရှမ်းနီအမျိုးသားများရဲ့ အခြေအနေထက် မြန်မာနိုင်ငံရဲ့ အမျိုးသားရေး၊ ပထဝီ နိုင်ငံရေး ဟာ ပြောင်းလဲသွားနိုင်ပါတယ်။
တစ်ဘက်မှာ ပင်လယ်ထွက်ပေါက်ရှာ ကြိုးစားသလို သီးခြားလွှတ်မြောက်မှု အတွက်ပါ အစီအစဥ်တကျ လုပ်ကြဖို့ ဆိုတာ မြင်တွေ့နေရတဲ့အတွက် ပြည်ထောင်စု မပြိုကွဲရေးဆိုတာ ပိုမိုပြီး မတောက်ပနိုင်တဲ့ အခြေအနေကို ရင်ဆိုင် ကြုံတွေ့ရကောင်း ကြုံတွေ့ကြနိုင်ပါတယ်။
ဒါဟာ ရှမ်းနီအရေးထက် ပိုအားစိုက်ရမဲ့ ပြည်ထောင်စုအရေး ဖြစ်ပါတယ်။
မေး ။ ။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ SNA က မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းနေတယ်၊ အားလုံးက ဖြုတ်ချဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းဘက်ကို ပူးပေါင်းနေတယ်လို့ စွပ်စွဲတာတွေလည်း တွေ့ရတယ်။ ဆိုတော့ SNA က တကယ် မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းနေတာလား၊ ဘာကြောင့် နွေဦးတော်လှန်ရေးကို ဖော်ဆောင်နေတဲ့ KIA- PDF တွေနဲ့ တိုက်ပွဲဖြစ်နေရတာလဲ။
ဖြေ ။ ။ နွေဦးတော်လှန်ရေးအပေါ် ဘာမှ မဝေဖန်လိုပါဘူး။ ကျနော်တို့ ရှမ်းနီလူမျိုး၊ ရှမ်းနီပြည်သူလူထုရဲ့ ပင်ကိုယ်သဘော စရိုက်လက္ခဏာကိုမှ အေးချမ်းစွာ နေထိုင်စားသောက်လိုပြီး အများစုက လယ်ယာလုပ်ငန်း ခွင်မှာ ပျော်မွေ့တဲ့ လူမျိုးတွေ ဖြစ်ပါတယ်။
သို့သော် မရားမှု၊ ဖိနှိပ်မှု၊ ရက်စက်မှု၊ လူ့လောကပါလ အခြေခံတရားတွေ ခေါင်းပါးစွာ ပြုမူဆက်ဆံခြင်း ခံရတဲ့ အခါ၊ သည်းခံနိုင်မှုစွမ်းရည် နည်းပါးလာတဲ့အခါ လက်နက်ကိုင်ပြီး ပြန်လည် တိုက်ထုတ်တွန်းလှန်ဖို့ အနေအထား ဖြစ်လာတာပါ။ အဲဒီလိုပဲ လက်ရှိအနေအထားမှာ ရပ်တည်လျက်ရှိပါတယ်။
ဒီလိုနေရာမှာ ကျနော်တို့ လူမျိုး၊ ကျနော်တို့ လူထု၊ ကျနော်တို့ဒေသနဲ့ နယ်မြေသမိုင်းကြောင်းအပေါ် ဘယ်သူတွေက ဖျက်ဆီးနေသလဲ၊ ဘယ်သူတွေက အားပေးနေသလဲ၊ ဘယ်သူတွေက စောင့်ကြည့်နေသလဲ၊ ဘယ်သူတွေက ကူညီပေးနေသလဲဆိုတဲ့ အချက်တွေဟာ ကျနော်တို့ လူမျိုးစုရဲ့ ရပ်တည်ရမဲ့ အခြေအနေအပေါ် ရိုက်ခတ်မှု ရှိပါတယ်။
ကျနော်တို့ ရှမ်းနီလူထုရဲ့ အနာဂတ် မျှော်မှန်းချက်တွေကို ဘယ်အဖွဲ့အစည်းတွေက အားပေးထောက်ခံကြ သလဲဆိုတဲ့ အခြေအနေတွေက ကျနော်တို့နဲ့ သဟဇာတဖြစ်မှုကို ဖော်ပြပါတယ်။
မြန်မာ့လွတ်လပ်ရေး သမိုင်းမှာ အားလုံးအပေါ်၊ တစ်နိုင်ငံလုံးအပေါ် ကျနော်တို့ နားလည်နိုင်စွမ်းကို ဖော်ဆောင် နိုင်ခဲ့ပေမဲ့ ယနေ့အချိန် ရှမ်းနီတွေရဲ့ ဒုက္ခပင်လယ်ဝေနေတဲ့ အခြေအနေကို တစ်ကြိမ်တစ်ခါမှ လှည့်ကြည့်ပေး နိုင်ကြသူ မရှိသလောက် ရှားပါတယ်။
ကျနော်တို့ လူထုအပေါ် မတရားစွာ ပြုကျင့်နေတဲ့ အဖွဲ့အစည်းရဲ့ လက်အောက်ကနေ အမိန့်ပေးတဲ့အတိုင်း အငှားလက်နဲ့ ရက်စက်နေသူတွေကိုတော့ ကျနော်တို့က မိမိတို့ကိုယ် ကာကွယ်ခွင့်အရ ပြန်လည် တိုက်ထုတ် ကြရမှာ ဖြစ်ပါတယ်။
အမှန်တကယ်က ကျနော်တို့ဟာ ကျနော်တို့ ဒေသအပေါ် မတရားသိမ်းပိုက်ပြီး ရှမ်းနီလူထုကို ဖိနှိပ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလွှဲလို့ ဘယ်သူနဲ့မှ တိုက်ပွဲမဖြစ်လိုပါဘူး။

ရှမ်းနီနယ်မြေကို ကာကွယ်ရမယ်လို့ SNA ကြွေးကြော်ထားစဉ်
မေး ။ ။ အခု မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုနဲ့ နိုင်ငံရေး အကျပ်အတည်းကို မြန်မာ့တပ်မတော်ဘက်က ရွေးကောက်ပွဲ ကျင်းပပြီး ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုအပေါ် SNA ရဲ့ ရပ်တည်မှုက ဘယ်လိုအခြေအနေ ရှိပါသလဲ။
ဖြေ ။ ။ အမှန်တကယ်ဆိုရင် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ လက်ရှိ ၂၀၀၈ ခုနှစ်က ရေးဆွဲ အတည်ပြု ပြဋ္ဌာန်း ခဲ့တဲ့ အခြေခံဥပဒေအရ (၅)နှစ်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲက ပုံမှန် ဖြစ်နေမှာပါ။
အဲဒီမှာ အနိုင်ရပါတီက နိုင်ငံကိုဦးဆောင်ပြီး ဖွံ့ဖြိုးအောင် ဆောင်ရွက်ကြပါလိမ့်မယ်။ ဒါက ပုံမှန်အခြေအနေပါ။ ယခုအခြေအနေကတော့ နိုင်ငံရဲ့ တော်တော်များများမှာ မငြိမ်သက်မှုတွေ၊ မအေးချမ်းမှုတွေဟာ အားကောင်း ကောင်းနဲ့ မောင်းနှင်နေပါတယ်။
လက်ရှိ မြန်မာ့တပ်မတော်ရဲ့ နိုင်ငံတော်အာဏာကို ထိန်းသိမ်းဆောင်ရွက်မှုဟာ အဲဒီအရှိန်တွေကို အကုန်အစင် မဆောင်ရွက်နိုင်သေးပါဘူး။
သို့သော် အနေအထားဟာ ရွေးကောက်ကျင်းပပြီး လက်ရှိနိုင်ငံတော်ကို ပြန်လည်တည်ဆောက်နိုင်မဲ့ အနေအထား ဖြစ်ပါတယ်။
“သူတစ်လူ ငါတစ်မင်း” ဖြစ်နေမှုကို ပြန်လည်ကုစားဖို့အတွက် ရွေးကောက်ပွဲဟာ မပြည့်စုံပေမဲ့ အိမ်မကြီးထဲဝင်ဖို့ တံခါးပေါက်ကြီး ဖြစ်ပါတယ်။ အိမ်ထဲဝင်ဖို့ လှေခါးကတော့ လောလောဆယ် တပ်မတော်က တာဝန်ယူနေတယ် လို့ မြင်ပါတယ်။ အဲဒီတော့ ရသလောက်လုပ်ရင်း အရွေ့တစ်ခု စတင်နေပြီလို့ မြင်ပါတယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ လူမျိုးစုလွတ်မြောက်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး တွေ ရရှိဖို့အတွက် မျိုးနွယ်စုတိုင်း နီးပါးက နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေကြတယ်။ SNA ကလည်း ရှမ်းနီနဲ့ ရှမ်းမျိုးနွယ်စုများ တိုင်းရင်းသားအခွင့်အရေး တန်းတူညီမျှမှု ရရှိရေးကို လုပ်နေတယ်။ ဆိုတော့ ဒီလုပ်ငန်းစဉ် တွေရဲ့ အမာခံက လူထုထောက်ခံမှုရှိဖို့ လိုတယ်လို့ ပြောလေ့ရှိကြတယ်။ ဒါပေမဲ့ SNA ရဲ့ လုပ်ဆောင်မှုတွေအပေါ် ရှမ်းနီလူထုတချို့က မေးခွန်းထုတ်တာတွေ တွေ့ရတယ်၊ ဘာကြောင့်လဲ။
ဖြေ ။ ။ ကျွန်တော်တို့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)မှာ စစ်သည်တော်တိုင်း ကျင့်ကြံလိုက်နာကြရမဲ့ ကျင့်ဝတ်အချက် (၉၀)ရှိပါတယ်။ အဲဒီအထဲမှာ ပြည်သူလူထုကို ဘယ်လို ပြုမူဆက်ဆံရမယ်ဆိုတာ အလေးအနက် ထည့်သွင်းပြီး ဖြစ်ပါတယ်။
ဒါတွေကို အခြေခံ စစ်သင်တန်းမှာကတည်းက တိကျစွာလိုက်နာကြဖို့ သိရှိပြီး လက်တွေ့ကျင့်သုံးလျက် ရှိပါတယ်။
မိမိတို့ဟာ ပြည်သူလူထုက ပေါက်ဖွားလာတာနဲ့အညီ ပြည်သူလူထုသာ “အမိအဖ”ဖြစ်ကြောင်းကို ခံယူကျင့်သုံး လျက်ရှိပါတယ်။ အမျိုးသားရေးလုပ်ငန်းစဥ်တွေ တည်ဆောက်ကြတဲ့အခါ ပြည်သူ ထောက်ခံမှုဟာ အရေးကြီး ပါတယ်။ အဲဒီအတွက်လည်း အတတ်နိုင်ဆုံး ပြည်သူလူထုက အထင်အမြင် လွှဲစရာတွေကို ဂရုပြုရှောင်ရှားပါ တယ်။
သို့သော် အရောင်ဆိုးခြင်း ခံကြရတဲ့ အချို့ပြည်သူတွေရဲ့ အမြင်မှာ မိမိတို့ SNA ဘာလုပ်လုပ် အပြုသဘော မြင်နိုင် ဖို့ ခက်ခဲနေပါတယ်။ အဲဒီအတွက်ကလည်း အချိန်တစ်ခု ပေးရပါမယ်ဗျ။ ဒီလိုအချိန်မှာ မိမိတို့ရဲ့ အချို့သော တပ်ဖွဲ့ ဝင်တွေရဲ့ “မချေ မငန်” ဆက်ဆံရေးတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါကိုလည်း မိမိတို့ အမျိုးသားရေး ဖွံ့ဖြိုး တိုးတက်စေလိုမှုအပေါ် သဘောထားကြီးစွာနဲ့ နားလည်ပေးစေလိုပါတယ်။
အဲဒီလိုကိစ္စတွေ ရှိခဲ့ရင်လည်း ဒီနေရာကနေ သက်ဆိုင်သူများကို တောင်းပန်စကား ဆိုပါရစေဗျ။ ပြည်သူ အားပေး မှု၊ ထောက်ခံမှုဟာ ကျနော်တို့ အဖွဲ့အစည်းအတွက် ခွန်အားတစ်ရပ် ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ SNA နဲ့ ပြည်သူများအကြား ဘယ်လို အဖုအထစ်မှ မရှိသလို အရောင်ဆိုးပြီး စည်းလုံးညီညွတ်ရေး ပျက်ပြားစေမဲ့ ဘယ် လုပ်ရပ် ပြုမူမှုမဆို ကန့်ကွက် ရှုံ့ချပါတယ်ဗျ။။

ရှမ်းနီအမျိုးသားနေ့ ကျင်းပနေစဉ်
မေး ။ ။ နောက်ဆုံး မေးချင်ပါတယ်။ SNA ဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက လူထုကို လက်နက်အားကိုး အနိုင်ကျင့်မှုတွေရှိတယ်လို့ ပြောကြဆိုကြတာတွေလည်း ကြားရတာတွေ ရှိပါတယ်။ ဆိုတော့ အဲဒီ ပြောဆိုမှုတွေက တကယ် ဟုတ်/မဟုတ်တော့ မပြောလိုပေမယ့် အဲလိုတွေ အနိုင်ကျင့်မှု မရှိဖို့တော့ လိုအပ် မယ်လို့ ယူဆကြပါတယ်။ ဒီအခြေအနေအပေါ် ဘာပြောနိုင်ပါလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ဗျ။ ခဏက ပြောသလိုပေါ့ဗျာ။ ကျနော်တို့ဟာ မိမိတို့ ဒေသတွင်းမှာ အတူနေကြတာ အများ စုက ရှမ်းနီတွေ ဆိုသော်လည်းပဲ အခြားလူမျိုးစုံ ရှိကြပါတယ်။ ဒီနေရာမှာ တစ်ခုပြောစရာလေး ရှိပါတယ်။ SNA ထိန်းချုပ်နယ်မြေဆိုပေမဲ့ ဒေသတွင်းနေ အားလုံး SNA ကို ချစ်နေတယ်လို့တော့ ပြောလို့မရပါဘူး။
နှစ်သက်ရာ ပါတီစုံခေတ်မှာ မိမိကြိုက်နှစ်ရာကို အားပေးကြတာက ဓမ္မတာပါ။
မိမိ မကြိုက်နှစ်သက်တဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းစဥ် ဘယ်လောက်ကောင်း နေပေမယ့် အပြစ်မြင်တတ်ကြသလို၊ မိမိကြိုက်နှစ်သက်တဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းစဥ် လွှဲချော်မှားယွင်းနေပေမယ့် အပြစ်ပြောဖို့ ဝန်လေးကြတဲ့အပြင် တစ်ချို့အရာတွေကို ဖုံးဖိထားပေးကြတာမျိုးကလည်း ယနေ့ အခါမှာ လူ့သဘာဝတွေလို ဖြစ်နေပါတယ်။
ဒါကြောင့်မို ကျနော် စောစောက ပြောကြားခဲ့သလို တစ်ဆိပ်ကို တစ်အိပ်လုပ်လေ့ရှိတဲ့ လူ့သဘာဝ အနေအထား မှာ မိမိအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်နိုင်ရေးဟာ သတိကြီးစွာ ထားပြီး လုပ်ကိုင်ရပါတယ်။ အမှန်တကယ် ပြည်သူ့ ထောက်ခံမှုမရှိရင် ကျနော်တို့ ဘယ်လိုမှ ရပ်တည်လို့ မရပါဘူး။
ကျနော်တို့ ယနေ့ (နှစ်ပေါင်း-၃၆ နှစ်)ကျော် ဖြတ်သန်းလာတာဟာ ရှမ်းနီပြည်သူလုထု ထောက်ခံအားပေးမှု ကြောင့်ပါ။ ဒါကြောင့် လူထုအပေါ် ဘယ်တော့မှ လက်နက်နဲ့ အနိုင်ကျင့် ဗိုလ်ကျတဲ့ အလုပ်မျိုးကို မလုပ်ခဲ့သလို။ လက်ရှိမှာလည်း မရှိပါဘူး။ နောင်လည်း ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။
ကျနော်တို့ SNA အဖွဲ့အစည်းဟာ ပြည်သူလူထုရဲ့ ဝန်ထုတ်ဝန်ပိုး ဘယ်တော့မှ မဖြစ်သလို ပြည်သူလူထုအပေါ် ရိုင်းပြစွာ အနိုင်ကျင့်မဲ့ အဖွဲ့အစည်း မဟုတ်ဘူးဆိုတာကို ထပ်လောင်း ပြောပါမယ်။
အကယ်၍ အခြေအနေအရ မခြေမငန် အနေအထားကို ကြုံခဲ့ကြရင်လည်း အမျိုးသားရေး ရှေ့တန်းတင်ပြီး သည်းခံခွင့်လွှတ် နားလည်ကြဖို့ ပြောကြားလိုပါတယ်။
အချို့တပ်ဖွဲ့ဝင်များရဲ့ လူထုအပေါ် မလေးမစား ဖြစ်သွားသော ဆက်ဆံရေးများအတွက် ယခုစကားဝိုင်းမှ အနူးအညွှတ် တောင်းပန်ပါတယ်။
မပြေလည်တဲ့ အခြေအနေတွေ ရှိလာခဲ့ရင် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို အမြန်ဆုံး ဖြေရှင်း လုပ်ကိုင်ဖို့ ကျနော်တို့မှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနှင့် ညှိနိူင်းပေါင်းစပ်ရေးကော်မတီ(CMRCC)ကို ဖွဲ့စည်းထားပါတယ်။
လူထုအချင်းချင်း ကိစ္စရပ်တွေ၊ တပ်ဘက်-အရပ်ဘက် ကိစ္စရပ်တွေကို သမ္မာသမတ်ကျကျ ဆောင်ရွက်လျက် ရှိပါတယ်။ ဒေသတွင်း ပြည်သူလူထုထဲမှာ မိမိတို့ အဖွဲ့အစည်းနဲ့ ပိုမိုချစ်ကြည်ရင်းနှီးတဲ့ မိသားစုဝင်တွေအဖြစ် ပုံဖော် ကြိုးစားနေပါတယ်။ အဲဒီလို စည်းလုံးညီညွှတ်တဲ့ ခွန်အားနဲ့ ရှမ်းနီတွေရဲ့ အနာဂတ်ကို ပုံဖော်ဖန်တီး နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 5447
CNI Interview
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်လျက်ရှိသည်။
ထို့နောက် နိုင်ငံရေး အကျပ်အတည်းဖြစ်ကာ မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရေး လက်နက်ကိုင် တော်လှန်နေကြသည်။
အဆိုပါ နိုင်ငံရေး အကျပ်အတည်းကြောင့် ဒီမိုကရေစီစနစ် ထူထောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးမှာလည်း အလှမ်းဝေးလာခဲ့သည်။
ထို့ကြောင့် နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ရွေးကောက်ပွဲ ကျင်းပသွား ရန် စီစဉ်နေသလို ရွေးကောက်ပွဲ အနိုင်ရသည့်ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်း ပေးသွားမည်ဟု ပြောကြား လျက်ရှိသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းနေသလို နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ ဝင်ရောက်မယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဥက္ကဋ္ဌ စိုင်းညွန့်လွင်ကို CNI သတင်းဌာနက မေးမြန်းထားသည်။
မေး ။ ။ အခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ပြန်တည်ဆောက်နိုင်မယ်လို့ မြင်ပါသလား။
ဖြေ ။ ။ အဖွဲ့အစည်း အများစုကတော့ အခုအချိန်အထိ ဒီမိုကရေစီစနစ်ကို ပြန်တည်ဆောက်ကြမယ်လို့ ပြောနေကြတာဘဲ။ တကယ့် လက်တွေ့မှာတော့ ဘယ်လိုဖြစ်လာကြမလဲဆိုတာ ခန့်မှန်းကြည့်ဖို့ မလွယ်ဘူးဗျ။
တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကိုတောင် မတည်ဆောက်နိုင်သေးတဲ့အတွက် ဒီမိုကရေစီစနစ်ကို ပြန်ထူထောင်ဖို့ဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေးလို့ ပြောရမှာပါပဲ။

မေး ။ ။ ဗမာမဟုတ်သော တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုက ဒီမိုကရေစီ ပြိုလဲနေချိန်မှာ ဘယ်လောက်ထိ အလှမ်းဝေးသွားပြီလို့ ထင်ပါသလဲ။ ဒီမိုကရေစီမရရင် ဖက်ဒရယ်လည်းရဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အမြင်ပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ လက်ရှိပြဿနာတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်း အကြီးအသေး အားလုံးကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ကြမယ်လို့ ထုတ်ပြောနေကြတာဘဲ။ ဆန့်ကျင်ဖက် အဖွဲ့အစည်းတွေ အားလုံးလောက်က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ကြမယ်လို့ ကြွေးကြော် နေကြတာပဲ။
ထူးဆန်းတာက ပြဿနာဖြစ်နေကြသူ အချင်းချင်းကြားမှာ အဲဒီအချက်ကတော့ တူညီနေကြပါတယ်။ ပိုပြီး ထူးဆန်းတာက အဲဒီအချက်အပေါ်မှာ သဘောတူကြပါတယ်ဆိုတဲ့ သဘောတူညီချက်မျိုးတော့ ရှိမထားကြသေး တာဘဲ။ ဦးတည်ချက် တူကြသူချင်း တိုက်နေကြသလိုပဲဗျ။
ဒီမိုကရေစီ မရှိရင် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ အလွန်ကို ခက်တယ်ဆိုတာ မှန်ပါတယ်။ ဒီမိုကရေစီ ဆိုတာ တရားဥပဒေ စိုးမိုးရေးနဲ့လည်း သက်ဆိုင်နေတာမို့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေက တရားဥပဒေ စိုးမိုးပြီး ဒီမိုကရေစီစနစ် ပြန်ထူထောင်ဖို့ဆိုတာ အလွန်အင်မတန်ကို ဝေးကွာလွန်းနေတာလည်း အမှန်ပါပဲ။
မေး ။ ။ အခုဆိုရင် မြန်မာနိုင်ငံဟာ ပြိုကွဲနိုင်ငံအဆင့်ကို ရောက်နေပြီး ဒီအခြေအနေကို ထိန်းသိမ်းနိုင်မယ့် အနေအထားကိုလည်း သက်ဆိုင်ရာ ဘက်အသီးသီးက မကြိုးပမ်းကြဘဲနဲ့ ကိုယ်အာဏာ ရရှိရေးကိုပဲသွားဖို့ ကြိုးပမ်းနေကြတယ်လို့ ဆိုကြတယ်။ ဒီအခင်းအကျင်းထဲမှာ ပြည်သူလူထု အားကိုယူပြီးတော့ ပြန်လည် ထိန်းကျောင်းနိုင်မယ့် နည်းလမ်းကို ပြောပါဆိုရင် ဘာဖြစ်မလဲ။
ဖြေ ။ ။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး - ဆိုတဲ့ တို့တာဝန်အရေးသုံးပါး စလုံးဟာ ပိန်လိမ်နေပြီး အက်ကြောင်းတွေ ပေါ်နေရပြီလို့ ပြောနိုင် ပါတယ်။
ပြည်တွင်းအင်အားစုများ အနေနဲ့ စည်းလုံးညီညွတ်မှု ပျက်ပြားနေပြီလို့ ပြောနိုင်ပါတယ်။ တကယ့်ကို စိတ်မကောင်းစရာပါဗျာ။ သက်ဆိုင်ရာ ဘက်အသီးသီးကလည်း စစ်အနိုင်ရရေးနဲ့ အာဏာရှိရာကိုပဲ ဦးတည် နေကြတယ်။ တစ်ဖက်နဲ့ တစ်ဖက် နာကျည်းမုန်းတီးမှုတွေကလည်း ပြင်းထန်နေကြတယ်။
ပြည်သူလူထုကလည်း သက်ဆိုင်တဲ့ ဒေသအလိုက် ဒုက္ခမျိုးစုံကို ခါးစည်းခံနေရတော့ ကိုယ့်ဒုက္ခနဲ့ကိုယ် ဖြစ်နေကြ တာပါ။ ပြည်သူကို အားယူဖို့ ခက်တယ်လို့ မြင်မိတယ်။ အခုအထိတော့ ပြည်သူကို အားယူပြီး ပြန်လည် ထိန်းကျောင်းနိုင်မဲ့ လူပုဂ္ဂိုလ်/ အဖွဲ့အစည်း ထင်ထင်ရှားရှား မတွေ့ရသေးပါဘူး။
အခု အခြေအနေကိုကြည့်ရင် စစ်ရေးနည်းလမ်းက ဦးဆောင်နေတာပါ။ နိုင်ငံရေးနည်းလမ်းက ဟိုးအဝေးမှာ ပြတ်ကျန်နေရစ်တာ နှစ်အတော်ကြာခဲ့ပါပြီ။ စစ်ရေးကို “ချို” စေပြီး နိုင်ငံရေးကို “ပို” အောင် အားထုတ်ကြဖို့ လိုပါတယ်။
လက်နက်ကိုင် တိုက်ပွဲအပြင် နိုင်ငံရေးတိုက်ပွဲကိုလည်း ဖော်ဆောင်နိုင်ဖို့ လိုပါတယ်။ ဒါကလည်း ပြောပါဆိုလို့ သာ ပြောရတာပါ။ လက်တွေ့မှာတော့ အရိပ်အရောင်တောင် မမြင်ရသေးပါဘူး။ လူထုအားကိုယူပြီး ပြုပြင်ဖို့ ဆိုတာ စစ်ရေးနည်းလမ်းနဲ့ မဖြစ်နိုင်ဘဲ နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြစ်နိုင်ပါတယ်။ လက်ရှိမှာတော့ နိုင်ငံရေး နည်းလမ်းတွေက ဆောင်ရွက်ခွင့်မရတဲ့အတွက် မှေးမိန် ပျောက်ကွယ်နေရပါတယ်။

ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ်
မေး ။ ။ ဒီမိုကရေစီစနစ်ကို ပြန်လည်ထိန်းကျောင်းနိုင်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ဆို ပြီးတော့ မြန်မာ့နိုင်ငံရေးရဲ့ ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို ပြောနေကြတယ်။ တကယ်ပဲ ရွေးကောက်ပွဲ ကျင်းပမှ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကို ပြန်တည်ဆောက်နိုင်မယ်လို့ မြင်ပါသလား။ ရွေးကောက်ပွဲမဟုတ်ဘဲ တခြား နည်းလမ်းမရှိတော့ဘူးလား။
ဖြေ ။ ။ ဒီဇင်ဘာမှာ ကျင်းပဖို့ စီစဥ်နေတဲ့ ရွေးကောက်ပွဲက လူထုအတွက် ထွက်ပေါက် မဟုတ်ပါဘူး။ ၂၀၂၀-တုန်းက ပထမ ရထားတဲ့ပါတီကို ပါဝင်မှုမရှိနိုင်အောင် ခင်းကျင်းထားတဲ့ အခင်းအကျင်းကို ကြည့်လိုက်ရင် လွတ်လပ်တရားမျှတတယ်လို့ ပြောဖို့ ခက်ပါတယ်။
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုလို့ရှိရင် သင့်တင့်လျှောက်ပတ်တဲ့ ပတ်ဝန်းကျင် (သပ္ပာယ ဖြစ်တဲ့ပတ်ဝန်းကျင်) ဖြစ်ဖို့လိုပါတယ်။ လက်ရှိအခြေအနေကတော့ အဲဒီလို အခြေအနေမျိုးဖြစ်နေ တယ်လို့ ကျနော်တော့ မထင်ပါဘူး။
ကျနော့် အမြင်ကတော့ အရေးကြီးတဲ့ stakeholders အများစု ဆွေးနွေးကြပြီး သဘောတူဆုံးဖြတ် ထားတဲ့ အတိုင်း ကျင်းပတဲ့ ရွေးကောက်ပွဲမျိုးကသာ တိုင်းပြည်အတွက် ထွက်ပေါက်ဖြစ်နိုင်ပါတယ်။ နိုင်ငံရေးပါတီ တချို့နဲ့ NSPNC ဆွေးနွေးထားကြတဲ့ သဘောတူညီချက် (၄၃) ချက်ရှိတယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ လျှို့ဝှက်ထားတဲ့အတွက် လူထုအနေနဲ့ “သဘောတူညီချက်” ကို အကြောင်းပြုပြီး မဲပေးဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ ရွေးကောက်ပွဲဆိုတာ ပွင့်လင်းမြင်သာမှု ရှိရမယ်လို့ ဆိုထားတယ် မဟုတ်လား။
အခုကျင်းပမဲ့ ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပနိုင်ရုံနဲ့တော့ ဒီမိုကရေစီကို ပြန်ကျင့်သုံးဖို့နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ပြီလို့ ဆိုတာကတော့ စည်းလွတ်ဝါးလွတ် ပြောဆိုတာဘဲ ဖြစ်တယ်။ ဒါလောက် လေးနဲ့တော့ မဖြစ်နိုင်ဘူးဆိုတာ နားလည်သူတိုင်းက သိကြပြီးသားပါ။
ရွေးကောက်ပွဲ မဟုတ်တဲ့ အခြားနည်းလမ်းဆိုရင်တော့ နိုင်ငံရေးနည်းလမ်းဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ဖို့ပဲ ရှိတော့တယ်။ စစ်ရေးနဲ့ မုန်းတီးမှုတွေက အရမ်းကို ကြီးလွန်းနေတဲ့ ကာလမှာ နှစ်ဖက်ဆွေးနွေးကြဖို့ တိုက်တွန်းလိုက်ရင်ကိုဘဲ အားလုံးက သေဒဏ်ပေးသလို ဝိုင်းပြီး မိုးမွှန်အောင် ဆဲရေးဆန့်ကျင်ကြတာမို့ ဘယ်သူ မှ ဝင်မပြောရဲကြတော့ပါဘူး။ တိုင်းပြည်ကတော့ နာပြီးရင်းနာ နေရတော့မှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
မေး ။ ။ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ရင် မြန်မာပြည် အခင်းအကျင်းက ဘယ်လိုဖြစ်လာနိုင်လဲ၊ အကယ်၍ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ဘူးဆိုရင် ဘယ်လို အခင်းအကျင်း ဖြစ်နိုင်ပါသလဲ။
ဖြေ ။ ။ ထင်ရှားတဲ့ အတိုက်အခံတွေ မပါခဲ့တဲ့ ရွေးကောက်ပွဲ ကျင်းပပြီးခဲ့ရင် စစ်တပ်နဲ့ အဆင်ပြေတဲ့ ပါတီဝင် အများစုက လွှတ်တော်ထဲကို ရောက်လာပါမယ်။ ဥပဒေပြုခြင်း/ပယ်ဖျက်ခြင်း/ ပြင်ဆင်ခြင်းတွေကို လွှတ်တော်ကပဲ လုပ်ပါတော့မယ်။ ဘဏ္ဍာငွေ သုံးစွဲရေးကိုလည်း ဥပဒေနဲ့အညီ ဆွေးနွေးဆုံးဖြတ်ပြီး လုပ်ရပါ တော့မယ်။
လက်ရှိ အခြေအနေထက်စာရင် ပိုပြီး ကြန့်ကြာနိုင်ပါတယ်။ နှေးကွေးသွားပါမယ်။ စစ်ထွက်တွေပါတဲ့ အရပ်သား အစိုးရ ပေါ်လာမှာဖြစ်ပြီး De Jure အစိုးရလို့ ထုတ်ပြန်ပါလိမ့်မယ်။ ဒါပေမဲ့ လက်နက်ကိုင် ခုခံတော်လှန်ရေး လုပ်နေကြတဲ့ အဖွဲ့အစည်းတွေ ဖက်ကတော့ ရပ်တန့်သွားဖို့ မရှိနိုင်ပါဘူး။ ပိုပြီးတော့တောင်မှ ကြီးထွားလာ ပါလိမ့်မယ်။
အသစ်ပေါ်လာတဲ့ အရပ်သားအစိုးရ အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို ရင်ဆိုင်ဖြေရှင်းရတော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သူတို့ဟာ စစ်ရေးနည်းလမ်းကို လျော့ကျစေပြီး နိုင်ငံရေးနည်းလမ်းကို ပြောင်းရွေ့လာ အောင် ဘယ်လောက် လုပ်နိုင်စွမ်း ရှိမလဲဆိုတာကတော့ မေးရမဲ့ မေးခွန်းဖြစ်ပါတယ်။
ဒါ့အပြင် ERO’S နဲ့ PDF တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြည်ထောင်စုထဲ ပြန်ပြီးပူးပေါင်းလာအောင် ဘယ်လို စီစဥ်ဆောင်ရွက်မလဲဆိုတာ နောက်မေးခွန်းတစ်ခုပေါ့။ နောက်တစ်ခုက ကိုယ်ကျိုးရှာသူတွေကို အစိုးရအဖွဲ့ထဲ ထည့်ဖွဲ့စည်းလိုက်မိခဲ့ရင် အကြီးအကျယ် ငါးပါးမှောက်ပါလိမ့်မယ်။

နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
စီစဥ်ထားတဲ့ ရွေးကောက်ပွဲ မဖြစ်ခဲ့ဘူးဆိုရင် စစ်ရေးအရှိန်အဟုန်က အခုထက်ပိုပြီး မီးတောက်ကြီးလာနိုင်တယ်။ နိုင်ငံရေးနည်းလမ်းက သွားလို့မရတော့ရင် စစ်ရေးနည်းလမ်းကိုပဲ အလေးပေး လုပ်ကြတော့မှာမို့ပါ။ ဆရာပြော သလို တိုင်းပြည်ကောင်းဖို့ စိတ်ဆန္ဒ အမှန်တကယ် ရှိခဲ့ရင် - အခု ပဋိပက္ခထဲ ပါဝင်ပတ်သက်သူ အများစုပါဝင်တဲ့ ညှိနှိုင်းပွဲလုပ်ဖို့ နည်းလမ်းကလွဲပြီး အခြားနိုင်ငံရေးနည်းလမ်းမျိုး မတွေ့မိပါဘူး။
မေး ။ ။ နောက်ဆုံး မေးလိုတာကတော့ ရွေးကောက်ပွဲ ကျင်းပဖြစ်လို့ တက်လာမယ့် အစိုးရက ဒီထက် ပိုမို ကျပ်တည်းတဲ့ အခြေအနေကို ရင်ဆိုင်ရနိုင်တယ်လို့ သုံးသပ်သူတွေလည်းရှိကြတယ်။ ဆိုတော့ ဘယ်လိုအကျပ် အတည်းတွေ ရင်ဆိုင်ရနိုင်ပါသလဲ၊ အဲဒီ အကျပ်အတည်းတွေ မဖြစ်လာအောင်ဆိုရင် ကြိုတင်ပြီးတော့ ဘယ်လို သဘောတူညီချက်တွေ ရယူထားသင့်တယ်လို့ မြင်ပါသလဲ။
ဖြေ ။ ။ အပေါ်မှာ ပြောခဲ့ပြီးပါပြီ။ လွှတ်တော်ပေါ်လာတဲ့အတွက် ဥပဒေပြုရေးနဲ့ ဘဏ္ဍာငွေ သုံးစွဲရေးမှာ အခုထက် အများကြီး နှေးကွေးသွားပါလိမ့်မယ်။ အများနဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေမို့ စိတ်ထဲရှိတဲ့အတိုင်း မြန်နိုင်မှာ မဟုတ်တော့ပါဘူး။ ဝေဖန်မှုတွေ ၊ ကန့်ကွက်မှုတွေကိုလည်း ရင်ဆိုင်ကျော်လွှားရတော့မှာပါ။
ရွေးကောက်ပွဲ မကျင်းပမီ (အခုအချိန်အထိ) ပြိုင်ဖက်တွေနဲ့ ညှိနှိုင်းထားတာ မရှိတဲ့အတွက် အကျပ်အတည်း မဖြစ်ရလေအောင် ကြိုတင်ပြင်ဆင်ဖို့ မလုပ်နိုင်ပါဘူး။ ရင်ဆိုင်ရုံကလွဲပြီး အခြားနည်းလမ်း မရှိပါဘူး။ တက်လာ မဲ့ အစိုးရထဲမှာ ကိုယ်ကျိုးစီးပွါးရှာတဲ့ လူတွေကို မှားယွင်းထည့်သွင်း ဖွဲ့စည်းမိခဲ့ရင် သံင်္ဃာစဉ်ပါ မှောက်နိုင်ပါတယ်။
အခုအခြေအနေက တစ်ဖက်ကိုတစ်ဖက် အပြတ် ကျော်ဖြတ် ချေမှုန်းကြဖို့ကိုဘဲ စဥ်းစားနေကြတယ်လို့ ယူဆမိ လို့ပါ။
- By CNI
- Category: အင်တာဗျူး
- Hits: 4950
CNI Interview
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၂
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားလာသည်မှာ ၁၉၄၈ ခုနှစ်မှစ၍ ယနေ့ နှစ်ပေါင်း ၇၀ ကျော်ထိ ကြာမြင့်လာ ခဲ့ပြီးဖြစ်သည်။
အဆိုပါ ပြည်တွင်းစစ်သည် တိုင်းရင်းသားများ တန်းတူညီမျှ အခွင့်အရေး မရရှိခြင်း၊ ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်ခြင်းနှင့် ဒီမိုကရေစီ ပျက်သုဉ်းခြင်းတို့ကြောင့် ဖြစ်သည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူ ဦးခွန်းဆိုင်ကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ ၄ နှစ်ကျော်ကြာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရ သော်လည်းကောင်း တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါလဲ။ ဘယ်လိုနေရာမှာရှိနေလဲ။
ဖြေ ။ ။ သူက အရေးပါတာက လွတ်လပ်ရေး မရခင်ကတည်းက အရေးပါတာ။ လူဦးရေများတာ၊ နည်းတာက အဓိက မဟုတ်ပါဘူး။ အဓိက,ကတော့ ကျနော်တို့က ဗမာပြည်အားလုံးရဲ့ တစ်ဝက်ကျော်ကျော် ဧရိယာမှာ ရှိနေ တာကို၊ အရေးကြီးတာပေါ့။ လွတ်လပ်ရေး ရပြီးကတည်းက အခုထိက ကျနော်တို့က သဘောတူညီချက် လုပ်ထား တာတွေကို အကောင်အထည် မဖော်ခဲ့ဘူး။ ကျနော်တို့က ဖက်ဒရယ်ကို လုပ်မယ်ပြောခဲ့ပေမယ့် တကယ်လုပ်တဲ့ အခါမှာတော့ လုပ်တာဟာ တစ်ပြည်ထောင်ပဲ လုပ်ခဲ့တယ်။
အခုဆိုရင်လည်း တစ်ပြည်ထောင် မလုပ်တော့ဘူး ဖက်ဒရယ် လုပ်မယ်ဆိုပြန်တော့လည်း ဗဟိုက ပိုပြီးတော့မှ အာဏာရှိရမယ်ဆိုပြီး လုပ်တယ်။ အဲဒီလို တစ်ဖက်သတ် လုပ်မယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ ဘယ်နည်းနဲ့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။

ကျနော်တို့နိုင်ငံ ငြိမ်းချမ်းရေးအတွက် တပ်ချုပ်ကြီးက ပြောခဲ့တယ်။ သူတို့ရဲ့ ဒို့တာဝန်အရေး (၃) ပါးကို မထိခိုက် ဘူးဆိုရင် အကုန်လုံး လိုတာ ပြင်ချင်ပြင် လုပ်ချင်တာလုပ်ဆိုတာ ရှိခဲ့တယ်။ နောက်ပြီးတော့ NCA လက်မှတ် ထိုးပြီးနောက် ဒို့တာဝန်အရေး (၃) ပါးအတွက် ပင်လုံဟာ အဓိကဖြစ်တယ်။ ပင်လုံကို လိုက်နာတယ်ဆိုရင် ဒို့တာဝန်အရေး (၃) ပါးက ဘာမှစိတ်ပူစရာ မလိုဘူးဆိုတာ ပါခဲ့ပြီးသား ဖြစ်တယ်။
သို့သော်လည်းပဲ ဒို့တာဝန်အရေး (၃) ပါးကိုပဲ အဓိကထားပြီးတော့မှ ပင်လုံကို လျစ်လျူရှုထားတယ်၊ နာမည် လောက်ပဲ ယူထားတယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ ရှုပ်ပြီးရင်း ထပ်ရှုပ်မယ်။ ရှုပ်လည်း ရှုပ်လာခဲ့ပြီးပြီ။ အရင် တုန်းက ကျနော်တို့နိုင်ငံက ရောဂါမရှိတဲ့ နိုင်ငံဖြစ်တယ်။ ရောဂါမရှိတဲ့ဟာကို တစ်ခါတည်း ဆေး လာပေးတာက မှားတဲ့ဆေးကြီး လာပေးတော့ အနာတခြား၊ ဆေးတခြား။ ကျနော်တို့လိုတာ ဖက်ဒရယ်ဆေးကြီး၊ လာပေးတာက တစ်ပြည်ထောင်ဆေးဖြစ်တဲ့ အခါကြတော့ အနာက မပျောက်ဘဲ ပိုဆိုးလာတယ်။ ပိုဆိုးလာလေ တစ်ပြည်ထောင် ဆေးကို ပေးလေဆိုတဲ့ အခါကြတော့ ရောဂါက ဆိုးသထက် ပိုဆိုးလာတာ အခုထိပေါ့။
အခု အခြေအနေမှာတော့ ပင်လုံလောက်နဲ့ပဲ ကုစားလို့ မရတော့ဘူး။ ခွဲစိတ်ကုသတဲ့ အဆင့်ထိတောင် ရောက်လာ နိုင်တယ်။ ဒါကို ကျနော်တို့အားလုံးက သဘောထားကြီးကြီးနဲ့ မလုပ်ဘူးဆိုရင် ကျနော်တို့က အနာတခြား၊ ဆေး တခြား ဆက်လုပ်မယ်ဆိုရင် ဒီလူနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေကဏ္ဍကို ဆက်လက်ပြီးတော့မှ သေးသိမ်အောင် လုပ်မယ်ဆိုရင် တိုင်းပြည်ဟာ နောက်ဆုံးတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမယ်။ သူများနိုင်ငံအောက် ရောက်သွား မယ်။ ဒီလိုရောက်သွားမယ်ဆိုရင် ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ ကျနော်တို့ အားလုံးရဲ့အပြစ်ပဲ။ အနာတခြား၊ ဆေး တခြား လုပ်ခဲ့တဲ့အပြစ်ပဲ။ အနာတခြား၊ ဆေးတခြားလုပ်ခဲ့တဲ့ အပြစ်ပဲလို့ ပြောရမယ်။

မေး ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းက KNU ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရတာပေါ့ လူမျိုးတွေနဲ့ ပြည်သူအားလုံးကို ငြိမ်းချမ်းကောင်းမွန်စွာ နေထိုင်ခြင်းကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးဆိုပြီး ပြောသွားတာ တွေ့ရတယ်။ လူမျိုးနဲ့ ပြည်သူအားလုံးကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတာ ဘာကိုဆိုလိုချင်တာလဲ။ ဆရာ့အနေနဲ့ ဘယ်လိုနားလည်ထားလဲ။
ဖြေ ။ ။ အဲဒါကတော့ သူတို့ကို မေးရမှာဖြစ်တယ်။ ကျနော့်ကို မေးလို့မရဘူး။ သို့သော်လည်း ကျနော်တို့ ရိုးရိုး သဘောပေါက်တာကို ပြောရမယ်ဆိုရင် အခြေခံဥပဒေအသစ်ကို ရေးဆွဲမယ်ဆိုကတည်းက တပ်မတော်ဘက်က ပြောခဲ့တာကတော့ ကျနော်တို့နိုင်ငံဟာ လူမျိုးအခြေခံနိုင်ငံ မဟုတ်ဘဲနဲ့ ပထဝီအခြေခံနိုင်ငံ ဖြစ်ဖို့လိုတယ်။
ပြည်နယ်တွေ နာမည်တွေကိုလည်း လူမျိုးနာမည်တွေ မတပ်ဘဲနဲ့ ပထဝီအခြေခံ နာမည်တွေ တပ်ဖို့လိုတယ်လို့ ပြောတယ်။ ဒါကို တိုင်းရင်းသားတွေက လက်မခံခဲ့ပါဘူး။ ဘာကြောင့် လက်မခံလဲဆိုတော့ အမြင်ကျဉ်းလို့ မဟုတ် ဘူးတဲ့ SNLD ကိုယ်တိုင်က ပြောခဲ့တယ်။ ကျနော်တို့က အမြင်ကျဉ်းတာ မဟုတ်ပါဘူးတဲ့။ ကျနော်တို့ နိုင်ငံမှာ အခုက တိုင်းရင်းသားအခွင့်အရေးတွေ ဘာမှတစ်ခုမှမရှိဘူး။ မရှိတဲ့ကြားထဲက တိုင်းရင်းသား နာမည်တောင် ထပ်ဖျက် ဦးမယ်ဆိုတော့ အဲဒါကို ကျနော်တို့ လက်မခံနိုင်ဘူးတဲ့။
နောက်တစ်ခုက အရင်တုန်းက ဗမာပြည်ခေါ်တာကို အခုမြန်မာပြည်ခေါ်မယ် မြန်မာဆိုတာ အားလုံးကိုလွှမ်းခြုံတဲ့ ဝေါဟာရဖြစ်တယ်။ ဒါကိုလည်း ကျနော်တို့ အများစု လက်မခံပါဘူးတဲ့။ အများစု လက်ခံနိုင်မယ့် နာမည်မျိုးကို ကျနော်တို့ ဝိုင်းပြီး ရွေးရမှာပေါ့လို့ တခြားခေါင်းဆောင်တွေ ဘာတွေက ပြောပါတယ်။ အဲဒီတော့ ကျနော်တို့ နိုင်ငံ ကို ကောင်းချင်တယ်ဆိုရင် တစ်ဖက်က လူမျိုးကို အရေးထားနေတဲ့ အခြေအနေမှာ ရုတ်တရက်ချက်ချင်း ကျနော် တို့က ပြောင်းချင်လို့ မရဘူး။ ဒါတဆင့်ပြီး တဆင့် သွားရမယ့်ကိစ္စဖြစ်ပါတယ်။

အမေရိကန် အရီဇိုးနားပြည်နယ်ဆိုရင် အရီဇိုးနားလူမျိုးဆိုတာ မရှိပါဘူး။ တက္ကဆပ်ပြည်မှာလည်း တက္ကဆပ်လူမျိုး မရှိပါဘူး။ အဲဒီလိုမျိုး ဖြစ်လာဖို့ဟာ အခုအခြေအနေမှာ တဆင့်ပြီး တဆင့်သွားရမှာ ဖြစ်တယ်။ ကျနော် လည်း ဖြစ်စေချင်တယ်။ ဒါပေမယ့် လက်ရှိမှာက လူမျိုးက အဖိနှိပ်ခံနေရတာကို ကိုယ့်လူမျိုးပျောက်မှာ စိုးရိမ်နေ ကြတာ ဒါကိုလည်း ကျနော်တို့နိုင်ငံကို အုပ်ချုပ်တဲ့ခေါင်းဆောင်တွေက သတိထားရမှာဖြစ်တယ်။
ငါတို့လိုချင်တာကို ချက်ချင်းလုပ်လို့မရဘူး။ တဆင့်ပြီး တဆင့်လုပ်ရမယ်။ တဆင့်ပြီး တဆင့် လုပ်သွားမယ်။ လူမျိုးအခွင့်အရေးတွေပေးမယ်။ ပေးပြီးတော့ နောက်ပိုင်းမှာ လူမျိုးအခွင့်အရေးတွေ ရှိလာပြီဆိုရင် လူမျိုးဆိုတဲ့ ကိစ္စက အရေးကြီးတဲ့ကိစ္စ ဖြစ်သွားမှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ လူမျိုးတင်မကဘူး လူ့အခွင့်အရေးဆိုတာ ရှိလာမယ်။ လူ့အခွင့်အရေးကတောင် ပိုပြီးအဓိက ဖြစ်လာလိမ့်မယ်။ လူ့အခွင့်အရေးအဓိက ဖြစ်လာတဲ့အချိန်မှာ လူမျိုး ကိစ္စက တဖြေးဖြေး ပျောက်သွားမှာပေါ့။ ဒီလိုပဲ ကျနော်ယုံကြည်တယ်။ ကျနော်ယုံကြည်တာ မှားနိုင်တာပေါ့။
မေး ။ ။ လက်ရှိမြန်မာ့နိုင်ငံရေးမှာ အများစု ထောက်ပြနေကြတာက တရုတ်က အရမ်းလွှမ်းမိုးနေတယ်။ တရုတ်ရဲ့ လွှမ်းမိုးမှုကြောင့်ပဲ ရှမ်းမြောက်က နယ်မြေအချို့ကို ပြန်ရနေတာ စသဖြင့်ပေါ့။ ဒီအပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ဒါက တရုတ်ကိုမေးရမှာပေါ့။ သို့သော်လည်းပဲ ငါ ညံ့လို့ဖြစ်တယ်ဆိုတာကိုလည်း အားလုံးက ဝန်ခံ ရမှာပေါ့။ ဒီကိစ္စမှာ တပ်မတော်လည်း ညံ့တယ်။ ကျနော်တို့ တိုင်းရင်းသားတွေလည်း ညံ့တယ်။ အကုန်လုံးညံ့လို့ ဖြစ်တာပေါ့။ ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်တဲ့ လူမျိုးတွေဟာ တခြားလူမျိုးတွေကို ကျနော်တို့ ပြဿနာကို လာဖြေရှင်းဖို့ လက်ခံရမှာပဲ။

မေး ။ ။ ဒါဆို မြန်မာ့နိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတစ်ခုခု အခုနှစ်ထဲမှာ ပေါ်ပေါက်လာ နိုင်ဖွယ်ရော ရှိပါဦးမလား။ ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ သူတို့ လာမယ့် ၂၅၊ ၂၆၊ ၂၇ မှာ ဆွေးနွေးကြမှာပဲ။ အခြေအနေ ဘယ်လိုဖြစ်မလဲဆိုတာ ဝိုင်းစောင့် ကြည့်ကြတာပေ့ါ။ ဒါပေမယ့် အခုလောလောဆယ် ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း တော်တော်များများရဲ့ စိတ်ဓာတ် ကို ပြောမယ်ဆိုရင် အခုအချိန်မှာတော့ သွေးကြွေးမှာ ဆွေးနွေးရေး မရှိဆိုတဲ့ အသံက ပိုကျယ်နေတုန်းပဲ။ ဒီအခြေ အနေကတော့ နည်းနည်း စောင့်ကြည့်ရမှာပေါ့။ ချက်ချင်း မဖြစ်နိုင်သေးဘူး။
မေး ။ ။ ဒါဆို ဇူလိုင်လကုန် နောက်ပိုင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းကရော ဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ ။ ။ ဒါကိုလည်း ဒီ ၂၅၊ ၂၆၊ ၂၇ ပွဲကို စောင့်ကြည့်ရမှာပေါ့။ အဲဒါပြီးရင် ဇူလိူင်လ သူတို့ ရွေးကောက်ပွဲ ကြေညာတာတွေ ဘာတွေ ဖြစ်လာနိုင်တာပေါ့။ အဲဒီအခါကြ ရွေးကောက်ပွဲအတွက် ကြေညာလို့ရှိရင် ဥပဒေတွေ ဘယ်လိုရှိလဲဆိုတာလည်း ဝိုင်းဝန်းပြီးလေ့လာကြတာပေါ့။
- By CNI
- Category: အင်တာဗျူး
- Hits: 5674
CNI Interview
၂၀၂၅ ခုနှစ်၊ ဇွန်လ ၇
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့ အပိုင်းလိုက် ခွဲ၍ ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
ထို့နောက် ရွေးကောက်ပွဲကို မည်သည့် စနစ်ဖြင့် ကျင်းပမည်လဲ၊ ဘယ်ဒေသများကို ဦးစားပေးကျင်းပမည်လဲ၊ ဘယ်လိုအပိုင်းလိုက် ခွဲ၍ကျင်းပမည်လဲ ဆိုသည့်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို CNI သတင်းဌာနက မေးမြန်းထားပါသည်။
CNI ။ ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲက PR စနစ်နဲ့လား၊ FPTP စနစ်နဲ့လား။ သို့မဟုတ် PR နဲ့ FPTP ရောစပ် ကျင်းပမှာလား။
UEC ။ ။ ကျင်းပမည့် ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)နှင့် အချိုးကျ ကိုယ်စားပြုစနစ်(PR) ၂ မျိုးလုံး အသုံးပြုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
CNI ။ ။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ မြို့နယ်အနက် မြို့နယ်ပေါင်း ဘယ်လောက်လောက်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပါသလဲ။
UEC ။ ။ ရွေးကောက်ပွဲ ကျင်းပမည့်ရက် ထုတ်ပြန်ကြေညာပြီးသည့်အချိန်တွင် ဖြစ်ပေါ်လျက်ရှိသည့် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်သည့်မြို့နယ်များတွင် ဆောင်ရွက်သွားမည်ဖြစ် ပြီး မကျင်းပနိုင်သည့် နယ်မြေများကိုလည်း ထုတ်ပြန်ကြေညာပေးမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိ စာရင်းဇယားများအရ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပဖို့ရှိပါတယ်။

CNI ။ ။ ပြည်သူ့လွှတ်တော်အတွက် မဲထည့်ရမယ့် စနစ်က PR လား FPTP လား သိလိုပါတယ်။ အမျိုးသားလွှတ်တော်အတွက် မဲထည့်ရမယ့် စနစ်က PR လား FPTP လား သိလိုပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် မဲထည့်ရမယ့်စနစ်က PR လား FPTP လား သိလိုပါတယ်။
UEC ။ ။ ကျင်းပမည့် ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)နှင့် အချိုးကျကိုယ်စားပြုစနစ်(PR) ၂ မျိုးလုံး အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက အသေးစိတ်သိရှိရမှာ ဖြစ်ပါတယ်။
CNI ။ ။ ရွေးကောက်ပွဲ မဲပေးရမယ့်စနစ်က မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine-MEVM)နဲ့ ဖြစ်တော့ ရလဒ်တွေကို ပြင်ဆင်ထားမျိုးတွေ လုပ်လာနိုင်တယ်လို့ ယူဆမှုတွေလည်း ရှိတယ်။ ဒီလိုမျိုး မဖြစ်အောင် ဘယ်လို အာမခံနိုင်ပါသလဲ။
UEC ။ ။ MEVM စက်များနဲ့ စမ်းသပ်မဲပေးခြင်းများကို နေပြည်တော်မှာရှိတဲ့ ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီး ဌာန၊ တက္ကသိုလ်များ၊ လူမှုရေးအဖွဲ့အစည်းများနဲ့ တိုင်းဒေသကြီး/ပြည်နယ် ၉ ခုတို့မှာ ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေး ပါတီများကိုလည်း စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ပြီးဖြစ်ပါတယ်။

မဲပေးတဲ့သူကိုယ်တိုင် စိစစ်နိုင်အောင် ဆောင်ရွက်ထားပါတယ်။ စမ်းသပ်မဲပေးမှုများအရ ရလဒ်မှားယွင်းမှုမရှိ ကြောင်း တွေ့ရှိပါတယ်။ မဲပေးစက်မှာ Internet, Wifi, Bluetooth စနစ်များ မပါဝင်ပါ။ ကွန်ပျူတာများကဲ့သို့ ဝင်းဒိုးစနစ်(OS)များ မပါဝင်ပါ။
မိုက်ခရိုကွန်ထရိုလာစနစ် ဖြစ်သည့်အတွက် အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရသော စနစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စံချိန်စံညွှန်းဥပဒေ(၂၀၁၄) နှင့်အညီ မဲပေးစက်၏ အရည်အသွေးနှင့် စံချိန်စံညွှန်းကို အမျိုးသားအဆင့် ထောက်ခံ အသိအမှတ်ပြုလွှာရရှိရေး ဆောင်ရွက်လျက်ရှိပါတယ်။
CNI ။ ။ ရွေးကောက်ပွဲကို ဘယ်တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ အရင်ဆုံး ကျင်းပဖို့ စီစဉ်ထားပါသလဲ။ ဒုတိယဦးစားပေး ကျင်းပမယ့် ဒေသတွေက ဘယ်ဒေသတွေ ဖြစ်မလဲ သိလိုပါတယ်။
UEC ။ ။ နယ်မြေဒေသ အခြေအနေအရ ကန့်သတ်ချက်ရှိတဲ့ နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအားလုံးမှာ ဦးစားပေး အစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားပါတယ်။
CNI ။ ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မဲပေးရမယ့်ရက်က တစ်ရက်တည်းပဲ လား သို့မဟုတ် ဘယ်နှရက်အထိ မဲပေးဖို့ ခွင့်ပြုသွားဖို့ ရှိပါသလဲ။
UEC ။ ။ ကျင်းပမည့် ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပဖို့လျထားပြီး အပိုင်းအလိုက် ရွေးကောက်ပွဲ ကျင်းပမည့်ရက်များကို သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။

CNI ။ ။ ရွေးကောက်ပွဲ မကျင်းပနိုင်သေးသည့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာဆိုရင် အဲဒီ ဒေသတွေ မှာပဲ ဝင်ပြိုင်ဖို့ လုပ်ထားတဲ့ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲ ဝင်ပြိုင်စရာမလိုတော့ဘူးလား သို့မဟုတ် ဘယ်လိုပုံစံနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ရှိနိုင်ပါသလဲ၊ အဲဒီဒေသက ပြည်သူတွေကရော ဘယ်လိုပုံစံနဲ့မဲပေးလို့ရတဲ့ စနစ်ကို စီစဉ်ပေးသွားဖို့ရှိပါသလဲ၊ (ဥပမာ- ရခိုင်ပြည်နယ်- ချင်းပြည်နယ်- ကယားပြည်နယ်- ကချင်ပြည်နယ်- စစ်ကိုင်းတိုင်းဒေသကြီး တို့မှာ ဝင်ပြိုင်မယ့် ပါတီတွေနဲ့ ပြည်သူတွေကို ရည်ညွန်းစဉ်းစားကြည့်ရန်)။
UEC ။ ။ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့်အညီ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ သက်ဆိုင်ရာလွှတ်တော်အလိုက် မဲဆန္ဒနယ်များကို သတ်မှတ်ပေးမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ပြည်သူတွေ အနေနဲ့လည်း မဲဆန္ဒနယ်အလိုက် သတ်မှတ်ထားတဲ့ မဲရုံများမှာ မဲပေးနိုင်မှာဖြစ်ပါတယ်။

CNI ။ ။ ဥပမာ- ရခိုင်ပြည်နယ်မှာ သုံးမြို့နယ် ကျင်းပနိုင်ပေမယ့် အဲဒီ သုံးမြို့နယ်အတွက်ပဲ လွှတ်တော် အမတ်တွေရှိပြီး တခြား ၁၄ မြို့နယ်အတွက် လွှတ်တော်အမတ်ကတော့ လစ်လပ်နေရာအဖြစ် ထားမှာလား။ သို့မဟုတ် ကျင်းပလို့ရတဲ့ သုံးမြို့နယ်ထဲမှာပဲ တခြား ၁၄ မြို့နယ်က ကိုယ်စားလှယ်တွေကို မဲပေး ရွေးချယ်ခိုင်းမှာ လား။ အဲလိုဆိုရင် မဲပေးရမယ့် ပြည်သူတွေက ဘယ်လို မဲထည့်ရမှာလဲ ကိုယ်စားထည့်ခိုင်းမယ်ဆိုတာမျိုးလား သိလိုပါတယ်။
UEC ။ ။ ပြောင်းလဲ ကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့် ကိုက်ညီမည့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။
ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များအလိုက် သတ်မှတ်လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်မှာ ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းပြီးပါက အသေးစိတ် သိရှိရမှာဖြစ်ပါတယ်။
- 1
- 2
Page 1 of 2
