CNI Interview
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၂ 

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားလာသည်မှာ ၁၉၄၈ ခုနှစ်မှစ၍ ယနေ့ နှစ်ပေါင်း ၇၀ ကျော်ထိ ကြာမြင့်လာ ခဲ့ပြီးဖြစ်သည်။

အဆိုပါ ပြည်တွင်းစစ်သည် တိုင်းရင်းသားများ တန်းတူညီမျှ အခွင့်အရေး မရရှိခြင်း၊ ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်ခြင်းနှင့် ဒီမိုကရေစီ ပျက်သုဉ်းခြင်းတို့ကြောင့် ဖြစ်သည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူ ဦးခွန်းဆိုင်ကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။       ။ ၄ နှစ်ကျော်ကြာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရ သော်လည်းကောင်း တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါလဲ။ ဘယ်လိုနေရာမှာရှိနေလဲ။

ဖြေ ။       ။ သူက အရေးပါတာက လွတ်လပ်ရေး မရခင်ကတည်းက အရေးပါတာ။ လူဦးရေများတာ၊ နည်းတာက အဓိက မဟုတ်ပါဘူး။ အဓိက,ကတော့ ကျနော်တို့က ဗမာပြည်အားလုံးရဲ့ တစ်ဝက်ကျော်ကျော် ဧရိယာမှာ ရှိနေ တာကို၊ အရေးကြီးတာပေါ့။ လွတ်လပ်ရေး ရပြီးကတည်းက အခုထိက ကျနော်တို့က သဘောတူညီချက် လုပ်ထား တာတွေကို အကောင်အထည် မဖော်ခဲ့ဘူး။ ကျနော်တို့က ဖက်ဒရယ်ကို လုပ်မယ်ပြောခဲ့ပေမယ့် တကယ်လုပ်တဲ့ အခါမှာတော့ လုပ်တာဟာ တစ်ပြည်ထောင်ပဲ လုပ်ခဲ့တယ်။

အခုဆိုရင်လည်း တစ်ပြည်ထောင် မလုပ်တော့ဘူး ဖက်ဒရယ် လုပ်မယ်ဆိုပြန်တော့လည်း ဗဟိုက ပိုပြီးတော့မှ အာဏာရှိရမယ်ဆိုပြီး လုပ်တယ်။ အဲဒီလို တစ်ဖက်သတ် လုပ်မယ်ဆိုရင် ကျ‌နော်တို့နိုင်ငံဟာ ဘယ်နည်းနဲ့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ 

ကျနော်တို့နိုင်ငံ ငြိမ်းချမ်းရေးအတွက် တပ်ချုပ်ကြီးက ပြောခဲ့တယ်။ သူတို့ရဲ့ ဒို့တာဝန်အရေး (၃) ပါးကို မထိခိုက် ဘူးဆိုရင် အကုန်လုံး လိုတာ ပြင်ချင်ပြင် လုပ်ချင်တာလုပ်ဆိုတာ ရှိခဲ့တယ်။ နောက်ပြီးတော့ NCA လက်မှတ် ထိုးပြီးနောက် ဒို့တာဝန်အရေး (၃) ပါးအတွက် ပင်လုံဟာ အဓိကဖြစ်တယ်။ ပင်လုံကို လိုက်နာတယ်ဆိုရင် ဒို့တာဝန်အရေး (၃) ပါးက ဘာမှစိတ်ပူစရာ မလိုဘူးဆိုတာ ပါခဲ့ပြီးသား ဖြစ်တယ်။ 

သို့သော်လည်းပဲ ဒို့တာဝန်အရေး (၃) ပါးကိုပဲ အဓိကထားပြီးတော့မှ ပင်လုံကို လျစ်လျူရှုထားတယ်၊ နာမည် လောက်ပဲ ယူထားတယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ ရှုပ်ပြီးရင်း ထပ်ရှုပ်မယ်။ ရှုပ်လည်း ရှုပ်လာခဲ့ပြီးပြီ။ အရင် တုန်းက ကျနော်တို့နိုင်ငံက ရောဂါမရှိတဲ့ နိုင်ငံဖြစ်တယ်။ ရောဂါမရှိတဲ့ဟာကို တစ်ခါတည်း ဆေး လာပေးတာက မှားတဲ့‌ဆေးကြီး လာပေးတော့ အနာတခြား၊ ဆေးတခြား။ ကျနော်တို့လိုတာ ဖက်ဒရယ်ဆေးကြီး၊ လာပေးတာက တစ်ပြည်ထောင်ဆေးဖြစ်တဲ့ အခါကြတော့ အနာက မပျောက်ဘဲ ပိုဆိုးလာတယ်။ ပိုဆိုးလာလေ တစ်ပြည်ထောင် ဆေးကို ပေးလေဆိုတဲ့ အခါကြတော့ ရောဂါက ဆိုးသထက် ပိုဆိုးလာတာ အခုထိပေါ့။ 

အခု အခြေအနေမှာတော့ ပင်လုံလောက်နဲ့ပဲ ကုစားလို့ မရတော့ဘူး။ ခွဲစိတ်ကုသတဲ့ အဆင့်ထိတောင် ရောက်လာ နိုင်တယ်။ ဒါကို ကျနော်တို့အားလုံးက သဘောထားကြီးကြီးနဲ့ မလုပ်ဘူးဆိုရင် ကျနော်တို့က အနာတခြား၊ ဆေး တခြား ဆက်လုပ်မယ်ဆိုရင် ဒီလူနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေကဏ္ဍကို ဆက်လက်ပြီးတော့မှ သေးသိမ်အောင် လုပ်မယ်ဆိုရင် တိုင်းပြည်ဟာ နောက်ဆုံးတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမယ်။ သူများနိုင်ငံအောက် ရောက်သွား မယ်။ ဒီလိုရောက်သွားမယ်ဆိုရင် ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ ကျနော်တို့ အားလုံးရဲ့အပြစ်ပဲ။ အနာတခြား၊ ဆေး တခြား လုပ်ခဲ့တဲ့အပြစ်ပဲ။ အနာတခြား၊ ဆေးတခြားလုပ်ခဲ့တဲ့ အပြစ်ပဲလို့ ပြောရမယ်။

မေး ။        ။ ပြီးခဲ့တဲ့ ရက်ပိုင်းက KNU ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရတာပေါ့ လူမျိုးတွေနဲ့ ပြည်သူအားလုံးကို ငြိမ်းချမ်းကောင်းမွန်စွာ နေထိုင်ခြင်းကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးဆိုပြီး ပြောသွားတာ တွေ့ရတယ်။ လူမျိုးနဲ့ ပြည်သူအားလုံးကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတာ ဘာကိုဆိုလိုချင်တာလဲ။ ဆရာ့အနေနဲ့ ဘယ်လိုနားလည်ထားလဲ။

ဖြေ ။        ။ အဲဒါကတော့ သူတို့ကို မေးရမှာဖြစ်တယ်။ ကျနော့်ကို မေးလို့မရဘူး။ သို့သော်လည်း ကျနော်တို့ ရိုးရိုး သဘောပေါက်တာကို ပြောရမယ်ဆိုရင် အခြေခံဥပဒေအသစ်ကို ရေးဆွဲမယ်ဆိုကတည်းက တပ်မတော်ဘက်က ပြောခဲ့တာကတော့ ကျနော်တို့နိုင်ငံဟာ လူမျိုးအခြေခံနိုင်ငံ မဟုတ်ဘဲနဲ့ ပထဝီအခြေခံနိုင်ငံ ဖြစ်ဖို့လိုတယ်။ 

ပြည်နယ်တွေ နာမည်တွေကိုလည်း လူမျိုးနာမည်တွေ မတပ်ဘဲနဲ့ ပထဝီအခြေခံ နာမည်တွေ တပ်ဖို့လိုတယ်လို့ ပြောတယ်။ ဒါကို တိုင်းရင်းသားတွေက လက်မခံခဲ့ပါဘူး။ ဘာကြောင့် လက်မခံလဲဆိုတော့ အမြင်ကျဉ်းလို့ မဟုတ် ဘူးတဲ့ SNLD ကိုယ်တိုင်က ပြောခဲ့တယ်။ ကျနော်တို့က အမြင်ကျဉ်းတာ မဟုတ်ပါဘူးတဲ့။ ကျနော်တို့ နိုင်ငံမှာ အခုက တိုင်းရင်းသားအခွင့်အရေးတွေ ဘာမှတစ်ခုမှမရှိဘူး။ မရှိတဲ့ကြားထဲက တိုင်းရင်းသား နာမည်တောင် ထပ်ဖျက် ဦးမယ်ဆိုတော့ အဲဒါကို ကျနော်တို့ လက်မခံနိုင်ဘူးတဲ့။

နောက်တစ်ခုက အရင်တုန်းက ဗမာပြည်ခေါ်တာကို အခုမြန်မာပြည်ခေါ်မယ် မြန်မာဆိုတာ အားလုံးကိုလွှမ်းခြုံတဲ့ ဝေါဟာရဖြစ်တယ်။ ဒါကိုလည်း ကျနော်တို့ အများစု လက်မခံပါဘူးတဲ့။ အများစု လက်ခံနိုင်မယ့် နာမည်မျိုးကို ကျနော်တို့ ဝိုင်းပြီး ရွေးရမှာပေါ့လို့ တခြားခေါင်းဆောင်တွေ ဘာတွေက ပြောပါတယ်။ အဲဒီတော့ ကျနော်တို့ နိုင်ငံ ကို ကောင်းချင်တယ်ဆိုရင် တစ်ဖက်က လူမျိုးကို အရေးထားနေတဲ့ အခြေအနေမှာ ရုတ်တရက်ချက်ချင်း ကျနော် တို့က ပြောင်းချင်လို့ မရဘူး။ ဒါတဆင့်ပြီး တဆင့် သွားရမယ့်ကိစ္စဖြစ်ပါတယ်။ 

အမေရိကန် အရီဇိုးနားပြည်နယ်ဆိုရင် အရီဇိုးနားလူမျိုးဆိုတာ မရှိပါဘူး။ တက္ကဆပ်ပြည်မှာလည်း တက္ကဆပ်လူမျိုး မရှိပါဘူး။ အဲဒီလိုမျိုး ဖြစ်လာဖို့ဟာ အခုအခြေအနေမှာ တဆင့်ပြီး တဆင့်သွားရမှာ ဖြစ်တယ်။  ကျနော် လည်း ဖြစ်စေချင်တယ်။ ဒါပေမယ့် လက်ရှိမှာက လူမျိုးက အဖိနှိပ်ခံနေရတာကို ကိုယ့်လူမျိုးပျောက်မှာ စိုးရိမ်နေ ကြတာ ဒါကိုလည်း ကျနော်တို့နိုင်ငံကို အုပ်ချုပ်တဲ့ခေါင်းဆောင်တွေက သတိထားရမှာဖြစ်တယ်။ 

ငါတို့လိုချင်တာကို ချက်ချင်းလုပ်လို့မရဘူး။ တဆင့်ပြီး တဆင့်လုပ်ရမယ်။ တဆင့်ပြီး တဆင့် လုပ်သွားမယ်။ လူမျိုးအခွင့်အရေးတွေပေးမယ်။ ပေးပြီးတော့ နောက်ပိုင်းမှာ လူမျိုးအခွင့်အရေးတွေ ရှိလာပြီဆိုရင် လူမျိုးဆိုတဲ့ ကိစ္စက အရေးကြီးတဲ့ကိစ္စ ဖြစ်သွားမှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ လူမျိုးတင်မကဘူး လူ့အခွင့်အရေးဆိုတာ ရှိလာမယ်။ လူ့အခွင့်အရေးကတောင် ပိုပြီးအဓိက ဖြစ်လာလိမ့်မယ်။ လူ့အခွင့်အရေးအဓိက ဖြစ်လာတဲ့အချိန်မှာ လူမျိုး ကိစ္စက တဖြေးဖြေး ပျောက်သွားမှာပေါ့။ ဒီလိုပဲ ကျနော်ယုံကြည်တယ်။ ကျနော်ယုံကြည်တာ မှားနိုင်တာပေါ့။ 

မေး ။           ။ လက်ရှိမြန်မာ့နိုင်ငံရေးမှာ အများစု ထောက်ပြနေကြတာက တရုတ်က အရမ်းလွှမ်းမိုးနေတယ်။ တရုတ်ရဲ့ လွှမ်းမိုးမှုကြောင့်ပဲ ရှမ်းမြောက်က နယ်မြေအချို့ကို ပြန်ရနေတာ စသဖြင့်ပေါ့။ ဒီအပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။            ။ ဒါက တရုတ်ကိုမေးရမှာပေါ့။ သို့သော်လည်းပဲ ငါ ညံ့လို့ဖြစ်တယ်ဆိုတာကိုလည်း အားလုံးက ဝန်ခံ ရမှာပေါ့။ ဒီကိစ္စမှာ တပ်မတော်လည်း ညံ့တယ်။ ကျနော်တို့ တိုင်းရင်းသားတွေလည်း ညံ့တယ်။ အကုန်လုံးညံ့လို့ ဖြစ်တာပေါ့။ ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်တဲ့ လူမျိုးတွေဟာ တခြားလူမျိုးတွေကို ကျနော်တို့ ပြဿနာကို လာဖြေရှင်းဖို့ လက်ခံရမှာပဲ။

မေး ။            ။ ဒါဆို မြန်မာ့နိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတစ်ခုခု အခုနှစ်ထဲမှာ ပေါ်ပေါက်လာ နိုင်ဖွယ်ရော ရှိပါဦးမလား။ ဘယ်လိုမြင်မိလဲ။

ဖြေ ။             ။ သူတို့ လာမယ့် ၂၅၊ ၂၆၊ ၂၇ မှာ ဆွေးနွေးကြမှာပဲ။ အခြေအနေ ဘယ်လိုဖြစ်မလဲဆိုတာ ဝိုင်းစောင့် ကြည့်ကြတာပေ့ါ။ ဒါပေမယ့် အခုလောလောဆယ် ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း တော်တော်များများရဲ့ စိတ်ဓာတ် ကို ပြောမယ်ဆိုရင် အခုအချိန်မှာတော့ သွေးကြွေးမှာ ဆွေးနွေးရေး မရှိဆိုတဲ့ အသံက ပိုကျယ်နေတုန်းပဲ။ ဒီအခြေ အနေကတော့ နည်းနည်း စောင့်ကြည့်ရမှာပေါ့။ ချက်ချင်း မဖြစ်နိုင်သေးဘူး။

မေး ။              ။ ဒါဆို ဇူလိုင်လကုန် နောက်ပိုင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းကရော ဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ ။              ။ ဒါကိုလည်း ဒီ ၂၅၊ ၂၆၊ ၂၇ ပွဲကို စောင့်ကြည့်ရမှာပေါ့။ အဲဒါပြီးရင် ဇူလိူင်လ သူတို့ ရွေးကောက်ပွဲ ကြေညာတာတွေ ဘာတွေ ဖြစ်လာနိုင်တာပေါ့။ အဲဒီအခါကြ ရွေးကောက်ပွဲအတွက် ကြေညာလို့ရှိရင် ဥပဒေတွေ ဘယ်လိုရှိလဲဆိုတာလည်း ဝိုင်းဝန်းပြီးလေ့လာကြတာပေါ့။