CNI Interview

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်လျက်ရှိသည်။

ထို့နောက် နိုင်ငံရေး အကျပ်အတည်းဖြစ်ကာ မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရေး လက်နက်ကိုင် တော်လှန်နေကြသည်။

အဆိုပါ နိုင်ငံရေး အကျပ်အတည်းကြောင့် ဒီမိုကရေစီစနစ် ထူထောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးမှာလည်း အလှမ်းဝေးလာခဲ့သည်။

ထို့ကြောင့် နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ရွေးကောက်ပွဲ ကျင်းပသွား ရန် စီစဉ်နေသလို ရွေးကောက်ပွဲ အနိုင်ရသည့်ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်း ပေးသွားမည်ဟု ပြောကြား လျက်ရှိသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းနေသလို နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ ဝင်ရောက်မယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဥက္ကဋ္ဌ စိုင်းညွန့်လွင်ကို CNI သတင်းဌာနက မေးမြန်းထားသည်။

မေး ။         ။ အခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ပြန်တည်ဆောက်နိုင်မယ်လို့ မြင်ပါသလား။

ဖြေ ။         ။ အဖွဲ့အစည်း အများစုကတော့ အခုအချိန်အထိ ဒီမိုကရေစီစနစ်ကို ပြန်တည်ဆောက်ကြမယ်လို့ ပြောနေကြတာဘဲ။ တကယ့် လက်တွေ့မှာတော့ ဘယ်လိုဖြစ်လာကြမလဲဆိုတာ  ခန့်မှန်းကြည့်ဖို့ မလွယ်ဘူးဗျ။

တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကိုတောင် မတည်ဆောက်နိုင်သေးတဲ့အတွက် ဒီမိုကရေစီစနစ်ကို ပြန်ထူထောင်ဖို့ဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေးလို့ ပြောရမှာပါဘဲ။

မေး ။        ။ ဗမာမဟုတ်သော တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုက ဒီမိုကရေစီ ပြိုလဲနေချိန်မှာ ဘယ်လောက်ထိ အလှမ်းဝေးသွားပြီလို့ ထင်ပါသလဲ။ ဒီမိုကရေစီမရရင် ဖက်ဒရယ်လည်းရဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အမြင်ပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။        ။ လက်ရှိပြဿနာတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်း အကြီးအသေး အားလုံးကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ကြမယ်လို့ ထုတ်ပြောနေကြတာဘဲ။  ဆန့်ကျင်ဖက် အဖွဲ့အစည်းတွေ အားလုံးလောက်က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ကြမယ်လို့  ကြွေးကြော် နေကြတာဘဲ။

ထူးဆန်းတာက ပြဿနာဖြစ်နေကြသူ အချင်းချင်းကြားမှာ အဲဒီအချက်ကတော့ တူညီနေကြပါတယ်။  ပိုပြီး ထူးဆန်းတာက အဲဒီအချက်အပေါ်မှာ သဘောတူကြပါတယ်ဆိုတဲ့ သဘောတူညီချက်မျိုးတော့  ရှိမထားကြသေး တာဘဲ။  ဦးတည်ချက် တူကြသူချင်း တိုက်နေကြသလိုဘဲဗျ။

ဒီမိုကရေစီ မရှိရင် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ အလွန်ကို ခက်တယ်ဆိုတာ မှန်ပါတယ်။  ဒီမိုကရေစီ ဆိုတာ တရားဥပဒေ စိုးမိုးရေးနဲ့လည်း သက်ဆိုင်နေတာမို့  လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေက တရားဥပဒေ စိုးမိုးပြီး ဒီမိုကရေစီစနစ် ပြန်ထူထောင်ဖို့ဆိုတာ  အလွန်အင်မတန်ကို ဝေးကွာလွန်းနေတာလည်း အမှန်ပါဘဲ။

မေး ။         ။ အခုဆိုရင် မြန်မာနိုင်ငံဟာ ပြိုကွဲနိုင်ငံအဆင့်ကို ရောက်နေပြီး ဒီအခြေအနေကို ထိန်းသိမ်းနိုင်မယ့် အနေအထားကိုလည်း သက်ဆိုင်ရာ ဘက်အသီးသီးက မကြိုးပမ်းကြဘဲနဲ့ ကိုယ်အာဏာ ရရှိရေးကိုပဲသွားဖို့ ကြိုးပမ်းနေကြတယ်လို့ ဆိုကြတယ်။ ဒီအခင်းအကျင်းထဲမှာ ပြည်သူလူထု အားကိုယူပြီးတော့ ပြန်လည် ထိန်းကျောင်းနိုင်မယ့် နည်းလမ်းကို ပြောပါဆိုရင် ဘာဖြစ်မလဲ။

ဖြေ ။         ။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး - ဆိုတဲ့ တို့တာဝန်အရေးသုံးပါး စလုံးဟာ ပိန်လိမ်နေပြီး အက်ကြောင်းတွေ ပေါ်နေရပြီလို့ ပြောနိုင် ပါတယ်။

ပြည်တွင်းအင်အားစုများ အနေနဲ့ စည်းလုံးညီညွတ်မှု ပျက်ပြားနေပြီလို့ ပြောနိုင်ပါတယ်။ တကယ့်ကို စိတ်မကောင်းစရာပါဗျာ။ သက်ဆိုင်ရာ ဘက်အသီးသီးကလည်း စစ်အနိုင်ရရေးနဲ့ အာဏာရှိရာကိုပဲ ဦးတည် နေကြတယ်။  တစ်ဖက်နဲ့ တစ်ဖက် နာကျည်းမုန်းတီးမှုတွေကလည်း ပြင်းထန်နေကြတယ်။ 

ပြည်သူလူထုကလည်း သက်ဆိုင်တဲ့ ဒေသအလိုက် ဒုက္ခမျိုးစုံကို ခါးစည်းခံနေရတော့ ကိုယ့်ဒုက္ခနဲ့ကိုယ် ဖြစ်နေကြ တာပါ။ ပြည်သူကို အားယူဖို့ ခက်တယ်လို့ မြင်မိတယ်။ အခုအထိတော့ ပြည်သူကို အားယူပြီး ပြန်လည် ထိန်းကျောင်းနိုင်မဲ့  လူပုဂ္ဂိုလ်/ အဖွဲ့အစည်း ထင်ထင်ရှားရှား မတွေ့ရသေးပါဘူး။

အခု အခြေအနေကိုကြည့်ရင် စစ်ရေးနည်းလမ်းက ဦးဆောင်နေတာပါ။ နိုင်ငံရေးနည်းလမ်းက ဟိုးအဝေးမှာ ပြတ်ကျန်နေရစ်တာ နှစ်အတော်ကြာခဲ့ပါပြီ။  စစ်ရေးကို “ချို” စေပြီး  နိုင်ငံရေးကို “ပို” အောင် အားထုတ်ကြဖို့ လိုပါတယ်။

လက်နက်ကိုင် တိုက်ပွဲအပြင် နိုင်ငံရေးတိုက်ပွဲကိုလည်း ဖော်ဆောင်နိုင်ဖို့ လိုပါတယ်။  ဒါကလည်း ပြောပါဆိုလို့ သာ ပြောရတာပါ။ လက်တွေ့မှာတော့ အရိပ်အရောင်တောင် မမြင်ရသေးပါဘူး။  လူထုအားကိုယူပြီး ပြုပြင်ဖို့ ဆိုတာ စစ်ရေးနည်းလမ်းနဲ့  မဖြစ်နိုင်ဘဲ နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြစ်နိုင်ပါတယ်။  လက်ရှိမှာတော့ နိုင်ငံရေး နည်းလမ်းတွေက ဆောင်ရွက်ခွင့်မရတဲ့အတွက် မှေးမိန် ပျောက်ကွယ်နေရပါတယ်။

ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ်

မေး ။        ။ ဒီမိုကရေစီစနစ်ကို ပြန်လည်ထိန်းကျောင်းနိုင်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ဆို ပြီးတော့ မြန်မာ့နိုင်ငံရေးရဲ့ ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို ပြောနေကြတယ်။ တကယ်ပဲ ရွေးကောက်ပွဲ ကျင်းပမှ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကို ပြန်တည်ဆောက်နိုင်မယ်လို့ မြင်ပါသလား။ ရွေးကောက်ပွဲမဟုတ်ဘဲ တခြား နည်းလမ်းမရှိတော့ဘူးလား။

ဖြေ ။         ။ ဒီဇင်ဘာမှာ ကျင်းပဖို့ စီစဥ်နေတဲ့ ရွေးကောက်ပွဲက လူထုအတွက် ထွက်ပေါက် မဟုတ်ပါဘူး။  ၂၀၂၀-တုန်းက ပထမ ရထားတဲ့ပါတီကို ပါဝင်မှုမရှိနိုင်အောင် ခင်းကျင်းထားတဲ့ အခင်းအကျင်းကို ကြည့်လိုက်ရင် လွတ်လပ်တရားမျှတတယ်လို့  ပြောဖို့ ခက်ပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုလို့ရှိရင် သင့်တင့်လျှောက်ပတ်တဲ့ ပတ်ဝန်းကျင် (သပ္ပာယ ဖြစ်တဲ့ပတ်ဝန်းကျင်) ဖြစ်ဖို့လိုပါတယ်။  လက်ရှိအခြေအနေကတော့ အဲဒီလို အခြေအနေမျိုးဖြစ်နေ တယ်လို့  ကျနော်တော့ မထင်ပါဘူး။

ကျနော့် အမြင်ကတော့ အရေးကြီးတဲ့  stakeholders  အများစု ဆွေးနွေးကြပြီး သဘောတူဆုံးဖြတ် ထားတဲ့ အတိုင်း ကျင်းပတဲ့ ရွေးကောက်ပွဲမျိုးကသာ တိုင်းပြည်အတွက် ထွက်ပေါက်ဖြစ်နိုင်ပါတယ်။   နိုင်ငံရေးပါတီ တချို့နဲ့ NSPNC  ဆွေးနွေးထားကြတဲ့  သဘောတူညီချက် (၄၃) ချက်ရှိတယ်လို့တော့ ပြောပါတယ်။  ဒါပေမဲ့ လျှို့ဝှက်ထားတဲ့အတွက် လူထုအနေနဲ့  “သဘောတူညီချက်” ကို အကြောင်းပြုပြီး မဲပေးဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။  ရွေးကောက်ပွဲဆိုတာ ပွင့်လင်းမြင်သာမှု ရှိရမယ်လို့ ဆိုထားတယ် မဟုတ်လား။

အခုကျင်းပမဲ့ ရွေးကောက်ပွဲကို  အောင်မြင်အောင် ကျင်းပနိုင်ရုံနဲ့တော့ ဒီမိုကရေစီကို ပြန်ကျင့်သုံးဖို့နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ပြီလို့  ဆိုတာကတော့  စည်းလွတ်ဝါးလွတ် ပြောဆိုတာဘဲ ဖြစ်တယ်။  ဒါလောက် လေးနဲ့တော့ မဖြစ်နိုင်ဘူးဆိုတာ  နားလည်သူတိုင်းက သိကြပြီးသားပါ။

ရွေးကောက်ပွဲ မဟုတ်တဲ့ အခြားနည်းလမ်းဆိုရင်တော့ နိုင်ငံရေးနည်းလမ်းဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ဖို့ပဲ ရှိတော့တယ်။  စစ်ရေးနဲ့ မုန်းတီးမှုတွေက အရမ်းကို ကြီးလွန်းနေတဲ့ ကာလမှာ နှစ်ဖက်ဆွေးနွေးကြဖို့ တိုက်တွန်းလိုက်ရင်ကိုဘဲ အားလုံးက သေဒဏ်ပေးသလို ဝိုင်းပြီး  မိုးမွှန်အောင် ဆဲရေးဆန့်ကျင်ကြတာမို့ ဘယ်သူ မှ ဝင်မပြောရဲကြတော့ပါဘူး။  တိုင်းပြည်ကတော့ နာပြီးရင်းနာ နေရတော့မှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်

မေး ။        ။ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ရင် မြန်မာပြည် အခင်းအကျင်းက ဘယ်လိုဖြစ်လာနိုင်လဲ၊ အကယ်၍ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ဘူးဆိုရင် ဘယ်လို အခင်းအကျင်း ဖြစ်နိုင်ပါသလဲ။

ဖြေ ။        ။ ထင်ရှားတဲ့ အတိုက်အခံတွေ မပါခဲ့တဲ့ ရွေးကောက်ပွဲ ကျင်းပပြီးခဲ့ရင်  စစ်တပ်နဲ့ အဆင်ပြေတဲ့ ပါတီဝင် အများစုက လွှတ်တော်ထဲကို ရောက်လာပါမယ်။  ဥပဒေပြုခြင်း/ပယ်ဖျက်ခြင်း/ ပြင်ဆင်ခြင်းတွေကို လွှတ်တော်ကပဲ လုပ်ပါတော့မယ်။  ဘဏ္ဍာငွေ သုံးစွဲရေးကိုလည်း ဥပဒေနဲ့အညီ ဆွေးနွေးဆုံးဖြတ်ပြီး လုပ်ရပါ တော့မယ်။ 

လက်ရှိ အခြေအနေထက်စာရင် ပိုပြီး ကြန့်ကြာနိုင်ပါတယ်။  နှေးကွေးသွားပါမယ်။ စစ်ထွက်တွေပါတဲ့ အရပ်သား အစိုးရ ပေါ်လာမှာဖြစ်ပြီး De Jure အစိုးရလို့ ထုတ်ပြန်ပါလိမ့်မယ်။  ဒါပေမဲ့ လက်နက်ကိုင် ခုခံတော်လှန်ရေး လုပ်နေကြတဲ့  အဖွဲ့အစည်းတွေ ဖက်ကတော့ ရပ်တန့်သွားဖို့ မရှိနိုင်ပါဘူး။ ပိုပြီးတော့တောင်မှ ကြီးထွားလာ ပါလိမ့်မယ်။

အသစ်ပေါ်လာတဲ့ အရပ်သားအစိုးရ အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို  ရင်ဆိုင်ဖြေရှင်းရတော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သူတို့ဟာ စစ်ရေးနည်းလမ်းကို လျော့ကျစေပြီး နိုင်ငံရေးနည်းလမ်းကို ပြောင်းရွေ့လာ အောင်  ဘယ်လောက် လုပ်နိုင်စွမ်း ရှိမလဲဆိုတာကတော့ မေးရမဲ့ မေးခွန်းဖြစ်ပါတယ်။

ဒါ့အပြင်  ERO’S နဲ့ PDF တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြည်ထောင်စုထဲ ပြန်ပြီးပူးပေါင်းလာအောင် ဘယ်လို စီစဥ်ဆောင်ရွက်မလဲဆိုတာ နောက်မေးခွန်းတစ်ခုပေါ့။  နောက်တစ်ခုက ကိုယ်ကျိုးရှာသူတွေကို အစိုးရအဖွဲ့ထဲ  ထည့်ဖွဲ့စည်းလိုက်မိခဲ့ရင် အကြီးအကျယ် ငါးပါးမှောက်ပါလိမ့်မယ်။

နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေကို တွေ့ရစဉ် 

စီစဥ်ထားတဲ့ ရွေးကောက်ပွဲ မဖြစ်ခဲ့ဘူးဆိုရင် စစ်ရေးအရှိန်အဟုန်က အခုထက်ပိုပြီး မီးတောက်ကြီးလာနိုင်တယ်။ နိုင်ငံရေးနည်းလမ်းက သွားလို့မရတော့ရင် စစ်ရေးနည်းလမ်းကိုပဲ အလေးပေး လုပ်ကြတော့မှာမို့ပါ။ ဆရာပြော သလို တိုင်းပြည်ကောင်းဖို့ စိတ်ဆန္ဒ အမှန်တကယ် ရှိခဲ့ရင် -  အခု ပဋိပက္ခထဲ ပါဝင်ပတ်သက်သူ  အများစုပါဝင်တဲ့ ညှိနှိုင်းပွဲလုပ်ဖို့ နည်းလမ်းကလွဲပြီး အခြားနိုင်ငံရေးနည်းလမ်းမျိုး မတွေ့မိပါဘူး။ 

မေး ။        ။ နောက်ဆုံး မေးလိုတာကတော့ ရွေးကောက်ပွဲ ကျင်းပဖြစ်လို့ တက်လာမယ့် အစိုးရက ဒီထက် ပိုမို ကျပ်တည်းတဲ့ အခြေအနေကို ရင်ဆိုင်ရနိုင်တယ်လို့ သုံးသပ်သူတွေလည်းရှိကြတယ်။ ဆိုတော့ ဘယ်လိုအကျပ် အတည်းတွေ ရင်ဆိုင်ရနိုင်ပါသလဲ၊ အဲဒီ အကျပ်အတည်းတွေ မဖြစ်လာအောင်ဆိုရင် ကြိုတင်ပြီးတော့ ဘယ်လို သဘောတူညီချက်တွေ ရယူထား သင့်တယ်လို့ မြင်ပါသလဲ။

ဖြေ ။         ။ အပေါ်မှာ ပြောခဲ့ပြီးပါပြီ။  လွှတ်တော်ပေါ်လာတဲ့အတွက် ဥပဒေပြုရေးနဲ့ ဘဏ္ဍာငွေ သုံးစွဲရေးမှာ အခုထက် အများကြီး နှေးကွေးသွားပါလိမ့်မယ်။  အများနဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေမို့  စိတ်ထဲရှိတဲ့အတိုင်း မြန်နိုင်မှာ မဟုတ်တော့ပါဘူး။ ဝေဖန်မှုတွေ ၊ ကန့်ကွက်မှုတွေကိုလည်း ရင်ဆိုင်ကျော်လွှားရတော့မှာပါ။ 

ရွေးကောက်ပွဲ မကျင်းပမီ (အခုအချိန်အထိ)  ပြိုင်ဖက်တွေနဲ့ ညှိနှိုင်းထားတာ မရှိတဲ့အတွက်  အကျပ်အတည်း မဖြစ်ရလေအောင် ကြိုတင်ပြင်ဆင်ဖို့  မလုပ်နိုင်ပါဘူး။  ရင်ဆိုင်ရုံကလွဲပြီး အခြားနည်းလမ်း မရှိပါဘူး။  တက်လာ မဲ့ အစိုးရထဲမှာ ကိုယ်ကျိုးစီးပွါးရှာတဲ့ လူတွေကို မှားယွင်းထည့်သွင်း ဖွဲ့စည်းမိခဲ့ရင် သင်္ဂါစင်ပါ မှောက်နိုင်ပါတယ်။ 

အခုအခြေအနေက တစ်ဖက်ကိုတစ်ဖက် အပြတ် ကျော်ဖြတ် ချေမှုန်းကြဖို့ကိုဘဲ စဥ်းစားနေကြတယ်လို့ ယူဆမိ လို့ပါ။