- By CNI
- Category: လူမှုဘဝ
- Hits: 399
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီးရှိ သံလွင်မြစ်ကူးတံတား(တာဆန်း)ကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က တက်ရောက်ဖွင့်လှစ်ခဲ့သည်။
ထိုတံတားသည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ကို ဆက်သွယ်ထားခြင်းဖြစ်၍ တောင်ကြီး-နမ့်စန်-မိုးနဲ-မိုင်းပန်-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ် လမ်းကြောင်းကိုအသုံးပြုကာ ကုန်စည်ကူးသန်းမှု မြန်ဆန်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။

အဆိုပါ သံလွင်တံတား(တာဆန်း)သည် တံတားအရှည် (၈၇၆)ပေရှိပြီး ယာဉ်သွားလမ်း အကျယ် ၂၃ ပေ၊ ဆိုင် ကယ်လမ်း တစ်ဖက် ၅ ပေစီဖြင့် စုစုပေါင်း တံတားအကျယ် ၃၃ ပေရှိသည့် သံမဏိသံပေါင်တံတားဖြစ်သည်။
ထို့နောက် ရေလမ်းကင်းလွတ် အကျယ် ၂၈၀ ပေရှိပြီး ရေလမ်းကွင်းလွတ် အမြင့် ၃၄ ပေရှိကာ ပေ ၉၀၀ ရှိ သံလွင်တံတား(တာဆန်း) ကြိုးတံတားဟောင်းအနီးတွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 304
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မှာ ဝစီပိတ်ဆရာတော် တည်ထားကိုးကွယ်မည့် လောကသရဖူစေတီတော် မြတ်ကြီးကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွား ရောက် ဖူးမြော်ကြည့်ရှုခဲ့သည်။
အဆိုပါ စေတီတော်မြတ်ကြီးကို ဗုဒ္ဓဥယျာဥ်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်မည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများလည်း စတင် နေကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဥယျာဥ်ဝတ္ထုကံတော်အတွင်း တည်ထားသည့် သတ္တသတ္တာ ဟ မဟာဗောဓိစေတီတော်မြတ်ကြီး၊ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးနှင့် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးတို့ကိုလည်း သွားရောက်ဖူးမြော်ကြည့်ရှုခဲ့သေးသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 372
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
မြန်မာနိုင်ငံတွင် ကလေးသူငယ်များကို အကာအကွယ်ပေးသည့် ဥပဒေများရှိနေသည့်တိုင် အာဏာပိုင်များ၏ လျစ်လျူရှုနေမှုများကြောင့် ကလေးသူငယ်များကို အလွဲသုံးစားလုပ်၍ ခိုင်းစားနေကြသည်ဟု ရန်ကုန်စောင်ကြည့် အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
လူလားမမြောက်သေးသည့် ကလေးသူငယ်များကို တစ်နေ့တာ ငှားရမ်းပြီး နို့ထဲအိပ်ဆေးခတ်တိုက်၍ တောင်းရမ်း နေခြင်း၊ မိဘများ ကိုယ်တိုင်ကလည်း ကလေးသူငယ်များအား တောင်းရမ်းခိုင်းခြင်း၊ တောင်းရမ်းစားသောက်သူ များသည် ဂိုဏ်းဖွဲ့၍ ကလေးသူငယ်များကို တောင်းရမ်းခိုင်းနေခြင်းတို့ ပြုလုပ်လျက်ရှိနေသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တောင်းရမ်းစားသောက်နေသည့် ကလေးများကို သေချာစုံးစမ်းစစ်ဆေးသင့်ကြောင်း၊ ကလေးသူငယ်များကို အလွဲသုံးစားလုပ်ခြင်းကို သက်ဆိုင်ရာ လူမှုဝန်ထမ်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန များက တာဝန်ယူ ဆောင်ရွက်ရမှာဖြစ်ကြောင်း ရန်ကုန်စောင်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်း က CNI သတင်းဌာနသို့ ပြောသည်။

ကလေးငယ်များကိုတွေ့ရစဉ်
၎င်းက “အမှန်ကတော့လေ လွှတ်တော် မပေါ်ရင်တောင်မှ ဒီကိစ္စက ရန်ကုန်မှာဆို စည်ပင်သာယာရေးကော်မတီ ပေါ့။ နယ်တွေမှာဆိုရင်တော့ လူမှုဝန်ထမ်းပေါ့။ သက်ဆိုင်ရာ လူမှုဝန်ထမ်းနဲ့ ထွေအုပ်ပေါ့နော်။ ထွေအုပ် ဒီကိစ္စ ကို တာဝန်ယူပြီးတော့ လုပ်ရမှာဖြစ်တယ်ပေါ့။ အဲ့ဒီတော့ လွှတ်တော်ပေါ်ရင်တော့ လွှတ်တော်ကော်မတီတွေက ဒီကိစ္စကို အထူးစီမံချက်တွေ ရေးဆွဲပြီး မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပေါင်းပြီးတော့ ဒီတောင်းရမ်းစားသောက်တဲ့ ကလေးတွေများတဲ့ နေရာတွေကို သူတို့ သေချာစုံးစမ်းစစ်ဆေးမှုတွေ ဒါဥပဒေကို ဒါ ပြောင်ပြောင်တင်းတင်း ကျူးလွန်တာပဲ။ ဒါလူကုန်ကူးမှုပဲ။ ကလေးသူငယ်တွေကို အလွဲသုံးစားလုပ်တာ။ ကလေး သူငယ် ဥပဒေအရလည်း အရေးယူလို့ ရတယ်နော်။ လူကုန်ကူးမှု ဥပဒေအရလည်း အရေးယူလို့ရတယ်နော်။ ဥပဒေကရှိပြီးသား။ အဲ့ဥပဒေကို အကောင်အထည်ဖော်တဲ့အပိုင်းမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေက ဒါပေါ့ပေါ့လျော့လျော့ပေါ့ လျစ်လျူရှုနေတဲ့ အတွက်ကြောင့် ဒီကိစ္စတွေ ဖြစ်နေတာပေါ့။ ဒါမြင်တဲ့ သူတိုင်းက သတင်းပေးပါ။ အဲ့ဒါဆိုရင် အဲ့ဒီ သက်ဆိုင်ရာမြို့နယ်က အာဏာပိုင်တွေက ချက်ချင်းသွားပြီး စုံစမ်းပြီး ဒီကလေး ကို လူမှုဝန်ထမ်း ပို့သင့်ရင်ပို့။ ဒီကလေးကို ခုနအလွဲသုံးစားလုပ်နေတာ ဘယ်သူတွေလည်း ဖော်ထုတ်နော်။ အခု ကတော့ အန်တီတို့ အမျိုးသမီးရေးရာအဖွဲ့တွေလည်း ဘာတွေလုပ်နေလဲတော့ မသိဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ သည်။
ကုလသမဂ္ဂ၏ လူကုန်ကူးမှုဆိုင်ရာ သဘောတူညီချက် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကြည့်မည်ဆိုလျှင် လက်ရှိ ရန်ကုန်မြို့အတွင်း ကလေးသူငယ်များကို တောင်းရမ်း စေခိုင်းနေသူများ၏ လုပ်ရပ်များသည် လူကုန်ကူးမှု မြောက် နေကြောင်း ဥပဒေပညာရှင်များက ထောက်ပြကြသည်။
ကလေးသူငယ် အလွဲသုံးစားလုပ်မှုသည် လွှတ်တော်မရှိလည်း လုပ်ရမည့်ကိစ္စဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ လုပ်ကြဟေ့ပြောမှ လုပ်ရမည့်ကိစ္စများ မဟုတ်ကြောင်း ရန်ကုန်စောင်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

ကလေးငယ်များကိုတွေ့ရစဉ်
၎င်းက “အဲ့ဒါတွေက ကလေးငှားတဲ့ ဈေးကွက်က ရှိတယ်လေ။ ပြည်သူလူထုတွေလည်း သိနေတယ်။ သက်ဆိုင်ရာ အရေးယူရမယ့် တာဝန်ရှိပုဂ္ဂိုလ်တွေ ဘာကြောင့် မသိကြတာလဲ၊ ဘာကြောင့် လျစ်လျူရှုနေကြတာလဲလို့ အန်တီ တို့ မေးခွန်းထုတ်ရမှာပေါ့နော်။ အမှန်ကတော့ လွှတ်တော်မရှိလည်း ဒါတွေက လုပ်ရမယ့် ကိစ္စတွေလေ။ ဒါတွေက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒါတွေလုပ်ကြဟေ့ အမျိုးသမီးနဲ့ ကလေးဝန်ကြီးဌာနက ဒါတွေလုပ်ကြဟေ့လို့ ပြောမှ လုပ်ရမယ့် ကိစ္စတွေ မဟုတ်ဘူး။ ဒါတွေကို သက်ဆိုင်ရာ လူမှုဝန်ထမ်း၊ လူမှုဝန်ထမ်းက ဝန်ကြီးဌာန၊ သက်ဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့တွေ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက လုပ်ကိုလုပ်ရမယ့် သူတို့ရဲ့ mandate တွေထဲမှာ ပါတယ်။ ဒါကြောင့် ပြည်သူကလည်း ဒီမြို့နယ်အာဏာပိုင်တွေကို တွန်းအားပေးဖို့ ပေးသင့် တယ်နော်။ ဒီနေရာမှာ ကလေးတွေ ဒီလိုရှိနေပြီဆို မြို့နယ်အုပ်ချုပ်ရေးကို ဖုန်းဆက်ပြီးတော့သော်လည်းပေါ့။ သူတို့ရဲ့ သက်ဆိုင်ရာ page တွေမှာ သွားပြီးတော့ ရေးတာတို့ ဘာတို့ပေါ့နော်။ ဒါမျိုးတွေ လုပ်သင့်တယ်”ဟု ပြော သည်။
ကလေးသူငယ်ဥပဒေပုဒ်မ ၆၆၊ ပုဒ်မခွဲ (ဂ) တွင် “မိမိကိုယ်ကျိုးစီးပွားအတွက် ကလေး သူငယ်အား တောင်းရမ်း ခိုင်းခြင်း၊ မိဘအုပ်ထိန်းသူအောက်ရှိ ကလေးသူငယ် တောင်းရမ်း စားသောက်နေသည်ကို တားမြစ်ရန် ပျက်ကွက် ခြင်း၊ မိမိက တောင်းရမ်း စားသောက်ရာတွင် ကလေးသူငယ်ကို တစ်နည်းနည်းဖြင့် အသုံးပြုခြင်း”ကို ကျူးလွန် ပါက ထောင်ဒဏ် ၂ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀၀၀၀ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည် ဟု ပြဋ္ဌာန်းထားသည်။
ယခုလို ဥပဒေပြဋ္ဌာန်းထားသည့်အတွက် ပြစ်ဒဏ် ကျခံရနိုင်သည် ဆိုခြင်းကို တောင်းရမ်းခိုင်းနေသည့် မိဘများ သိအောင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းများ လုပ်ဆောင်သင့်သည်ဟု လမ်းပေါ်ကလေးသူငယ်အရေး ဆောင်ရွက်နေသည့် အရပ်ဘက်လူမှု အဖွဲ့အစည်းများကလည်း ထောက်ပြကြသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 685
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ) တံတား ကွန်ကရစ်သွန်းလောင်း တံတားဆက်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးမြထွန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ တက်ရောက်ခဲ့သည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံအားကို ၂၀၁၂ ခုနှစ်က သမ္မတ ဦးသိန်းစိန်(ငြိမ်း) ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေးစီမံကိန်း ၁ ခု ဖော်ဆောင်ရန် ဆွေးနွေးခဲ့ပြီး နောက် ၂၀၁၃ ခုနှစ်မှာ စီမံကိန်းအား စတင်အကောင်အထည်ဖော်ခဲ့သည်။

ထို့နောက် ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှောင့်နှေးခဲ့ရာမှ ယခု ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်တွင် ကွန်ကရစ်သွန်းလောင်း တံတားဆက်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုတံတားသည် သံမဏိကြိုးဆိုင်းတံတား Cable-Stayed Bridge အမျိုးအစားဖြစ်ပြီး ၄ လမ်းသွား တံတားဖြစ် ကြောင်း၊ ပင်မတံတား အရှည်မှာ ၂၂၆၄ ပေ၊ ရန်ကုန်ဘက် ချဉ်းကပ်တံတား အရှည်မှာ ၁၈၉၁ ပေ၊ ဒလဘက်ကမ်း ချဉ်းကပ်တံတားအရှည်မှာ ၁၉၇၂ ပေ၊ ရန်ကုန်ဘက်ကမ်းနှင့် ဒလဘက်ကမ်း ချဉ်းကပ်လမ်းအရှည်မှာ ၃၄၅၃ ပေဖြစ်ပြီး တံတားတစ်စင်းလုံး၏ စုစုပေါင်း အရှည်မှာ ၆၁၂၇ ပေဖြစ်သည်။
အဆိုပါ တံတားသည် မြန်မာနိုင်ငံရှိ တည်ဆောက်ပြီးစီးခဲ့သည့် သံမဏိကြိုးဆိုင်းတံတားများအနက် ရေလမ်း ကင်းလွတ်အမြင့်ဆုံး တံတားဖြစ်ပြီး တံတားအောက်မှတန်ချိန် ၁၅၀၀၀ ရှိသည့် နိုင်ငံတကာပင်လယ်ကူး သင်္ဘောကြီးများနှင့် ပြည်တွင်းရေကြောင်းသွား သင်္ဘောကြီးများ ဖြတ်သန်းအသုံးပြုနိုင်ရန် တံတားကင်းလွတ် အမြင့်ပေ ၁၆၀၊ အကျယ် ၉၉၀ ရှိကြောင်း၊ တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်သည်။
- By CNI
- Category: လူမှုဘဝ
- Hits: 608
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၆
မြန်မာနိုင်ငံအတွင်းက ဗုဒ္ဓဘာသာဝင်များ၏ သီတင်းကျွတ် အဘိဓမ္မာအခါတော်နေ့ ရွှေတိဂုံဘုရားပေါ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၆ ရက်က ဘုရားဖူးမျှော်သူများဖြင့် စည်ကားနေသည်ကို တွေ့ရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 1005
CNI New
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄
ထိုင်းနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းဖြစ်ကာ ရှုပ်ထွေးနေခြင်းကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသော ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသားများ ဘယ်လိုပုံစံဖြင့် နေနေကြရသလဲဆိုသည့်အပေါ် အားလုံးက စောင့်ကြည့်နေကြသည်။
ထိုင်းနိုင်ငံ၏ အာဏာရပါတီဖြစ်သည့် ဖြူးထိုင်းပါတီမှ ယာယီဝန်ကြီးချုပ် ဖွမ်သမ်ဝီချာယာချိုင်းက ရွေးကောက်ပွဲ ကျင်းပရန်အတွက် လွှတ်တော်ကို ဖျက်သိမ်းရန် ဘုရင့်ထံမှ ခွင့်ပြုချက်ရရှိဖို့ အဆိုပြုထားကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အောက်လွှတ်တော်ရှိ အတိုက်အခံ အင်အားစုမှ အစိုးရသစ် ဖွဲ့စည်းရန် အခြားပါတီတစ်ခုကို ထောက်ခံသွားမည်ဟု ပြောကြားခဲ့ပြီးနောက် စက်တင်ဘာ ၂ ရက်တွင် ဖွမ်သမ်က လွှတ်တော်ဖျက်သိမ်းရေးအတွက် ဘုရင့်ထံ အဆိုပြု တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ရွေ့ပြောင်း အလုပ်သမားများ သက်တမ်းတိုးမည့် ကိစ္စများ ဆောင်ရွက်နေချိန်တွင် ဝန်ကြီးချုပ် လည်းပြုတ်၊ ထိုင်းလွှတ်တော်ပါ ဖျက်သိမ်းလိုက်မည်ဆိုပါက လုပ်ငန်းစဥ်များ နှောင့်နှေးမလားဆိုကာ အလုပ် သမားများ သောကဖြစ်နေကြသည်ဟု ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်ပေးနေသည့် ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းယာယီဝန်ကြီးချုပ် ဖွမ်သမ်ဝီချာယာချိုင်းကို တွေ့ရစဉ်
၎င်းက “နဂိုက ဝန်ကြီးချုပ်လည်း မပြုတ်သေးတဲ့ အချိန်ကတော့ လုပ်ငန်းစဥ်တွေက ကျနော်တို့ ထိုင်းနိုင်ငံမှာ ၁ ဒသမ ၈ သန်းဆိုတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အားလုံးက သက်တမ်းတိုးမဲ့ကိစ္စတွေ လုပ်နေကြတယ်။ သွေးစစ် တာတွေ ဘာတွေ ဆောင်ရွက်နေတဲ့ အချိန်မှာ အခုလို ဝန်ကြီးချုပ်ကလည်း ပြုတ်သွားပြီးမှ ထိုင်းနိုင်ငံရဲ့ လွှတ်တော်ပါ အခု ဖျက်သိမ်းဖို့ လုပ်နေတဲ့အခါမှာ ဒီလုပ်ငန်းစဥ်တွေ နှောင့်နှေးသွားမလားဆိုပြီးတော့မှ လုပ်သား တော်တော်များများ သောကဖြစ်နေတယ် ဒီတစ်ကြိမ်မှာတော့ မြန်မာဘက်နဲ့ ထိုင်းဘက်နဲ့ ညှိတာနှိုင်းတာတွေ အဆင်မပြေတဲ့ အတွက်ကြောင့် သက်တမ်းကုန်နေတာက ၁ ဒသမ ၈ သန်းဆိုတဲ့ အလုပ်သမားတွေက ဖေဖော်ဝါရီလ ၁၂ ရက် လောက်ကတည်းက သက်တမ်းကုန်နေကြတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီလုပ်သား တွေပေါ်မှာ ရိုက်ခတ်လာတဲ့ ပြဿနာဖြစ်ပါတယ်၊ ပုံမှန် စက်ရုံအလုပ်ရုံမှာ အလုပ်လုပ်ပြီး နေတဲ့လူတွေပါ မှား ယွင်းပြီး ပိတ်ချခံရတဲ့ အတွက်ကြောင့်မို့ အလုပ်သမားတွေကလည်း ထိပ်ထိပ်ပြာပြာ ဖြစ်နေပါတယ်။ ဒီဇာတ် လမ်းက ကျနော်တို့ ကျားဖြန့်လုပ်ငန်းတွေက စဖြစ်တာပါ။ ဒါကြောင့် မြန်မာလုပ်သားတွေရဲ့ ဘဏ်အကောင့်တွေ ကို ယူပြီးမှ အငှားအသုံးချလိုက်တဲ့ အခါမှာ အဲမှာ ငွေတွေ အဝင်အထွက်တွေများလို့ လိုက်လံ စစ်ဆေးပြီးမှ အခု ပိတ်တာလည်း များပါတယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် အလုပ်သမား မှတ်ပုံတင် ပြုလုပ်ရာတွင် သက်ဆိုင်ရာ ဆေးရုံမှ ဆေးစစ်ချက် လက်မှတ် လိုအပ်ပြီး တချို့သော ဆေးရုံတွင် အမှန်တကယ် ဆေးစစ်ခြင်းမရှိဘဲ ထုတ်ပေး လိုက်သည့် လက်မှတ်များကို တွေ့ရသည်ဟု ထိုင်းကျန်းမာရေးဒုဝန်ကြီးက ပြောသည်။
သက်ဆိုင်ရာ ဆေးရုံမဟုတ်ဘဲ ထောက်ခံစာများကို လုပ်ရာတွင် မန်နေဂျာများ၊ ပွဲစားများက အများဆုံး လုပ်ဆောင်နေကြောင်း၊ ထို့နောက် ရွှေ့ပြောင်း အလုပ်သမားများလည်း ပါလာကြကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းဝန်ကြီးချုပ် ရာထူးက ဖယ်ရှားခံရတဲ့ ပေတုန်တန်ကို တွေ့ရစဉ်
၎င်းက “သူတို့က အခုဟာကတော့ အရေးယူတယ်ဆိုတဲ့ ကိစ္စမှာ အဓိက,က အေးဂျင့်တွေ အလုပ်ရှင်တွေ ကနေ ပြီးတော့ အပ်တဲ့ ပွဲစား သို့နည်းမဟုတ် မန်နေဂျာတွေကနေ တဆင့် သက်မှတ်ထားတဲ့ အစိုးရဆေးရုံ မဟုတ်ဘူး လက်မှတ်ရထားတဲ့ ဆေးရုံဆေးခန်းမှာ မဟုတ်ဘဲနဲ့ လုပ်ထားတဲ့ လူတွေပေါ့။ အဲလူတွေကို သူက အရေးယူမှာဆို တော့ ကျနော်တို့ အလုပ်သမားကတော့ ကိုယ့်ဟာကိုယ် သွားပြီးတော့ ဆေးစစ်ပြီးတော့ ကိုယ် အဆင် ပြေတဲ့ ဆေးခန်းမှာ သွားစစ်ပြီးတော့ အဲလို တင်လို့ရတာ မဟုတ်ဘူး။ ဒီကိစ္စကို အများဆုံး လုပ်တဲ့ဟာကတော့ ပြောရမယ်ဆိုရင် ဒီမန်နေဂျာ၊ အလုပ်ရှင် ဒါမှမဟုတ် အေးဂျင့် ပွဲစားလိုဟာမျိုးတွေက လုပ်တာ ဒါပေမယ့် အလုပ် သမားတွေကတော့ ဒီထဲမှာ ပါသွားတာပေါ့”ဟု ပြောသည်။
ထိုင်းတွင် မြန်မာများ အဖမ်းခံရခြင်းမှာ သိသိသာသာ များလာကြောင်း၊ အထောက်အထား မပြည့်စုံခြင်းနှင့် သက်မှတ်ထားသည့် တားမြစ် အလုပ်များကို လုပ်ကိုင်မိသူများဖြစ်ကြကြောင်း ဦးမင်းဦးက ဆက်ပြောသည်။
၎င်းက “အရင်နှစ်တွေက ထက်စာရင် ရွှေ့ပြောင်း အလုပ်သမား ဦးရေထဲမှာ မြန်မာက အများဆုံး ဖြစ်နေတဲ့ အတွက်ကြောင့် ဖမ်းဆီးစစ်းဆေးတဲ့ အခါမှာ စစ်ဆေးတဲ့အခါမှာပေါ့။ အဲလို အများစု အစစ်ဆေးခံရတဲ့ဟာက မြန်မာတွေ ဖြစ်လာတယ်ဆိုတော့ အထောက်အထား မပြည့်စုံတာတို့ သက်မှတ်ထားတဲ့ တားမြစ်တဲ့ အလုပ်ကို လုပ်တဲ့လူတွေ၊ အလုပ်ရှင်နာမည် မတူတာ၊ အလုပ် အမျိုးအစား မတူတာ ဖမ်းဆီး အရေးယူခံရတာပေါ့ မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ များလာတာကတစ်ကြောင်း၊ မြန်မာတွေရဲ့ နေထိုင်သွားလာမှုပေါ့ အဲပေါ် မူတည်ပြီးတော့ စောင့်ကြည့်တဲ့ လူတွေ ဒီဘက်ကပြောရရင် မျိုးချစ်အဖွဲ့တွေ၊ အမျိုးသားရေး နည်းနည်း အစွန်း ရောက်တဲ့ သူတွေက လိုက်ပြီးတော့ ဖော်ထုတ်ပေးတာ အဲတာတွေကလည်း ပိုပြီးတော့ အစစ်ဆေး အဖမ်းအဆီး ခံရတဲ့ အကြောင်းအရင်း တစ်ရပ်ဖြစ်တယ်။ အဲဒါကြောင့် အစစ်ဆေးခံရပြီးတော့ အခုလိုမျိုး အရေးယူ ခံနေရတာတွေ ပိုများနေတာ”ဟု ပြောသည်။
အထောက်အထားမရှိသော အလုပ်သမားကို ခိုင်းစေသည့် အလုပ်ရှင် အနေဖြင့် အလုပ်သမား တစ်ဦးအတွက် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။
ထပ်မံ၍ ပြစ်မှုကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ် သိုမဟုတ် ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဒဏ်နှစ်မျိုးစလုံး ချမှတ်ရမည့်အပြင် ၃ နှစ်ကြာ နိုင်ငံခြားသား အလုပ်သမား ခန့်ထားခွင့်ပါ ပိတ်ပင်သွားမည်ဟု ထိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
- By CNI
- Category: လူမှုဘဝ
- Hits: 897
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ်
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂ဝ၂၅ ကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက် ကျင်းပခဲ့သည်။
လူငယ်ဖိုရမ်သို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ဝန်ကြီး ဦးတင်အောင်စန်း၊ ပြည်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိမ်း အပါအဝင် နိုင်ငံတကာ သံတမန်တချို့ တတ်ရောက်ခဲ့ ကြသည်။
လူငယ်ဖိုရမ်ကို အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့တို့ ပူးတွဲ၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဖိုရမ်ကို ၃ ရက် ကျင်းပမည်ဖြစ်ပြီး စကားဝိုင်း ဆွေးနွေးပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 1088
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြကျေးရွာတွင် နေထိုင်သော ရှမ်းနီတိုင်းရင်းသူ ဖလောရင့်နိုက်တင်ဂေးဆုရှင် သူနာပြုဆရာမကြီး ဒေါ်သိန်းရည်သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆ ရက်က ကွယ်လွန် သွားပြီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဒေါ်သိန်းရည်သည် ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ်ရှိပြီး ဖြစ်သည်။
ဖလောရင့်နိုက်တင်ဂေးဆုရှင် သူနာပြုဆရာမကြီး ဒေါ်သိန်းရည်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းစံပြကျေးရွာနေ အဖ ဦးထွန်းစိန်နှင့် အမိ ဒေါ်နန်းလိတ်တို့က ၁၉၅၁ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် မွေးဖွားခဲ့သည်။
ထို့နောက် ကွယ်လွန်ချိန်ထိ သောင်သွပ်စံပြကျေးရွာမှာ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။

သူနာပြုဆရာမကြီး ဒေါ်သိန်းရည်သည် မြန်မာနိုင်ငံမှာ ဖလောရင့်နိုက်တက်ဂေးဆုကို ရရှိသည့် ၃ ဦးထဲက တစ်ဦး ဖြစ်သည်။
ဒေါ်သိန်းရည်သည် မီးလောင်နေသည့် နေအိမ်တစ်အိမ်အတွင်းက အသက် ၈ နှစ်အရွယ် ကလေးငယ်ကို အသက် စွန့်၍ ကြိုးပမ်းကယ်ထုတ်ခဲ့ခြင်းကြောင့် ၂၀၀၁ ခုနှစ်တွင် ဖလောရင့်နိုက်တင်ဂေးဆုကို ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။
