
- By CNI
- Category: လူမှုဘဝ
- Hits: 2472
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်၍ နိုင်ငံတွင်း ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ကမ္ဘောဇဘဏ်က ကျပ်ငွေ ၁၀ ဘီလီယံ မတည်လှူဒါန်းကြောင်း စက်တင်ဘာ ၁၆ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရာယ်သင့် နေရာဒေသ အသီးသီးအတွက် ဘဏ်ခွဲပေါင်း ၁၀၀ ကို အရေးပေါ် ကူညီရန် ဌာနများအဖြစ် သတ်မှတ်ကာ ဘဏ်ခွဲတစ်ခုလျှင် ကျပ်သိန်း ၁၀၀၀ ဖြင့် ကျပ်ငွေ ၁၀ ဘီလီယံ မတည်၍ ရေဘေးသင့် နေရာဒေသများတွင် အချိန်နှင့်တပြေးညီ ထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု KBZ ဘဏ်က ထုတ်ပြန်ခဲ့သည်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းတွင် ပထမဆင့် အနေဖြင့် ကယ်ဆယ်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ် ပြီး ဒုတိယအဆင့်၌ ပြန်လည်ထူထောင်ရေးအတွက် အစီအစဉ်များ ရေးဆွဲလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း အပါအဝင် နေပြည်တော်နယ်မြေ၊ မန္တလေးတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် ရေကြီးရေလျှံမှုများကြောင့် အိမ်ထောင်စု ၅၀၀၀၀ ကျော်၊ လူဦးရေ ၂ သိန်း ကျော်ကို ရေဘေးကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခုဖွင့်လှစ်ကာ ပြောင်းရွှေ့ပေးခဲ့ရကြောင်း နစက-က သတင်း ထုတ်ပြန်ထားသည်။
ရေကြီးရေလျှံဖြစ်ပွားလာနိုင်ဖွယ်ရှိသော ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အပြင် အခြားနေရာ ဒေသများအတွက်လည်း လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့လှူဒါန်းနိုင်ရန် အဆင်သင့် ပြင်ဆင်ထားပြီးဟု KBZ ဘဏ်က ထုတ်ပြန်ခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ရေဘေးသင့် ဒေသများသို့ ကိုယ်တိုင် သွားရောက်၍ ပျက်စီးမှု အခြေအနေများကို လေ့လာကာ အမြန်ဆုံး ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန်နှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြောကြားထားသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 5065
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၄
ကေတုမတီမြို့ရိုးနှင့် မြို့ကွက်အသစ်များ ဖော်ထုတ်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တောင်ငူမြို့သို့ ရောက်ရှိနေစဉ် ပြောကြားခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သြဂုတ် ၂၃ ရက်နေ့က တောင်ငူမြို့ရှိ လာရောက်ခဲ့ပြီး တောင်ငူ မြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ နေရာများ ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “တောင်ငူမြို့ရိုးနှင့် ကေတုမတီ နန်းတော်ရာ ပြန်လည်တည်ဆောက်ရေးအတွက် လာရောက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ကေတုမတီမြို့ရိုးသည် ပြန်လည်ဖော်ထုတ်သင့်သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ် ကြောင်း၊ သမိုင်းကြောင်းအရ အထောက်အထား သေချာသည့် နေရာများကို ပြန်လည်ဖော်ထုတ်သွားရန်လို ကြောင်း၊ အလားတူ မြို့ကွက်အသစ်များ ဖော်ထုတ်ခြင်းနှင့် ရွှေ့ပြောင်း၍ရသည့် အစိုးရရုံးဌာနဆိုင်ရာ အဆောက် အဦများကို ဦးစွာပြောင်းရွှေ့သွားရန်လိုတယ်”ဟု ပြောသည်။
ထို့နောက် ကေတုမတီနန်းတော်ရာနှင့် ပတ်သက်၍ အတည်ပြု၍ ရသည့်နေရာများ၊ ဘုတ်တလုတ်ကန် နေရာ များကို ပြန်လည်ဖော်ထုတ်ရာတွင် ရှေးဟောင်းဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရှေးဟောင်း အမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း ၎င်းက ပြော သည်။
နစကဥက္ကဋ္ဌက “အဆောက်အဦများ ဆောက်လုပ်ရေးနှင့်ပတ်သက်၍ တောင်ငူမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရန်နှင့် စံချိန်စံညွှန်များ ပြည့်မီစေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့ကွက်သစ်များ ဖော် ထုတ်ရာတွင်လည်း စနစ်တကျဖော်ထုတ်ရန်လိုကြောင်း၊ လူနေရပ်ကွက်များရှိ အိမ်ခြံမြေများအတွင်း သစ်ပင်များ စိုက်ပျိုးရန်နှင့် လမ်းဘေးဝဲယာများတွင် သစ်ပင်များစိုက်ပျိုး၍ စိမ်းလမ်းစိုပြေရေးကို ဆောင်ရွက်ရန်လို ကြောင်း၊ လမ်းများဖောက်လုပ်ရာတွင်လည်း လူသွားပလပ်ဖောင်းများကို အမှန်တကယ် အသုံးပြုနိုင်သည့် လမ်းများဖြစ် အောင် ဆောက်လုပ်ရန်လိုတယ်”ဟု ပြောသည်။
ထို့နောက် မြို့ကွက်အသစ် တည်ဆောက်ရာတွင် လူနေမှုအဆင့်နှင့်လျော်ညီသည့် ဆေးရုံ၊ ကျောင်း၊ မီးသတ် အဆောက်အဦများ၊ ဈေးများနှင့် ဌာနဆိုင်ရာ အဆောက်အဦများကို စနစ်တကျဖြင့် တွက်ချက်ထည့်သွင်း တည် ဆောက်သွားရန် ၎င်းက ပြောသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 1676
CNI International News
မန်ချက်စတာ၊ ဇူလိုင် ၂၇
အင်္ဂလန်နိုင်ငံမြောက်ပိုင်းရှိ မန်ချက်စတာလေဆိပ်တွင် ရဲအရာရှိတစ်ဦးက အမျိုးသားတစ်ဦးအား အကြမ်းဖက် ဖမ်းဆီးနေသည့် ရုပ်သံထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေသည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။
လေဆိပ်တွင် ဖမ်းဆီးမှု တစ်ခုအတွင်း ရဲအရာရှိတစ်ဦးက အမျိုးသားတစ်ဦး၏ ခေါင်းကို ကန်ကျောက်ကာ ခြေဆောင့်နင်းနေသည့် ဗွီဒီယိုဖိုင်တစ်ခုသည် ရဲတပ်ဖွဲ့၏ လူမဆန်သော လုပ်ရပ်ကျူးလွန်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာစေခဲ့သည်။
လေဆိပ်တွင် မျက်မြင်တွေ့ရှိသူတစ်ဦးက ယင်းဗွီဒီယိုကို ရိုက်ကူးခဲ့ပြီး လူမှုမီဒီယာ၌ တင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့မှ ထိုဖြစ်စဉ်မှာ ပါဝင်သည့် အရာရှိများမှတစ်ဦးအား ရာထူးမှ ဆိုင်းငံ့ခဲ့သည်။
ထိုဖြစ်စဉ်အား သီးခြားရဲတပ်ဖွဲ့ တိုင်ကြားရေး စောင့်ကြည့်မှုအဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။
ကျင်စက်သေနတ် ကိုင်ဆောင်ထားသည့် ရဲအရာရှိ အများအပြားက သံသယရှိသူနှစ်ဦးကို ဟန့်တားချိန်တွင် လေဆိပ်ကားပါကင်၌ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့သည်။
ထိုသံသယရှိသူ အမျိုးသားနှစ်ဦးကို ကိုယ်ထိလက်ရောက်မှု၊ အရေးပေါ် ဝန်ထမ်းတစ်ဦးအပေါ် လက်ရောက်မှု၊ သတ်ပုတ်နှောင့်ယှက်မှုနှင့် ရဲတပ်ဖွဲ့ကို ပိတ်ဆို့ဟန့်တားမှု သံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရဲအရာရှိတစ်ဦးက အမျိုးသားတစ်ဦးအား ၎င်း၏မျက်နှာကို ကြမ်းပြင်ဖြင့် ထိကပ်စေခဲ့ချိန်တွင် ကန်ကျောက်ကာ ခြေထောက်ဖြင့် ဆောင့်နင်းခဲ့ကို တွေ့မြင်ရသည်။
ရဲအရာရှိတစ်ဦးက နောက်ထပ်တစ်ဦးကိုမူ ဦးခေါင်းအား ရိုက်နှက်ခဲ့ဖွယ်ရှိသည်။
ထိုဖြစ်စဉ်သည် အမှန်တကယ် တုန်လှုပ်ဖွယ်ကောင်းပြီး အများပြည်သူကို စိုးရိမ်မှုဖြစ်စေကြောင်း Greater Manchester ရဲတပ်ဖွဲ့ (GMP)က ထုတ်ပြန်ခဲ့သည်။
ရဲတပ်ဖွဲ့က ဖမ်းဆီးနေစဉ်
"ဒီလိုအင်အားသုံး ဖမ်းဆီးတာမျိုးက ပုံမှန်မြင်တွေ့နေကြ မဟုတ်ဘဲ ဒီဖြစ်စဉ်ဟာ သတိပေးချက်တစ်ခုကို ဖြစ်ပေါ်စေတယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့က တိုက်ခိုက်မှုနှင့် ပတ်သက်သည့် အစီရင်ခံစာများကို ပြန်လည်တုန့်ပြန်ခဲ့ပြီး ထိုဖြစ်စဉ်တွင် ရဲအရာရှိသုံးဦး တိုက်ခိုက်ခံခဲ့ရ၍ အမျိုးသမီး အရာရှိတစ်ဦး နှာခေါင်းရိုး ကျိုးသွားခဲ့သည်ဟု ဆိုသည်။
ထိုအမျိုးသားများ၏ ရှေ့နေက ရဲတပ်ဖွဲ့သည် လူမဆန်သည့် လုပ်ရပ်ကျူးလွန်ကြောင်း စွပ်စွဲခဲ့သည်။
ထို့နောက် အမျိုးသားတစ်ဦးကို ကျန်းမာရေး စစ်ဆေးချက်အရ ဦးနှောက်တွင် အကျိတ်တစ်ခုရှိနေခဲ့ပြီး ၎င်း၏ကျန်းမာရေး အခြေအနေသည် ပိုမိုဆိုးရွားလာကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုအမျိုးသားများကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း ၎င်းတို့၏ ဆေးဘက်ဆိုင်ရာ အခြေအနေကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။
ဝန်ကြီးချုပ် ကီရာစတာမာ(Keir Starmer)က ယင်းဗွီဒီယိုကို ကြည့်ရှုခဲ့ပြီး အများပြည်သူ၏ စိုးရိမ်မှုကို နားလည်ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: လူမှုဘဝ
- Hits: 5028
CNI International News
ဘာရီ၊ ဇွန်လ ၁၇
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) သည် ၂၀၂၂ ခုနှစ်က စတင် တာဝန်ထမ်းဆောင် ခဲ့ချိန်ကတည်းက ၎င်း၏ ရှေးရိုးစွဲအယူဝါဒကို ပြသခဲ့သလို မကြာသေးမီက အီတလီတွင် ပြုလုပ်ခဲ့သည့် စက်မှု ထိပ်သီးခုနစ်နိုင်ငံ (G-7) ညီလာခံတွင် ထိုရှေးရိုးစွဲအယူဝါဒကို ထပ်မံဖော်ပြခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် G-7 ညီလာခံတွင် မယ်လိုနီက မိသားစုအရေးကိစ္စများ၊ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်ပြီး ၎င်း၏ တရားသေ ကိုင်စွဲထားသည့် ရှေးရိုးစွဲအယူဝါဒကို အလျှော့ပေးမည် မဟုတ်သည့် အကြောင်းကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၁၃ ရက်မှ ၁၅ ရက်အထိ ပြုလုပ်ခဲ့သည့် G-7 ညီလာခံတွင် ထိန်းချုပ်ခံထားရသော ရုရှား၏ ပိုင်ဆိုင်မှုများကို အသုံးပြုပြီး ယူကရိန်းအတွက် ဒေါ်လာဘီလျံချီ ချေးငွေထောက်ပံ့မှုများ၊ တရုတ်နှင့် ကုန်သွယ်ရေးတွင် ဖြေရှင်းရ မည့် အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့သည်။
ထိုအရေးကိစ္စများတွင် G-7 အဖွဲ့ဝင်များအကြား တူညီသည့် သဘောတူညီမှုများရရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ် မှုများကို ရင်ဆိုင်ဖြေရှင်းရာ၌ အနောက်နိုင်ငံများ၏ စည်းလုံးညီညွတ်စွာရှိမှုကို ချီးကျူးခဲ့ကြသည်။
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနဲ့ ပြင်သစ်သမ္မတ မက်ခရွန်ကို တွေ့ရစဉ်
ထို့နောက် အီတလီသည် မမျှော်လင့်ဘဲ G-7 နောက်ဆုံး ကြေညာချက်ထဲမှ ဘေးကင်းလုံခြုံစွာနှင့် တရားဝင် ကိုယ်ဝန်ဖျက်ချမှုဆိုသည့် အကြောင်းအရာကို ဖယ်ရှားရန် အပြင် ကာကွယ်ဆေး ရန်ပုံငွေများနှင့် ပတ်သက်ပြီး ရေးသားထားသည့် အသုံးအနှုန်းများအား ပြင်ဆင်ဖော်ပြရန် တောင်းဆိုခဲ့သည်ဟု သံတမန်များက ထုတ်ဖော် ပြောဆိုခဲ့သည်။
ကိုယ်ဝန်ဖျက်ချခွင့်နှင့် ပတ်သက်ပြီး မယ်လိုနီနှင့်အခြား G-7 အဖွဲ့ဝင်နိုင်ငံများအကြား သဘောထား တိုက်ဆိုက်မှု မရှိခဲ့ဘဲ မယ်လိုနီသည် အီတလီ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အသုံးချပြီး ၎င်း၏ ရှေးရိုးဆွဲ အယူအဆကို အ လျှော့မပေးဘဲ ထိုအကြောင်းအရာကို ကြေညာချက်ထဲမှ ဖယ်ရှားရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု သံတမန် များက ပြောသည်။
“မယ်လိုနီဟာ ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သူဖြစ်ပြီး အရင်ကလည်း အခုလို ဆန့်ကျင်ခဲ့ပါတယ်။ ဒီအကြောင်းအရာဟာ သူ့အတွက် အလျှော့မပေးတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ကျနော်တို့က ကိုယ်ဝန် ဖျက်ချခွင့်ကို တရားဝင်ဖြစ်ဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း G-7 ဥက္ကဋ္ဌနေရာကို ယူထားတဲ့ အီတလီက မလုပ်နဲ့ဆိုရင် မလုပ်ရတော့ပါဘူး” ဟု အမည်မဖော်လိုသည့် ဥရောပသံတမန်တစ်ဦးက ပြောကြားခဲ့သည်။
ဥရောပနှင့် အမေရိကန်ရှိ ရှေးရိုးစွဲ အုပ်စုများကဲ့သို့ပင် မယ်လိုနီ၏ Brtothers of Italy ပါတီသည် ကိုယ်ဝန်ဖျက်ချ မှုကို ဆန့်ကျင်ခဲ့ပြီး အစဉ်အလာရှိသည့် မိသားစု စံတန်ဖိုးများကို မြှင့်တင်ရန် တိုက်တွန်းလျက်ရှိသည်။
Source: ရိုက်တာ

- By CNI
- Category: လူမှုဘဝ
- Hits: 923
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၅
တရုတ်၊ ထိုင်း၊ မလေး၊ ဒူဘိုင်း၊ တိဘက်၊ ဆော်ဒီ အစရှိသော ပြည်ပနိုင်ငံအသီးသီးသို့ လူကုန်ကူးခံရမှုဖြစ်စဉ်သည် ယခင်ကထက် ပိုမိုများပြားလာကြောင်း လူကုန်ကူးခံရသဖြင့် အကူအညီတောင်းခံလာသူများအား ကူညီ ဆောင် ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ၃ လအတွင်း လူကုန်ကူးခံရသဖြင့် လိုက်ပါဆောင်ရွက်ပေးရသော အမှုအရေအတွက်သည် ယခင်က တစ်နှစ်အတွင်း လိုက်ပါဆောင်ရွက်ပေးရသည့် အမှုအရေအတွက်နှင့် ညီမျှနေကြောင်း၊ လူကုန်ကူးခံရသူများတွင် ဒေသခံ၊ နယ်ခံ ယုံကြည်ရသူများမှ အဓိက လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း လူကုန်ကူးခံရသူများအား ကူညီ ဆောင်ရွက်ပေးနေသူ မမျိုးမျိုးအေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပိုပြီးတော့များလာတယ်။ တရုတ်တို့ ဒူဘိုင်းတို့ဆိုရင်လည်း ပိုပြီးတော့ များလာတယ်။ အခုပစ်မှတ်ထား တာကတော့ နယ်ကလူတွေပေါ့။ နောက် တစ်ခါစက်မှုဇုန်မှာ နယ်ကနေ တက်လာပြီးတော့ information အတိအကျ မရနေဘူးဆိုတဲ့ လူတွေကို ပစ်မှတ်ထားတယ်။ နောက်တစ်ခါ ကျမတို့ကိုင်တဲ့ case တော်တော်များ များမှာ ဒေသခံပေါ့ နယ်ခံ အဲဒီနယ်ခံ တစ်ယောက်က ထိုင်းကိုရောက်နေမယ်၊ တရုတ်ကို ရောက်နေမယ်၊ မလေး ကို ရောက်နေမယ်၊ အဲဒီကနေ တစ်ရွာလုံးကို အချိတ်အဆက် ပေးလိုက်တာပေါ့။ ဒီမှာလုပ်ခလစာ ၃ သိန်းဆိုရင် ဟိုမှာ ၁၀ သိန်းတို့ ဟိုမှာက ၅ သိန်းတို့ ဟိုမှာက ၇ သိန်းတို့၊ သွားမယ့်သူတွေကို အမြဲတမ်းပြောတယ် ဟိုမှာက ၁၀ သိန်းဆိုရင် နေမှုစရိတ်နဲ့ သွားမယ့်ဟာတွေက ဘယ်လိုလဲ။ ကိုယ်ကသွားဖို့အတွက်ကို ဘာတွေရောင်းချ ပေါင်နှံ သွားရမှာလဲ။ သွားတဲ့လူတွေက အဲဒီလိုအသေးစိတ် analyst လုပ်ပြီး ချိန်ထိုးပြီးတော့ ဒါမျိုးမစဉ်းစားတော့ဘူး။ နိုင်ငံခြားသွားရင် အဆင်ပြေတယ်ဆိုတဲ့ စိတ်နဲ့သွားတာ” ဟု ပြောသည်။
မြန်မာများကို စစ်ဆေးနေစဉ်
လူကုန်ကူးခံရသည့် ဖြစ်စဉ်များတွင် စင်္ကာပူ၊ မကာအို စသည့် နိုင်ငံများ၌ အလုပ်ရရှိမည်ဟုဆိုကာ လူခေါ် စုဆောင်းပြီးနောက် ဒူဘိုင်း၊ အိုမန်၊ တိဘက်၊ ဆော်ဒီ အစရှိသည့် နိုင်ငံများသို့ အိမ်အကူအဖြစ် လုပ်ကိုင်ရန် ပို့ဆောင်ကြခြင်းဖြစ်ကြောင်း လူကုန်ကူးခံရသူများအား ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။
ထိုသို့ အိမ်အကူအဖြစ် လုပ်ကိုင်ကြရာတွင် အိမ်ရှင်များ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့်လည်း ကြုံတွေ့ကြရ ကြောင်း၊ လူကုန်ကူးခံရသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ၊ ဌာနဆိုင်ရာများဘက်မှ လိုက်ပါ ပူးပေါင်း ဆောင်ရွက်ပေးမှုသည် မရှိသလောက် နည်းပါးကြောင်းလည်း ၎င်းတို့က ပြောသည်။
လူကုန်ကူးခံရမှု ကြုံတွေ့ရသူများမှာ ကျေးလက်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ အဓိကအများဆုံးဖြစ်ကြောင်း လူကုန်ကူးခံရသူများအား ကူညီဆောင်ရွက်ပေးနေသူ ကိုစိုင်းယုမောင်က CNI သတင်းဌာနသို့ ပြောသည်။
တရုတ်ပြည်သို့ သွားရောက် အလုပ်လုပ်ကြမည့်သူများကိုတွေ့ရစဉ်
၎င်းက “တရုတ်ဘက်တွေကိုလည်း သွားကြတယ်။ တော်တော်များများ တရုတ်ဘက်သွားကြတာလည်း ရှိကြ တယ်။ တရုတ်ဘက်ကတော့ အခုနောက်ပိုင်း မြန်မာပြည်တစ်ဝန်းလုံးက မြန်မာမိန်းကလေးတွေကို အသွား၊ အပြန် လေယာဉ်ခ ခံပေးတယ်ပေါ့နော်။ သိန်း ၇၀ မိသားစုကိုပေးမယ်။ လောလောဆယ် မိသားစုစားဝတ်နေရေး အတွက် ၁၀ သိန်းပေးခဲ့မယ်။ ကျန်တဲ့ပိုက်ဆံကိုကြတော့ တရုတ်ပြည်ရောက်တာနဲ့ပေးမယ်။ ဒီလိုမျိုးတွေပေါ့ ရောင်းစားတဲ့ပုံစံ လုပ်နေကြတယ်အခု။ အဲဒါမြန်မာနိုင်ငံက လူတွေလည်းပါတယ်။ ဟိုဘက်က တရုတ်တွေလည်း ပါတယ်။ အဲဒီတော့ ဟိုဘက်မှာ ဘာလုပ်ရမယ်ဆိုတာမျိုး မပြောဘူး။ တရုတ်မယားလုပ်ရမယ် အဲဒီလိုလည်း ကြားတယ်။ တရုတ်နဲ့နေရမယ်။ ဘယ်လောက်နေရမယ်ဆိုတာ မသိဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးခံရမှု အမျိုးအစားများမှာ အဓမ္မထိမ်းမြား လက်ထပ်ခြင်း၊ အဓမ္မ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မစေခိုင်းခြင်း၊ ကလေးသူငယ် လူကုန်ကူးခြင်း၊ ကြွေးမြီနှင့် နှောင်ဖွဲ့ခံရခြင်းဟူ၍ တွေ့ရပြီး ၂၀၁၈ ခုနှစ်တွင် အငှားကိုယ်ဝန်ဆောင်သည့် လူကုန်ကူးမှုပုံစံသစ်ကို တွေ့ရှိရကြောင်း ၂၀၂၀ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ဆောင်းပါးတွင် ဖော်ပြထားသည်။
ထို့အပြင် ၂၀၂၂ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့တွင် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးစိုးထွဋ်က ပြည်ပသို့ လူကုန်ကူးမှုများမှာ ၈ဝ ဒသမ ၃၂ ရာခိုင်နှုန်းရှိပြီး လူကုန်ကူးခံရသူများ၏ ၅ဝ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးများဖြစ်ကြောင်း ပြောဆိုထားသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 1653
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၃၁၁
နိုင်ငံတော်သြဝါဒစရိယ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရအား အိန္ဒိယနိုင်ငံက International Award for Promotion of Buddhism (အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာထွန်းကားရေးဆု)ဘွဲ့တံဆိပ်ကို ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်နေ့က ဆက်ကပ်အပ်နှင်းခဲ့သည်။
အဆိုပါ ဘွဲ့တံဆိပ် ဆက်ကပ်အပ်နှင်းပွဲကို ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ အိန္ဒိယစင်တာမှာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုအခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊စစ်ကိုင်းတိုင်းဒေသကြီး အပြည်ပြည်ဆိုင် ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ ကျောင်းတိုက်ဆရာတော် ဦးသောဘိတ၊ ရခိုင်ပြည်နယ် အလိုတော်ပြည့်ဝိပ ဿနာ စင်တာနှင့် ကျောင်းတိုက်ဆရာတော် ဦးပညာဇောတနှင့် ဆရာတော်သံဃာတော်များ တက်ရောက်ခဲ့ ကြသည်။
နစကအစိုးရဖွဲ့တွေနဲ့ အိန္ဒိယသံအမတ်ကိုတွေ့ရစဉ်
ထို့အပြင် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဋ္ဌေး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr.Abjay Thaku၊ Indian Council for Cultural Relations(ICCR)မှ ညွှန်ကြားရေးမှူးချုပ် H.E.Mr. Kumar Tuhin၊ ဦးနု-ဒေါ်မြရီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီတို့ တက်ရောက်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆက်ဆံရေးကောင်စီသည် ဗုဒ္ဓဘာသာထွန်းကားရေးအတွက် ဆောင်ရွက်ကြသော နိုင်ငံခြားတိုင်းပြည်များမှ ပညာရှင်များ၊ တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား အသိအမှတ်ပြု ဂုဏ် ပြုခြင်းနှင့် ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအတွက် နိုင်ငံတကာဆုကို ၂၀၂၁ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သည်။
အဆိုပါ ဆုကို Otani University(Japan),Dr.Duong Thi Thanh Huong(Vietnum)နှင့် Mr. Choijamts Demberel(Mongolia)တို့အား ပေးအပ်ချီးမြှင့်ထားသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 2522
CNI International News
အစ္စလာမ်မာဘက်၊ မေလ ၃၀
ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ် (Shehbaz Sharif) ဦးဆောင်သည့် အစိုးရအဖွဲ့ကို ဆောင်ကျဉ်းပေးခဲ့သည့် ရွေးကောက်ပွဲကို ပြုလုပ်ခဲ့သော်လည်း လူနည်းစု အသိုင်းအဝိုင်းများ၏ ကံကြမ္မာများသည် အလွန်ဆိုးရွားနေဆဲဖြစ်သည်ဟု Afghan Diaspora သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဆာဂိုဒါ (Sargodha) မြို့တွင် မကြာသေးမီက ခရစ်ယာန်မိသားစုနှစ်စု တိုက်ခိုက်ခံရမှု ဖြစ်စဉ်များက ဒီမိုကရေစီ အသွင်းကူးပြောင်းပြီးနောက်မှာပင် လူနည်းစုများအတွက် လုံခြုံမှု ကင်းမဲ့နေသည့် အခြေအနေကို မီးမောင်းထိုး ပြသရာ ရောက်ခဲ့သည်။
ဆိုရှယ်ပလပ်ဖောင်းနှင့် လူမှုမီဒီယာများတွင် ပျံ့နှံ့ခဲ့သည့် ဗွီဒီယိုများထဲတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးသည် သွေးစွန်းနေသော အမျိုးသားတစ်ဦးနှင့် အခြားသူများကို ဝိုင်းထားပြီး ပရိဘောဂများအား ရိုက်နှက်ဖျက်စီးနေသည့် မြင်ကွင်းများကိုတွေ့ရကြောင်း ပါကစ္စတန်၏ Dawn သတင်းစာက ဖော်ပြခဲ့သည်။
နောက်ထပ် ဗွီဒီယိုထဲတွင်လည်း အိမ်အပြင်ဘက်၌ ကြီးမားသည့် မီးလောင်ကျွမ်းမှုကို မြင်တွေ့ခဲ့ရသည်။
ပါကစ္စတန်အလံကို လွှင့်ကိုင်ထားစဉ်
သို့သော် ရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးကမူ ထိုဗွီဒီယိုများသည် အတုများဖြစ်ပြီး မည်သူမျှ ဒဏ်ရာမရခဲ့ကြောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ထိုဗွီဒီယိုများကို အတုဟု ပြောကြားနေချိန်တွင် နစ်နာသူများ၏ မိသားစုဝင်များက ၎င်းတို့မိသားစုဝင် တစ်ဦးသည် လူအုပ်ကြီး၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ထွက်ဆိုခဲ့ကြသည်။
မေလ ၂၅ ရက် နံနက်ပိုင်းက ဆာဂိုဒါမြို့၏ မူဂျာဟစ် ကိုလိုနီ (Mujahid Colony) ရပ်ကွက်ရှိ ခရစ်ယာန် မိသားစု နှစ်စု၏ နေအိမ်များ တိုက်ခိုက်ခံရမှုတွင် မိသားစုဝင်များကို ဘေးလွတ်ရာ ကယ်တင်နိုင်ခဲ့ပြီး အမျိုးသား ၁၅ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု Dawn သတင်းစာက ဖော်ပြခဲ့သည်။
ထိုဖြစ်စဉ်ကြောင့် ထိုဒေသတွင်နေထိုင်သည့် ခရစ်ယာန် ဘာသာဝင်များအကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်ခဲ့သည်။
ဆာဂိုဒါခရိုင် ရဲအရှိ (DPO) အာဆစ် အီဂျက် မာလီ (Asad Ejaz Malhi) ကမူ ထိုဖြစ်စဉ်များသည် ဘာသာရေးအရ အလေးအမြတ်ထားသည့် နေရာများကို မလေးမစား ပြုလုပ်သည်ဆိုသည့် စွဲချက်များကြောင့် အုံကြွခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များကို တပ်ဖြန့်ထားသည်ဟု ဆိုသည်။
ပါကစ္စတန်ခရစ်ယာန် ဘာသာဝင်ကို တွေ့ရစဉ်
မည်သို့ပင်ဆိုစေ ပါကစ္စတန်တွင် ခရစ်ယာန်ဘာသာဝင် အသိုင်းအဝိုင်းအပေါ် ယင်းကဲ့သို့ တိုက်ခိုက်မှုများသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။
ပါကစ္စတန်၏ ရာဝယ်ပင်ဒီ (Rawalpindi) ဒေသတွင် အီစတာ (Easter) ပွဲတော် မတိုင်မီကလည်း ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း မီးရှို့ခံခဲ့ရသည်။
"ပါကစ္စတန်ဝန်ကြီးချုပ် ရှရစ်ဖ်ရဲ့ အစိုးရအဖွဲ့သည်ဟာ လူ့အခွင့်အရေးကို ထိန်းသိမ်းပြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်" ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ အာရှရေးရာ တွဲဖက်ညွှန်ကြားရေးမှူး ပက်ထရစ်စီယာ ဂေါ့စ်မန်း (Patricia Gossman) က ပြောကြားခဲ့သည်။
Source: Afghan Diaspora

- By CNI
- Category: လူမှုဘဝ
- Hits: 1581
CNI International News
ဝါရှင်တန်၊ မေလ ၂၇
တရုတ်သည် ၂၀၂၅ ခုနှစ်တွင် ကျေးလက်ဒေသနေ တိဘက်လူမျိုး ၁ သန်းနီးပါးကို နေရာရွှေ့ပြောင်းပေးရန် တင်းကျပ်သည့် အစီအစဉ်များကို အသုံးပြုနေသည်ဟု နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) က ပြောကြားခဲ့ကြောင်း phayul သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
HRW ၏ “Educate the Masses to Change Their Minds: China’s Coercive Relocation of Rural Tibetans.” အမည်ရှိခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်တွင် တရုတ်အာဏာပိုင်များသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အကြား ကျေးလက်နေ တိဘက်လူမျိုး ၉,၉၃၀,၀၀၀(၉ သန်းကျော်)ကျော်ကို နေရာရွှေ့ပြောင်း ပေးလိမ့် မည်ဟု ဖော်ပြထားသည်။
ထိုကဲ့သို့ နေရာရွှေ့ပြောင်းပေးမည့်သူ စုစုပေါင်း၏ ၇၆ ရာခိုင်နှုန်းဖြစ်သည့် တိဘက်လူမျိုး ၇၀၉,၀၀၀ ကျော်သည် ၂၀၁၆ ခုနှစ်နောက်ပိုင်း ရွှေ့ပြောင်းခံခဲ့ရသည်။
ထိုအချိန်သည် တရုတ်၏ ၁၃ ကြိမ်မြောက် ၅ နှစ်ကြာ နေရာရွှေ့ပြောင်းရေး အစီအစဉ် စတင်ချိန်နှင့် တိုက်ဆိုင် နေသည်။
နေရာရွှေ့ပြောင်းရန် လက်မှတ်ထိုးခိုင်းနေစဉ်
၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အကြား နေရာရွှေ့ပြောင်းခံရသည့် အုပ်စုထဲတွင် လူပေါင်း ၁၄၀,၀၀၀ ခန့်သည့် ကျေးရွာအလိုက် ရွှေ့ပြောင်းမှု အစီအစဉ်၊ လူပေါင်း ၅၆၇,၀၀၀ သည် အိမ်ထောင်စုအလိုက် ရွှေ့ပြောင်းမှု အစီအစဉ်ထဲတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် တရုတ်အာဏာပိုင်များသည် ကျေးရွာ ၅၀၀ ခန့်မှ ဒေသခံများကို ရွှေ့ပြောင်းပေးနေသဖြင့် လူပေါင်း ၁၄၀,၀၀၀ ကျော်ကို သက်ရောက်စေခဲ့သည်ဟု ဆိုသည်။
စာမျက်နှာ ၇၁ မျက်နှာပါရှိသည့် HRW ၏ ထုတ်ပြန်ချက်တွင် မဖြစ်မနေ ကျေးရွာအလိုက် နေရာရွှေ့ပြောင်းခံခဲ့ရ သည့် တိဘက်လူမျိုးများ၏ အခြေအနေကို ဖော်ပြထားသည်။
ဥပမာတစ်ခုအနေဖြင့် နက်ဂ်ချူ (Nagchu) မြို့ရှိ ကျေးရွာတစ်ခုတွင် အိမ်ထောင်စုပေါင်း ၂၆၂ စုအနက် အိမ်ထောင်စု ၂၀၀ သည် ၎င်းတို့နေထိုင်သည့် နေရာနှင့် ကီလိုမီတာ ၁၀၀၀ (မိုင် ၆၂၀ ကျော်) ကွာဝေးသည့် နေရာသို့ ရွှေ့ပြောင်းခံခဲ့ရသည်။
ကျေးရွာသားများသည် ၎င်းတို့ သဘောဆန္ဒအလျောက် နေရာရွှေ့ပြောင်းမှုကို လက်ခံခဲ့သည်ဟု တရုတ်အစိုးရက ပြောကြားခဲ့သော်လည်း ခြိမ်းခြောက် အကျပ်ကိုင်သည့် ပုံစံများဖြင့် နေရာရွှေ့ပြောင်းခံခဲ့ရသည့် ဖြစ်စဉ်မှတ်တမ်း များကို ရရှိခဲ့ကြောင်း HRW က ပြောကြားခဲ့သည်။
HRW က တိဘက်လူမျိုးကို တွေ့ရစဉ်
ထိုကဲ့သို့ ခြိမ်းခြောက် အကျပ်ကိုင်သည့် နည်းဗျူဟာများထဲတွင် နေရာရွှေ့ပြောင်းရန် သဘောမတူသည့် ကျေးရွာ သားများကို ခြိမ်းခြောက်မှုများ၊ အဆိုပါကျေးရွာသားများအား ကောလာဟလ ဖြန့်သူများအဖြစ် စွပ်စွဲမှုများ၊ ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်များဖြင့် ခြိမ်းခြောက်မှုများ ပါဝင်သည်ဟု ဆိုသည်။
ထို့ကြောင့် အတင်းအဓမ္မ နေရာရွှေ့ပြောင်းရေး အစီအစဉ်တွင် ပါဝင်သည့် တရုတ်အာဏာပိုင်များအနေဖြင့် နိုင်ငံတကာ စံချိန်စံနှုန်းများကို လိုက်နာပြီး နေရာရွှေ့ပြောင်းမှုကို သင့်တင့်မျှတစွာ လုပ်ဆောင်ရန် HRW က အကြံပြု တိုက်တွန်းခဲ့သည်။
Source: phayul