- By CNI
- Category: လူမှုဘဝ
- Hits: 633
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၃
ထိုင်းသို့ ယခုကာလအတွင်း ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ လုံခြုံရေး စိုးရိမ်မှုများကြောင့် နေရပ်သို့ လုံးဝ ပြန်လည်ဝင်ရောက်ကြမည်မဟုတ်ကြောင်း ထိုင်းအခြေစိုက် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယခုကာလအတွင်း ထိုင်းသို့ စိုးရိမ်စိတ်ဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာနိုင်ငံသားများနေရပ်ပြန်လည်ဝင်ရောက်လိုပါက ဆက်သွယ်နိုင်ကြောင်း အသိပေးကြေညာထားခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုကြခြင်းဖြစ်သည်။
တိုက်ပွဲများကြောင့် တိမ်းရှောင်လာသည့် တိုက်ပွဲရှောင်များကို တွေ့ရစဉ်
MWRNမှ အကြံပေး ဦးအောင်ကျော်က “သူတို့ ဒီလို လာရောက်တိမ်းရှောင်တယ်ဆိုတာကလည်း အမှန်တကယ်ပဲ သူတို့ရဲ့ဘဝ လုံခြုံမှုမရှိလို့၊ သူတို့အတွက် အန္တရာယ်အလွန်ကျရောက်နေလို့ လာရောက်ခိုလှုံတာ ဖြစ်တယ်လေ။ အခုကျမှ နေရပ်ရေးကို ပြန်လာဖို့အတွက် စိတ်ရင်းစေတနာအပြည့်နဲ့ ပြန်လည်ခေါ်ဆောင်ပါတယ်ဆိုတာ ကာယကံရှင် ပြည်သူတွေ၊ နိုင်ငံဝန်ထမ်းတွေအတွက် လက်ခံနိုင်စွမ်း ရှိမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ တချို့ဆိုရင် သူတို့တွေရဲ့ နေရပ်ဌာနေတွေက နေစရာအိမ်တွေတောင်မှ မရှိတဲ့အနေထားမျိုးတွေ ကြုံနေတယ် ဆိုတော့ ဘယ်လိုအတိုင်းအတာမျိုးလောက်ထိ သူတို့က စိတ်ရင်းစေတနာအပြည့်နဲ့ ခေါ်ချင်တာလဲဆိုတာ မေးခွန်းပြန်ထုတ်ရမလို ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်အကိုင်ကလည်း ရှားပါးတယ်၊ ရှိတဲ့အလုပ်ကို လုပ်ရင်လည်း မြန်မာနိုင်ငံရဲ့ တရားဝင်သတ်မှတ်ထားတဲ့နှုန်းထားအရ တစ်နေ့ လုပ်အားခက ၄၈၀၀ ကျပ် လောက်ပဲရှိတာကို။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ်ဆိုရင် နေ့စဉ် တစ်သောင်းကျော် ရနေတာဆိုတော့ ဝင်ငွေ အားဖြင့် ကြည့်မယ်ဆိုရင်လည်း ကိုယ့်ပြည်တွင်းထက်စာရင် ဒီမှာက အလုပ်အကိုင်လည်း နေ့စဉ်ရှိတယ်၊ ဟိုမှာက နေ့စဉ်ရှိတာ မဟုတ်ဘူး။ နောက်တစ်ခါ လူမှုဖူလုံရေးကဏ္ဍတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ လူသား တစ်ယောက်အတွက် လိုအပ်တဲ့အထောက်အထားက ပြည့်စုံစွာရှိနေတဲ့အတွက်ကြောင့် မြန်မာပြည်တွင်းကို ပြန်ဝင်ရောက်ဖို့ ဆိုတာကိုတော့ လုံးဝဆုံးဖြတ်ချက်ချမှာမဟုတ်ဘူး” ဟု ပြောသည်။
ပြည်ပနိုင်ငံများတွင် ပြည်တွင်းထက် အလုပ်အကိုင်အခွင့်အလမ်း၊ လုပ်ခလစာများ ပေါများသော်လည်း ပြည်တွင်း သို့ ပြန်လည်မဝင်ရောက်လိုသည့် အဓိကအကြောင်းအရင်းမှာ ၎င်းတို့၏လုံခြုံရေးကြောင့်ဖြစ်ကြောင်း ထိုင်း အခြေစိုက် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူများက သုံးသပ်သည်။
ထိုင်းမြန်မာနယ်စပ်ရှိ တိုက်ပွဲရှောင်ဒုက္ခသည်များ
ထိုသို့ ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်တွင်းတွင် လွတ်လပ်ပြီး တရားမျှတသည့် အနေအထားမရောက်မချင်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်မှာ မဟုတ်ကြောင်းလည်း ၎င်းတို့က သုံးသပ်သည်။
ထိုသို့ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာနိုင်ငံသားများအား နေရပ်သို့ အမှန်တကယ် ပြန်လည်ဝင်ရောက်စေချင်ပါက ၎င်းတို့ စိတ်ချယုံကြည်ရလောက်သည့် လုံခြုံရေးအာမခံမှုမျိုးပေးသင့်ကြောင်း မဲဆောက်တွင် ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“မိခင်နိုင်ငံကိုတော့ ကျနော်အပါအဝင် တစ်ယောက်ချင်းစီ အားလုံးပြန်ချင်ကြတယ်။ထိုင်းကို နိုင်ငံကူးလက်မှတ် နဲ့ အလုပ်လုပ်နေတဲ့သူအပါအဝင် ပုံစံအမျိုးမျိုးနဲ့ တရားမဝင်တိမ်းရှောင်လာတဲ့ လူတွေကအစပေါ့ အကုန်လုံးက ကိုယ့်နိုင်ငံကို ပြန်ချင်ကြတဲ့သူတွေချည်းပဲ။ အဲဒီတော့ ကျနော်တို့ လုံခြုံရေးကို စိတ်မချတဲ့အတွက် မပြန်ဘူး ဖြစ်တယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် တိုင်းတစ်ပါးကို ရောက်နေတဲ့ မြန်မာပြည်သူတွေကို ပြည်တွင်းထဲကို ပြန်စေ ချင်တယ်ဆိုရင် လုံခြုံမှုကို အာမခံချက်ပေးချင်တယ်ဆိုရင် နမူနာလုပ်ရမှာက တစ်ခုပဲရှိတယ် ဥပမာက။ မြန်မာ တစ်နိုင်ငံလုံးရဲ့ အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင်ထားတဲ့ လမ်းထွက်ဆန္ဒပြတဲ့ ပြည်သူတွေကို လွှတ်ပေးပြီး တော့မှ တိုင်းတစ်ပါးက ပြည်သူတွေကို ပြန်လာမယ်လို့ ယုံကြည်မှုပေးတယ်ဆိုရင်တော့ ဒါအများပြည်သူအတွက် စဉ်းစားစရာတစ်ခုဖြစ်တာပေါ့။ အဲဒီတော့ မြေပြင်မှာ တကယ်တိတိကျကျကို အများပြည်သူ ယုံကြည်နိုင်လောက် တဲ့ အနေအထားတစ်ခုကို ဖြေလျှော့ပေး၊ လုံးဝလွတ်ငြိမ်းချမ်းသာခွင့်ပေးမှသာလျှင် ပြည်ပက အလွှာပေါင်းစုံက တိမ်းရှောင်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြည်တွင်းထဲကို ပြန်ဝင်လာဖို့ စဉ်းစားပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့အနီး အုန်းဖျံဒုက္ခသည်စခန်းအဝင်တစ်နေရာကို တွေ့ရစဉ်(ဓါတ်ပုံ-RFA)
၂၀၂၁ ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူပြီးသည့်နောက်ပိုင်းတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပ နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သည့် မြန်မာနိုင်ငံသားဦးရေမှာ အများအပြားရှိခဲ့သည်။
ထို့ကြောင့် ယခုဖြစ်စဉ်ကာလအတွင်း အကြောင်းအရာတစ်မျိုးမျိုးဖြင့် ပြစ်မှုကျူးလွန်ထားသူများမှအပ စိုးရိမ်စိတ် ကြောင့် တိမ်းရှောင်နေရသူများသည် ကိုယ်ပိုင်ဆန္ဒအရ နေရပ် ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ ဖြေလျှော့ ပေးမှုများနှင့်အညီ ပြန်လည်ဝင်ရောက်နိုင်ရေး သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 564
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
နှစ်စဉ် ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့အတွင်းရှိ ရပ်ကွက်တချို့တွင် သောက် ရေ၊ သုံးရေအဖြစ် သုံးစွဲနေသည့် ရေကန်တချို့မှာ ခမ်းခြောက်မှု ဖြစ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သုံးရေအဖြစ် အသုံးပြုနေကြသည့် ရေကန်သည် ၃ ပုံ ၁ ပုံခန့်သာ ကျန်ရှိနေပြီး လက်ရှိတွင် အလှူရှင်များ လာရောက်လှုဒါန်းမှု မရှိသေးသည့်အတွက် သောက်ရေသန့်များကို ဝယ်ယူနေရသည်ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တချို့ကျတော့လည်း ခမ်းခါနီးနေပြီး။ ၃ ပုံ ၂ ပုံလောက် ကုန်သွားပြီ။ ၁ ပုံလောက်ပဲ ကျန်တဲ့ဟာတွေ ရှိ တာပေါ့လေ။ သောက်ရေကတော့ တချို့နေရာတွေတော့ အခက်အခဲတော့ ရှိနေလောက်ပြီ။ အလှူရှင် မရှိဘူးဆို တော့လည်း ဒီလိုပဲ ရေသန့် ဝယ်သောက်လိုက်ကြတာပဲလေ သောက်ရေကတော့။ အလှူရင်လာတော့လည်း ဝယ်သောက်စရာ မလိုတော့ဘူးပေါ့ အဆင်ပြေကြတာပေါ့။ တချို့ကန်တွေက သောက်လို့ရတဲ့ ကန်လေးတွေ ရှိတယ်လေ။ သုံးရေကန်ရှိသလို သောက်ရေကန်လည်း ရှိတယ်။ တချို့ကျတော့လည်း သောက်ရေကန်သွားပြီး သောက်တဲ့သူရှိတယ်။ မဝယ်နိုင်တဲ့ သူတွေကျတော့ ကိုယ့်ဟာကိုယ် ရေစည်တွန်းတာတို့၊ ပုခုံးနဲ့ ထမ်းတာတို့ လုပ်ရတာပေါ့။ ခါတိုင်းနှစ်တွေတော့ လာကြတယ် ဒီနှစ်တော့ မတွေ့သေးဘူးဗျ။ ကျနော်တို့ သွားလာနေတာ မတွေ့သေးဘူး အလှူရှင်လာတို့၊ ပြုတာတို့တော့” ဟု ပြောသည်။
ဒလဘက် ရေပေးနိုင်ရေး သွယ်တန်းနေကြစဉ်
လက်ရှိတွင် ဒလမြို့အတွင်းရှိ ရပ်ကွက် ၆ ခု၌ ရေစတင်၍ ရှားပါးနေပြီး ရေလှူဒါန်းမှုနှင့် ဖြန့်ဝေရေး အစီအစဉ် အကူအညီများ ရရှိရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့ထံသို့ တင်ပြထားပြီဖြစ် ကြောင်း ဒေသခံများက ပြောသည်။
အလှူရှင်များ လာရောက်ပြီး ရေလှူဒါန်းသော်လည်း တချို့သော ရပ်ကွက်အတွင်းရှိ ဒေသခံများသည် ထိုရေကို သိုလှောင်ထားရန် အသုံးအဆောင်ပစ္စည်းများ မရှိသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ထို့နောက် ရေကို တစ်ပတ်စာအတွက် လာရောက် လှူဒါန်းသော်လည်း ၃ ရက်စာခန့်သာ သိုလှောင်ထားနိုင်သည့် အခြေအနေများဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် တချို့သော ရပ်ကွက်များ၌ ကန်ရေများသည် ခမ်းခြောက်နေပြီ ဖြစ်သည့်အတွက် ရေခပ်ချိန်ကို အချိန်သတ်မှတ်၍ တစ်နေ့လျှင် ၂ ချိန် သတ်မှတ်ထားကြောင်း ရာဇာသင်္ကြန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးဝင်း က CNI သတင်းဌာနသို့ ပြောသည်။
ဒလမြို့နယ် ရေရှားပါးမှုကိုကြုံနေရစဉ်
၎င်းက “လာမလှူ သေးပါဘူးခင်ဗျ။ ကျနော်တို့ ကန်တွေမှာ အနည်းငယ် ရှိနေသေးတဲ့ အတွက်မို့လို့။ ရေကိစ္စ သိပ်ပြီး အခက်အခဲ မရှိသေးတဲ့ အတွက်ကြောင့်မို့လို့ မလာကြသေးဘူး။ ၃ လပိုင်းလောက်ဆို နည်းနည်း လာကြ မယ်နဲ့ တူပါတယ်။ တကယ်တော့ ကန်တွေကို ကျနော်တို့က ရေကန့် သတ်ချက်လေးနဲ့ နည်းနည်း ထိန်းထားတာ ပေါ့နော်။ ကျနော်တို့က ရေကန်ကို ကျနော်တို့က မနက် ၁ နာရီ၊ ည ၁ နာရီ အဲဒါမျိုးကို တစ်နေ့ ၂ နာရီ ပေးတယ်။ မနက် ၁ နာရီက မနက် ၇ နာရီကနေ ၈ နာရီပေါ့။ ညနေ ၄ နာရီကနေ ၅ နာရီပေါ့။ သောက်ရေကတော့ နည်းနည်း ခက်ခဲတာပေါ့။ ကျနော်တို့ ကန်တွေက သောက်ရေအတွက်က နည်းနည်း ခက်တယ်လေ။ ကျနော်တို့ ကန်က အခု လက်ရှိ ကန်တစ်ကန်ပဲ ရှိတာပဲ။ ကျနော်တို့က ရပ်ကွက်က ကန်က နည်းနည်း နည်းတယ် လူဦးရေထက်စာရင်။ အဲတော့ သင်္ကြန်ကန်မှာ သွားသွား ခပ်ရတယ်။ သောက်ရေကတော့ နည်းနည်း ခက်ခဲတာပေါ့။ နှစ်စဉ်နှစ်တိုင်းပါပဲ သောက်ရေကတော့” ဟု ပြောသည်။
ဒလမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် ရေအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် အဝီစိတွင်းရေများ တူးဖော်ထား သော်လည်း ထွက်ရှိလာသည့် ရေသည် သံချေးရောင် ဖြစ်ပေါ်နေခြင်းနှင့် အငန်ဓာတ် ပါဝင်နေခြင်းကြောင့် ချက်ပြုတ်ရန် အဆင်မပြေသလို သောက်သုံးရန်လည်း အဆင်မပြေကြောင်း၊ ဆေးကြောသန့်စင်ရန် အတွက်သာ သုံးစွဲ၍ရကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် တွံတေးမြို့နယ်မှ ရေကို စည်ပင်မှတဆင့် သွယ်တန်းပေးထား၍ အသုံးပြုနေရသော်လည်း ယင်းရေ သည် သောက်ရေအဖြစ် အသုံးပြု၍ မရကြောင်း၊ ထို့အပြင် ငွေကြေး မတတ်နိုင်သည့် မိသားစုများလည်း အသုံးပြု နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 575
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်များ၌ ယခုနှစ်တွင် နွေရာသီမတိုင်ခင် ကန်ရေများ ခမ်းခြောက်ပြီး ရေရှားပါးမှုများနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများထံမှ သိရသည်။
ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ကန်ရေများတွင် ရေများ စောလျင်စွာ ခမ်းခြောက်မှု ဖြစ်ပေါ်နေ ကြောင်း၊ တိုက်ပွဲရှောင် စခန်းများရှိ ကန်ရေများတွင်လည်း ရေခမ်းခြောက်မှုများနှင့် ကြုံတွေ့နေရကြောင်း၊ မြစ်ရေ မှတဆင့် ရေကန်အတွင်းသို့ ရေဖြည့်တင်းသော်လည်း တစ်လ၊ နှစ်လအတွင်း ခမ်းခြောက်မှု ဖြစ်ပေါ်လာမည် ဖြစ် ကြောင်း ကျောက်တော်မြို့နယ်အတွင်းရှိ ရထားဘူတာ တိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင်တစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “ဒီနှစ်က စောပြီး ရေပြတ်လပ်မှု ရှိတယ်၊ ရေရှားတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၃ လ ပိုင်းကုန်၊ ၄ လပိုင်းလောက်မှ ရေတွေက ပြတ်လပ်တာကိုး။ ဒီနှစ်က မိုးက တအားကြီး ခေါင်နေတော့ ရေတွေက စောပြီး ပြတ်သွားတယ်။ ကျနော်တို့ စစ်ဘေးရှောင်နားမှာ နေတဲ့ ရေကန်က ၃ ကန်၊ ၄ ကန်လောက် ရှိတယ်။ ၃ ကန်၊ ၄ ကန်လောက်မှာ ရေပြတ်လပ်တာတွေကတော့ ၃ လပိုင်းကျော်၊ ၄ လပိုင်းနီးနီး၊ ၃ လပိုင်းကုန် အဲဒီလောက် မှ ရေပြတ်လပ်တာ။ အခုက မိုးတွေ တအားကြီး ခေါင်တယ်ဆိုတော့ အခု ၁၁ လ၊ ၁၂ လ၊ ၁၂ လပိုင်း၊ ၁ လပိုင်း လောက်ကနေပြီးတော့ ရေပြတ်လပ်သွားပြီ။ ပြတ်သွားတော့ ကျနော်တို့ကလည်း မသုံးရ မနေနိုင်ဆိုတော့ တွန်းလှည်းတွေနဲ့ ဘာတွေနဲ့ မြို့ထဲမှာရှိတဲ့ ရေကန်တွေကို သွားပြီးတော့ ဒုက္ခခံပြီးတော့ ကျနော်တို့ သုံးရတယ်။ ပြီးမှ ကျနော်တို့ INGO အဖွဲ့တွေဖြစ်တဲ့ CDN က သူတို့ ချိတ်ပေးတယ်။ ကျနော်တို့က ပိုက်ဆံတွေ ကောက်ခံပြီး တော့ မြစ်ရေတင်လိုက်တယ်။ အခုတော့ နည်းနည်းပါးပါးတော့ အဆင်ပြေသွားပါပြီ။ ဒါပေမယ့် ရေရှည်တော့ ခံမှာမဟုတ်ဘူး။ နောက် ၁ လ၊ ၁ လခွဲလောက်နေရင် ရေတော့ ပြန်ခမ်းသွားလောက်ပါပြီ” ဟု ပြောသည်။
ကျောက်တော်မြို့နယ် အ၀င်ကိုတွေ့ရစဉ်
သောက်သုံးရေ စော၍ ခမ်းခြောက်ရခြင်းသည် ငွေကြေးတတ်နိုင်သည့် သူများက ကန်ရေအတွင်း ရေပိုက်များ သွယ်တန်း၍ အသုံးပြုနေကြခြင်းနှင့် စည်ပင်မှ ဖြန့်ဝေသည့် ရေကို အားမကိုးဘဲ ဆည်ရေကိုသာ အားကိုးနေကြ သည့် အတွက်ကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သောက်သုံးရေ ရှားပါးမှုကို တိုက်ပွဲရှောင်စခန်း အများစုက ပို၍ ကြုံတွေ့နေရပြီး အခက်အခဲများ ဖြစ်ပေါ်နေသည် ဟု ကျောက်တော်မြို့နယ်မှ ဒေသခံ မဦးမိုးနွယ်က ပြောသည်။
၎င်းက “ညီမတို့ ကျောက်တော်မြို့ပေါ်မှာဆိုရင် ရေက ပေးဝေတာ မရှိတာ မဟုတ်ဘူး ရှိတယ်။ ဒါပေမယ့် အဲဒါက ပေးတဲ့ရေတွေက တချို့နေရာကျတော့ ကောင်းကောင်း မရောက်တာ ရှိတယ်။ ရောက်တဲ့ နေရာကနေပြီးတော့ စက်တွေနဲ့ ယူလိုက်တဲ့အခါမှာ တချို့နေရာတွေက နည်းသွားတာ ရှိတယ်။ ဒါပေမယ့် အဲဒါကို အားမကိုးဘဲနဲ့ ဆည် တွေကနေ ယူကြတာရှိတယ်။ အဲဒါကြောင့် သောက်ရေ ရှားပါးတာ။ အရင်နှစ်တွေထက် ခက်ခဲနိုင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ရေကန်တွေမှာက ပိုက်ဆံတတ်နိုင်တဲ့ သူတွေကျတော့ ပိုက်တွေ အများကြီး တပ်ထားတယ်။ သုံး ရေအတွက် ဆည်ကရေတင်။ ချောင်းရေက ရေကိုကျတော့ မသုံးဘူး သူတို့ကကျတော့။ အဲဒါဆိုရင် ရေက ပိုပြီး တော့ ခမ်းခြောက်မှု များတယ်။ ပြီးရင် စစ်ဘေးရှောင်စခန်းတွေကလေ သူတို့တွေကျတော့ ပိုပြီးတော့ အခက်အခဲ တွေ ကြုံရတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
တချို့သော ကျေးရွာများတွင် သောက်သုံးရေများ ခမ်းခြောက်နေခြင်းကြောင့် ရွာနှင့် အလှမ်းဝေးသည့် နေရာများ သို့ သွားရောက်၍ ရေခပ်ကြရကြောင်း၊ နွေရာသီ မရောက်မီ သောက်ရေကန်များ ခမ်းခြောက်နေပြီ ဖြစ်သည့် အတွက် နွေရာသီတွင် သောက်သုံးရေ လုံးဝပြတ်လပ် သွားနိုင်ကြောင်း ဒေသခံများက ပြောသည်။
စစ်တွေမြို့နယ်တွင် ရေကန်များ ရေခမ်းခြောက်မှု ဖြစ်ပေါ်နေသော်လည်း အဝီစီများ တူးဖော်ထားသည့်အတွက် အခက်အခဲ အနည်းငယ်သာ ရှိကြောင်း၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင် အဝီစိ တူးဖော် သော်လည်း ရေများတွင် ဆားဓာတ် ပါဝင်သည့်ရေသာ ထွက်ရှိသောကြောင့် သုံးစွဲ၍ အဆင်မပြေကြောင်း သိရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 626
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ပြည်တွင်း အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှု၊ စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေ စသည်တို့ကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူဦးရေမှာ အလွန် များပြား လာသည်ကို တွေ့ရသည်။
ပြည်ပသို့ထွက်ခွာကာ သွားရောက်အလုပ်လုပ်ကိုင်မှု နည်းပါးစေလိုလျှင် မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့် အလမ်း ပေါများလာရန် လိုအပ်သော်လည်း ပြည်တွင်းလုပ်ခလစာမှာ နည်းပါးနေသေးပါက ပြည်ပထွက်ခွာမှုမှာ လျော့နည်းမသွားနိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေး စင်တာ မှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ဆီကတော့ အလုပ်အကိုင်ပေါရုံနဲ့တင်တော့ မရသေးဘူးဗျ။ လုပ်အားခနှုန်းတွေကိုလည်း ကြည့်ရဦးမယ်။ လူတွေက အလုပ်လုပ်ချင်တာက အဓိကမဟုတ်ဘူးလေ။ လုပ်အားခလိုချင်တာက အဓိကကို။ လုပ်အားခ လိုချင်လို့ အလုပ်လုပ်တာဖြစ်တဲ့အတွက် အလုပ်တော့လုပ်ရမယ် ထမင်းပဲကျွေးမယ်ဆိုရင်တော့ မလုပ်နိုင်ဘူးပေါ့နော်။ အလုပ်အကိုင်နေရာတွေကတော့ရှိတယ် ထမင်းပဲကျွေးမယ်ဆိုရင်တော့လည်း မရ သေးဘူး။ လစာတော့ ပေးတယ်ဆိုလည်းပဲ အနည်းဆုံး ကျနော်တို့က ထိုင်းလောက် အနီးအနားက စင်ကာပူ လောက် အဲဒီလို လစာနှုန်းတွေ တက်လာမှသာလျှင် လူတွေကလည်းပဲ ကိုယ့်နိုင်ငံထဲမှာပဲ အခြေချပြီးတော့ တည်တည်ငြိမ်ငြိမ်လုပ်ကြရမယ့်သဘော။လူတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးမယ်ဆိုရင်တော့ ထွက်နေ ကြမှာပါပဲ။ စင်ကာပူက လူတွေလည်း စင်ကာပူမှာမလုပ်ဘဲ ဂျပန် သွားလုပ်နေကြတာလေ။ အမေရိကကို သွားလုပ်နေတာပဲ။ ထို့အတူပဲ မြန်မာနိုင်ငံသားတွေလည်း သူ့ထက်သာတဲ့ နိုင်ငံတွေ သွားလုပ်ကြမှာပဲ။ ပြည်တွင်း ထဲမှာ လုပ်ဖို့ဆိုရင်တော့ မျှတတဲ့ လုပ်အားခနှုန်းထားတွေသာ မြင့်တက်လာဖို့ လိုမယ်ထင်ပါတယ်”ဟု ပြောသည်။
ပြည်ပထွက်ခွာကြမည့် မြန်မာနိုင်ငံသားများကို လေဆိပ်တွင်တွေ့ရစဉ်
အမှန်တကယ်၌ မြန်မာနိုင်ငံတွင် အလုပ်အကိုင်မှာ မရှားပါးသည့်အပြင် လက်ရှိ၌လည်း ခေါ်ယူနေသည့် အလုပ် ခေါ်စာတို့မှာ အများအပြားရှိကြောင်းနှင့် အဓိကပြဿနာမှာ လုပ်ခလစာသာဖြစ်ကြောင်း လုပ်ငန်းရှင်တချို့က သုံးသပ်သည်။
အလုပ်သမားများဘက်မှ ကြည့်ပါက ရရှိသည့် လုပ်ခလစာနှင့် လက်ရှိ ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် တွက်ခြေမကိုင်သဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း လုပ်ငန်းရှင် အချို့က သုံးသပ်ကြသည်။
အလုပ်လာလျှောက်သူများထဲတွင် အချို့သည် ထိုလုပ်ငန်းခွင်ရာထူးနှင့်ပတ်သက်၍ အတွေ့အကြုံများ၊ ကျွမ်းကျင်မှုများ မရှိသည့်အပြင် တောင်းဆိုသော မျှော်မှန်းလစာမှာ များပြားသောကြောင့် လုပ်ငန်းရှင်များ အတွက် အခက်အခဲဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တချို့ အလုပ်သမားတွေ လစာဘာလို့မရလဲ၊ လစာဘာလို့ တိုးမပေးလဲဆိုရင် ကျနော်တို့လုပ်ငန်းရှင်တွေ မှာ အခု ခက်ခဲနေတာက တော်တော်များများ အလုပ်သမားတွေက လာရင် သူတို့ရဲ့ skill ဘယ်လောက်ရှိလဲဆိုတာ သူတို့ မပြနိုင်ဘူး။ လစာဘယ်လောက်ရမလဲဆိုတာပဲ။ မျှော်မှန်းလစာ ဘယ်လောက်ရှိလဲဆို တောင်းလိုက်ရင် ၅ သိန်းတွေ၊ ၆ သိန်း တွေ အဲဒီလိုတောင်းတယ်။ ဒါပေမယ့် တကယ်တမ်း သူတို့ skill နဲ့ ဒီအပေါ်မှာ ဘာအတွေ့ အကြုံရှိလဲဆို ဘာမှမရှိဘူး။ သူတို့ကမေးတယ် အဲဒါဆို ကျမတို့ကို ခိုင်းလေ၊ ခိုင်းတာလုပ်ပေးမှာပေါ့။ လစာကျ တော့ ပိုလိုချင်တယ်၊ အလုပ်ကျတော့ ကျွမ်းကျွမ်းကျင်ကျင် မရှိတာက တစ်ပိုင်း၊ နောက်တစ်ခုကလည်း အလုပ် အပေါ်မှာလည်း အလုပ်တွေက များနေတာဖြစ်တဲ့အတွက် အလုပ်တွေအပေါ်မှာလည်း ၂ ရက် ၃ ရက်လောက် လုပ်ကြည့်လိုက်၊ ပြီးရင် ပြောင်းသွားလိုက် အဲဒီလိုအလုပ်သမားတွေ လတ်တလော မြန်မာနိုင်ငံမှာ များနေတာ ပေါ့နော်။ လစာများများ လိုချင်တယ်ဆိုရင် skill utility ကောင်းကောင်း ဆောင်ရွက်ပေး၊ သူတို့ရဲ့ quality တွေ မြင့်အောင် သူတို့လုပ်ပေး၊ သူတို့တာဝန်ကျတဲ့ အလုပ်တွေမှာ သေသေချာချာအားထည့်ပြီး လုပ်မယ်ဆိုရင် အဲဒီလို ပုဂ္ဂိုလ်တွေကတော့ လစာများများရမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ပြည်တွင်း အထည်ချုပ်စက်ရုံတစ်ခု
လက်ရှိတွင် မြန်မာနိုင်ငံမှ လူအများအပြား ပြည်ပနိုင်ငံသို့ ထွက်ခွာကြရာ၌ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ယူအေအီး အစရှိသည့် နိုင်ငံများသို့ အဓိကအများဆုံး ထွက်ခွာကြပြီး အနောက် နိုင်ငံများသို့လည်း ထွက်ခွာနေကြသည်။
သို့သော် လက်ရှိတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများအား ပိတ်ထားဆဲဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင်ခိုးထွက်မှု များပြားလာနိုင်ပြီး ထိုသို့ တရားမဝင်ထွက်ခွာခြင်းကြောင့် နိုင်ငံတော် အတွက် အခွန်ဝင်ငွေမရရှိနိုင်သလို အခြားသော ဆုံးရှုံးမှုများလည်း ရှိကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက“တစ်ချက်ကတော့ နိုင်ငံတော်ရဲ့ အခွန်ဝင်ငွေနစ်နာတယ်။ လူသားအရင်းအမြစ်တွေ ပိုမိုပြီးတော့မှ ဆုံးရှုံး စေတယ်။ ခိုးသွားရမယ်ဆိုရင် အသက်မပြည့်တဲ့ အိမ်က သားသမီးတွေ ၁၅၊ ၁၆ အလုပ်လုပ်နိုင်တဲ့ သားသမီး တွေကိုပဲ ကယ်ရီနဲ့ လူပွဲစားနဲ့ ခိုးထွက်အောင် ခေါ်သွားလို့ရပြီ။ နိုင်ငံကူးလက်မှတ် လုပ်စရာမလိုတော့ဘူး။ နိုင်ငံကူးလက်မှတ်ကို ပိတ်ထားတယ်ဆိုကတည်းက ပြည်တွင်းထဲမှာရှိတဲ့လူကို ပြည်ပမထွက်အောင် ထိန်းချုပ် ထားတာပဲ မဟုတ်ဘူး။ ပိုမိုပြီးတော့မှ လွယ်ကူစွာထွက်နိုင်အောင် လမ်းကြောင်း ဖွင့်ပေးလိုက်သလို ဖြစ်သွား တယ်”ဟု ပြောသည်။
လက်ရှိတွင် ပြည်ပနိုင်ငံများသို့ ထွက်ခွာကြသူများထဲတွင် အလုပ်လုပ်ကိုင်ရန်နှင့် ပညာသင်ရန် သွားရောက်ကြသူ အများစုဖြစ်ပြီး အခြေခံ အလုပ်အကိုင်များ လုပ်ကိုင်ရန် သွားရောက်ကြသူဦးရေမှာ ပိုမိုများပြားကြောင်း၊ ပညာရှင် အဆင့် အလုပ်အကိုင်များ လုပ်ကိုင်ရန်အတွက် သွားရောက်ကြသူဦးရေမှာ အတန်အသင့် ရှိကြောင်း ပြည်ပနိုင်ငံ များတွင် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 766
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့ရှိ သုခိတာရာမ ကျောင်းတိုက်၌ သီလရှင်ကြီးများ၏ ညှင်းပန်းနှိပ်စက် ခံရသည့် တအာင်းကလေးငယ်များအတွက် နစ်နာကြေးအပြင် အရေးယူမှုပါ လုပ်ဆောင်သင့်ကြောင်း လူအခွင့်အရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
သုခိတာရာမကျောင်းတိုက်သို့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ဆေးကုသမှု ခံယူနေရသည့် ကလေးများ အတွက် နစ်နာကြေး စရိတ်ပေးရန် သဘောတူထားသော်လည်း ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်း ဆိုင်ရာထိခိုက်မှုအတွက် အရေးယူမှုပါ ဆောင်ရွက်သင့်ကြောင်း တအောင်းအမျိုးသမီး အဖွဲ့အစည်း (TWO)မှ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက CNI သတင်းဌာနသို့ ပြောသည်။
လွေးချီဆငါးက “ကျမတို့ အဖွဲ့အစည်း အနေနဲ့ဆိုရင် ပြောရမယ်ဆိုရင် ဒီလိုမျိုး နစ်နာကြေးဆိုတာထက် ကလေး တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဘယ်လောက်အထိ ထိခိုက်နာကျင်နေတာလဲဆိုတဲ့ အပေါ်မှာလည်း အများကြီး မူတည် တယ်။ ကျမတို့ သိရသလောက်ဆိုရင် တချို့ကလေးတွေဆို လုံးဝကို အသက် အန္တရာယ်အထိတောင်မှ စိုးရိမ်ရတဲ့ အနေအထားဖြစ်တဲ့ အခါကျတော့ နစ်နာကြေး ဒီလောက်နဲ့ပဲ ဆိုရင်တော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ နစ်နာကြေး လည်း ပေးရမယ်၊ တခြားအရေးယူ ဆောင်ရွက်မှုတွေလည်း လုပ်သင့်တယ်လို့တော့ မြင်တယ်။ ဒီဟာသည် ဘာသာရေးအရ ပြန်ကြည့်မယ်ဆိုရင်လည်း သာသနာရေးရာပုံစံမျိုး ဖြစ်တယ်။ ပြောရမယ်ဆိုရင် ကလေးတွေကို ခုတုံးလုပ်ပြီးမှ ဒီလိုနှိပ်စက်တဲ့ပုံစံမျိုး ဒါလုံးဝ မဖြစ်သင့်ဘူး။ နောက်ပိုင်းကျရင်လည်း ဒီလိုမျိုး ဖြစ်စဉ်မျိုး ထပ်မဖြစ် ရလေအောင် ဒီအပေါ်မှာတော့ တစ်စုံတစ်ရာ တစ်ခုခုတော့ လုပ်သင့်တယ်လို့ မြင်တယ်။ သို့ပေမယ့်လည်း မိဘနဲ့ ကလေးအပေါ်မှာလည်း အသေးစိတ် မသိရသေးတဲ့ အခါကျတော့ ဒီလောက်နဲ့ပဲ ပေးတဲ့ နစ်နာကြေးနဲ့ပဲ အဆင်ပြေ လား။ ဒါမှမဟုတ် တခြား ဆောင်ရွက်ချက်တွေ လုပ်သင့်လားဆိုတဲ့ ဟာကြတော့ ပြန်လည်ညှိနှိုင်းဖို့ လိုအပ်တယ် လို့ မြင်တယ်” ဟု ပြောသည်။
နှိပ်စက်ခံထားရတဲ့ ဒဏ်ကြောင့် လမ်မလျှောက်နိုင်သလို စကားပါမပြောနိုင်တော့တဲ့ လွေးမြအောင် (ရွှေဖီမြေ)
မိဘများမှ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့ရှိ သုခိတာရာမ ကျောင်းတိုက်တွင် ပညာသင်ကြားရန် အတွက် ကျောက်မဲမြို့နယ် ခုံငင်းနှင့် ကျောင်းခမ်းကျေးရွာမှ ကလေးငယ် ၁၆ ဦးအား ဆရာလေးအဖြစ် ခံယူစေကာ ၂၀၂၂ ခုနှစ်၊ ဧပြီလ၌ ပို့ဆောင်ခဲ့သည်။
သို့သော် သီလရှင်ကြီးများ၏ အမျိုးမျိုးသော ညှင်းပန်းနှိပ်စက်မှုများကြောင့် ဒဏ်ရာများ ရရှိထားကြသည့် တအာင်း ဆရာလေး ငါးပါးအား ကျောက်မဲမြို့သို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြန်လာပို့ထားခဲ့သည်။
ထိုထဲတွင် အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိထားသဖြင့် ကျောက်မဲပြည်သူ့ ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း သိရသည်။
ယခုကဲ့သို့ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရန် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သံဃာ့နာယကအဖွဲ့များမှ ဆရာတော်များက ကလေးသူငယ် အခွင့်အရေးနှင့်ပတ်သက်၍ ကျောင်းတိုက်များတွင် အဓိကအလေးထား ညွှန်ကြားသင့်ကြောင်း အမျိုးသမီးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
နိုင်လွန်ကြိုးနဲ့ ကြိုးတုတ်ခံရတဲ့ ပုံစံကို ကာယကံရှင် လွေးဝင်းဝင်းခိုင်က ပြန်ပြောပြနေစဉ် (ရွှေဖီမြေ)
ဒေါက်တာညိုညိုသင်းက “တချို့သော ကျောင်းတွေမှာက မိဘတွေကိုယ်က မြန်မာ့ရိုးရာ ထုံးတမ်း အစဉ်အလာက သားသမီးကို ရိုက်နှက်ပြီး ဆုံးမဖို့အတွက်ကို ဘုန်းကြီးတွေကို အပ်နှံကြတာ ရှိတယ်လေ။ ဒီဟာက ယဉ်ကျေးမှု တစ်ရပ်အနေနဲ့ ရှိနေတာပေါ့။ သို့သော်လည်း ယဉ်ကျေးမှုကလည်း အတိုင်းအတာ အကန့်အသတ် တစ်ခုအထိပဲ လက်ခံလို့ ရမှာပေါ့နော်။ ဘယ်ယဉ်ကျေးမှုမှမဆို လွန်လွန်ကြူးကြူး ကိစ္စရပ်တွေ ဖြစ်တယ်ဆိုရင်တော့ ဒါဟာ အရေးယူရမယ့် ကိစ္စပဲပေါ့။ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းက လက်မခံနိုင်တဲ့ အဖြစ်မျိုးတွေ ဖြစ်လာတယ် ဆိုရင် တော့ ဘယ်လိုယဉ်ကျေးမှုကိုမဆို ပြောင်းသင့်ရင် ပြောင်းရမှာပေါ့။ သာသနာ့ဘောင် ဝင်သည်ဖြစ်စေ၊ မဝင်သည် ဖြစ်စေ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို သူတို့ ရရှိသင့်တယ်။ ကလေးသူငယ်တွေကို ခေါင်းပုံဖြတ် အမြတ် ထုတ်ပြီးတော့ စီးပွားရှာမှုတွေ ဘာတွေ လုပ်တာရှိတယ်ဆိုရင် ဒါ လူကုန်ကူးမှုတို့ ဘာတို့အထိတောင် အရေးယူခံရ နိုင်တယ်။ ဒါကြောင့်မို့လို့ သာသနာ့ဘောင် ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ကလေးသူငယ်ရဲ့ အခွင့်အရေးက သူ့အခွင့်အရေးက ရှိနေတာမို့လို့လေ ဒီလိုကလေးတွေက ဘယ်နေရာမှာမဆို သူတို့ရဲ့ အခြေခံအခွင့်အရေးလေး တွေကို ရသင့်ရထိုက်တယ်လို့ ပြောချင်တယ်” ဟု ပြောသည်။
အဆိုပါ သုခိတာရာမ ကျောင်းတိုက်တွင် ကျန်ရှိနေသည့် သီလရှင်တစ်ဦး၏ ဖခင်ဖြစ်သူက ၎င်း၏ သမီးဖြစ်သူမှာ ကျောင်းတိုက်တွင် ပျော်ကြောင်းနှင့် လာမခေါ်ခိုင်းကြောင်း ဖုန်းဆက်ပြောလာသည်ဟု ရွှေဖီမြေ သတင်းဌာနတွင် ဖြေဆိုထားသည်။
ရိုက်နှက်ခံထားရပြီး တစ်ကိုယ်လုံး ဒဏ်ရာတွေ ပြည့်နှက်နေ့တဲ့ လွေးနွမ်းခမ်း(ရွှေဖီမြေ)
သို့သော် ထိုသို့ ပြောခြင်းကလည်း သီလရှင်ကြီးများမှ အတင်း ပြောဆိုခိုင်းခြင်း ဖြစ်နိုင်ကြောင်းနှင့် ပြန်ပို့ထား သည့် သီလရှင်များအား မြင်တွေ့ရသဖြင့်် သမီးဖြစ်သူကို စိတ်ပူပြီး ပြန်ခေါ်ချင်ပြီဖြစ်ကြောင်း ၎င်းက ပြောထား သည်။
လက်ရှိတွင် သုခိတာရာမ ကျောင်းတိုက်သို့ တအာင်းသံဃာတော်များအဖွဲ့ (ရန်ကုန်)၊ တအာင်းစာပေနှင့် ယဥ်ကျေးမှု၊ သီလရှင်အဖွဲ့ဝင်၊ သံဃာ့နာယကနှင့် ရပ်ကွက်တာဝန်ရှိသူများက သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ ကြခြင်း ဖြစ်သည်။
ထိုသို့ ဆွေးနွေးခဲ့ရာတွင် ကျောင်းတိုက်၌ ကျန်နေသည့် တအာင်းကလေးငယ်များအား ကျောင်းထိုင် ဆရာလေး များမှ ကိုယ်တိုင် လာရောက် ပို့ဆောင်ပေးမည့် အကြောင်းနှင့် ကျောက်မဲမြို့သို့ ရောက်ရှိသွားသည့် ကလေးငယ် များအတွက် ဆေးကုသစရိတ်များပါပေးရန် သဘောတူထားကြောင်း သိရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 543
CNI International News
ကိယတ်ဗ်၊ ဖေဖော်ဝါရီ ၁၅
ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲ၏ ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိနေသော ယူကရိန်းစစ်သား ဗစ်တာလီ ခရိုနွတ် (Vitalii Khroniuk) အပါအဝင် ယူကရိန်းစစ်သားအချို့သည် သုတ်ရေခဲ၍ အနာဂတ်မျိုးဆက်ဖန်တီးရေး လုပ် ဆောင်နေကြကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
ယူကရိန်းစစ်သား ဗစ်တာလီ ခရိုနွတ်သည် ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိနေခြင်းနှင့်အတူ ကလေးမယူခဲ့ခြင်း အပေါ် နောင်တရနေကြောင်း သိရသည်။ ထို့ကြောင့် ကလေးရယူနိုင်ရန်အတွက် သုတ်ရေခဲ၍ မျိုးဆက်ဖန်တီး ရေး ကြိုးပမ်းနေခြင်း ဖြစ်သည်။
စစ်မြေပြင်တွင် အချိန်မရွေး အသက်ဆုံးရှုံး ရနိုင်သည်ကို သဘောပေါက်ထားခြင်းကြောင့် အသက် ၂၉ နှစ်အရွယ် ခရိုနွတ်သည် cryopreservation ဟုသည့် သုတ်ရေ သို့မဟုတ် မမျိုးဥကို ခဲထားသည့် လုပ်ငန်းစဉ်ကို ကြိုးစား ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
ဒေါက်တာ ဟာလီနာ စတယ်ကိုအား တွေ့ရစဉ်(GETTY IMAGE)
ခရိုနွတ် နည်းတူ တခြားသော ယူကရိန်းစစ်သားများသည်လည်း ၎င်းတို့၏ မသေချာ မရေရာသော အခြေအနေ ကြောင့် cryopreservation နည်းလမ်းကို အသုံးပြုရန် စဉ်းစားလာ ကြသည်။
သေမှာကို မကြောက်ကြောင်း၊ သို့သော် မျိုးဆက် မကျန်ခဲ့မည်ကို ကြောက်ကြောင်း ခရိုနွတ်က ပြောသည်။
၎င်းသည် ရုရှားဘက်က ယူကရိန်းကို ကျူးကျော်မှု လုပ်ဆောင်ခဲ့ပြီးနောက် အနာဂတ်အတွက် စဉ်းစားမှုပင် မလုပ်ဆောင်ခဲ့ဘဲ စစ်ထဲသို့ လိုက်ခဲ့သူ ဖြစ်သည်။
ခရိုနွတ် လုံးဝပြန်မလာနိုင်တော့သည့် အခြေအနေရှိနေခြင်းကို လက်ခံရန် နာကျင်ခဲ့ရသည်ဟု လက်တွဲဖော် အသက် ၂၄ နှစ်အရွယ် အန်နာ ဆိုကူရန်ကို (Anna Sokurenko) ကပြောသည်။
ယူကရိန်းစစ်သား ခရိုနွတ်နဲ့ ဇနီး အန်နာ ဆိုကူရန်ကိုအား တွေ့ရစဉ်(AP)
ဇန်နဝါရီလ အိမ်သို့ အလည်အပတ် ပြန်လည် ရောက်ရှိလာစဉ် ခရိုနွတ်နှင့် သူ၏လက်တွဲဖော်တို့သည် မြို့တော် ကိယတ်ဗ်ရှိ IVMED ပုဂ္ဂလိက ဆေးခန်းသို့ သွားရောက်ခဲ့သည်။
IVMED သည် စစ်သားများအတွက် သုတ်ရေခဲခြင်းကို ၅၅ ဒေါ်လာဖြင့် ဆောင်ရွက်ပေးနေသည့် ဆေးခန်းဖြစ် သည်။ စစ်ဖြစ်ချိန်မှစ၍ ဆေးခန်းသို့ ရောက်ရှိလာသည့် စစ်သားအရေအတွက် ၁၀၀ နီးပါးရှိပြီဟု ဆရာဝန် ဖြစ်သူ ဒေါက်တာ ဟာလီနာ စတယ်ကို (Halyna Strelko) ကပြောသည်။
လက်ရှိ ယူကရိန်းတွင် ကိုယ်ဝန်ရရှိရေးအတွက် ကူညီပေးသော ဝန်ဆောင်မှုများသည် ဒေါ်လာ ၈၀၀ မှ ၃၅၀၀ အထိ ဈေးရှိနေသည်။ စတယ်ကို၏ IVMED က စစ်သားများအတွက် အထူးနှုန်းထားဖြင့် ဆောင်ရွက် ပေးနေခြင်း ဖြစ်သည်။
Source: AP
- By CNI
- Category: လူမှုဘဝ
- Hits: 573
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိတို့၏အချက်အလက်များ အသုံးပြု၍ ဖွင့်ထားသော ဘဏ်အကောင့်များအား အခြားသူထံ ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် အထူးသတိထားရန် ထိုင်းရှိ အလုပ်သမား အရေးဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
မိမိတို့၏ ဘဏ်အကောင့်အား အခြားသူမှ ဝယ်ယူရန် ကမ်းလှမ်းသည့်အခါတွင် ရောင်းချလိုက်ပါက ထို အလုပ်သမားတစ်ယောက်၏ သတ်မှတ်လုပ်ခလစာထက် ပိုမို၍ ငွေအဝင်၊ အထွက် များပြားနေသည်ကို တွေ့ရှိ ရလျှင် ဖမ်းဆီးခေါ်ယူကာ စစ်ဆေးမေးမြန်းခြင်း ခံရနိုင်ကြောင်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “အဓိကကတော့ ဒီအလုပ်သမားရဲ့ ဘဏ် အကောင့်ကို လုပ်ငန်းရှင်တွေက ငွေမည်းအဖြစ် အသုံးချပြီးတော့မှ ငွေ အပြောင်းအလွှဲလုပ်တာမျိုး မလုပ်ရင် တော့ ပြဿနာမရှိဘူး။ ကိုယ့်ရဲ့ ဘဏ်အကောင့်ကို တခြားလုပ်ငန်းရှင်ကနေ သုံးပြီးတော့မှ ငွေ အပြောင်းအလွှဲ လုပ်တဲ့နေရာမှာ ငွေဖြူ၊ ငွေမည်းတွေ ပါလာနိုင်တယ်ဆိုရင်တော့ ဥပဒေက ပေးတဲ့အပြစ်ကို ခံရမယ်။ ဒီ ဘဏ် အကောင့်ဖွင့်ထားတဲ့ အလုပ်သမားက ဘဏ်ပိတ်ခြင်းခံရသလို ခေါ်ယူစစ်ဆေးခြင်းတွေ ခံရမှာပေါ့။ တကယ်တမ်း ကျရင် ဥပဒေက ဘယ်သူ့ကိုမှ နားမလည်ဘူးဆိုတာကို ကျနော်တို့မြန်မာတွေသိထားဖို့ လိုအပ်တယ်။ ပတ်စပို့ ကိုပါ black list လုပ်နိုင်တယ်။ တကယ်လို့ အဲဒီ ဘဏ်အကောင့်ထဲမှာ ငွေမည်းဝင်လာမယ်၊ သတ်မှတ်ထားတဲ့ နှုန်းထားထက် ငွေ amount ပိုမို ဝင်လာမယ်ဆိုရင် အဲဒီအလုပ်သမားဟာ ပတ်စပို့ကိုပါ black list လုပ်ခြင်း ခံရမယ်။ ကိုယ်ရောင်းလိုက်တဲ့အကောင့်မှာ ကိုယ့်နာမည်ရှိနေမှာပဲ။ ပြီးတော့ အင်မတန်ပဲ အန္တရာယ်ကြီးတယ် ငွေမည်းဝင်လာရင်” ဟု ပြောသည်။
ထိုင်းငွေကြေး
ထိုင်းနိုင်ငံမှ ချမှတ်ထားသည့် ဥပဒေများအရ ယခုကဲ့သို့ မိမိ၏ဘဏ်အကောင့်အား အခြားသူသို့ ရောင်းချခြင်းအား ခွင့်မပြုထားသော်လည်း နားလည်မှုအရ အချင်းချင်း အရောင်းအဝယ် ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ၎င်းတို့၏ ဘဏ်အကောင့်အား ရောင်းချရာတွင် ဘတ်ငွေ ၁၅၀၀ မှ စတင်ကာ တစ်သောင်းဝန်းကျင် နှစ်သောင်းခန့်အထိ ဈေးရရှိကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ထိုသို့ ဘဏ်အကောင့်ရောင်းချလိုက်သည့် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသည် ၎င်း၏ ဘဏ်အကောင့်မှ ငွေအဝင်၊ အထွက် ပမာဏများပြားကာ ငွေလွှဲပြောင်းမှုများ မြန်ဆန်သည့်အတွက် ဖမ်းဆီး ထိန်းသိမ်းခံထားရသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အထူးသဖြင့်ဆိုရင်တော့ သုံးသိန်း(ဘတ်ငွေ)နဲ့ အထက်ဆိုရင်တော့ လိုက်ပြီ။ တစ်သိန်းဆိုရင်တောင်မှပဲ ဒီလူရဲ့ အချက်အလက်ကို လှမ်းပြီးတော့ တောင်းလို့ရတယ်။ အကုန်လုံး ဘဏ်တွေမှာ စာရင်းရှိပြီးသားပဲ။ အဲဒီတော့ ဒီဘဏ်တွေနဲ့ အာဏာပိုင်တွေနဲ့က အာဏာပိုင်တွေက လှမ်းစစ်တာနဲ့ ဒီအချက်အလက်ကို ဘဏ်တွေက မပေးလို့ မရဘူး ပေးရတယ်။ တကယ့်တကယ်ကတော့ အကောင့်ဆိုတာ ရောင်းခွင့်မရှိဘူး။ ရောင်းလို့လည်း မရဘူး။ သူ့အကောင့်နဲ့သူ ဖွင့်ထားတာ။ ကိုယ့်မောင်နှမချင်း ဒါမှမဟုတ်ရင် သူငယ်ချင်းအချင်းချင်းဆိုရင် အကောင့် ဖွင့်ပေးထားပြီးတော့ သူ့ကိုပေးထားတယ်ပေါ့။ ဒါပေမယ့် အဲဒီမှာ ပြဿနာတက်ပြီဆိုရင် အကောင့်ဖွင့်ထားတဲ့ သူက ပြဿနာတက်ပြီ။ ဘာလို့ဆို ကိုယ့်နာမည်ကြီးနဲ့ဖြစ်နေတာ။ ကိုယ့်ရဲ့ အထောက်အထားတွေနဲ့လေ”ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့က အလုပ်အကိုင်များမရရှိသည့်အတွက် အလုပ်သမားများ ဆန္ဒပြနေကြစဉ်
ရွှေ့ပြောင်းလုပ်သားတစ်ဦးအနေဖြင့် ဘဏ်အကောင့်ဖွင့်ရာတွင် တရားဝင် အထောက်အထားစာရွက်စာတမ်းများ ရှိမှသာ ဖွင့်လှစ်ရန် လွယ်ကူသည်။
ထို့ကြောင့် အထောက်အထားမရှိသည့် မိမိ၏ ဆွေမျိုးမိတ်ဆွေများအတွက် ဖွင့်ပေးမည်ဆိုပါက ပြဿနာ မရှိသော်လည်း ထိုသူမှ သတ်မှတ်ငွေပမာဏထက် အလွှဲအပြောင်းများပြားနေပါက ပြဿနာရှိကြောင်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိကိုယ်ပိုင် ဘဏ်အကောင့်အား နှစ်ခုထက်ပို၍ အများအပြား မဖွင့်ကြရန်နှင့် အခြားသူများသို့ မိမိဘဏ်အကောင့်အား အသုံးပြုခိုင်းမည်ဆိုပါကလည်း အထူးသတိထားကြရန် ၎င်းတို့က အကြံပြုသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 517
CNI International News
ဘန်ကောက်၊ဖေဖော်ဝါရီ ၉
ဘတ်ငွေ ၃၆ သန်းတန် ချက်လက်မှတ်များကို လိမ်လည်ရယူမှုဖြင့် ဘန်ကောက်မြို့ ရတ်ချာသီဝီ (Ratchathewi) ခရိုင်မှ ဘဏ်ဝန်ထမ်းဟောင်း တစ်ဦးနှင့် သူမ၏ ခင်ပွန်းဖြစ်သူတို့ကို ဖမ်းဆီးခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်း တွင် ဖော်ပြထားသည်။
စီးပွားရေးဆိုင်ရာ ရာဇဝတ်မှု နှိမ်နင်းရေးဌာနခွဲ (ECD)မှ ရဲတပ်ဖွဲ့ဝင်များသည် ဗုဒ္ဓဟူးနေ့တွင် ဒင်းဒိုင်း (Din Daeng) လမ်းမှ ကွန်ဒိုတစ်ခုကို ဝင်ရောက်စီးနင်းကာ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်။
အသက် ၃၃ နှစ်အရွယ် လာတာ (Lata) ဟုသာ ဖော်ပြထားသော အမျိုးသမီးတစ်ဦးကို ခိုးယူမှုကျူးလွန်ခြင်း၊ ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခု၏ ဝန်ထမ်းတစ်ဦးအနေဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးအမြတ် တရားမဝင် ရယူ ခြင်းတို့ဖြင့် ဖမ်းဆီးခဲ့သည်။
သူမ၏ ခင်ပွန်းဖြစ်သူ အသက် ၃၆ နှစ်အရွယ် ဖာရန်ယု (Pharanyu) ကိုလည်း ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့သည်ဟု ECD အရာရှိတစ်ဦးက ပြောသည်။ ဖမ်းဆီးထားသော သံသယရှိသူ နှစ်ဦး၏ မိသားစု နာမည်များနှင့် အလုပ်လုပ်ခဲ့သော ဘဏ်နာမည်များကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
ယခုဖြစ်စဉ်သည် ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုမှ ကိုယ်စားလှယ်များက လာတာ(လူနာမည်) အလုပ်လုပ်သော ဘဏ်ကို ချေးငွေ ပြန်ပေးရန်အတွက် စုစုပေါင်း ဘတ် ၃၆ ဒသမ ၂ သန်းတန်ကြေးရှိ ချက်လက်မှတ်များကို အပ်နှံ ခဲ့ချိန်တွင် စတင်ခဲ့သည်။
ဘဏ်ကနေ ငွေလိမ်ထုတ်မှုဖြင့် ဖမ်းခံရတဲ့ ဇနီးမောင်နှံနှစ်ဦးကိုတွေ့ရစဉ်
ထိုငွေများသည် ဘဏ်သို့ ဝင်ရောက်လာခဲ့ခြင်း မရှိခဲ့ဘဲ အတွင်းပိုင် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာတွင် ငွေများသည် လာတာ၏ ခင်ပွန်းဖြစ်သူ အကောင့်တွင်းသို့ ရောက်ရှိသွားသည်ကို တွေ့ခဲ့ရသည်။ ယင်းကြောင့် ECD ကို တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
စစ်ဆေး မေးမြန်းမှုများအတွင်း သံသယရှိသူများက စွပ်စွဲချက်များ အားလုံးကို ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ၎င်းတို့ အား နောက်ထပ် တရားစီရင်မှုများ လုပ်ဆောင်ရန် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးသူများထံ လွဲပြောင်းပေးခဲ့ပြီလည်း ဖြစ်သည်။
သံသယရှိသူ တစ်ဦးသည် ဘဏ်လုပ်ငန်းများ မည်သို့ လုပ်ဆောင်လည်ပတ်သည်ကို ကောင်းစွာ သဘောပေါက် ထားကြောင်းနှင့် ချက်လက်မှတ် ရှင်းလင်းရေးစနစ်၏ ယိုပေါက်ကို အသုံးချကာ ငွေများကို ရယူသွားခဲ့ကြောင်း ECD ၏ ညွှန်ကြားရေးမှူးက ပြောသည်။
ရဲတပ်ဖွဲ့သည် ထိုစုံတွဲနှင့် ပတ်သက်သည့် သက်သေ အထောက်အထားများအားလုံးကို ရရှိထားပြီးလည်း ဖြစ် သည်။
Source: ဘန်ကောက်ပို့စ်