- By CNI
- Category: နိုင်ငံရေး
- Hits: 230
CNI International News
ဘီလမ်၊ နိုဝင်ဘာ ၁၇
ဘရာဇီးလ်နိုင်ငံ၊ ဘီလမ် (Belem) မြို့တွင် ကုလသမဂ္ဂ၏ COP30 ရာသီဥတုညီလာခံ ကျင်းပနေချိန်တွင် ထောင်နှင့်ချီသည့် ဆန္ဒပြသူများက ထိုမြို့တွင် လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြကြောင်း DW သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထိုဆန္ဒပြမှုကို "ကြီးမားသည့် လူထုချီတက်ပွဲ" (Great People's March) ဟု ဆန္ဒပြပွဲ စီစဉ်သူများက အမည် ပေးထားသည်။
ယခုသီတင်းပတ် အစောပိုင်းက COP30 ညီလာခံကို အနှောင့်အယှက် ဖြစ်စေခဲ့သည့် တိုင်းရင်းသားများ ဦးဆောင်သော ဆန္ဒပြမှု ၂ ခု ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ လူအများအပြား ပါဝင်သည့် ချီတက်ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၅ ရက်က ဆန္ဒပြသူများသည် မြို့အတွင်း ၄ ဒသမ ၅ ကီလိုမီတာ (၂ ဒသမ ၈) မိုင်ကို ချီတက်ဆန္ဒပြခဲ့ ကြသည်။
သဘာာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများနှင့်အတူ တိုင်းရင်းသားများကလည်း ပူးပေါင်းပါဝင်ကာ လက်ကိုင် ပိုစတာများကို ကိုင်မြှောက်ပြီး ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

ဘရာဇီးလ်မှာ ဆန္ဒပြနေကြစဉ်
ကုလသမဂ္ဂ၏ နှစ်စဉ် ကျင်းပနေကျ ရာသီဥတုညီလာခံတွင် ယခုကဲ့သို့ လူအများအပြား ပါဝင်သည့် ဆန္ဒပြမှုသည် လွန်ခဲ့သည့် ၄ နှစ်က ဂလက်စ်ဂေါ (Glasgow) မြို့တွင် ပြုလုပ်ခဲ့သော COP26 ညီလာခံ၌ နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းသဖြင့် ယခုအကြိမ် ဆန္ဒပြမှုသည် ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကုလရာသီဥတု ညီလာခံ တွင် လူအများအပြား ပါဝင်သည့် ဆန္ဒပြမှုဖြစ်သည်။
ယခုနှစ် မတိုင်မီ နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ရာသီဥတုညီလာခံ ၃ ခုကို အီဂျစ်၊ ဒူဘိုင်းနှင့် အဇာဘိုင်ဂျန်နိုင်ငံ များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုနိုင်ငံများ၌ ညီလာခံ ကာလအတွင်း ဆန္ဒပြမှုများကို တင်းကျပ်စွာ တားမြစ်ထား ခဲ့သည်။
COP30 ညီလာခံကို ဘီလင်မြို့တွင် နိုဝင်ဘာ ၂၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများကမူ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုနှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရာ၌ တိုးတက်မှုအချို့ ရှိလာလိမ့်မည်ဟု မျှော်လင့်နေကြသည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 279
CNI International News
ဘီလမ်၊ နိုဝင်ဘာ ၁၃
ဘရာဇီးလ်နိုင်ငံတွင် ပြုလုပ်နေသည့် ကုလသမဂ္ဂ၏ ရာသီဥတုညီလာခံ COP30 ကျင်းပသော အဆောက်အအုံ အနီး၌ နိုဝင်ဘာ ၁၁ ရက်က ဌာနေတိုင်းရင်းသားများနှင့် ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူများက စုရုံးဆန္ဒပြခဲ့ ကြရာ ရဲတပ်ဖွဲ့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ယခုနှစ် ဘရာဇီးလ်နိုင်ငံ၏ အမေဇုန် သစ်တောမြို့ဖြစ်သည့် ဘီလမ် (Belem) မြို့တွင် ပြုလုပ်ခဲ့သော COP30 ညီလာခံသို့ ကမ္ဘာတစ်ဝန်းမှ ထောင်နှင့်ချီသည့် ကိုယ်စားလှယ်များ ရောက်ရှိနေချိန်၌ ဆန္ဒပြသူများနှင့် လုံခြုံရေး အရာရှိများကြား ထိပ်တိုက် တွေ့ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူ အချို့က အလံများကို ဝှေ့ယမ်းပြီး ဆောင်ပုဒ်များကို ဟစ်ကြွေးခဲ့ကြကာ အချို့ကလည်း မြေနှင့် ပတ်သက်သည့် အခွင့်အရေးကို တောင်းဆိုသော ကြွေးကြော်သံများကို အော်ဟစ်ခဲ့သည်။
ထို့နောက် “ငါတို့မြေသည် ရောင်းရန်မဟုတ်” ဆိုသည့် စာသားများ ရေးသားထားသော ပိုစတာများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

ဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့ ခိုက်ရန်ဖြစ်နေကြစဉ်
“ငွေစက္ကူကို စားလို့မရပါဘူး။ ကျနော်တို့ မြေတွေပေါ်မှာ အမြတ်ကြီးစား လယ်ယာလုပ်ငန်းတွေ၊ ရေနံတူးဖော်မှု တွေ၊ တရားမဝင် သတ္တုတွင်း တူးဖော်မှုတွေနဲ့ သစ်ပင်တွေ ခုတ်ပြီး မှောင်ခိုရောင်းတဲ့ သူမျိုးတွေ မရှိစေချင်ပါဘူး” ဟု ဘရာဇီးလ်၏ တာပါဂျို့စ် မြစ် (Tapajos River)၏ မြစ်အောက်ဘက်ပိုင်းရှိ Tupinamba လူမျိုးစု၏ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဂီလ်မာ (Gilmar) က ပြောကြားခဲ့သည်။
ထို့ပြင် ကုလသမဂ္ဂ၏ ရာသီဥတု ညီလာခံကို တိုင်းရင်းသား ခေါင်းဆောင်များ မပါဝင်ဘဲ ပြုလုပ်မှုကိုလည်း ဆန္ဒ ပြသူများက ဆန့်ကျင်ခဲ့ကြသည်။
“ကျနော်တို့ မပါဘဲနဲ့ ကျနော်တို့ရဲ့ အနာဂတ်ကို သူတို့ ဆုံးဖြတ်လို့ မရနိုင်ပါဘူး” ဟု လူငယ်ဆန္ဒပြ အဖွဲ့ဖြစ်သည့် Global Youth Coalition မှ အော်ဂတ်စတင်း အိုကာနာ (Agustin Ocana) က ပြောကြားခဲ့သည်။
ခိုက်ရန် ဖြစ်ပွားမှုများကြောင့် ဆန္ဒပြသူ အချို့နှင့် လုံခြုံရေး အရာရှိအချို့ ဒဏ်ရာများ ရရှိခဲ့သည်ဟုလည်း ဒေသခံ မီဒီယာများတွင် ဖော်ပြခဲ့သည်။
နိုဝင်ဘာ ၁၁ ရက် အစောပိုင်းကလည်း ဘရာဇီးလ်၏ ထင်ရှားသည့် တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ရာအိုနီ မက်တွတ်တိုင်ရာ (Raoni Metuktire) က အမေဇုန် သစ်တောအတွင်း အခြေခံ အဆောက်အအုံများ တည်ဆောက်မည့် စီမံကိန်းများကို တိုင်းရင်းသား အဖွဲ့အစည်းများက စိတ်ပျက်နေကြောင်း ပြောကြားခဲ့သည်။
အမေဇုန် သစ်တောအတွင်း အဝေးပြေးလမ်းများ၊ ရထားလမ်း စီမံကိန်းများ၊ ရေနံတွင်းများ တူးမည့် အစီအစဉ် များသည် ကမ္ဘာတစ်ဝန်းရှိ လူများကို ထိခိုက်စေလိမ့်မည်ဟု ၎င်းက သတိပေးခဲ့သည်။
“အဲဒီ စီမံကိန်းတွေက မြစ်တွေနဲ့ မြေတွေကို ပျက်စီးစေပါလိမ့်မယ်။ သူတို့ ဆက်လုပ်မယ်ဆိုရင် ကျနော်တို့ အတွက်ရော ခင်ဗျားတို့ အတွက်ပါ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရပါလိမ့်မယ်” ဟု ရာအိုနီက ပြောကြား ခဲ့သည်။
Source: DW
- By CNI
- Category: ရာသီဉတု
- Hits: 1265
CNI International News
နယူးဒေလီ၊ နိုဝင်ဘာ ၁၂
အိန္ဒိယနိုင်ငံ၊ နယူးဒေလီ (New Delhi) မြို့တော်တွင် လေထုညစ်ညမ်းမှုများ ဆိုးရွားလာပြီး အများပြည်သူအတွက် ကျန်းမာရေး အကျပ်အတည်းတစ်ခု ဖြစ်လာမှုနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၉ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြထားသည်။
ထို့နောက် အိန္ဒိယအစိုးရ အနေဖြင့် ထိုလေထုညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းပေးရန် ဆန္ဒပြသူများက တောင်းဆို ခဲ့ကြသည်။
အိန္ဒိယ၏ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ကမူ နယူးဒေလီမြို့တော်ရှိ အထင်ကရ India Gate အဆောက်အအုံ တွင် ဆန္ဒပြမှုများ ပြုလုပ်ခွင့်မရှိကြောင်း ပြောကြားခဲ့ပြီး ဆန္ဒပြသူများကို လူစုခွဲကာ အချို့အား ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။
အိန္ဒိယ၏ အတိုက်အခံပါတီဖြစ်သည့် INC ပါတီခေါင်းဆောင် ရာဟူး ဂန္ဒီ (Rahul Gandhi) ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီးထိန်းသိမ်းမှုအား အခြား အတိုက်အခံ ခေါင်းဆောင်များက ဝေဖန်ခဲ့ပြီး လေထုကို သန့်ရှင်းစေရန် တောင်းဆိုမှုသည် အခြေခံ လူ့အခွင့်အရေးဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

လေထုညစ်ညမ်းမှု အိန္ဒိယမှာ ဆန္ဒပြနေစဉ်
နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက နယူးဒေလီမြို့တော်၏ လေထု အရည်အသွေး ညွှန်းကိန်းသည် ၃၄၄ တွင် ရှိနေပြီး ထိုကိန်းဂဏန်းအရ အလွန်ဆိုးရွားပြီး အသက်ရှူရန် အန္တရာယ်များသည့် အဆင့်အဖြစ် သတ်မှတ်ထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လေထုအရည်အသွေး သတ်မှတ်ချက်များအရ သိရသည်။
နိုဝင်ဘာ ၉ ရက်က နယူးဒေလီမြို့တော်၏ လေထု အရည်အသွေး ညွှန်းကိန်းသည် ၃၉၀ အထိ မြင့်တက်ခဲ့သည် ဟုလည်း India Today သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
လူပေါင်း သန်း ၃၀ ခန့် နေထိုင်သည့် နယူးဒေလီမြို့တော် ဒေသသည် ကမ္ဘာ့ လေထု အညစ်ညမ်းဆုံး မြို့များထဲ တွင် ထိပ်ဆုံးနေရာက ပါဝင်လေ့ရှိသည်။
ဆောင်းရာသီ ကာလများ မတိုင်မီ နယူးဒေလီမြို့တော်၏ လေထုညစ်ညမ်းမှုသည် ဆိုးရွားလေ့ရှိပြီး ဆောက်လုပ် ရေး လုပ်ငန်းများမှ ထွက်သည့် ဖုန်များ၊ မော်တော်ယာဉ်များမှ ထုတ်လွှတ်သည့် မီးခိုးငွေ့များ၊ စိုက်ခင်းများ မီးရှို့ရာ မှာ ထွက်လာသည့် မီးခိုးများသည် လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေခဲ့သည်။
ထိုကဲ့သို့ လေထု ညစ်ညမ်းမှုများကြောင့် နယူးဒေလီမြို့တော်တွင် နေထိုင်သူများသည် အဆုတ်နှင့် နှလုံးရောဂါ များ ခံစားရခြင်း၊ မျက်လုံးများနှင့် လည်ချောင်းများ ကျိန်းစပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြား ယားယံခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို ခံစားနေရသည်။
“တစ်နှစ်ပြီးတစ်နှစ် ဒီပြဿနာပဲ ကြုံနေရတယ်။ အဖြေကတော့ မရှိသေးဘူး။ ဒီပြဿနာကို အလေးအနက်ထား ဖြေရှင်းပေးဖို့ အစိုးရကို ဖိအားပေးရပါမယ်” ဟု ရှေ့နေတစ်ဦးဖြစ်သည့် တန်ဗီ ကူဆမ် (Tanvi Kusum) က ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: လူမှုဘဝ
- Hits: 690
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းနှင့် ချောက်မြို့နယ်တွင် မြို့နယ်အလိုက်၊ ရပ်ကွက်/ကျေးရွာ အလိုက် အိမ်တစ် အိမ်လျှင် သစ်ပင်တစ်ပင်နှုန်းဖြင့် နှစ်စဉ်စိုက်ပျိုးသွားမည်ဆိုပါက သဘာဝပတ်ဝန်းကျင် စိန်းလန်းစိုပြေမှုကို များစွာ အထောက်အကူပြုနိုင်မည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။
ချောင်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉ ရက် တွင် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့ ဆိုသည့် ဆောင်ပုဒ်အတိုင်း ချောက်ဒေသနှင့် ရေနံချောင်း ဒေသအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်း နေထိုင်သူများကလည်း မဖြစ်မနေ ပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက “ မြို့နယ်အလိုက်၊ ရပ်ကွက်၊ ကျေးရွာအလိုက် အိမ်တစ်အိမ်လျှင် သစ်ပင်တစ်ပင်နှုန်းဖြင့် နှစ်စဉ် စိုက်ပျိုး သွားမည်ဆိုပါက သစ်ပင်များ ထူထပ်များပြားလာပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုကို များစွာ အထောက် အကူပြုနိုင်မည်၊ ထိုသို့ သစ်ပင်များ စိုက်ပျိုးမှုကြောင့် အရိပ်အာဝါသများ ရရှိနိုင်မည်ဖြစ်ပြီး အပူဒဏ်ကို ထိုက်သင့် သလောက် လျှော့ချပေးနိုင်မည်၊ မိုးရာသီ မကုန်ဆုံးမီ ကာလအတွင်း ရပ်ကွက်အလိုက်၊ လမ်းအလိုက် သစ်ပင်များ ကို ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြစေလိုတယ်”ဟု ပြောသည်။
စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင် စီမံကိန်းများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့နောက် ကျေးရွာများ၌ တစ်ရွာလျှင် ထင်းစိုက်ခင်း ၂ ဧကစိုက်ပျိုးရန် သတ်မှတ်ထားပြီး ဆက်လက်တိုးချဲ့ စိုက်ပျိုးသွားကြရန်လိုကြောင်း ၎င်းက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 958
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၇
မြန်မာနိုင်ငံအတွင်းရှိ မြေရှားသတ္တုများကို တရုတ်ကုမ္ပဏီများက တူးဖော်နေခြင်းသည် ရေထုကို ညစ်ညမ်းစေ ကြောင်း ထိုင်းနိုင်ငံက ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
မြေရှားသတ္တုများသည် စမတ်ဖုန်းများမှ ဒုံးကျည်များအထိ ထုတ်လုပ်နိုင်သည့် နည်းပညာမြင့် လျှပ်စစ်ပစ္စည်း များတွင် ထည့်သွင်း အသုံးပြုရသော မရှိမဖြစ် ဒြပ်သတ္တု ၁၇ မျိုးဖြစ်သည်။
တရုတ်၏ မြေရှားသတ္တု ရရှိသည့် အရင်းအမြစ်သည် မြန်မာနိုင်ငံ နယ်စပ်ဒေသများရှိ ရှမ်းပြည်နယ်နှင့် ကချင် ပြည်နယ်များမှ ဖြစ်သည်။
ထိုပြည်နယ်များတွင် terbium(တာဘီယမ်)နှင့် dysprosium(ဒစ်ပရိုစီယမ်) သတ္တုများကဲ့သို့ မြေရှားသတ္တုများ ထွက်ရှိသည့် နေရာများဖြစ်ပြီး အထိန်းအကွပ်မဲ့ သတ္တုတူးဖော်မှုများ မြင့်တက်လာခဲ့သည်။

UWSA ထိန်းချုပ်နယ်မြေ မိုင်းပေါက်မှာ တရုတ်က တူးဖော်နေတဲ့ မြေရှားလုပ်ကွက်ကို တွေ့ရစဉ်
အထူးသဖြင့် ရှမ်းပြည်နယ်အတွင်းက “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသည့် နယ်မြေများမှာ မြေရှားသတ္တုတူးဖော်မှုများ ပျံ့နှံ့နေသည်။
အဆိုပါ နယ်မြေများတွင် မြေရှားသတ္တုတူးဖော်သည့် မိုင်းတွင်း အရေအတွက်သည် ၂၀၀၅ ခုနှစ်တွင် ၃ တွင်းသာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၂၆ တွင်းအထိ ရှိလာခဲ့သည်။
ထိုသတ္တုတွင်း တူးဖော်ရာတွင် အသုံးပြုသည့် နည်းစနစ်များသည် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ စီးဆင်းနေသည့် Kok (ကိုး) နှင့် Sai(စိုင်း)မြစ်များ အပါအဝင် အဓိက ရေအရင်းအမြစ်များအတွက် ဓာတုဗေဒ အညစ်အကြေးများဖြင့် ရေထုကို ညစ်ညမ်းစေခဲ့ကြောင်း ထိုင်းနိုင်ငံက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ပန်ဝါ(Pang Wa)၊ မံစီ(Manse)၊ မိုးမောက် (Momok) နှင့် လွယ်ဂျယ် (Loy Ja) မြို့များသည်လည်း မြေရှားသတ္တုတူးဖော်သည့် ဇုန်များ ဖြစ်လာခဲ့သည်။
ထိုနေရာများတွင် ၂၀၂၃ ခုနှစ်က မိုင်းတွင်း ၃၀၀ ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ် တပ်မတော်က အာဏာရယူပြီးနောက် သတ္တုထုတ်ဖော်မှုသည် ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ထိုနှစ် တစ်နှစ်တည်းမှာပင် တရုတ်က မြန်မာမှ မြေရှားသတ္တု တန်ချိန် ၄၁,၇၀၀ ကို ဝယ်ယူခဲ့သည်။
သတ္တုတွင်း အများစုကို တရုတ်က ငွေကြေး ထောက်ပံ့ထားသည့် လက်နက်ကိုင်အဖွဲ့များက တူးဖော်နေ ကြခြင်း ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး ထိခိုက်မှုတို့ကို ထည့်မတွက်ဘဲ တူးဖော်နေကြခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: ရာသီဉတု
- Hits: 1444
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅
သစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် နိုင်ငံတော်၏ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်သစ် များအတွက် အလွန်အရေးကြီးသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်က နေပြည်တော်မှာ ဒုတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲမှာ ၎င်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။
သစ်ပင်များသည် ကမ္ဘာမြေကြီးနှင့်လူသားများအတွက် များပြားလှသည့် အကျိုးကျေးဇူးများကို ပေးစွမ်းလျက်ရှိ သည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ သုတေသန ပညာရှင်များ လေ့လာမှုအရ သစ်ပင်များရှိသည့် စိမ်းလန်းစို ပြည်နေသည့် ပတ်ဝန်းကျင်တို့သည် စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေ နိုင်သည်ဟုဆိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
၎င်းက “သစ်ပင်များနှင့် ပြည့်နေသည့် ပန်းခြံများ၊ လမ်းမများ၊ ကျေးလက်နှင့်မြို့ပြများသည် လမ်း လျှောက်ရန်၊ အပန်းဖြေရန်၊ အရိပ်ရရန် တို့အပြင် အေးချမ်းသည့် သဘာဝအလှနှင့် ထိတွေ့ခြင်းအားဖြင့် လူသားများ၏ ကျန်း မာရေး ဆိုင်ရာကောင်းကျိုးများဖြစ်ထွန်းစေကြောင်း၊ ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက် ခြင်းသည် နိုင်ငံတော်၏ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် အလွန်အရေးကြီးပြီး အကျိုးကျေးဇူး ကြီးမားစေသည့် သဘာဝရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်အတွက် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်ပေါင်း ၃၀၀၀ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ဇွန်လ ၁၅ ရက်တွင်လည်း ရန်အောင်မြင် ကြိုးဝိုင်းအတွင်း၌ ပထမအကြိမ်အဖြစ် သစ်မျိုး ၁၆ မျိုး၊ သစ်ပင်ပေါင်း ၃၀၀၀ ကို စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

နိုင်ငံတော်၏ သစ်တောဖုံးလွှမ်းမှု တိုးပွားလာစေရန်၊ တောရိုင်းတိရစ္ဆာန်နှင့် ထင်ရှားသည့် ဘူမိရူပ ထူးခြားသည့် နေရာများကို ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ် တောများ၊ ၁၀ ရာခိုင်နှုန်းကို သဘာဝ ထိန်းသိမ်းရေး နယ်မြေများအဖြစ် ဖွဲ့စည်းသွားရန် ရည်မှန်းချက်ဖြင့် စီမံ ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မိမိတို့ တာဝန်ယူသည့် ကာလအတွင်း ယနေ့အထိ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၆၁ ခု၊ ဧရိယာ ဧက ၆ သိန်း ၆ သောင်းကျော်ကို ဖွဲ့စည်းပေးနိုင်ခဲ့ကြောင်း၊ ယခုအချိန်ထိ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၁၃၂၄ ခု၊ နိုင်ငံဧရိ ယာ၏ ၂၅ ဒသမ ၉၄ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၂ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၃ ရာခိုင်နှုန်း ဖွဲ့စည်းထားနိုင်ခဲ့ပြီဖြစ်သဖြင့် ရည်မှန်းချက်ပြည့်မီအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် လိုသည်ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်မှု အလွန်အကျွံရှိသည့်အတွက် မိုးခေါင်ခြင်း၊ ရေကြီးရေလျှံမှုဖြစ်ပွားခြင်းများ နှစ်စဉ် နီးပါး ဖြစ်ပွားနေကြောင်း ထောက်ပြကြသည်။
- By CNI
- Category: ဆောင်းပါး
- Hits: 2488
CNI Article
၂၀၂၄ ခုနှစ် ၊ မေလ ၃၁
တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ကျယ်ပြန့်သည့် လှုပ်ရှားမှုများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အတွက် ထိတ်လန့်မှုများကို ဖြစ်စေသည်။
အလွန်အကျွံ ငါးဖမ်းမှုများ၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနှင့် သန္တာကျောက်တန်းများ ပျက်စီးမှုများသည် ထိုဒေသ၏ ကြွယ်ဝသည့် ဇီဝမျိုးကွဲများကို ခြိမ်းခြောက်လျက်ရှိသည်။
နယ်နိမိတ်ပိုင်ဆိုင်ကြောင်း ကြေညာမှုများ ပြုလုပ်ရန်အတွက် မြေယာဖော်ယူမှုများနှင့် ကြီးမားသည့် ခုံးကောင် များကို ဖမ်းဆီးနေမှုများက သန္တာကျောက်တန်း မျိုးစိတ်ပေါင်း ၅၀၀ ကျော်ကို လျင်မြန်စွာ ပြုန်းတီးစေခဲ့သည်။
တစ်ခါတစ်ရံတွင် ပထဝီနိုင်ငံရေး တင်းမာမှုများ၏ လောင်းရိပ်အောက် ကျရောက်လေ့ရှိသည့် ထိုကဲ့သို့ ဂေဟဗေဒ ဆိုင်ရာ အကျပ်အတည်း မြင့်တက်လာမှုက တောင်တရုတ်ပင်လယ်၏ ကောင်းမွန်သော အခြေအနေနှင့် ခံနိုင်ရည် ရှိမှုအပေါ် ဆိုးရွာသော ရေရှည်ခြိမ်းခြောက်မှု တစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။
ထိုသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးကို လျော့ကျစေရန်အတွက် နိုင်ငံတကာ၏ အာရုံစိုက်လုပ်ဆောင်မှုသည် အရေးတကြီး လိုအပ်လှပေသည်။
တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်၌ ရှိနေသည့် အငြင်းပွားဖွယ် ဒေသဖြစ်သော စကာဘိုရော့ချ် သောင်ခုံ (Scarborough Shoal) သည် တရုတ်ငါးဖမ်းသမားများကြောင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးနိမ့်ကျမှုကို ဖြစ်ပွားစေခဲ့သည်ဟု ဖိလစ်ပိုင်နိုင်ငံက စွပ်စွဲထားသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို သရုပ်ဖော်ပြထားစဉ်
တရုတ်အနေဖြင့် ထိုသောင်ခုံ၏ အခြေအနေကို နိုင်ငံတကာလေ့လာသူများအား စစ်ဆေးကြည့်ရှုခွင့်ပေးရန် ဖိလစ်ပိုင်က တိုက်တွန်းထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင်လည်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) သည် စကာဘိုရော့ချ်သောင်ခုံ အနီးတစ်ဝိုက်ရှိ သန္တာကျောက်တန်းများကို ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံ များကို ဖော်ပြခဲ့သည်။
တရုတ်ငါးဖမ်းသမားများသည် ကြီးမားသည့် ခုံးကောင်များကို ခွာယူနေမှုကြောင့် သန္တာကျောက်တန်းများသည် သိသိသာသာ ထိခိုက်ခဲ့သည်ဟု PCG က ပြောသည်။
ထိုသတင်းစာ ရှင်းလင်းပွဲတွင် ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် မာလာယာ (Jonathan Malaya) က လက်ရှိဖြစ်ပွားနေသည့် အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့သည်။
တရုတ်အနေဖြင့် ပင်လယ်ရေကြောင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုများ၏ အခြေခံအကြောင်းရင်းများကို ကုလသမဂ္ဂမှ ကျွမ်းကျင်သူများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများအား လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခွင့်ပေးရန် ၎င်းက တိုက်တွန်းခဲ့သည်။
"တရုတ်နိုင်ငံကို ကျနော်တို့ စိန်ခေါ်ပါတယ်။ တကယ်လို့ သူတို့ဟာ သူတို့ကိုယ်သူတို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေလို့ ယူဆထားမယ်ဆိုရင် သူတို့ဟာ ဘာဂျိုဒီမဆင်လော့ (Bajo de Masinloc) ကျွန်းကို နိုင်ငံတကာလေ့လာသူတွေကို စစ်ဆေးခွင့်ပြုသင့်ပါတယ်" ဟု မာလာယာက ပြောကြားခဲ့သည်။ (မှတ်ချက်- စကာဘိုရော့ချ်သောင်ခုံကို ဖိလစ်ပိုင်က ဘာဂျိုဒီမဆင်လော့ကျွန်းဟူ၍ သုံးနှုန်းခေါ်ဝေါ်သည်။)

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖိလစ်ပိုင်စက်လှေကို ရေပိုက်နဲ့ထိုးနေစဉ်
စကာဘိုရော့ချ်သောင်ခုံတွင် ကြီးမာသည့် ခုံးကောင်အရေအတွက် လျော့နည်းလာမှုအတွက် ဖိလစ်ပိုင်အရာရှိ များက တရုတ်ငါးဖမ်းသမားများကို ဝေဖန်ပြစ်တင်လေ့ရှိသည်။
ထိုသောင်ခုံသည် ဖိလစ်ပိုင်နိုင်ငံ၊ လူဇွန်(Luzon)ကျွန်း အနောက်ဘက် ၁၉၈ ကီလိုမီတာ အကွာခန့်တွင် တည်ရှိပြီး ဖိလစ်ပိုင်အထူးစီးပွားရေးဇုန်ထဲမှာဖြစ်၍ ထိုသောင်ခုံကို ဖိလစ်ပိုင်က ပိုင်ဆိုင်ကြောင်း နိုင်ငံတကာက အသိအမှတ် ပြုထားသည်။
မည်သို့ပင်ဆိုစေ ၂၀၁၂ ခုနှစ်က တရုတ်နှင့်ဖိလစ်ပိုင်အကြား သီတင်း ၁၀ ပတ်ကြာ ထိပ်တိုက်တွေ့ခဲ့ပြီးနောက် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) သည် ပြီးခဲ့သည့် ၁၁ နှစ်အတွင်း ထိုသောင်ခုံအနီးတစ်ဝိုက်တွင် တပ်များကို ဖြန့်ထားခဲ့သည်။
တရုတ်အစိုးရကလည်း ထိုသောင်ခုံသည် တရုတ်၏ ရှိရင်းစွဲ နယ်နိမိတ်တစ်ခုဖြစ်ကြောင်း ကြေညာထားပြီး ထိုသောင်ခုံတွင် တရုတ်က ငြင်းစရာမလိုသည့် အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြောင်း ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ထိုနယ်နိမိတ်သည် တရုတ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့ပြီးနောက် တရုတ်ငါးဖမ်းသင်္ဘောများသည် ထိုသောင်အနီးရှိ ထုံးအိုင်အတွင်းမှ တန်ဖိုးကြီးမားသည့် ခုံးကောင်များကို အများအပြား ခွာယူခဲ့ကြောင်း ဖိလစ်ပိုင်က စွပ်စွဲခဲ့သည်။
၂၀၁၆ ခုနှစ်အစောပိုင်းက South China Morning Post သတင်းစာတွင် ဖော်ပြခဲ့သည့် သတင်း၌ သင်္ဘော ဒလက်များကြောင့် ထိခိုက်ပျက်စီးနေသည့် ကျောက်တန်းများကို ဂြိုဟ်တုဓာတ်ပုံများထဲတွင် မြင်တွေ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။
ထိုထိခိုက်ပျက်စီးမှုများသည် ငါးဖမ်းသမားများ၏ သင်္ဘောများတွင် တပ်ဆင်ထားသည့် ဒလက်များက ကျောက်တန်းကို ပွတ်တိုက်မှု၏ အကျိုးဆက်များဖြစ်သည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် ဖိလစ်ပိုင်၏ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြသခဲ့သည့် ဓာတ်ပုံများထဲတွင် တရုတ် ငါးဖမ်းသမားများသည် ကြီးမားသည့် ခုံးကောင်များကို နှစ်ပေါင်းများစွာကြာ အများအပြား ဖမ်းယူနေသည့် ပုံများအား ဖော်ပြထားသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
မည်သို့ပင်ဆိုစေ ထိုလှုပ်ရှားမှုများသည် ၂၀၁၉ ခုနှစ်၊ မတ်လတွင် ရပ်နားသွားခဲ့ပုံပေါ်ကြောင်း ဖိလစ်ပိုင်အရာရှိများ က ပြောကြားခဲ့သည်။
သန္တာကျောက်တန်းများ ထိခိုက်ပျက်စီးမှုသည် လျစ်လျူရှုခံထားရသည့် မငြင်းနိုင်သော သက်သေတစ်ခုဖြစ်ပြီး ပင်လယ်ရေကြောင်းဆိုင်ရာ ဂေဟစနစ်ကို အလေးထားသူ အနည်းငယ်သာရှိနေကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာလာယာက ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် သန္တာကျောက်တန်းများနှင့် အခြားထိခိုက် ပျက်စီးမှုများအတွက် တရုတ်ကို တရားစွဲ ဆိုရန် ဖိလစ်ပိုင်အစိုးရနှင့် သဘာတူညီမှုများ ရရှိထားကြောင်း မာလာယာက ပြောသည်။
၂၀၁၃ ခုနှစ်ကလည်း ဖိလစ်ပိုင်သည် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ် (The Hague) မြို့ရှိ အနုညာတခုံရုံးတွင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ပင်လယ်ရေကြောင်းဆိုင်ရာ ပိုင်ဆိုင်ကြောင်း ကြေညာသည့် Nine-dash line အမည်ရှိ နယ်စပ်စည်းရေးဆွဲမှုကို တရားရေးအရ စိန်ခေါ်ခဲ့သည်။

တောင်တရုတ်ပင်လယ် အခင်းအကျင်းကို တွေ့ရစဉ်
၃ နှစ်အကြာတွင် အနုညာတခုံးရုံးက ဖိလစ်ပိုင်ဘက်က ရပ်တည်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ပိုင်ဆိုင်ကြောင်း ထွက်ဆိုမှုများကို ပယ်ချကြောင်း စီရင်ချက်ချခဲ့သည်။
မည်သို့ပင်ဆိုစေ တရုတ်အစိုးရက တရားရုံး၏ စီရင်ချက်ကို လျစ်လျူရှုခဲ့ပြီး စကာဘိုရော့ချ်သောင်ခုံကို နိုင်ငံတကာက စုံစမ်းစစ်ဆေးမှု ပြုလုပ်ခွင့်ပေးရန် တောင်းဆိုသည့် ဖိလစ်ပိုင်၏ တိုက်တွန်းချက်ကိုလည်း ငြင်းပယ်ဖွယ်ရှိသည်။
စကာဘိုရော့ချ်သောင်ခုံသည် မကြာသေးမီက တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်အကြား တင်းမာမှုများ မြင့်တက်စေခဲ့သည့် အဓိကနေရာတစ်ခု ဖြစ်ခဲ့သည်။
ထိုသောင်ခုံ၏ ထုံးအိုင်အတွင်းသို့ ဖိစလပိုင် ငါးဖမ်းသမား ဝင်ရောက်ခြင်းမရှိစေရန် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ က ဟန့်တားပိတ်ဆို့ခဲ့သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလက တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ထုံံးအိုင်အတွင်းသို့ ဝင်ရောက်မည့် ဝင်ပေါက် ကို ရေပေါ်အတားအဆီးများဖြင့် ပိတ်ဆို့ခဲ့ပြီး နောက်ပိုင်းတွင် ထိုအတားအဆီးများအား ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့က ဖယ်ရှားခဲ့သည်။
ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးကတည်းက ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများနှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများအကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်။
ဧပြီ ၃၀ ရက်ကလည်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများသည် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့၏ ကင်းလှည့်သင်္ဘောများနှင့် ငါးဖမ်းသင်္ဘောများကို မီးသတ်ပိုက်ဖြင့် ထိုးခဲ့သဖြင့် ဖိလစ်ပိုင်သင်္ဘောများ ထိခိုက် ပျက်စီးခဲ့သည်။

တရုတ်၏ ကျွန်းတုကို တွေ့ရစဉ်
တောင်တရုတ်ပင်လယ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းသည် ပထဝီနိုင်ငံရေး ဂယက်ရိုက်ခတ် မှုများကို သိသိသာသာ ဖြစ်ပေါ်စေခဲ့သည်။
ထိုဒေသသည် ရှုပ်ထွေးသည့် ပထဝီနိုင်ငံရေး အခင်းအကျင်းဖြစ်ပြီး တရုတ်က တောင်တရုတ်ပင်လယ်၏ နယ်နိမိတ် ၉၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။
ထို့ကြောင့် တရုတ်သည် အရှေ့တောင်အာရှနိုင်ငံအချို့နှင့် နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိပြီး အမေရိကန် နှင့်လည်း တင်းမာမှု မြင့်တက်ခဲ့သည်။
တရုတ်၏ လုပ်ဆောင်မှုများကြောင့် သဘာဝပတ်ဝန်းကျင် အရည်အသွေး နိမ့်ကျမှုသည် ထိုအငြင်းပွားမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။
ထိုအခြေအနေသည် ဒေသတွင်း သောင်းနှင့်ချီသည့် ငါးဖမ်းသမားများ၏ စားဝတ်နေရေး၊ စားနပ်ရိက္ခာလုံခြုံရေးကို ခြိမ်းခြောက်နေကာ ဒေသတွင်း တည်ငြိမ်မှု ပျက်ယွင်းစေမည့် အလားအလာအထိ ရောက်ရှိနေသည်။
တောင်တရုတ်ပင်လယ်တွင် ထိုအရေးကိစ္စနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းရန် အချိန်ဆွဲ နေသည့် တရုတ်၏ နည်းဗျူဟာများကလည်း တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ လှုပ်ရှားမှုများကို ပိုမို ခိုင်မာအားကောင်းစေခဲ့သည်။
ထိုအကျပ်အတည်းသည် ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းအပေါ်လည်း သက်ရောက်မှုရှိပြီး တရုတ်နှင့် အခြား နိုင်ငံများအကြား ယခင်ကတည်းက ရှိနေသည့် သဘောထား ကွဲလွဲမှုများနှင့် သံသယများကို ပိုမိုကြီးထွားစေကာ တောင်တရုတ်ပင်လယ်တွင် ပဋိပက္ခများ၏ ရှုပ်ထွေးသည့် အခြေအနေအတွက် မျက်နှာစာအသစ်တစ်ခု ဖြစ်ပေါ် စေခဲ့သည်။
ထို့ကြောင့် ထိုသဘာဝပတ်ဝန်းကျင် အကျပ်အတည်းသည် ဂေဟဗေဟဆိုင်ရာ ပြဿနာတစ်ခုသာ မဟုတ်ဘဲ နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် ချက်ချင်းဖြေရှင်းရမည့် ပထဝီနိုင်ငံရေးဆိုင်ရာ စိုးရိမ်စရာကိစ္စရပ်တစ်ခု ဖြစ်သည်။
Source: CNI
- By CNI
- Category: Watch TV
- Hits: 4121
- By CNI
- Category: သဘာဝပတ်ဝန်းကျင်
- Hits: 5334
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေတချို့တွင် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အစား ဖက်ရွက်များကိုသာ အသုံးပြုရန် အသိပေးထားကြောင်း ရွှေသောင်ယံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီတူးကြီး က CNI သတင်းဌာနသို့ ပြောသည်။
ယခုလို အသိပေးထားခြင်းကို လွန်ခဲ့သော တစ်လခန့်က ချောင်းသာကမ်းခြေတွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရွှေသောင်ယံမြို့နယ် အုပ်ချုပ်ရေးမှူးက ဦးညီတူးကြီးက “ပလတ်စတစ်အိတ်ရဲ့ အစားဖြစ်တဲ့ ဖက်ပေါ့၊ ကျနော်တို့ ဒေသအရဆို တောင်စွန်ဖက်လိုဟာမျိုးတွေနဲ့ပေါ့လေ၊ အဲ့လိုဖက်တွေနဲ့ အသုံးပြုမယ်ပေါ့၊ အိမ်က ချိုင့်နဲ့ အသုံးပြု မယ်ပေါ့၊ သဘောက။ ဒါကတော့ ပလတ်စတစ်ကို သုံးစွဲတာပေါ့နော်၊ လျှော့ချရေးအနေနဲ့ တဖြည်းဖြည်းခြင်း တဆင့်ခြင်း တဆင့်ခြင်း သွားနေတာပေါ့၊ နောက်ဆုံးကျရင် လုံးလုံး ပလတ်စတစ် ကင်းစင်ရေးပေါ့၊ အဲ့အထိ သွားချင်တာပေါ့၊ အဲ့လိုသွားဖို့အတွက် တနင်္ဂနွေနေ့ကနေစပြီး အစပြုတာပေါ့။ ဒါတွေက တခြားမြိုနယ်တွေလည်း လုပ်မယ်လို့ အကုန်လုံး ဒီအတိုင်း ရှိထားတာပေါ့။ တစ်မြို့နယ်လုံးပေါ့၊ ပုသိမ်မြို့နယ် တစ်မြို့နယ်လုံး အဆင့်တော့ ဒါတွေက ဒီလိုပဲ ထုတ်ပြန်ထားပါတယ်” ဟု CNI သို့ ပြောသည်။
ယခုလို ပလတ်စတစ်အိတ်အစား ဖက်ရွက်ကိုအသုံးပြုရခြင်းသည် ကမ်းခြေသာယာ လှပစေရေးအတွက် ဖြစ် ကြောင်းနှင့် အသိပေးကာလဖြစ်သောကြောင့် မလိုက်နာသူများကို ဒက်ငွေပေးဆောင်ခိုင်းခြင်းမျိုးကိုတော့ မထုတ်ပြန်ထားသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ပုသိမ်မြို့နယ်အတွင်းရှိ ငွေဆောင်ကမ်းခြေမြင်ကွင်း(ဓါတ်ပုံ-Getty Images)
ငွေဆောင်ကမ်းခြေတွင်လည်း ပလတ်စတစ်အိတ်အစား ဖက်ရွက်ကို အသုံးပြုရန် အသိပေးထားကြောင်းနှင့် ဆိုင်းဘုတ်များလည်းချိတ်ဆွဲထားကြောင်း ငွေခြေကမ်းခြေဒေသခံတစ်ဦးထံမှ သိရသည်။
၎င်းနေ့တွင် ပလတ်စတစ်အိတ်သုံးမိပါက ဆိုင်သမားများ ၏ တာဝန်သာဖြစ်သည်ဟု ရပ်ကွက်လူကြီးများက လာရောက်ပြောဆိုထားခြင်းများရှိကြောင်း ပလတ်စတစ်အိတ်ကို အဓိကထား သုံးစွဲနေရသည့် မုန့်ဟင်းခါး၊ ခေါက်ဆွဲရောင်းချနေသူ ဒေါ်မူမူက CNI သတင်းဌာနကို ပြောသည်။
“ဗြုန်းကနဲဆိုတော့ မသိဘူးလေ။ အန်တီတို့ကလည်း မသိတော့ အဲ့ဒီနေ့လည်းကျရော ဈေးဝယ်သူတွေက လာကြ ရော၊ လာကြတော့ အန်တီတို့မှာ ဘယ်လိုလုပ်ရလဲဆိုတော့ ပြောလိုက်တာပေါ့နော်၊ ဒီနေ့ပါဆယ် မဆွဲရဘူး၊ ဖက်နဲ့ ထုပ်ရမယ်၊ စက္ကူနဲ့ ထုတ်ပေးရမယ်၊ အဲ့လိုမျိုးပြောတယ်လေ။ အဲ့လိုမျိုးပြောတော့ အန်တီမှာ ဈေးဝယ်သားတွေက လာတော့ တချို့တစ်လေကျတာ့လည်း ချိုင့်ပြန်ယူပြီးတော့ ပြန်လာကျတာပေါ့။ တချို့ကိုကျတော့ အိမ်ကရှိတဲ့ ချိုင့် အကုန်လုံးပေးလိုက်ရတာပေါ့နော်၊ ဆိုင်သမားတွေ အဲ့လိုမျိုး ဖက်တွေနဲ့ ထုတ်ရမယ်ဆိုရင် မုန့်ဟင်းခါး ခေါက်ဆွဲရောင်းတဲ့ အန်တီတို့က အများကြီးပြဿနာရှိတာပေါ့” ဟု ၎င်းက ပြောသည်။
ယခုလို ပလတ်စတစ်အိတ်အသုံးပြုခြင်းကို တနင်္ဂနွေနေ့ တစ်ရက်ထဲသာ အသုံးမပြုရန် အသိပေးထားကြောင်း၊ ကျန်ရက်များတွင်အသုံးပြုနိုင်ကြောင်းနှင့် နောက်ပိုင်းတွင် ပလတ်စတစ် ပပျောက်စေရေးအတွက် စည်းကမ်း တင်းကျပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
- By CNI News
- Category: ရာသီဉတု
- Hits: 6099
CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၀
မုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ ဖြစ်သောကြောင့် လိမ္မော် ရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ထုတ်ပြန်သည်။
ထိုမုန်တိုင်းငယ်၏ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့် ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီးနောက် ၂၄ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ နောက် ၃၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
ထို့အပြင် မတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့ လည်းကောင်း၊ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့ လည်းကောင်း၊ ၂၂ ရက်နေ့ ညပိုင်းတွင် ရခိုင်ကမ်းရိုးတန်းအနီးသို့ လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့မွန်းတည့်မှ မတ်လ ၂၂ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း သိရသည်။
တချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါ သဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်လည်း မိုးဇလမှ တိုက်တွန်းထားသည်။
ပြည်တွင်း လေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန်လည်း အသိပေးနှိုးဆော်ထားသည်။
