CNI Article

၂၀၂၄ ခုနှစ် ၊ မေလ ၃၁

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ကျယ်ပြန့်သည့် လှုပ်ရှားမှုများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အတွက် ထိတ်လန့်မှုများကို ဖြစ်စေသည်။

အလွန်အကျွံ ငါးဖမ်းမှုများ၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနှင့် သန္တာကျောက်တန်းများ ပျက်စီးမှုများသည် ထိုဒေသ၏ ကြွယ်ဝသည့် ဇီဝမျိုးကွဲများကို ခြိမ်းခြောက်လျက်ရှိသည်။

နယ်နိမိတ်ပိုင်ဆိုင်ကြောင်း ကြေညာမှုများ ပြုလုပ်ရန်အတွက် မြေယာဖော်ယူမှုများနှင့် ကြီးမားသည့် ခုံးကောင် များကို ဖမ်းဆီးနေမှုများက သန္တာကျောက်တန်း မျိုးစိတ်ပေါင်း ၅၀၀ ကျော်ကို လျင်မြန်စွာ ပြုန်းတီးစေခဲ့သည်။

တစ်ခါတစ်ရံတွင် ပထဝီနိုင်ငံရေး တင်းမာမှုများ၏ လောင်းရိပ်အောက် ကျရောက်လေ့ရှိသည့် ထိုကဲ့သို့ ဂေဟဗေဒ ဆိုင်ရာ အကျပ်အတည်း မြင့်တက်လာမှုက တောင်တရုတ်ပင်လယ်၏ ကောင်းမွန်သော အခြေအနေနှင့် ခံနိုင်ရည် ရှိမှုအပေါ် ဆိုးရွာသော ရေရှည်ခြိမ်းခြောက်မှု တစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။

ထိုသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးကို လျော့ကျစေရန်အတွက် နိုင်ငံတကာ၏ အာရုံစိုက်လုပ်ဆောင်မှုသည် အရေးတကြီး လိုအပ်လှပေသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်၌ ရှိနေသည့် အငြင်းပွားဖွယ် ဒေသဖြစ်သော စကာဘိုရော့ချ် သောင်ခုံ (Scarborough Shoal) သည် တရုတ်ငါးဖမ်းသမားများကြောင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးနိမ့်ကျမှုကို ဖြစ်ပွားစေခဲ့သည်ဟု ဖိလစ်ပိုင်နိုင်ငံက စွပ်စွဲထားသည်။ 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို သရုပ်ဖော်ပြထားစဉ်

တရုတ်အနေဖြင့် ထိုသောင်ခုံ၏ အခြေအနေကို နိုင်ငံတကာလေ့လာသူများအား စစ်ဆေးကြည့်ရှုခွင့်ပေးရန် ဖိလစ်ပိုင်က တိုက်တွန်းထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင်လည်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) သည် စကာဘိုရော့ချ်သောင်ခုံ အနီးတစ်ဝိုက်ရှိ သန္တာကျောက်တန်းများကို ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံ များကို ဖော်ပြခဲ့သည်။ 

တရုတ်ငါးဖမ်းသမားများသည် ကြီးမားသည့် ခုံးကောင်များကို ခွာယူနေမှုကြောင့် သန္တာကျောက်တန်းများသည် သိသိသာသာ ထိခိုက်ခဲ့သည်ဟု PCG က ပြောသည်။

ထိုသတင်းစာ ရှင်းလင်းပွဲတွင် ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် မာလာယာ (Jonathan Malaya) က လက်ရှိဖြစ်ပွားနေသည့် အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့သည်။ 

တရုတ်အနေဖြင့် ပင်လယ်ရေကြောင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုများ၏ အခြေခံအကြောင်းရင်းများကို ကုလသမဂ္ဂမှ ကျွမ်းကျင်သူများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများအား လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခွင့်ပေးရန် ၎င်းက တိုက်တွန်းခဲ့သည်။

"တရုတ်နိုင်ငံကို ကျနော်တို့ စိန်ခေါ်ပါတယ်။ တကယ်လို့ သူတို့ဟာ သူတို့ကိုယ်သူတို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေလို့ ယူဆထားမယ်ဆိုရင် သူတို့ဟာ ဘာဂျိုဒီမဆင်လော့ (Bajo de Masinloc) ကျွန်းကို နိုင်ငံတကာလေ့လာသူတွေကို စစ်ဆေးခွင့်ပြုသင့်ပါတယ်" ဟု မာလာယာက ပြောကြားခဲ့သည်။ (မှတ်ချက်- စကာဘိုရော့ချ်သောင်ခုံကို ဖိလစ်ပိုင်က ဘာဂျိုဒီမဆင်လော့ကျွန်းဟူ၍ သုံးနှုန်းခေါ်ဝေါ်သည်။)

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖိလစ်ပိုင်စက်လှေကို ရေပိုက်နဲ့ထိုးနေစဉ်

စကာဘိုရော့ချ်သောင်ခုံတွင် ကြီးမာသည့် ခုံးကောင်အရေအတွက် လျော့နည်းလာမှုအတွက် ဖိလစ်ပိုင်အရာရှိ များက တရုတ်ငါးဖမ်းသမားများကို ဝေဖန်ပြစ်တင်လေ့ရှိသည်။ 

ထိုသောင်ခုံသည် ဖိလစ်ပိုင်နိုင်ငံ၊ လူဇွန်(Luzon)ကျွန်း အနောက်ဘက် ၁၉၈ ကီလိုမီတာ အကွာခန့်တွင် တည်ရှိပြီး ဖိလစ်ပိုင်အထူးစီးပွားရေးဇုန်ထဲမှာဖြစ်၍ ထိုသောင်ခုံကို ဖိလစ်ပိုင်က ပိုင်ဆိုင်ကြောင်း နိုင်ငံတကာက အသိအမှတ် ပြုထားသည်။

မည်သို့ပင်ဆိုစေ ၂၀၁၂ ခုနှစ်က တရုတ်နှင့်ဖိလစ်ပိုင်အကြား သီတင်း ၁၀ ပတ်ကြာ ထိပ်တိုက်တွေ့ခဲ့ပြီးနောက် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) သည်  ပြီးခဲ့သည့် ၁၁ နှစ်အတွင်း ထိုသောင်ခုံအနီးတစ်ဝိုက်တွင် တပ်များကို ဖြန့်ထားခဲ့သည်။ 

တရုတ်အစိုးရကလည်း ထိုသောင်ခုံသည် တရုတ်၏ ရှိရင်းစွဲ နယ်နိမိတ်တစ်ခုဖြစ်ကြောင်း ကြေညာထားပြီး ထိုသောင်ခုံတွင် တရုတ်က ငြင်းစရာမလိုသည့် အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြောင်း ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ထိုနယ်နိမိတ်သည် တရုတ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့ပြီးနောက် တရုတ်ငါးဖမ်းသင်္ဘောများသည် ထိုသောင်အနီးရှိ ထုံးအိုင်အတွင်းမှ တန်ဖိုးကြီးမားသည့် ခုံးကောင်များကို အများအပြား ခွာယူခဲ့ကြောင်း ဖိလစ်ပိုင်က စွပ်စွဲခဲ့သည်။

၂၀၁၆ ခုနှစ်အစောပိုင်းက South China Morning Post သတင်းစာတွင် ဖော်ပြခဲ့သည့် သတင်း၌  သင်္ဘော ဒလက်များကြောင့် ထိခိုက်ပျက်စီးနေသည့် ကျောက်တန်းများကို ဂြိုဟ်တုဓာတ်ပုံများထဲတွင် မြင်တွေ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုထိခိုက်ပျက်စီးမှုများသည် ငါးဖမ်းသမားများ၏ သင်္ဘောများတွင် တပ်ဆင်ထားသည့် ဒလက်များက ကျောက်တန်းကို ပွတ်တိုက်မှု၏ အကျိုးဆက်များဖြစ်သည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် ဖိလစ်ပိုင်၏ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြသခဲ့သည့် ဓာတ်ပုံများထဲတွင် တရုတ် ငါးဖမ်းသမားများသည်  ကြီးမားသည့် ခုံးကောင်များကို နှစ်ပေါင်းများစွာကြာ အများအပြား ဖမ်းယူနေသည့် ပုံများအား ဖော်ပြထားသည်ဟု အေပီမှ ဖော်ပြခဲ့သည်။ 

မည်သို့ပင်ဆိုစေ ထိုလှုပ်ရှားမှုများသည် ၂၀၁၉ ခုနှစ်၊ မတ်လတွင် ရပ်နားသွားခဲ့ပုံပေါ်ကြောင်း ဖိလစ်ပိုင်အရာရှိများ က ပြောကြားခဲ့သည်။ 

သန္တာကျောက်တန်းများ ထိခိုက်ပျက်စီးမှုသည် လျစ်လျူရှုခံထားရသည့် မငြင်းနိုင်သော သက်သေတစ်ခုဖြစ်ပြီး ပင်လယ်ရေကြောင်းဆိုင်ရာ ဂေဟစနစ်ကို အလေးထားသူ အနည်းငယ်သာရှိနေကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာလာယာက ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် သန္တာကျောက်တန်းများနှင့် အခြားထိခိုက် ပျက်စီးမှုများအတွက် တရုတ်ကို တရားစွဲ ဆိုရန် ဖိလစ်ပိုင်အစိုးရနှင့် သဘာတူညီမှုများ ရရှိထားကြောင်း မာလာယာက ပြောသည်။

၂၀၁၃ ခုနှစ်ကလည်း ဖိလစ်ပိုင်သည် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ် (The Hague) မြို့ရှိ အနုညာတခုံရုံးတွင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ပင်လယ်ရေကြောင်းဆိုင်ရာ ပိုင်ဆိုင်ကြောင်း ကြေညာသည့် Nine-dash line အမည်ရှိ နယ်စပ်စည်းရေးဆွဲမှုကို တရားရေးအရ စိန်ခေါ်ခဲ့သည်။ 

တောင်တရုတ်ပင်လယ် အခင်းအကျင်းကို တွေ့ရစဉ်

၃ နှစ်အကြာတွင် အနုညာတခုံးရုံးက ဖိလစ်ပိုင်ဘက်က ရပ်တည်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ပိုင်ဆိုင်ကြောင်း ထွက်ဆိုမှုများကို ပယ်ချကြောင်း စီရင်ချက်ချခဲ့သည်။

မည်သို့ပင်ဆိုစေ တရုတ်အစိုးရက တရားရုံး၏ စီရင်ချက်ကို လျစ်လျူရှုခဲ့ပြီး စကာဘိုရော့ချ်သောင်ခုံကို နိုင်ငံတကာက စုံစမ်းစစ်ဆေးမှု ပြုလုပ်ခွင့်ပေးရန် တောင်းဆိုသည့် ဖိလစ်ပိုင်၏ တိုက်တွန်းချက်ကိုလည်း ငြင်းပယ်ဖွယ်ရှိသည်။

စကာဘိုရော့ချ်သောင်ခုံသည် မကြာသေးမီက တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်အကြား တင်းမာမှုများ မြင့်တက်စေခဲ့သည့် အဓိကနေရာတစ်ခု ဖြစ်ခဲ့သည်။ 

ထိုသောင်ခုံ၏ ထုံးအိုင်အတွင်းသို့ ဖိစလပိုင် ငါးဖမ်းသမား ဝင်ရောက်ခြင်းမရှိစေရန် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ က ဟန့်တားပိတ်ဆို့ခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ထုံံးအိုင်အတွင်းသို့ ဝင်ရောက်မည့် ဝင်ပေါက် ကို ရေပေါ်အတားအဆီးများဖြင့် ပိတ်ဆို့ခဲ့ပြီး နောက်ပိုင်းတွင် ထိုအတားအဆီးများအား ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့က ဖယ်ရှားခဲ့သည်။

ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးကတည်းက ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများနှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများအကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်။ 

ဧပြီ ၃၀ ရက်ကလည်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများသည် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့၏ ကင်းလှည့်သင်္ဘောများနှင့် ငါးဖမ်းသင်္ဘောများကို မီးသတ်ပိုက်ဖြင့် ထိုးခဲ့သဖြင့် ဖိလစ်ပိုင်သင်္ဘောများ ထိခိုက် ပျက်စီးခဲ့သည်။

တရုတ်၏ ကျွန်းတုကို တွေ့ရစဉ်

တောင်တရုတ်ပင်လယ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းသည် ပထဝီနိုင်ငံရေး ဂယက်ရိုက်ခတ် မှုများကို သိသိသာသာ ဖြစ်ပေါ်စေခဲ့သည်။ 

ထိုဒေသသည် ရှုပ်ထွေးသည့် ပထဝီနိုင်ငံရေး အခင်းအကျင်းဖြစ်ပြီး တရုတ်က  တောင်တရုတ်ပင်လယ်၏ နယ်နိမိတ် ၉၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။ 

ထို့ကြောင့် တရုတ်သည် အရှေ့တောင်အာရှနိုင်ငံအချို့နှင့် နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိပြီး အမေရိကန် နှင့်လည်း တင်းမာမှု မြင့်တက်ခဲ့သည်။

တရုတ်၏ လုပ်ဆောင်မှုများကြောင့် သဘာဝပတ်ဝန်းကျင် အရည်အသွေး နိမ့်ကျမှုသည် ထိုအငြင်းပွားမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။ 

ထိုအခြေအနေသည် ဒေသတွင်း သောင်းနှင့်ချီသည့် ငါးဖမ်းသမားများ၏ စားဝတ်နေရေး၊ စားနပ်ရိက္ခာလုံခြုံရေးကို ခြိမ်းခြောက်နေကာ ဒေသတွင်း တည်ငြိမ်မှု ပျက်ယွင်းစေမည့် အလားအလာအထိ ရောက်ရှိနေသည်။ 

တောင်တရုတ်ပင်လယ်တွင် ထိုအရေးကိစ္စနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းရန် အချိန်ဆွဲ နေသည့် တရုတ်၏ နည်းဗျူဟာများကလည်း တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ လှုပ်ရှားမှုများကို ပိုမို ခိုင်မာအားကောင်းစေခဲ့သည်။

ထိုအကျပ်အတည်းသည် ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းအပေါ်လည်း သက်ရောက်မှုရှိပြီး တရုတ်နှင့် အခြား နိုင်ငံများအကြား ယခင်ကတည်းက ရှိနေသည့် သဘောထား ကွဲလွဲမှုများနှင့် သံသယများကို ပိုမိုကြီးထွားစေကာ တောင်တရုတ်ပင်လယ်တွင် ပဋိပက္ခများ၏ ရှုပ်ထွေးသည့် အခြေအနေအတွက် မျက်နှာစာအသစ်တစ်ခု ဖြစ်ပေါ် စေခဲ့သည်။ 

ထို့ကြောင့် ထိုသဘာဝပတ်ဝန်းကျင် အကျပ်အတည်းသည် ဂေဟဗေဟဆိုင်ရာ ပြဿနာတစ်ခုသာ မဟုတ်ဘဲ နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် ချက်ချင်းဖြေရှင်းရမည့် ပထဝီနိုင်ငံရေးဆိုင်ရာ စိုးရိမ်စရာကိစ္စရပ်တစ်ခု ဖြစ်သည်။

Source: CNI