CNI Article

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၆

မလေးရှားနိုင်ငံ ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်မှ ၆ ရက်နေ့အထိ ကျင်းပခဲ့သည့် (၃၇)ကြိမ်မြောက် Asia-Pacific Roundtable: Crisis in an Interregnum ဆွေးနွေးပွဲတွင် ကမ္ဘာ တစ်ဝှမ်းမှ ပညာရှင်များနှင့် ကျွမ်းကျင်သူများသည် ဒေသတွင်း ပဋိပက္ခများနှင့် အငြင်းပွားမှုများ လွှမ်းခြုံပါဝင် သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ထိုဆွေးနွေးပွဲတွင် ဂါဇာ၊ ယူကရိန်းပဋိပက္ခနှင့် တောင်တရုတ်ပင်လယ် အရေးတို့ကို အချေအတင် ဆွေးနွေးခဲ့ကြ သည်။ 

ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှု မြင့်တက်လာသည့် တရုတ်၏ ရပ်တည်ချက်နှင့် အပြုအမူများသည် နိုင်ငံတကာ လုံခြုံရေး အရေးကိစ္စများတွင် စေ့စေ့စပ်စပ် စောင့်ကြည့်ခံခဲ့ရသည်။

သို့သော် မဲခေါင်းမြစ်ကမ်းရိုး တစ်လျှောက်တွင် နေထိုင်သည့် လူပေါင်း သန်း ၅၀ ကျော်၏ စားဝတ်နေရေးများနှင့် ပတ်သက်ပြီး အကြောင်းအရာများကိုမူ လျစ်လျူရှုခဲ့ကြသည်။

ပြီးခဲ့သည့် နှစ်ကတည်းက တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်အကြား ထိပ်တိုက်တွေ့မှုများနှင့် တင်းမာမှုများ မြင့်တက်လာသည့် သတင်းများသည် ခေါင်းကြီးပိုင်း သတင်းများ ဖြစ်ခဲ့သည်။ 

ထိုပြဿနာကြောင့် အာဆီယံအနေဖြင့် ၂၀၁၃ ခုနှစ် မကုန်မီတွင် မကြုံစဖူး ပူးတွဲအစီရင်ခံစာ ထုတ်ပြန်ရသည့် အခြေအနေ အထိ ဖြစ်စေခဲ့သည်။

The Atlantic မဂ္ဂဇင်းကလည်း တောင်တရုတ်ပင်လယ် အငြင်းပွားမှုသည် လျစ်လျူရှုခံထားရသည့် အန္တရာယ် အကြီးဆုံး ပဋိပက္ခဖြစ်ပြီး တောင်တရုတ်ပင်လယ်အရေးကို ပိုပြီး အာရုံစိုက်သင့်ကြောင်း ဖော်ပြခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အခမ်းအနားမှာ တရုတ်သံအမတ်ဟောင်းကိုတွေ့ရစဉ်

မည်သို့ပင်ဆိုစေ မဲခေါင်မြစ်၏ အရေးကိစ္စကိုမူ မည်သူကမျှ အလေးထား ပြောဆိုခဲ့ခြင်းမရှိပေ။

တရုတ်နိုင်ငံအတွင်း လန်ချန်း(Lancang) မြစ်ဟု လူသိများသည့် မဲခေါင်မြစ်သည် အာဆီယံနိုင်ငံများဖြစ်သည့် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ဖြတ်သန်းစီးဆင်းနေသည်။

မကြာသေးမီ နှစ်များအတွင်း ထိုမဲခေါင်မြစ်နှင့်ပတ်သက်သည့် အငြင်းပွားဖွယ် ဖြစ်စဉ်များရှိခဲ့ပြီး ဖြစ်စဉ်အများစု တွင် တရုတ်က ပါဝင်ပတ်သက်နေသည်။

တောင်တရုတ်ပင်လယ်၏ နယ်နိမိတ် အငြင်းပွားမှုများထဲတွင် စီးပွားရေး အကျိုးအမြတ်များ၊ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နှင့် လုံခြုံရေးရှုထောင့်များ ပါဝင်နေပြီး မဲခေါင်မြစ်၏ အရေးကိစ္စမှာမူ လူသားများ၏ ဘဝပေါင်းများစွာအပေါ် တိုက်ရိုက် သက်ရောက်မှုရှိနေသည်။

မဲခေါင်မြစ် အောက်ဘက် မြစ်ဝှမ်းဒေသတွင် လူပေါင်း ၆၅ သန်းနီးပါး နေထိုင်နေပြီး ၎င်းတို့အနက် ၈၀ ရာခိုင်နှုန်း သည် စားဝတ်နေရေးအတွက် မဲခေါင်မြစ်ကို မှီခိုနေရသည်ဟု မဲခေါင်မြစ်ကော်မရှင် (MRC) က ခန့်မှန်းဖော်ပြ ခဲ့သည်။

မဲခေါင်မြစ်ကဲ့သို့ နိုင်ငံအများအပြားကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်စင်းအတွက် ရေဆန်ဘက်ဖြစ်သည့် မြစ်ညာတွင်ရှိသော နိုင်ငံများနှင့် ရေစုန်ဘက်ဖြစ်သည့် မြစ်အောက်ဘက်ပိုင်းတွင် ရှိနေသော နိုင်ငံများအကြား နိုင်ငံရေးရှုပ်ထွေးမှုများ ရှိခဲ့သည်။

မဲခေါင်မြစ်သည် တိဘက် ကုန်းပြင်မြင့်မှစတင်ပြီး အင်ဒိုချိုင်းနား ကျွန်းဆွယ်အတွင်း စီးဆင်းဝင်ရောက်နေသဖြင့် တရုတ်သည် ၎င်း၏ တောင်ဘက်တွင်ရှိသည့် အိမ်နီးချင်း နိုင်ငံများအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။ 

ထိုအရေးသည် တောင်တရုတ်ပင်လယ်တွင် နယ်နိမိတ် အငြင်းပွားမှုများထက် ပိုမိုကြီးမားသည်။

ထိုသို့ စိုးရိမ်ရမည့် အကြောင်းအရာများ ရှိနေသည့်တိုင် မဲခေါင်းမြစ်အရေးသည် တောင်တရုတ်ပင်လယ်အရေးနှင့် နှိုင်းယှဉ်ပါက အလေးအနက်ထားခြင်း မခံခဲ့ရသဖြင့် မဲခေါင်မြစ်အရေး လျစ်လျူရှုခံထားရသည့် အကြောင်းရင်းကို အဖြေရှာရန်လိုအပ်သည်။

 မဲခေါင်မြစ်ပေါ်မှာ ဆောက်ထားတဲ့ ဆည်ကိုတွေ့ရစဉ်

တောင်တရုတ်ပင်လယ် အငြင်းပွားမှုသည် အဓိကအားဖြင့် တရုတ်က တစ်ဖက် အရှေ့တောင်အာရှနိုင်ငံများက တစ်ဖက်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများက ဘုံအကျိုးစီးပွားအတွက် တရုတ်ကို ဆန့်ကျင်နေခြင်းဖြစ်သည်။

မဲခေါင်မြစ်အရေးသည် ပိုမိုနက်နဲသိမ်မွေ့ပြီး အရှေ့တောင်အာရှ နိုင်ငံများအကြား မတူကွဲပြားသည့် အကျိုးစီးပွား များ ရှိနေနိုင်သည်။ 

လာအိုသည် တရုတ်နှင့် ထိုင်းတို့၏ ရင်းနှီးမြှုပ်နှံမှုများဖြင့် ရေအားလျှပ်စစ် ထုတ်လုပ်မည့် ဆည်များ တည်ဆောက် ကာ လျှပ်စစ်ဓာတ်အားများကို ဗီယက်နမ်၊ တရုတ်နှင့် ထိုင်းသို့ ပြန်လည်ရောင်းချနေသည်။

လာအိုတွင် အငြင်းပွားဖွယ် အကောင်းဆုံးဖြစ်သည့် Xayaburi Dam ဆည် တည်ဆောက်မှု စီမံကိန်းသည် ကောင်းကျိုးမပြုသည့် သက်ရောက်မှုများကြောင့် ဝေဖန်ခံခဲ့ရသည်။ အထူးသဖြင့် ကမ္ဘောဒီးယား အပါအဝင် မြစ်အောက်ဘက်ပိုင်းတွင် တည်ရှိသည့် မဲခေါင်နိုင်ငံများကို ထိခိုက်စေခဲ့သည်။

သို့သော် တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားကလည်း တရုတ်၏ အကူအညီနှင့် ၎င်း၏ နယ်နိမိတ်အတွင်းရှိ မဲခေါင်မြစ်အပိုင်းတွင် ဆည်များကို တည်ဆောက်ခဲ့သည်။

ထိုကဲ့သို့ မဲခေါင်နိုင်ငံများအကြား ရှုပ်ထွေးပွေလီမှုများကြောင့် အရှေ့တောင်အာရှ နိုင်ငံများသည် တရုတ်ကို ဆန့်ကျင်ရာတွင် တစ်သားတည်း ရှိမနေတော့ဘဲ မတူညီသည့် နိုင်ငံများအကြား မတူညီသည့် စီးပွားရေးနှင့် လုံခြုံရေး အကျိုးစီးပွားများ ပေါ်ထွက်လာခဲ့သည်။

တောင်တရုတ်ပင်လယ် အရေးတွင်မူ အရှေ့တောင်အာရှ နိုင်ငံများသည် တရုတ်ကို ဆန့်ကျင်မှုတွင် တစ်သား တည်း ရှိခဲ့သည်။

မကြာသေးမီက တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်အကြား ထိပ်တိုက်တွေ့မှုများကို နိုင်ငံတကာက အာရုံစိုက်နေသဖြင့် မဲခေါင်မြစ်အရေးသည် မှေးမှိန်သွားခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံရေးလေ့လာသုံးသပ်သူ ရစ်ချက် ဂျာဗက် ဟေဒါရီယန် (Richard Javad Heydarian) က ပြောကြားခဲ့သည်။

တရုတ်နဲ့ဖိလစ်ပိုင် တောင်တရုတ်ပင်လယ်မှာ အငြင်းပွားနေစဉ်

ထို့ပြင် တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများက ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးထားပြီး မဲခေါင်မြစ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲများမှ လူသိများထင်ရှားခြင်း မရှိခဲ့ကြောင်း ဟေဒါရီယန်က ပြောသည်။

မဲခေါင်မြစ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲများမှာ MRC အပြင် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ မဟာမဲခေါင် ဒေသခွဲ (GMS) မူဘောင်ဆွေးနွေးပွဲ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) ဆွေးနွေးပွဲတို့ ဖြစ်သည်။

တောင်တရုတ်ပင်လယ်သည် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံများအတွက် အဓိကကျသည့် ကုန်သွယ်ရေး လမ်းကြောင်းဖြစ်ကာ ထိုပင်လယ်အတွင်း တရုတ်နှင့်အဓိက ထိပ်တိုက်တွေ့နေသည့် ဖိလစ်ပိုင်ဘက်တွင် မဟာမိတ်အဖြစ် အမေရိကန်က ရှိနေသည်။

မဲခေါင်မြစ်အရေးတွင်မူ ဒေသတွင်း သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေးပညာရှင်များ၏ စိုးရိမ်သံ များအပြင် ပြင်ပနိုင်ငံများ၏ ပါဝင်ပတ်သက်မှု မရှိသလောက်နည်းပါးသည်။

ထို့ကြောင့် မဲခေါင်မြစ်သည် အရှေ့တောင်အာရှတွင် နေထိုင်သူများ၏ စားဝတ်နေရေးအတွက် တောင်တရုတ် ပင်လယ်ထက် ပိုပြီး ကြီးမားသည့် အခန်းကဏ္ဍတွင် ရှိနေသည့်တိုင် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ခံခဲ့ရခြင်း မရှိပေ။

တောင်တရုတ်ပင်လယ်တွင် နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားမှုသည် အရေးကြီးသည့် အကြောင်းအရာဖြစ်သည်။

နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် ထိုက်တန်နေသည်ဟု ဆိုရမည်ဖြစ်သည့်တိုင် မဲခေါင်မြစ်အရေးသည်လည်း လာမည့်နှစ်များအတွင်း အရှေ့တောင်အာရှ၏ ဖွံ့ဖြိုးတိုးတက်ရေး အပြင် ဒေသတွင်းနိုင်ငံများနှင့် တရုတ်အကြား ဆက်ဆံရေးအတွက် အဓိကနေရာမှ ပါဝင်နေသဖြင့် မဲခေါင်မြစ်အရေးကိုလည်း ဦးစားပေးနေရာတွင် ထားရှိရမည် ဖြစ်သည်။

Source: Asia Times