CNI International Article
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁
တရုတ်သည် ဆော်ဒီနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ဆော်ဒီသည် တရုတ်၏အကြီးမားဆုံး ရေနံဝယ်လက် ဖြစ်နေခြင်းကြောင့် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများမှာ သိပ်မထူးခြား ခြေ။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ထူးခြားမှုတချို့ ရှိလာနေပြီ ဖြစ်သည်။
တရုတ်သမ္မတ ရှီ (Xi Jinping)က ဆော်ဒီမြေကို ခြေမချခင်ကတည်းက အမေရိကန်ကို နှပ်ချရန်၊ ဒေသတွင်း အမေရိကန်၏ သြဇာသက်ရောက်မှုကို စွက်ဖက်ရန် ပြောဆိုမှုများ ရှိခဲ့သည်။
တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)က အရှေ့အလယ်ပိုင်းဒေသတွင် တရုတ်၊ ရုရှား နှင့် အီရန်တို့နေရာ ရလာမည်ကို အမေရိကန်ဘက်က လက်ခံသွားမည် မဟုတ်ဟု ပြောခဲ့သည်။ လွန်ခဲ့တဲ့ ၅ လ ဆော်ဒီခရီးစဉ်တွင် ဘိုင်ဒန်က ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
အာဖဂန်မှ အမေရိကန်တပ်များ ထွက်ခွာလာရခြင်းမှာလည်း ပင်လယ်ကွေ့နှင့် ဒေသတွင်းမှ နိုင်ငံများအတွက် အရင်းအမြစ်များ ပိုမိုရရှိရန် ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ဘိုင်ဒန်က အရှေ့အလယ်ပိုင်း မဟာမိတ်များကို စိတ်အေးရန် ပြောကြားခဲ့ရသည်။
သို့သော် ထိုပြောဆိုချက်များက တရုတ်နှင့် ဆော်ဒီ၏ ဆက်ဆံရေးများ ရှေ့မတိုးလာစေရန် အဟန့်အတား မဖြစ် ခဲ့ပါခြေ။ ရှီ၏ ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်နေ့ ဆော်ဒီခရီးစဉ်အတွင်း ဆော်ဒီခေါင်းဆောင်များအပြင် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ (GCC) နှင့် သီးခြား ညီလာခံများပါ ဆောင်ရွက်နိုင်ခဲ့သည်။
အမေရိကန်တို့အတွက် ပိုပြီးမျက်ခုံးလှုပ်ရသည်မှာ အာရပ်ခေါင်းဆောင်များက ရှီနှင့်ဆွေးနွေးပွဲများကို ဘိုင်ဒန်နှင့် ဆွေးနွေးပွဲများထက် ပို၍ ခမ်းနားအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက မည်သည့်အတွက်ကြောင့် ယခုကဲ့ သို့ လုပ်ဆောင်ရသလဲဆိုသည့် မေးခွန်းကို ပေါ်ထွက်လာစေသည်။
အဘယ့်ကြောင့်ဆိုသော် အမေရိကန်- ဆော်ဒီ ဆက်ဆံရေးသည် အမေရိကန်-တရုတ် ဆက်ဆံရေးခဲ့သို့ပင် မကျေလည်မှု တချို့ ရှိနေခြင်းကြောင့် ဖြစ်သည်။ အမေရိကန်ဘက်က ဆော်ဒီနှင့်ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးပမ်းနေရင်းနှင့်ပင် ယခုကဲ့သို့ ဖြစ်နေရခြင်း ဖြစ်သည်။
ဘိုင်ဒန်နဲ့ ဆော်ဒီမင်းသားကို တွေ့ရစဉ် (GETTY IMAGES)
ဆော်ဒီနှင့် တရုတ်တို့သည် ယူကရိန်း အရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံအပေါ် ၎င်းတို့၏ သဘောထားကြောင့် အမေရိကန်၏ ဖိအားပေးခြင်းနှင့် ရင်ဆိုင်နေရသည်။
ထိုအခြေအနေကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုကောင်းလာကာ ပို၍ နီးကပ်မှု ရှိလာခြင်း ဖြစ်သည်။ ပင်လယ် ကွေ့ နိုင်ငံများမှ လူငယ်ခေါင်းဆောင် မျိုးဆက်များသည်လည်း လက်ရှိအချိန်တွင် အမေရိကန်နှင့် ပိုမို ကင်းလွတ် ခွင့် ရရှိရေးနှင့် ၎င်းတို့နိုင်ငံများ၏ စွမ်းအင်၊ နည်းပညာနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍများတွင် ပိုမိုခိုင်မာစေရေး အတွက် ကြိုးပမ်းဆောင်ရွက် လာနေကြသည်။
ထိုအခြေအနေတွင် တရုတ်နိုင်ငံသည် ၎င်းတို့အတွက် သင့်တော်သော မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်လာကာ မှီခိုနိုင် သော စွမ်းအင် အရင်းအမြစ်များ ရှာဖွေမှု၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ဈေးကွက်ဖြစ်မှု၊ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကုန်သွယ်မှုတို့ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထက် ပို၍ အလေးထား ဆောင်ရွက်လျက်ရှိသည်။
ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ(GCS)သည်ပင် ဝီဂါမူဆလင်များနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ အငြင်းပွားဖွယ် မူဝါဒများကို ထောက်ခံသလို ပြောဆိုခဲ့မှုကြောင့် အမေရိကန်နှင့် တခြားနိုင်ငံများ၏ ဝေဖန်မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။
၂၀၂၁ ခုနှစ်တွင် ဘိုင်ဒန်အစိုးရက ဆော်ဒီနိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းများ ဆိုးရွားနေမှုနှင့်ပတ်သက်၍ ဝေဖန် ခဲ့သည်။
အနောက်နိုင်ငံများ အနေဖြင့်လည်း ရုပ်ကြွင်းလောင်စာများမှ ဂရင်းစွမ်းအင် ပြောင်းလဲရေးနှင့်ပတ်သက်၍ မသိ ကျိုးကျွံ ပြုနေထိုင်ခဲ့ကြသည်။ သို့သော် ယခုနှစ် အစောပိုင်း ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်က အခြေအ နေများကို ပြောင်းလဲသွားစေခဲ့သည်။
အမေရိကန်နှင့် ဥရောပ မဟာမိတ်များသည် ရုရှားအရေးကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ရှားပါး ခြင်း သို့မဟုတ် ဈေးကြီးခြင်းဖြင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအခြေအနေက ကိုဗစ်ကူးစက်မှုမှ ပြန်လည် ထူထောင်စ ၎င်းတို့နိုင်ငံများ၏ စီးပွားရေးကို ခက်ခဲစေခဲ့သည်။
ယူကရိန်းစစ်ပွဲအတွင်းက အခြေအနေကိုတွေ့ရစဉ် (AP)
အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ရေနံဈေးကို လျှော့ချရေး ဘိုင်ဒန်၏ ဆော်ဒီနိုင်ငံအပေါ် ပြောဆို စည်းရှုံးမှုများသည် အောင်မြင်ခဲ့ခြင်း မရှိပေ။
ဆော်ဒီ ဦးဆောင်သည့် OPEC အဖွဲ့က ရေနံထုတ်လုပ်မှုကို တိုးမြှင့်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အခြား သော အနောက်အုပ်စု ခေါင်းဆောင်များကလည်း ၎င်းတို့၏ နည်းလမ်းများဖြင့် ကြိုးစားခဲ့ကြသည်။
ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဇ် ရှလို့ဇ် ( Olaf Scholz) သည် ရုရှားမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ နေရာ အစိုးရန် အတွက် ရှာဖွေရန် ပင်လယ်ကွေ့ ဒေသသို့ လာရောက်ခဲ့သည်။
သို့သော် တရုတ်ဘက်က ၎င်းတို့ကို ကျော်ဖြတ်ကာ ဒေါ်လာ ဘီလီယံ ပေါင်းများစွာ တန်ကြေးရှိသော တင်ဒါ စာချုပ်များကို ဒေသတွင်း အုပ်ချုပ်သူများနှင့် ချုပ်ဆိုနိုင်ခဲ့သည်။
ပင်လယ်ကွေ့ ဒေသအတွက် ကစားပွဲအသစ်တွင် စွမ်းအင်ကဏ္ဍသည် အဓိကကျသော်လည်း အမေရိကန်ကတော့ ဒေါသထွက်ရန် တခြားကိစ္စများလည်း ရှိနေသေးသည်။ ယခု ကစားပွဲအသစ်မှာ ယခင်ကထက်ပို၍ ရက်စက် ကြမ်းကြုတ်မှုများလည်း ရှိနေသည်။
အမေရိကန်သည် အရေးပါဆုံး အာဏာလွှမ်းခြုံ ထားနိုင်မှုကို မြှင့်တင်ရန် ဘိုင်ဒန်၏ ကသိုက်ကရိုက် ကြိုးပမ်းမှုက အရှေ့အလယ်ပိုင်းနှင့် တခြားသော ဒေသများတွင် အမေရိကန်၏ လိုအပ်ချက်ကြောင့် လစ်ဟာသွားသော နေရာ များကို တရုတ်က အစားထိုး ဝင်ရောက်လိုခြင်း၊ ဝင်ရောက်နိုင်ခြင်း စသည်တို့ကို ထိတ်လန့်ခြင်းမှ အခြေခံသည်။
ထိုအခြေအနေများကြောင့် အမေရိကန်၏ အာရှဗဟိုပြု မူဝါဒများ ပေါ်ပေါက် လာရခြင်းလည်း ဖြစ်သည်။
အာဆီယံနိုင်ငံများ အစည်းအဝေး ကျင်းပနေစဉ် (GETTY IMAGES)
တရုတ်က ယခင်အချိန်များထက် ပိုမိုကြီးမားသော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ရရှိရန် အရှေ့အလယ်ပိုင်း နှင့် ပင်လယ်ကွေ့ ဒေသတို့တွင် အားစိုက် ဆောင်ရွက်နေစဉ် အမေရိကန်သည် တရုတ်၏ မြင့်တက်လာမှုကို ထိန်းသိမ်းရန် မူဝါဒများ ပြောင်းလဲ ဆောင်ရွက်လာနေသည်။
တရုတ်သည် ဒီဂျိုဘူတီ (Djibouti) တွင် ရေတပ် အခြေစိုက် စခန်းတစ်ခု တည်ဆောက်ကာ ပါရှန်ပင်လယ်ကွေ့ တွင် စစ်သင်္ဘောအုပ်စုငယ်များ ပို့ဆောင်ထားသည်။
ထို့အပြင် တရုတ်သည် အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ ယူအေအီး၊ အီရန်တို့ဖြင့်လည်း မဟာဗျူဟာမြောက် မိတ်ဖက် သဘောတူညီချက်များ ရရှိထားသည်။ အလားတူ ရုရှား၊ အီရန်တို့ဖြင့်လည်း ကြီးမားသော ရေတပ်စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ထားသည်။
စွမ်းအင် လိုအပ်ချက် နည်းသော အမေရိကန်နှင့် မတူသည်မှာ တရုတ်သည် စီးပွားရေး တိုးတက်မှု၊ စစ်ရေး ယန္တရားများနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ရှိနေမှုတို့ကို ထိန်းသိမ်းတိုးမြှင့်ရန် ပင်လယ်ကွေ့ဒေသမှ ရေနံနှင့် ဓာတ်ငွေ့ကို လိုအပ်သည်။
အဆိုပါ အခြေအနေများသည် အမေရိကန်ကို ဒေါသဖြစ်စေသည်။ စူပါပါဝါနိုင်ငံ တစ်ခုအနေဖြင့် အမေရိကန်သည် အရှေ့အလယ်ပိုင်း ဒေသကို စစ်ရေး၊ နိုင်ငံရေး စသည်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးထားသည်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကိုတွေ့ရစဉ် (GETTY IMAGES)
ထို့အပြင် အမေရိကန်သည် ပါရှန်ပင်လယ်ကွေ့တွင် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွဝ်ရန် လိုအပ်လာပါက စစ်အင်အား အသုံးပြုခွင့်ကိုလည်း ရရှိထားသည်။
GCC နှင့် တရုတ်ဆက်ဆံရေးက သံတမန်ရေးရာ အခြေအနေသစ် တစ်ခုနှင့် ပထဝီဝင် နိုင်ငံရေးဆိုင်ရာ တင်းမာ မှုများအထိ ဖြစ်လာနိုင်ဖွယ် ရှိနေသည်ဟု အမေရိကန်မှ ပြောဆိုမှုများ ရှိလာနိုင်သော်လည်း ထိုကိစ္စကို အဆုံး အဖြတ် ပေးမှာသည် တရုတ်၏ ပြန်လည် ပြင်ဆင်ရေးဝါဒအပေါ်တွင် မူတည်သည်။
ဆိုဗီယက်ယူနီယံနှင့် မတူသည်မှာ တရုတ်က အနောက်အုပ်စု ဦးဆောင်သည့် နိုင်ငံတကာစနစ် အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ထားကာ တခြားသော ကမ္ဘာ့မူဝါဒတစ်ခုနှင့် ကမ္ဘာကို လွှမ်းမိုးရန် ကြိုးပမ်းခြင်းမျိုး မဟုတ်ပေ။
၎င်းက မျှတစွာ ပါဝင်သူ တစ်ဦးအနေဖြင့် ကမ္ဘာ့လမ်းစဉ် အသစ်တစ်ခု၏ မူဝါဒများကို ပူးတွဲဖော်ဆောင်သွားရန် ပြောဆိုထားသည်။
အင်အား ကြီးမားလာခြင်းနှင့် အင်အား လွှမ်းမိုးထားခြင်းတို့က ပေးဆပ်မှုများသော ထိပ်တိုက် တွေ့ဆုံမှုများကို ဖြစ်စေကြောင်း သမိုင်းအခြေအနေများက ပြသခဲ့ပြီး ဖြစ်သည်။
ထိုနည်းတူစွာပင် လိုက်လျောညီထွေဖြစ်မှု၊ ပေါင်းစည်းမှုတို့လည်း ထိပ်တိုက် တွေ့ဆုံခြင်းနှင့် ပြိုလဲခြင်းတို့မှ ကာကွယ်ပေးနိုင်သည်ကို သမိုင်းအခြေအနေများမှ လေ့လာခဲ့ရပြီး ဖြစ်သည်။
ပဋိပက္ခပေါင်းစုံနှင့် စစ်ပွဲများစွာဖြင့် ရင်ဆိုင်ခဲ့ရပြီးဖြစ်သော အရှေ့အလယ်ပိုင်း ဒေသထက် မည်သည့် ကမ္ဘာ့ဒေသ ကမှ ထိုအရာများ၏ အကျိုးအပြစ်များကို ပို၍ သိနိုင်လိမ့်မည် မဟုတ်ပေ။
Source: Al Jazeera