CNI International Article

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇

ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းသည် အာဆီယံအဖွဲ့အတွက် စိတ်လှုပ်ရှားစရာ အကောင်း ဆုံး ကာလများထဲတွင် တစ်ခု အပါအဝင် ဖြစ်လာပေလိမ့်မည်။

ပင်လယ်ပြင် အခြေပြု နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်သည် မပြတ်ဆုံးနိုင်သေးသည့် ပြဿနာများနှင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။

မကြာသေးမီ သီတင်းပတ်များအတွင်း ပထဝီနိုင်ငံရေး အခြေအနေ အပြောင်းအလဲများသည် အရှိန်အဟုန်ဖြင့် မြန်ဆန်လာခဲ့၍ အာဆီယံဥက္ကဋ္ဌ နေရာကို ရယူမည့် ဖိလစ်ပိုင်အတွက် ကြီးမားသည့် နိုင်ငံရေးလှိုင်းလုံး  ရိုက်ခတ်မှု ဒဏ်ကို ခံနိုင်ရည်ရှိစေရန် သံတမန်ရေးရာ ကျွမ်းကျင်မှုများ လိုအပ်မည်ဖြစ်သည်။

ယခုနှစ် ဖိလစ်ပိုင်၏ အာဆီယံဥက္ကဋ္ဌ တာဝန်ယူမှုအတွက် သတ်မှတ်ထားသော ဆောင်ပုဒ်မှာလည်း လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေနှင့် ကိုက်ညီမှုရှိနေသည်။

ထိုဆောင်ပုဒ်မှာ "အတူတကွ ပေါင်းစည်းပြီး အနာဂတ်ခရီး သွားကြမည်" (Navigating the Future, Together) ဆိုသည့် ဆောင်ပုဒ်ဖြစ်သည်။

လက်ရှိတွင် အာဆီယံအဖွဲ့သည် အဖွဲ့ဝင် (၁၁) နိုင်ငံဖြင့် ပိုမိုတက်ကြွလှုပ်ရှားနေပြီး၊ ပါပူအာနယူးဂီနီနိုင်ငံ ကလည်း အဖွဲ့ဝင်ဖြစ်ရန် စောင့်ဆိုင်းလျက်ရှိသည်။

စင်စစ်အားဖြင့် ပါပူအာနယူးဂီနီသည် ၁၉၈၆ ခုနှစ်ကတည်းက လေ့လာသူ နိုင်ငံအဆင့်အဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ပါပူအာနယူးဂီနီနိုင်ငံသည် အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ရရန် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသည် ပါပူအာနယူးဂီနီနိုင်ငံကို အဖွဲ့ဝင်ဖြစ်ရေးအတွက် အင်တိုက်အားတိုက် ထောက်ခံခဲ့သည်။

အရှေ့တီမောနိုင်ငံသည် အာဆီယံအဖွဲ့ဝင် ဖြစ်လာခဲ့ပြီဖြစ်သဖြင့် ပါပူအာနယူးဂီနီနိုင်ငံကို အချိန်ဆွဲထားခြင်းသည် မမျှတရာ ရောက်လိမ့်မည်ဖြစ်သည်။

မလေးရှားထံမှ ဖိလစ်ပိုင်က အာဆီယံဥက္ကဋ္ဌ တာဝန်လွှဲပြောင်းလက်ခံနေစဉ်

ထို့ကြောင့် မကြာသေးမီက ဖိလစ်နိုင်ငံ၊ ဆီဘူး (Cebu) မြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေး၌ အာဆီယံဝန်ကြီး များက ပါပူအာနယူးဂီနီ၏ အဆင့်အတန်းကို အာဆီယံ၏ အထူးလေ့လာစောင့်ကြည့်သူ နိုင်ငံအဖြစ် မြှင့်တင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရန် အချိန်တန်ပြီဖြစ်ပြီး ပါပူအာနယူးဂီနီသည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Apec) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။

ယခုအချိန်တွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇာရို (Theresa Lazaro) က တစ်ကြိမ်ပြီး တစ်ကြိမ် ဖြစ်ပေါ်လာသည့် ဖိအားများကို ကိုင်တွယ် ဖြေရှင်းရန်အတွက် အာဆီယံအနေဖြင့် ပိုမိုခိုင်မာစွာ စုစည်းရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

သတိပြုရမည့်အချက်မှာ တစ်ချိန်က ဆွေးနွေးဖက် နိုင်ငံသစ်များကို လက်ခံရန် ပွင့်လင်းမှုရှိခဲ့သော အာဆီယံသည် ယခုအခါတွင် ဆွေးနွေးဖက်အသစ်များ လက်ခံခြင်းအပေါ် ကန့်သတ်ချက် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်က တူရကီနိုင်ငံသည် အာဆီယံ၏ အပြည့်အဝ ဆွေးနွေးဖက်နိုင်ငံ (full dialogue partner) ဖြစ်လာရန် မျှော်လင့်ခဲ့သော်လည်း အာဆီယံအဖွဲ့အတွင်း သဘောတူညီမှု မရရှိခဲ့သောကြောင့် ဖြစ်မလာခဲ့ပေ။

ဗြိတိန်သည် ၂၀၂၁ ခုနှစ်တွင် ဥရောပသမဂ္ဂမှ နုတ်ထွက်သည့် Brexit အပြီး အာဆီယံ၏ အပြည့်အဝ ဆွေးနွေးဖက် နိုင်ငံအဖြစ် ဝင်ခွင့်ရခဲ့သည့် နောက်ဆုံးနိုင်ငံဖြစ်သည်။

အခြားနိုင်ငံ အများအပြားကလည်း အပြည့်အဝ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်လာရန် စိတ်ဝင်စားမှုကို ထုတ်ဖော် ပြသထား ကြသည်။

အာဆီယံအနေဖြင့် ခန့်မှန်းရခက်သော ကမ္ဘာ့အခြေအနေတွင် မိတ်ဖက် အဖွဲ့အစည်းများ တိုးချဲ့ခြင်းသည် အလွန်အရေးကြီးသည်ဟု ယုံကြည်ထားသည်။

သို့သော် အာဆီယံသည် အဖွဲ့ဝင် အရေအတွက် အပေါ်၌သာ အာရုံစိုက်နေခြင်း မဟုတ်ဘဲ မိတ်ဖက်ပြုမှုများသည် အာဆီယံ၏ ဗဟိုကျမှုနှင့် စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် သေချာ လုပ်ဆောင်ရမည်ဖြစ်သည်။

ထိုသို့သော ဆက်ဆံရေးများသည် အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာတွင် ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးကို မြှင့်တင်ပေးနိုင်ရမည်ဖြစ်သည်။

လက်ရှိတွင် အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ဖိလစ်ပိုင်သည် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးစာချုပ်(TAC) ဆိုင်ရာ လမ်းညွှန်ချက်များ ပြင်ဆင်ရေးကို ကြီးကြပ်လုပ်ဆောင်နေသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်

ဖိလစ်ပိုင် လက်ထက်တွင် အာဆီယံသည် TAC စာချုပ်ထဲ၌ ပါဝင်သည့်နိုင်ငံများ (HCPs) အနေဖြင့် မည်သို့ ထိတွေ့ ဆက်ဆံရမည်ဆိုသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက်သစ်များကို ဖော်ဆောင်သွားမည် ဖြစ်သည်။

ယခုနှစ်တွင် TAC စာချုပ်သည် အနှစ် ၅၀ ပြည့်မြောက်ပြီ ဖြစ်သဖြင့် စာချုပ်၌ လက်မှတ် ရေးထိုးထားသည့် နိုင်ငံ အားလုံးအနေဖြင့် စာချုပ်ပါ တန်ဖိုးထားမှုများနှင့် မူဝါဒများကို လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် လိုက်နာ စောင့်ထိန်းကြစေရန် အာဆီယံက ဆန္ဒရှိနေသည်။

ထိုမူဝါဒသည် အာဆီယံ၏ ယခင်က ကျင့်သုံးခဲ့သော အဖွဲ့၏ လွှမ်းမိုးမှုကို ပြသရန်အတွက် လက်မှတ်ရေးထိုးသည့် နိုင်ငံအရေအတွက် တိုးချဲ့ရေးကို ဦးစားပေးသည့် မူဝါဒမှ ခွဲထွက်လိုက်ခြင်းလည်း ဖြစ်သည်။

အာဆီယံဝန်ကြီးများသည် မြန်မာ့အရေးနှင့် တောင်တရုတ်ပင်လယ်အရေး နှစ်ခုလုံးအပေါ် ညီညွတ်စွာ ရပ်တည်ခဲ့ ကြပြီး ဘုံသဘောတူညီချက်နှင့် စုပေါင်းလှုပ်ရှားမှုတို့၏ အရေးပါပုံကို အလေးပေး ပြောကြားခဲ့ကြသည်။

ဖိလစ်ပိုင်သည် အစည်းအဝေး မတိုင်မီကတည်းက မြန်မာနိုင်ငံ အတွင်းနှင့် အပြင်ရှိ သက်ဆိုင်သူများနှင့် ထိတွေ့ ဆက်ဆံမှုများကို ဆောလျင်စွာ စတင်လုပ်ဆောင်ခဲ့သည်။

ထို့ပြင် အာဆီယံသည် မြန်မာ့တပ်မတော် အစိုးရက အပြည့်အဝ အကောင်အထည်ဖော်ရမည့် ဘုံသဘောတူ ညီချက် ၅ ရပ် အပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်နေသည်။

မြန်မာနိုင်ငံသည် အာဆီယံ၏ ခွဲထုတ်၍မရသော အစိတ်အပိုင်း တစ်ခုအဖြစ် ဆက်လက် ရှိနေဆဲဖြစ်ကြောင်း ကိုလည်း အာဆီယံရှင်းလင်းစွာ ပြောကြားထားသည်။

သို့သော် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံနှင့် ပြန်လည် ပူးပေါင်းလိုသည့် ဆန္ဒနှင့် ပူးပေါင်း နိုင်စွမ်းရှိကြောင်းကို လက်တွေ့ လုပ်ဆောင်ချက်များဖြင့် သက်သေပြရမည်ဖြစ်သည်။

တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ကျွန်းတုများ တည်ဆောက် ခြင်းနှင့် တင်းမာမှုကို မြင့်တက်စေနိုင်သော ပြင်းထန်သည့် ဖြစ်ရပ်များအပေါ် စိုးရိမ်ကြောင်း ဖော်ပြထားသည်။

ယခင် အစည်းအဝေးများတွင် ကဲ့သို့ပင် အာဆီယံသည် နိုင်ငံတကာ ဥပဒေများနှင့်အညီ မိမိကိုယ်ကို ထိန်းထိန်း သိမ်းသိမ်း လုပ်ဆောင်ကြရန်၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်တို့ကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။

ဖိလစ်ပိုင်၏ အာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်း ၂၀၀၂ ခုနှစ်ကတည်းက စတင်ခဲ့သည့် ပင်လယ်ပြင်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း (COC) ဆွေးနွေးညှိနှိုင်းမှုများသည် ပိုမိုမြန်ဆန်ပြီး ထိရောက်လာဖွယ်ရှိသည်ဟု မျှော်လင့် ရသည်။

အာဆီယံအစည်းအဝေး ကျင်းပနေစဉ်

အာဆီယံနှင့် တရုတ်ခေါင်းဆောင်များသည် COC ကို ယခု ၂၀၂၆ ခုနှစ်တွင် အပြီးသတ်ရန်  သတ်မှတ်ခဲ့ကြသည်။ သို့သော် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်ပြီး အဓိကပြဿနာအချို့မှာ ယနေ့တိုင် ပြေလည်ခြင်း မရှိသေးပေ။

ထိုကဲ့သို့ ကြီးမားသော စိန်ခေါ်မှုများအပြင် အာဆီယံအဖွဲ့ဝင် ဝန်ကြီးများသည် ဖိလစ်ပိုင်၏ ဦးစားပေး စီးပွားရေး လုပ်ငန်းစဉ် ၁၉ ရပ် ကို အတည်ပြုခဲ့ကြသည်။

ထိုလုပ်ငန်းစဉ်များမှာ အဖွဲ့ဝင်နိုင်ငံများကြား ရင်းနှီးမြှုပ်နှံမှုများကို အားကောင်းစေရန် ရည်ရွယ်ပြီး ဒစ်ဂျစ်တယ် စီးပွားရေးနှင့် ဆန်းသစ် တီထွင်မှုတို့ကို ဦးစားပေးထားသည်။

ထို့ပြင် အာဆီယံ ဒစ်ဂျစ်တယ် စီးပွားရေး မူဘောင်သဘောတူညီချက် (ASEAN Digital Economy Framework Agreement) ကို အပြီးသတ်နိုင်ခဲ့ပါက ထိုသဘောတူညီချက်သည် ကမ္ဘာ့ ပထမဦးဆုံးသော ဒစ်ဂျစ်တယ် စီးပွားရေးမူဘောင် ဖြစ်လာနိုင်ပြီး နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများအတွက် စံပြနမူနာတစ်ခု ဖြစ်လာ နိုင်သည်။

လက်ရှိတွင် အာဆီယံသည် ဒစ်ဂျစ်တယ် ကုန်သွယ်ရေး တိုးချဲ့ရန်နှင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် မျှော်လင့်နိုင်ပြီဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် ဒစ်ဂျစ်တယ် ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ထရီလျံ (ဘတ် ၆၃.၄ ထရီလျံခန့်) အထိ ရောက်ရှိလာနိုင်ခြေရှိသည်။

သို့သော် ဖိလစ်ပိုင်၏ အာဆီယံဥက္ကဋ္ဌတာဝန် အောင်မြင်မှုရှိ၊ မရှိဆိုသည်မှာ အချက် ၂ ချက်ပေါ်၌သာ မူတည် နေပါသည်။

ပထမအချက်မှာ ဖိလစ်ပိုင်ကိုယ်တိုင် အဓိကနေရာမှ ပါဝင်နေသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ် စည်းကမ်း (COC) ကို အပြီးသတ်နိုင်ရေး ဖြစ်သည်။

ဒုတိယအချက်မှာ ဖိလစ်ပိုင်သည် ၎င်း၏ ပြည်တွင်းရေး ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် အတွေ့အကြုံ များကို အခြေခံပြီး မြန်မာ့အရေးကို ဖြေရှင်းရာတွင် ပိုမို ပါဝင်ကူညီပေးနိုင်ရေး ဖြစ်ပေသည်။

Source: ဘန်ကောက်ပို့စ်