CNI Article

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၀

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာ့တပ်မတော်မှ အာဏာကို ရယူခဲ့သည်မှာ သုံးနှစ်ခွဲနီးပါး ကြာမြင့်လာခဲ့သည်။

သို့သော် မြန်မာနိုင်ငံ၏ အကျပ်အတည်းမှာ ဖြေရှင်းနိုင်မည့် အရိပ်အယောင် ထွက်ပေါ်လာခြင်း မရှိသေးပေ။ 

နစကနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAO) များအကြား ပြင်းထန်စွာ ဖြစ်ပွားနေသည့် တိုက်ပွဲများသည် လည်း အဆုံးသတ်မည့်လမ်း မမြင်တွေ့ရသေးပေ။

EAO အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့်အတူ မြန်မာနိုင်ငံ၏ အခြေအနေသည် ပိုမိုဆိုးရွားလာခဲ့သည်။ 

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက မြောက်ပိုင်းမဟာမိတ်(AA-TNLA-MNDAA)၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ချိန်ကစပြီး မြန်မာ့တပ်မတော်သည် တရုတ်၊ ထိုင်းနှင့် အိန္ဒိယ နယ်စပ်အနီးရှိ နေရာဒေသများ အပါအဝင် မြေပြင်ထိန်းချုပ်မှု ကို ဆုံးရှုံးခဲ့ရသည်။

ပြီးခဲ့သည့် ၁၀ လကျော်အတွင်း EAO များသည် တိုက်ပွဲများကို အသာစီး ရယူတိုက်ခိုက်နိုင်ခဲ့သည်။ 

လာအိုနိုင်ငံ၊ ဗီယန်ကျင်း (Vientiane) မြို့တော်တွင် ဇူလိုင် ၂၁ ရက်မှ ၂၇ ရက်အထိ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး (AMM) ပြုလုပ်ရန် စီစဉ်ထားမှုနှင့်အတူ အာဆီယံအဖွဲ့သည် မြန်မာ့အရေးကို မည်ကဲ့သို့ ချဉ်းကပ် လုပ်ဆောင်မည်ဆိုသည့် အချက်အပေါ် အဖြေရှာရန် ရုန်းကန်နေရသည်။

လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုကမူ မြန်မာ့အရေးအတွက် အာဆီယံ၏ အချက် ၅ ချက်ပါ သဘောဆန္ဒ ထုတ်ပြန်ချက် (5PC)ကို အခိုင်အမာ ထောက်ခံထားသည်။

အာဆီယံအဖွဲ့ဝင် အချို့ကလည်း အနာဂတ်တွင် နိုင်ငံရေးဆွေးနွေးမှုများကို ဖြစ်ပေါ်လာစေနိုင်ရန်အတွက် မြန်မာ့အရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ချဉ်းကပ်လုပ်ဆောင်ရန် ဆန္ဒရှိနေကြသည်။

 မြန်မာလူထု အာဆီယံကို တောင်းဆိုနေစဉ်

လာအိုနိုင်ငံသည် 5PC အကောင်အထည်ဖော်မှုကို ပြန်လည်စိစစ်သုံးသပ်ရန် ယခင်အာဆီယံဥက္ကဋ္ဌနိုင်ငံနှင့် အနာဂတ်အာဆီယံဥက္ကဋ္ဌ နိုင်ငံများဖြင့် အလွတ်သဘော အစည်းအဝေးများ ပြုလုပ်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပထမဆုံး အဆိုပြုချက်ကို တင်သွင်းခဲ့သော်လည်း အများသဘောဆန္ဒအရ ထောက်ခံမှု မရခဲ့ပေ။ 

ယခုနှစ် အစောပိုင်းတွင်မူ ထိုင်းနှင့် မြန်မာအကြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အစီအစဉ် အကောင်အထည်ဖော်မှုအပြီးတွင် နိုင်ငံရေးအရ သုံးပွင့်ဆိုင်အဖွဲ့ ဖွဲ့စည်းရေးကို စိစစ်သုံးသပ်ခဲ့သည်။

မည်သို့ပင်ဆိုစေ ထိုင်း၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့် ပန်ပရီ ဘာဟစ်ဒါ နျူကာရာ (Parnpree Bahiddha-Nukara) သည် မေလက နုတ်ထွက်သွားခဲ့သဖြင့် ထိုင်းနိုင်ငံ၏ အကူအညီပေးရေး အစီအစဉ်များကို ရှေ့ဆက်ဆောင်ရွက်မည့် အားထုတ်ကြိုးပမ်းမှုများ ကြန့်ကြာခဲ့သည်။

လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသည် မြန်မာ့အကျပ်အတည်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည့် အထူးကော်မတီ အတွက် အကြီးအကဲအသစ်ကို ခန့်အပ်ရခြင်း မရှိသေးပေ။ ယခင်က ထိုကော်မတီကို မစ္စတာ ပန်ပရီက ဦးဆောင် ခဲ့ခြင်းဖြစ်သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံများ၏ အစည်းအဝေးများသည် ၎င်းတို့၏ သက်ဆိုင်ရာ ခေါင်းဆောင်များအောက် တွင် တိုးတက်မှု အလားအလာကို ဆက်လက် ထိန်းသိမ်းရန် အလွန်အရေးကြီးသည်။

ထိုအစည်းအဝေးများသည် အနာဂတ်တွင် မြန်မာ့အရေး၌ အင်ဒိုနီးရှားနှင့် မလေးရှားတို့ ပါဝင်လာမှု၏ အခန်း ကဏ္ဍကို ဖော်ပြပေးနိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အင်ဒိုနီးရှားသည် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အစည်းအဝေးပေါင်း ၁၀၀ ကျော် ပြုလုပ်ခဲ့သည်။ 

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီမှုနှင့်ပတ်သက်၍ ထိုင်းသည် ကုလသမဂ္ဂ၏ အထူးအေဂျင်စီများ၊ အထူးသဖြင့် အစားအသောက်၊ ကျန်းမာရေးလုံခြုံမှုနှင့် ဆက်နွှယ်သည့် မိတ်ဖက်အဖွဲ့များ ပါဝင်လာစေရန် ရည်မှန်းထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အသစ် ဂျီလီ ဘစ်ရှော့ (Julie Bishop) သည် အာဆီယံအနှံ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်ပြီး မျက်မြင်ကိုယ်တွေ့ လေ့လာခဲ့သည်။

ထိုင်းနိုင်ငံသို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့သည့် ၎င်း၏ခရီးစဉ်တွင် ဘစ်ရှော့က မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံနှင့် သက်ဆိုင်ရာ အဖွဲ့များအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာ (Maris Sangiampongsa) ကို ပြောကြားခဲ့သည်။ 

ဦးသိန်းစိန်နဲ့ရှီကျင့်ဖျင် လက်ဆွဲနှုတ်ဆက်နေစဉ်

AMM အစည်းအဝေး မတိုင်မီ လက်ရှိ အာဆီယံ အထူးသံတမန်ဖြစ်သည့် အလွန်ကီယို ကစ်တီခွန်း (Alounkeo Kittikhoun) သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးကဲ့သို့ နစကထံမှ လိုက်လျောချက်များ ပိုမိုရရှိရန် ကြိုးပမ်းခဲ့သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်များကို ချဲ့ထွင်ခဲ့သည်။

ထိုကိစ္စရပ်များတွင် ထိရောက်သည့် တိုးတက်မှုများမရှိဘဲ မြန်မာထိပ်သီး အရာရှိတစ်ဦးအား အာဆီယံ၏ နှစ်စဉ် ညီလာခံကို တက်ရောက်ရန် ဖိတ်ကြားမှုသည် အာဆီယံဥက္ကဋ္ဌအတွက် ခက်ခဲစေလိမ့်မည်ဖြစ်သည်။

ဇန်နဝါရီလက လာအိုသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန်ကို အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။ 

မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နေရာမှ ဖယ်ရှားခံရပြီး ထိုဥက္ကဋ္ဌနေရာကို ဖိလစ်ပိုင်က ရယူမည်ဖြစ်သည်။

ထိုအချိန်အတောအတွင်း အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့သည် NUG ၏ ပြည်ပရောက် ကိုယ်စားလှယ်များနှင့် ဆက်သွယ်မှုများကို တိုးမြှင့်ပြုလုပ်ခဲ့ကာ နစကကို ဖိအားပေးခဲ့သည်။

သို့သော် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် NUG ကို အသိအမှတ်ပြုရန် အဆင်သင့်မဖြစ်သေးပေ။ 

ရှေ့ဆက်မျှော်မှန်းကြည့်ရှုရမည်ဆိုပါက  5PC သည် အာဆီယံ၊ အာဆီယံ၏ အင်အားကြီး မိတ်ဖက်နိုင်ငံများ ဖြစ်သည့် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား အပါအဝင် မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ လိုက်နာ ရမည့် ထိရောက်သော မူဘောင်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။ 

မကြာသေးမီက အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ခရစ်တန် ဘရင့် ( Daniel Kritenbrink) သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် မြန်မာထိပ်သီး အရာရှိများနှင့် ဒုတိယ အကြိမ် အစည်းအဝေး ပြုလုပ်ခဲ့ခြင်းသည် အမေရိကန်အစိုးရအနေဖြင့် နစကနှင့် ချိတ်ဆက် ဆောင်ရွက်လိုသည့် ဆန္ဒကို ဖော်ပြခြင်းဖြစ်သည်။

ပထမအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် မြန်မာနိုင်ငံမှ ထိပ်သီး အဆင့် မဟုတ်သည့် အရာရှိများနှင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အကြား မြန်မာနှင့် အမေရိကန်အကြား ပုံမှန်ဆက်ဆံရေးရှိခဲ့သည်။ 

လက်ရှိတွင် နစကနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ခြင်းသည် ဒေသတွင်း အဓိကကျသည့် နိုင်ငံများနှင့်အတူ ၎င်း၏ အခန်းကဏ္ဍကို မြှင့်တင်လိုသည့် အမေရိကန်၏ စိတ်အားထက်သန်မှုကို ပြသခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း စိစပ်နေသည့် တရုတ်နှင့် အိန္ဒိယတို့ကလည်း ၎င်းတို့၏ နယ်မြေများကို ထိန်းသိမ်းရန် နစက၊  EAO များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဇွန်လက တရုတ်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုဆိုင်ရာ မူဝါဒ ၅ ချက်၏ နှစ်ပေါင်း ၇၀ ပြည့် နှစ်ပတ် လည်ကို တက်ရောက်ရန် မြန်မာနိုင်ငံ၏ သမ္မတဟောင်း ဦးသိန်းစိန်ကို ဖိတ်ကြားခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်၏ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည်လည်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို တက်ရောက်ရန် ရှန်တုံ (Shandong) ပြည်နယ်၊ ချင်တောင်း ( Qingdao) မြို့သို့ သွားရောက်ခဲ့သည်။

မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေချိန်တွင် အဆိုပါ ထိပ်သီးအဆင့် ခရီးစဉ်များ ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။ 

 ဒုတိယဗိုလ်ချုပ်မှူးကြီးစိုး၀င်း တရုတ်ကို သွားစဉ်

အနာဂတ်တွင် ထိုထိပ်သီး ခေါင်းဆောင်နှစ်ဦးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဖိတ်ကြားမှုစာရင်းတွင် ပါဝင်လာနိုင်ခြေရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်တွင် ပြုလုပ်သည့် Bimstec နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S Jaishankar) သည် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အိန္ဒိယ၏ ကူညီ ထောက်ပံ့မှုကို ထပ်လောင်းပြောကြားခဲ့သည်။

အိန္ဒိယသည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် နိုင်ငံများအတွက် တရားမဝင် မူးယစ်ဆေးဝါးများ၊ လက်နက်များ ကုန်ကူးမှုနှင့် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင် လာသူများကဲ့သို့ အဓိက ပြဿနာများကို ဖြေရှင်းရန် ထိုင်းနိုင်ငံက စတင်လုပ်ဆောင်ခဲ့သည့် Track 1.5 အစည်းအဝေးကို အခိုင်အမာ ထောက်ခံခဲ့သည်။

Bimstec အစည်းအဝေးတွင် ထိုင်း၊ အိန္ဒိယနှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်တွေ့ဆုံခဲ့ကာ ၎င်းတို့၏ စိုးရိမ်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အာဆီယံသည် မြန်မာ့အရေးတွင် ရုရှား၏ အခန်းကဏ္ဍကိုလည်း အနီးကပ် စောင့်ကြည့်ခဲ့သည်။ အစော ပိုင်းက ရုရှားသည် 5PC ကို အလေးထား ထောက်ခံခဲ့ခြင်းမရှိဘဲ မြန်မာ့အရေးတွင် ထဲထဲဝင်ဝင် မပါဝင်ခဲ့ပေ။

ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာ၏ ဖယ်ကြဉ်မှုခံနေရချိန်တွင် ရုရှားသည် ကမ္ဘာ့တောင်ခြမ်း၊ အထူးသဖြင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဆက်ဆံရေးများကို မြှင့်တက်လျက်ရှိသည်။

ထို့ကြောင့် ပထဝီနိုင်ငံရေး အပြောင်းအလဲများနှင့်အတူ အာဆီယံ၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယနှင့် ရုရှားတို့သည် 5PC ကို အပြည့်အဝ အကောင်အထည်ဖော်ရန် မြန်မာ့တပ်မတော်ကို ဖိအားပေးနိုင်သည့် အင်အားစုများအဖြစ် ရှိနေသည်ဟု ယူဆနိုင်ပေသည်။

Source: ဘန်ကောက်ပို့စ်