CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၈
ပရီးမီးယားလိဂ် တန်းတက်ကလပ် ဘန်လေအသင်းဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ အဲရစ်ဆန်ဟာ ကမ်းလှမ်းမှု အများအပြား ရရှိထားပြီး ချန်ပီယံရှစ်ကလပ် ရက်ဇ်ဟမ်း အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားပါတယ်။
အနောက်ဥရောပမှာ နေဖို့ဆန္ဒရှိနေတဲ့ အဲရစ်ဆန်ကို ဘန်လေအသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်ပြီး ကစားအောင် ဆွဲဆောင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဂျာမနီနဲ့ စပိန်ကလပ် အသင်းတွေကလည်း အဲရစ်ဆန်ရဲ့ အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။
အဲရစ်ဆန်ကို တွေ့ရစဉ်
မန်စီးတီးအသင်း နောက်ခံလူဟောင်း ဝေါ်လ်ကာကို ခေါ်ယူထားတဲ့ ဘန်လေအသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်ပြီး ရှိနေနိုင်ဖို့အတွက် အတွေ့အကြုံရှိတဲ့ အဲရစ်ဆန်ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
အဲရစ်ဆန်သာ အသင်းထံ လာရောက်ဖို့ လမ်းဖွင့်မယ်ဆိုရင် ဘန်လေအသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့် ပွဲစဉ်မတိုင်မီ ခေါ်ယူမှုကို အပြီးသတ်ချင်နေတာပါ။
စကော့ပါကား ကိုင်တွယ်နေတဲ့ ဘန်လေအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား အများအပြား ခေါ်ယူ အားဖြည့်ထားပြီး ချယ်လ်ဆီးအသင်းက အူဂိုချူကွီနဲ့ နယူးကာဆယ်အသင်းက ဒူဘရာ့ဗ်ကာတို့ကို နောက်ဆုံး ခေါ်ယူထားပါတယ်။
ဘန်လေအသင်းဟာ ရာသီကြို ခြေစမ်းပွဲ ၅ ပွဲ ကစားထားတာမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲ ရှုံးနိမ့်ထားပြီး သြဂုတ် ၉ ရက်မှာ လာဇီယိုအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ ရှိနေတာပါ။
ဘန်လေအသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် စပါးအသင်း အိမ်ကွင်း သွားရောက် ကစားရမှာဖြစ်ပြီး ယူနိုက်တက်၊ လီဗာပူးလ်၊ မန်စီးတီးအသင်းတို့နဲ့ ပွဲကြပ်တွေ ကစားရဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။
Source: Goal