CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၈

ဘန်လေအသင်းဟာ မယ်ဒယ်ဘရော့အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီးနောက် လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲရဲ့ ပွဲချိန် ၁၂ မိနစ်မှာ ဘားနတ်စ်က ဘန်လေအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် ၄၈ မိနစ်မှာ အက်ပွန်က မယ်ဒယ်ဘရော့အတွက် ချေပဂိုး ပြန်သွင်းပေးခဲ့လို့ ၁ ဂိုးစီ သရေကျနေခဲ့တာပါ။

ဒါပေမယ့် ၆၆ မိနစ်မှာ ရော်ဘတ်စ်က ဘန်လေအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့လို့ ဘန်လေအသင်း နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘန်လေအသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံရှစ် ပြိုင်ပွဲပြီးဆုံးဖို့ ၇ ပွဲအလိုမှာ တတိယနေရာက လူတန်အသင်းကို ၁၉ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ လူတန်အသင်းဟာ ဘန်လေအသင်းထက် ၁ ပွဲ ပိုကစားထားတာကြောင့် ဘန်လေအသင်းဟာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ဖို့ သေချာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ရာသီကမှ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ကို တန်းဆင်းခဲ့တဲ့ ဘန်လေအသင်းဟာ တစ်ရာသီအကြာ မှာပဲ နည်းပြ ကွန်ပနီရဲ့ ဦးဆောင်မှုနဲ့ လာမယ့်နှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည် ယှဉ်ပြိုင်ခွင့် ရခဲ့တာပါ။

ဘန်လေအသင်းဟာ လက်ကျန် ၇ ပွဲမှာ ရမှတ် ၁၁ မှတ် ရယူနိုင်ရင် ချန်ပီယံရှစ် အမှတ်ပေးဖလားကို ရယူနိုင်မှာ ဖြစ်ပြီး ရမှတ် ၁၃ မှတ် ရယူနိုင်ခဲ့ရင်တော့ ၂၀၁၃-၁၄ ရာသီက လက်စတာအသင်း နောက်ပိုင်း ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ် ၁၀၀ ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။

နည်းပြ ကွန်ပနီနဲ့ ဘန်လေအသင်းသားကိုတွေ့ရစဉ်

မန်စီးတီး နောက်ခံလူဟောင်း ကွန်ပနီကတော့ ဘန်လေအသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ပြီးနောက် ဒီထက်ပိုပြီး သွားနိုင်တယ်လို့ ပြောခဲ့တာပါ။

ကွန်ပနီက “သူတို့တွေ ကလေးတွေလို အောင်ပွဲခံနေတာ မြင်တွေ့ရတာက ပျော်စရာကောင်းပါတယ်။ ပွဲစဉ် ၇ ပွဲ ကျန်နေသေးပေမယ့် ကျနော်တို့ အောင်ပွဲခံပြီးနေပါပြီ၊ ဒါကို မမျှော်လင့်ထားပါဘူး။ ကျနော်တို့ ဒီထက် ပိုပြီးသွား လို့ ရပါတယ်။ ဒါက ရည်မှန်းချက်ပါပဲ”လို့ ပြောခဲ့ပါတယ်။

ဘန်လေအသင်းဟာ ပရီးမီးယားလိဂ်မှာ ၆ ရာသီကြာ ရှိခဲ့ပေမယ့် မနှစ်က တန်းဆင်းခဲ့ရလို့ အဓိက ကစားသမား တွေ အများအပြားကို ဆုံးရှုံးခဲ့ရတာပါ။ ဘန်လေအသင်း တိုက်စစ်မှူး ဘားနတ်စ်က ချန်ပီယံအဖြစ်နဲ့ ပရီးမီးယား လိဂ်ကို သွားချင်တယ်လို့ ပြောခဲ့ပါတယ်။
ဘားနတ်စ်က “ကျနော်တို့ ရှေ့ဆက်ဖို့ အချိန်တန်ပါပြီ။ ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် ကျနော် ဝမ်းသာပါတယ်။ သူတို့တွေဟာ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပြီး ဒီနေ့မှာ သူတို့ကို ပြန်ပေးနိုင်ခဲ့ လို့ ဝမ်းသာပါတယ်။ ကျနော်တို့ဟာ အချိန်တိုင်းကို ပျော်ရွှင်နေမှာဖြစ်ပြီး အခု အလုပ်ပြီးသွားပေမယ့် ချန်ပီယံ အဖြစ်နဲ့ အဆုံးသတ် ချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

Source: BBC