CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆
မန်စီးတီးအသင်း နောက်ခံလူ ဝေါ်လ်ကာဟာ ပရီးမီးယားလိဂ် တန်းတက်ကလပ် ဘန်လေအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းကျော်နဲ့ ပြောင်းရွှေ့ခဲ့ပြီလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
လာမယ့် ရာသီကုန်ရင် မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဝေါ်လ်ကာဟာ ဖီနာဘာချီအသင်း အပါအဝင် အသင်းအချို့ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပေမယ့် ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဝေါ်လ်ကာဟာ စပါးအသင်းမှာ ကစားခဲ့ချိန်က အသင်းဖော်တွေအဖြစ် ရှိခဲ့တဲ့ ဘန်လေအသင်းနည်းပြ စကော့ပါ ကားနဲ့ ပြန်လည်ပြီး အတူတွဲ အလုပ်လုပ်ရတော့မှာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ ဝေါ်လ်ကာဟာ ဘန်လေအသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုမှာပါ။
ဝေါ်လ်ကာဟာ ဘန်လေအသင်းရဲ့ပွဲ ၇၀ ရာခိုင်နှုန်းကို ပါဝင်ကစားပြီး အသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်ပြီး ရှိနေမယ်ဆိုရင် မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေးပေါင် ၅ သန်းကျော် ပေးချေရမယ်လို့ သိရပါတယ်။
ဝေါ်လ်ကာကို တွေ့ရစဉ်
အင်္ဂလန်နောက်ခံလူဟာ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့က အေစီမီလန်အသင်းမှာ အငှားနဲ့သွားရောက် ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၁၆ ပွဲ ပါဝင်ကစားခဲ့ပေမယ့် အသင်းက သူ့ကို အပြီးသတ် မခေါ်ယူခဲ့တာပါ။
ဝေါ်လ်ကာဟာ မန်စီးတီးအသင်းရဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား လူစာရင်းမှာလည်း ချန်လှပ်ခံရတဲ့အတွက် အသင်းသစ် ရှာဖွေနေခဲ့တာဖြစ်ပါတယ်။
ဝေါ်လ်ကာအနေနဲ့ ဘန်လေအသင်းထံ အပြောင်းအရွှေ့ အပြီးသတ်နိုင်ခဲ့ရင် မန်စီးတီးအသင်းမှာ ၈ နှစ်ကြာ ရှိခဲ့တာကို အဆုံးသတ်ရတော့မှာပါ။
ဝေါ်လ်ကာဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၇ ခုအထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘန်လေအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ တွမ်ဇီဘီ၊ ဟာ့တ်မန်း၊ မတ်ဇ်ဝီးစ်နဲ့ တီချာအိုနာတို့ကို ခေါ်ယူထားပြီး ဝေါ်လ်ကာဟာ အသင်းရဲ့ ၅ ဦးမြောက် ကစားသမားခေါ်ယူမှု ဖြစ်လာမှာပါ။
ဘန်လေအသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail