- By CNI
- Category: အားကစား
- Hits: 258
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ခြင်းလုံး အားကစားနည်းကနေ ရွှေတံဆိပ် ၂ ခု စတင် ရရှိခဲ့ပါတယ်။
အမျိုးသားနဲ့ အမျိုးသမီး ခြင်းလုံးပြိုင်ပွဲတွေမှာ မြန်မာအသင်းဟာ အိမ်ရှင် ထိုင်းအသင်းကို အနိုင်ရပြီး ရွှေတံဆိပ် တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး ဗိုလ်လုပွဲမှာ မြန်မာအသင်းက ၅၀၂ မှတ်နဲ့ ရွှေတံဆိပ်၊ ထိုင်းအသင်းက ၄၄၆ မှတ်နဲ့ ငွေတံဆိပ် ရရှိခဲ့တာပါ။
အမျိုးသားဗိုလ်လုပွဲမှာတော့ မြန်မာအသင်းက ၅၇၄ မှတ်နဲ့ ရွှေတံဆိပ်၊ ထိုင်းအသင်းက ၅၀၁ မှတ်နဲ့ ငွေတံဆိပ် ရရှိခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 417
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈
မြန်မာအသင်းဟာ ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲအုပ်စု B ဒုတိယမြောက်ပွဲစဉ်မှာ မလေးရှားအသင်း ကို ၃ ဂိုး-ဂိုးမရှိနဲ့အနိုင်ရပြီး ၂ ပွဲဆက် နိုင်ပွဲရရှိခဲ့ပါတယ်။
ဒီပွဲမှာ မြန်မာအသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းမှာ စန်းသော်သော်နဲ့ မေထက်လူ၊ ဒုတိယပိုင်းမှာ ဝင်းသိင်္ဂီထွန်းတို့က သွင်းယူခဲ့တာပါ။
မေထက်လူနဲ့ ဝင်းသိင်္ဂီထွန်းတို့ဟာ ပြီးခဲ့တဲ့ ဖိလစ်ပိုင်အသင်းနဲ့ ပွဲစဉ်မှာလည်း ဂိုးသွင်း နိုင်ခဲ့တာကြောင့် ဆီးဂိမ်းစ် ပြိုင်ပွဲမှာ ၂ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ ပွဲထွက် လူစာရင်း အပြောင်းအလဲကြောင့် အနည်းငယ် ရုန်းကန်ရမှုတွေ ရှိခဲ့သလို ဒုတိယပိုင်းမှာ တစ်ဦးအသာနဲ့ ကစားခဲ့ရပေမယ့် ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို ဖြုန်းတီးမှုကြောင့် ဒီထက်ပြတ်သားတဲ့ ရလဒ်မရရှိခဲ့တာပါ။
မြန်မာအသင်းဟာ ၂ ပွဲဆက် အနိုင်ကြောင့် ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေ ကောင်းခဲ့ပါတယ်။
မြန်မာအသင်းဟာ ဒီဇင်ဘာ ၁၁ ရက်မှာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 467
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅
၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(B) အဖွင့်ပွဲစဉ်ဖြစ်တဲ့ မြန်မာအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ ပွဲစဉ်မှာ မြန်မာအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး သွင်းဂိုးတွေကို တိုက်စစ်မှူးတွေဖြစ်တဲ့ ဝင်းသိင်္ဂီထွန်းနဲ့ မေထက်လူတို့က သွင်းယူခဲ့ပါတယ်။
ဒီပွဲရဲ့ ပွဲအစ ပိုင်းမှာတင် မြန်မာအသင်းဟာ ဝင်းသိင်္ဂီထွန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်အသင်းဟာ မြန်မာအသင်းကို ဦးဆောင်ဂိုး ပေးခဲ့ရပြီးကတည်းက ချေပဂိုးရယူနိုင်ဖို့ တိုက်စစ်ဆင် ခဲ့ပေမယ့် မြန်မာအသင်း ခံစစ်က အကောင်းဆုံး ကာကွယ်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ မြန်မာအသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဖိလစ်ပိုင်အသင်းဟာ သွင်းဂိုးရယူဖို့ တိုက်စစ်ဆင်မှုတွေ ပိုပြုလုပ်လာခဲ့ပြီး မြန်မာအသင်း ခံစစ်ကို အလုပ်ရှုပ်စေခဲ့တာပါ။
မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပေမယ့် မြန်မာအသင်း ဂိုးသမား ရဲ့ ဂိုးဖမ်းပုံ မသေသပ်မှုကြောင့် ချေပဂိုးခွင့် ပြုခဲ့ရပါတယ်။
မြန်မာအသင်းဟာ ချေပဂိုး ပေးရပြီးနောက်မှာ တိုက်စစ်ဆင်မှုတွေ ပြန်လည် ပြုလုပ်လာခဲ့တာကြောင့် ပွဲပြီးခါနီး မှာ ယွန်းဝတီလှိုင်ရဲ့ ဖန်တီးပေးမှုကနေ မေထက်လူက ခေါင်းတိုက်ပြီး အဖိုးတန် အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့် မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ အဖိုးတန် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဒီဇင်ဘာ ၈ ရက်မှာ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 368
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅
၂၀၂၅ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(C) အဖွင့်ပွဲစဉ်မှာ မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းကို ၂ ဂိုး-ဂိုး မရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ဒီပွဲအစမှာကတည်းက ဖိလစ်ပိုင်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ဖျက်ထုတ်နေရပြီး အဖွင့်ဂိုး ကို ပွဲချိန် ၁၉ မိနစ်မှာ ကတည်းက ပေးခဲ့ရပါတယ်။
မြန်မာအသင်းဟာ ဦးဆောင်ဂိုး ပေးရအပြီးမှာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးပေါက် ခြိမ်းခြောက်မှု အားနည်းခဲ့ တာကြောင့် ပထမပိုင်းမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ ချေပဂိုးရဖို့ တိုက်စစ်ဆင် ကစားခဲ့ပေမယ့် နောက်ခံလူ လာဘ်ဝေဘုန်းရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ဖိလစ်ပိုင်အသင်းကို နောက်ထပ် ဦးဆောင်ဂိုး ထပ်ပေးခဲ့ရပါတယ်။
ဒီနောက်ပိုင်းမှာ မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းဘက်ကို ဖိအားပေး ကစားလာခဲ့ပေမယ့် အဝေးကန်ချက် တွေနဲ့သာ ခြိမ်းခြောက်နိုင်ခဲ့ပြီး အဖွင့်ပွဲစဉ်မှာ အရေးနိမ့်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ဒီဇင်ဘာ ၁၂ ရက်မှာ အုပ်စုနောက်ဆုံးပွဲအဖြစ် အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 243
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃၀
မြန်မာအသင်းဟာ ၂၀၂၆ AFC ယူ-၁၇ အာရှဖလား ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဆီးရီးယားအသင်းနဲ့ ၂ ဂိုးစီ သရေကျပြီး ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။
မြန်မာအသင်းဟာ ဒီပွဲမတိုင်မီ ကစားခဲ့တဲ့ ခြေစစ်ပွဲအုပ်စုပွဲစဉ် ၃ ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲရရှိထားတာကြောင့် ဒီပွဲမှာ အနိမ့်ဆုံး သရေတစ်မှတ် ရရှိတာနဲ့ ခြေစစ်ပွဲ အောင်မြင်မှာပါ။
အဲ့ဒါကြောင့် မြန်မာအသင်းဟာ ဆီးရီးယားအသင်းနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်းရရှိဖို့ ကြိုးစားခဲ့ပြီး လိုအပ်နေတဲ့ သရေတစ်မှတ် ရရှိခဲ့တဲ့အတွက် ယူ-၁၇ အာရှဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။

မြန်မာအသင်းဟာ ၂၀၀၆ ပြိုင်ပွဲနောက်ပိုင်း ယူ-၁၇ အာရှဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ပြန်လည်ယှဉ်ပြိုင်ခွင့် ရခဲ့တာဖြစ်ပြီး အခုတစ်ကြိမ် အပါအဝင် ယူ-၁၇ အာရှဖလားပြိုင်ပွဲကို ၅ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
၂၀၂၆ ယူ-၁၇ အာရှဖလားပြိုင်ပွဲကို မေလ ၇ ရက်ကနေ ၂၄ ရက်အထိ ဆော်ဒီနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 362
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂
စပိန်ကစားသမားဟောင်း ပက်ဒရိုက သူဟာ ဒီရာသီကုန်ရင် လာဇီယို အသင်းကနေ ထွက်ခွာမှာ ဖြစ်ပေမယ့် ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကနေ အနားယူဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောခဲ့ပါတယ်။
ပက်ဒရိုက “ဒီရာသီက လာဇီယိုမှာ ကျနော့်ရဲ့ နောက်ဆုံးရာသီ ဖြစ်လာပါလိမ့်မယ်။ အသင်းကို ဥရောပဝင်ခွင့်နဲ့ အဆုံးသတ်နိုင်အောင် ကျနော် အရာအားလုံးပေးပြီး အစွမ်းကုန် ကူညီသွားမှာပါ။ နှစ်တွေ တစ်လျှောက် ကျနော် ရခဲ့တဲ့ အားပေးမှုနဲ့ လေးစားမှုတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအချိန်အထိ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပြီး ကိုပါအီတာလီယာကလည်း ဥရောပကိုသွားဖို့ နောက်ထပ် လမ်းကြောင်းတစ်ခုကို ပေးပါတယ်”လို့ Sky Sports Italia ကို ပြောခဲ့တာပါ။
စပိန်အသင်းနဲ့ ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို ၂၀၁၂ ချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တဲ့ ပက်ဒရိုဟာ ပီဆာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ စီးရီးအေပွဲစဉ်အပြီးမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ထုတ်ဖော်ခဲ့တာဖြစ်ပြီး လာဇီယိုအသင်းကို ဥရောပ ဝင်ခွင့်ရရှိအောင် ကူညီပေးပြီး နှုတ်ဆက်ချင်တယ်လို့ ပြောခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ပက်ဒရိုနဲ့ လာဇီယိုအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လဆိုရင် ကုန်ဆုံးမှာပါ။

ပက်ဒရိုဟာ လာဇီယိုအသင်းကို ၂၀၂၁ ခုနှစ်မှာ မြို့ခံပြိုင်ဘက် ရိုးမားအသင်းကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ပက်ဒရိုဟာ လာဇီယိုအသင်းအတွက် ၁၈၂ ပွဲ ကစားထားပြီး ၃၄ ဂိုး သွင်းယူထားကာ ဒီရာသီမှာတော့ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါဘူး။
ဘာစီလိုနာနဲ့ ချယ်လ်ဆီးအသင်းတွေမှာ ကစားခဲ့တဲ့ ပက်ဒရိုဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ လာလီဂါ၊ ယူရိုပါလိဂ်၊ ကမ္ဘာ့ဖလားနဲ့ ယူရိုဖလား အားလုံးတို့ကို ရယူနိုင်ခဲ့တဲ့ ကစားသမား အနည်းငယ်ထဲက တစ်ဦးလည်း ဖြစ်တာပါ။
ပက်ဒရိုက သူနောက်ထပ် ဘယ်လောက်ကြာကြာ ထပ်ပြီး ကစားဦးမလဲဆိုတာ ပြောဖို့ ခက်ခဲပြီး အမြဲတမ်း လေ့ကျင့်မှုတွေ ပြုလုပ်နေပေမယ့် အနားယူရမယ့် အချိန်နဲ့ နီးကပ်လာပြီလို့ ပြောခဲ့ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 1726
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀
လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်က တနင်္ဂနွေနေ့ အန်ဖီးလ်မှာ ကစားရမယ့် ပွဲကြီးပွဲကောင်း မတိုင်မီ အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလားရဖို့ ရေပန်းအစားဆုံးလို့ ပြောခဲ့ပါတယ်။
ဆာလက်က “အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ဖလားကို ရဖို့ ရေပန်းအစားဆုံးဆိုတာ ပြီးခဲ့တဲ့ PFA ဆု ပေးပွဲမှာရော အခုရော ကျနော်ပြောပါတယ်။ ဘာလို့လဲဆိုရင် သူတို့ဟာ ၅ နှစ်၊ ၆ နှစ်လောက် အတူတွဲ ကစား ထားတဲ့ အသင်းတစ်သင်းရှိနေပါတယ်။ ဒါကြောင့် သူတို့ဟာ တစ်ဦးနဲ့တစ်ဦးအကြောင်းကို နားလည်သလို နည်းပြ ဆိုရင်လည်း အသင်းမှာ ၅ နှစ်၊ ၆ နှစ်ကြာရှိခဲ့ပါတယ်။ သူတို့တွေဟာ အချိန်အကြာကြီး အတူတွဲလာခဲ့တဲ့အတွက် ပိုပြီးလွယ်ကူပါတယ်။ ကျနော့်အမြင်အရ ဒီနှစ်မှာ အာဆင်နယ်အသင်းက နံပတ်တစ်ပါ”လို့ Sky Sports နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲစလုံးမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိ ထားပြီး တနင်္ဂနွေနေ့မှာ ထိပ်တိုက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
ဆာလက်ကတော့ ၂၀၂၅-၂၆ ရာသီဟာ အခုမှ စတင်တာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ် အသင်းရရှိဖို့ ရေပန်းအစားဆုံးလို့ အခိုင်အမာ ပြောနေခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ရာသီဆက်တိုက် အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ် ခဲ့တာကြောင့် ဒီရာသီမှာ အမှတ်ပေးဖလား ရယူနိုင်ဖို့ ပြင်ဆင်ထားပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၇၀ ကျော် အသုံးပြုကာ အသင်းကို ကြီးကြီးမားမား ပြောင်းလဲပြီး ကစားသမားသစ်တွေ အားဖြည့်ထားတာပါ။
လီဗာပူးလ်အသင်းကလည်း ဟူဂိုအက်ကီတီကေ၊ ဖလော်ရီယန်ဗစ်ဇ် အပါအဝင် ကစားသမားသစ်တွေ အားဖြည့်ထားပြီး နယူးကာဆယ်အသင်း တိုက်စစ်မှူး အစ်ဆက်နဲ့ ပဲလေ့စ်အသင်း နောက်ခံလူ ဂူဟီကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။
လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ ရာသီကုန်အထိ စာချုပ်ရှိနေတဲ့ ဆာလက်ဟာ ဒီရာသီမှာ အသင်းအတွက် ၃ ပွဲ ကစားထားပြီး ၁ ဂိုးသွင်းယူကာ ၁ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1665
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀
ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ စက်တင်ဘာထဲ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပိုလန်အသင်း လူစာရင်းထဲ ပြန်ပါဝင်မယ်လို့ နည်းပြဂျန်ရူဘင်က ပြောပါတယ်။
ဂျန်ရူဘင်က “ရှင်းလင်းတဲ့ အရာတွေနဲ့ လေ့ကျင့်ရေးစခန်းကို ကျနော် စတင်ပြီး ပြုလုပ်ချင်ပါတယ်။ လီဝန်ဒေါ စကီးက အသင်းခေါင်းဆောင်အဖြစ် ရှိမှာဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲမှာ ကျနော်နဲ့အတူ ထွက်လာမှာပါ။ ကျနော်ဟာ ဇီလင်စကီးကို ဒုအသင်းခေါင်းဆောင်နဲ့ ဘတ်နာရက်ဒ်ကို တတိယအသင်း ခေါင်းဆောင်အဖြစ် ခန့်အပ်တယ်”လို့ ပြောခဲ့ပါတယ်။
ဂျန်ရူဘင်ဟာ ပြီးခဲ့တဲ့ ဇွန်လက ပိုလန်အသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ နည်းပြဟောင်း ပရိုဘီယာ့ဇ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ဇူလိုင်မှာ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ပရိုဘီယာ့ဇ်ဟာ ပြီးခဲ့တဲ့ ဇွန်လက ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ မပါဝင်ခဲ့တဲ့ လီဝန်ဒေါစကီးကို အသင်း ခေါင်းဆောင် အဖြစ်ကနေ ဖယ်ရှားပြီး ဇီလင်စကီးကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့တာပါ။
အဲဒါကြောင့် နည်းပြဟောင်း ပရိုဘီယာ့ဇ်နဲ့ လီဝန်ဒေါစကီးတို့အကြားမှာ တင်းမာမှုတွေရှိလာခဲ့ပြီး လီဝန်ဒေါစကီးဟာ ပရိုဘီယာ့ဇ်လက်ထက်မှာ ပိုလန်အသင်းအတွက် ကစားပေးမှာ မဟုတ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။

ပိုလန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဖင်လန်အသင်းကို အရေးနိမ့်ပြီးနောက် ပရိုဘီယာ့ဇ်ဟာ ပိုလန်အသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာပါ။
ပရိုဘီယာ့ဇ် ထွက်ခွာအပြီးမှာ လီဝန်ဒေါစကီးဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းကာ ပိုလန်အသင်းအတွက် ပြန်ပါဝင်ကစားပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ပိုလန်အသင်းအတွက် ၁၅၈ ပွဲ ကစားထားပြီး ၈၅ ဂိုးသွင်းယူကာ နိုင်ငံအသင်းရဲ့ ဂိုးသွင်း အများဆုံးနဲ့ ပွဲအရေအတွက် အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၃ ပွဲကစားထားပြီး ၂ ပွဲနိုင်၊ ၁ ပွဲရှုံးနိမ့်ထားတဲ့ ပိုလန်အသင်းဟာ စက်တင်ဘာ ၄ ရက် မှာ နယ်သာလန်အသင်းနဲ့ အဝေးကွင်း၊ ၇ ရက်မှာ ဖင်လန်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 917
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉
၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနဲ့ သြစတြေးလျ အသင်းတို့ ပွဲစဉ်မှာ သြစတြေးလျအသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ သြစတြေးလျအသင်းဟာ ပွဲစကတည်းကနေ ဂိုးရရှိဖို့ ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပြီး မြန်မာအသင်းကတော့ ခံစစ်ပိတ်ကစားကာ တန်ပြန်တိုက်စစ်နဲ့ ဂိုးရရှိဖို့ ကြိုးပမ်းခဲ့တာပါ။
ပထမပိုင်းကတော့ ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ သြစတြေးလျအသင်းဟာ ဂိုးရရှိဖို့ ပိုမိုအားထုတ်လာခဲ့ပြီး ဂိုးတိုင် ၂ ကြိမ်ထိခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။
ဒါပေမယ့် သြစတြေးလျအသင်းဟာ ပွဲချိန် ၆၆ မိနစ်မှာတော့ မြန်မာအသင်းဘက်ကို သွင်းဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မြန်မာအသင်းဟာ သြစတြေးလျအသင်းဘက်ကို ဂိုးပေးခဲ့ရပြီးနောက်ပိုင်း ချေပဂိုး ရရှိနိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပေမယ့် တစ်ဖက်အသင်းခံစစ်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိတာပါ။
အဲဒါကြောင့် သြစတြေးလျအသင်းဟာ သူတို့ရရှိတဲ့ အနိုင်ဂိုးကို ပွဲပြီးဆုံးတဲ့ အချိန်ထိ ထိန်းကစားပြီး အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။
ဒါအပြင် သြစတြေးလျအသင်းဟာ အုပ်စုတွင်းမှာ မြန်မာအသင်းကို အရေးနိမ့်ခဲ့တဲ့ ရှုံးကြွေးကိုလည်း ဗိုလ်လုပွဲမှာ ပြန်ပြီးဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1136
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆
၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ ထိုင်းအသင်း ပွဲစဉ်မှာ မြန်မာအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲချိန်အစောပိုင်မှာ မြန်မာအသင်း နောက်ခံလူရဲ့ အမှားကနေ ထိုင်းအသင်း ဦးဆောင်ဂိုး သွင်းယူနိုင် ခဲ့တာပါ။
ဒါပေမယ့် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့တာကြောင့် ၁ ဂိုးစီ သရေရလဒ်နဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ထိုင်းအသင်း နောက်ခံလူ ဂိုးဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိခဲ့တာကြောင့် မြန်မာအသင်း ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပါတယ်။
ဒီပင်နယ်တီကို ဝင်းသိင်္ဂီထွန်းက အမှားအယွင်းမရှိ ကန်သွင်းကာ မြန်မာအသင်းကို ဦးဆောင်ဂိုး ရရှိစေခဲ့တာပါ။
ဒီနောက်ပိုင်းမှာ ၂ သင်းစလုံးဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် မြန်မာအသင်းဟာ ၂ ဂိုး-၁ ဂိုးနဲ့ ထိုင်းအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ၂၀၁၅ ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1011
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆
ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပွဲစဉ်တွေ ဖြစ်တဲ့ ဆီမီးဖိုင်နယ်၊ တတိယ နေရာလုပွဲနဲ့ ဗိုလ်လုပွဲတွေမှာ VAR နည်းပညာစနစ်ကို အသုံးပြုသွားမှာ ဖြစ်ပါ တယ်။
VAR စနစ်ကို အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ သမိုင်းမှာ ပထမဆုံးအကြိမ် အသုံးပြုသွားမှာပါ။
ဆီမီးဖိုင်နယ် ၂ ပွဲနဲ့ ဗိုလ်လုပွဲတွေမှာ ပွဲချိန်မိနစ် ၉၀ အတွင်း သရေကျရင် အချိန်ပို ဆက်ကစားမှာဖြစ်ပြီး အနိုင် အရှုံး ရလဒ် မထွက်ပေါ်ရင် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမှာဖြစ်ပါတယ်။
တတိယနေရာ လုပွဲမှာတော့ မိနစ် ၉၀ အတွင်း သရေကျရင် အချိန်ပို ဆက်မကစားဘဲ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမယ်လို့ အတည်ပြုထားတာပါ။

VAR စနစ်ကိုတွေ့ရစဉ်
အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို သြဂုတ် ၁၆ ရက်(ဒီနေ့) ကစားသွားမှာဖြစ်ပြီး မြန်မာနဲ့ ထိုင်းအသင်း၊ အိမ်ရှင်ဗီယက်နမ်နဲ့ သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
မြန်မာနဲ့ ထိုင်း အသင်းပွဲစဉ်ကို မြန်မာစံတော်ချိန် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်မှာ ကျင်းပသွားမှာပါ။
မြန်မာအမျိုးသမီးအသင်း နည်းပြယူကီက ဆီမီးဖိုင်နယ်ပွဲစဉ်ကို အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပြီး အာရုံ စူးစိုက်မှုအပြည့်နဲ့ တစ်ပွဲချင်းအလိုက် ပြင်ဆင်သွားမယ်လို့ ပွဲကြိုမီဒီယာ တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။
မြန်မာအမျိုးသမီးအသင်းခေါင်းဆောင် ခင်မာလာထွန်းက အုပ်စုတွင်းမှာ အသင်းကောင်းတွေနဲ့တွေ့ဆုံခဲ့ပေမယ့် အားလုံးကြိုးစားခဲ့လို့ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ရလဒ်ကောင်း ရယူနိုင်ဖို့ စည်းစည်းလုံးလုံးနဲ့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပြောခဲ့တာပါ။
ထိုင်းအမျိုးသမီးအသင်း နည်းပြက မြန်မာအသင်းဟာ တောင့်တင်းတာကြောင့် ခက်ခဲတဲ့ပွဲ ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။
မြန်မာအသင်းဟာ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၂ ကြိမ် ဗိုလ်စွဲထားပြီး ထိုင်းအသင်းနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂၀၂၃ ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 928
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃
မြန်မာအသင်းဟာ ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ဒီနေ့ညမှာ ကစားခဲ့တဲ့ ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်မှာ ၁ ဂိုးစီ သရေကျပြီး အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ မြန်မာအသင်းဟာ အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ပထမပိုင်းမှာ ဖိလစ်ပိုင် အသင်းကို ဦးဆောင် နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုး ပြန်ပေးခဲ့ရတာကြောင့် သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာပါ။
မြန်မာအသင်းဟာ ဒီပွဲမှာ အနိုင်ဂိုး ရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးသတ် အားနည်းမှုတွေကြောင့် အုပ်စုတွင်းပွဲစဉ်တွေမှာ ရာနှုန်းပြည့် နိုင်ပွဲမရရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုပွဲစဉ် ၃ ပွဲစလုံး ကစားအပြီးမှာ ရမှတ် ၇ မှတ် ရရှိခဲ့တာကြောင့် အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ် တက်ခဲ့ပြီး ရမှတ် ၆ မှတ် ရရှိခဲ့တဲ့ သြစတြေးလျ ယူ-၂၃ အသင်းက အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ် တက်ခဲ့တာပါ။
ဆီမီးဖိုင်နယ် ပွဲစဉ်တွေအဖြစ် အိမ်ရှင် ဗီယက်နမ်နဲ့ သြစတြေးလျ ယူ-၂၃ အသင်း၊ မြန်မာနဲ့ ထိုင်းအသင်းတို့ သြဂုတ် ၁၆ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
