- By CNI
- Category: အားကစား
- Hits: 2291
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၅ ပွဲစဉ်တွေထဲက အစောဆုံးပွဲအဖြစ် ယနေ့ (ဇူလိုင် ၂၃ ရက်)မှာ ဟံသာဝတီယူနိုက်တက်နဲ့ ဂျီအက်ဖ်အေတို့ ကစားခဲ့ကြတာမှာ ဟံသာဝတီယူနိုက်တက်က ၁၀ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။
ဟံသာဝတီ ယူနိုက်တက် အသင်းဟာ ဒီပွဲမှာ ဂျီအက်ဖ်အေ အသင်းကို ပထမပိုင်း ၅ ဂိုး၊ ဒုတိယပိုင်း ၅ ဂိုး သွင်းယူခဲ့တာပါ။ ဟံသာဝတီ ယူနိုက်တက်အတွက် ဂိုးတွေကို စိုးကျော်ကျော်နဲ့ အောင်မြတ်သူက ၃ ဂိုးစီ၊ ကျော်ကျော်ဇင်ဟိန်းက ၂ ဂိုး၊ ရဲလင်းထက်နဲ့ ညီညီအောင်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဟံသာဝတီယူနိုက်တက် အသင်းသားများ အောင်ပွဲခံနေစဉ်
ဒီပွဲဟာ မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့တာပါ။
ဟံသာဝတီ ယူနိုက်တက် အသင်းဟာ ဒီပွဲ အပါအဝင် အခုနှစ်ရာသီ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၅ ပွဲကစား အပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ် ရရှိထားတာပါ။ ဂျီအက်ဖ်အေ အသင်းကတော့ ၅ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင် ၄ ပွဲ ရှုံးနိမ့်ထားတာ ဖြစ်ပါ တယ်။
- By CNI
- Category: အားကစား
- Hits: 2128
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃
မြန်မာ့လက်ရွေးစင် နောက်ခံလူဖြစ်တဲ့ ငြိမ်းချမ်းကို ထိုင်းလိဂ်၂ ကလပ် ရနောင်းယူနိုက်တက်က တစ်ရာသီစာချုပ်နဲ့ ခေါ်ယူ လိုက်ပါတယ်။
ငြိမ်းချမ်းဟာ ရနောင်းယူနိုက်တက် အသင်းနဲ့ ပူးပေါင်းတာ ၃ ပတ် ဝန်းကျင်ရှိပြီဖြစ်ပေမယ့် အခုမှ အပြောင်းအရွှေ့ကို တရားဝင် ကြေညာခဲ့တာပါ။ မြန်မာ့လက်ရွေးစင် နောက်ခံလူကို ခေါ်ယူဖို့ ကာဆာ့ဆတ် အသင်းကလည်း ဆက်သွယ်မှုတွေ ရှိခဲ့တယ်လို့ အေးဂျင့်ဖြစ်သူက ပြောထားပါတယ်။
ရနောင်းမြို့မှာ မြန်မာနိုင်ငံသားတွေ အများအပြားရှိလို့ မြန်မာပရိသတ်တွေ အနေနဲ့ ဒီခေါ်ယူမှုအပေါ် ပျော်ရွှင်နိုင်မယ်လို့ အသင်းဘက်က မျှော်လင့်နေတာပါ။
ငြိမ်းချမ်းအတွက်တော့ ရနောင်းယူနိုက်တက်ဟာ သူ့ရဲ့ ပထမဆုံး ပြည်ပကလပ်လည်း ဖြစ်ပါတယ်။ ငြိမ်းချမ်း ကတော့ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်အနေနဲ့ နိုင်ငံရပ်ခြားမှာ ကစားဖို့ အိမ်မက်တွေက အမှန်တကယ် ဖြစ်လာပြီလို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားခဲ့တာပါ။

ငြိမ်းချမ်းရဲ့ ကစားဟန်
ငြိမ်းချမ်းဟာ ရနောင်းယူနိုက်တက်အသင်းမှာ ကျောနံပတ် ၄ ဂျာစီ ဝတ်ဆင်သွားမှာလည်း ဖြစ်ပါတယ်။ လက်ရွေးစင် နောက်ခံလူဟာ မြန်မာနေရှင်နယ်လိဂ် ကလပ်တွေဖြစ်တဲ့ နေပြည်တော်၊ ရခိုင်ယူနိုက်တက်နဲ့ ရှမ်းယူ
နိုက်တက်အသင်းတွေမှာ ကစားခဲ့ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ရှမ်းယူနိုက်တက် အသင်းနဲ့အတူ ၂၀၁၉ က မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့တာပါ။ ငြိမ်းချမ်းဟာ မြန်မာ့လက်ရွေးစင် အသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။ ငြိမ်းချမ်း ဟာ ရနောင်းယူနိုက်တက် အသင်းမှာ လက်ရွေးစင် ကစားသမားဟောင်း အောင်ကျော်နိုင်နဲ့ တွဲဖက်ကစားရမှာပါ။ အောင်ကျော်နိုင် ဟာ ပြီးခဲ့တဲ့ ရာသီကတည်းက ရနောင်းယူနိုက်တက်မှာ ကစားခဲ့တာ ဖြစ်ပါတယ်။
ရနောင်းယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ထိုင်းလိဂ် ၂ ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2212
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄
မြန်မာအသင်းဟာ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဗီယက်နမ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဗီယက်နမ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။ဒီပွဲ အရေးနိမ့် ခဲ့တဲ့အတွက် မြန်မာအသင်းဟာ အုပ်စုတွင်း ဒုတိယနေရာသာ ရရှိခဲ့ပြီး တစ်ဖက်အုပ်စုမှာ ထိပ်ဆုံးရရှိခဲ့တဲ့ ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဗီယက်နမ်အသင်းကတော့ တစ်ဖက်အုပ်စုက ဒုတိယရရှိတဲ့ အိမ်ရှင်ဖိလစ်ပိုင်အသင်းနဲ့ ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ရမှာပါ။မြန်မာအသင်းနည်းပြကတော့ ဗီယက်နမ်နဲ့ပွဲမှာ လူငယ် ကစားသမားတွေအများစု အသုံးပြုခဲ့လို့ အခုလို ရလဒ်ထွက်ပေါ်ခဲ့တာလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

မြန်မာအသင်းနည်းပြ ဒေါ်သက်သက်ဝင်းက “ဒီပွဲအတွက် ပွဲထွက်လူစာရင်းမှာ အသက် ၁၉ နှစ်အောက်အသင်းက လူငယ်တွေကိုအများစု အသုံးပြုခဲ့ပါတယ်။ကလေးတွေ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် အတွေ့အကြုံပိုင်းမှာသာ တဲ့ ဗီယက်နမ်ကစားသမားတွေက ပွဲကိုအပြောင်းအလဲလုပ်ပြီး အသာရသွားတယ်လို့ မြင်မိပါတယ်။ ခွင့်ပြုခဲ့ရတဲ့ ၄ ဂိုးမှာ လူကျွံအနေအထား၊ ပင်နယ်တီတွေပါဝင်လာလို့ ဒီလိုရလဒ်မျိုးဖြစ်သွားတယ်လို့ ထင်ကြောင်း” ပြောခဲ့တာပါ။
ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမယ့် ထိုင်းအသင်းနဲ့ ပွဲအတွက် အကောင်းဆုံးပြင်ဆင်သွားမှာပါလို့ မြန်မာ နည်းပြက ထပ်ပြီး ပြောခဲ့ပါတယ်။မြန်မာအသင်းဟာ အုပ်စုတွင်း ၄ ပွဲမှာ တီမောကို ၇ ဂိုး- ဂိုးမရှိ၊ ကမ္ဘောဒီးယားကို ၃ ဂိုး- ဂိုးမရှိ၊ လာအိုကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗီယက်နမ်အသင်းကို အရေးနိမ့်ခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမယ့် မြန်မာအသင်းနဲ့ ထိုင်းအသင်းဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ တွေ့ဆုံခဲ့တုန်းက ၁ ဂိုးစီ သရေကျ ခဲ့တာဖြစ်ပါတယ်။
အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ၂ ကြိမ်ရရှိထားတဲ့ မြန်မာအသင်းဟာ ၂၀၁၉ က နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲမှာတော့ တတိယနေရာရရှိခဲ့တာပါ။အခုနှစ်ပြိုင်ပွဲအတွက် ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင်လ ၁၅ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2099
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇
၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၂ ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဇူလိုင်လ ၇ ရက်(ယနေ့)မှာ ရန်ကုန် ယူနိုက်တက်နဲ့ ရတနာပုံအသင်းတို့ ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ရတနာပုံအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ ရန်ကုန်ယူနိုက်တက် အတွက်ဂိုးတွေကို ထက်ဖြိုးဝေက ပထမပိုင်းနဲ့ ဒေးဗစ်ထန်းက ဒုတိယပိုင်းမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
ရတနာပုံ အသင်းက ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ရန်ကုန်ယူနိုက်တက်ဂိုးသမား ဘုန်းသစ္စာမင်းက လက်စွမ်းပြ ကာကွယ် နိုင်ခဲ့တာကြောင့် ရန်ကုန်ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့တာပါ။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် အဖွင့်ပွဲစဉ် ၂ ပွဲစလုံးနိုင်ပွဲရခဲ့တာဖြစ်ပြီး ရတနာပုံအသင်း ကတော့ ၁ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ရရှိခဲ့ပါတယ်။
ပွဲစဉ် ၂ ရဲ့ အခြားပွဲစဉ်တွေမှာတော့ ရှမ်းယူနိုက်တက်က ဂျီအက်ဖ်အေကို ၂ ဂိုး- ၁ ဂိုး၊ မြဝတီက ISPE ကို ၂ ဂိုး- ဂိုးမရှိ၊ ဧရာဝတီယူနိုက်တက်က ရခိုင်ယူနိုက်တက်ကို ၃ ဂိုး- ဂိုးမရှိ၊ မဟာ ယူနိုက်တက်က ဟံသာဝတီယူနိုက်တက်ကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
ပွဲစဉ် ၂ အပြီးမှာ ရန်ကုန်ယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်တို့က ၂ ပွဲစလုံးအနိုင်ရခဲ့ပြီး ဂျီအက်ဖ်အေနဲ့ ရခိုင် ယူနိုက်တက်တို့ကတော့ ၂ ပွဲစလုံးအရေးနိမ့်ထားတာဖြစ်ပါတယ်။မြန်မာနေရှင်နယ်လိဂ်ရဲ့ ပွဲစဉ် ၃ အဖြစ် ဇူလိုင်လ ၉ ရက်မှာ ISPE နဲ့ ဟံသာဝတီယူနိုက်တက်တို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2198
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅
မြန်မာ့လက်ရွေးစင် နောက်ခံလူဟောင်း ဇော်မင်းထွန်းကို ထိုင်းလိဂ် ၁ ကလပ် ချောင်ဘူရီအသင်းက တစ်ရာသီ စာချုပ်နဲ့ ပြန်လည် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
ဇော်မင်းထွန်းရဲ့ အပြောင်းအရွှေ့အတွက် အသင်း ၃ သင်းလောက်နဲ့ စကားပြောဆိုမှုတွေ ရှိခဲ့ပေမယ့် ကစားသမား ကိုယ်တိုင် က ချောင်ဘူရီနဲ့ ပြန်လည် လက်တွဲချင်တာကြောင့် စာချုပ် ချုပ်ဖြစ်ခဲ့တာလို့ အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသား ခဲ့ပါတယ်။
ဇော်မင်းထွန်းဟာ ထိုင်းလိဂ် အတွေ့အကြုံရှိပြီးသား ကစားသမားဖြစ်တဲ့အတွက် ချောင်ဘူရီအသင်းမှာ အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ကြောင်း ထိုင်းကလပ်ရဲ့ နည်းပြဖြစ်သူက ပြောပါတယ်။
ချောင်ဘူရီအသင်းဟာ ဇော်မင်းထွန်းရဲ့ ပထမဆုံး ပြည်ပကလပ်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်က ထွက်ပြီးနောက် ၂၀၁၉ မှာ ပြောင်းရွှေ့လာခဲ့တာပါ။ ဇော်မင်းထွန်းကတော့ အသင်းဟောင်းနဲ့ ပြန်လည် လက်တွဲခွင့်ရလို့ ပျော်ရွှင်နေပါတယ်။

ချောင်ဘူရီအသင်းနဲ့ တစ်နှစ်စာချုပ်ချုပ်လိုက်တဲ့ ဇော်မင်းထွန်း (Chonburi Football Club)
“စိတ်ဝင်စားစရာကောင်းတဲ့ ကမ်းလှမ်းမှုတွေ အများကြီးရှိခဲ့ပေမယ့် အိမ်ပြန်ဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် အိမ်ကို အရမ်းလွမ်းနေလို့ပါ။ အိမ်ပြန်ရောက်တာ အလွန်ဝမ်းသာတယ်”လို့ ဇော်မင်းထွန်းက ပြောပါတယ်။
ဇော်မင်းထွန်းဟာဆိုရင် ၂၀၁၉ ရာသီတုန်းက ချောင်ဘူရီအသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင်ကစားခဲ့ပြီး ၁ ဂိုး သွင်းယူခဲ့ပါတယ်။
၂၀၂၀-၂၁ ရာသီမှာတော့ ဆူခိုထိုင်းအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး မနှစ်က ရာသီမှာတော့ ထရက်အသင်းထံ ပြောင်းခဲ့တာ ဖြစ်ပါ တယ်။
ပြီးခဲ့တဲ့ရာသီက ထိုင်းလိဂ် ၂ ကလပ် ထရက်အသင်းမှာ ဇော်မင်းထွန်း ကစားခဲ့တာဖြစ်ပြီး အသင်းဟာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် တန်းတက်ခွင့် ပလေးအော့ဖ် ပွဲစဉ်ကစားခဲ့ရပေမယ့်လည်း အရေးနိမ့်ခဲ့လို့ လာမယ့်ရာသီ ထိုင်းလိဂ်မှာ ဆက်ပြီး ကစားရမှာ ဖြစ်ပါတယ်။
ချောင်ဘူရီအသင်းဟာ ပြီးခဲ့တဲ့ရာသီ ထိုင်းလိဂ် ၁ ပြိုင်ပွဲမှာ အဆင့် ၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် လာမယ့်ရာသီ ဒီထက်ပိုမြင့်မားတဲ့ အဆင့်မှာ ရပ်တည်ပြီး အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အခုကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2082
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄
အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်း တိုက်စစ်မှူး ဂျီးဆပ်စ်ကို ပေါင် ၄၅ သန်းနဲ့ ၅ နှစ် စာချုပ်ချုပ်ကာ ခေါ်ယူလိုက်ပြီလို့ တရားဝင် ကြေညာလိုက်ပါတယ်။
မြောက်လန်ဒန်ကလပ်ဟာ ဘရာဇီးလ် ကစားသမားကို ကြိုဆိုနေတဲ့ ဗွီဒီယိုနဲ့အတူ ဇူလိုင် ၄ ရက်မှာ ဒီအပြောင်းအရွှေ့ကို ကြေညာခဲ့တာပါ။ ဂျီးဆပ်စ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းထံ ရောက်ရှိလာတဲ့ စတုတ္တမြောက် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဂျီးဆပ်စ် မတိုင်ခင် ဖာဘီယိုဗီအဲရာ၊ မာကွင်ဟိုစ်နဲ့ မတ်တာနာတို့ကို ခေါ်ယူခဲ့ပါတယ်။ ဂျီးဆပ်စ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ ကြိုးပမ်းခဲ့တာမှာ ကစားသမားက အာဆင်နယ်ကို လာရောက်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါ တယ်။
ဂျီးဆပ်စ်ဟာဆိုရင် အာဆင်နယ်အသင်းမှာ ကျောနံပတ် ၉ ဂျာစီကို ဝတ်ဆင်သွားမှာပါ။

အာဆင်နယ်အသင်းနဲ့ လက်မှတ်ထိုးနေတဲ့ ဂျီးဆပ်စ် (Arsenal)
ဂျီးဆပ်စ်က “ အွန်နရီကြောင့် ငယ်ငယ်လေး ကတည်းက အာဆင်နယ်ကို သဘောကျခဲ့ပါတယ်။ ကျနော် အာဆင်နယ်အသင်း နဲ့ ပြိုင်ဘက်တွေအဖြစ် ကစားတဲ့ အချိန်မှာ အီးမရိတ်စ်ကို ကြည့်ရင်း အလွန်ကောင်းတဲ့ ကွင်းဖြစ်တာကြောင့် ဒီမှာ ကစားရ တာ အလွန် စိတ်လှုပ်ရှား မိပါတယ်။ ဒီလိုကြီးမားတဲ့ ကလပ်နဲ့ လတ်မှတ်ထိုးရလို့ ပျော်ရွှင်မိပါတယ်။ အာဆင်နယ်အတွက် ကစားပေးရတော့မယ်ဆိုတာ သိတဲ့နေ့ကတည်းက ကျနော်ပျော်ရွှင်ခဲ့တာပါ။ ဒီမှာ ရှိတဲ့ ဝန်ထမ်းတွေရော ကစားသမား တချို့ ကိုရော ကျနော်သိပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဂျီးဆပ်စ်က “ဒီမှာ ထိပ်တန်းအဆင့်ရှိတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ သူတို့က ငယ်ရွယ်သလို ကျနော် လည်း ငယ်ရွယ်ပါတယ်။ ဒါကြောင့် ကူညီပေးနိုင်ဖို့အတွက် ဒီကိုလာရလို့ ကျနော် အလွန်ပျော်ပါတယ်။ ကူညီဖို့၊ သင်ယူဖို့နဲ့ အစွမ်းကုန် ကြိုးစားဖို့ ဒီကိုလာခဲ့တာပါ”လို့ အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို ပြောပါတယ်။
ဂျီးဆပ်စ်ဟာ အာဆင်နယ်အသင်းမှာ မကြာသေးခင်ကမှ သက်တမ်းတိုး စာချုပ်ချုပ်ထားတဲ့ အန်ကိတ်တီယာ၊ ဘရာဇီးလ် အသင်းဖော် မာတင်နယ်လ်တို့နဲ့ တိုက်စစ်မှာ တွဲဖက်ကစားရမှာ ဖြစ်ပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူး အနေနဲ့ မန်စီးတီးမှာ လက်တွဲခဲ့တဲ့ အာတီတာနဲ့ အာဆင်နယ်အသင်းမှာ ပြန်လည်လက်တွဲ အလုပ် လုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။
ဂျီးဆပ်စ်ဟာဆိုရင် မန်စီးတီးအသင်းမှာ ကစားခဲ့တဲ့ ၆ နှစ်တာအတွင်းမှာ ပွဲပေါင်း ၂၃၆ ပွဲ ကစားခဲ့ပြီး ၉၅ ဂိုး သွင်းယူနိုင်ခဲ့ သလို ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ မကြာသေးခင်က ရာသီကြို ခြေစမ်းပွဲအဖြစ် အစ်စဝှစ်ချ်အသင်းနဲ့ ကစားခဲ့ရာ ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရထားပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1781
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄
အန်သိုနီဂျိုရွှာက အူဆက်ခ်နဲ့ မကျေပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်ပေးဖို့ တိုင်ဆန်ဗျူရီရဲ့ ကမ်းလှမ်းချက်ကို ပယ်ချလိုက် ပါတယ်။
အန်သိုနီဂျိုရွှာက “ကျနော် သူ့ဆီကနေ သင်ယူစရာ တစ်ခုခု ရှိသေးလားဆိုရင်တော့ ရိုးရိုးသားသား ပြောရရင် မရှိပါဘူး။ လုံးဝ ကို မရှိတာပါ။ အနားယူပြီးသားသူ အနေနဲ့ ဘီယာသောက်၊ အပန်းဖြေပြီး လိုအပ်နေတဲ့ သူတချို့ကို ကူညီလိုက်ပါ။ သူက အလွန် စိတ်ဝင်စားဖို့ကောင်းတဲ့ စရိုက်လက္ခဏာ ရှိပါတယ်။ ဒါပေမယ့် သူ့ အကူအညီကိုတော့ ကျနော်ယူမှာ မဟုတ်ပါဘူး။ ကျနော့် အလုပ်ကို ကျနော် အကောင်းဆုံး လုပ်ခဲ့သလို သူလည်း သူ့အလုပ်ကို အကောင်းဆုံး လုပ်ခဲ့ပါတယ်။ သူဘာပဲလုပ်လုပ် ကံကောင်းပါစေ”လို့ The Mirror ကို ပြောခဲ့ပါတယ်။
အန်သိုနီဂျိုရွှာဟာ ပြီးခဲ့တဲ့နှစ် လန်ဒန်မှာ အူဆက်ခ်ကို အရေးနိမ့်ခဲ့တဲ့အတွက် IBF, WBO နဲ့ WBA ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ် တွေကို ဆုံးရှုံးခဲ့ရတာပါ။ အဲ့ဒါကြောင့် ချန်ပီယံခါးပတ်တွေ ပြန်ရယူနိုင်ဖို့ သြဂုတ် ၂၀ ရက်မှာ မကျေပွဲအဖြစ် ပြန်လည် ထိုးသတ်မှာ ဖြစ်ပါတယ်။

အန်သိုနီဂျိုရွှာနဲ့ အူဆက်ခ် (Sky Sports)
အန်သိုနီဂျိုရွှာဟာ ဒီရှုံးပွဲအပြီးမှာ ကာလကြာရှည် လေ့ကျင့်ပေးသူ မက်ကရာကန်နဲ့ လမ်းခွဲခဲ့ပြီး ရော်ဘတ်ဂါစီယာကို အခုနှစ် သူ့အသင်းမှာ ထည့်သွင်းခဲ့တာပါ။
တိုင်ဆန်ဗျူရီက သူဟာ အန်သိုနီဂျိုရွှာကို နိုင်ပွဲရအောင် လမ်းညွှန်ပေးနိုင်ပါတယ်လို့ ပြောခဲ့ ပါတယ်။ ဒါပေမယ့် အန်သိုနီ ဂျိုရွှာက ဟဲဗီးဝိတ်ပြိုင်ဘက်ရဲ့ အကူအညီပေးမယ့် ကမ်းလှမ်းချကို ပယ်ချခဲ့ပါတယ်။
တိုင်ဆန်ဗျူရီဟာ ပြီးခဲ့တဲ့ ဧပြီလက ဝင်ဘာလေ အားကစားကွင်းကြီးမှာ ဒီလီယန်ဝှိုက်ကို အနိုင်ထိုး သတ်ခဲ့ပြီးနောက် လက်ဝှေ့ သမားဘဝက အနားယူပြီလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် တိုင်ဆန်ဗျူရီဟာ လက်ရှိအချိန်ထိ WBC ချန်ပီယံအဖြစ် ရှိနေဆဲပါ။ လက်ဝှေ့လောကမှာ ရှိသူတွေကတော့ အန်သိုနီဂျိုရွှာနဲ့ အူဆက်ခ်တို့ မကျေပွဲက အနိုင်ရတဲ့သူနဲ့ တိုင်ဆန်ဗျူရီ ထိုးသတ်မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
တိုင်ဆန်ဗျူရီ အနေနဲ့ ဒီပွဲကို အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံခါးပတ်တွေ အားလုံးကို ရယူနိုင်မှာ ဖြစ်ပြီး ကမ္ဘာ့အငြင်းပွားဖွယ်ရာ မရှိတဲ့ ချန်ပီယံအဖြစ် သတ်မှတ်ခံရမှာပါ။ ဗြိတိန် ဟဲဗီးဝိတ် ချန်ပီယံကတော့ ဒါနဲ့ ပတ်သက်ပြီး ငြင်းဆိုထားခြင်း မရှိသေးပါဘူး။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1852
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန်ဟာ ထိုင်းလိဂ် ၂ ကလပ် အူဒုံဌာနီအသင်းနဲ့ လာမယ့် ရာသီသစ်အတွက် တစ်ရာသီသက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီလို့ အသင်းက တရားဝင် ထုတ်ပြန်လိုက်ပါ တယ်။
အောင်ကောင်းမာန်ဟာ ပြီးခဲ့တဲ့ ထိုင်းလိဂ်ရာသီရဲ့ ဒုတိယရာသီဝက်ကမှ အူဒုံဌာနီအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။မြန်မာ့လက်ရွေးစင်ကစားသမားဟာ အူဒုံဌာနီအတွက် ၁၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ထိုင်းလိဂ် ၂ ကလပ်က စာချုပ်သက်တမ်း ကုန်ဆုံး ချိန်မှာ ကစားသမားကို သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။အောင်ကောင်းမာန်ဟာ စာချုပ်သစ်ကြောင့် ပြီးခဲ့တဲ့ ရာသီကထက် ပိုမိုကောင်းမွန်တဲ့ လစာခံစားခွင့် ရရှိခဲ့တာလည်းဖြစ်ပါတယ်။
အောင်ကောင်းမာန်ကို ခေါ်ယူဖို့ ထိုင်းလိဂ် ၁ ကလပ်တွေကလည်း စိတ်ဝင်စားခဲ့ပေမယ့် ကစားသမား ကိုယ်တိုင် က အသားကျပြီးသားဖြစ်တဲ့ အူဒုံဌာနီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာလို့ အေးဂျင့်ဖြစ်သူရဲ့ ပြောဆိုမှုအရ သိရပါ တယ်။ “အူဒုံဌာနီနဲ့ နောက်ထပ်တစ်ရာသီ ထပ်ကစားခွင့်ရမယ့် အခွင့်အရေးအတွက် အလွန်စိတ်လှုပ်ရှားမိပါတယ်။ ကျနော်တို့ အတူတကွလက်တွဲပြီး အသင်းကို ကူညီမယ်”လို့ အောင်ကောင်းမာန်က သူရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားခဲ့တာပါ။

အူဒုံဌာနီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ထိုင်းလိဂ် ၂ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့ အတွက် လာမယ့်ရာသီ လိဂ် ၁ ကိုတန်းတက်နိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
အဲဒါကြောင့် ကစားသမားသစ်တွေ ဖြည့်တင်းနေသလို အဓိက ကစားသမားအချို့ကိုလည်း စာချုပ်သက်တမ်းတိုးတာတွေ လုပ်ဆောင်နေတာပါ။
အောင်ကောင်းမာန်ဟာ မြန်မာနေရှင်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းမှာ ၂၀၂၀ အထိကစားခဲ့ပြီး အဲဒီ နောက်ပိုင်းမှာ ထိုင်းကလပ်တွေဖြစ်တဲ့ ထရက်၊ လမ်ပန်၊ ခွန်ကန်ယူနိုက်တက်နဲ့ မလေးရှားကလပ် ဆရီပါဟန် အသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။အောင်ကောင်းမာန်ဟာ ပြီးခဲ့တဲ့ အာရှဖလားခြေစစ်ပွဲမှာ မြန်မာ့ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခဲ့ပြီး စင်ကာပူကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2235
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂
မြန်မာအသင်းဟာ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဘရူနိုင်းအသင်းနဲ့ ဇူလိုင်လ ၂ ရက်(ယနေ့)တွင် ကစားခဲ့ရာ ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းဟာ ဘရူနိုင်းအသင်းကို ပထမပိုင်းမှာ ၃ ဂိုး၊ ဒုတိယပိုင်းမှာ ၄ ဂိုးသွင်းယူခဲ့တာပါ။ မြန်မာအသင်း အတွက် ဂိုးတွေကို မိုးဆွေ၊ ဇော်ဝင်းသိန်း၊ လမင်းထွေး၊ ချစ်အေး၊ သာယာဝင်းထက်၊ အာကာကျော်နဲ့ သိန်းဇော် သီဟတို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု A မှာ အိမ်ရှင်အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပြီး အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇူလိုင်လ ၄ ရက်မှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။အုပ်စုတွင်းက ထိပ်ဆုံး နှစ်သင်းစီသာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်မှာဖြစ်ပါတယ်။
မြန်မာအသင်းဟာ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပွဲစဉ်အဖြစ် ၂၀၁၉ က နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ စတုတ္ထ နေရာသာ ရရှိခဲ့တာပါ။မြန်မာအသင်းဟာ ဒီပြိုင်ပွဲမှာ ၂ ကြိမ်ဗိုလ်စွဲထားပြီး ၎င်းမှာ ၂၀၀၃ နဲ့ ၂၀၀၅ ခုနှစ်က ဖြစ်တယ်လို့ သိရပါတယ်။
- By CNI
- Category: အားကစား
- Hits: 1840
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁
မြန်မာပြည်ဖွား MMA တိုက်ခိုက်ရေး ကစားသမား အောင်လအန်ဆန်းက သူ့ရဲ့ ပိုကောင်းတဲ့ ပုံစံအသစ်တွေ မြင်တွေ့ရဖို့ ရှိတယ်လို့ ပြောလိုက်ပါတယ်။
အောင်လအန်ဆန်းက လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ “ခင်ဗျားတို့ကို ကတိပေးပါတယ်။ ကျနော့်ရဲ့ ပိုကောင်း တဲ့ ပုံစံအသစ်တွေကို မြင်တွေ့ရဖို့ ရှိတယ်”လို့ သူ့ရဲ့ လှုမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရုရှားဖိုက်တာ ဘဏ်ဒက်ရှ်နဲ့ နောက်ဆုံးပွဲ ထိုးသတ်ထားခဲ့တာမှာ အရေး နိမ့်ခဲ့လို့ ချန်ပီယံခါးပတ် စိန်ခေါ်ခွင့် ဆုံးရှုံးခဲ့ပါတယ်။
အောင်လအန်ဆန်းဟာ နောက်ဆုံး ထိုးသတ်ထားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ထားတာကြောင့် နိုင်ပွဲပြန်ရနိုင်ဖို့ လေ့ကျင့်မှု တွေ ပြင်းပြင်းထန်ထန် လုပ်နေပါတယ်။
ဒါကြောင့် အောင်လအန်ဆန်းဟာ သူ ကြိုက်နှစ်သက်ခြင်း မရှိတဲ့ နပန်းပညာရပ်ကို မကြာသေးခင်က လေ့ကျင့်သင်ကြားခဲ့ပါသေးတယ်။

အောင်လအန်ဆန်း ထိုးသတ်နေခြင်း (Aung La Nsang-FB)
မြန်မာပြည်ဖွား တိုက်ခိုက်ရေးသမားဟာ သူလက်လွှတ်ခဲ့ရတဲ့ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ရယူနိုင်ဖို့ အာရုံစိုက် ကြိုးစား နေပါတယ်။
အောင်လအန်ဆန်းဟာဆိုရင် မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်တွေကို ၂၀၁၇ ကနေ ၂၀၁၉ အထိ ထိန်းထား နိုင်ခဲ့ပေမယ့် ၂၀၂၀ နဲ့ ၂၀၂၁ ပြိုင်ပွဲတွေမှာ အရေုးနိမ့်ပြီး ရိုင်နီယာထံ ချန်ပီယံခါးပတ် နှစ်ခုစလုံး လွှဲပေးခဲ့ရပါတယ်။
ဒီနောက် ရိုင်နီယာကို ပြန်စိန်ခေါ်နိုင်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထိုးသတ်ခဲ့တဲ့ပွဲမှာ ဘစ်ဒက်ရှ်ကို အရေးနိမ့်ပြီး မျှော်လင့်ချက် ပျက်ပြယ်ခဲ့ပါတယ်။
ဘစ်ဒက်ရှ်ကတော့ ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ ရိုင်နီယာနဲ့ ထိုးသတ်ရတော့မှာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ် အရွယ်ရှိ အောင်လအန်ဆန်းဟာ MMA ပွဲစဉ်ပေါင်း ၄၁ ပွဲအထိ ထိုးသတ်ထားခဲ့တာမှာ ၂၇ ပွဲ အနိုင်ရပြီး ၁၃ ပွဲ အရေး နိမ့် ခဲ့တာပါ။
အောင်လအန်ဆန်းဟာ ဒီအနိုင်ရတဲ့ ၂၇ ပွဲမှာ ၁၃ ပွဲကို အလဲထိုးခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1758
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁ ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဇွန်လ ၃၀ ရက်က ဂျီအက်ဖ်အေနဲ့ ရတနာပုံအသင်းတို့ ကစားခဲ့တာ မှာ ရတနာပုံအသင်းက ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။
ဒီပွဲမှာ ရတနာပုံအသင်းဟာ ဂျီအက်ဖ်အေအသင်းကို ၇ ဂိုး- ဂိုး မရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
ရတနာပုံ အသင်းအတွက် ဂိုးတွေကို ရဲရင့်အောင်က ၂ ဂိုး၊ မျိုးကိုထွန်း၊ သက်နိုင်၊ Thyne Phwet Aung ၊ ဘီဘီနဲ့ ဟိန်းနေဆန်း တို့က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ရတနာပုံအသင်းဟာ ပထမပိုင်းမှာ ၃ ဂိုး ၊ ဒုတိယပိုင်းမှာ ၄ ဂိုး သွင်းယူခဲ့တာကြောင့် အခုလို ဂိုးပြတ် နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။

ရတနာပုံအသင်းနဲ့ ဂျီအက်ဖ်အေ အသင်းတို့ ယှဉ်ပြိုင်နေကြစဉ် (MNL)
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁ ယှဉ်ပြိုင်အပြီးမှာ ရတနာပုံအသင်း အပါအဝင် ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ ISPE FC တို့ နိုင်ပွဲရယူနိုင်ခဲ့ကြပါတယ်။
ရတနာပုံအသင်း ကတော့ နိုင်ပွဲရ အသင်းတွေနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒုတိယနေရာမှာ ရှမ်းယူနိုက်တက်အသင်းက ရပ်တည်နေပါတယ်။
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂ ရဲ့ ပွဲစဉ်တွေကို ဇူလိုင်လ ၂ ရက်နေ့မှာ ပြန်လည် စတင် ယှဉ်ပြိုင်မှာဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ဟံသာဝတီ ယူနိုက်တက်နဲ့ မဟာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1680
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉
မြန်မာနေရှင်နယ်ပွဲစဉ် ၁ တွေထဲက ပွဲစဉ်တစ်ပွဲအဖြစ် ISPE FC နဲ့ ရခိုင်ယူနိုက်တက်တို့ ဇန်နဝါရီ ၂၉ ရက်(ယနေ့)တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ISPE FC က အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ISPE FC က ရခိုင်ယူနိုက်တက်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ISPE FC အတွက်ဂိုးတွေကို ခင်ကျော်ဝင်းက ၂ ဂိုးနဲ့ ပြည့်ဖြိုးခိုင်က ၁ ဂိုးသွင်းယူခဲ့ပြီး ရခိုင်ယူနိုက်အတွက် ဂိုးကို ဇော်ဇော်နိုင်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ဒီပွဲရဲ့ ပွဲအစ ၅ မိနစ်မှာကတည်းက ရခိုင်ယူနိုက်တက်အသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့တာဖြစ်ပြီး ဇော်ဇော်နိုင်က ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။ဒါပေမယ့် ISPE FC အသင်းရဲ့ ထိုးဖောက်မှုတွေကို မထိန်းနိုင် ခဲ့တာကြောင့် ပထမပိုင်းမှာ ချေပဂိုးပြန်ပေးခဲ့ရပါတယ်။

ဒီဂိုးကို ခင်ကျော်ဝင်းက သွင်းယူခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီသရေနဲ့ ပြီးဆုံး ခဲ့ပါတယ်။ဒုတိယပိုင်းမှာ နှစ်သင်းလုံးနိုင်ပွဲရဖို့ အားစိုက်ခဲ့ပေမယ့် ISPE FC အသင်းက ပိုပြီးကောင်းမွန်ခဲ့တာ ကြောင့် ဦးဆောင်ဂိုး နှစ်ဂိုးထပ်မံသွင်းယူသွားနိုင်ခဲ့တာပါ။ဒီဂိုးတွေကို ပွဲချိန် ၈၁ မိနစ်မှာ ပြည့်ဖြိုးခိုင်နဲ့ ပွဲချိန် ၈၉ မိနစ်မှာ ခင်ကျော်ဝင်းတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့ပွဲပြီးဆုံးခါနီးမှာ ကစားပုံကြမ်းတမ်းရင်းနဲ့ အချင်းများခဲ့လို့ ဒိုင်လူကြီးက နှစ်ဖက်ကစားသမားတွေဖြစ်တဲ့ ရခိုင်ယူနိုက်တက်က ဇော်ဇော်နိုင်နဲ့ ISPE FC က ဇင်ရဲနောင်တို့က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
အဲဒါကြောင့် ပွဲအပြီးမှာ ISPE FC က ရခိုင်ယူနိုက်တက်ကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ဇွန်လ ၃၀ ရက်မှာတော့ ပွဲစဉ် ၁ ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် GFA အသင်းနဲ့ ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
