CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၄

မြန်မာကစားသမား ၂ ဦးဖြစ်တဲ့ ကောင်းထက်စိုးနဲ့ ရန်လင်းအောင်တို့ကို ထိုင်းလိဂ် ၃ ကလပ် ကမ်ဖမ်ဖတ်အသင်းက တစ်ရာသီစာချုပ်နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

ဒီကစားသမား ၂ ဦးစလုံးဟာ ထိုင်းလိဂ်မှာ ကစားချင်တာကြောင့် မြန်မာကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ အေးဂျင့်ဖြစ်သူက ပြောခဲ့ပါတယ်။

ကောင်းထက်စိုးဟာ မြန်မာ့လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်းနဲ့အတူ အာရှချန်ပီယံလိဂ်၊ အေအက်ဖ်စီဖလား ပြိုင်ပွဲတွေမှာ ဝင်ရောက် ကစားထားပါတယ်။ ရန်လင်းအောင် ကတော့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ရန်လင်းအောင်နဲ့ ကမ်ဖမ်ဖတ်အသင်း စာချုပ်ချုပ် (Kamphaengphet FC)

ကမ်ဖမ်ဖတ် အသင်းကတော့ ဒီကစားသမား ၂ ဦး အသင်းမှာ ခြေစွမ်းပြနိုင်လို့ အသင်းကြီးတွေက ကမ်းလှမ်းလာတဲ့ အခါမှာ ထွက်ခွာခွင့် ပေးမယ်လို့ ကတိပေးထားကြောင်း အေးဂျင့်ဖြစ်သူက ပြောပါတယ်။ ကမ်ဖမ်ဖတ်အသင်းဟာ ထိုင်းလိဂ် ၃ မြောက်ပိုင်းဒေသမှာ ကစားနေတာဖြစ်ပြီး မနှစ်က ရာသီက အသင်း ၁၂ သင်းရှိတဲ့လိဂ်ရဲ့ အမှတ်ပေးဇယား အဆင့် ၉ နေရာ မှာ ရပ်တည်ခဲ့တာပါ။

ဒီလိဂ်မှာ ထိပ်ဆုံးရတဲ့ ၂ သင်းဟာ လိဂ် ၂ ပြိုင်ပွဲကို တန်းတက်နိုင်ဖို့အတွက် ခြေစစ်ပွဲ ထပ်မံယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။

ကမ်ဖမ်ဖတ်အသင်းကို ၂၀၀၉ က စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး အသင်းဟာ အခုအချိန်ထိ ထိုင်းလိဂ် ၂ ကို တန်းမတက်နိုင် သေးပဲ ထိုင်းလိဂ် ၃ မှာ ကျင်လည်နေတာပါ။ မြန်မာကစားသမား အများအပြားကတော့ အခုရာသီမှာ ထိုင်းလိဂ်ပြိုင်ပွဲကို ပြောင်းရွှေ့ပြီး ကစားနေကြတာ ဖြစ်ပါတယ်။