CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၉

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)ကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ ကိုယ်စားပြု အားကစားသမားများ အနေဖြင့် ရွှေတံဆိပ်ဆုရယူနိုင်ပါက သိန်း ၃၀၀ ဆုချီးမြှင့်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ (ဧပြီ ၂၉ ရက်) ကျင်းပသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်းမည့် မြန်မာ အားကစားအဖွဲ့များအား အောင်နိုင်ရေး အလံအပ်နှင်းခြင်း အခမ်းအနားမှာ အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “နိုင်ငံတော်အနေဖြင့် ဆုရအားကစားသမားများအတွက် ရွှေတစ်ဦးချင်း ငွေကျပ်သိန်း ၃၀၀၊ ငွေတစ်ဦးချင်း ငွေ ကျပ်သိန်း ၂၀၀၊ ကြေးတစ်ဦးချင်း ငွေကျပ်သိန်း ၁၀၀၊ ရွှေအသင်းလိုက် တစ်ဦးချင်း ငွေကျပ်သိန်း ၁၀၀၊ ငွေအသင်းလိုက် တစ်ဦးချင်း ငွေကျပ်သိန်း ၇၀ ၊ ကြေးအသင်းလိုက် တစ်ဦးချင်း ငွေကျပ် ၃၅ သိန်း၊ နည်းပြများအတွက် ရွှေတံဆိပ် ဆုရ အားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ဆုရ အားကစားနည်းမှ နည်းပြ တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀၊ ကြေးတံဆိပ်ဆုရအားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၃၀ တို့အား ချီးမြှင့် သွားမည်” ဟု ပြောသည်။

ထို့ပြင် အုပ်ချုပ်မှုအဖွဲ့များအတွက် ရွှေတံဆိပ်ဆုရအားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံ ဆိပ်ဆုရ အားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ဆုရ အားကစားနည်းမှ အုပ်ချုပ်မှု အဖွဲ့တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၃၀ တို့အား ပေးအပ်ချီးမြှင့်မည်ဟု ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌက “ပြိုင်ပွဲတွင် အောင်နိုင်ရေးနှင့် အမိနိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်ရေး တာဝန်ကြီးကို နိုင်ငံတော်က ပေးအပ်လိုက်ပြီး ဖြစ်သည့်အတွက် မြန်မာ့အားကစားအဖွဲ့ဝင်များ အားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ကာ အစွမ်းကုန်ကြိုးပမ်းသွားကြရန် တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။

(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပ သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံက ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၂၀ ၌ မြန်မာကိုယ်စားပြု အားကစားသမား ၂၉၃ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။