CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၉

ပီအက်စ်ဂျီ အသင်းနည်းပြ ပိုချက်တီနိုက သူနဲ့ ဘတ်ပီတို့ဟာ လာမယ့်ရာသီ ပီအက်စ်ဂျီ အသင်းမှာ ရာနှုန်းပြည့် ဆက်ရှိမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ရီးရယ်လ် အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ကနေ ထွက်ခွာခဲ့ရတာကြောင့် နည်းပြ ပိုချက်တီနိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပါတယ်။

ပိုချက်တီနိုဟာ ပီအက်စ်ဂျီ အသင်းကို အခုနှစ်ရာသီ လီဂူးဝမ်းဖလား ရရှိအောင် ကိုင်တွယ်ထားပေမယ့် ထင်ကြေးတွေဟာ ပိုပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီကလည်း ပီအက်စ်ဂျီ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။ ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

သူနဲ့ ဘတ်ပီတို့ လာမယ့်ရာသီ ပီအက်စ်ဂျီ အသင်းမှာ ဆက်ရှိဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး မေးခဲ့ရာမှာ ပိုချက်တီနိုက “၁၀၀ ရာခိုင်နှုန်း ဆက်ရှိမှာပါ။ ဒီနေ့ ခံစားရတာလည်း ဒီလိုပါပဲ။ ဒီနေ့ ခင်ဗျားကို ပြောနိုင်တဲ့ စကားက ဒါပါပဲ။ တခြားဘာမှ မပြော နိုင်တော့ပါဘူး။ ဒါက ဘောလုံးဖြစ်ပြီး ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကျနော်တို့ ဘယ်တော့မှ မသိပါဘူး။ ဒါပေမယ့် ဒီနေ့ ဘယ်လို ခံစားရလဲဆိုတဲ့ မေးခွန်းအပေါ် အခြေခံပြီး ဖြေရမှာပါ”လို့ ပြောခဲ့တာပါ။

ပိုချက်တီနိုနဲ့ဘတ်ပီကိုတွေ့ရစဉ်(beIN SPORTS)

ဒါပေမယ့် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းတာဝန်ရှိသူတွေနဲ့ တရားဝင် ဆွေးနွေးမှု ပြုလုပ်ရခြင်း မရှိသေးဘူးလို့လည်း အာဂျင်တီးနား လူမျိုးနည်းပြက ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ သူတို့လိုချင်တဲ့ ချန်ပီယံလိဂ် အောင်မြင်မှု မရတဲ့အတွက် နည်းပြ အပြောင်းအလဲ ပြုလုပ်ဖို့ စဉ်းစားနေ တာပါ။ လက်ရှိ အချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဇီဒန်းနဲ့ စပါးအသင်းကို ကိုင်တွယ်နေတဲ့ ကွန်တီတို့ဟာ ပြင်သစ်ကလပ်ရဲ့ နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာ သတင်းတချို့မှာလည်း ဖော်ပြနေကြပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က မက်ဆီ၊ ရာမို့စ်၊ ဒွန်နာရမ်မာ၊ ဝစ်ချ်နယ်လ်ဒန်းနဲ့ ဟာကီမီ တို့ကို ခေါ်ယူပြီး ချန်ပီယံလိဂ် အရယူဖို့ ပစ်မှတ်ထားခဲ့တာပါ။ ဒါပေမယ့် ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီးနောက် ပီအက်စ်ဂျီ ပရိသတ် တွေဟာ မက်ဆီ၊ ရာမို့စ်နဲ့ နေမာ တို့ကို အဓိကထား လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Source: BBC