CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၂

ပီအက်စ်ဂျီအသင်းဟာ အာရှကို သွားရောက်မယ့် အသင်းရဲ့ ရာသီကြိုခရီးစဉ်မှာ တိုက်စစ်မှူး ဘတ်ပီကို ချန်လှပ် ခဲ့ပြီး ကစားသမားကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာကြောင့် ပြင်သစ်ကလပ်ဟာ တိုက်စစ်မှူးကို အခုအပြောင်းအရွှေ့မှာ အသင်းရောင်းချမယ့် ကစားသမားစာရင်းထဲ ထည့်သွင်းခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့တာပါ။ 

ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို ခေါ်ယူမယ့် ကမ်းလှမ်းမှုတွေကို နားထောင်သွားမှာဖြစ်ပြီး အခုအပြောင်းအရွှေ့ မှာ မရောင်းချဖြစ်ခဲ့ရင် တစ်ရာသီလုံး အရန်ခုံမှာ ထားသွားဖို့အထိ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ပြင်သစ်ကလပ်ဟာ ဘတ်ပီကို သူတို့ဝယ်ယူခဲ့တုန်းက ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးထက် အများကြီး လျှော့ပြီး ကမ်းလှမ်းမယ့် ကမ်းလှမ်းမှုတွေကိုတောင် လက်ခံသွားနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ 

ဘတ်ပီကို တွေ့ရစဉ် 

အသက် ၂၄ နှစ်အရွယ်ရှိ ဘတ်ပီဟာ စာချုပ်ကုန်ဆုံးမယ့် လာမယ့်ရာသီအကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာဖြစ်လို့ အသင်းဟာ အခုအပြောင်းအရွှေ့မှာ မရောင်းချနိုင်ရင် ရာသီအကုန်မှာ အလွတ်နဲ့ ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက ဘတ်ပီဟာ ရီးရယ်လ်အသင်းထံ ပြောင်းဖို့အတွက် သဘောတူညီမှု ရရှိထားတယ်လို့ ယုံကြည်နေပြီး အသင်းအပေါ် သစ္စာဖောက်တယ်လို့ ခံစားရကာ အမြန်ဆုံး ရောင်းချနိုင်ဖို့ စီစဉ်နေတာပါ။

ဘတ်ပီဟာ ဇူလိုင် ၂၁ ရက်က လီဟာဗရီအသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ပီအက်စ်ဂျီ အသင်းအတွက် လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ရာသီကြိုခရီးစဉ်အတွက် လူစာရင်းမှာတော့ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အာရှခရီးစဉ်မှာ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာ၊ ဆီရီဇိုအိုဆာကာ၊ အင်တာမီလန်၊ ဂျောင်ဘွတ်ဟွန်ဒိုင်းအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

Source: Daily Mail