CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃
ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ဆီနီဂေါအသင်း ထွက်ခွာခဲ့ပြီးနောက် ကွင်းလယ်လူ ပါပီဂေးယီက လက်ရှိနည်းပြအဖွဲ့ ဆက်ပြီးရှိနေသရွေ့ နိုင်ငံအသင်းအတွက် ကစားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ ပါပီဂေးယီဟာ ဘယ်လ်ဂျီယံအသင်းကို အချိန်ပိုမှာ အရေးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်း အဆင့်ပွဲမှာ ဆီနီဂေါအသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်ခဲ့ပေမယ့် ပွဲချိန် ၆၆ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
ပါပီဂေးယီဟာ အီရတ်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဆီနီဂေါအသင်းအတွက် ၂ ဂိုး သွင်းယူခဲ့ပါတယ်။
ပါပီဂေးယီက “ထွက်ခွာခဲ့ရတာနဲ့ပတ်သက်ပြီး စကားအနည်းငယ်ပြောဖို့ ကျနော် ပြန်လာခဲ့ပါမယ်။ ဒါပေမယ့် ဒီနည်းပြ အဖွဲ့ရှိနေသရွေ့ ကျနော် နိုင်ငံအသင်းကနေ အနားယူမယ်ဆိုတာ ကြေညာတယ်”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာ မှာ ရေးသားခဲ့ပါတယ်။

ပါပီဂေးယီကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်မှာ ဆီနီဂေါအသင်းအတွက် စတင်ပါဝင်ခဲ့တဲ့ ပါပီဂေးယီဟာ ၄၅ ပွဲကစားခဲ့ပြီး ၇ ဂိုးသွင်းယူခဲ့တာပါ။
ပါပီဂေးယီဟာ မော်ရိုကိုအသင်းကို အနိုင်ရခဲ့တဲ့ အာဖရိကဖလား ဗိုလ်လုပွဲရဲ့ အချိန်ပိုမှာ ဆီနီဂေါအသင်းအတွက် အနိုင်ဂိုးသွင်းယူကာ အသင်းကို ချန်ပီယံဆု ရရှိစေခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီရလဒ်ကို အာဖရိကဘောလုံးအဖွဲ့ ချုပ်က ပယ်ဖျက်ပြီး မော်ရိုကိုအသင်းကို အနိုင်ပေးခဲ့ပါတယ်။
ဆီနီဂေါအသင်းဟာ ဘယ်လ်ဂျီယံအသင်းနဲ့ ကမ္ဘာ့ဖလား ၃၂ သင်း အဆင့်ပွဲမှာ ပွဲချိန် ၈၅ မိနစ်အထိ ၂ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ချေပဂိုး ၂ ဂိုးပြန်ပေးခဲ့ရပြီး အချိန်ပို ဆက်ကစားခဲ့ရတာပါ။
အချိန်ပို နောက်ဆုံးမိနစ်မှာ ဘယ်လ်ဂျီယံအသင်းဟာ ပယ်နယ်တီကနေ အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် ဆီနီဂေါ အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
Source: CNA
