CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆

မာနေးဟာ ခြေထောက်ဒဏ်ရာကြောင့် ဆီနီဂေါအသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ် ဘူးလို့ နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဆီနီဂေါဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့ဝင်က “ ကျနော်တို့ဟာ ဆာဒီယို မပါဝင်ဘဲ ပထမဆုံးပွဲကို ကစားရမှာဖြစ်ပြီး ဆာဒီယို မပါဝင်ဘဲ အနိုင်ရအောင်ကစားရပါမယ်။ ကျနော်တို့မှာ ဆာဒီယိုကလွဲပြီး ကစားသမား ၂၅ ဦးရှိပါတယ်။ ဘယ်သူကမှ ဒီလိုမျိုးအရာကို လိုချင်မှာ မဟုတ်ပေမယ့် ဒါက ကျနော်တို့အတွက် ဖြစ်သွားတယ်”လို့ AP သတင်း ကို ပြောခဲ့တာပါ။

မာနေးဟာ ဘိုင်ယန်မြူးနစ်အတွက် ပါဝင်ကစားရင်းနဲ့ ဒဏ်ရာ ရရှိခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆီနီဂေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အသင်း လူစာရင်းမှာ မာနေးကို ရွေးချယ်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းက မာနေးဟာ ညာဘက်ခြေထောက် ဒဏ်ရာရရှိနေတယ်လို့ ပြောခဲ့ပေမယ့် ဆီနီဂေါ အသင်းနည်းပြ ဆစ်ဆီက ခွဲစိတ်စရာ မလိုဘူးလို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ မာနေး ဒဏ်ရာရသွားစဉ် (TalkSport)

အဲ့ဒါကြောင့် နည်းပြက မာနေးကို အသင်းလူစာရင်းထဲ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဆီနီဂေါအသင်းဟာ နိုဝင်ဘာလ ၂၁ ရက်မှာ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ်အဖြစ် နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မာနေးဟာ ဒဏ်ရာ အခြေအနေ မကောင်းသေးတာကြောင့် ဒီပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
မာနေး မပါဝင်နိုင်တာနဲ့ ပက်သက်ပြီး ဆီနီဂေါအသင်း အနေနဲ့ အရမ်းမညည်းညူသင့်ဘူးလို့ အဆိုပါ ဘုတ်အဖွဲ့ ဝင်က ပြောပါတယ်။

မာနေးဟာ ဆီနီဂေါအသင်း ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိအောင် အဓိက စွမ်းဆောင်ပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ မာနေးဟာ အီဂျစ်အသင်းနဲ့ အဆုံးအဖြတ်ပွဲစဉ်မှာ ဆီနီဂေါအသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရမယ့် အဆုံးအဖြတ် ပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆီနီဂေါအသင်းက အီဂျစ်အသင်းကို အနိုင်ရပြီး ပထမဆုံးအကြိမ် အာဖရိကဖလား ရယူနိုင်ခဲ့တာမှာ လည်း မာနေးကပဲ ပင်နယ်တီ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

မာနေးဟာဆိုရင် ဆီနီဂေါအသင်းအတွက် ပွဲပေါင်း ၉၃ ပွဲ ကစားထားပြီး ၃၄ ဂိုးသွင်းယူကာ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ် ရရှိထားပါတယ်။

Source: BBC