CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈

မာနေးရဲ့ ဒဏ်ရာအခြေအနေဟာ သက်သာမှုမရှိတာကြောင့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ဆီနီဂေါအသင်းက အတည်ပြုလိုက်ပါတယ်။

ဆီနီဂေါအသင်းဆရာဝန် အက်ဖွန်ဆိုက “ကံမကောင်းစွာနဲ့ပဲ MRI စကန်မှာ ဒဏ်ရာရဲ့ ဆင့်ကဲဖြစ်စဉ်ဟာ ကျနော်တို့ မျှော်လင့်ထားသလို အပြုသဘောဆောင်တာမဟုတ်ဘူးလို့ ပြသခဲ့ပါတယ်။အဲဒါကြောင့် ကမ္ဘာ့ဖလားယှဉ်ပြိုင်မယ့် အသင်းလူစာရင်းကနေ ဆာဒီယိုနုတ်ထွက်ကြောင်း ကြေညာရမှာဖြစ်တယ်”လို့ ပြောခဲ့တာပါ။

အသက် ၃၀ အရွယ်ရှိ မာနေးဟာ ဝါဒါဘရီမင်အသင်းနဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဲဒီကတည်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆီနီဂေါအသင်းဟာ ကမ္ဘာ့ဖလားယှဉ်ပြိုင်မယ့် အသင်းလူစာရင်းမှာ မာနေးကို ရွေးချယ်ခဲ့ပြီး ပြိုင်ပွဲမှာ ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။အစောပိုင်းတုန်းက မာနေးဟာ အဖွင့်ပွဲစဉ်ကို ပါဝင်နိုင်မှာမဟုတ်ဘူးလို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

မာနေးရဲ့ ဒဏ်ရာအခြေအနေကို ထပ်မံစမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာတော့ ကစားသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ဆီနီဂေါအသင်းက အတည်ပြုခဲ့ရတာပါ။မာနေးဟာ ဆီနီဂေါ အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်နိုင်အောင် အီဂျစ်အသင်းနဲ့ပွဲမှာ အဆုံးအဖြတ် ပင်နယ်တီကို ကန်သွင်း ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ဆီနီဂေါအသင်းဟာ ကြီးမားတဲ့ ဆုံးရှုံးမှုအဖြစ် မာနေးကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်လွှတ်ခဲ့ရတာပါ။

ဆီနီဂေါအသင်းကို အာဖရိကဖလားရရှိအောင်လည်း ကူညီပေးထားနိုင်တဲ့ မာနေးဟာ ဒဏ်ရာကနေ ပြန်သက်သာ လာအောင် ဂျာမနီမှာ လေ့ကျင့်မှုတွေပြုလုပ်ရင်းနဲ့ လက်ရွေးစင်အသင်းရဲ့ပွဲကို ကြည့်ရတော့မှာ ဖြစ်ပါတယ်။ ဆီနီဂေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၁ ရက်မှာ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal