- By CNI
- Category: စီးပွားရေး
- Hits: 204
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
တရုတ်နှင့်မြန်မာ အစိုးရနှစ်ရပ်ကြား ပြန်လည် အကောင်အထည်ဖော်မည့် မြန်မာနိုင်ငံက မြစ်ဆုံစီမံကိန်းသည် ပြည်သူလူထုအတွက် ဘယ်လောက် အကျိုးပြုနိုင်မလဲဆိုသည့်အပေါ် စီးပွားရေးနှင့် နိုင်ငံရေး အသိုင်းအဝန်းကြား မေးခွန်းထုတ်မှုများ ရှိနေသည်။
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြစ်ဆုံစီမံကိန်းကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဦးသန်းရွှေကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်တွင် အပြီးသတ် တည်ဆောက်ရန် လျာထားခဲ့သည်။
သို့သော် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ဦးသိန်းစိန် ဦးဆောင်သော အစိုးရက ၂၀၁၁-၂၀၁၆ ခုနှစ်ကာလ အထိ ယာယီရပ်ဆိုင်းထားရန် ကြေညာခဲ့ပြီးနောက် NLD အစိုးရလက်ထက် ၂၀၁၆-၂၀၂၀ အထိလည်းကောင်း၊ ၂၀၂၁-၂၀၂၅ ခုနှစ်အထိလည်းကောင်း အကောင်အထည် မဖော်နိုင်ဘဲ ရပ်ဆိုင်းထားရသည်။
ထို့နောက် ဦးမင်းအောင်လှိုင် ဦးဆောင်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာသည့်အချိန်မှာတော့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ ရာမှာ မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
သမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းကို ၁၀ နှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဟု သဘောတူညီခဲ့ကြောင်း၊ သို့သော် ၈ နှစ်ခွဲလောက်ဖြင့် အပြီးတည်ဆောက်နိုင်ကြောင်း တရုတ်ခရီးစဉ် မှာ လိုက်ပါခဲ့သော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောသည်။
ယူနန်ပြည်နယ် အစိုးရအဖွဲ့ထံမှ တဆင့် ပြန်လည်ဝယ်ယူသုံးစွဲရမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် ဝယ်ယူသုံးစွဲ နိုင်ပါ့မလား ဆိုသည်ကို တွက်ဆရမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “ကျနော်တို့က မြစ်ဆုံဆည် တည်ဆောက်ပြီးရင် လျှပ်စစ်ဓာတ်အားက ဘယ်သူဝယ်မှာလဲပေါ့နော်။ ယူနန် ကပဲ သူက ဝယ်အုံးမှာလား။ သို့တည်းမဟုတ် ယူနန်က ငါတို့ကတော့ ပြည့်မှီနေပြီ။ မင်းတို့ သုံး၊ အဲဒီထဲကနေမှ မင်းတို့ဝယ် ဆိုတဲ့ဟာမျိုး ဖြစ်မှာလား။ အဲဒါတွေလည်း ကျနော်တို့ တွေးကြည့်ရတော့မယ်လေ။ အဲဒီလိုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အကယ်၍ သူတို့ဘက်က မလိုလို့ ကျနော်တို့ကို ရောင်းမယ်ဆိုရင်တောင်မှ ကျနော်တို့က ဝယ်နိုင်တဲ့အင်အား ရှိရဲ့လားဆိုတာ အကုန်လုံး ပြန်ပြီးတော့ တွက်ဆရမယ့် ဟာတွေတော့ ရှိတာပေါ့” ဟု ပြော သည်။
မြစ်ဆုံစီမံကိန်းကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် လျှပ်စစ်မီး ရရှိရေးအတွက် တည်ဆောက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ က လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်းသာ ရရှိမည်ဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိတွင် ယူနန်ပြည်နယ်သည် လျှပ်စစ်မီး လုံလောက်နေပြီ ဖြစ်သည့်အတွက် မြစ်ဆုံမှ ထွက်ပေါ်လာမည့် လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံက ယူနန်ပြည်နယ်မှတဆင့် ပြန်လည်ဝယ်သုံးရမည့်သဘော ဖြစ်သွားနိုင်သည်ဟု စီးပွားရေးနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူများက ထောက်ပြကြသည်။
ဧရာဝတီ မြစ်ဆုံစီမံကိန်းတွင် စီမံကိန်းနေရာပေါင်း ၇ ခုရှိပြီး မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း စီမံကိန်းတစ်ခုဆီမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၅၆၀၀ ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းကို တွေ့ရစဉ်
မြန်မာတစ်နိုင်ငံလုံးအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားသည် မဂ္ဂါဝပ် ၁၀,၀၀၀ ကျော်ရှိကြောင်း၊ မြစ်ဆုံ စီမံကိန်း တစ်ခုချင်းမှ မဂ္ဂါဝပ် ၅၆၀၀ ထွက်ရှိခြင်းကြောင့် ကျန်ရှိသည့် စီမံကိန်းများနှင့် တွက်ချက်မည်ဆိုပါက တစ်နိုင်ငံလုံး လျှပ်စစ်မီး လင်းရုံသာမက ပိုလျှံသည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။
မြစ်ဆုံကြောင့် မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ အရင်းအမြစ်များ ပျက်စီးမည်ဖြစ်ပြီး အကျိုးအမြတ် ရရှိမှုသည် မြန်မာနိုင်ငံမဟုတ်ဘဲ တရုတ်နိုင်ငံက ဖြစ်နေမည်ကိုလည်း စဉ်းစားရမည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားဒေသခံ ခွန်တူးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ လျှပ်စစ်မီးကို ထိန်ထိန်လင်းအောင် သုံးရမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ တစ်မျိုးကောင်းတာပေါ့။ အခုက ဈေးကလည်း မသက်သာဘဲနဲ့ တရုတ်ပြည်က ကိုယ့်အရင်းအမြစ် ယူသွားပြီး တော့ ကိုယ်ပဲ ပြန်ဝယ်ရတယ်ဆိုတော့ လုပ်ရမယ်ဆိုတော့ ကျနော်တို့က ကုန်ကြမ်းပဲ ထုတ်ရောင်းသလိုမျိုး ဖြစ် နေတာလေ။ လုပ်သင့်လား မလုပ်သင့်လားဆိုတာ ဒါက အကျိုးအမြတ်က နိုင်ငံသူနိုင်ငံသားပဲ ခံစားရမှာလား၊ တစ်ဖက်က တရုတ်တွေပဲ အကျိုးအမြတ်က ပိုရရှိမလား ဒါတွေပဲလေ။ နောက်ပြီးတော့ ပျက်စီးစရာရှိရင် ကိုယ့်ရဲ့ နိုင်ငံက သယံဇာတတွေ အကုန်လုံး အရင်းအမြစ်တွေ ပျက်စီးကုန်တာကို” ဟု ပြောသည်။
မြစ်ဆုံ တည်ဆောက်မှုကြောင့် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ရေလွှမ်းမိုးမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု ဖြစ်ပေါ်မည်ကို ပြည်သူလူထုက စိုးရိမ်နေကြောင်း၊ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အား အားလုံးနီးပါးကို တရုတ် နိုင်ငံသို့ နှစ် ၅၀ တင်ပို့ရမည်ဖြစ်သည့်အတွက် ပြီးခဲ့သည့် အစိုးရအဆက်ဆက်တွင် အငြင်းပွားမှုနှင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။
လက်ရှိတွင် မြစ်ဆုံစီမံကိန်းကြောင့် ကချင်ပြည်နယ်အတွင်းရှိ ရွာပေါင်း ၅ ရွာ ပြောင်းရွှေ့နေကြရပြီး နောက်ထပ် ရွာပေါင်း ၄၀ ကျော် ပြောင်းရွှေ့ကြရမည်ဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံများထံမှ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 100
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် တို့၏ ရှေ့မှောက်မှာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ(MoU) တချို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်က မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် တို့သည် လာအိုသမ္မတအိမ်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာ-လာအို ခရီးသွား MoU၊ Sister City MoU၊ အာကာသနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု MoU - (TBC) တို့ကို လက်မှတ်ရေးထိုးခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်မှ ၅ ရက်နေ့ထိ သွားရောက်လျက်ရှိသည်။
မြန်မာသမ္မတ၏ ယခုခရီးစဉ်သည် မြန်မာ-လာအို နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ၁၉၅၅ -၂၀၂၆ နှစ်(၇၀)ပြည့် မြောက်သည့် နှစ်ဖြင့်လည်း တိုက်ဆိုက်လျက်ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 237
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀
ကချင်ပြည်နယ်အတွင်းရှိ လီဆူလူမျိုးများနေထိုင်ရာ ဒေသများ၌ ဖွံဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးမှာ အဓိက အရေးကြီးနေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့ က CNI သတင်းဌာနသို့ ပြောသည်။
လမ်းပန်းဆက်သွယ်ရေးကောင်းလျှင် ဒေသခံလူထုအတွက် ဝင်ငွေရလမ်းများလည်း ပေါ်ပေါက်လာမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့က “အဓိကတော့ နယ်စပ်ဒေသမှာရှိတဲ့ ခက်ခဲတဲ့ ဒေသတွေ ပေါ့။ အဓိက လမ်းပန်းဆက်သွယ်ရေးက အဓိက အရေးကြီးပါတယ်။ ဘာမှလည်း ကူးလူး ဆက်ဆံတာတို့၊ စီးပွား ကူးသန်း ရောင်းဝယ်တဲ့ လုပ်ငန်းတို့၊ ဒေသထွက်တဲ့ စီးပွားဖြစ် စားသုံးကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင် ရောင်းချ တာတို့ အဲဒီလိုမှပဲ ဒေသခံတွေကလည်း ဝင်ငွေရလမ်းတွေ ထွက်လာမှာ။ အဓိက,ကတော့ ကျနော်တို့ မြင်တာ တော့ လမ်းပန်းဆက်သွယ်ရေးကတော့ နံပါတ်တစ် ဦးစားပေးလုပ်ရမယ့် ကဏ္ဍမှာပါတယ်။ ပညာရေးကလည်း ဒီလို တချို့ ခက်ခဲတဲ့ဒေသမှာ တော်တော်ခက်တယ်။ ပညာရေးဝန်ထမ်းတွေ ချပေးတာရှိတယ်။ ဒါပေမယ့် ပညာရေး ဝန်ထမ်းတွေချပေးတဲ့ အခါမှာလည်း ဘာဖြစ်လဲဆို လမ်းပန်းဆက်သွယ်ရေးက မကောင်းတဲ့ အခါကြ တော့ အဲဒီပညာရေး ဝန်ထမ်းတစ်ယောက်က အဲဒီဒေသကို ရောက်ဖို့အတွက် လမ်းစရိတ်တွေက ၁၅ သိန်း၊ သိန်း ၂၀၊ သိန်း ၃၀ အဲဒီလို ကုန်တဲ့အခါကြတော့ ပညာရေးဝန်ထမ်းတွေကလည်း အဲဒီဒေသကို တချို့ဆိုရင် တာဝန် ပေးရင်တောင်မှ ထွက်သွားတာတို့ အဲဒီလိုမျိုးတွေရှိတယ်။ အဓိက,ကတော့ လမ်းပန်းဆက်သွယ်ရေးက အရေးကြီး တယ်လို့ပဲ မြင်ပါတယ်။ အစိုးရအာဏာ သက်ရောက်မှုရှိတဲ့ ဥပမာ ခေါင်လန်ဖူးတို့၊ နောင်မွန်းတို့၊ မချမ်းဘောတို့၊ ပူတာအိုတို့ပေါ့နော်။ နောက်ပြီးတော့ ဖားကန့်တို့။ အဓိကတော့ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး ကတော့ အဓိကပေါ့ဗျာ။ ဒီဘက်က တနိုင်းတို့၊ ဖားကန့်တို့ကြတော့ သူတို့ လုံခြုံရေးကြောင့်သာ သိပ်မသွားကြတာ ဖြစ်တယ်။ ဒါပေမယ့် အဲဒီဘက်ကတော့ လိုအပ်ချက် နည်းနည်းတော့ နည်းတာပေါ့ ဟိုဘက်ထက်စာရင် အများ ကြီး နည်းပါတယ်” ဟု ပြောသည်။

လီဆူတိုင်းရင်းသားလူမျိုးများကို တွေ့ရစဉ်
လီဆူလူမျိုးအများစု နေထိုင်ရာ ဒေသများဖြစ်သည့် ကချင်ပြည်နယ် အထက်ပိုင်းဒေသများနှင့် ရှမ်းမြောက် တောင်တန်းဒေသများသည် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
ခေတ်အဆက်ဆက် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးမှု နောက်ကျခဲ့သဖြင့် ဒေသခံများသည် အခြေခံ စားသောက် ကုန်နှင့် ဆေးဝါးများ ရရှိရန်အတွက် ပင်ပန်းကြီးစွာ သွားလာနေရဆဲဖြစ်သည်။
လမ်းပန်းခရီး ကြမ်းတမ်းလွန်းသဖြင့် ပြင်ပကလာသည့် အခြေခံ လူသုံးကုန်ပစ္စည်းများသည် ဒေသတွင်းမှာ အဆမတန် ဈေးကြီးပေးဝယ်ရသလို ဒေသထွက် စိုက်ပျိုးရေး ထွက်ကုန်များ အနေဖြင့် ပြင်ပဈေးကွက်သို့ လွယ်ကူစွာ မပို့ဆောင်နိုင်ဘဲ လမ်းခရီး၌ ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရသည်။
လက်ရှိတွင် အချို့ဒေသများသည် အစိုးရ၏ အာဏာသက်ရောက်မှု မရှိသဖြင့် လုပ်ကိုင်ရ ခက်ခဲသည့် အနေ အထားဖြစ်ကြောင်း လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

လီဆူတိုင်းရင်းသားလူမျိုးများကို တွေ့ရစဉ်
၎င်းက “အဓိကတော့ တိုက်ပွဲဖြစ်တဲ့ နေရာတွေပေါ့။ တိုက်ပွဲဖြစ်တဲ့ နေရာတွေက တော်တော်လေးကို ဖွံ့ဖြိုး တိုးတက်မှုက နောက်ကျသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာမှာရှိတဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီး ဆုံးရှုံးတာတင်မကဘဲ အဲဒီမှာရှိတဲ့ ပြည်သူလူထုတွေကလည်း ဒုက္ခဆင်းဆင်းရဲနဲ့ တိုက်ပွဲရှောင်စခန်း တွေမှာ မိုးကာတဲလေးနဲ့ နေရတယ်၊ ထိုင်ရတယ်၊ စားရတယ်၊ သောက်ရတယ် ဆိုတဲ့အခါကြတော့ အများကြီးပေါ့။ လူမှုရေးရော၊ စီးပွားရေးရော နိမ့်ကျတာက ပြောလို့တောင်မှ မနိုင်ဘူးပေါ့။ အဲဒီလောက်အထိတော့ ဖြစ်သွားတယ်။ အဓိကတော့ ကျနော် ဒီဒေသတွေမှာတော့ ကချင် ဆော့လော်။ နိုင်ငံတော်အစိုးရရဲ့ အာဏာသက်ရောက်မှု မရှိ သေးဘူးပေါ့။ အဲဒီဒေသတွေမှာ သက်ရောက်မှုမရှိတော့ အစိုးရဒေသတွေအနေနဲ့ လုပ်ရကိုင်ရ၊ လုပ်ဖို့ ကိုင်ဖို့က တော့ ခက်ခဲပါတယ်။ တစ်ချိန်ကြ နိုင်ငံတော်အစိုးရရဲ့ အာဏာအရိပ်အောက် ပြန်ရောက်ရင်တော့ လုပ်ရမယ့်၊ ကူညီပံ့ပိုးရမယ့် လုပ်ငန်းတွေက အများကြီးပဲ။ လိုအပ်ချက်ကလည်း အများကြီးပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံက လီဆူတိုင်းရင်းသားများ နေထိုင်ရာ ဒေသအများစုသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ဒေသများ ဖြစ်ကြသဖြင့် ဒေသဖွံ့ဖြိုးရေး အခြေအနေနှင့် စိန်ခေါ်မှု အခက်အခဲများသည် ပထဝီဝင်အနေအထား၊ လမ်းပန်းဆက်သွယ်ရေးနှင့် လက်ရှိနိုင်ငံရေး အခြေအနေများအပေါ် အများကြီး မူတည်နေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 205
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတနှင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ဝန်ကြီးများ၊ ရွေးကောက်ပွဲကာလက ပါတီများ၏ မူဝါဒများတွင် ပါရှိသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားအရ စီးပွားရေး ဖွံ့ဖြိုးတက်စေရန် မည်သည့်ကဏ္ဍများအား ဆောင်ရွက်မည်ကို လုပ်ငန်းရှင်များနှင့် ပြည်သူများကြားတွင် မေးခွန်းထုတ်မှုများ ရှိနေသည်။
လက်ရှိတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်မှုများ ရှိသော်လည်း ပြည်တွင်း၏ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ နယ်မြေတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် လုပ်ငန်းစတင်ရန် အခက်အခဲ ရှိနေသည်ဟု လုပ်ငန်းရှင်များက ထောက်ပြကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းထုတ်ကုန် တိုးတက်စေရန်အတွက် အသေးစားနှင့် အလတ်စားလုပ်ငန်း MSME လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေမှုများ ရှိသော်လည်း ပို့ကုန်၊ သွင်းကုန်နှင့် တခြားသော လုပ်ငန်းဆောင်တာများတွင် ဗဟိုချုပ်ကိုင်မှု စနစ် ရှိနေခြင်းကြောင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အဟန့်အတား ဖြစ်နေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့အတွက်ကတော့ ဖိတ်ခေါ်သော်ငြားလည်းပဲ လုပ်ငန်းစတင်ဖို့ ခက်ခဲအုံးမယ်။ အချိန်တွေ ယူရအုံးမယ်။ ပြည်တွင်းမှာ ဘာတွေလုပ်နိုင်လဲ အခုတော့ MSME တွေလည်း try ဖို့ လုပ်နေတာ တွေ့ပါတယ်။ ဒါပေမယ့် MSME ကဏ္ဍတွေကလည်း တိုးတက်လာဖို့ ဆောင်ရွက်ရမယ့် အများကြီး ရှိပါတယ်။ ပြောစရာတွေ အများကြီးရှိပါတယ်။ နောက်တစ်ချက်က ကျနော်တို့ထုတ်ကုန်က နိုင်ငံတကာကို ဝင်ဆံ့နိုင်တဲ့ အနေအထား ရောက်မှရမှာလေ။ ဒါမှ ကျနော်တို့က ပြည်ပပို့ကုန် ရပြီးတော့မှ ဝင်ငွေနဲ့ ရပ်တည်ရမှာလေ။ ခက်တာက ကျနော်တို့ဆီက ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်က ပြန်ပြီးတော့မှ အားကောင်းလာပြီးတော့မှ လုပ်ရကိုင်ရတာ အားလုံးက ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်အောက်ကို ရောက်တယ်၊ ကုန်သွယ်မှုစနစ်ကရော၊ ငွေကြေး စနစ်တွေကရော ဗဟိုအုပ်ချုပ်မှုစနစ်ထဲမှာ ရှိတဲ့အခါကြတော့ လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် မပေးနိုင်သမျှ ကာလပတ်လုံးကတော့ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကတော့ နောက်ကျနေအုံးမှာပဲ” ဟု ပြောသည်။

ကုန်စိမ်းရောင်းချသည့်စျေးသည်များ
စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ ပို့ကုန်သွင်းကုန်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စသည့် ကဏ္ဍပေါင်းစုံရှိသော်လည်း ယင်းကဏ္ဍများအတွက် စီးပွားရေးပတ်ဝန်းကျင် ကောင်းမွန်ရန် လိုအပ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများကထောက်ပြကြသည်။
ထို့နောက် စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများအတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးသော်လည်း ဈေးကွက်မရှိခြင်းကြောင့် တောင်သူများမှ အခက်အခဲ ရှိနေသည်ကို တွေ့ရသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူများ အကျိုးအမြတ် ရရှိဖို့ စိုက်ပျိုးမှု တိုးမြင့်လာစေရန်အတွက် အစိုးရအချင်းချင်း ချုပ်ဆိုသည့် ကုန်သွယ်မှုစာချုပ်များကို ဆောင်ရွက်ရန်လည်း လိုအပ်ပြီး ကုန်သည်များ ဈေးနှိမ်ဝယ်ယူမှု မဖြစ်စေရန် ကြမ်းခင်းဈေးကိုလည်း စနစ်တကျ သတ်မှတ်ပေးရန် လိုအပ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခြေခံ ကြမ်းခင်းဈေးတွေ အစိုးရက စနစ်တကျ တည်ဆောက်ပေးဖို့ လိုအပ်တယ်။ နောက်တစ်ခါ ဈေးကွက်သစ်ကို ရှာပေးဖို့ လိုအပ်တယ်။ ကုန်သည်ချည်းပဲ အားမကိုးဘဲနဲ့ g to g ပေါ့ government to government အစိုးရချင်း ချိတ်ဆက်ပြီးတော့ ဂျပန်နဲ့ ချုပ်မယ် စသည်ဖြင့် အဲဒီလိုပေါ့။ ဆန်ဆိုရင် ဒီလိုပဲ ဥပမာ နယ်သာလန်နဲ့ ချုပ်မယ်၊ ပိုလန်နဲ့ချုပ်မယ် အဲဒီလိုမျိုး ပြောမယ်ဆိုရင် ဈေးကွက်တွေ ရအောင်လို့ အစိုးရကိုယ်တိုင်ကလည်း ကူညီပေးဖို့ လိုအပ်တယ်” ဟု ပြောသည်။
နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ခေတ်တွင် စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ် လာရေး၊ ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ နိုင်ငံတော် စီးပွားရေးတ စ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး ဆိုသည့် စီးပွားရေး ဦးတည်ချက် ၄ ရပ်ကို ချမှတ်ထားခဲ့သည်။

အခြေခံ လက်လုပ်လက်စားများအားတွေ့ရစဉ်
သို့သော်လည်း ယင်း စီးပွားရေးဦးတည်ချက် ၄ ရပ်နှင့် ပတ်သက်ပြီး မူဝါဒ အသေးစိတ်များ နောက်ဆက်တွဲတွင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ဆိုသည့်အတိုင်း ပီပီပြင်ပြင် သွားရန် လိုအပ်သည်ဟု စီးပွားရေးနှင့် ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နဝတခေတ်ဆိုလည်း စီးပွားရေးဦးတည်ချက် ၄ ရပ် ရှိတာပေါ့။ ဒါ ကျနော် ရိုးရိုးသားသား ပြောပြတာပေါ့။ စီးပွားရေး ဦးတည်ချက် ၄ ရပ်က ကောင်းတယ်ဗျ၊ မှန်တယ်။ ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ အဲဒီ စီးပွားရေးဦးတည်ချက် ၄ ရပ်ကို နောက်က လိုက်ပါအကောင်အထည်ဖော်မယ့် action plan အသေးစိတ် မပါလာဘူး။ ဥပမာ ဆိုကြပါဆို့ စီးပွားရေးမူဝါဒ တစ်ခုပေါ့ ဥပမာ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေးဆိုတာ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေးကိစ္စက စီးပွားရေးဦးတည်ချက် မှန်တယ်ဆိုလို့ရှိရင် ခရိုနီဆိုတာ လူတန်းစားက ပေါ်လို့မရဘူးလေ။ ဈေးကွက်ဆို ဈေးကွက်အတိုင်း သွားမှာပေါ့။ တစ်ခုတော့ ရှိတာပေါ့ စီးပွားရေးပညာကို နှိုက်နှိုက်ချွတ်ချွတ် သိဖို့လိုတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများတွင် ဗဟိုဘဏ်မှာ ငွေကြေးနှင့် ပတ်သက်သည့် ကန့်သတ်ချက်များကိုလည်း ထုတ်ပြန်ထားခြင်းကြောင့် လုပ်ငန်းရှင်များတွင် အခက်အခဲ ဖြစ်ပေါ်နေကြောင်း၊ ထိုမှတစ်ဆင့် စားသုံးသူ ပြည်သူများထံ အကျပ်အတည်းများ ဖြစ်ပေါ်စေသည်ကို တွေ့ရသည်။
ထို့ကြောင့် အစိုးအနေဖြင့် စီးပွားရေးနှင့် ပတ်သက်သည့် အမိန့်ကြော်ငြာစာများ၊ မူဝါဒများကို ချမှတ်ရာတွင် စနစ်တကျ လေ့လာရန် လိုအပ်ပြီး ပြုပြင်ပြောင်းလဲရန်လည်း လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 265
CNI News
၂၀၂၆ ခုနှစ်၊ ဇွန် ၂၆
မြန်မာနိုင်ငံအတွင်းရှိ လူငယ်အများစုသည် ပြည်ပနိုင်ငံများသို့ ပညာသင်သွားရောက်ခြင်း အပါအဝင် အလုပ်လုပ် ကိုင်ရန် သွားရောက်ခြင်းနှင့် စစ်မှုထမ်းဆောင်ကြရခြင်းများကြောင့် ရေရှည်တွင် ပြည်တွင်း၌ လုပ်သားလိုအပ် ချက်များ ဖြစ်ပေါ်လာနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ပြောသည်။
မြန်မာနိုင်ငံမှ လူအများအပြား ပြည်ပနိုင်ငံသို့ ထွက်ခွာကြရာ၌ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်္ကာပူ၊ ယူအေအီးများသို့ အဓိကအများဆုံး ထွက်ခွာကြပြီး အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများသို့လည်း ထွက်ခွာနေကြသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံ၌ စက်မှု၊ လျှပ်စစ်နှင့် ဆောက်လုပ်ရေးကဏ္ဍများတွင် ကျွမ်းကျင်ပညာရှင်များ ရှားပါးနေဆဲ ဖြစ်ပါသည်။
ထို့ကြောင့် ရေရှည်တွင် မြန်မာနိုင်ငံအနေဖြင့် လုပ်သားရှားပါးမှုပြဿနာ ဖြစ်ပေါ်လာနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာပြည်က အခု သန်း ၅၀ ပေါ့။ သန်း ၅၀ တောင် ကျနော်ထင်တယ် သိပ်တောင် ရှိပါ့မလား။ သန်း ၅၀ မှာ၊ သန်း ၂၀ ကတော့ အသက် ၃၅ နဲ့ ၂၀ ကြား တကယ်လုပ်နိုင်တဲ့ အသက်ဝန်းကျင်ပေါ့ဗျာ။ ၁၈ နှစ်နဲ့ ၃၅ ကြား မှာတော့ သန်း ၂၀ ရှိတယ်။ အဲဒီ သန်း ၂၀ မှာ အခုက ပညာသင်တဲ့သူရယ်၊ နိုင်ငံခြား ထွက်တဲ့သူရယ် နုတ်လိုက်ရင် သိပ်မကျန်ဘူး။ နောက် လယ်ယာလုပ်ငန်းမှာ အလုပ်လုပ်နေတဲ့သူရယ်၊ ဘုန်းကြီးရယ်၊ သာသနာ့ဝန်ထမ်းရယ်၊ နောက်ပြီးတော့မှ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်တဲ့သူရယ် ဘာညာဆိုရင် ကျနော်ထင်တယ်၊ ၄,၅,၆ သန်း ပဲ အလုပ်လုပ်နိုင်မယ် ထင်တယ်။ အဲဒီထဲမှာ လုပ်သားရှားပါးမှုကလည်း၊ လူသားအရင်းအမြစ် စွမ်းအားကလည်း ပြဿနာက လာနိုင်ပါတယ်” ဟု ပြောသည်။
လက်ရှိ အစိုးရသစ် လက်ထက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်၊ သဘာဝဓာတ်ငွေ့နှင့် အထည်ချုပ်လုပ်ငန်း အစရှိသည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခြင်းများ ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်၍ ကောင်းသည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးရန် လိုအပ်နေသည်။

အထည်ချုပ်လုပ်ငန်းကို တွေ့ရစဉ်
ထို့နောက် ထိုင်း၊ မလေးရှား စသည့် နိုင်ငံများထက် မနိမ့်သည့် လုပ်ခလစာ ဖြစ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှသာလျှင် လုပ်သားလိုအပ်ချက် ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သည်ဟု စီးပွားရေးနှင့် ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါတွေက ပြန်လာဖို့ဆိုရင် ကိုယ်က အတင်းလာဟဲ့ လာဟဲ့ဆိုပြီးတော့ ခေါ်လို့မရဘူး။ လာလုပ်တယ် ဆိုတာ တကယ် နည်းနာစနစ် မှန်မှန်ကန်ကန်နဲ့ ကောင်းကောင်းမွန်မွန်နဲ့ အလုပ်လုပ်လို့ရတဲ့ စီးပွားရေး ပတ်ဝန်း ကျင်မျိုးလားဆိုတာ ဒါသည် Question က ကိုယ့်ဘာသာကို ပြန်ဖြေရမယ့် Question လေ။ စီးပွားရေး ပတ်ဝန်း ကျင်ပေါ့၊ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် ကောင်းရင်တော့ ဒီလုပ်သားတွေက ပြန်လာမှာပဲ။ လောလောဆယ်တော့ Labor division ဖြစ်မယ်ဆိုတာ အမှန်ပဲ။ အဓိကတော့ ရေရှည်ကြီးကို စနစ်ကျတဲ့ စဉ်းစားချက်မျိုးတွေ လိုတယ် ဗျ။ ဘတ်ခနဲ ဘတ်ခနဲ အဲဒီလို ပြောတဲ့ဟာမျိုးတွေကျတော့ တကယ်လက်တွေ့မှာ အလုပ်မဖြစ်ဘူးဗျ။ အဓိက တော့ စနစ်တကျ သီအိုရီနဲ့အညီ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ စဉ်းစားဖို့လိုတာပေါ့။ အဓိကတော့ ရင်းနှီး မြှုပ်နှံမှုနဲ့ ပြည်ပထွက်တဲ့သူတွေ ပြန်လာချင်စိတ်ပေါက်တဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်၊ စီးပွားရေး ပတ်ဝန်းကျင် ဖန်းတီးပေးဖို့ လိုတာပေါ့” ဟု ပြောသည်။

အခြေခံလူတန်းစား တစ်ရပ်ကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ လက်ရှိ လုပ်သားစျေးကွက်တွင် ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့် လုပ်ခလစာ နည်းပါးခြင်းတို့ ကြောင့် ပြည်တွင်း၌ စက်မှုလက်မှု၊ အထည်ချုပ်နှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် လုပ်သားလိုအပ်ချက် အဓိက ဖြစ်ပေါ်နေပြီး၊ လုပ်သားအများစုမှာ ထိုင်းနှင့် မလေးရှားစသည့် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်လျက် ရှိကြသည်။
အာဆီယံဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ အနိမ့်ဆုံး လုပ်ခလစာသည် အနည်းဆုံး သတ်မှတ်ထားသော နှုန်းထားဖြစ်နေခြင်းကြောင့် လုပ်သားများသည် ပြည်ပသို့ ထွက်ခွာမှု များပြားစေခြင်း ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 194
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆
ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဘဏ်များအနေဖြင့် အိမ်ခြံမြေဈေးကွက်များ၌ အလုံးအရင်းဖြင့် ရင်းနှီးမြှုပ် နှံခြင်းများအစား ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများတွင် ပိုမိုသုံးစွဲခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်ဟု မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
သမ္မတ ဦးမင်းအောင်လှိုင်က “MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ သိရှိပြီး မိမိတို့ ဒေသ အလိုက် မည်ကဲ့သို့ အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားနိုင်မည်ကို သိရှိစေလိုခြင်းဖြစ်ကြောင်း၊ ငွေ ကြေး ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဘဏ်များအနေဖြင့် အိမ်ခြံမြေဈေးကွက်များ၌ အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံ ခြင်းများအစား ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများတွင် ပိုမိုသုံးစွဲခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်”ဟု ပြောသည်။
မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်များသည် အိမ်ခြံမြေ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လျက်ရှိသလို ဘဏ်ချေးငွေဖြင့် အိမ်ခြံမြေများ ဝယ်ယူနိုင်ရေးကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး ကျင်းပနေစဉ်
အလားတူ ငွေကြေးခဝါချမှု လုပ်လိုသူများကလည်း အိမ်ခြံမြေဈေးကွက်များတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံနေခြင်း ကြောင့် အိမ်ခြံမြေဈေးကွက်သည် အဆမတန်မြင့်တက်လျက်ရှိနေသည်။
သမ္မတ ဦးမင်းအောင်လှိုင်က “ အရင်းအနှီး နည်းနည်းဖြင့် အရေအတွက်များများ ဆောင်ရွက်နိုင်သည်မှာ MSME လုပ်ငန်းများဖြစ်ပြီး အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါက တိုင်းပြည်၏ စီးပွားရေးအတွက် များစွာ အထောက်အပံ့ပေးနိုင်ခြင်းကြောင့် MSME လုပ်ငန်းကို အားပေးဆောင်ရွက်နေခြင်းဖြစ်သည်”ဟု ပြောသည်။
MSME လုပ်ငန်းများသည် နိုင်ငံတစ်ခု၏ GDP တိုးတက်ရေးတွင် အဓိက ပါဝင်သည်ကို တွေ့ရှိရကြောင်း၊ MSME လုပ်ငန်းများကို နိုင်ငံ၏ စီးပွားရေးကို အားပေးမြှင့်တင်ရန်၊ ပြည်တွင်းကုန်ထုတ် လုပ်မှုကို မြှင့်တင်ရန်၊ သွင်းကုန် အစားထိုးရန်၊ တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်၍ ပြည်ပတင်ပို့ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေများ တိုးမြှင့်ရရှိရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 292
CNI News
၂၀၂၆ ခုနှစ်၊ ဇွန် ၂၄
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်နှင့် တရုတ်ခရီးစဉ်သည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု များနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့ခြင်းကြောင့် ထိုစီမံကိန်းများကနေ မြန်မာပြည်သူလူထု ဘယ်လို အကျိုးခံစားခွင့်များ ရနိုင်သလဲဆိုသည့်အပေါ် စီးပွားရေးလေ့လာသုံးသပ်သူများကြား သုံးသပ်လျက်ရှိ သည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ သွားရောက်ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံ ဆွေးနွေး၍ ကုလားတန်မြစ် စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်း ဖော်ဆောင်ရေး၊ အိန္ဒိယလုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံ ဆွေးနွေး၍ နားလည်မှု စာချွန်လွှာ ၁၈ ခု လက်မှတ် ရေးထိုးခဲ့သလို တရုတ်လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံမှုများလုပ်ရန် ဆွေးနွေးခဲ့သည်။
တရုတ်စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုများ အကောင်အထည် ဖော်လာနိုင်ပါက ထိုလုပ်ငန်းတွင် အလုပ်အကိုင် အခွင့်အလမ်း ပေါများလာမည်ဖြစ်ပြီး အခြေခံလုပ်ခလစာ အနေဖြင့် ၁၅ သိန်းအထိ ရရှိနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး ဆွေးနွေးပွဲမှာ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “မြောက်ပိုင်းကိစ္စကျတော့လည်း တရုတ်ကုန်သွယ်ရေးပေါ့ဗျာ။ နောက်ပြီးတော့ ကျောက်ဖြူ - ကူမင်း လမ်းမကြီးကလည်း မြောက်ပိုင်းအဖွဲ့ရဲ့ ငြိမ်းချမ်းရေး ရယူနိုင်တဲ့ အနေအထားပေါ်မှာ မူတည်တယ်။ ဒါကလည်း တရုတ်ကလည်း နှစ်ဖက်လုံးကို ငြိမ်းချမ်းစေချင်တယ်။ ဒါပေမယ့် ကျနော်တို့ကလည်း ဒီဘက်မှာ ဘယ်လို သဘော ထားရှိလဲ၊ ဘယ်တော့လောက်မှာ အပြီးပြတ် လုပ်နိုင်မလဲအပေါ် မူတည်ပြီးတော့ စီမံကိန်းတွေက စတင်နိုင်မယ့် အခြေအနေတွေကလည်း အဲဒီအပေါ်မှာ မူတည်တယ်။ အကယ်၍ အကောင်းဆုံးကတော့ အဲဒီ စီမံကိန်းတွေသာ အောင်မြင်သွားရင်တော့ လုပ်နိုင်ရင်တော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမယ်။ အနည်းဆုံး တရုတ်လခ ကတော့ အနည်းဆုံး ကျနော်ထင်တယ် မြန်မာငွေနဲ့ တွက်ကြည့်ရင်တော့ ၁၄ သိန်း၊ ၁၅ သိန်းလောက်တော့ သူတို့ ပေးနိုင်ပါလိမ့်မယ်၊ အခြေခံလုပ်သားတွေရဲ့ လစာကို။ နောက် နည်းနည်းပါးပါး စကေး ကောင်းလာတယ်ဆိုရင် တော့ သိန်း ၃၀၊ ၄၀ လောက်တော့ ရနိုင်လိမ့်မယ် ထင်ပါတယ်”ဟု ပြောသည်။
မြန်မာအစိုးရအနေဖြင့် တရုတ်နှင့်အိန္ဒိယ နိုင်ငံခရီးစဉ်အတွင်း စီးပွားရေး၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေ များနှင့် ပတ်သက်ပြီး အများပြည်သူ သိရှိနိုင်ရေး ချပြသင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများနှင့် ပြည်သူလူ ထုက ထောက်ပြသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားအရ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး အဆင်သင့် မဖြစ်သေးကြောင်း၊ ရင်းနှီး မြှုပ်နှံမှုအတွက် လိုအပ်သည့် လုပ်ငန်းဆောင်တာများ အလွယ်တကူ မဖြစ်ခြင်း၊ လုပ်ငန်းအဆင့်ဆင့် ကြန့်ကြာမှု များနှင့် မူဝါဒပိုင်းဆိုင်ရာ ကန့်သတ်မှုများကြောင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် အဟန့်အတား ဖြစ်နေသည်ဟု လုပ်ငန်းရှင်များက ထောက်ပြသည်။
သဘောညီချက် ရယူထားသည့် လုပ်ငန်းများ လာရောက် အကောင်အထည် ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေးပတ်ဝန်းကျင် ကောင်းမွန်ရေး ဆောင်ရွက်ထားရန် လိုအပ်သည်ဟု စီးပွားရေးနှင့်ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ-တရုတ် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြစဉ်
၎င်းက “သူက တကယ်လုပ်ရင် MOU ကတော့ ထိုးတာပေါ့။ ဒါက ကျနော် အဂတိ မပါဘဲ ပြောတာပါ။ ကျနော့်မှာ ဘယ်သူ့ကိုမှ ဘာစိတ်စေတနာမှ မရှိဘူး။ ပြောချင်တာက ဘာလဲဆိုတော့ MOU က ထိုးတာပေါ့လေ။ တကယ် လုပ်တဲ့အဆင့် ရောက်ဖို့ဆိုတာက ကြားထဲမှာ တကယ် လုပ်သင့်မလုပ်သင့် စဉ်းစားတဲ့အဆင့် ရှိတာပေါ့။ ကိုယ့် ဘက်က ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းအောင် လုပ်ရမှာပေါ့။ Investment environment ကောင်းအောင် လုပ်ပေးရမှာပေါ့။ လျှပ်စစ်မီးတို့ ဘာတို့ကတော့ ဒါက ဖန်တီးလို့ ရတယ်၊ ဒါက ပြဿနာမရှိဘူး။ အဓိက,က ရင်းနှီး မြှုပ်နှံမှု လုပ်လို့ကောင်းတဲ့ ပတ်ဝန်းကျင်ပေါ့။ အဓိက ရှီကျင့်ဖျင် ပြောသွားတဲ့ စကားထဲမှာ အဲဒါပါတယ်။ အဓိက ဘာလဲဆိုတော့ အယူအဆ၊ အတွေးအခေါ်၊ အလုပ်အကိုင် ရေးရာကအစ တကယ် လက်တွေ့ကျတဲ့ အနေအထား တစ်ခု ဖန်တီးဖို့ဆိုတာ ပါတာပေါ့။ အဓိကအားဖြင့်တော့ MOU ထိုးတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ မထိုးတာထက် စာရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် တကယ် လုပ်ခွင့်သာဖို့အတွက် ကိုယ်ကအခြေအနေ ဖန်တီးပေးဖို့ လိုတာပေါ့ အဲဒါ အရေးကြီးဆုံးပေါ့” ဟု ပြောသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် စက်မှုကဏ္ဍဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးကဏ္ဍ (ကုလားတန်မြစ်ဝှမ်း စီမံကိန်း) ဝန်ဆောင်မှု လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ အပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခုဖြင့် အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၃၈၅ သန်း ရင်းနှီးမြှုပ်နှံထား ပြီး၊ မြန်မာနိုင်ငံ၏ (၁၁) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်သည်။
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁ ဘီလျံကျော် ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးနှင့် ထိပ်ဆုံးတွင် ရပ်တည်နေပါသည်။
- By CNI
- Category: စီးပွားရေး
- Hits: 309
CNI News
၂၀၂၆ ခုနှစ်၊ ဇွန် ၂၂
မြန်မာနိုင်ငံတွင် သဘာဝသယံဇာတ ပေါကြွယ်ဝသော်လည်း ဆင်းရဲသည့်နိုင်ငံ ဖြစ်နေခြင်းနှင့် သယံဇာတ ထွက်ရှိသည့် တိုင်းရင်းသားဒေသသည်ပင် ဖွံ့ဖြိုးမှုမရှိ ဖြစ်နေရခြင်းက ဘာကြောင့်လဲဟု ပြည်သူလူထုကြား မွေးခွန်းထုတ်မှုများ ရှိလာသည်။
ဗမာမဟုတ်သော တိုင်းရင်းသားပြည်နယ် ဒေသများသည် ပြည်သူလူထုအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လျှပ်စစ်မီးကဏ္ဍနှင့် နေထိုင်မှုစနစ်သည် ဖွံ့ဖြိုးမှု မရှိသည့်အပြင် တစ်နှစ်ထက်တစ်နှစ် ဆုတ်ယုတ် လာမှုများရှိနေသည်။
ထိုသို့ ဖြစ်ပေါ်နေရခြင်းသည် ဒေသတွင်း မတည်ငြိမ်မှု၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုက်ပွဲအတွက်သာ ငွေကြေးကို အသုံးပြုနေကြရပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ခြင်း မရှိသည့် အတွက်ကြောင့် ဖြစ်သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာနိုင်ငံဟာဆိုရင် အရင်တုန်းက အာရှမှာ ကျားဆိုပြီး နာမည်ကြီးခဲ့တယ်။ ဒါပေမယ့် လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်းမှာ ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ လွတ်လပ်ရေးက တိုက်ပွဲနဲ့အတူ ပါလာတယ်။ တိုက်ပွဲက နေရာ တကာတိုင်းမှာ ဖြစ်နေတာ။ တိုက်ပွဲတွေ ဖြစ်နေလို့ရှိရင် ငြိမ်းချမ်းရေးက မရနိုင်ဘူး။ အဲဒါကြောင့်မို့လို့ ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်မှာ။ ငြိမ်းချမ်းမှ ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံထဲကို လာမှာ။ နိုင်ငံတကာ ဧည့်သည်တွေ အလည်လာမှ မြန်မာနိုင်ငံရဲ့ အကြောင်းကို ပိုသိလာမှာ။ ပြီးတော့ နေရာဒေသအလိုက် tourist တွေ ရောက်လာ လို့ရှိရင် ဒေသခံတွေမှာ ရန်ပုံငွေတွေ ရလာနိုင်တယ် စသည်အားဖြင့် မျိုးစုံရှိတာပေါ့။ အဲဒီလိုမျိုး ဖြစ်ဖို့ဆိုရင် ငြိမ်းချမ်းရေးက အမြန်ဆုံး ရဖို့လိုတယ်။ ငြိမ်းချမ်းတဲ့ တိုင်းပြည်ဖြစ်မှ တိုးတက်မယ်။ ငြိမ်းချမ်းတဲ့တိုင်းပြည် မဖြစ် ဘူး၊ တိုက်ပွဲတွေ ရှိနေတယ်ဆိုလို့ရှိရင် တိုက်ပွဲသံသရာထဲတော့ မြန်မာနိုင်ငံထဲက လူသားတွေရဲ့ အခက်အခဲတွေ က အများကြီးရှိတယ်လို့ မြင်ပါတယ်။ မတိုးတက်ရတာက တိုက်ပွဲတွေမှာ အများကြီး အသုံးပြုရတာတွေရှိတယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေမှာဆိုရင်လည်း ရလာတဲ့ငွေတွေဆိုလို့ရှိရင် တိုက်ပွဲမှာ သုံးရတယ်။ နိုင်ငံတော် အစိုးရမှာလည်း ငွေကြေး အမြောက်အများကို တိုက်ပွဲအတွက် အသုံးပြုရတယ်။ အဲဒါကြောင့် အများကြီး နှောင့် နှေး ကြန့်ကြာနေတယ်ဆိုတာလည်း ပြောချင်တယ်” ဟု ပြောသည်။

နာဂဒေသ ကျေးရွာတစ်ခုကို တွေ့ရစဉ်
လက်နက်ကိုင်ပဋိပက္ခကြောင့် ဒေသဖွံ့ဖြိုးမှု မရှိဆိုသော်လည်း တိုက်ပွဲဖြစ်ပွားမှု မရှိသည့်အပြင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ရရှိထားသည့် နာဂ၊ ဓနုနှင့် ပအိုဝ်ဒေသများသည်လည်း ဖွံ့ဖြိုးမှု အားနည်းနေသည်ကို တွေ့ရှိရသည်။
အဆိုပါ ဒေသများသည် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တည်ရှိခြင်းကြောင့် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၏ ဘတ်ဂျက်ခွဲတမ်းမှ တဆင့်သာ ဘဏ္ဍာငွေ ခွဲဝေမှုရရှိခြင်း၊ လုပ်ပိုင်ခွင့်သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့်အညီ မရရှိခြင်းတို့ကြောင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်နိုင်ခြင်း မရှိခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ထို့ပြင် ပြီးခဲ့သည့် အစိုးရလက်ထက် အဆက်ဆက်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တိုင်းဒေသကြီး ရန်ပုံ ငွေဖြင့် မြေသားလမ်း ဖောက်လုပ်ခြင်းကို တင်ဒါခေါ်ယူခဲ့သော်လည်း ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် တင်ဒါဝယ်ယူတင်သွင်းသည့် ကုမ္ပဏီများ မရှိခဲ့သည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်။
နာဂဒေသမှာ မိုးများပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသဖြစ်သည့်အတွက် လုပ်ငန်းပစ္စည်းများ သယ်ယူ ရာတွင် မိုးတွင်းကာလ၌ လမ်းသွားမရခြင်း၊ ပြီးစီးမှု ရာခိုင်နှုန်း တင်ပြရာတွင် ဆက်သွယ်ရေး ခက်ခဲမှုတို့ကြောင့် ငွေထုတ်ယူခွင့် ကြန့်ကြာမှုများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်ခဲများစွာ ကြုံတွေ့နေရခြင်းတို့ကြောင့် ဖြစ် သည်။

ကုလားတန်မြစ်ဘေးက လူနေအိမ်တချို့ကို တွေ့ရစဉ်
ထို့နောက် နိုင်ငံရေး မတည်ငြိမ်ခြင်း၊ အစိုးရလည်း တည်ငြိမ်မှု မရှိခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခ၊ တရားဥပဒေ စိုးမိုးရေးတို့ကြောင့်လည်း ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုပေါ့။ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုပြောရင် ဘက်ပေါင်းစုံ အကုန်ပါတာပဲ။ တည်ငြိမ်အေးချမ်းမှုဆိုတာ ရွေးကောက်ပွဲက အဆင့်ဆင့် တက်လာတဲ့ အစိုးရ ကလည်း တည်တည်ငြိမ်ငြိမ်နဲ့ ရွေးကောက်ပွဲကတဆင့် ဖြစ်လာတဲ့ အပြောင်းအလဲကိုလည်း လက်ခံနိုင်စွမ်းရှိဖို့၊ ဒါကလည်း ဒါကလည်း တည်ငြိမ်မှုပေါ့။ နောက်တစ်ခုကလည်း လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ပေါ့။ လက်နက်ကိုင်ပဋိပက္ခတွေလည်း ငြိမ်းချမ်းတဲ့ အသွင်ဆောင်ဖို့ပေါ့ ဒါလည်း လိုတာပေါ့။ နောက်တစ်ခုကလည်း တရားဥပဒေ စိုးမိုးမှုပေါ့ ဒါလည်း လိုတာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ ဒေသအများစု ဖွံ့ဖြိုးမှုအတွက် အဓိကလိုအပ်ချက်သည် နိုင်ငံရေး မတည်ငြိမ်မှုနှင့် လက်နက် ကိုင် ပဋိပက္ခများ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ အားနည်းချက်များ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ အခြေခံ အဆောက်အအုံ ချို့တဲ့ခြင်း၊ တိုင်းပြည်၏ စီးပွားရေး မြှင့်တင်ရန်အတွက် နည်းပညာနှင့် သက်မွေးပညာ ရေး ကဏ္ဍများကို အဓိက အားပေးမြှင့်တင်ရန် လိုအပ်ကြောင်း တက်သိပညာရှင်များက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများကြောင့် အာဆီယံ ၁၁ နိုင်ငံတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ ဖြစ်နေသည်ကို တွေ့ရှိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 175
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉
တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ရှိ လျှပ်စစ်မော်တော်ယာဉ်(EC) ထုတ်လုပ်ရေးကုမ္ပဏီ Leapmotor မော်တော်ကားစက်ရုံသို့ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်က သွားရောက် လေ့လာခဲ့သည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် စက်သုံးဆီ ချွေးတာရေးအတွက် လျှပ်စစ်ကားများ ပိုမို သုံးစွဲရန် ဆန္ဒရှိနေသလို လျှပ်စစ်ကား တင်သွင်းခွင့်ကိုလည်း ခွင့်ပြုလျက်ရှိသည်။
ထို့နောက် ကားအရောင်းစင်တာများသည် မြန်မာနိုင်ငံတွင် လျှပ်စစ်ကား မော်ဒယ်မျိုးစုံ တင်သွင်း ရောင်းချလျက် ရှိသည်။

သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ဇွန်လ ၁၉ ရက်ထိ သွားရောက်ခဲ့သည်။
ထို့နောက် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ်ဝန်ကြီးချုပ် လီချန်တို့အား သီးသန့်စီ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ၁၈ ခုကို လက်မှတ်ရေးထိုးခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 167
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ(Shanghai Lingang Special Area)သို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်က သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

လင်းကန်အထူးဒေသသည် တရုတ်က ကမ္ဘာနှင့် ပိုမိုချိတ်ဆက်နိုင်ရန် ရည်ရွယ် ဖော်ဆောင်နေသည့် စီးပွားရေးနှင့် စက်မှုဖွံဖြိုးရေးဇုန် တစ်ခုဖြစ်ပြီး ပိုမိုမြင့်မားသော တံခါးဖွင့် စီးပွားရေးစနစ်နှင့် နိုင်ငံတကာအဆင့်မီ စီးပွားရေး ပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်ရန် ရည်မှန်းထားကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 234
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကုန်သွယ်ရေးနှင့် ပတ်သက်သည့် စီမံကိန်း၊ သတ္တုတူးဖော် ရေးနှင့်စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ရှိသော်လည်း တရုတ်နိုင်ငံသည် မြန်မာ့စီးပွားရေးအတွက် မရှိမဖြစ် ဖြစ်သည်ဟု နိုင်ငံရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်ပြီး ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား၊ သတ္တုတူးဖော်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းများ ပါဝင်သည်။
လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း စီးပွားရေး အပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး နားလည်မှုစာချွန်လွှာ ၁၈ ခုကို လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။
ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စီးပွားရေးသာမက ငြိမ်းချမ်းရေးကဏ္ဍတွင်လည်း ပါဝင်နေပြီး အဓိက ကျသည့် နိုင်ငံဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက နံပါတ်တစ်ကတော့ တရုတ်ပေါ့။ တရုတ်သည် မြန်မာနိုင်ငံနဲ့က အရေးကြီးဆုံး စီးပွားဖက်လည်း ဖြစ်နေတဲ့ အပြင်မှာမှ ကျနော်တို့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှလည်း အများစုက သူ့ရဲ့ ပါဝင်ဆောင် ရွက်ပေးမှုပေါ့၊ ကူညီဆောင်ရွက်ပေးမှုပေါ့။ ဒါတွေက သူက အဓိကကျသလို ဖြစ်နေတယ်။ ဒါ့ကြောင့်မို့လို့ မြန်မာ နိုင်ငံရဲ့ အဓိက သက်ဆိုင်နေတာ တရုတ်ကတော့ မရှိမဖြစ်ပေါ့နော်။ တကယ်ကို အရေးပါအတဲ့ နိုင်ငံပေါ့နော်၊ နံပါတ်တစ် အရေးပါဆုံးလို့တောင် ပြောလို့ရပါတယ်” ဟု ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တရုတ်နိုင်ငံသည် အများဆုံး ဖြစ်သော်လည်း ၂၀၂၁ နိုင်ငံရေး အပြောင်းအလဲကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာပြီး တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျဆင်းခဲ့ရာ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည်လည်း ထက်ဝက်ကျော် ကျဆင်းခဲ့သည်ကို တွေ့ရှိရသည်။
၂၀၂၀ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၄၄၃ သန်းကျော် ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲကြောင့် အမေရိကန်ဒေါ်လာ ၁၄၆ သန်းကျော်သာ ဝင်ရောက်ခဲ့ပြီး ဒေါ်လာ ၂၉၇ သန်း ကျော် လျော့ကျခဲ့သည်။
ထို့နောက် လက်ရှိတွင် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ရပ်နားထားရပြီး ပင်လယ်ရေကြောင်း ကုန်သွယ်ရေး တစ်ခုသာရှိပြီး အိန္ဒိယနိုင်ငံနှင့်လည်း အလားတူပင် ဖြစ်သည်။
သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်မှု အများဆုံးဖြစ်ပြီး နယ်စပ်ကုန်သွယ် ရေးဂိတ် အများဆုံး ရှိခြင်းကြောင့် ကုန်စည်စီးဆင်းမှု၌ တရုတ်နိုင်ငံသည် အဓိကကျသည်ဟု ရှမ်းမြောက် လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ရှမ်းမြောက်ကတော့ တရုတ်ရဲ့ နယ်စပ်ဒေသ ဖြစ်တယ်ပေါ့လေ။ ကျနော်တို့ကတော့ တရုတ် နိုင်ငံကတော့ အဓိက ကျတာပေါ့လေ။ အဓိက,ကတော့ ကျနော်တို့ ဘက်ကတော့ တရုတ်ကုန်စည် စီးဆင်းမှု ကတော့ ပိုပြီး အသက်ဝင်တာပေါ့နော်။ အဓိကတော့ ပြည်ထောင်စုလမ်းမကြီး ကနေတဆင့် ကုန်စည်စီးဆင်း မှုကတော့ တရုတ်နဲ့ ကျနော်တို့ အဓိကကျတဲ့ နိုင်ငံလည်းဖြစ်တဲ့အတွက် ကျနော်တို့ ရှမ်းမြောက်ကတော့ တရုတ်က ပိုပြီးအဓိကကျပါတယ်” ဟု ပြောသည်။

MCITP မှ သမ္မတ ဦးမင်းအောင်လှိုင်ကို ကြိုဆိုနေစဉ်
ထို့နောက် ပြီးခဲ့သည့်လတွင် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး အပါအဝင် မြန်မာနိုင်ငံတွင် ဆေးဝါးနှင့် စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် အိန္ဒိယလုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့သည်ကို တွေ့ရှိရသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် စက်မှုကဏ္ဍ အပြင် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍ (ကုလားတန်မြစ်ဝှမ်း စီမံကိန်းကဲ့သို့) ဝန်ဆောင်မှု လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ အပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခုဖြင့် အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၃၈၅ သန်း ရင်းနှီးမြှုပ်နှံထား ပြီး၊ မြန်မာနိုင်ငံ၏ (၁၁) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်သည်။
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁ ဘီလျံကျော် ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးနှင့် ထိပ်ဆုံးတွင် ရပ်တည်နေပါသည်။
လက်ရှိ ငါးနှစ်တာ ကာလအတွင်း တရုတ်မှ မြန်မာသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၅၀၀ ဘီလျံ ဝင်ရောက်စေရန် မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP)က ရည်မှန်း ထားကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 154
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကွန်ရက် ထိပ်သီး အစည်းအဝေး-၂၀၂၆ (Myanmar-China Investment and Trade Networking Summit 2026-MCITP/ Shanghai)အား မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
ထို့နောက် MCITP အစည်းအဝေး အခမ်းအနားကိုလည်း သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် တွင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်ထိ တရုတ်ခရီးစဉ်ကို သွားရောက်ခြင်းဖြစ်သည်။
ထို့နောက် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်းကောင်း၊ တရုတ်ဝန်ကြီးချုပ် လီချန်နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ၁၈ ခု လက်မှတ်ရေးထိုးခဲ့သည်။
