CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းကြောင့် နိုင်ငံအတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ လုပ်ရန်နှင့် ပြည်သူလူထုအကြား ကုန်သွယ်စီးပွားရေး လုပ်ကိုင်ရန် ခက်ခဲနေကြောင်း လေ့လာစောင့်ကြည့်သူများ က ထောက်ပြကြသည်။

လက်နက်ကိုင် အကြမ်းဖက်မှုများကြောင့် တည်ငြိမ်မှု ပျက်ပြားနေမည်ဆိုလျှင် စီးပွားရေး လုပ်ငန်းများ ဆောင် ရွက်နိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် အကြမ်းဖက်မှုများ ချုပ်ငြိမ်းပြီး ဒေသတည်ငြိမ် အေးချမ်း မှုရှိစေရေး မဖြစ်မနေ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်တွင် ပြောသည်။

ဒေသတစ်ခုတွင် တည်ငြိမ်အေးချမ်းမှု မရှိပဲနှင့် စီးပွားရေး လုပ်ကိုင်ရန် ခက်ခဲကြောင်း 7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နိုင်ငံတကာ ပညာရှင်တွေ ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေအရ အချက်အခြာကျတဲ့ ဒါသူတို့ ရှုဒေါင့် အမျိုးမျိုးကနေ ပြောကြဆိုကြတာပေါ့။ ဒါကတော့ မြေပြင်ရဲ့ ပကတိ အခြေအနေအရတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပေါ်နေတယ်။ ဖြစ်ပေါ်နေဆဲလည်း ဖြစ်တယ်၊ လက်နက်ကိုင်ပဋိပက္ခ ဆိုတာက လည်း ဒါသမိုင်းကြောင်း တစ်လျှောက်မှာ ကြီးမားကျယ်ပြန့်တာလည်း ဒီအချိန်ပဲ ရှိတယ်လေ။ နိုင်ငံတွင်းမှာ ပဲဖြစ်ဖြစ် ကျနော်တို့ ပြည်သူလူထု ကြားထဲမှာပဲဖြစ်ဖြစ် ဒါစီးပွားရေး ဆိုတာကတော့ တော်တော်လေး ကျပ်တည်း ပါတယ်၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒေသတည်ငြိမ်အေးချမ်းရေး မရှိပဲနဲ့၊ ငြိမ်းချမ်းရေး မရှိပဲနဲ့ စီးပွားရေး လုပ်ငန်းတစ်ခု ရှင်သန်ဖို့ ပေါ်ထွန်းဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒါနိုင်ငံတကာ ဒီအတွေ့အကြုံပဲဖြစ်ဖြစ် ကျနော် တို့ နိုင်ငံရဲ့ ဒါဖြတ်သန်းမှု အရပဲကြည့်ကြည့် ဒေသတစ်ခုမှာ တည်ငြိမ်အေးချမ်းမှု မရှိပဲနဲ့ သူ့ရဲ့ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးတွေ ဘာတွေ ဝင်လုပ်ဖို့ ကိုင်ဖို့ဆိုတာကတော့ အရမ်းကို ခက်ခဲတယ်ဆိုတာကတော့ အကုန်လုံး သိရှိပြီး သားပဲလေ”ဟု ပြောသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းမှာ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြားလည်းကောင်း၊ လက်နက်ကိုင် အင်အားစုများ အချင်းချင်းကြားလည်းကောင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

အလားတူ စစ်သားစုဆောင်းမှုများလည်း နှစ်ဖက်စလုံးက အရှိန်မြှင့် လုပ်ဆောင်နေခြင်းကြောင့် လူငယ်များ ပြည်ပသို့ ထွက်ခွာနေကြသလို စစ်ပွဲအတွင်း ဝင်ရောက် တိုက်ခိုက်နေကြရခြင်းကြောင့် မြန်မာနိုင်ငံသည် လူသား အရင်းအမြစ်များ ဆုံးရှုံးနေသည်။

လက်ရှိ မြန်မာနိုင်ငံ၌ ပြည်တွင်းစစ်ကို အပြီးသတ် ချုပ်ငြိမ်းရန် ကြိုးပမ်းရင်း ယခုလို ကြီးမားကျယ်ပြန့်သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း မျက်ရည်များနှင့်ဘဝကို ရောက်နေရကြောင်း 7 EAO Alliance ၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ နိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခင်းအကျင်း တကယ်ဖြစ်တည်နေတဲ့ ပကတိ အခြေအနေအရက တစ်ယောက်ကို တစ်ယောက် လက်ညှိးထိုးတာတို့၊ အပစ်ပြောတာတို့ ဘာတို့က သူနေရာနဲ့ သူကတော့ အမျိုးမျိုး ရှိကြတာကြီးပဲ။ ခုနက လက်နက်ကိုင်ပဋိပက္ခ ဆိုတာကတော့ ကျနော်တို့ နိုင်ငံမှာ တော်တော်များများ ကျယ် ကျယ်ပြန့်ပြန့် ဖြစ်နေတယ်၊ ပြည်တွင်းစစ်ပေါ့။ အဲ့တာကို အပြီးသတ် ချုပ်ငြိမ်းဖို့ ကျနော်တို့ ကြိုးပမ်းခဲ့ဖူးတာ လည်းရှိတယ် ကြိုးပမ်းရင်းနဲ့ပဲ အခုဆိုရင် မကြုံစဖူး ကြီးမားကျယ်ပြန့်တဲ့ လက်နက်ကိုင်ပဋိပက္ခ မျက်ရည်များနဲ့ ဘဝကို ရောက်နေတယ်။ အခုထိလည်း ရင်ဆိုင်နေရဆဲ ဖြစ်တယ်။ အဲဒီ လက်နက်ကိုင် ပဋိပက္ခတွေပေါ်မှာ ကလည်းပဲ အမြင်တွေ အမျိုးမျိုးရှိကြတယ်။ ဒါဘယ်လိုမှ လွန်ဆန်လို့မရတဲ့ ပကတိ အရှိတရားပါ”ဟု ပြောသည်။

ဗိုလ်မှူးကြီးစောကျော်ညွန့်နဲ့ တခြားသော လက်နက်ကိုင်ခေါင်းဆောင်များကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခသည် ၁၉၄၈ ခုနှစ်မှ ယနေ့အထိဆိုလျှင် နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီးဖြစ်သည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိသလို တရားဥပဒေစိုးမိုးမှုများလည်း လျော့နည်းလာခြင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များပြားလာခြင်း၊ ကုန်သွယ်ရေးလမ်းနှင့် ခရီးသွားလမ်း ကြောင်းများ မလုံခြုံခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေး ထွက်ပြေးနေကြရခြင်း စသည့် အခြေအနေများကြောင့်  စီးပွားရေး လုပ်ကိုင်ရ ခက်ခဲလာကြသည်။

မိမိတို့ နိုင်ငံအနေဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အားနည်းခဲ့ခြင်းကြောင့် သယံဇာတပစ္စည်းများကို ထုတ်ယူ သုံးစွဲခဲ့ကြကြောင်း၊ ထို့ကြောင့် အခြေခံအားဖြင့် ရှိပြီးဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန် ထုတ်လုပ်ငန်းများ တိုးတက်ထုတ်လုပ်နိုင်ရေး တပ်မတော်သားများ အနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်လျက် ရှိသည့် ဒေသအလိုက် ပြည်သူများအား ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။