CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးနှင့်စစ်ရေး ပဋိပက္ခကနေ ပေါ်ပေါက်လာသည့် မတည်ငြိမ်မှုများကို သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် ဘယ်လိုကြိုးပမ်းသင့်လဲ ဆိုသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများအကြား သုံးသပ်မှုများရှိနေကြသည်။

မြန်မာနိုင်ငံသည် အင်အားကြီး အိမ်နီးချင်း နိုင်ငံများကြားထဲတွင် ပထဝီနိုင်ငံရေးအရ အရေးပါသည့် အရေးကြီးဆုံး ဆုံချက်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထိုအခွင့်အလမ်းကို ကောင်းမွန်စွာ အသုံးချနိုင်ရန်အတွက် ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများကို ဦးစွာဖြေရှင်းရန် လိုအပ်သည်ဟု ၎င်းတို့က ထောက်ပြကြသည်။ 

မြန်မာနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်ရသည့် အကြောင်းအရင်းသည် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ ဖြစ်ပြီး ထိုကိစ္စရပ်အား တစိုက်မတ်မတ် ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။ 

မြန်မာသမ္မတ ဦးမင်းအောင်လှိုင် မြို့ပြဖွံ့ဖြိုးမှုကိုလေ့လာနေစဉ်

၎င်းက “နိုင်ငံရေး တည်ငြိမ်အောင်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာက တိုင်းရင်းသား ပြဿနာ ဖြစ်နေတယ် ဒါပထမ တစ်ခု။ တိုင်းရင်းသား ပြဿနာတွေ ဘယ်ကစ အခုလူမျိုး အမည်ကစပြီးမှ တစ်စတစ်စနဲ့ ပြဿနာတွေ ကြီးလာတာပေါ့နော်။ တခြား ပြဿနာမဟုတ်ဘူး။ တိုင်းရင်းသားတွေကလည်း အတူနေတဲ့ ညီအစ်ကိုတွေ ဖြစ်ကြ တယ်ဆိုတဲ့ အခါကျတော့ သူတို့ဘာလိုအပ်လဲ။ ကိုယ့်ဘက်က ဘာပေးနိုင်လဲ၊ ကိုယ့်ဘက်က ဘာလျှော့ရမလဲဆို တာ အပေးအယူတွေနဲ့ ညှိညှိနှိုင်းနှိုင်း နိုင်ငံရေးသဘောတရား ညှိနှိုင်းကြမယ်ဆိုရင်တော့ ပြေလည်မှု ရရှိသွားနိုင်ပါ တယ်။ အခုတိုင်းရင်းသားပြဿနာ ပိုကြီးလာတယ်ဆိုတာက လက်နက်ကိုင်တဲ့ ပြဿနာတွေ ပိုဖြစ်လာတယ် တိုက်ကြခိုက်ကြ အမုန်းတရားတွေ ပိုကြီးလာတယ်။ အဲဒီလိုမျိုးတွေ မဖြစ်အောင် ကျနော်တို့က နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားရပါတယ် တိုင်းရင်းသား ပြဿနာကို။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပြဿနာ ပြီးသွား ပြီဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးက မလွဲမသွေ ဧကန်မုချ ရရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အဓိက,ကတော့ တိုင်းရင်းသားပြဿနာကို ပြေပြေလည်လည် ဖြေရှင်းပေးနိုင်မယ်ဆိုရင်တော့ နိုင်ငံအတွက် ငြိမ်းချမ်းရေးကတော့ မဝေးတော့ဘူးလို့ ကျနော့် အနေနဲ့မြင်တယ်။ တည်ငြိမ်သွားပြီဆိုရင်တော့ ခုနတုန်းကပြောတဲ့ Geopolitics အရ ‌အရေးပါတဲ့ နိုင်ငံကြီးတွေကြားထဲမှာ ကစားရင်းနဲ့ မြန်မာပြည်ဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာမယ်လို့တော့ ကျနော်အနေနဲ့ မြင်ပါတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် ရရှိမည့် ကျောက်ဖြူ‌‌‌ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်‌‌ငွေ့ ပိုက်လိုင်းများအပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ချောမွေ့စေရန်အတွက် မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်း၊ ရထားလမ်း၊ ရွှေလီ-မန္တလေး- ကျောက်ဖြူ အမြန်လမ်း စသည့် စီမံကိန်းများကို မြန်မာနိုင်ငံမှာ ဖော်ဆောင်နေသည်။ 

အလားတူ အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံသည် ၎င်း၏ စီးပွားရေးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သည့် တံခါးပေါက်ဖြစ်သော အရှေ့တောင်အာရှ (အာဆီယံ) စျေးကွက်နှင့် ဒေသတွင်းနိုင်ငံများကို ချိတ်ဆက်နိုင်ရန် မြန်မာသည် ကုန်းတွင်းပိုင်းအရ တစ်ခုတည်း‌သော တံတားဖြစ်ကြောင်း သိရသည်။  

အစိုးရအနေဖြင့် ထို‌စီမံကိန်းများရှိသည့် ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စေ့စပ် ညှိနှိုင်းဆွေးနွေး သည့် အခင်းအကျင်းများ ပေါ်လာနိုင်ကြောင်း၊ တရုတ်အစိုးရ အနေဖြင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ အပေါ် ဖိအားပေးမှု၊ ကြားဝင် စေ့စပ်မှုများလည်း မြင်တွေ့လာရနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ‌ထောက်ပြကြသည်။

နိုင်ငံရေး တည်ငြိမ်နိုင်ရန်အတွက်ဆိုလျှင် အမျိုးသားရင်ကြားစေ့ရေးကို အဓိကထား ဦးစားပေး  ဆောင်ရွက်ရန် လိုအပ်သည်ဟု ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယ-မြန်မာ စီးပွားရေးဆွေးနွေးပွဲမှာ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “ကျနော်တို့ကတော့ နိုင်ငံရေးတည်ငြိမ်ဖို့ကတော့ နံပါတ်တစ်ကတော့ အမျိုးသား ရင်ကြားစေ့ရေးပေါ့ဗျာ။ အမျိုးသားရင်ကြားစေ့ရေးကို ကျနော်တို့က ဦးစားပေး ပထမဦးဆုံး လုပ်ရမယ်။ အမျိုးသားရင်ကြားစေ့ရေး ပြီးသွား တဲ့နောက်မှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရမယ်။ ဒီနှစ်ချက်ကို အခြေခံသွားပြီး ကောင်းမွန်တဲ့ အနေအထားတစ်ခုကို ရောက်သွားပြီဆိုရင်တော့ ကျနော်တို့ကတော့ တိုင်းပြည်ရဲ့ အပြောင်းအလဲကတော့ ဖြစ် လာမှာပေါ့လေ။ ကျနော်တို့ကတော့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးပေါ့ NCA ကို ချုပ်ဆိုနိုင်ခဲ့တယ်။ နောက်ပြီးတော့ အစိုးရအဆက်ဆက်က ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ဆောင် ရွက်ခဲ့ပါတယ်။ ကျနော်တို့ အစိုးရလက်ထက်မှာလည်း ပွင့်ပွင့်လင်းလင်း ပြောရင်တော့ အားလုံး ပါဝင်သင့် ပါဝင် ထိုက်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်တွေကို ဖိတ်ခေါ်ပြီးတော့ ညှိနှိုင်းဆွေးနွေးတာပေါ့။ အဓိက,က တော့ ကျနော်တို့အတွက် ‌အကောင်းဆုံးနည်းက ညှိနှိုင်းဆွေးနွေးခြင်းပါ။ ရက် ၁၀၀ အတွင်းမှာ အခုဆိုရင် လာရောက်ပြီးတော့ ဆွေးနွေးတဲ့ အဖွဲ့တွေရှိတယ်။ နောက်ပြီးတော့ NCA ပြင်ပကို ထွက်သွားတဲ့ အဖွဲ့အစည်းတွေ လည်း ရှိတယ်။ ဒါတွေကို ကျနော်တို့က ပြန်လည်ပါဝင်နိုင်အောင်လည်း ကြိုးစားဆောင်ရွက်ဖို့ လိုပါတယ်ပေါ့” ဟု ပြောသည်။

လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အပေါ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ယုံကြည်မှု အင်မတန် အားနည်းနေသေးသလို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်‌ ရောက်လာနိုင်ရန်အတွက် မက်လုံးသေချာ မပေးနိုင်သေးဘူးဟု ယူဆ၍ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြနေကြသည်။

လတ်တလောတွင် သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ လည်းကောင်း၊ တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်ထိ သွား‌ရောက်၍ သမ္မတ ရှီကျင့်ဖျင်အပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဖြင့် တွေ့ဆုံဆွေးနွေးထားသည်။ 

တခြားတစ်ဖက်မှာတော့ NSPNC သည် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် SNA၊ SSPP၊ UWSA၊ NDAA တို့နှင့် သီးသန့်စီ တွေ့ဆုံ ဆွေးနွေးထားသလို 7 EAO Alliacne နှင့်လည်း တွေ့ဆုံဆွေးနွေးထားသည်။