CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃

ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း၌ အားပြိုင်နေကြသည့် တရုတ်နှင့် အမေရိကန်တို့၏ ပထဝီ နိုင်ငံ‌ရေး လွန်ဆွဲပွဲ၌ အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ကဲ့သို့ ဖြစ်သွားမှာ ကို စိုးရိမ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်း‌ဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကတော့ နည်းနည်းတော့ စိုးရိမ်တယ်။ အဲဒီ တရုတ်နဲ့ အမေရိကန် ရဲ့ အားပြိုင်မှုမှာ။ အမေရိကန်ကလည်း ဒုတိယကမ္ဘာစစ်ပြီးတော့ ရုရှား ဆိုဗီယက်ပေါ့။ ဆိုဗီယက်ကို သူဖြိုခွဲတယ် စစ်ရေးတိုက်ပွဲအလွန် ကာလမှာဆိုရင် EU ကိုဖြိုခွဲတယ်။ EU ကို ပြီးတဲ့နောက်မှာ သူ့ရဲ့ ယှဉ်ပြိုင်ဘက်က တရုတ် ဖြစ်လာတယ်။ တရုတ် ဖြစ်လာတယ်ဆိုတဲ့ အခါကြတော့ သူက တရုတ်ကို ဖြိုခွဲဖို့အတွက်က ခြေကုပ်စခန်း အကောင်းဆုံး ပထဝီ အနေအထားအရဆိုရင် မြန်မာနိုင်ငံ ဖြစ်နေတာ။ မြန်မာနိုင်ငံ ဖြစ်နေတဲ့ အခါကြတော့ မြန်မာပြည်သူ၊ ပြည်သားတွေ အနေနဲ့တော့ နည်းနည်းလေး စစ်ဇုန် ထဲ ရောက်သွားမှာ စိုးရိမ်ပါတယ်။ အခုပြည်တွင်းစစ်လည်း စစ်မီးတောက်နေတဲ့ အတွက်ကြောင့်လေ။ နောက်တစ်ချက်က အခု ကမ္ဘာ့ အခြေအနေကလည်း အီရန်ပြဿနာရှိတယ်။ အီရန်ပြဿနာမှာ အမေရိကန်လည်း သူနိုင်အောင် တိုက်နိုင်မှာ မထင်ဘူး။ ပြောရမယ်ဆို သူတပ်ဆုတ်တာနဲ့ တစ်ပြိုင်နက် အီရန်က တရုတ်ဘက်မှာ ရှိထားတဲ့အခါကြတော့  တရုတ်ရဲ့ ဩဇာက တဖြေးဖြေးချင်းနဲ့ အရှေ့အလယ် ပိုင်းထိကို လွှမ်းမိုးသွားနိုင်တယ်ပေါ့။ အဲဒီအခါကြတော့ အမေရိကန်လည်း တရုတ်ကို ဖြိုဖို့ကြိုးစားမယ်။ ကြိုးစားတဲ့ အခါကြတော့ မြန်မာနိုင်ငံက အာဖဂန်နစ္စတန်လိုမျိုး စစ်ဇုန်အဖြစ် ကျသွားမှာတော့ ကျနော် အရမ်းစိုးရိမ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသည် တရုတ်နှင့် အမေရိကန်တို့၏ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုအကြားမှာ ပထဝီနိုင်ငံ ရေးအရ အချက်အချာကျသည့် နေရာ တစ်ခုအဖြစ် တည်ရှိနေကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။

တရုတ်အတွက် မြန်မာနိုင်ငံသည် မလက္ကာရေလက်ကြား ပိတ်ဆို့ခံရနိုင်ခြေကို ဖြေရှင်းပေးမည့် အဓိက လမ်းကြောင်းဖြစ်ကာ အမေရိကန်အတွက် မြန်မာနိုင်ငံသည် တရုတ်၏ ဩဇာချဲ့ထွင်မှုကို ထိန်းချုပ်ရန် အရေးကြီးသည့် နေရာတစ်ခု ဖြစ်ကြောင်း တွေ့ရသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ အိန္ဒိယသမုဒ္ဒရာ (ရခိုင်ပြည်နယ်၊ ကျောက်ဖြူ) အထိ တိုက်ရိုက် ထွက်ပေါက်ရရန် ရထားလမ်း၊ ကားလမ်းနှင့် ရေနံ/သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများသည် တရုတ်အတွက် အသက်သွေးကြော ဖြစ်သည်။

တရုတ်က ရှမ်းပြည်နယ်မြောက်ပိုင်း ထိန်းချုပ်ရေး ရည်မှန်းထားပုံကို ပြသထားစဉ်

ထို့ပြင် တရုတ်သည် မြန်မာ့အရေးမှာ အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှ စီးပွားရေးနှင့် နိုင်ငံရေးအရ ကျောထောက်နောက်ခံ ပြုပေးခြင်းဖြင့် မြန်မာနိုင်ငံကို ၎င်းဘက်ပါအောင် ဆွဲဆောင်ထား ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

အမေရိကန်ကမူ မြန်မာ့အရေးမှာ ဒီမိုကရေစီအရေးကို ရှေ့တန်းတင်ပြီး နိုင်ငံတကာ ဖိအားပေးခြင်းများ လုပ်ဆောင်ကာ BURMA Act ကဲ့သို့ ဥပဒေများမှတဆင့် မြန်မာ့နွေဦးတော်လှန်ရေး အင်အားစုများကို ကူညီနေခြင်းသည် ဒေသတွင်းမှာ ၎င်း၏ အခန်းကဏ္ဍကို မြှင့်တင်၍ တရုတ်နှင့် နီးစပ်သည့် အုပ်ချုပ်သူ များအပေါ် ဖိအားပေးရန်ဖြစ်ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။

အလားတူ အမေရိကန်နှင့် ဆက်ဆံရေး ကောင်းမွန်သည့် KIA-CNF-NUG တို့သည် AA-ABSDF-PDF- နာဂ လက်နက်ကိုင်များဖြင့် ချိတ်ဆက်၍ စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်နိုင်ရေး ကသုံးလုံး (ကန့် ဘလူ- ကောလင်း- ကသာ) စစ်ဆင်ရေးကို ဖော်ဆောင်နေသည်။

ထို့နောက် ကချင်ပြည်နယ်- စစ်ကိုင်းတိုင်း- ချင်းပြည်နယ်- ရခိုင်ပြည်နယ်တို့ကို ချိတ်ဆက်ကာ မြန်မာ နိုင်ငံ၏ အနောက်မြောက်ဒေသ လွတ်မြောက်ရေးကို ကြိုးပမ်းလျက်ရှိသည်။

KIA ၏ အနောက်မြောက်ဒေသ တစ်လျှောက် လွတ်မြောက်ရေး ကြိုးပမ်းမှု၏ နောက်ကွယ်မှာ အမေရိ ကန် ထောက်ပံ့ကူညီမှု ပါဝင်နေကြောင်း တရုတ်က သံသယရှိနေကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့(MNDAA)ကို အသုံးပြု၍ KIA ၏ Kachin Sub-State ဆိုသော ကွတ်ခိုင်နှင့် နမ့်ခမ်းကို ထိန်းချုပ်ကာ လုံခြုံအောင် ကာကွယ်လျက်ရှိနေသည်။

ထိုသို့ ပထဝီနိုင်ငံရေး အရေးပါသည့် နိုင်ငံများအနက် မြန်မာနိုင်ငံလည်း ပါဝင်နေသဖြင့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့များအလိုက် ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံတစ်ခုတည်း ကြည့်၍ မရတော့ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နှင့် အမေရိကန် သမ္မတ ၂ ဦးကို တွေ့ရစဉ်

ဒေါက်တာအန်ကောလက “ယနေ့ အနေအထားကတော့ ဘာသွားတွေ့ရလဲဆိုတဲ့ အခါကြတော့ တရုတ် နဲ့ အမေရိကန် ပထဝီနိုင်ငံရေး လွန်ဆွဲပွဲတွေမှာ အရေးပါတဲ့ နေရာမှာရှိတဲ့ နိုင်ငံတွေက Bipolarization လို့ခေါ်တယ်ပေါ့နော်။ ၂ ဖက် အားပြိုင်မှုကြားထဲမှာ များသောအားဖြင့် ဒုက္ခရောက်ကြတာ များတယ်။ အခုလက်ရှိ အီရန်အရေးအခင်းလည်း ဒီတိုင်းပဲ။ နောက်တစ်ခါ ပြီးရင် မြန်မာ။ မြန်မာကကျတော့ နိုင်ငံရဲ့ China containment policy အရ ကျနော်တို့ မလက္ကာရေလက်ကြား အပြင်မှာရှိတဲ့ ပင်လယ်နဲ့ ဆိပ်ကမ်းရှိတဲ့ တနင်္သာရီကမ်းရိုးတန်းဟာ အမေရိကန်တွေအတွက် အနောက်အုပ်စုအတွက် ဒီဟာက ဝင်ရမယ့်နေရလို့ မြင်ရတယ်။ နောက်တစ်ခုက တရုတ်ရဲ့ လက်ရှိ ဒုတိယ  Exit trade စီပေါ့ Alternative Way လို့ခေါ်တဲ့ Indian Ocean ကို ထွက်မယ့် အဓိက,က ကျနော်တို့ မြန်မာနိုင်ငံပဲ ဖြစ်တယ်။ မြန်မာ နိုင်ငံမှာ ရေနက် ဆိပ်ကမ်းတွေရှိတဲ့ ကျောက်ဖြူနဲ့ ထားဝယ်၊ ရန်ကုန်ပေါ့နော်။ အဲဒီဟာတွေက တရုတ်ရဲ့ အခုလက်ရှိ အနေထား အရင်ကလည်း အရေးကြီးတယ်။ အခုကတော့ ပိုပြီးတော့မှ အရေးပါတာပေါ့။ ဆိုတော့ ဒီပထဝီနိုင်ငံရေး ကစားချက်တွေက ဆိုက်ဆိုက်မြိုက်မြိုက် မြန်မာနိုင်ငံထဲကို ပိုလို့တောင် ရောက်လာတယ်။ ဘာကြောင့်လဲဆိုတော့ အခု မြိတ်နဲ့ ထားဝယ်ကြားမှာ တိုက်ပွဲဖြစ်တာနဲ့ အနှေးအမြန် ပဲ ရှမ်းမြောက်မှာ သူတို့စိတ်ချရတဲ့ EAO တွေ နယ်မြေထိန်းသိမ်းမှုတွေ ပေါ်ပေါက်လာတယ်။ ဒါ့အပြင် ကျနော်တို့ ပြည်ထောင်စုလမ်းကိုဖွင့်တယ်။ ထောက်ပို့လမ်းကြောင်းတွေ ဖွင့်တယ်။ ဖွင့်ပြီးတော့မှ ခုနက အနောက် အုပ်စုနဲ့ ဆက်စပ်တဲ့ အုပ်စုတွေကို အပြီးသတ်တိုက်ခိုက်ဖို့ ပြင်ဆင်တာတွေ ဒီလိုအချက်တွေ က မြန်မြန်ဆန်ဆန် ဖြစ်လာတယ်။ အချိန်က ဘာမှမဆိုင်ဘူးလေ” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ အခင်းအကျင်းသည် တရုတ်၏ အိန္ဒိယသမုဒ္ဒရာ အိပ်မက်နှင့် အမေရိကန်၏ တရုတ်ကို ဝိုင်းရံပိတ်ဆို့ရေး မူဝါဒတို့ ထိပ်တိုက်တွေ့သော နေရာဟု ယူဆနိုင်သဖြင့် မြန်မာ့အရေးသည် ပြည်တွင်း ရေး သက်သက်မဟုတ်ဘဲ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ပထဝီနိုင်ငံရေး ကစားကွက်ထဲ အရေးကြီးသော အပိုင်းအစ တစ်ခုဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

လက်ရှိ အနေအထားအရ မြန်မာနိုင်ငံသည် ထိုအင်အားကြီး နှစ်နိုင်ငံအကြား ဟန်ချက်ညီအောင် ထိန်းကျောင်းရန် ခက်ခဲနေသည့် အနေအထားမှာ ရှိနေသော်လည်း ဗဟိုအစိုးရသည် တရုတ်နှင့် ပိုမို နီးကပ်သည့် ဆက်ဆံရေးမျိုးမှာ ရှိနေသည်။