CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉

အမေရိကန်နိုင်ငံဘက်မှ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် ရှုမြင်မှု ထွက်ပေါ်လာသော်လည်း တရုတ်အနေဖြင့် မြန်မာ့တပ်မတော်သည် အနောက်အုပ်စုဘက် ပါသွားမှာကို မစိုးရိမ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည့်အပြင် အုပ်ချုပ်ရေးပိုင်းမှာလည်း မြင်သာသည့် တိုးတက်မှုများကို တွေ့ရသည်ဆိုသော အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံသားများအတွက် ပေးထားသော ယာယီနေထိုင်ခွင့် (TPS)ကို ရုပ်သိမ်းကြောင်း အမေရိကန်၏ အမိမြေလုံခြုံရေးဌာနက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်မှ ထုတ်ပြန်လိုက်သည်နှင့်တစ်ပြိုင်နက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ရာဇသတ် ကြီး ပုဒ်မ ၅၀၅(က)ဖြင့် ကြားနာစစ်ဆေးဆဲ အမှုများအား ပိတ်သိမ်းကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အမေရိကန် ၏ ထင်မြင်ချက်ကို ထောက်ခံသည့်သ‌ဘော ပြသခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ် ကြသည်။

မြန်မာနဲ့ အမေရိကန် အလံကို တွေ့ရစဉ်

အမေရိကန်က ၎င်းအကျိုးစီးပွားအတွက်ကြောင့် TPS ကို ရုပ်သိမ်းခြင်း ဖြစ်သည့်အတွက် မြန်မာ့တပ်မတော် သည် အမေရိကန်နှင့် အနောက်နိုင်ငံအုပ်စုဘက်သို့ ပါသွားမည်ကို မစိုးရိမ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်ကလည်း အဲဒီလောက်ကြီး မအ ဘူးလေ။ ခုနက ပြောသလို သူလည်း သဘောပေါက်တယ်။ ဘာကြောင့်တုန်းဆို ထရမ့်က အခုမြန်မာနိုင်ငံမှာလုပ်တဲ့ ရွေးကောက်ပွဲကို ထောက်ခံပါတယ် ဆိုတာမျိုးကြ မပြောဘူး။ ရွေးကောက်ပွဲကို ထောက်ခံပါတယ်။ ရွေးကောက်ပွဲက မှန်တယ်။ ဒီမိုကရေစီ ပြန်သွားဖို့အတွက် အ‌ရေးကြီးတယ် ဘာညာဆိုတာမျိုးပေါ့။ အဲဒါမျိုးက မပြောဘူး။ တရုတ်တို့ ဟိုဟာတို့ ပြောသလိုမျိုး မပြောဘူး။ သူက သူ့ အကျိုးစီးပွားအတွက် သူပိတ်ချင်လို့မို့လို့ အကြောင်းပြချက် တစ်ခုအနေနဲ့ အခြေအနေက ပုံမှန်ဖြစ် သွားပြီ။  ဒါကြောင့် စကစ,က အမေရိကန်နောက် လိုက်သွားလိမ့်မယ်။ အနောက် ပါသွားလိမ့်မယ်လို့လည်း သူ မစိုးရိမ်ဘူး။ သူက တထစ်ချ ယုံကြည်ပြီးသား။ သူ့ကို မချစ်သော်လည်း အောင့်ကာနမ်း ပေါင်းနေပေမယ့် ဒီကောင် ဘယ်တော့မှ အမေရိကန်နဲ့ တည့်မှာမဟုတ်ဘူးဆိုတာ သူကသိပြီးသား။ ဒါကြောင့်မို့လို့ သိပ်ပြီးတော့ စိတ်မပူဘူး” ဟု ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် မြန်မာနိုင်ငံအပေါ် မူဝါဒ ပြောင်းလဲရန် ကြိုးစားနေသည့် သဘောရှိ ကြောင်း၊ တပ်မတော် အနေဖြင့် အမေရိကန်၏ လှုပ်ရှားမှုအပေါ် တစ်ပြိုင်နက် အပြုသဘောပြသည့် လှုပ်ရှားမှုမျိုး လုပ်ဆောင်နိုင်သည်ကို တွေ့ရကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများ၌ တော်လှန်ရေး အင်အားစု များကို အမေရိကန် ပါဝင်သည့် အနောက်အုပ်စုမှ ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး တပ်မတော်နှင့် အချို့သော တိုင်းရင်းသား လက်နက်ကိုင်များအကြား ပြေလည်စေရန် တရုတ်က ကြားဝင်လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

တရုတ်သည် မြန်မာမြေပေါ်တက်၍ မြန်မာ့နိုင်ငံရေးကို ခြယ်လှယ်နေသဖြင့် အမေရိကန်ဘက်မှ ထိုသို့ ပြောဆို လာမှုအပေါ် ဂရုမစိုက်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “‌တရုတ်က ဘာမှမရှိပါဘူး။ ဒီလောက်နဲ့ တရုတ်က မပျော့ဘူး။ တရုတ်ကတော့ ကိုယ်တိုင်ကိုယ်ကြ ဝင်နေ တာကို။ ကျောက်ဖြူကိစ္စ၊ လားရှိုးကိစ္စ တရုတ်က ဗမာမြေပေါ်မှာကို တက်ပြီးတော့ ခြယ်လှယ်နေတဲ့ အခါကြတော့ အမေရိကန်ရဲ့ ဒီလောက် လေသံလောက်လေးကိုတော့ တရုတ်က ဂရုမစိုက်ပါဘူး။ သူ့အလုပ် မပျက်ပါဘူး” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ် မှာ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂) အနေဖြင့် မြို့နယ် ၁၀၀ မြို့ နယ်၌ ကျင်းပမည်ဖြစ်သည်။

အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း(၃)ကို ဆက်လက် ကျင်းပမည်ဖြစ် ဖြစ်သည်။