CNI Article

၂၀၂၅ ခုနှစ်၊ မတ်လ ၁၆

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖြစ်ပေါ်လာခဲ့တဲ့ နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲကြောင့် မြန်မာနိုင်ငံဟာ အဖက်ဖက်က ယိုယွင်းကျဆင်းလာနေတာကို တွေ့လာရပါတယ်။ ဒီအပေါ်ကို ဘယ်လိုကုစား ကြမလဲဆိုတဲ့ အဖြေကိုလည်း ရှာဖွေနေသည့်တိုင် ယနေ့ထိ မတွေ့သေးပါဘူး။

ဒီလို အခြေအနေမှာပဲ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေဟာလည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်း အတွင်းမှာ တစ်နည်းတစ်ဖုံနဲ့ မတူညီသော အနေအထားတွေကနေ ပါဝင် ပတ်သက်လာနေတာကို တွေ့လာရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံနဲ့ ပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံတွေရဲ့ အနေအထားတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရအောင် ပါ။

တရုတ်

*******

၁၀၂၇ စစ်ဆင်ရေးနဲ့ ကျားဖြန့်ကို ပြပြီး တရုတ်က မြန်မာထဲကို အတွင်းထိ ထိုးဖောက်တယ်။ ပြီးတာနဲ့ တရုတ် ကုမ္ပဏီ၊ တရုတ်ဝန်ထမ်းနဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှု-စီမံကိန်းတွေ ကာကွယ်နိုင်ရေး ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာဥပဒေ ကို မြန်မာကထုတ်လာအောင် တရုတ်က တောင်းဆိုခဲ့ပြီးတော့ ကိုယ့်ဘာသာ ကာကွယ်နိုင်ဖို့ ကြိုးပမ်းလာတယ်။

ဒီနောက်မှာတော့ မြန်မာ့နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ လုပ်ငန်းစဉ်မှာ ထည်ထည်ဝင်ဝင် ပါဝင်လာတယ်။ ယခင် ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်တုန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ပနိုင်ငံတွေကို အသိသက်သေ (သို့မဟုတ်) လေ့လာသူ အဆင့်ပဲပေးတယ်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်ဝန်ကြီးချုပ် လီချင်ကို တွေ့ရစဉ်

အခု မြောက်ပိုင်းသုံးဖွဲ့နဲ့ ဆွေးနွေးပွဲတွေမှာတော့ တရုတ်က ကြားဝင်စေ့စပ်ညှိနှိုင်းသူဆိုတဲ့ အဆင့်နဲ့ ဆွေးနွေးပွဲထဲ ဝင်ထိုင်လာတယ်။ မဆွေးနွေးချင်ဘူးဆိုလည်း တရုတ်က ဆွေးနွေးဖို့ပြောရင် ဆွေးနွေးကြရတဲ့ အနေအထားကို တွေ့လာရတယ်။

 

အိန္ဒိယ

********

အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဒေသတွေဖြစ်တဲ့ မီဇိုရမ်ပြည်နယ်၊ မဏိပူရပြည်နယ်တို့နဲ့ထိစပ်နေတဲ့ မြန်မာပိုင် နယ်မြေတွေကို အိန္ဒိယနိုင်ငံထဲ ပေါင်းစည်းဖို့ လွှတ်တ်ောအမတ် တချို့က ဆွေးနွေးလာသလို လက်နက်ကိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတာတွေလည်း ရှိလာပါတယ်။

ချင်းပြည်နယ်ကို မီဇိုရမ်ပြည်နယ်ထဲ ထည့်သွင်း ပေါင်းစည်းဖို့၊ တမူး-ကဘော်ချိုင့်ဝှမ်း (ကလေး-မင်းကင်း) ကို မဏိပူရပြည်နယ်ထဲ ထည့်သွင်းပေါင်းစည်းဖို့ တရားဝင် ထုတ်ပြောလာသလို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် အမေရိကန်ခရီးစဉ်မှာလည်း ချင်းပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ် ပေါင်းစည်းရေးကို ထုတ်ပြောသွားတာလည်း ကြားမိလိုက်ပါ သေးတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၂၀၀၀ ကျော်ရှိတယ်။ အဲဒီလူတွေ ပျောက်နေပြီး တော့ မြန်မာနိုင်ငံထဲ ဝင်သွားတယ်။ ပြီးတော့ ချင်းတောင်တန်းပေါ်မှာ လက်နက်ကိုင်အင်အားစုတွေကို စစ်သင်တန်းတွေ ပေးနေတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုမာက ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်မှာ မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ထုတ်ပြောသွားတယ်။

 

မြန်မာနိုင်ငံက ချင်းသူပုန် ၂ ဖွဲ့ ပေါင်းစည်းရေး သဘောတူညီမှုကို အိန္ဒိယနိုင်ငံ မီဖိုရမ်ဝန်ကြီးချုပ်က သက်သေအနေဖြင့် ပါဝင်စဉ်

 

ဘင်္ဂလားဒေ့ရှ်

*************

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်‌ဟောင်း ရှိတ်ဟာစီနာက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအနီးမှာ ခရစ်ယာန်နိုင်ငံတစ်ခု ထူထောင်ဖို့ လူဖြူနိုင်ငံကြီး တစ်နိုင်ငံက သူ့ကိုလာရောက် ဆွေးနွေးခဲ့တယ်လို့ ၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်က ထုတ်ပြောထားတယ်။ ဒီပြောကြားချက်ကို အိန္ဒိယသတင်းဌာန  The Print က ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်မှာ ဖော်ပြခဲ့တယ်။

သူ့ကို ဘင်္ဂလားဒေ့ရှ် ပြည်သူတွေက ဆန္ဒပြပြီးတော့ ဖြုတ်ချခံခဲ့ရတဲ့ အဓိက အကြောင်းအရင်းကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံအနီး နိုင်ငံတစ်ခုထူထောင်ဖို့ လူဖြူနိုင်ငံကြီး တစ်နိုင်ငံက ဆွေးနွေးမှုကို သူလက်မခံခဲ့လို့လို့ ရှိတ်ဟာစီနာက ပြောခဲ့တယ်။

ဒီနောက် အိန္ဒိယနိုင်ငံမှာ သူနိုင်ငံရေး ခိုလှုံခဲ့တယ်။

ရှိတ်ဟာစီနာ ဖြုတ်ချခံရပြီးနောက်မှာတော့ အမေရိကန်လိုလားသည့် ယူနွတ်က ကြားဖြတ်အစိုးရကို ဦးဆောင် လာခဲ့ပါတယ်။ ဒီအခြေအနေမှာပဲ ပါကစ္စတန်ထောက်လှမ်းရေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်ရှိနေတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေကို ပြောက်ကျားစစ်သင်တန်းတွေ ပေးနေတယ်ဆိုပြီး သတင်းတွေလည်း ကျယ်ကျယ်ပြန့် ပြန့်ထွက်ပေါ်လာပါတယ်။

တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ် ထိစပ်နေတဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတော စတဲ့ မြို့နယ် ၃ ခုကို လွတ်မြောက်စေဖို့အတွက်ဆိုပြီးတော့ ARSA၊ RSO၊ ARA တို့ ပေါင်းစည်းပြီးတော့ တိုက်ပွဲတွေ ဖော်ဆောင်လာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို တွေ့ရစဉ်

ဒီအခြေအနေတွေကြောင့် အိန္ဒိယနိုင်ငံကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်- အိန္ဒိယ သုံးနိုင်ငံအနီးမှာ နိုင်ငံတစ်ခု ပေါ်ပေါက်လာနိုင်ခြေ အန္တရာယ်ကို သတိထားစောင့်ကြည့်နေမယ် ထင်ပါတယ်။

ဒါကြောင့်လည်း တချို့ နယ်မြေတွေကို အိန္ဒိယနဲ့ ပေါင်းစည်းဖို့ စည်းရုံးတာတွေ လုပ်နေတာလည်း ဖြစ်နိုင်သလို ကြိုတင် ကာကွယ်နေတဲ့ အနေအထားလည်း ဖြစ်မယ်ထင်ပါတယ်။

 

ထိုင်း

******

မြန်မာနိုင်ငံက တော်လှန်ရေး အင်အားစုတွေကို လက်ခံထားသလို တစ်ဖက်မှာလည်း နိုင်ငံတော်အာဏာကို ရယူထားသူများနဲ့ ဆက်ဆံလျက်ရှိပါတယ်။

မြန်မာနိုင်ငံကနေ ထွက်လာတဲ့ လူသားအရင်းအမြစ်ကို စျေးသက်သက်သာသာနဲ့ ရရှိပြီးတော့ ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်း အပါအဝင် တခြားသော စက်ရုံ-အလုပ်ရုံတွေကို လည်ပတ်ပြီးတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လျှောက်လှမ်းနေပါတယ်။

ထိုင်း-မြန်မာနယ်စပ် အနီးက ဒေသတချို့ကို ထိန်းချုပ်ထားတဲ့ အင်အားစုတွေဟာ ထိုင်းအစိုးရရဲ့ ဩဇာသက်ရောက်မှုတွေ ရှိတယ်ဆိုတာကို ကျားဖြန့်နှိမ်နင်းရေး လုပ်တဲ့အခါမှာ ပေါ်ပေါ်ထင်ထင် မြင်တွေ့လာရပါတယ်။

တရုတ်နိုင်ငံက ကုန်သွယ်ရေးလမ်းကြောင်းတွေ အကုန်နီးပါး ပိတ်သွားတဲ့အတွက် မြန်မာနိုင်ငံအတွင်းမှာ ထိုင်း ကုန်ပစ္စည်းတွေက နေရာဝင်ယူလာပါတယ်။ ဒါကြောင့်လည်း တရုတ်က သူ့ရဲ့ ဈေးကွက်ကို ထိုင်းက အစားထိုး ဝင်ယူမှာကို စိတ်ပူနေနိုင်ပါတယ်(နိုင်ငံတကာ ဈေးကွက်နဲ့ ရင်လိုက်ရင်‌တော့ တရုတ်အတွက် မြန်မာဈေးကွက်က မပြောပလောက်ပါဘူး)။

နစကဥက္ကဋ္ဌနဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

 

မြန်မာ

******

မြန်မာနိုင်ငံမှာတော့ UWSA နဲ့ NDAA က ကွန်ဖက်ဒရေးရှင်းအဆင့် ရထားတဲ့အတွက် ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံထဲက နိုင်ငံငယ်လေးတစ်ခုလို့တောင် တင်စားကြတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က "တိုင်းရင်းသားများသည် ၂၀၂၅ ရောက်လာသည့်အခါမှာ ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားချက်များ ရှိလာမည်ဖြစ်၍ မြန်မြန် ယခုကာလမှာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သင့်ကြောင်း" ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊  ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ၂၀၁၈ ခုနှစ်က တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ အင်တာဗျူး တစ်ခုမှာ ပြန်ပြော ပြခဲ့တယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် ကလည်း နိုင်ငံတစ်ခုအထိ တည်ထောင်ရန် အခြေအနေဖြစ်လာပါက အဆင်သင့်ဖြစ်အောင် ပလောင်လူမျိုးတွေ လုပ်ထားရမယ်လို့ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈ ရက်က ပြောခဲ့ပါတယ်။

ဗိုလ်ချုပ်တားဘုန်းကျော်က “ နိုင်ငံရေး ရေချိန်အရ မြှင့်တက်လာမယ်၊ ပထဝီနိုင်ငံရေး အခြေအနေ၊ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေအပေါ် မူတည် သွားပြီးတော့ ဒီနိုင်ငံဟာ ပြည်ထောင်စုတောင် မတည်ဆောက် နိုင်တော့ဘူးဆိုရင် အစိတ်စိတ် အမွာမွာကွဲပြီးတော့ နိုင်ငံငယ်တွေလည်း အများကြီး ထွက်သွားနိုင်တယ်။ ဒါကြောင့်မလို့ ကျနော်တို့လူထုတွေ ကျနော်တို့ တအာင်း (ပလောင်)လူထုတွေလည်း ဒါသေချာ စဉ်းစားဖို့လို တယ်။ ကျနော်တို့ကို ကျနော်တို့ သေချာ ပြင်ဆင်နိုင်ဖို့ လိုတယ်။ ဒီပြည်ထောင်စုနိုင်ငံ တကယ် တည်ဆောက် တဲ့အချိန်မှာ ကျနော်တို့လည်း ပြည်နယ်တစ်ခုအနေနဲ့ ကျနော်တို့လူမျိုး ကျနော်တို့ ကာကွယ်သွားဖို့ ၊ တည် ဆောက် နိုင်ဖို့အတွက် အဆင်သင့် ကျနော်တို့ ကြိုးပမ်းဆောင်ရွက် သွားဖို့လိုတယ်။ အဲလိုမှ မဟုတ်ဘူး ပြည် ထောင်စု တည်ဆောက်လို့ မရဘူး၊ ပထဝီနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး တစ်ခုကြောင့် လိုအပ်ချက်ကြောင့် တော် လှန်ရေးတွေ သိပ်အရှိန်မြင့်လာလို့ နိုင်ငံတွေ ထွက်လာမယ်ဆိုလည်း ကျနော်တို့ နိုင်ငံတည်ဆောက်နိုင်ဖို့ အဆင့် လည်း ကျနော်တို့ ပြင်ဆင်သွားဖို့လိုပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)ရဲ့ ဥက္ကဋ္ဌ/တပ်မှူးချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ကွန်ဖက်ဒရေးရှင်း အဆင့်ကို အနိမ့်ဆုံး ရယူလိုကြောင်းနဲ့ လိုအပ်ပါက ဒါထက် ကျော်လွန်းစဉ်းစားနိုင်တယ်လို့ ပြောထားပါတယ်။

TNLA-AA- MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်

ဒါတွေက မြန်မာ့တပ်မတော်နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) မထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ အနေအထားနဲ့ သဘောထား ရပ်တည်ချက်တွေပဲ ဖြစ်ပါတယ်။

NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAOs) တွေရဲ့ အနေအထားနဲ့ သ‌ဘောထား ရပ်တည် ချက်တွေကလည်း စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

NCA ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က “ မိမိတို့ ၇ ဖွဲ့ ရဲ့ ထိန်းချုပ်တဲ့ နယ်မြေအသီးသီးတွေမှာ မိမိတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နဲ့ စတင် အုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်။ မိမိတို့ ဒေသမှာ ရှိနေကြတဲ့ လူထုတွေအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွါးရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို တဆင့်ပြီးတဆင့် တည်ဆောက်သွားရမှာဖြစ်ပါတယ်။ တဖက်တွင်လည်း မိမိတို့ ၇ ဖွဲ့ကြား မှာ တူတာတွဲလုပ် မတူတာခွဲလုပ်ဆိုတဲ့မူအတိုင်း ဆောင်ရွက်သွားဖို့ လိုပါ တယ်”လို့  ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၁၉ ရက်နေ့ထိ ကျင်းပသည့် အပစ်ရပ် ၇ ဖွဲ့၏ အစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။

အခုဆိုရင် မြန်မာ့တပ်မတော်ဟာ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဆိုတဲ့ စစ်တိုင်း ၂ ခုကို လက်လွတ်ထားရသလို မြို့နယ် ၉၀ ကျော်ကိုလည်း လက်လွတ်ထားရတယ်လို့ စစ်တမ်းတွေကနေ ဖော်ပြထားပါတယ်။

နိုင်ငံရေးပါတီများနဲ့ NSPNC တွေ့ဆုံ ဆွေးနွေးစဉ်

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကလည်း သေချာရေရာမှုမရှိဘဲ ဖြစ်နေသလို နိုင်ငံရေးကစားပွဲ တစ်ခု အနေနဲ့ပဲ တည်ဆောက်နေတယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ မအောင်မြင် သရွေ့ ပြည်သူလူထုဟာ ဒုက္ခပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့နေရအုံးမယ့် အခြေအနေမှာ ရှိနေပါတယ်။

အထက်ပါ အခြေအနေတွေကတော့ မြန်မာနိုင်ငံနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်တည်နေတဲ့ အနေအထားတွေပဲ ဖြစ်ပါတယ်။ ဒီအနေအထားဟာ မကိုင်တွယ်တက်ရင်တော့ နိုင်ငံပြိုကွဲသွားနိုင်သလို ကျရှုံးနိုင်ငံအဖြစ်လည်း ဦးတည်သွားနိုင်ပါတယ်။

မြန်မာနိုင်ငံ ကျရှုံးနိုင်ငံဖြစ်သွားပြီးဆိုရင်တော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် (သို့မဟုတ်) ဒီမိုကရေစီ ပြန်လည် အားကောင်းရေး လုပ်ငန်းစဉ်တွေဟာ နှစ် ၂၀-၃၀ ကြာနိုင်တယ်လို့လည်း ပညာရှင်တွေက ဒီမိုကရေစီ ကျရှုံးနိုင်ငံတွေကို လေ့လာတွေ့ရှိထားပုံကို ရှင်းပြလျက်ရှိပါတယ်။

ဒီအနေအထားတွေကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အင်အားစုတွေ ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲ၊ ဘယ်လို နည်းလမ်းနဲ့ ထွက်ပေါက်ကို ရှာကြမလဲ......?