CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၈

အိန္ဒိယနိုင်ငံ၏ Think Tanks အဖွဲ့ကြီးဖြစ်သည့် ကမ္ဘာ့ရေးရာအိန္ဒိယကောင်စီ(ICWA)နှင့် မြန်မာနိုင်ငံရှိ ပါတီများ၊ NSPNC ၊ EAOs များ တွေ့ဆုံ၍ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များအပေါ် တွေ့ဆုံ ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်က မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံး၏ အိန္ဒိယစင်တာမှာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မူဘောင်များနှင့် ဖက်ဒရယ်စနစ်အရေး၊ လူမျိုးပေါင်းစုံနှင့် ဘာသာစကား ပေါင်းစုံ ဖက်ဒရယ်စနစ်ကို စီမံခန့်ခွဲရာတွင် အိန္ဒိယ၏ အတွေ့အကြုံများ၊ အားလုံးပါဝင်သော အုပ်ချုပ်မှုနှင့် အာဏာခွဲဝေမှုဆိုင်ရာကိစ္စရပ်များ၊ အိန္ဒိယဖက်ဒရယ်စနစ်နှင့် လူမျိုးစု မတူကွဲပြားမှုများအရေး စသည့် ခေါင်းစဉ် များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးပွဲကို မြန်မာနိုင်ငံဘက်က နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)မှ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် အပါအဝင် ကိုယ်စားလှယ် ၃ ဦး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့အနက် ၅ ဖွဲ့မှ ဒေါ်စောမြရာဇာလင်း၊ နန်းယဉ်ယဉ်စိုး၊ ဗိုလ်မှူးကြီးစောကျော်ညွန့်၊ ရဲဘော်မျိုးဝင်း၊ ဗိုလ်မှူးကြီးခွန်ဥက္ကာတို့ တက်ရောက်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်က ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာမှာ ဖက်ဒရယ်အရေး ဆွေးနွေးကြစဉ်

အလားတူ နိုင်ငံရေးပါတီများဘက်က ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေး မောင်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဒေါ်ခင်စောဝေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ စာရေးဆရာ ဦးကျော်ဝင်း၊ USDP မှ ဦးခင်မောင်စိုး၊ ရှမ်းနှင့်တိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီမှ ဦးစောသန်းမြင့်တို့ တက်ရောက်ခဲ့ကြသည်။

အိန္ဒိယဘက်ကတော့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် Think Tanks အဖွဲ့မှ ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅-၇ ရက်က အိန္ဒိယခရီးစဉ် သွားကြသော ကိုယ်စားလှယ်များကို တွေ့ရစဉ်

မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်အုပ်ချုပ်ရေး အင်အားစုများသည် ဖက်ဒရယ်ဆိုင်ရာ ဆွေးနွေးမှုများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်၍ လေ့လာခဲ့သေးသည်။

အိန္ဒိယခရီးစဉ်တွင် နိုင်ငံရေးပါတီ ၁၁ ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်(EAO) ၆ ဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးစင်တာ(CPR) တို့မှ ကိုယ်စားလှယ် ၂၀ ကျော် ပါဝင်ခဲ့သည်။

အဆိုပါ အိန္ဒိယခရီးစဉ်၏ အဆက်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာ မှာ ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်သည်။