CNI Sport News

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၆

နော်ဝေအသင်းတိုက်စစ်မှူး ဟာလန်းက ကမ္ဘာ့ဖလား ၁၆ သင်း အဆင့်ပွဲမှာ ဘရာဇီးလ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်တက်ခဲ့တဲ့ပွဲက သူတို့ဘောလုံးသမိုင်းမှာ အကြီးမားဆုံးနိုင်ပွဲလို့ ပြောခဲ့ပါတယ်။ 

ဟာလန်းက “ဒါဟာ နော်ဝေမှာ သမိုင်းရေး ထိုးနိုင်လိမ့်မှာ ဖြစ်သလို နော်ဝေသမိုင်းမှာ ရူးသွပ်စရာကောင်းတဲ့ နေ့တစ်နေ့ပါ။ ကျနော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုအတွက် ကျနော်တို့ အလွန်ဂုဏ်ယူနေပါတယ်။ လူတိုင်းဟာ ဒီကြီးမားတဲ့နိုင်ပွဲကို ပျော်ရွှင်စွာခံစားဖို့ လိုအပ်ပါတယ်။ နော်ဝေရဲ့ ဘောလုံးသမိုင်းမှာ အကြီးမားဆုံးနိုင်ပွဲဖြစ်ပြီး အားလုံးက အံ့သြစရာကောင်းပါတယ်”လို့ ပြောခဲ့တာပါ။ 

ဟာလန်းဟာ ဒီပွဲမှာ ၂ ဂိုး စလုံးသွင်းပြီး နော်ဝေအသင်းကို ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ 

ဒီ ၂ ဂိုးကြောင့် ဟာလန်းဟာ ရွှေဖိနပ်ဆု ရယူနိုင်ဖို့ ပြိုင်ဆိုင်မှုမှာ မက်ဆီ၊ ဘတ်ပီတို့နဲ့အတူ သွင်းဂိုး ၇ ဂိုးစီ တူညီသွားခဲ့တာပါ။ 

 နော်ဝေနဲ့ဘရာဇီးလ်အသင်း ယှဉ်ပြိုင်နေစဉ်

၁၉၉၈ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ နော်ဝေအသင်းဟာ ဒီပြိုင်ပွဲ ရောက်မှ ရှုံးထွက်အဆင့် ပွဲတွေမှာ နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

နော်ဝေအသင်းဟာ ဘရာဇီးလ်အသင်းနဲ့ တွေ့ဆုံတဲ့ပွဲတွေမှာ ရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းသိမ်း နိုင်ခဲ့ပြီးနောက် ဟာလန်းက ဒီရလဒ်ဟာ နော်ဝေသမိုင်းမှာ မှတ်တမ်း ရေးထိုးနိုင်လိမ့်မယ်လို့ ပြောခဲ့တာပါ။ 

နော်ဝေအသင်းနည်းပြ ဆိုလ်ဘာကန်က သူတို့ဟာ နောက်ဆုံး ၈ သင်းထဲကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ပြောခဲ့ပါတယ်။

နော်ဝေအသင်းကို အရေးနိမ့်ကာ ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် တိုက်စစ်မှူး နေမာဟာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာသွားခဲ့ပါတယ်။ 

ဘရာဇီးလ်အသင်းအတွက် ပွဲပေါင်း ၁၃၀ ပါဝင်ကစားပြီး သွင်းဂိုး ၈၀ သွင်း ယူနိုင်ခဲ့တဲ့ နေမာဟာ ဒီပွဲမှာ လူစားလဲ ဝင်ရောက်ပြီး အသင်းအတွက် ပယ်နယ်တီကနေ ၁ ဂိုးသွင်းယူခဲ့ပါတယ်။ 

Source: ESPN