CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃
နော်ဝေအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုဒုတိယပွဲမှာ ဆီနီဂေါအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ရှုံးထွက် ၃၂ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ နော်ဝေအသင်းအတွက် တိုက်စစ်မှူး ဟာလန်းက ၂ ဂိုးသွင်းပြီး ပက်ဒါဆန်က ၁ ဂိုးသွင်းယူကာ ဆီနီဂေါ အသင်းအတွက် ချေပဂိုးတွေကို အစ္စမေလာဆားက သွင်းယူခဲ့တာပါ။
နော်ဝေအသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုတွင်း ၂ ပွဲ ကစားအပြီးမှာ ၂ ပွဲစလုံး အနိုင်ရခဲ့တဲ့အတွက် နောက်တစ်ဆင့် ဖြစ်တဲ့ ၃၂ သင်းအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၉၈ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်ပြီး ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ နော်ဝေအသင်းဟာ အကောင်းဆုံးရလဒ်တွေ ရရှိနေတာပါ။
ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ဟာလန်းဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲ ၂ ပွဲဆက်တိုက် ၂ ဂိုးစီသွင်းယူပြီး ဒီပြိုင်ပွဲမှာ သူ့ရဲ့ သွင်းဂိုးက ၄ ဂိုးအထိ ရှိလာခဲ့ပါတယ်။

နော်ဝေနဲ့ ဆီနီဂေါ ယှဉ်ပြိုင်နေစဉ်
အဲ့ဒါကြောင့် ဟာလန်းဟာ ဒီပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံးစာရင်းမှာ ထိပ်ဆုံးနေရာ ရပ်တည်နေတဲ့ မက်ဆီနဲ့ ၁ ဂိုးအကွာ ၊ဘတ်ပီနဲ့ သွင်းဂိုးချင်း တူညီနေတာပါ။
ဟာလန်းဟာ နော်ဝေအသင်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲတွေမှာ ၁၂ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဒီပွဲတွေမှာ သူ့ရဲ့သွင်းဂိုးက ၂၄ ဂိုး အထိရှိခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ဟာလန်းဟာ နော်ဝေအသင်းအတွက် ၅၂ ပွဲ ကစားထားပြီး ၅၉ ဂိုး သွင်းယူထားပါတယ်။
နော်ဝေအသင်းနဲ့အတူ အုပ်စုပွဲစဉ် ၂ ပွဲကစားအပြီး ၂ ပွဲစလုံး အနိုင်ရခဲ့တဲ့ ပြင်သစ်အသင်းလည်း နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။
ပြင်သစ်နဲ့နော်ဝေအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ တွေ့ဆုံရမှာဖြစ်လို့ ပထမနေရာအတွက် ယှဉ်ပြိုင်ရမှာပါ။
အုပ်စု ၂ ပွဲစလုံး အရေးနိမ့်ခဲ့တဲ့ ဆီနီဂေါအသင်းကတော့ ရှုံးထွက်အဆင့် တက်နိုင်ဖို့ မျှော်လင့်ချက်အတွက် နောက်ဆုံးပွဲမှာ အီရတ်အသင်းကို ဂိုးပြတ်အနိုင်ယူဖို့ လိုအပ်တာဖြစ်ပါတယ်။
Source: AP
